← Chapters

ကိုးဘုံငရဲ အာဃာတမိစ္ဆာ အကာအကွယ်

Vol. 23 Ch. 336

ကိုးဘုံငရဲ အာဃာတမိစ္ဆာ အကာအကွယ်

Vol. 23 Ch. 336

ရှန်းမို ဆက်လက်ဖတ်ရှုလိုက်သည်။

[နောင်လာမည့် အခွင့်အလမ်း - သင်သည် မကြာမီ ပိုင်ရန်မြို့သို့ ရောက်ရှိမည်။ သုံးရက်အကြာတွင် ပိုင်ရန်မြို့သည် နတ်ဆိုးလမ်းကျင့်ကြံသူ မူရုံကျန့်၏ ယဇ်ပူဇော်ရာနေရာ ဖြစ်လာလိမ့်မည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိပြီးနောက် သင်သည် မူရုံကျန့်ကို ခြေရာခံကာ သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်။ သို့သော် မူရုံကျန့်သည် လျင်မြန်စွာ တုံ့ပြန်ပြီး 'အဆင့်နိမ့် နယ်မြေကူးပြောင်းခြင်း အဆောင်လက်ဖွဲ့' ကို အသုံးပြုကာ ထွက်ပြေးလွတ်မြောက်သွားလိမ့်မည်။ နောက်ဆုံးတွင် သင်သည် ယဇ်ပူဇော်ပွဲအတွက် ရည်ရွယ်ထားသော 'မြေကမ္ဘာအဆင့်' ရတနာအချို့နှင့် 'ကိုးဘုံငရဲ အာဃာတမိစ္ဆာ အကာအကွယ်တို့ကို ရရှိလိမ့်မည်။]

ရှန်မို မျက်မှောင်တစ်ချက်ကြုတ်ကာ ဇွန်းကို ချ၊ အရက်ခွက်ကို ဘေးသို့ဖယ်ကာ အတွေးထဲ နစ်ဝင်သွားတော့သည်။ သူ စိတ်ကူးပေါက်၍ ပိုင်ရန်မြို့တွင် ရပ်နားလိုက်ခြင်းက ဤကဲ့သို့သော အဖြစ်အပျက်မျိုးအထိ ကြုံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

"မူရုံကျန့်... အဲဒီနာမည်က ရင်းနှီးနေသလိုပဲ"

ရှန်မို အာရုံကို စုစည်းလိုက်သည်။ ကျန်းကျောက်နယ်နှင့် ထျန်းဟီဂိုဏ်းအကြောင်း စာအုပ်များစွာနှင့် သတင်းများကို ဖတ်ဖူးထားသဖြင့် ဦးနှောက်ထဲတွင် အချက်အလက်များစွာ ရှိနေ၏။ ထိုမျှ ကျယ်ပြောလှသော ဗဟုသုတပင်လယ်ကြီးထဲမှ နာမည်တစ်ခုကို ပြန်လည်မှတ်မိရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။ သူ့လို နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ခေတ္တမျှ အချိန်ယူ စဉ်းစားခဲ့ရသည်။ အဆင့်နိမ့်ကျင့်ကြံသူများသာဆိုလျှင် ၎င်းတို့၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေရန် သုံးရက်မှ ငါးရက်ခန့်အထိ အချိန်ယူရပေလိမ့်မည်။

ထိုစဉ် ဘေးစားပွဲတစ်ခုမှ စကားပြောသံကို သူ ကြားလိုက်ရသည်။

"ဟေ့... ဒီတစ်ခါတော့ ထျန်းဟယ်ဂိုဏ်းရဲ့ အကြီးအကဲ (၅) က မူရုံကျန့်ကို ဖမ်းမိမယ်လို့ ထင်လား"

"မထင်ပါဘူးကွာ… အဲဒီလူက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက ဂိုဏ်းကို သစ္စာဖောက်ပြီး ထွက်သွားတာ… အခုထိလည်း ဖမ်းမမိသေးဘူး… အဲဒါတင် မကသေးဘူး… သူက လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ မြို့တစ်မြို့လုံးကို ယဇ်ပူဇော်ပစ်ခဲ့တာလေ… တကယ့် အရူး”

