မင်းထွက်မပြေးအောင် တော်တော် ကြိုးစားလိုက်ရတယ်
Vol. 23 Ch. 338
ပိုင်ရန်မြို့ထောင်၏ အနက်ရှိုင်းဆုံးနေရာတွင်။
ကျယ်ဝန်းလှသော မြေကွက်လပ်တစ်ခုမှာ ရှင်းလင်းနေပြီး မြေပြင်ပေါ်တွင် နက်ပြာရောင် အကာအကွယ်အင်း (၆၄) ခုကို စိုက်ထူကာ အလယ်ဗဟိုတွင် လူနှစ်ဦး တိတ်ဆိတ်စွာ ရပ်နေကြသည်။
တစ်ဦးမှာ ခန့်ညားထည်ဝါသော ဝတ်ရုံကို ဆင်မြန်းထားပြီး မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော အဖိုးအိုတစ်ဦး ဖြစ်၏။ အခြားတစ်ဦးမှာမူ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လူသားပုံသဏ္ဍာန်ရှိသော်လည်း ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အဖုအကျိတ်များနှင့် အကြေးခွံများ ပေါက်နေလေသည်။ သူ၏ ရုပ်သွင်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် သဘာဝနှင့် ဆန့်ကျင်နေ၏။ သို့သော် သူတို့နှစ်ဦးစလုံး၏ မျက်နှာတွင် နတ်ဘုရားတစ်ပါး ကြွရောက်လာသည်ကို စောင့်မျှော်နေသကဲ့သို့ အလွန် ကြည်ညိုသဒ္ဓါပွားများနေသော အမူအရာများ ရှိကြသည်။
မကြာမီမှာပင် အကာအကွယ်ထဲမှ ထူးဆန်း၍ မှောင်မည်းနေသော စွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလူနှစ်ဦး၏ မျက်လုံးများမှာ တောက်ပသွားပြီး လက်များကို အလျင်အမြန် ဆန့်ထုတ်လိုက်ကြသည်။ ထိုအခါ အမည်းရောင်စွမ်းအင်မှာ အရှိန်အဟုန်ဖြင့် နှစ်ခြမ်းကွဲသွားပြီး သူတို့၏ လက်မောင်းများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ သူတို့ မျက်နှာများမှာလည်း အတိုင်းထက်အလွန် သာယာမှုကြောင့် ရှုံ့တွနေကြ၏။ ထိုခဏတာအတွင်းမှာပင် လောက၌ ရှိသမျှသော အသာယာဆုံး ခံစားမှုကို ခံစားလိုက်ရသကဲ့သို့ပင်။ သူတို့ ခန္ဓာကိုယ်များမှာ ပေါ့ပါးသွားပြီး အချိန်မရွေး ကောင်းကင်သို့ ပျံတက်သွားနိုင်တော့မည့်အတိုင်း ခံစားနေရသည်။
"မူရုံကျန့်... ငါ အသက် (၉၈၀) အထိ ရှင်သန်လာခဲ့တာ… အခုမှပဲ အမှန်တရားကို နားလည်တော့တယ်… မိစ္ဆာကျင့်စဉ်ကမှ တစ်ခုတည်းသော မှန်ကန်တဲ့လမ်းစဉ်ပဲ… မိစ္ဆာစွမ်းအားက အရာအားလုံးထက် သာလွန်တယ်… ပြီးတော့ မိစ္ဆာမျိုးနွယ်ဆိုတာ... လောကမှာ အမြင့်မြတ်ဆုံး ဖန်တီးမှုပဲ!"
အဖိုးအိုမှာ အလွန်စိတ်လှုပ်ရှားနေ၏။
မူရုံကျန့်က ထူးဆန်းစွာ ရယ်မော၍
"အကြီးအကဲ (၅)... အမှန်တရားကို သိမြင်ဖို့ အခုထိ နောက်မကျသေးပါဘူး… ဒီက အာဃာတနဲ့ သတ်ဖြတ်လိုတဲ့ စိတ်တွေ ပေါက်ကွဲထွက်ပြီး တစ်မြို့လုံးကို ဝါးမြိုသွားတဲ့အခါ ကျွန်တော်တို့ အဆိုးမြင်စွမ်းအင်တွေကို ပိုပြီး သိမ်းဆည်းနိုင်လိမ့်မယ်… အချိန် တစ်နာရီမပြည့်ခင်မှာပဲ မိစ္ဆာအရှင်သခင် နိုးထလာလိမ့်မယ်… အဲဒီအခါကျရင် ကျွန်တော်တို့ ဒီအားနည်းတဲ့ လူသားခန္ဓာကိုယ်တွေကို စွန့်ပစ်ပြီး မိစ္ဆာမျိုးနွယ်အဖြစ် အပြည့်အဝ အသွင်ပြောင်းနိုင်ပါပြီ!"
ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၅) ကျန်းဖန်မှာ အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်! ငါလည်း ဒီဆွေးမြည့်နေတဲ့ ခန္ဓာကိုယ်ကြီးကို စွန့်ပစ်ချင်နေတာ ကြာပြီ… ငါ့ရဲ့ ကျင့်စဉ်က ရှေ့မတိုးနိုင်တော့ဘူးဆိုရင် နောက်ထပ် (၅) နှစ်ထက် ပိုပြီး ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး! မိစ္ဆာမျိုးနွယ်... ငါလည်း သူတို့ထဲက တစ်ယောက် ဖြစ်လာတော့မယ်!"
"သတ်ကြစမ်း!"
"မင်းကို ငါသတ်မယ်!"
"မင်း ငါ့မိန်းမကို ခိုးသွားတာ… မင်းကို အရှင်လတ်လတ် အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်!"
ပတ်ဝန်းကျင်ရှိ ထောင်ခန်းများအတွင်းမှ ရူးသွပ်သော ဟိန်းဟောက်သံများနှင့် တိုက်ခိုက်သံများ ပဲ့တင်ထပ်နေသည်။ နေရာအနှံ့မှ သွေးများ ပန်းထွက်နေပြီး အသားချင်း ရိုက်နှက်သံများ ထွက်ပေါ်နေသော်လည်း အကျဉ်းသားများမှာ နာကျင်မှုကို မခံစားရသကဲ့သို့ မနားတမ်း ဆက်လက်တိုက်ခိုက်နေကြ၏။ ထိုအစား သူတို့ခန္ဓာကိုယ်များမှ အာဃာတနှင့် သတ်ဖြတ်လိုသော စိတ်ဓာတ်များသာ ပိုမိုထွက်ပေါ်လာပြီး အကာအကွယ်အတွင်းသို့ စီးဝင်သွားလေသည်။
"ဟုတ်ပြီ! ဒါပဲ!"
မူရုံကျန့်၏ မျက်နှာမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။
သူ အကာအကွယ်အင်းများကို ထိန်းချုပ်ရန် သူ့ စိတ်ဝိညာဉ်စွမ်းအင်ကို ချက်ချင်း အသုံးချလိုက်၏။ ထိုအခါ အနည်းငယ် ညှိလိုက်သည်နှင့် ထောင်အတွင်း စုဆောင်းထားသော ကြီးမားလှသည့် အာဃာတနှင့် သတ်ဖြတ်လိုစိတ်များမှာ အပြင်ဘက်သို့ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ပိုင်ရန်မြို့၏ အထက်ကောင်းကင်မှ ကြည့်မည်ဆိုပါက မိစ္ဆာများ လမ်းမများပေါ်တွင် သောင်းကျန်းနေသကဲ့သို့ ထင်မှတ်ရ၏။ စွမ်းအင်များမှာ လူတိုင်း၏ ပါးစပ်နှင့် နှာခေါင်းများအတွင်းမှ ဝင်ရောက်သွားပြီး အဆုံးမရှိသော သတ်ဖြတ်မှုများ ပြုလုပ်ရန် ထမ်မံ တွန်းအားပေးနေတော့သည်။
…
ထောင်အတွင်း၌...
တောက်... တောက်...
