← Chapters

မင်း မိစ္ဆာကို နှိုးချင်တာမလား လုပ်လေ

Vol. 23 Ch. 340

မင်း မိစ္ဆာကို နှိုးချင်တာမလား လုပ်လေ

Vol. 23 Ch. 340

မူရုံကျန့်သည် တုန်လှုပ်ချောက်ချားနေသော အမူအရာဖြင့် နောက်သို့ ဆုတ်သွားရင်း

“မင်း... မင်းက တကယ် ဘယ်သူလဲ”

ရှန်မို ဘာမှပြန်မပြောပေ။

သူ့ အကြည့်တို့သည် အကာအကွယ် ဗဟိုချက်ဆီသို့သာ ရောက်နေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤထောင်အတွင်းရှိ အကာအကွယ်မှာ ကိုးဘုံငရဲ ဝိညာဉ်မိစ္ဆာ ခင်းကျင်းချက်၏ ဗဟိုချက်ဖြစ်ပြီး အင်း (၆၄) ခုသာ ရှိသည်ကို တွေ့လိုက်ရ၏။ အခြားသော အရန်အင်းများမှာ ပိုင်ရန်မြို့တစ်ဝိုက်တွင် မြှုပ်နှံထားခြင်း ဖြစ်သည်။

သို့သော် ရှန်မို ထိုအသေးစိတ်အချက်အလက်များကို ဂရုမစိုက်ပေ။ သူ အကာအကွယ်၏ ဗဟိုတွင် ရှိနေသော မှောင်မည်းနေသည့် မိစ္ဆာစွမ်းအင်များပေါ်၌သာ အာရုံစိုက်နေမိသည်။ အံ့ဩစရာကောင်းသည်မှာ အမည်းရောင် မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခုလည်း တုံ့ပြန်လာခြင်းပင်။ အသားအရသာကို မေ့လျော့၍ အချိန်အတော်ကြာ အိပ်ပျော်နေသော သားရဲတစ်ကောင်သည် လတ်ဆတ်သော အသားစိမ်းနံ့ကို ရုတ်တရက် ရရှိလိုက်သကဲ့သို့ ခံစားချက်မျိုး ဖြစ်၏။

ခဏမျှ အာရုံခံကြည့်ပြီးနောက် ထိုတုံ့ပြန်မှုမှာ သူ၏ ခန္ဓာကိုယ်မှ မဟုတ်ဘဲ သိုလှောင်လက်စွပ်အတွင်းမှ ဖြစ်ကြောင်း ရှန်မို သိလိုက်ရသည်။ လက်စွပ်အတွင်းသို့ စိတ်ဝိညာဉ်အာရုံဖြင့် စမ်းစစ်ကြည့်ရာ သူ အနည်းငယ် အံ့အားသင့်သွား၏။

“ဪ... မင်းကိုး”

သူ၏ သိုလှောင်လက်စွပ် ထောင့်တစ်နေရာတွင် မိုးကြိုးပစ်ခံရသော သစ်သားတစ်ခုမှာ အရောင်များ တောက်ပနေပြီး နတ်ဘုရားမိုးကြိုးများ တဖျတ်ဖျတ် လက်နေသည်။ ယခင်က သူ ကောင်းကင်အဆင့် ခြေတည်ဝိညာဉ်ကို သန့်စင်စဉ်က ဤသစ်သားတုံးမှ နတ်ဘုရားမိုးကြိုး အစအနတစ်ခုကို သူ ဆွဲထုတ်ခဲ့ဖူး၏။ ထို့နောက်တွင်တော့ ပစ္စည်းကို သိုလှောင်လက်စွပ်၏ ထောင့်တစ်နေရာ၌သာ ပစ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ထိုအရာမှ ရှားပါးသော တုံ့ပြန်မှုတစ်ခုကို ပြသနေလေပြီ။

“နတ်ဘုရားမိုးကြိုးက မိစ္ဆာမျိုးနွယ်တွေကို နှိမ်နင်းဖို့ ပေါ်လာတာပဲ”

“ဒီသစ်သားတုံးထဲမှာ နတ်ဘုရားမိုးကြိုး အစအနလေးတစ်ခုပဲ ရှိနေပေမဲ့ မိစ္ဆာစွမ်းအင်နဲ့ တွေ့လိုက်တဲ့အခါ ဗီဇအရ အလိုအလျောက် တုံ့ပြန်တာပဲ!”

