သူတို့အစီအစဉ် အောင်မြင်လို့ မဖြစ်ဘူး
Vol. 23 Ch. 337
ရှန်မိုမှာ ခန့်ညားထည်ဝါလှသော နဂါးမြင်းရထားလုံးကို ကြည့်ရင်း ဧည့်သည်နှစ်ဦး၏ စကားဝိုင်းကို ချက်ချင်း သတိရသွားသည်။
ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၅) မှ မူရုံကျန့်ကို ဖမ်းဆီးခြင်း!
ထိုရထားလုံးထဲတွင် ရှိနေသူမှာ သေချာပေါက် ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၅) ဖြစ်ရပေမည်။ သို့သော် ပိုင်ရန်မြို့သို့ ဤမျှ ခမ်းနားစွာ ရောက်ရှိလာခြင်းက ပုန်းအောင်းနေသော မူရုံကျန့်ကို ကြိုတင်၍ သတိပြုမိသွားစေမှာ အသေအချာပင်။
သူ့ကို ဘယ်လိုများ ဖမ်းမိမယ်လို့ မျှော်လင့်နေကြတာလဲ။
ရှန်မို ခေါင်းယမ်းလိုက်မိသည်။
သူ ထျန်းဟီ၏ ဂိုဏ်းတွင်းကိစ္စများကို စိတ်မဝင်စားပေ။ သူ၏ တစ်ခုတည်းသော စိတ်ဝင်စားမှုမှာ ကိုးဘုံငရဲ ရေခဲမီးတောက်သာ ဖြစ်၏။
"ဒါဆိုရင် သုံးရက်လောက် စောင့်ကြည့်ရမှာပေါ့"
ရှန်မို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ပစ်ပေးကာ စားသောက်ခရှင်းပြီးနောက် အခြားတည်းခိုခန်းတစ်ခုကို ရှာလိုက်သည်။
သူ အမြင့်ဆုံးတွင်ရှိသော အခန်းကို ရွေးချယ်၏။ ထိုအခန်း ပြတင်းပေါက်မှနေ၍ ပိုင်ရန်မြို့၏ နေရာအတော်များများကို လှမ်းကြည့်နိုင်ပါသည်။ အမှန်စင်စစ် ရှန်မို့အနေဖြင့် နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံကို အပြည့်အဝ ဖြန့်ကျက်လိုက်ပါက ပိုင်ရန်မြို့အတွင်းရှိ အရာအားလုံးနှင့် မိုင်ပေါင်းရာနှင့်ချီသော ပတ်ဝန်းကျင်ကိုပါ သိမြင်နိုင်မည် ဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းက အခြားသော နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတိပြုမိသွားစေနိုင်သည်။
ရှန်မို ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေလိုက်သည်။ သူ့ စိတ်ဝိညာဉ်စွမ်းအင်ပင်လယ်အတွင်း၌ ခြေတည်ဝိညာဉ် အစအနများက မြင့်တက်လာနေ၏။ ရွှေအမြုတေ အစအနများကို ဆေးလုံးသရဖူအဖြစ် သန့်စင်ပြီး ကျင့်ကြံသူ၏ နည်းစနစ်များကို မြှင့်တင်နိုင်သကဲ့သို့ပင်... နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦး၏ ခြေတည်ဝိညာဉ် အစအနများကိုလည်း ဝိညာဉ်စွမ်းအား အားကောင်းစေမည့် အထူးလက်နက်တစ်ခုအဖြစ် သန့်စင်နိုင်ပါသည်။