တည်ငြိမ်သော ခြေသံများ ပဲ့တင်ထပ်လာသည်။
ပုံရိပ်တစ်ခုမှာ ရူးသွပ်နေသော အကျဉ်းသားများကို ကျော်ဖြတ်၍ မူရုံကျန့်နှင့် ကျန်းဖန်တို့ဆီသို့ လျှောက်လှမ်းလာ၏။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အကျဉ်းသားများ၏ မျက်လုံးထဲမှ ရူးသွပ်မှုများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဒဏ်ရာပြင်းထန်သူများ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားပြီး ဒဏ်ရာမပြင်းထန်သူများမှာမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထောင်ခန်းထောင့်များသို့ ကပ်သွားကြကာ မလှုပ်ရဲတော့ပေ။ တိုက်ခိုက်သံများနှင့် အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး တစ်ချိန်က ဖရိုဖရဲဖြစ်နေသော ထောင်ကြီးမှာ ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
မူရုံကျန့်နှင့် ကျန်းဖန်တို့လည်း ဤထူးခြားမှုကို ချက်ချင်း သတိပြုမိသွားပြီး လှည့်ကြည့်လိုက်ကြသည်။ အစိမ်းရောင်ဝတ်ရုံနှင့် လူတစ်ဦးမှာ သူတို့ရှေ့တွင် ရပ်နေသည်။ သူသည် ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါများ ထုတ်လွှတ်နေသည်။
"သူ့ကို ငါ မသိဘူး… ထျန်းဟီဂိုဏ်းက မဟုတ်ဘူး"
ကျန်းဖန် ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။
မူရုံကျန့်မှာ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
"ဖြတ်သွားဖြတ်လာ စပ်စုတဲ့ ခြေတည်ဝိညာဉ် ကျင့်ကြံသူတစ်ယောက် ဖြစ်မှာပါ… သူ့ကို သတ်လိုက်… အကြီးအကဲ (၅) ... သူက ခင်ဗျားအပိုင်ပဲ"
ကျန်းဖန်က ယုတ်မာစွာ ရယ်မောလိုက်သည်။ "အတော်ပဲ… မိစ္ဆာစွမ်းအင်တွေကို စုပ်ယူပြီးနောက်ပိုင်း ငါ့ရဲ့ ခွန်အားကို စမ်းသပ်ချင်နေတာ”
သူ ပြောပြောဆိုဆိုနှင့် လက်သီးကို ဝှေ့ယမ်းကာ အစိမ်းရောင်ဝတ်ရုံနှင့် လူဆီသို့ ပြေးဝင်သွားသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်ကိုပင် အသုံးမပြုတော့ပေ။
အစိမ်းရောင်ဝတ်ရုံနှင့် ရှန်မိုမှာ မလှုပ်မယှက် ရပ်နေ၏။ သူသည် သူ၏ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်စဉ်ကို ချက်ချင်း အသုံးမပြုဘဲ ခြေတည်ဝိညာဉ်အဆင့်၏ ထိပ်ဆုံးဖြင့် တမင်တကာ ဖုံးကွယ်ထားသည်။ ကံကြမ္မာစနစ်အရ သူ နတ်ဘုရားပြောင်းလဲအဆင့် အရှိန်အဝါနှင့် ရောက်လာပါက မူရုံကျန့်မှာ အလွန်အမင်း သတိကြီးသူဖြစ်သဖြင့် ချက်ချင်းပင် အဆင့်နိမ့် နယ်မြေကူးပြောင်းခြင်း အဆောင်ကို အသုံးပြု၍ ထွက်ပြေးသွားပေလိမ့်မည်။ ထိုအခါ မိစ္ဆာနှိုးခြင်းမှာ မပြည့်စုံဘဲ ကျန်ရစ်မည်ဖြစ်ပြီး မိစ္ဆာကို နှိမ်နင်းရန် ပေါ်ပေါက်လာမည့် ကိုးဘုံငရဲ ရေခဲမီးတောက်မှာလည်း ထွက်ပေါ်လာတော့မည် မဟုတ်ပေ။ ရှန်မိုသည် ကံကြမ္မာ မည်သို့ဖြစ်မည်ကို သိထားပြီးဖြစ်သဖြင့် ထိုအမှားကို ထပ်မံကျူးလွန်မည် မဟုတ်ဘဲ အားနည်းဟန် ဆောင်ထားခြင်း ဖြစ်၏။
