သွေးအနှစ်သာရ
Vol. 44 Ch. 505
"ဘာဖြစ်သွားတာလဲ"
"ကျန်းရွှမ် ကယ်ချင်တဲ့သူက အိမ်ရှေ့စံမင်းသား ယွမ်ချင်းဘက်ကို ပြောင်းသွားပုံရတယ်"
"သူက အသက်ဘေးကို မမှုဘဲနဲ့ သေချာပေါက် သေဆုံးရမယ့် အခြေအနေကို ရင်ဆိုင်ပြီးတော့ လူလာကယ်တာလေ....နောက်ဆုံးကျမှ သူ သစ္စာဖောက်ခံရတယ်ပေါ့"
"ဟုတ်တယ်...သူက သနားစရာ ကောင်းလွန်းတယ်... သူ အယုံကြည်ရဆုံးသူရဲ့ ဓားနဲ့ အထိုးခံရတာ.... ငါသာဆိုရင် ပြိုလဲသွားလောက်ပြီ"
ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရသော ကျင့်ကြံသူအမြောက်အများသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သဘောတရားအရကျန်းရွှမ်သည် အန္တရာယ်ကို လွတ်မြောက်အောင် ရှောင်တိမ်းနိုင်ခဲ့သော်လည်း မိတ်ဆွေအတွက် အရာအားလုံးကို ပေးဆပ်ခဲ့သည်။ သို့ရာတွင် သူသည် သစ္စာဖောက်ခြင်းကိုသာ လက်ခံရရှိခဲ့သည်။ မရေမတွက်နိုင်သော လူများသည် ထိုအတိုင်း ခံစားလိုက်ပြီး ခုန်းရှီအပေါ် သူတို့၏ အမြင်များ ပြောင်းလဲသွားကြသည်။
ကျေးဇူးကန်းသောလူများကို သူတို့ မြင်တွေ့ဖူးကြသော်လည်း ဤမျှထိလွန်ကဲသော လူစားမျိုးကိုမူ သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
"မိတ်ဆွေရဲ့သစ္စာဖောက်တာကို ခံရတယ်... ပြီးတော့ အိမ်ရှေ့စံမင်းသား ဗုဒ္ဓဂိုဏ်းရဲ့ဗောဓိသတ္တတွေနဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဧကရာဇ်တွေက သူ့ကို ဝိုင်းရံထားတယ်... ဒီတစ်ကြိမ်တော့ သူ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး...."
"နှမြောစရာပဲ..... ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်က ဒီနေရာမှာပဲ ကျဆုံးသွားတော့မယ်...."
"ပထမတန်းစား ကောင်းကင်ကံကြမ္မာကို နှစ်ပေါင်းသောင်းနဲ့ချီအတွင်းမှာ ပထမဆုံး နားလည်သဘောပေါက်ခဲ့တဲ့လူ... သူက ဒီအတိုင်း သေသွားတော့မှာလား"
"မဟုတ်ဘူး...မင်းတို့အားလုံး မြန်မြန်ကြည့်လိုက်အုံး....သူ့ရဲ့ ကောင်းကင်ကံကြမ္မာ... သူ့ရဲ့ ကောင်းကင်ကံကြမ္မာက ပြောင်းလဲသွားပုံရတယ်"
ရုတ်တရက် လူအုပ်ကြီးအတွင်းမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သော အသံများ ထွက်ပေါ်လာပြီး သူတို့အားလုံး တပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။
ကျယ်ပြန့်သော အထက်မိုးကောင်းကင်ယံတွင် မျောလွင့်နေသော ကျန်းရွှမ်၏ ပထမတန်းစား ကောင်းကင်ကံကြမ္မာမြစ်အတွင်းမှ ဖျော့တော့တော့ အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ အဝေးမှကြည့်လျှင် ဤသည်မှာ ကြယ်စင်မြစ်တစ်ခုနှင့် တူညီနေပေ၏။ ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော ရင်းမြစ်စွမ်းအားများသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ကျယ်ပြန့်နေပြီဖြစ်သော မြစ်ကြောင်းနှင့် ပေါင်းစပ်သွားတော့သည်။
"ဒါက... တိုက်ပွဲအတွင်းမှာ အဆင့်တက်သွားတာလား"
"ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူဖြစ်ဖို့ ထိုက်တန်တယ်....သူက သစ္စာဖောက်ခံရပြီးတော့ လူတွေအများကြီးရဲ့ ဝိုင်းရံခြင်းကို ခံနေရတဲ့ အခြေအနေအောက်မှာတောင် စိတ်ဓာတ်မကျတဲ့အပြင် ပိုပြီးသန်မာလာသေးတယ်"
"ဒီလိုစိတ်ဓာတ်မျိုးနဲ့မှ လောကကြီးရဲ့ အထွတ်အထိပ်မှာ တကယ်ကြီး ရပ်တည်နိုင်လိမ့်မယ်"
"မဟုတ်သေးဘူး.... သူ ခုလေးတင် နားလည်သဘောပေါက်လိုက်တဲ့ ကောင်းကင်ကံကြမ္မာလှုပ်ခတ်မှုက သိပ်ပြီးမပြင်းထန်ဘူး.... ကြယ်ခြောက်ပွင့် ကောင်းကင်ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ စွမ်းအားလောက်ပဲ ရှိပုံရတယ်"
"မင်း ဆိုလိုတာက ဒီမတိုင်ခင်မှာ သူက အသက်ပင်လယ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိနေသေးတာလား...သူက အခုမှ စတုတ္ထအဆင့်ကို ရောက်သွားတာလား"
"ဟုတ်မယ် ထင်တယ်..."