ဤလက်နက်ကို 'ဝိညာဉ်ကလေးငယ် ဝတ်ရုံ' ဟု ခေါ်သည်။ သူ၏ အဓိကလုပ်ဆောင်ချက်မှာ ဝိညာဉ်ကို ပြင်ပတိုက်ခိုက်မှုများမှ ကာကွယ်ရန် ဖြစ်ပြီး ဒုတိယလုပ်ဆောင်ချက်မှာ ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးရန် ဖြစ်သည်။ ဤဝတ်ရုံများတွင်လည်း အဆင့်အတန်းများ ရှိ၏။ 'ဆေးလုံးသရဖူ' များကဲ့သို့ပင် ၎င်းတို့၏ အရည်အသွေးကို အရောင်ဖြင့် ခွဲခြားထားသည်။ အနိမ့်ဆုံးမှ အမြင့်ဆုံးအဆင့်အထိမှာ အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်းနှင့် ရွှေရောင် တို့ ဖြစ်ကြသည်။
ခရီးမထွက်မီကပင် ရှန်မို ထိုကဲ့သို့သော ရတနာများကို စုဆောင်းထားပြီး ယခုအချိန်တွင် လိပ်ပြာပုံသဏ္ဍာန်ရှိသော ရတနာတစ်ခုကို သန့်စင်နေခြင်း ဖြစ်သည်။ ထိုအရာမှာ လုံးဝ ဖောက်ထွင်းမြင်နိုင်ပြီး အပြာနုရောင် သန်းနေ၏။ သူသည် ရှန်မို့ လက်ထဲမှ ရုန်းထွက်ကာ အချိန်မရွေး လွင့်ပျံသွားတော့မည့်အလား ထင်ရ၏။ ဤသည်ကို 'ဝိညာဉ်လိပ်ပြာ' ဟု ခေါ်ပြီး အပင်တစ်မျိုး ဖြစ်ကာ ဤကဲ့သို့ ထူးဆန်းသော ပုံသဏ္ဍာန်အဖြစ် ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
'ဝိညာဉ်လိပ်ပြာ' သည် 'ဝိညာဉ်ဝတ်ရုံ' များ သန့်စင်ရန်အတွက် အကောင်းဆုံး ပစ္စည်းများထဲမှ တစ်ခု ဖြစ်လေ၏။ သို့သော် အလွန်ရှားပါးလှသဖြင့် ရှန်မို ယုကျောက်နယ်တစ်ဝှမ်းလုံးတွင် ရှာဖွေခဲ့ရာ နောက်ဆုံး တန်ဟီဂိုဏ်းမှသာ (၂) ခု ရှာဖွေပေးနိုင်ခဲ့သည်။
ပိုင်ရန်မြို့သို့ ခရီးသွားနေစဉ်အတွင်း ရှန်မို ဝိညာဉ်လိပ်ပြာ တစ်ကောင်ကို သန့်စင်ကာ 'ဝိညာဉ်ဝတ်ရုံ' ကို အစိမ်းရောင်အဆင့်သို့ မြှင့်တင်ထားပြီးဖြစ်သည်။ ယခုအခါ ဒုတိယတစ်ကောင်ကို ထပ်မံသန့်စင်နေခြင်း ဖြစ်သည်။
သူ တိတ်ဆိတ်စွာ ကျင့်ကြံနေစဉ်မှာပင် (၃) ရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ ရှန်မို အခန်းထဲမှ တစ်ဖဝါးမှ မခွာသော်လည်း ပိုင်ရန်မြို့၏ လေထုအတွင်း သိမ်မွေ့သော ပြောင်းလဲမှုတစ်ခုကို အာရုံခံမိလိုက်သည်။
မြို့၏ အပူချိန်မှာ တစ်ဒီဂရီ သို့မဟုတ် နှစ်ဒီဂရီခန့် ကျဆင်းသွားဟန် ရှိသည်။ သူ့ထံ ထမင်းလာပို့သော အစေခံလေးမှာ အစပိုင်းတွင် လက်ပြတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသော်လည်း ယခုအခါ လက်ရှည်ဝတ်ရုံသို့ ပြောင်းလဲဝတ်ဆင်နေရပြီ ဖြစ်သည်။
လေထုကိုယ်တိုင်က ပိုမိုလှုပ်ခတ်လာသလို ခံစားရပြီး တည်းခိုခန်းအတွင်း၌ ရန်ပွဲများ မကြာခဏ ဖြစ်ပွားလာသည်။ ဧည့်သည်အချင်းချင်း ရိုက်နှက်ကြသည်။ ဧည့်သည်နှင့် အစေခံ ရန်ဖြစ်ကြသည်။ နောက်ဆုံးတွင် တည်းခိုခန်းပိုင်ရှင်ကိုယ်တိုင် အစေခံများနှင့် ရန်ဖြစ်သည်အထိ ဖြစ်လာတော့၏။
'ဝုန်း!'