"စိတ်ဝင်စားစရာပဲ"
ရှန်မိုသည် ကျန်းဖန်၏ လက်သီးပေါ်၌ မှိန်ပျပျ အမည်းရောင် မီးတောက်များ တောက်လောင်လာသည်ကို သတိပြုမိလိုက်သည်။ ထိုမီးတောက်မှာ စက်ဆုပ်ရွံရှာဖွယ်ရာ ခံစားချက်ကို ပေးစွမ်းပြီး ဤလောကမှ စွမ်းအင် သို့ ကောင်းကင်ဘုံမီးတောက် မဟုတ်ပေ။ ဤသည်မှာ မိစ္ဆာစွမ်းအင်ပင် ဖြစ်သည်။
ရှန်မို သူ့လက်သီးကို ဆန့်ထုတ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမပြုဘဲ သူ့သွေးစွမ်းအင်ကိုသာ ဆင့်ခေါ်လိုက်၏။ ထိုခဏ၌ ရှေးဟောင်းတောနက်ကြီးထဲမှ မရေမတွက်နိုင်သော ရှေးဟောင်းဆင်ကြီးများ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ခြေသံများမှာ မြေပြင်ကိုပင် တုန်ခါစေပြီး အသက်ဓာတ် စွမ်းအင်များမှာလည်း ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာ၏။ ထိုအချိန်တွင် ရှန်မိုမှ လက်သီးဖြင့် ရုတ်တရက် ထိုးနှက်လိုက်သည်။
ဝုန်း…
သူတို့၏ လက်သီးချင်း ထိမိသွားရာ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လေလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပြန့်လွင့်သွားပြီး ထောင်တံခါးအချို့မှာ အပိုင်းပိုင်းအစစ ကြေမွသွား၏။ မူရုံကျန့်သည် ပေါက်ကွဲမှုဒဏ်မှ ကာကွယ်ရန် သူ့ လက်မောင်းကို အလိုအလျောက် မြှောက်လိုက်မိသည်။ ထို့နောက် မကျေမနပ်နှင့် မျက်မှောင်ကြုတ်၍
"အကြီးအကဲ (၅)... ဒီလောက်ထိ မဆူညံပါနဲ့… ခင်ဗျားက…”
သို့သော် သူ၏ စကားမဆုံးမီ ဖုန်မှုန့်များ လွင့်စင်သွားသောအခါ မူရုံကျန့် တစ်ယောက် စကားများ ဆို့သွားတော့သည်။ သူမြင်လိုက်ရသည်မှာ ရှန်မိုသည် ထိုးနှက်နေသည့် ပုံစံအတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ကျန်းဖန်၏ ညာဘက်လက်မောင်း တစ်ခုလုံးမှာ ပျောက်သွားပြီ ဖြစ်၏။
ကျန်းဖန်လည်း မယုံကြည်နိုင်စွာဖြင့် သူ၏ ကိုယ်ကို ငုံ့ကြည့်လိုက်ရာ နှလုံးသားရှိရမည့် နေရာတွင် ဟောင်းလောင်းပေါက်ကြီး တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပြိုင်ဘက်၏ လက်မောင်းမှာ ခိုင်ခံ့သော သံမဏိကဲ့သို့ သူ့ရင်ဘတ်ကို တည့်တည့် ဖောက်ထွက်သွားခြင်း ဖြစ်သည်။
"မင်းရဲ့ ခန္ဓာကိုယ်က..."
