တောင်တန်းတွေက မြင့်မားပြီးတော့ မြစ်တွေက ရှည်လျားတယ်..အရာအားလုံး အဆင်ပြေချောမွေ့ပါစေ
Vol. 44 Ch. 504
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် သူ မည်သည်ကြောင့် ထပ်ခါတလဲလဲ ရှုံးနိမ့်ခဲ့ရသည်ကို နောက်ဆုံးတွင် သိရှိလိုက်ရလေပြီ။
သူသည် ပထမတန်းစားဖြစ်သော အာဏာကောင်းကင်ကံကြမ္မာကို ကျင့်ကြံသော်လည်း သူ၏ဖခင်သည် ထိန်းချုပ်သူဖြစ်ပြီး သူသည် မြစ်လက်တက်များ၏ အစိတ်အပိုင်းတစ်ခုကိုသာ ထိန်းချုပ်ထားနိုင်သည်။ ထိုကြောင့် အများဆုံးအနေဖြင့် သူ၏ကံကြမ္မာကို ဒုတိယတန်းစားဟုသာ သတ်မှတ်နိုင်သည်။ ထို့ကြောင့် အဆင့်အတန်းအရ သဘာဝအလျောက် ဖိနှိပ်ခံနေရခြင်းပင်။
"တကယ်လို့ ငါသာ သူ့ကို သတ်နိုင်ပြီးတော့ ထာဝရနှလုံးသားနဲ့ ဒီကောင်းကင်ကံကြမ္မာကို ယူနိုင်ရင်... အိမ်ရှေ့စံမင်းသားဆိုတဲ့ ရာထူး မရှိတော့ရင်ရော ဘာဖြစ်လဲ"
ထိတ်လန့်တုန်လှုပ်မှု ပြီးဆုံးသွားချိန်၌ အိမ်ရှေ့စံမင်းသား၏မျက်လုံးများတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုတစ်ခု ဖြတ်ပြေးသွားသည်။
သူ ထီးနန်းကိုဆက်ခံလိုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပထမတန်းစား ကောင်းကင်ကံကြမ္မာကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်နှင့် လောကကြီး၏အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန်ပင်။ ထာဝရနှလုံးသားနှင့် တစ်ဖက်လူ၏ ပထမတန်းစား ကောင်းကင်ကံကြမ္မာ နှစ်ခုလုံးသည် ဤလိုအပ်ချက်ကို ပိုင်ဆိုင်ထားပေ၏။
ထို့ကြောင့် ဤသည်မှာ သူ၏ အကြီးမားဆုံး အခွင့်အရေးဖြစ်ပြီး သူ၏ခမည်းတော်နှင့် ပခုံးချင်းယှဉ်နိုင်မည့် အခွင့်အရေးပင်။
သူ၏မျက်လုံးများ ချက်ချင်းနီမြန်းသွားပြီး သူ ၏ခန္ဓာကိုယ်ထဲမှ သူ ချေးငှားထားသော ကံတရားစွမ်းအားများ အရူးအမူး လောင်ကျွမ်းသွားတော့သည်။
ယခင်က သူသည် ထိုအရာများကို အသုံးပြုရန် ဝန်လေးနေခဲ့သော်လည်း ယခုအချိန်၌ လုံးလုံးလျားလျား ဂရုမစိုက်တော့ချေ။
တစ်ဖက်လူထံမှ အရာအားလုံးကို ရယူနိုင်သမျှ ကာလပတ်လုံး သူသည် ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏ အထွတ်အထိပ်တွင် သေချာပေါက် ရပ်တည်နိုင်မည်ဖြစ်ပြီး လူများအားလုံးကို ငုံ့ကြည့်နိုင်ပေလိမ့်မည်။
"ခုန်းရှီ... သွားကြစို့"
ကျန်းရွှမ်သည် ပါးကွက်သမားကို သတ်ဖြတ်ပြီးနောက် ခုန်းရှီ၏ရှေ့သို့ ရောက်ရှိသွားလေပြီ။ သူသည် လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ပြီး ခုန်းရှီ၏ခန္ဓာကိုယ်ပေါ်ရှိ အချုပ်အနှောင်များအားလုံးကို ဖြတ်တောက်လိုက်သည်။ သူသည် ခုန်းရှီကို ဆွဲခေါ်လိုက်ပြီး ရွှမ်ကမ္ဘာထဲသို့ ထည့်တော့မည့်ဆဲဆဲအချိန်တွင် သူ၏ ကျောရိုးတလျှောက် ချမ်းစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ခုန်းရှီကို ကယ်တင်ရန် လျစ်လျူရှုပြီး သူ၏ပုံရိပ် လှုပ်ရှားသွားသည်။
ဝှစ်...