အောက်ထပ်မှ ရုတ်တရက် ပြင်းထန်သော အသံကြီး ထွက်ပေါ်လာသည်။ သွေးနံ့သင်းသင်းမှာ ရှန်မို့ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူ၏ ဝိညာဉ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်ရာ သစ်သားတံခါးကိုပင် မဖွင့်ဘဲ အောက်ထပ်မှ မြင်ကွင်းကို သူ သိမြင်လိုက်ရသည်။
တည်းခိုခန်း၏ ခန်းမဆောင်ထဲ၌ အစေခံတစ်ဦး၏ အလောင်းမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။ ဦးခေါင်းခွံနောက်ဘက်မှ လတ်လတ်ဆတ်ဆတ် သွေးများ ပန်းထွက်နေပြီး ဒေါသမပြေသေးသော ဧည့်သည်အချို့ကလည်း အနီးနားတွင် ရပ်နေကြသည်။ အစေခံမှာ သေဆုံးသွားပြီ ဖြစ်သော်လည်း သက်မဲ့ခန္ဓာကိုယ်ကို ဆက်လက်၍ ကန်ကျောက်ထိုးကြိတ်နေကြ၏။ လူသတ်မှု၏ နောက်ဆက်တွဲများကိုပင် လုံးဝဂရုမစိုက်ကြတော့ပေ။
တည်းခိုခန်းပိုင်ရှင်မှာ အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသဖြင့် ပြစ်မှုကို တိုင်ကြားရန် အပြေးအလွှား ထွက်သွားလေသည်။
မကြာမီမှာပင် ပိုင်ရန်မြို့၏ မြို့စောင့်စစ်သည်များ ရောက်ရှိလာကြပြီး ခဏအတွင်း ပြစ်မှုကျူးလွန်သူများကို လျင်မြန်စွာ နှိမ်နင်းဖမ်းဆီးလိုက်ကြသည်။
ရှန်မို ကုတင်ပေါ်မှ ဆင်းကာ တည်းခိုခန်း၏ ခန်းမဆောင်သို့ ဆင်းလာခဲ့သည်။
"တည်းခိုခန်းပိုင်ရှင်... ဒီတစ်လော ပြဿနာရှာတဲ့သူတွေ များနေတာလား… သူတို့ကို ဘယ်မှာ ဖမ်းထားသလဲ"
တည်းခိုခန်းပိုင်ရှင်မှာ ကျန်ရှိနေသော အစေခံများကို ဆူပူကြိမ်းမောင်းနေစဉ် ရှန်မို မေးခွန်းကို ကြားလိုက်ရသောအခါ သူ့ ဒေါသများ ပေါက်ကွဲထွက်သွားပြီး
"မေးနေတယ်၊ မေးနေတယ်၊ ငါ့ကိုလာမေးနေရလား… မင်းဘာသာ သွားကြည့်လို့ မရဘူးလား… ထွက်သွားစမ်း၊ ငါ…"
သူ စကားမဆုံးမီမှာပင် ရှန်းမော့က သူ၏ နတ်ဘုရားပြောင်းလဲအဆင့် အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။ ထိုအခါ တည်းခိုခန်းပိုင်ရှင်သည် သူ့ ရှေ့တွင် ကြီးမားသော တောင်ကြီးတစ်တောင် ပေါ်ပေါက်လာသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး အသက်ရှူပင် ကျပ်သွားတော့သည်။ ကျောရိုးတစ်လျှောက် စိမ့်သွားပြီး မျက်လုံးများမှာလည်း ချက်ချင်းပင် ကြည်လင်သွားသည်။ သူ ရှန်မို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေပြီး အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲတော့ပေ။
"ပြောတော့"
ရှန်မိုမှ အေးစက်စွာ ဆိုသည်။
"ဟုတ်ကဲ့… ဟုတ်ကဲ့ပါ!"