"အသက်ပင်လယ်နယ်ပယ် တတိယအဆင့်ပဲရှိတာတောင် ဗောဓိသတ္တအဆင့်နဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံဆင့်စွမ်းအားကို ထုတ်ဖော်နိုင်တာလား... သူ ဘယ်လို လုပ်လိုက်တာလဲ"
ကြည့်ရှုနေသူများအားလုံး ကြက်သေသေသွားကြသည်။
ကျန်းရွှမ်သည် ယခင်က ကျားဖြူအစောင့်တပ်သားသုံးထောင်ကို သူ တစ်ယောက်တည်း သတ်ဖြတ်ခဲ့ပြီး ရန်ချူးယောင်နှင့် အမတ်ကြီးသုံးဦးကို ဖိနှိပ်ထားခဲ့သည်။ လူများအားလုံး၏အမြင်အရ သူသည် ပြိုင်ဘက်ကင်းဟုခေါ်ရလောက်အောင် သန်မာအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းနေပေ၏။ သို့ရာတွင် သူ၏အစစ်အမှန် ကျင့်ကြံဆင့်နယ်ပယ်သည် အသက်ပင်လယ်နယ်ပယ် တတိယအဆင့်တွင်သာ ရှိနေသည်။
ကျန်းရွှမ်သည် လူအများ၏ တိုင်ပင်ဆွေးနွေးနေမှုများနှင့် ထိတ်လန့်မှုများကို သတိမထားမိချေ။ ယခုအချိန်တွင် သူ၏မျက်လုံးထဲ၌ အိမ်ရှေ့စံမင်းသားယွမ်ချင်း မရှိသည့်အပြင် နတ်ဆိုးဧကရာဇ်များနှင့်ဗောဓိသတ္တများလည်း ရှိမနေဘဲ ခံစားချက်ကင်းမဲ့သော မျက်နှာအမူအယာနှင့် ခုန်းရှီသာ ရှိနေသည်။
ဝမ်းနည်းခြင်း နာကြည်းခြင်း စိတ်ပျက်ခြင်းနှင့် တခြားသော စိတ်ခံစားချက်မျိုးစုံတို့သည် သူ၏စိတ်ထဲတွင် ပြည့်နှက်နေပြီး သူ၏စိတ်ခံစားချက်ကံကြမ္မာကို အဆင့်သစ်တစ်ခုသို့ ရောက်ရှိစေခဲ့သည်။
"သူ့ကို သတ်စမ်း"
ကျန်းရွှမ်သည် ရင်ဘတ်ကို ဓားဖြင့်ထိုးစိုက်ခြင်း ခံခဲ့ရသည့်တိုင် သူ၏စွမ်းအားသည် အားနည်းသွားခြင်းမရှိဘဲ ကောင်းကင်ကံကြမ္မာအပေါ် ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားသည်အား အိမ်ရှေ့စံမင်းသားယွမ်ချင်းက မြင်တွေ့လိုက်ရသည်။ သူ၏မျက်နှာအမူအယာ မည်းမှောင်သွားပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
"ဟုတ်ကဲ့...."