"အေးလေ... သူ ဘာတွေဖြစ်သွားလဲဆိုတာ ငါလည်း နားမလည်နိုင်ဘူး… တစ်ချိန်က ထျန်းဟီဂိုဏ်းရဲ့ ခေါင်းဆောင်လောင်းလျာ ဖြစ်ခဲ့ပြီးတော့မှ ဘာအကြောင်းပြချက်မှ မရှိဘဲ သစ္စာဖောက်သွားတာ… နှမြောစရာကြီး"

"ထားလိုက်ပါတော့… စားစရာရှိတာ စားကြရအောင်… ထျန်းဟီဂိုဏ်း ကိစ္စကို သူတို့ဘာသာ ဖြေရှင်းပါစေ"

ရှန်မို့ မျက်ခုံးများ လှုပ်ခတ်သွားသည်။ လျှပ်စီးကဲ့သို့ မှတ်ဉာဏ်များလည်း သူ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသည်။

သူ အခု မှတ်မိသွားလေပြီ။

မူရုံကျန့်သည် ထျန်းဟီဂိုဏ်းမှ ခေါင်းဆောင်လောင်းဟောင်း ဖြစ်သည်။ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်ပြီး 'ကောင်းကင်ဘုံအဆင့်' ခန္ဓာကိုယ်နှင့် မွေးဖွားလာသူဖြစ်ကာ ဂိုဏ်း၏ အဖိုးတန်ဆုံး တပည့်အဖြစ် အလေးထားခြင်း ခံခဲ့ရပြီး အချိန်တစ်ခုအထိ အခြားသူများအားလုံးကို လွှမ်းမိုးထားနိုင်ခဲ့သည်။ အသက် (၅၃) နှစ်အတွင်းမှာပင် နတ်ဘုရားပြောင်းလဲအဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် အသင့်ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ မြေအဆင့် ဝိညာဉ်ခန္ဓာ နှင့် ကျေနပ်ခဲ့လျှင် ဟိုးကတည်းက အဆင့်တက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် သူသည် ကောင်းကင်အဆင့် ဝိညာဉ်ခန္ဓာကို ရယူရန် အစွဲအလမ်းကြီးခဲ့ပြီး ထိုအလိုလောဘကပင် နောက်ဆုံးတွင် ဘေးဒုက္ခဆီသို့ ဦးတည်သွားစေခဲ့သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က မူရုံကျန့်သည် ထျန်းဟီဂိုဏ်းကို သစ္စာဖောက်၍ ထျန်းဟီခေါင်းဆောင်၏ မြေးမ တော်စပ်သူ၊ သူ၏ တာအိုတွဲဖက်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့၏။

ထို့အပြင် ဂိုဏ်း၏ အလားအလာအရှိဆုံး လူငယ်ပါရမီရှင် အချို့ကိုလည်း သတ်ဖြတ်ခဲ့သည်။ ထို့နောက် မိုးရွာသော ညတစ်ညတွင် အမှောင်ထဲသို့ ထွက်ပြေးသွားပြီး မည်သည့်သဲလွန်စမျှ မကျန်ခဲ့ပေ။

ထိုအချိန်မှစ၍ ထျန်းဟီဂိုဏ်းလည်း အရှက်ရစရာ အရိပ်မည်းအောက်တွင် ရှင်သန်ခဲ့ရသည်။ သူတို့ အသေအချာ ပျိုးထောင်ခဲ့သော ခေါင်းဆောင်လောင်းမှာ ရူးသွပ်သွားပြီး သူချစ်ရသူများကို ပြန်လည်တိုက်ခိုက်ကာ ဂိုဏ်းကို သစ္စာဖောက်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

သာမန်လူများက မူရုံကျန့် စိတ်ဖောက်ပြန်သွားသည်ဟု ထင်ကြသော်လည်း ကျောက်စိမ်းဂိုဏ်၏ ခေါင်းဆောင်ငယ်ဖြစ်သော ရှန်မိုကမူ ပိုမိုနက်ရှိုင်းသော သတင်းအချက်အလက်များကို သိရှိထား၏။ မူရုံကျန့်သည် နတ်ဆိုးလမ်းစဉ်ထဲသို့ ကျဆင်းသွားခြင်း ဖြစ်လေသည်။