နောက်ထပ်အချိန်တခဏတွင် ရေခဲကဲသို့ အေးစက်တောင့်တင်းနေသော ဓားရှည်တစ်လက်သည် သူ အစောပိုင်းက ရပ်နေသော နေရာ၌ အတိအကျ ထွက်ပေါ်လာသည်။ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာကို သန့်စင်ပြီးနောက် သူ့ထံ၌ ပေါက်ဖွားလာသော ကြိုတင်သိမြင်မှုသာ မရှိခဲ့လျှင် ထိုဓားသည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွားပြီးဖြစ်ပေမည်။
"ဒါက အိမ်ရှေ့စံမင်းသားယွမ်ချင်းရဲ့ ချန်တယ်ဓားပဲ...ဒီဓားက ဧကရာဇ်ဖုရှန်းရဲ့ ထိုက်အမ်းဓားပြီးရင် ဒုတိယအစွမ်းအထက်ဆုံးပဲ... ဒီဓားရဲ့စွမ်းအားက အရမ်းပြင်းထန်ပြီးတော့ ထိမိတာနဲ့ စိတ်ဝိညာဉ် ထိခိုက်ဒဏ်ရာရဖို့ အလားအလာ အရမ်းများတယ်...ထာဝရနှလုံးသား ရှိရင်တောင် ပြန်ကောင်းလာဖို့ ခက်ခဲလိမ့်မယ်"
နှင်းနတ်ဆိုးအရှင်၏အသံက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ထာဝရနှလုံးသားသည် သူ၏ရုပ်ခန္ဓာကိုယ် ကြေမွှပျက်စီးသွားလျှင်ပင် လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေနိုင်သည်။ သို့ရာတွင် အစွမ်းထက်သည့် မှော်ရတနာတချို့သည် ဤစွမ်းရည်ကို တားဆီးနိုင်ပေ၏။
ဤချန်တယ်ဓားသည် ဤအဆင့်မျိုးတွင်ရှိနေသော မှော်ရတနာတစ်ခု ဖြစ်သည်မှာ သိသာထင်ရှားသည်။
သူ၏စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှု အဆုံးမသတ်သေးမီမှာပင် ချန်တယ်ဓားသည် ထပ်မံ၍ ရိပ်ခနဲလှုပ်ခတ်သွားပြီး မူလနေရာမှ ပျောက်ကွယ်သွားကာ နောက်ထပ်အချိန်တခဏတွင် သူ၏ရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ် ထိုးစိုက်လာသည်။ ကျန်းရွှမ်သည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း အကွာအဝေးသည် နီးကပ်လွန်းသဖြင့် သူ၏လက်မောင်းကို ထိုးဖောက်ခံလိုက်ရပြီး သွေးများ ပန်းထွက်လာသည်။
ကျန်းရွှမ်သည် အထူးစွမ်းအားတစ်ရပ်က သူ၏ ရုပ်ခန္ဓာကိုယ်ကို အဆက်မပြတ် ကျူးကျော်ဝင်ရောက်နေပြီး စိတ်ဝိညာဉ်ကို တိုက်စားနေသည်အား ချက်ချင်းခံစားလိုက်ရသည်။ ဤအရာသည် နှင်းနတ်ဆိုးအရှင် ပြောဆိုခဲ့သည့် ပြန်လည်ကောင်းမွန်ရန် ခက်ခဲစေသော စွမ်းအားမျိုး ဖြစ်နိုင်ပေ၏။
ဝှစ်...ဝှစ်...ဝှစ်...