ယွဲ့ချင်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်လှံတံသည် နောက်တစ်ကြိမ် ပျံ့လွင့်လာပြီး ကျန်းရွှမ်၏ခေါင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ထို့နောက် တရားရေးအမတ်ကြီး၏သံခြေချင်းက သူ၏ရှေ့သို့ ရောက်ရှိလာသည်။
လက်မှုရေးရာဝန်ကြီးဌာန၏ ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည်လည်း တချိန်တည်းတွင် တိုက်ခိုက်လိုက်၏။
"ချိုးဖျက်စမ်း...."
ကျန်းရွှမ်သည် သူ ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိကြောင်း သိထားသဖြင့် အသက်ပြင်းပြင်းရှိုက်လိုက်သည်။ သူ၏ထာဝရနှလုံးသား လျှင်မြန်စွာ ခုန်လှုပ်သွားပြီး ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာသည် အတောင်ပံများကို ပြင်းပြင်းထန်ထန် လှုပ်ခတ်လေသည်။
မျက်စိတစ်မှိတ်အတွင်း သူ၏ ပျက်စီးသွားသော ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် လျှင်မြန်စွာ ပြန်လည်၍ ကောင်းမွန်လာသည်။ သူ၏ ရင်ဘတ်တွင် စိုက်ဝင်နေသော ချန်တယ်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး သူ့ထံတိုးဝင်လာသော မှော်ရတနာသုံးခုထံသို့ ဦးတည်ကာ ရိုက်ခတ်လိုက်၏။
ယခင်က သူ တိုက်ခိုက်စဉ်တွင် စိတ်ဝိညာဉ်ဆင့်ခေါ် ဓား၏အဆင့်သည် မလုံလောက်သဖြင့် သိသိသာသာ ရုန်းကန်ခဲ့ရသည်။ ယခုချိန်၌ ချန်တယ်ဓားကို အသုံးပြုလိုက်ရာ သူ၏တိုက်ခိုက်စွမ်းရည် ချက်ချင်းနှစ်ဆတိုးလာသည်။ စိတ်ခံစားချက် ကံကြမ္မာအပေါ် သူ၏ နက်ရှိုင်းသော နားလည်သဘောပေါက်မှုနှင့် ဗောဓိသတ္တအဆင့် စွမ်းအားကို ပို၍ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မှုတို့ကို သူ ပေါင်းစပ်အသုံးပြုနိုင်ခဲ့သည်။ ထိုကြောင့် သူသည် ဓားချက်သုံးချက်ကို ဆက်တိုက်ထုတ်လွှတ်ကာ မှော်ရတနာသုံးခုကို လွင့်ထွက်သွားစေသည်။
"မင်းက ငါ့ရဲ့ ချန်တယ်ဓားကို သန့်စင်ရဲတယ်ပေါ့....ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ယခုချိန်မှ အသိဝင်လာခဲ့ပြီး သူ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
ရွှမ်ကမ္ဘာအတွင်း၌ ကျန်းရွှမ်သည် ဓားမှ အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ စိတ်ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးခဲ့သည်။ ထို့နောက် သူသည် ထိုဓားကို သန့်စင်လိုက်သဖြင့် ပိုင်ရှင်သည် အချိန်တိုအတွင်း ဝေးကွာသွားသကဲ့သို့ ခံစားရပြီး အာရုံမခံနိုင် ဖြစ်သွားသည်။ သူ အသုံးပြုရန် ကြိုးစားမှသာ ထိုဓားသည် သူ၏ပိုင်ဆိုင်မှု မဟုတ်တော့ကြောင်း သိလိုက်ရသည်။
ဤချန်တယ်ဓားသည် အိမ်ရှေ့စံမင်းသားဖြစ်သော သူ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ၏ သင်္ကေတပင်။ အတိတ်တွင် သူသည် ထိုဓားကို သန့်စင်ရန်အတွက် မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ခဲ့ရသည်။ ရလဒ်အနေဖြင့် တစ်ဖက်လူကို တိုက်ခိုက်နေစဥ် အတောအတွင်းတွင် သန့်စင်ခြင်း ခံလိုက်ရပေ၏။
ဤသည်မှာ မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။
ဤဓားဖြင့် တစ်ဖက်လူ၏စွမ်းအားသည် သေချာပေါက် သိသိသာသာ တိုးတက်လာပေလိမ့်မည်။
အစောပိုင်းက ကျန်းရွှမ်သည် ဗောဓိသတ္တအဆင့် အစောပိုင်းနှင့်သာ ယှဉ်ပြိုင်နိုင်ခဲ့လျှင် ယခုအချိန်တွင် အနည်းဆုံးအနေဖြင့် အလယ်အလတ်အဆင့် သို့မဟုတ် ထို့ထက်ပို၍ မြင့်မားသောအဆင့်သို့ ရောက်ရှိနေပေမည်။
"သောက်ချေးပဲ...."