တစ်နေ့တွင် သူ တားမြစ်ထားသော မိစ္ဆာကျင့်စဉ်တစ်ခုကို ရရှိခဲ့ပြီး ထိုကျင့်စဉ်သည် လူအများကို သတ်ဖြတ်ခြင်းဖြင့် အသက်ဓာတ်ကို ထုတ်ယူကာ 'သွေးစွမ်းအင်' အဖြစ် မည်သို့ ပြုပြင်ပြောင်းလဲရမည်ကို ဖော်ပြထားသည်။ ဤနည်းအားဖြင့် သူသည် လူလည်းမဟုတ်၊ နတ်ဆိုးလည်းမဟုတ်သော တစ်စုံတစ်ရာ ဖြစ်လာတော့၏။ သူ၏ မိတ်ဆွေများကို သတ်ဖြတ်ခြင်းမှာ နတ်ဆိုးလမ်းစဉ် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။ နတ်ဆိုးလမ်းစဉ်၏ ပထမဆုံးခြေလှမ်းမှာ မိမိချစ်ရသူကို သတ်ဖြတ်ရန် လိုအပ်၏။ မိမိနှင့် အနီးကပ်ဆုံးလူကို မသတ်ဘဲနှင့် သူ၏ လူသားဆန်မှုကို မည်သို့ အမှန်တကယ် ဖြတ်တောက်နိုင်ပါမည်နည်း။

"ဒါပေမဲ့ သူက ဘာလို့ သာမန်လူ သုံးသိန်းကိုတောင် ယဇ်ပူဇော်နေရတာလဲ"

ရှန်မို အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယဇ်ပူဇော်ခြင်း နည်းလမ်းများစွာ ရှိသည့်အနက် သွေးဖြင့် ယဇ်ပူဇော်ခြင်းမှာ အသုံးအများဆုံး ဖြစ်သည်။ သို့သော် သာမန်လူများထံမှ အသက်ဓာတ်ကို ထုတ်ယူခြင်းသည် ကျင့်ကြံသူများထံမှ စုပ်ယူခြင်းထက် များစွာ အစွမ်းနည်းလှသည်။ သာမန်လူ သုံးသိန်း၏ အသက်စွမ်းအင်သည် နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူ သုံးဆယ်၏ စွမ်းအင်နှင့်ပင် ညီမျှချင်မှ ညီမျှလိမ့်မည်။ အခြားသော ရည်ရွယ်ချက်အတွက် အသုံးပြုရန် မဟုတ်လျှင်ပေါ့။

"ကိုးဘုံငရဲ အာဃာတမိစ္ဆာ အကာအကွယ်..."

ရှန်မို ထိုအမည်ကို စိတ်ထဲမှ ရေရွတ်လိုက်ရာ မျက်လုံးအရောင်များ တောက်ပလာသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က မူရုံကျန့် သစ္စာဖောက်စဉ်တွင် ထျန်းဟီဂိုဏ်း ဘဏ္ဍာတိုက်မှ အကာအကွယ်အင်းအချို့ကို ခိုးယူသွားခဲ့၏။ ထိုအထဲမှ တစ်ခုမှာ ဤကိုးဘုံငရဲ အာဃာတမိစ္ဆာ အကာအကွယ်ပင် ဖြစ်သည်။ ထိုအကာအကွယ်မှာ ယုတ်မာရက်စက်ပြီး အကျိုးသက်ရောက်မှုမှာ လူတို့၏ အာဃာတ၊ သတ်ဖြတ်လိုသောဆန္ဒနှင့် အခြားသော အဆိုးမြင်စိတ်ခံစားချက်များကို အသုံးပြု၍ ပိတ်လှောင်ထားသော မိစ္ဆာများကို နှိုးဆွရန် ဖြစ်သည်။

သို့သော် ဤသို့ မိစ္ဆာများ သောင်းကျန်းခဲ့သည့် သာဓကမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ ထို့ကြောင့် အသုံးမဝင်သဖြင့် ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲတွင် ပေါ့ပေါ့တန်တန်သာ သိမ်းဆည်းထားခြင်းဖြစ်ရာ မူရုံကျန့်အတွက် ခိုးယူရန် လွယ်ကူသွားခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကို ထည့်စဉ်းစားလိုက်သောအခါ အရာအားလုံးက ရှင်းလင်းသွား၏။

မူရုံကျန့်သည် ထိုအင်းကို အသုံးပြု၍ မိစ္ဆာတစ်ကောင်ကို နှိုးရန် ကြံစည်နေခြင်းမှာ ထင်ရှားသည်။

