ရှန်မို မင်းနဲ့ငါ တွေ့ဦးမှာပါ
Vol. 23 Ch. 331
ထိုစကားများ ကြားလိုက်ရသောအခါ ကျင်းမင်းသား တစ်ကိုယ်လုံး တုန်တက်သွားကာ အလွန် ထိတ်လန့်သွားမိ၏။ ကျင်းဧကရာဇ်၏ စကားများသည် စေတနာနှင့် ပြောနေခြင်း မဟုတ်သည်မှာ သေချာလှသည်။
ကျင်းမင်းသားမှာ အသက်ဘေးအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်သူ မဟုတ်လှပေ။ သူ့ အဆင့်အတန်း မြင့်မားလေ၊ သေရမည်ကို ပိုကြောက်လေပင် ဖြစ်သည်။ ပိုင်ဆိုင်ထားသောအရာများ များပြားလေ၊ ထိုအရာများကို စွန့်လွှတ်ရန် ပို၍ ဝန်လေးတတ်ကြ၏။
"နောင်တော် ဧကရာဇ်..."
ကျင်းမင်းသားမှ တိုးညှင်းစွာ ခေါ်လိုက်သည်။
လှည့်ကြည့်လိုက်သော ကျင်းဧကရာဇ်၏ မျက်နှာမှာ အေးစက်လွန်းလှသည်။ သူ၏ ရုပ်ရည်မှာ ထူးထူးခြားခြား ဆွဲဆောင်မှု မရှိသော်လည်း မျက်လုံးများမှာမူ လူတစ်ယောက်၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်ပြီး ယခုအခါ ကျင်းမင်းသား၏ စိတ်ထဲရှိ ကြောက်ရွံ့မှု အလွှာပေါင်းစုံကိုလည်း သိမြင်နေသကဲ့သို့ ရှိသည်။
ကျင်းမင်းသားမှာ ခေါင်းကို အနည်းငယ် မော့ကြည့်ရန် ကြိုးစားသော်လည်း ကျန်းဧကရာဇ်၏ အကြည့်နှင့် ဆုံမိသည်နှင့် ချက်ချင်းပင် ခေါင်းပြန်ငုံ့လိုက်ရသည်။ သူ၏ လည်ပင်းပင် ပုဝင်သွားလေ၏။
"တကယ့်ကို သူရဲဘောကြောင်လိုက်တာကွာ… ငါ့မှာ မင်းလို ညီမျိုး ဘယ်လိုဖြစ်ပြီး ရှိနေတာလဲ… ဒီနေ့ကစပြီး (၁၀) နှစ်စာ မင်းသားရိက္ခာကို သိမ်းယူမယ်… ကျမ်းစာတိုက်ကို သွားပြီး (၁၀) နှစ်ကြာအောင် မင်းရဲ့ အမှားတွေကို ပြန်ဆင်ခြင်နေပေတော့”
ကျင်းဧကရာဇ်၏ အသံမှာ ပုံမှန်လို အေးစက်နေမြဲ ဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ ကျင်းမင်းသား စိတ်အေး၍ သက်ပြင်းချနိုင်သွားတော့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့မှာ မိဘတစ်ဦးတည်းမှ မွေးဖွားလာသော ညီအစ်ကိုများ ဖြစ်ကြသဖြင့် ကျင်းဧကရာဇ်သည် သူ့ကို အသက်ဘေးမှ ချမ်းသာခွင့် ပေးခဲ့ခြင်းပင်။
"ဟုတ်ကဲ့ပါ… နောင်တော် ဧကရာဇ်ရဲ့ အမိန့်ကို အတိအကျ လိုက်နာပါ့မယ်”
ကျင်းမင်းသား ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြရင်း ဝမ်းမြောက်ဝမ်းသာ နောက်ဆုတ်ကာ ထွက်ခွာသွားတော့သည်။
…
ကျင်းမင်းသား ထွက်သွားပြီးနောက် ကျင်းဧကရာဇ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စည်ကားလှသော မြို့တော်ကြီးကို ပြန်လည် ကြည့်ရှုနေပြန်သည်။ ဤစည်ကားမှုများ၏ အောက်ခြေတွင် ဖုံးကွယ်ထားသော အကျင့်ပျက်ခြစားမှုများနှင့် တိုက်ပွဲဒုက္ခ လှိုင်းထန်မှုများ မည်မျှရှိသည်ကိုတော့ သူတစ်ဦးတည်းသာ သိပေလိမ့်မည်။
နတ်ဆိုးတစ်သောင်းနယ်မြေ၊ နဂါးနန်းတော် နှင့် နတ်ဆိုးပင်လယ်… ဤအင်အားစုများထဲမှ မည်သည့်အဖွဲ့မဆို နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော ဤနိုင်ငံတော်ကို ဖြိုလဲပစ်နိုင်လောက်သည်။ မည်သို့ပင်ဖြစ်စေ သူ ဤအင်ပါယာ၏ နောက်ဆုံး ဧကရာဇ်တော့ အဖြစ်မခံနိုင်ချေ။