ဤှဓားဖြင့် နောက်ထပ် အကြိမ်အနည်းငယ်ခန့် ထိုးစိုက်ခံရပါက ဤနေရာတွင် သူ အမှန်တကယ် သေဆုံးသွားနိုင်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်က ဆက်တိုက်ရှောင်တိမ်းလိုက်သည်။ သို့ရာတွင် သူ၏အရှိန်သည် မြန်ဆန်သော်လည်း ချန်တယ်ဓား၏အရှိန်သည် ပို၍မြန်ဆန်သည်။ ထိုဓားသည် သူ၏တည်နေရာကို အကြိမ်တိုင်း ကြိုတင်ခန့်မှန်းနိုင်သကဲ့သို့ ဖြစ်နေပြီး ကျပန်းတိုက်ခိုက်သည့်တိုင် အမြဲတစေ သူ့ကို ထိမှန်နေသည်။
အသက်ရှူချိန်တစ်ဝက်ခန့် အတွင်းမှာပင် သူသည် ချန်တယ်ဓားဖြင့် ဆယ်ကြိမ်ကျော် ထိုးစိုက်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်အနှံ့အပြား၌ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
"ဒါက ကံတရားပဲ"
သူ ထွက်ပြေးမည့် လမ်းကြောင်းကို တစ်ကြိမ် ခန့်မှန်းမိခြင်းသည် တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း နှစ်ကြိမ် သုံးကြိမ်နှင့် ဆယ်ကြိမ်ကျော်ဆက်တိုက် ဖြစ်လာချိန်၌ သူ၏ ယခင် ခန့်မှန်းချက် မှန်ကန်ကြောင်း သိသာထင်ရှားသည်။ ကျားဖြူအစောင့်တပ်သားသုံးထောင်၏ ကံတရားစွမ်းအားများအားလုံးကို အိမ်ရှေ့စံမင်းသားယွမ်ချင်းက ချေးငှားထားခြင်း ဖြစ်ပေမည်။
ထို့ကြောင့်သာလျှင် ချန်တယ်ဓားသည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး ကျန်းရွှမ်ကို အလွန်အမင်း ဒုက္ခရောက်စေခြင်း ဖြစ်သည်။
"ဒီဓားနဲ့ အကြိမ်ကြိမ် ထိုးစိုက်ခံရပြီးနောက်မှာ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်နဲ့ အာရုံကြောတွေ ထိခိုက်သွားပြီးတော့ လှုပ်ရှားမှုတွေလည်း အနည်းငယ် နှေးကွေးနေပြီ..."
ဤအတိုင်း ဆက်သွားပါက ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံရနိုင်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
ဤအစွမ်းထက်ပုဂ္ဂိုလ်များ၏ အခြေခံအုတ်မြစ်ကို သူ လျှော့တွက်မိနေဆဲပင်။
အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ ကျင့်ကြံဆင့်သည် သူ့လောက် မြင့်မားခြင်းမရှိသော်လည်း မရေမတွက်နိုင်သော ရတနာများကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူသည် ကောင်းကင်ဥပဒေသမြို့တော်ထဲတွင် ရှိနေသည့်အချက်ကို ပေါင်းစပ်လိုက်လျှင် ရွှမ်ကျီးဂိုဏ်း၏ သူ့ထံ၌ အသက်ရှင်လမ်းမရှိဟုဆိုသော သုံးသပ်ချက်သည် အကြွင်းမဲ့ မှန်ကန်နိုင်ပေ၏။
သူ့ထံသို့ ဗုဒ္ဓဂိုဏ်း နတ်ဆိုးဂိုဏ်းနှင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းတို့ ရောက်လာတော့ပေမည်။ သူတို့အားလုံး အတူပူးပေါင်း၍ တိုက်ခိုက်ပါက သူ့ကဲ့သို့ လူသုံးယောက် ရှိနေလျှင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ ထိုကြောင့် သူသည်ခုန်းရှီကို ကယ်တင်လိုပါက ကျန်ရှိနေသော အသက်ရှူချိန်တစ်ဝက်အောက် အခွင့်အရေးကိုသာ အသုံးချရပေမည်။
သို့ရာတွင် ဤချန်တယ်ဓားသည် သူ့အား အဆက်မပြတ် လိုက်လံတိုက်ခိုက်နေပါက ခုန်းရှီအား ကယ်တင်ရန် သူ့ထံ၌ အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
"ဒါမှ မဟုတ်ရင်..."
အတွေးတစ်ခုက သူ၏ခေါင်းထဲ၌ ထွက်ပေါ်လာသည်။
ကျန်းရွှမ်သည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရက်စက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ ကျန်းရွှမ်၏ပုံရိပ် လှုပ်ရှားသွားပြီး သူသည် ခုန်းရှီနှင့် မနီးမဝေးတွင် ထွက်ပေါ်လာပေ၏။ ဤတစ်ကြိမ်တွင် သူသည် ထွက်မပြေးဘဲ နံဘေးသို့ အနည်းငယ် တိမ်းစောင်းလိုက်သည်။
ဝှစ်....