"ကျန်းကျောက်နယ်မှာ မိစ္ဆာတစ်ကောင် ရှိနေတာလား"

ရှန်မို မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ မဖြစ်နိုင်သလောက်ပင်။ နှစ်ပေါင်းထောင်ချီအောင် မိစ္ဆာမျိုးနွယ်များ၏ အရိပ်အယောင်မျှပင် မရှိခဲ့၍ လူအများစုမှာ ဤမြေပေါ်တွင် တစ်ချိန်က မိစ္ဆာများ လွတ်လပ်စွာ သွားလာခဲ့ဖူးသည်ကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။ ကျန်းကျောက်နယ်မှာ မိစ္ဆာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ။

"နေဦး... မိစ္ဆာတစ်ကောင်... ကိုးဘုံငရဲ ရေခဲမီးတောက်..."

ရှန်မို့ မျက်လုံးများတွင် ထက်ရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

သူ ရုတ်တရက် မှတ်မိသွား၏။ ခရီးမထွက်မီက ကိုးဘုံငရဲ ရေခဲမီးတောက်အကြောင်း အချက်အလက်အချို့ကို သူ ရှာဖတ်ခဲ့ဖူးသည်။ ထိုကဲ့သို့သော ထူးခြားဆန်းပြားသည့် မီးမျိုးမှာ တွေ့ရခဲလှသဖြင့် မှတ်တမ်းမှတ်ရာများစွာ မရှိပေ။ ရှိသမျှ မှတ်တမ်းအနည်းငယ်တွင်လည်း မည်သို့ မွေးဖွားလာပြီး မည်သို့ ကြီးထွားလာသည်ကိုသာ အကျဉ်းမျှ ဖော်ပြထားသည်။ ထိုမီးတောက်သည် အလွန်မှောင်မိုက်၍ နက်ရှိုင်းသော မြေအောက် ပတ်ဝန်းကျင်တွင် ဖြစ်တည်လာခြင်း ဖြစ်ပြီး 'မိစ္ဆာစွမ်းအင်' ကို စားသုံးရှင်သန်ခြင်း ဖြစ်၏။ မိစ္ဆာစွမ်းအင်ကို ဝါးမြိုလေလေ ပိုမိုမြန်ဆန်စွာ ကြီးထွားလာလေလေ ဖြစ်လေသည်။

"မိစ္ဆာအများစုကို နတ်ဆိုးပင်လယ်ထဲမှာ ပိတ်ထားတာ မှန်ပေမဲ့ တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်လောက် လွတ်မြောက်သွားတာမျိုး ဖြစ်နိုင်တယ်… ဒါဆိုရင်... အတိတ်က အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်က ကျန်းကျောက် မြေအောက်မှာ ကိုးဘုံငရဲ ရေခဲမီးတောက်ကို အသုံးပြုပြီး မိစ္ဆာတစ်ကောင်ကို ပိတ်ထားခဲ့တာလား"

တုန်လှုပ်ဖွယ်ရာ အတွေးတစ်ခု ရှန်မို့ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူ ပို၍ စဉ်းစားလေလေ ဖြစ်နိုင်ခြေ ပိုရှိလေလေပင်။ အကယ်၍ ဤအချက်သာ မှန်ကန်ပါက သူ တကယ့်ကို မှန်ကန်သော နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကိုးဘုံငရဲ ရေခဲမီးတောက် သည် အနီးနားရှိ မြို့တစ်မြို့တွင် ရှိနေသည်ကိုသာ သူသိထားပြီး တိကျသော တည်နေရာကို မသိရသေးပေ။ အကယ်၍ သူသာ မူရုံကျန့်ကို ခြေရာခံနိုင်ပြီး နောက်ဆုံးတွင် ကိုးဘုံငရဲ ရေခဲမီးတောက်ကို ရှာတွေ့နိုင်ခဲ့လျှင် မယုံနိုင်စရာ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုစဉ် အောက်ဘက်လမ်းမပေါ်တွင် ဆူညံသံများ ထွက်ပေါ်လာ၏။ ရှန်မို ငုံ့ကြည့်လိုက်ရာ မြို့စောင့်စစ်သည်များက လမ်းရှင်းပေးနေသည်ကို တွေ့ရပြီး မြို့ခံလူထုမှာလည်း လမ်းဘေးသို့ ကပ်ပေးနေကြရသည်။ သူ ရှေ့သို့ ကိုင်းညွတ်ကာ မြို့တံခါးဘက်သို့ ကြည့်လိုက်မိသောအခါ လူအုပ်စုတစ်စု ပိုင်ရန်မြို့အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာနေ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ အဖြူရောင် အကြေးခွံများ ဖုံးလွှမ်းနေသော သတ္တဝါများဖြစ်သည့် ကျောက်မြင်းများကို စီးနင်းထားကြသည်။ ဤမြင်းများသည် မြွေနဂါးနှင့် မြင်းတို့ကို မျိုးစပ်ထားခြင်းဖြစ်ပြီး မျိုးဆက်ပေါင်းများစွာကို အသေအချာ ပျိုးထောင်ထားခြင်း ဖြစ်၏။ လက်ရှိတွင် ပင်လယ် (၄) ခုမှ နဂါးမျိုးနွယ်စု တစ်ခုတည်းသာလျှင် မွေးမြူနိုင်သည့် နည်းလမ်းရှိသည်။ ကျောက်မြင်းတစ်ကောင်လျှင် အဆင့်မြင့်ဆုံး စိတ်ဝိညာဉ်ကျောက်တုံး (၃) ခုအထိ တန်ဖိုးရှိပါသည်။