ရှန်မို ဝမ်းသာအားရ ဖြစ်သွားသည်။

“မင်း... မင်းက တကယ်ကို ဘာကောင်လဲ!” မူရုံကျန့်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ဆက်၍ နောက်ဆုတ်သွား၏။

သို့သော် သူ့မျက်လုံး အနက်ရှိုင်းဆုံးနေရာတွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ ထို့နောက် ရုတ်တရက် ထူးဆန်းစွာ ရယ်မောကာ ထိုမိစ္ဆာစွမ်းအင် အစအနကို သူ့ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်တော့သည်။

“ဟားဟားဟားဟား!”

“နောက်ထပ် မိစ္ဆာစွမ်းအင် တစ်ခုပဲ… ဒါဆိုရင် လုံလောက်ပြီ… အတော်လေး လုံလောက်သွားပြီ… ငါက ဘုရင်အဆင့်ရဲ့ ထိပ်ဆုံးဆိုတော့ အခုဆိုရင် ဧကရာဇ်အဆင့်အထိ ထိုးဖောက်နိုင်တော့မယ်”

မူရုံကျန့်၏ အသားအရေမှာ ရုတ်တရက် ခရမ်းနက်ရောင်သို့ ပြောင်းလဲသွားပြီး သူ၏ အဆစ်အမြစ်များလည်း လိမ်တွန့်လာသည်။ ခဏအကြာတွင် ထူထပ်သော ခရမ်းနက်ရောင် အကြေးခွံများ ထပ်ထွက်ပေါ်လာကာ အဆစ်အမြစ်များကို ချပ်ဝတ်တန်ဆာကဲ့သို့ ဖုံးအုပ်သွား၏။ တစ်ကိုယ်လုံးတွင်လည်း အဖုအကျိတ်များ ဖောင်းကြွလာပြီး ထိုအောက်တွင် တစ်စုံတစ်ခု တွားသွားနေသကဲ့သို့ လှုပ်ရှားကာ ပြင်းထန်သော အပူရှိန်များကို ထုတ်လွှတ်နေသည်။

ထိုခဏတွင် မူရုံကျန့်၏ ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် ကြီးထွားလာ၏။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် အရေပြား ဖောင်းကားလာမှုကြောင့် အရေပြားများ ကွဲထွက်သွားပြီး ပိုမိုကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဍာန်တစ်ခု ရှန်မို၏ ရှေ့၌ ပေါ်ပေါက်လာတော့သည်။

ယခုအခါ သူသည် အမြင့် ပေ (၂၀) ကျော်ခန့်ရှိသော ခရမ်းနက်ရောင် ဘီလူးကြီးတစ်ဦးကဲ့သို့ ဖြစ်နေ၏။ သို့သော် ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြေးခွံများနှင့် အဖုအကျိတ်များ ရောယှက်နေပြီး သဘာဝတရားကို ဆန့်ကျင်နေသော အရုပ်ဆိုးအကျည်းတန်သည့် သတ္တဝါကြီးပုံစံပင်။

“အတိုင်းအဆမရှိတဲ့... အကန့်အသတ်မဲ့တဲ့ စွမ်းအားတွေ!”

“ဒါက မိစ္ဆာဧကရာဇ်ရဲ့ အစွမ်းပဲ!”

မူရုံကျန့်သည် ခေါင်းကိုမော့ကာ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်၏။ သူ အသက်ပြင်းပြင်း ရှူလိုက်ရင်း ကောင်းကင်နှင့် မြေကြီး၏ အထွတ်အထိပ် စွမ်းအားကို ထိတွေ့လိုက်ရသကဲ့သို့ ကျေနပ်သာယာနေသည်။ ရယ်မောသံများ ရပ်တန့်သွားသောအခါ ရှန်မို့ကို ပြန်၍ ငုံ့ကြည့်လိုက်သည်။ သို့သော် ယခုအခါ သူ့ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ လုံးဝမရှိတော့ပေ။ အထင်အမြင်သေးမှုများသာ ကျန်တော့၏။ အရေးမပါသော ပုရွက်ဆိတ်လေးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။

“မင်းကို သတ်ရတာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းချေရသလောက် လွယ်သွားပြီပဲ”

“မင်းရဲ့ အကြီးမားဆုံး အမှားကလေ အခွင့်အရေးရတုန်းက ငါ့ကို အပြတ်မသတ်ခဲ့တာပဲ”