သူ့အား လိုက်လံတိုက်ခိုက်နေသော ချန်တယ်ဓားသည် သူ၏မျက်စိရှေ့တွင် ထပ်မံ၍ ထွက်ပေါ်လာပြီး မြှားတစ်စင်းအလား သူ၏ ညာဘက်လက်မောင်းကို တန်းတန်းမတ်မတ် ထိုးဖောက်သွားကာ စိုက်ဝင်သွားတော့သည်။
"ငါက ဒီအခွင့်အရေးကိုစောင့်နေတာပဲ..."
ကျန်းရွှမ်က အံ့တင်းတင်းကြိတ်လိုက်သည်။ ဓားချီအလင်းတန်းတစ်ခုက သူ၏ ဘယ်လက်တွင် ထွက်ပေါ်လာပြီး သူ၏ ညာဘက်လက်ကို ချက်ချင်းဖြတ်တောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ဆန္ဒ ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပေ၏။
ဝှစ်.....
သူ၏ညာဘက်လက်မောင်းတွင် စိုက်ဝင်နေသော ချန်တယ်ဓားသည် မတုံ့ပြန်နိုင်သေးမီမှာပင် ရွှမ်ကမ္ဘာအတွင်းသို့ သိမ်းဆည်းခြင်းခံလိုက်ရသည်။
ပုံမှန်အခြေအနေတွင် ထိပ်တန်းရတနာတစ်ခုကို သိမ်းယူရန်အတွက် တစ်ဖက်လူထက် များစွာသာလွန်သော ကျင့်ကြံဆင့်ရှိရန် လိုအပ်သည်။ ကျန်းရွှမ်၏လက်ရှိအခြေအနေအရ ထိုကိစ္စကို လုပ်ဆောင်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် သူသည် သူ၏လက်ကို ငါးစာအဖြစ် အသုံးပြုခဲ့ပြီး ချန်တယ်ဓားကို ကြွက်သားများဖြင့် အချိန်တခဏကြာမျှ ချုပ်နှောင်ထားကာ သူ၏လက်ကိုဖြတ်၍ ယူဆောင်လိုက်ခြင်းဖြစ်သည်။
ဤနည်းလမ်းဖြင့် ဓားသည် ထွက်မပြေးနိုင်တော့ဘဲ သူ လွယ်လင့်တကူ သိမ်းယူနိုင်ခဲ့သည်။
ကြားရသည်မှာ ရိုးရှင်းသော်လည်း အမှန်အားဖြင့် ထိုသို့ပြုလုပ်နိုင်ရန် ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်နှစ်ခုလုံးအတွက် အလွန်မြင့်မားသော လိုအပ်ချက်များရှိသည်။ အကြောင်းအရင်းမှာ အနည်းငယ်လွဲချော်သွားပါက ဓားရှည်သည် သူ၏နှလုံးကို ထိုးဖောက်သွားကာ သူ ချက်ချင်းသေဆုံးသွားနိုင်သောကြောင့်ပင်။
ကံကောင်းထောက်မစွာဖြင့် သူ အောင်မြင်ခဲ့သည်။
"သန့်စင်စမ်း"
အတွေးတစ်ချက်ဖြင့် သူသည် ရွှမ်ကမ္ဘာနှင့် ဆက်သွယ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဓားရှည်သည် သူ၏ကိုယ်ပိုင်မှော်ရတနာအဖြစ် သန့်စင်ခြင်း ခံလိုက်ရတော့သည်။
ရွှမ်ကမ္ဘာအတွင်း၌ သူသည် အရှင်သခင်ပင်။ မည်သည့် မှော်ရတနာ သို့မဟုတ် ပစ္စည်းဖြစ်စေ ရွှမ်ကမ္ဘာကို ဆုတ်ဖြဲနိုင်သော စွမ်းအား မရှိသရွေ့ သူ လွယ်လင့်တကူ ထိန်းချုပ်နိုင်သည်။
ချန်တယ်ဓားကို သန့်စင်ပြီးနောက် သူ့အတွက် ခြိမ်းခြောက်နိုင်မှုသည် ပျောက်ကွယ်သွားပေ၏။ ကျန်းရွှမ်က ခုန်းရှီထံသို့ ထပ်မံ၍ ပျံသန်းသွားသည်။ တချိန်တည်းမှာပင် ထာဝရနှလုံးသားသည် လျှင်မြန်စွာ ခုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဗုဒ္ဓနှင့်နတ်ဆိုးစွမ်းအားနှစ်ရပ်သည် အဆက်မပြတ် တလိမ့်လိမ့်ထလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်တစ်ဖက် ပြန်လည်၍ ပေါက်ဖွားလာတော့သည်။
ဤအချိန်၌ ကျန်းရွှမ်သည် နဂါးသတ်စင်မြင့်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ခုန်းရှီ၏ရှေ့တွင် မတ်တတ်ရပ်ကာ သူ့ကို တွဲထူလိုက်၏။
ဤသည်မှာ အမှန်တကယ်ကို ခုန်းရှီပင်။ ဤအချိန်တွင် ခုန်းရှီထံ၌ ယခင်က စွမ်းအားများ မရှိတော့ဘဲ အလွန်ပိန်လှီနေသည်။
"သွားကြစို့..."