တည်းခိုခန်းပိုင်ရှင်မှ အလျင်အမြန် ပြန်ဖြေသည်။
"မကြာသေးခင်ကတည်းက မငြိမ်မသက်မှုတွေ အများကြီး ဖြစ်နေတာပါ… ရန်ဖြစ်တာတင် မကဘူး… လုပ်ကြံသတ်ဖြတ်မှုတွေတောင် ရှိနေပါတယ်… အဲဒီလူတွေ အားလုံးကို မြို့စားမင်းရဲ့ စံအိမ်ဘေးက ထောင်ထဲမှာ ဖမ်းထားပါတယ်"
ရှန်မို့ အကြည့်မှာ ပိုမိုနက်ရှိုင်းသွားသည်။ အကာအကွယ်အင်းတိုင်းတွင် အကာအကွယ်အမြုတေ ရှိရစမြဲ ဖြစ်သည်။ အကြမ်းဖက် ပြစ်မှုကျူးလွန်သူများနှင့် ပြည့်နှက်နေသော ထိုထောင်မှာ ဗဟိုချက် ဖြစ်နိုင်၏။ ၎င်းမှာ အာဃာတနှင့် သတ်ဖြတ်လိုသော စိတ်ဓာတ်များကို စုစည်းရန် အကောင်းဆုံးနေရာပင် ဖြစ်သည်။ ဤကဲ့သို့သော အပျက်သဘောဆောင်သည့် ခံစားချက်များသည် မိစ္ဆာများအတွက် အာဟာရပင်။
"မူရုံကျန့်လည်း ထောင်နားမှာ ရှိနေဖို့ များတယ်"
တွေဝေမနေတော့ဘဲ ရှန်မို တည်းခိုခန်းမှ ထွက်လာကာ မြို့အတွင်း အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် မြို့စားမင်း စံအိမ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
လမ်းမများ၌ ဒေါသထွက်နေသော လူအုပ်ကြီးများနှင့် ပြည့်နှက်နေပြီး သာမန်လူများနှင့် ကျင့်ကြံသူများ နှစ်မျိုးလုံး ပါဝင်သည်။ အသေးအဖွဲ ပြဿနာများသည် အော်ဟစ်ဆဲဆိုမှုများ ဖြစ်လာပြီး ပိုမိုပြင်းထန်သော ကိစ္စများမှာမူ ရက်စက်သော ရိုက်နှက်တိုက်ခိုက်မှုများအထိ ဖြစ်ပွားလာသည်။
ကျင့်ကြံသူများအကြား တိုက်ပွဲများမှာမူ အပျက်အစီး ပြင်းထန်လှသည်။ ရှန်မို အနည်းငယ်မျှသာ လျှောက်ရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံအချို့ကို ကြားလိုက်ရသည်။ မြို့၏ အချို့သော အစိတ်အပိုင်းများကို အုတ်ပုံအဖြစ် ပြောင်းလဲပစ်ခဲ့သည့် လက္ခဏာပင်။ သူ ဖရိုဖရဲဖြစ်နေသော လူအုပ်ကြားမှ လျင်မြန်စွာ တိုးထွက်သွားပြီး ခဏလေးအတွင်းမှာပင် မီတာပေါင်းများစွာ အကွာသို့ ရောက်ရှိသွားသည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူ ဖြတ်သွားသည်ကို မသိလိုက်ပေ။
"ဒီအကာအကွယ်အင်းက မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေအပေါ်မှာတောင် သက်ရောက်နေပြီပဲ… ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေအတွက်တော့ ဒါက ဘာမှမဟုတ်သလောက်ပဲ… ဒါပေမဲ့ ထျန်းဟီဂိုဏ်းရဲ့ အကြီးအကဲ (၅) က သူ့လူတွေကို ခေါ်ပြီး ပိုင်ရန်မြို့ထဲ ဝင်လာတာ မဟုတ်လား… ဘာလို့ အခုထိ တုံ့ပြန်မှု မရှိသေးတာလဲ"
ရှန်မို စဉ်းစားရင်း မြို့စားမင်း စံအိမ်သို့ ရောက်ရှိသွားသည်။ စံအိမ်၏ ညာဘက်ဘေးတွင် နိမ့်ကျပြီး ကြောက်မက်ဖွယ်ကောင်းသော အဆောက်အအုံတစ်ခု ရှိ၏။
ဤသည်မှာ ပိုင်ရန်မြို့၏ ထောင်ပင် ဖြစ်သည်။ ၎င်း၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ မြေပေါ်တွင် မြင်ရပြီး ကျန်အပိုင်းအတော်များများမှာ မြေအောက်တွင် မြှုပ်နှံထားခြင်း ဖြစ်လေ၏။