ရှန်မို့ အကြည့်များ အနောက်ဘက်သို့ ရောက်သွား၏။ ရထားလုံးများမှာ အပေါ်ယံတွင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်မှာမူ အလွန်တရာ ခန့်ညားထည်ဝါလှသည်။ ၎င်းတို့ကို အလွန်သိပ်သည်းပြီး ခိုင်ခံ့သော နှစ်တစ်ထောင် သံသစ်သားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး မျက်နှာပြင် လက်မတိုင်းတွင် အကာအကွယ်များကို ထွင်းထုထား၏။ တစ်ချက်ကြည့်ရုံဖြင့် အရှိန်မြှင့်တင်ခြင်း၊ ပျံတက်ခြင်းနှင့် အခြားသော ခရီးမြန်မြန်ရောက်စေမည့် အကာအကွယ်များ ပါသည်ကို သတိပြုမိလိုက်သည်။ ရထားလုံးများ၏ ပတ်ပတ်လည်တွင်လည်း မှိန်ပျပျ အလင်းတန်းများ လှုပ်ခတ်နေ၏။ အန္တရာယ်အတွက် အကာအကွယ်များ ထည့်သွင်းထားသည်မှာ ထင်ရှားသည်။ ဤကဲ့သို့သော ရထားလုံးတစ်စီး တစ်ရက်တာ ခရီးသွားရန်အတွက်ပင် အဆင့်မြင့်ဆုံး ဝိညာဉ်ကျောက်တုံး (၁) ခု ကုန်ကျပေလိမ့်မည်။

အလွန်အမင်း ကြွယ်ဝချမ်းသာလှ၏။ ဤမျှ အသုံးအဖြုန်းကြီးမှုကို ထျန်းဟီဂိုဏ်းသာ တတ်နိုင်ပေလိမ့်မည်။

ဂိုဏ်းကြီးများထဲတွင် ထျန်းဟီဂိုဏ်းမှာ ချမ်းသာကြွယ်ဝမှုကြောင့် နာမည်ကျော်ပြီး 'ဝိညာဉ်တည်မြဲသီး'ဟု ခေါ်သော ရှားပါးရတနာ ထွက်ရှိသည့် တားမြစ်မြေတစ်ခု ရှိနေသောကြောင့် ဖြစ်၏။ ၎င်းမှာ 'နတ်ဘုရားဝိညာဉ်ဆေးလုံး' ဖော်စပ်ရန်အတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်လေသည်။ ရှန်မို သိထားသလောက်ဆိုလျှင် နန်းတွင်းသည် နတ်ဘုရားဝိညာဉ်ဆေးလုံးများ ထုတ်လုပ်ရန်အတွက် ထျန်းဟီဂိုဏ်းမှ ဝိညာဉ်တည်မြဲသီး အမြောက်အမြားကို နှစ်စဉ် ဝယ်ယူလေ့ရှိ၏။ ဤအားသာချက်ကြောင့် ထျန်းဟီဂိုဏ်းသည် စည်းစိမ်ဥစ္စာများထဲတွင် နစ်မြုပ်နေခြင်း ဖြစ်သည်။

All Chapters