ကျန်းရွှမ်သည် ခုန်းရှီ၏လက်ကို ဆုပ်ကိုင်ပြီးနဂါးသတ်စင်မြင့်ကို ခြေထောက်ဖြင့် ပေါ့ပါးစွာ ကန်လိုက်ကာ လေထုထဲသို့ ခုန်တက်လိုက်သည်။ တချိန်တည်းမှာပင် သူသည် ခုန်းရှီကိုလှည့်ကြည့်ပြီး ပြောဆိုလိုက်၏။
"အဆင်ပြေရဲ့လား...ကျွန်တော်က ခင်ဗျားကို ခေါ်ထုတ်သွားမယ်"
ထိုသို့ပြောဆိုပြီးနောက် သူ၏စိတ်ဆန္ဒ လှုပ်ရှားသွားပြီး ခုန်းရှီကို ရွှမ်ကမ္ဘာထဲသို့ထည့်ရန် ဟန်ပြင်လိုက်သည်။
"မလိုဘူး....ငါလည်း တိုက်ခိုက်နိုင်တယ်"
ခုန်းရှီက ခေါင်းခါယမ်းလိုက်သည်။
"ကောင်းပြီလေ...ဒါဆိုရင် ဒီဓားကို ခင်ဗျား ယူလိုက်..."
ကျန်းရွှမ်က လက်ညှိုးညွှန်လိုက်ရာ ချန်တယ်ဓား ထွက်ပေါ်လာပြီး ခုန်းရှီ၏လက်ထဲသို့ ရောက်ရှိသွားသည်။
"ကောင်းပြီလေ..."
ခုန်းရှီက ဓားရှည်ကို ယူဆောင်လိုက်သည်။ မူလက အားနည်းနေသော သူ၏မျက်လုံးများသည် ရုတ်တရက် နေမင်းကြီးအလား စူးရှတောက်ပလာပေ၏။
"ခင်ဗျားရဲ့ စွမ်းအားက..."
ကျန်းရွှမ် ကြက်သေသေသွားပြီး ရှင်းပြချက် တောင်းခံတော့မည့်ဆဲဆဲအချိန်တွင် သူ၏ရင်ဘတ်၌ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်ရာ ချန်တယ်ဓားသည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
ခုန်းရှီသည် မနီးမဝေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး သူ၏အကြည့်သည် ရေခဲကဲ့သို့ အေးစက်တင်းမာနေပေ၏။
...
ထျန်းလီအင်ပါယာ...တော်ဝင်နန်းတော်...
ဧကရာဇ်ဖုရှန်းသည် ကျားစေ့တစ်စေ့ကို ညင်သာစွာချလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဘာဖြစ်လို့လဲ...."
သူ၏အမူအယာကို မြင်တွေ့ချိန်၌ ဝူဖိုထျန်းက မေးမြန်းလိုက်သည်။
"အင်း...."
ဧကရာဇ်ဖုရှန်းက ခေါင်းညိတ်ပြလေ၏။
"ငါ ကြိုတင်စီစဉ်ထားတဲ့ အကွက်က အလုပ်ဖြစ်သွားပြီ... မင်း ရှုံးပြီ"
ဝူဖိုထျန်းသည် ကြက်သေသေသွားပြီး ကျားခုံကို ငုံ့ကြည့်လိုက်သည်။ ဧကရာဇ်ဖုရှန်း၏ လှုပ်ရှားမှုနှင့်အတူ သူ၏အဖြူရောင်ကျားစေ့များ လုံးလုံးလျားလျား ဝိုင်းရံခံလိုက်ရကြောင်း အမှန်တကယ် တွေ့ရှိလိုက်ရသည်။
"ဒါက မင်းရဲ့ လျှို့ဝှက်လှုပ်ရှားမှု ဖြစ်နေတာကိုး... ငါ တကယ်ကို မျှော်လင့်မထားမိဘူး"
ဝူဖိုထျန်းက ခေါင်းခါယမ်းပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"ဒါပေမယ့်... ငါ့ကိုလည်း လျှော့မတွက်ပါနဲ့...ငါလည်း ဝှက်ဖဲတစ်ချပ် ချန်ထားသေးတယ်... မင်း သတိထားမိလား မသိဘူး.... သတိမထားမိရင် ငါက အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်"
...