ပုံမှန်အားဖြင့် လုံခြုံရေးအတွက် ကျင့်ကြံသူများကို ချထားလေ့ရှိသော်လည်း ရှန်မို ချဉ်းကပ်သွားသောအခါ ခြေတည်အဆင့် ကျင့်ကြံသူနှစ်ဦးသည် သွေးအိုင်ထဲ၌ လဲလျောင်းနေပြီး အသက်ဝိညာဉ် ကုန်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
ထောင်အတွင်းမှ ပြင်းထန်သော တိုက်ခိုက်သံများ၊ အော်ဟစ်သံများနှင့် ဒေါသတကြီး ဟိန်းဟောက်သံများမှာ အပြင်ဘက်အထိ ပဲ့တင်ထပ်နေပြီး အားလုံး ပရမ်းပတာ ဖြစ်နေတော့သည်။
"ဒီနေရာမှာ အာဃာတနဲ့ သတ်ဖြတ်လိုတဲ့ စိတ်တွေက တကယ့်ကို အားကောင်းနေတာပဲ… တစ်ယောက်ယောက်က အဆိုးမြင်စွမ်းအင်တွေ စုဆောင်းဖို့အတွက် အကျဉ်းသားတွေကို တမင်တကာ တိုက်ခိုက်ခိုင်းနေတာပဲ"
ရှန်မို့ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ကာ ထောင်၏ လေးလံသော သံတံခါးကြီးများကို ရိုက်ခွဲပစ်လိုက်ပြီး အတွင်းသို့ လှမ်းဝင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထျန်းဟီဂိုဏ်း တောင်တန်းဂိတ်မှ အလင်းတန်းအချို့တို့ ကောင်းကင်ပေါ်သို့ ရုတ်တရက် ပျံတက်သွားပြီး ပိုင်ရန်မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြသည်။ ထိုအုပ်စုကို ဦးဆောင်လာသူမှာ မျက်ခုံးထူထူနှင့် စူးရှသော မျက်လုံးများရှိသည့် မျက်နှာလေးထောင့်ကျကျ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ အမူအရာမှာ ခက်ထန် တည်ကြည်နေသည်။
"ဒီလိုကိုး... ငါ အခုမှ နားလည်တော့တယ်… တော်သေးတာပေါ့… လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ရှေးဟောင်းမှတ်တမ်းတစ်ခုကို ငါ မတော်တဆ တွေ့ခဲ့မိလို့ပဲ… ပိုင်ရန်မြို့ မြေအောက်မှာ ပိတ်ခံထားရတဲ့ မိစ္ဆာတစ်ကောင် ရှိနေတာပဲ… မူရုံကျန့်ရဲ့ ရည်ရွယ်ချက်က မြို့အောက်က မိစ္ဆာကို နှိုးဖို့ပဲ… ငါတို့ သူ့ကို အခွင့်အရေး ပေးလို့မဖြစ်ဘူး… သူသာ အောင်မြင်သွားရင် ပိုင်ရန်မြို့ ပတ်ဝန်းကျင် မိုင်ပေါင်းရာနဲ့ချီတဲ့အထိ သက်ရှိမှန်သမျှ ကင်းမဲ့တဲ့ မိစ္ဆာကန္တာရကြီး ဖြစ်သွားလိမ့်မယ်”
"မိစ္ဆာကို ပိတ်လှောင်ဖို့ အင်မတန် ခက်ခဲသလို သတ်ဖို့က ပိုတောင် ခက်သေးတယ်… ဒီတစ်ခေါက် ထွက်လာရင်တော့ ထျန်းဟီဂိုဏ်းက အဲဒီအန္တရာယ်ကို ထိန်းချုပ်ဖို့အတွက် အသက်ပေါင်းများစွာကို ပေးဆပ်ရမှာ… အရှိန်မြှင့်ကြစမ်း… ငါတို့ ပိုင်ရန်မြို့ကို အမြန်ဆုံးရောက်အောင်သွားပြီး မူရုံကျန့်နဲ့ အကြီးအကဲ ကျန်းဖန်တို့ရဲ့ မိစ္ဆာနှိုးဖို့ ကြံစည်နေတဲ့ လုပ်ရပ်ကို နှိမ်နင်းရမယ်”
"ဟုတ်ကဲ့ပါ!"
ဘေးပတ်ဝန်းကျင်ရှိ နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲများက တညီတညွတ်တည်း ပြန်လည် ဖြေလိုက်ကြသည်။