ကျင်းဧကရာဇ်မှာ သူ့ ခါးရှိ ကျောက်စိမ်းဆွဲသီးကို အသာအယာ ပုတ်လိုက်ရာ အခန်းထောင့်တွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေ၏။ သူ၏ အရှိန်မှာ တစ္ဆေတစ်ကောင်အလား အလွန်လျင်မြန်လှသည်။
"ယုကျောက်ဒေသက အခြေအနေ ဘယ်လိုလဲ”
ကျင်းဧကရာဇ်မှ အေးဆေးစွာ မေးလိုက်သည်။
ထိုအရိပ်မှာ စိတ်ခံစားမှု မပါသော အသံဖြင့် ပြန်လည် ဖြေကြားလေ၏။
“ကျောက်စိမ်းဂိုဏ်းက တန်ဟီဂိုဏ်းနဲ့ သန့်စင်ခြင်းဂိုဏ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ရုံးတော်ကအဖွဲ့တွေကိုလည်း အတင်းပြန်ခိုင်းနေပါတယ်”
“ရှန်မိုတစ်ယောက်တည်း ဂိုဏ်းကြီး (၃) ခုကို ကျူးကျော်တဲ့ နတ်ဆိုးတွေကို ရှင်းနိုင်ခဲ့လို့ ယုကျောက်နယ်မှာ တော်တော် နာမည်ကြီးနေပါတယ်”
“ဂိုဏ်းကြီး (၇) ခုမှာရော”
ကျင်းဧကရာဇ် ထပ်မေးလိုက်၏။
အရိပ်မှ
“ချန်းကျောက်ဒေသက ချန်းယွမ်ဂိုဏ်းရယ်၊ ဟိုင်ကျောက်ဒေသက ပင်လယ်နတ်ဘုရားကျွန်းတွေကတော့ ယုကျောက်ကို ကိုယ်စားလှယ်တွေလွှတ်ပြီး ဂုဏ်ပြုကြပါတယ်”
“တခြားဒေသရဲ့ဂိုဏ်းတွေကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး”
“ဒါဆို ပင်လယ် (၄) ခုက နဂါးမျိုးနွယ်တွေမှာရော”
အရိပ်မှ
“အရှေ့ပင်လယ်နဂါးတွေကတော့ ဒေါသအရမ်းထွက်ပြီး လက်စားချေချင်နေကြပေမဲ့ ဓားသခင်ကြီးကို ကြောက်လို့ မလှုပ်ရှားရဲ ဖြစ်နေပါတယ်”
“မြောက်ပင်လယ်နဂါးတွေကလည်း အရင်လို ဂရုမစိုက်ဘဲ မသိချင်ယောင်ဆောင်နေကြတယ်”
“အနောက်ပင်လယ် နဂါးတွေက နတ်ဆိုးတစ်သောင်းနယ်မြေနဲ့ သွားပူးပေါင်းပြီး မိုကျောက်နဲ့ ချန်းကျောက်ကို တိုက်ခိုက်ဖို့ ပြင်နေတယ် ကြားတယ်”
“တောင်ပင်လယ်နဂါးတွေကတော့ နတ်ဆိုးတွေနဲ့ မတည့်တော့ အရှေ့ပင်လယ်က အောင်းရှန် သေသွားတာ ကြားပြီး ဝမ်းသာနေကြတယ်… ဒီအခွင့်အရေးမှာ နတ်ဆိုးနယ်မြေငယ်တွေထဲ ရသလောက် ဝင်တိုက်ပြီး အရင်းအမြစ်တွေ ယူဖို့တော့ ကြိုးစားနေပါတယ်”
ကျင်းဧကရာဇ် ခေါင်းငြိမ့်ပြ၍ နောက်ဆုံးမေးခွန်းကို ထပ်မေးသည်။
“နတ်ဆိုးပင်လယ်အခြေအနေက ဘယ်လိုရှိလဲ”
အရိပ်မှာ ခဏတုံ့ဆိုင်းနေပြီးမှ
“နတ်ဆိုးပင်လယ်မှာတော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး”
ကျန်းဧကရာဇ်က ခေါင်းငြိမ့်ပြလိုက်ပြီး
“မင်းလုပ်စရာရှိတာ သွားလုပ်တော့”
ထိုအခါ အရိပ်လည်း ချက်ချင်း ပျောက်ကွယ်သွားတော့၏။
ကျင်းဧကရာဇ် မျက်မှောင်ကြုတ်၍ တစ်ယောက်တည်း ရေရွတ်နေမိလေသည်။
"နတ်ဆိုးမင်းသားတွေ သေကုန်ပြီး စစ်တပ်ကြီးလည်း ပျက်စီးသွားပြီ… နတ်ဆိုးဧကရာဇ် ကုမင်တစ်ယောက် သွေးဘုရားဂူထဲက ထွက်လာရင်တော့ အကြီးအကျယ် ဒေါသထွက်မှာ သေချာတယ်… အဲဒီအချိန်ကျရင် ငါ ဂိုဏ်းတွေနဲ့ အပေးအယူ လုပ်ရလိမ့်မယ်… နောက် (၅) နှစ်နေရင် ကုမင်ရဲ့ ပထမဆုံး ပစ်မှတ်က ကျောက်စိမ်းဂိုဏ်းပဲ ဖြစ်လိမ့်မယ်… ရှန်မို... မင်း ငါနဲ့ အပေးအယူ လုပ်ရမယ့်အချိန် ရောက်လာမှာပါ"