ကောင်းကင်ဥပဒေသမြို့တော်...
"ခင်ဗျား..."
ကျန်းရွှမ်သည် သူ၏ရင်ဘတ်ထဲမှ နာကျင်မှုကို ခံစားမိသဖြင့် သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ သူသည် စဥ်းစားတွေးတောနေရန် အချိန်မရှိတော့သဖြင့် နောက်သို့ အလျင်အမြန်ခုန်၍ ဆုတ်လိုက်သည်။
"ဟမ့်...ဒီနေရာကို ဖြတ်ကျော်လို့ မရဘူး"
ခုန်းရှီ၏ ပေါ့ပေါ့ပါးပါး နှာမှုတ်သံနှင့်အတူ လေဟာနယ်သည် ပျစ်ချွဲနေသော ရွှံ့နွံကဲ့သို့ ချက်ချင်းတောင့်တင်းသွားတော့သည်။
နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ်၏ နောက်ဆုတ်နေမှုသည် လျှင်မြန်စွာ နှေးကွေးသွားပြီးနောက် ရပ်တန့်သွားပေ၏။
ပုံမှန်အားဖြင့် သူသည် ဆယ်မိုင်ကျော်ခန့် လွယ်လင့်တကူ ခုန်နိုင်သော်လည်း ယခုအချိန်တွင် မီတာသုံးဆယ်အောက်သာ နောက်ဆုတ်နိုင်ခဲ့သည်။ ဤကဲ့သို့အကွာအဝေးသည် သူတို့ကဲ့သို့ စွမ်းအားမျိုး ရှိသူများအတွက် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
"စကားတစ်ခွန်းတည်းနဲ့ လေဟာနယ်ကို ချိတ်ပိတ်လိုက်တာ... ဒါက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို အပြည့်အဝ အမွေဆက်ခံလိုက်တာလား"
ယခင်က ကျန်းရွှမ် နားမလည်နိုင်ခဲ့သော အရာများသည် ဤအချိန်တွင် ရုတ်တရက် ရှင်းလင်းသွားပေ၏။
ဆယ်ရက်ကျော်သာ မတွေ့ရသေးသော်လည်း ယခုအချိန်တွင် ခုန်းရှီသည် ယခင်ကဲ့သို့ မဟုတ်တော့ချေ။ သူ၏ စွမ်းအားသည် စစ်မှန်သော အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး လက်ရှိတွင် ကျန်းရွှမ်ထက်ပင် ပို၍သန်မာနေသည်။
"ခင်ဗျားက ပုံစံငါးမျိုး သူတော်စင်အရှင်တွေကို သတ်ပြီးတော့ သန့်စင်လိုက်တာလား"
အတွေးတစ်ခုက သူ၏ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
ပုံစံငါးမျိုး သူတော်စင်အရှင်ငါးဦးအနက် ယုဟိုင်ကိုသာ သူ သတ်ဖြတ်ခဲ့သည်။ ကျန်လူများအားလုံးလည်း သေဆုံးသွားခဲ့ပြီး အိမ်ရှေ့စံမင်းသား ယွမ်ချင်းက သူ သတ်ဖြတ်သည်ဟု စွပ်စွဲခဲ့ပေ၏။
ထိုအချိန်က ဤလူများ မည်သည်ကြောင့် ထိုကဲ့သို့ သေဆုံးသွားရသည်ကို သူ နားမလည်နိုင်ခဲ့ချေ။ ယခုချိန်၌ ခုန်းရှီ၏ကျင့်ကြံဆင့်ကို မြင်တွေ့မိချိန်၌ သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေပြီ။
ပုံစံငါးမျိုးသူတော်စင်အရှင်များ နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာငါးခုသည် ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ၏ အတက်အလက်များပင်။ ခုန်းရှီသည် လျှင်မြန်စွာ တိုးတက်လာရန်အတွက် သူတို့ကို သတ်ဖြတ်ကာ သူတို့၏စွမ်းအားကို ထုတ်ယူ၍ သူ၏ခန္ဓာကိုယ်အတွင်း၌ ပေါင်းစပ်ခြင်းသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း သိသာထင်ရှားသည်။