ကျန်းဖန်မှာ စကားပြောရန်ပင် ခက်ခဲစွာ ကြိုးစားနေရသည်။
ရှန်မို နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးလိုက်သည်။ ထိုအခါ ရှေးဟောင်းဆင် (၁၀၀) ၏ အင်အားများ ပေါက်ကွဲထွက်လာပြီး ကျန်းဖန်၏ ဦးခေါင်းတစ်ခုလုံး ကြေမွသွားတော့သည်။ ထွက်ပြေးရန် ကြိုးစားနေသော သူ့ခြေတည်ဝိညာဉ်လည်း ထိုခဏအတွင်းမှာပင် ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ကျန်းဖန်မှာ နတ်ဘုရားပြောင်းလဲအဆင့် အလယ်အလတ်ရှိသူ ဖြစ်သော်လည်း ရှန်မို့ကို ခြေတည်ဝိညာဉ်အဆင့်ဟု အထင်သေး၍ မိစ္ဆာစွမ်းအားအပေါ် အလွန်အမင်း ယုံကြည်ချက်လွန်ကဲသွားခဲ့မိသည်။ သူ့ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမပြုဘဲ ရိုးရှင်းသော ကာယခွန်အားဖြင့်သာ တိုက်ခိုက်ခဲ့သောကြောင့် တစ်ကိုယ်လုံးမှာ အကာအကွယ်မဲ့သွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ရှန်မိုတစ်ယောက် သူ့ကို လွယ်လွယ်ကူကူ အပြတ်ရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အခြားသော နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူသာဆိုလျှင် ကျန်းဖန် အနည်းဆုံး အပြန်အလှန်တော့ တိုက်ခိုက်နိုင်ပေလိမ့်မည်။
မူရုံကျန့်လည်း ထိတ်လန့်မှုကြောင့် စိတ်ထဲတွင် ထွက်ပြေးရန်သာ အော်ဟစ်နေမိသည်။ ထို့နောက် သူ့ညာဘက်လက်အင်္ကျီအတွင်း ဝှက်ထားသော အဆင့်နိမ့် နယ်မြေကူးပြောင်းခြင်း အဆောင်လက်ဖွဲ့ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ချက်ချင်း စီးဆင်းစေလိုက်သည်။ ထိုကျင့်စဉ်မှာ သူ အမြဲတမ်း ပြင်ဆင်ထားလေ့ရှိသော ဘေးလွတ်ရာ ရှောင်တိမ်းနည်း ဖြစ်ပြီး ဤနည်းကြောင့်ပင် ထျန်းဟီဂိုဏ်း၏ ဝန်းရံပိတ်ဆို့မှုများကို အကြိမ်ကြိမ် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ့ လက်မောင်းကို မြှောက်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည်။
သူ၏ ညာဘက်လက်မောင်း မရှိတော့ပေ။ သူ့မျက်လုံးများ အောက်သို့ အလျင်အမြန် ကြည့်မိလိုက်သောအခါ လက်မောင်းသည် အရင်းမှစ၍ တိတိကျကျ ပြတ်တောက်သွားခြင်း ဖြစ်သည်။ လက်အင်္ကျီအတွင်း၌ သွေးစိမ်းရှင်ရှင် ထွက်နေသော အပေါက်ကြီးသာ ကျန်တော့သည်။ ထိုအချိန်မှသာ ပြင်းထန်သော နာကျင်မှုသည် ဒီရေလှိုင်းကဲ့သို့ ရိုက်ခတ်လာတော့၏။
ထိုစဉ် အေးဆေးတည်ငြိမ်သော အသံတစ်ခု နားထဲသို့ တိုးဝင်လာသည်။
"မင်း တကယ့်ကို သတ္တိနည်းတာပဲ… အမြဲတမ်း ထွက်ပြေးဖို့ပဲ ချောင်းနေတယ်… မင်း ထွက်မပြေးနိုင်အောင် ငါ တော်တော်လေး အားထုတ်ခဲ့ရတာ သိလား"
ရှန်မိုသည် သူ့အနောက်တွင် ရပ်နေပြီး ပြတ်နေသော ညာလက်မောင်းကို ပေါ့ပေါ့ပါးပါး ကိုင်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်၏။
မူရုံကျန့် မျက်မှောင်ကြုတ်၍ ကြည့်မိသည်။ ဤလူငယ်မှာ မည်သူနည်း။
သူ၏ ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
လက်သီးတစ်ချက်ဖြင့် ကျန်းဖန်၏ နှလုံးကို ဖောက်ယူကာ ခြေတည်ဝိညာဉ်အထိ ဖျက်ဆီးပစ်ခဲ့၏။
မျက်စိတစ်မှိတ်အတွင်း၌ သူသည် မူရုံကျန့်၏ အနောက်သို့ ရောက်ရှိလာပြီး သူ သတိမထားမိခင်မှာပင် လက်မောင်းကို ဖြတ်တောက်နိုင်ခဲ့သည်။
ဤကဲ့သို့သော အပြုအမူမျိုး လုပ်နိုင်ရန် မည်မျှအထိ စွမ်းအင်ရှိရန် လိုအပ်သနည်း။
ကျန်းကျောက်နယ်တွင် ဤမျှ ကြောက်စရာကောင်းသော လူတစ်ယောက် မည်သည့်အချိန်တည်းက ရှိနေခဲ့သနည်း။