အိမ်ရှေ့စံမင်းသား ယွမ်ချင်းသည် ဒေါသကြောင့် တုန်ယင်နေပြီး သူ၏သွားဖုံးမှ သွေးထွက်လာသည်အထိ အံ့တင်းတင်းကြိတ်ထားသည်။
သူ အပင်ပန်းခံ၍ သန့်စင်ထားသော ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို တစ်ဖက်လူက ဝါးမျိုလိုက်သည်။ သူ အပင်ပန်းခံ သန့်စင်ထားသော ချန်တယ်ဓားကိုလည်း တစ်ဖက်လူသည် သန့်စင်လိုက်၏။ ဤကောင်စုတ်နှင့် တွေ့ဆုံတိုင်း သူ၏ပစ္စည်းများ ဆုံးရှုံးခြင်း သို့မဟုတ် အရှက်ရစရာဖြစ်ခြင်းတို့ ဖြစ်လာသည်မှာ မည်သည်ကြောင့် ဖြစ်သနည်း။
"ကောင်းကင်မြို့တော် တံဆိပ်ပြား... လေဟာနယ်ကို ချိပ်ပိတ်စမ်း....လေဟာနယ်မှာ ဘယ်သူ့ကိုမှ ဖြတ်သန်းခွင့် မပြုနဲ့"
အိမ်ရှေ့စံမင်းသား ယွမ်ချင်းသည် ကျယ်လောင်စွာအော်ဟစ်ပြီး ကောင်းကင်မြို့တော် တံဆိပ်ပြားကို ပစ်လွှတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် မိုင်တစ်သောင်းပတ်လည်ရှိ လေဟာနယ်သည် သလင်းကျောက်ကဲ့သို့ တောင့်တင်းသွားပေ၏။
"ဒါက အခွင့်ကောင်းပဲ"
အိမ်ရှေ့စံမင်းသားယွမ်ချင်း လှုပ်ရှားသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် တစိုးတစိမျှ စိတ်လှုပ်ရှားခြင်းမရှိချေ။ ထို့အစား အလင်းတန်းတစ်တန်း သူ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူသည် ချန်တယ်ဓားကို မြှောက်လိုက်ပြီး အိမ်ရှေ့စံမင်းသားယွမ်ချင်းထံသို့ တန်းတန်းမတ်မတ် ခုတ်ပိုင်းလိုက်သည်။
ယခုအချိန်တွင် သူ့ကို ဝိုင်းရံထားသူများအားလုံးအနက် အမတ်ကြီးသုံးဦးဖြစ်စေ ဗုဒ္ဓဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများ ဖြစ်စေ ဗောဓိသတ္တအဆင့်သို့ ရောက်ရှိနေကြလေပြီ။ ပုံစံငါးမျိုးသူတော်စင်အရှင်များကို သန့်စင်လိုက်သော ခုန်းရှီပင်လျှင် ဗောဓိသတ္တအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားဖွယ်ရှိသည်။ ကိုယ်ပိုင်နှလုံးသားကို ဆုံးရှုံးသွားပြီး အဆင့်တက်ရန် အခွင့်အရေးအား လွဲချော်သွားခဲ့သော အိမ်ရှေ့စံမင်းသား ယွမ်ချင်းသာလျှင် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင် ရှိနေသည်။
သူ့ထံ၌မှော်ရတနာ အမြောက်အများ ရှိနေသော်လည်း သူ၏ကျင့်ကြံဆင့်သည် ဤလူအုပ်စုထဲတွင် အနိမ့်ဆုံးဖြစ်သည်။
ကျန်းရွှမ် လုပ်ရမည့်အရာမှာ ရေပုံးနိယာမကို အသုံးချပြီး ထွက်ပြေးရန်အတွက် အားအနည်းဆုံးပစ်မှတ်ကို တိုက်ခိုက်ခြင်းပင်။ ထိုသို့မဟုတ်ပါက လူများအားလုံး တပြိုင်နက်တည်း တိုက်ခိုက်လျှင် သူ သေချာပေါက် သေဆုံးရပေမည်။
"ငါက အားနည်းတယ် ထင်နေတာလား... မင်း မှားသွားပြီ"
ကျန်းရွှမ်သည် ဓားကိုကိုင်၍ ပြေးဝင်လာသည်အား မြင်တွေ့ချိန်၌ အိမ်ရှေ့စံမင်းသား ယွမ်ချင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကံတရားစွမ်းအားများ လျှင်မြန်စွာ လောင်ကျွမ်းသွားပေ၏။ တချိန်တည်းမှာပင် တောက်ပသော အနီရောင် သွေးတစ်စက်က သူ၏လက်ဝါးပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာကာ မီးတောက်ကဲ့သို့ ပူပြင်းသော အရှိန်အဝါများ ဖြာထွက်လာသည်။
ဒုတ်...ဒုတ်...ဒုတ်....