လူများကို သတ်ဖြတ်ပြီး စွမ်းအားများကို လုယူခြင်းသည် ထူးဆန်းသောကိစ္စတစ်ရပ် မဟုတ်ချေ။ အထူးသဖြင့် ပုံစံငါးမျိုးသူတော်စင်အရှင်များသည် လူကောင်းများ မဟုတ်ကြချေ။ အကယ်၍ သူတို့ကို မသတ်လျှင် သူတို့က ခုန်းရှီကို သေချာပေါက် သတ်ဖြတ်ကြလိမ့်မည်။ ဤအချက်အပေါ် ကျန်းရွှမ်ထံ၌ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး သိပ်မရှိပေ။ သူ ထိတ်လန့်တုန်လှုပ်နေသည့် အကြောင်းအရင်းမှာ ပုံစံငါးမျိုးသူတော်စင်အရှင်များသည် အိမ်ရှေ့စံမင်းသား၏လူများ ဖြစ်နေသောကြောင့်ပင်။
ခုန်းရှီ အဖမ်းခံရစဉ်က သူ၏ကျင့်ကြံဆင့်သည် အလွန်နိမ့်ကျပြီး ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်တွင်သာ ရှိသေးကာ အသက်ပင်လယ်နယ်ပယ်သို့ပင် မရောက်ရှိသေးချေ။ ရှောက်မင် ဝမ်ယင်နှင့်တခြားလူများသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့်၌ ရှိနေလေရာဟသူ မည်သို့ သတ်ဖြတ်နိုင်မည်နည်း။
မတော်တဆမှု တစ်ခုခု မရှိခဲ့လျှင် ခုန်းရှီသည် အိမ်ရှေ့စံမင်းသားဘက်သို့ ကူးပြောင်းသွားပြီး သူ၏ထောက်ပံ့မှုကို ရယူကာ ယခုကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်နှင့်စွမ်းအားကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေမည်။
သူသည် ခုန်းရှီကို ကယ်တင်ရန် အသက်ဖြင့်ရင်း၍ စွန့်စားခဲ့သော်လည်း တစ်ဖက်လူကမူ ရန်သူ့ဘက်သို့ ကူးပြောင်းသွားခဲ့သည်။ ထို့ပြင် ထိုလူသည် သူ၏နောက်ကျောကို ဓားဖြင့် ထိုးစိုက်ခဲ့ပေ၏။
ကျန်းရွှမ်၏စိတ်နှလုံးသားထဲမှ ဝမ်းနည်းကြေကွဲမှုသည် သူ၏ရုပ်ခန္ဓာကိုယ် နာကျင်မှုထက် များစွာပို၍ လွန်ကဲနေသည်။
ဆရာသခင်ကုန်းမြေ၌ တစ်ဖက်လူသည် သူ၏လမ်းကြောင်းကို အမြဲတစေ လမ်းပြပေးခဲ့ကာ သူ၏ဆရာတစ်ဦး မိတ်ဆွေတစ်ဦး ဖြစ်လာခဲ့သည်။ ထိုလူ၏ကျေးဇူးတရားသည် သူ့အား ဒုတိယအကြိမ် မွေးဖွားပေးလိုက်သကဲ့သို့ဖြစ်ကာ အလွန်ကြီးမားပေ၏။ ထို့ကြောင့် ဤနေရာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သူ့အတွက် သေလမ်းသာရှိကြောင်း သိရှိသော်လည်း သူ လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ခုန်းရှီ အသက်ဆက်၍ ရှင်သန်နိုင်ရေးအတွက်ပင်။
သို့ရာတွင် ယခုကဲ့သို့ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
လွန်ခဲ့သော ရက်အနည်းငယ်က သူ ပေးပို့ခဲ့သော အသံသတင်းစကားများကို တစ်ဖက်လူမှ အကြောင်းမပြန်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကောင်းကင်ဥပဒေသမြို့တော်သို့ ရောက်မရောက်ကို သူ မေးမြန်းမှသာ ခုန်းရှီဘက်မှ တစ်ကြိမ်အကြောင်းပြန်ခဲ့သည်။ အမှန်အားဖြင့် ခုန်းရှီသည် အဖမ်းခံရသောကြောင့် အကြောင်းမပြန်နိုင်ခြင်း မဟုတ်ဘဲ အိမ်ရှေ့စံမင်းသားဘက်သို့ ကူးပြောင်းသွားခြင်းပင်။