…
(၃) လအကြာတွင် ကျောက်စိမ်းဂိုဏ်း၏ မြွေနဂါးတောင်ထက်သို့ ကျင့်ကြံသူအချို့ ပျံသန်းလာကြသည်။ ဦးဆောင်လာသူမှာ ကျောက်စိမ်းဂိုဏ်း၏ အကြီးအကဲ ဝမ်မူချွမ်ဖြစ်ပြီး သူနှင့်အတူ ဧည့်သည်တော် လေးဦး ပါလာ၏။
"ဒီနေရာက မြွေနဂါးတောင်လား… ကြည့်ရတာ ထူးထူးခြားခြား စွမ်းအင်ကောင်းတဲ့ နေရာလည်း မဟုတ်ပါလား… မင်းတို့ရဲ့ ခေါင်းဆောင်ငယ်က ဘာလို့ ဒီမှာ လာကျင့်ကြံနေတာလဲ"
ဧည့်သည်ထဲမှ အဘိုးအိုတစ်ဦးက မေးလိုက်သည်။
ဝမ်မူချွမ် ရယ်မောကာ
“ခေါင်းဆောင်ငယ်က ဒီနေရာမှာပဲ အောင်မြင်မှုတွေ ရခဲ့တာမို့လို့ ဒီနေရာမှာ ကျင့်ရတာကို ပိုသဘောကျလို့ပါ"
သူ ပြန်ဖြေရင်း သတိပေးစကား ပြောလိုက်သည်။ "စကားမစပ်... ခင်ဗျားတို့ လေးယောက်လုံး နားကို သေချာ ကာကွယ်ထားကြဖို့ သတိပေးချင်ပါတယ်… ခေါင်းဆောင်ငယ်က ကျင့်စဉ်တစ်ခု ကျင့်နေတာမို့လို့ ရက်အနည်းငယ်ခြားတစ်ခါလောက် ရှေးဦးခေတ် သတ္တဝါကြီးတစ်ကောင်ရဲ့ ဟိန်းဟောက်သံလိုမျိုး ထွက်လာတတ်ပါတယ်… ခင်ဗျားတို့ အဆင်သင့် မပြင်ထားရင် စိတ်ဝိညာဉ် တုန်လှုပ်သွားလိမ့်မယ်"
ထိုစကားကို ကြားသောအခါ လူငယ်တစ်ဦးဖြစ်သူ ရှီကျင့်ထျန်းက အားရပါးရ ရယ်မောလိုက်ပြီး
"အကြီးအကဲဝမ်... ကျွန်တော်က ငယ်ငယ်ကတည်းက ပင်လယ်ထဲမှာ နတ်ဆိုးကောင်တွေကို လက်ဗလာနဲ့ သတ်လာတာပါ… ဘယ်လို သတ္တဝါရဲ့ ဟိန်းဟောက်သံက ကျွန်တော့်ကို ကြောက်အောင် လုပ်နိုင်မှာလဲ"
ကျန်လူငယ်တစ်ဦးကမူ ဘာမှမပြောသော်လည်း သူ၏ မျက်နှာတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ဝမ်မူချွမ် သက်ပြင်းသာချ၍ သူတို့ကို တောရိုင်းမြေကွက်လပ်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
…
သူတို့အားလုံး ထိုနေရာသို့ ရောက်ခါနီးမှာပင်
ဝုန်း!
နားစည်ကွဲမတတ် ပြင်းထန်လှသော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းသည် ရှေးဦးခေတ် သမိုင်းဒဏ္ဍာရီထဲမှ ထွက်ပေါ်လာသော သတ္တဝါကြီး အကောင်တစ်ရာ တစ်ပြိုင်နက် ဟိန်းဟောက်လိုက်သကဲ့သို့ပင်။
ထိုအသံကြောင့် ဧည့်သည်တော် လေးဦးလုံး လူသားမျိုးနွယ် စတင်ဖြစ်တည်စအချိန် ရှေးဦးခေတ် သတ္တဝါကြီးများ၏ ဝန်းရံခြင်းကို ခံနေရသော ခေတ်ကာလသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့၏ သွေးသားထဲတွင် မြှုပ်နှံထားသော ရှေးဦးအကြောက်တရားများလည်း ရုတ်တရက် နိုးထလာပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထသွားကြသည်။
ဝမ်မူချွမ်မှာမူ ဤအသံကို ကြားနေကျဖြစ်သဖြင့် ဘာမှမဖြစ်ဘဲ ပြုံးလျက် ဧည့်သည်များကို ကြည့်နေသည်။ အရင်ဆုံး အဘိုးအိုနှင့် အဘွားအိုတို့မှ ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း လူငယ်နှစ်ဦးမှာမူ အချိန်အတော်လေးကြာသည့်တိုင် မျက်နှာများ ဖြူလျော်နေဆဲပင် ဖြစ်သည်။