တစ်ဖက်လူ၏လက်ထဲတွင် သွေးစက်တစ်စက် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်၏ခန္ဓာကိုယ်ထဲရှိ ထာဝရနှလုံးသားသည် ချက်ချင်းပင် လျင်မြန်စွာခုန်လှုပ်လာပြီး စိတ်လှုပ်ရှားမှု လှိုင်းဂယက်များကို ပေးပို့နေသည်။
ဤသည်မှာ ထာဝရနှလုံးသားသည် တစ်ဖက်လူကို အသည်းအသန် ဝါးမြိုလိုသည့်အလားပင်။
"ဘာဖြစ်တာလဲ...."
ကျန်းရွှမ် ထိတ်လန့်သွားသည်။
သူသည် ထိပ်သီးရတနာပစ္စည်းများကို မမြင်ဖူးခြင်း မဟုတ်ချေ။ ဗောဓိသတ္တအမြူတေများ နတ်ဆိုးဧကရာဇ်၏ အနှစ်သာရအမြူတေများစသည့် မည်သည့်အရာမဆို သမိုင်းတလျှောက်၌ ပြိုင်ဘက်ကင်း ရတနာများပင်။
ထာဝရနှလုံးသားသည် ထိုအရာများနှင့် ထိတွေ့မိသောအချိန်၌ လုံးလုံးလျားလျား လျစ်လျူရှုထားပြီး မည်သည့်တုံ့ပြန်မှုကိုမျှ မပြသခဲ့ချေ။
ယခုတစ်ကြိမ်တွင်မူ ထာဝရနှလုံးသားသည် သွေးတစ်စက်ကို မြင်လိုက်ရုံဖြင့် အလွန်စိတ်လှုပ်ရှားလာသည်။ ဤသွေးစက်၏အာနိသင်သည် မည်သည့်မှော်ရတနာထက်မဆို များစွာ သာလွန်ကြောင်း သိသာထင်ရှားပေ၏။
ဤသည်မှာ မည်သည့်အရာ ဖြစ်သနည်း....
"ဘာပဲဖြစ်ဖြစ် သူ့ကို သန့်စင်ခွင့် မပေးနိုင်ဘူး..... မဟုတ်ရင် ငါ ဒုက္ခရောက်လိမ့်မယ်"
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
အိမ်ရှေ့စံမင်းသား ယွမ်ချင်း၏ နေရာသည် အားနည်းပြီး ထိုနေရာမှ ဖောက်ထွက်နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။ ထိုသွေးစက်ကို သန့်စင်နိုင်ပါက အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ပို၍သန်မာလာမည်ဖြစ်သောကြောင့် သူ တားဆီးရပေမည်။
"ကံကြမ္မာမြစ်....သူ့ကို တိုက်ခိုက်စမ်း"
ကျန်းရွှမ်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ သူသည် သူ၏ဘယ်လက်မှ လက်ချောင်းငါးချောင်းကို မိုးကောင်းကင်ယံသို့ ဆန့်တန်းလိုက်ပြီး ပြင်းထန်စွာ ဖမ်းဆုပ်လိုက်၏။ ကြီးကျယ်ခမ်းနားသော စိတ်ခံစားချက် ကံကြမ္မာမြစ်သည် တုန်ခါသံကြီးနှင့်အတူ အိမ်ရှေ့စံမင်းသား ယွမ်ချင်းဆီသို့ ချက်ချင်း တိုးဝင်သွားသည်။
ဤသည်မှာ စိတ်ခံစားချက်ကံကြမ္မာမြစ်သည် သူ့ကို ဆုတ်ဖြဲပစ်တော့မည့်အလားပင်။
Thank For reading.