"ဘာလို့လဲ"
ကျန်းရွှမ်၏ရင်ဘတ်ထဲတွင် ချန်တယ်ဓားသည် စိုက်ဝင်နေဆဲဖြစ်ပြီး သူ၏ရှေ့မှ ရင်းနှီးသော ပုံရိပ်ကို စူးစိုက်၍ကြည့်လိုက်သည်။
စိတ်ပျက်ခြင်း ဒေါသထွက်ခြင်း ဝမ်းနည်းခြင်း ကြေကွဲခြင်းနှင့် တခြားသော စိတ်ခံစားချက်အမြောက်အများသည် သူ၏စိတ်နှလုံးသားအတွင်း၌ အဆက်မပြတ် ရိုက်ခတ်နေသည်။ ထိုကြောင့် သူ၏ရင်ဘတ် မွန်းကြပ်လာကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
ချန်တယ်ဓား၏တိုက်စားမှုသည် မည်မျှပင် ကြီးမားပါစေ သူ၏စိတ်နှလုံးသားတွင် ဖြစ်ပေါ်လာသော ဒဏ်ရာလောက် သူ့အား မထိခိုက်စေနိုင်ချေ။
"ခုန်းရှီ... အရမ်း ကောင်းတယ်"
ကျယ်လောင်သော ရယ်မောသံနှင့်အတူ အိမ်ရှေ့စံမင်းသားယွမ်ချင်းက ဆင်းသက်လာသည်။
ဤအချိန်၌ ပညာပါရမီ စစ်ပွဲဗုဒ္ဓ ဗောဓိသတ္တ အဆိပ်တစ်သောင်း နတ်ဆိုးဧကရာဇ်နှင့် တခြားလူများလည်း ရောက်ရှိလာကြပြီး ကျန်းရွှမ်ကို ဝိုင်းရံကာ လေဟာနယ်တစ်ခုလုံးကို လုံးလုံးလျားလျား ပိတ်ဆို့လိုက်ကြသည်။
"ငါ့ရဲ့ကောင်းကင်ကံကြမ္မာ ပြီးပြည့်စုံဖို့အတွက် ငါက အင်ပါယာကို အားကိုးရမယ်....တော်ဝင်မိသားစုကို အားကိုးရမယ်.... ဒါက ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပြီးတော့ ငါ့ရဲ့ကံကြမ္မာပဲ... ငါ ရှောင်လွှဲလို့မရဘူး"
ခုန်းရှီသည် မည်သည့်စိတ်ခံစားချက်မျှမရှိသော မျက်နှာအမူအယာဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်၏။
ကျန်းရွှမ် တိတ်ဆိတ်ငြိမ်သက်နေသည်။
ခုန်ရှီ၏မေတ္တာတရား တရားမျှတမှု ထုံးတမ်းစဉ်လာ ဉာဏ်ပညာနှင့် ယုံကြည်စိတ်ချမှုတို့အပြင် ဧကရာဇ်အပေါ် သစ္စာစောင့်သိမှုတို့ကို ပို၍ကောင်းမွန်စွာ ပြသရန်နှင့် ကံကြမ္မာကို လျင်မြန်စွာ ပျံ့နှံ့စေရန်အတွက် ထျန်းလီအင်ပါယာကသာ နည်းလမ်းများ ပံ့ပိုးပေးနိုင်သည်။
ဆိုလိုသည်မှာ အင်ပါယာဘက်သို့ ကူးပြောင်းခြင်းသည် ခုန်းရှီ၏ကောင်းကင်ကံကြမ္မာပင်။
"ငါ နားလည်ပါပြီ"
ကျန်းရွှမ်သည် ချန်တယ်ဓားကို သူ၏ရင်ဘတ်ထဲမှ ဆွဲထုတ်လိုက်ပြီး အဝတ်အစားတစ်စကို ဆုတ်ဖြဲကာ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူ၏ရှင်းလင်းပြတ်သားသော အသံသည် ကောင်းကင်ဥပဒေသမြို့တော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားတော့သည်။
"ခုန်းရှီ... အတိတ်က ကျေးဇူးတရားတွေ ဒီနေရာမှာ ပြတ်တောက်သွားပြီ... ဒီနေ့ကစပြီး ငါတို့က ရန်သူတွေပဲ မိတ်ဆွေတွေ မဟုတ်တော့ဘူး... *တောင်တန်းတွေက မြင့်မားပြီးတော့ မြစ်တွေက ရှည်လျားတယ်..အရာအားလုံး အဆင်ပြေချောမွေ့ပါစေ"
*တရုတ်စကားပုံတစ်ခုဖြစ်တဲ့ "山高水長"ကို အခြေခံထားတဲ့ ဆုတောင်းစကားပါ