မူရုံကျန့် ရှန်မို့ကို လက်ညှိုးထိုးကာ ခပ်အက်အက်အသံဖြင့် ပြောလိုက်သည်။ သူ၏ အသံထဲတွင် ယုတ်မာရက်စက်မှုများ ပြည့်နှက်နေ၏။

ရှန်မို အနည်းငယ် ပြုံးလိုက်ပြီး

“ငါ မင်းကို မသတ်ခဲ့တာက ပိုပြီး အရေးကြီးတဲ့ အရာတစ်ခုကို စောင့်နေလို့ပါ”

“မင်းကတော့... ငါ့ရဲ့ ပန်းတိုင်ကို မရောက်ခင် ကြားမှတ်တိုင် တစ်ခုလောက်ပဲပေါ့”

မူရုံကျန့် အကြည့်တို့ အေးစက်သွားသည်။

ရှန်မို၏ တည်ငြိမ်ပြီး လျစ်လျူရှုထားသော အမူအရာမှာ သူ့ကို ဒေါသထွက်စေလေသည်။

သူ အလွန်အစွမ်းထက်လာပြီး မိစ္ဆာဧကရာဇ် အဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၍ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ရန်မှာ ပိုးကောင်တစ်ကောင်ကို လွယ်ကူသင့်၏။ သို့သော် သူ့ရှေ့မှ လူသားကျင့်ကြံသူမှာ ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

ထို့ကြောင့် မိစ္ဆာဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ်ရာကို သူ သိအောင်လုပ်ပေးရပေမည်။

“သေစမ်း!”

မူရုံကျန့် သူ၏ ကြီးမားလှသော လက်ကြီးကို ဆန့်ထုတ်လိုက်ပြီး မိစ္ဆာစွမ်းအင်များ အလုံးအရင်း ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော ငိုကြွေးနေသည့် ဝိညာဉ်များနှင့် အာဃာတကြီးမားသော တစ္ဆေများ လွတ်ထွက်လာပြီး ရှန်မိုဆီသို့ ပြင်းထန်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျန်းဖန်၏ အလောင်းပင်လျှင် မိစ္ဆာစွမ်းအင်များ၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။ သူ့ သွေးနှင့် အသက်ဓာတ်များ မျက်စိတစ်မှိတ်အတွင်း စုပ်ယူခံလိုက်ရပြီး ခြောက်ကပ်နေသည့် အလောင်းအခွံကြီးတစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။

“ဝိညာဉ်စွမ်းအင်တွေ… သွေးစွမ်းအင်တွေဆိုတာ နိမ့်ကျတဲ့ အင်အားလေးပဲ”

“မိစ္ဆာစွမ်းအင်ကမှ လောကမှာ အားအကောင်းဆုံး စွမ်းအားကွ”

ရှန်မို သေဆုံးသွားတော့မည်ကို ကြိုတင်မြင်ယောင်ရင်း မူရုံကျန့် အားရပါးရ ရယ်မောလိုက်သည်။

ရှန်မို စိတ်ဝင်စားသွားမိ၏။

မိစ္ဆာစွမ်းအင်ကို တစ်ခါမျှ မကြုံဖူးသော်လည်း လက်ရှိ မြင်ကွင်းအရ ကြီးမားသော စွမ်းအားကို အာရုံခံမိ၏။ သို့သော် မူရုံကျန့် ပြောသကဲ့သို့ ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်တို့မှာ အမှန်ပင် မိစ္ဆာစွမ်းအင်ထက် နိမ့်ကျနေသည်လား။

ရှန်မို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူ ယင်ယန်ဓားကို ဆွဲထုတ်လိုက်ပြီး မီးခိုးရောင် ယင်ယန်ဓားအလင်းတန်း တစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်ပြီး ဓားအလင်းတန်းမှာ ဒီရေလှိုင်းကဲ့သို့ တိုးဝင်သွားသည်။ ထိုတိုက်ကွက်မှာ ခြေတည်ဝိညာဉ်အဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးကို ချက်ချင်း သေစေနိုင်လောက်သည့် အစွမ်းရှိ၏။ သို့သော် ယခုလို ပေါက်ကွဲထွက်နေသော မိစ္ဆာစွမ်းအင်စုကြီးနှင့် ထိတွေ့မိသောအခါ တောက်လောင်နေသော မီးပုံထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ခဏအတွင်းမှာပင် မိစ္ဆာစွမ်းအင်မှာ ပိုမိုပွါးများလာပြီး သောင်းကျန်းလာတော့သည်။

ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

ထို့နောက် သူ၏ သွေးစွမ်းအင်ကို အသုံးချကာ တိုက်ပွဲသုံးဓားအဖြစ် ပုံဖော်ပြီး ပြင်းထန်စွာ ခုတ်ချလိုက်ပြန်သည်။ ယခင်အတိုင်းပင် သွေးစွမ်းအင် လက်နက်မှာ မိစ္ဆာစွမ်းအင်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဘာမှမရှိတော့ဘဲ ပျောက်ကွယ်သွာ။

“ဟားဟားဟား... အလကား အားကုန်ခံနေတာပဲ”

“ငါ ပြောသားပဲ… မိစ္ဆာစွမ်းအင်ရဲ့ ရှေ့မှာတော့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ သွေးစွမ်းအင်တွေဟာ အမှိုက်တွေ၊ နိမ့်ကျတဲ့ အင်အားတွေပဲ!”

“ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်ရော သွေးစွမ်းအင်ပါ ကျင့်ကြံပြီး ခြေတည်ဝိညာဉ်အဆင့်အထိ ရောက်လာနိုင်တာကြည့်ရင် မင်းက တခြားနယ်က ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်” “မိစ္ဆာဧကရာဇ် တစ်ပါးရဲ့ လက်ထဲမှာ သေရတာက မင်းအတွက် အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်မှာပါ”

မူရုံကျန့်သည် မောက်မာဝင့်ကြွားစွာဖြင့် အားရပါးရ ရယ်မောနေသည်။

ရှန်မို စဉ်းစားကြည့်လိုက်၏။

သူ ရိုးရှင်းသော စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။ ဝိညာဉ်စွမ်းအင် တိုက်ကွက်များ မိစ္ဆာစွမ်းအင်နှင့် ထိတွေ့သောအခါ စွမ်းအားတစ်ဝက်ခန့်မှာ စုပ်ယူခံလိုက်ရသည်။ သွေးစွမ်းအင် တိုက်ကွက်များမှာမူ ပို၍ပင် အနှိမ်ခံရပြီး ခုနစ်ဆယ်ရာခိုင်နှုန်းခန့်မျှ အားပျော့သွား၏။

သို့သော် ဤအချက်မှာ မိစ္ဆာစွမ်းအင်ကို ဖျက်ဆီး၍ မရနိုင်ဟု မဆိုလိုပေ။ မိမိ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်တို့ လုံလုံလောက်လောက် ရှိနေသရွေ့ ကျန်ရှိနေသော တိုက်ခိုက်မှု စွမ်းအားဖြင့်ပင် ရန်သူကို လွှမ်းမိုးဖျက်ဆီးပစ်နိုင်သေးသည်။

“ကောင်လေး... မင်း သေဖို့ အချိန်တန်ပြီ!”

မူရုံကျန့်သည် အေးစက်စွာ ရယ်မောရင်း ရှေ့သို့ ပြေးဝင်လာသည်။ မိစ္ဆာစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အာဃာတ ဝိညာဉ်များနှင့် တစ္ဆေများသည် ရှန်မို၏ စိတ်အာရုံကို အပိုင်းပိုင်း ဆွဲဖြဲရန် ရည်ရွယ်ကာ သူ၏ ဦးနှောက်ထဲသို့ တိုးဝင်ရန် ကြိုးစားကြ၏။

“နတ်ဘုရားမိုးကြိုး!”

ရှန်မို သူ့လက်ဖဝါးကို လှန်လိုက်ရာ လက်ဖျံခန့် အရှည်ရှိသော မည်းနက်နေသည့် သစ်ကိုင်းတစ်ခု ပေါ်လာပြီး မျက်နှာပြင်ပေါ်တွင် ရွှေရောင်မိုးကြိုးများ ပြင်းထန်စွာ တဖျတ်ဖျတ် လက်နေသည်။

ဂျိန်း... ဂျိန်း...

ရွှေရောင်မိုးကြိုးများ လက်လိုက်တိုင်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တုန်ခါသွားသည်။ ဤလောကသည် နတ်ဘုရား၏ ပြင်းထန်သော စီရင်ချက်ဒဏ်ကို တောင့်ခံနိုင်စွမ်း မရှိသကဲ့သို့ပင်။ နတ်ဘုရားမိုးကြိုး ပေါ်လာသည်နှင့်တစ်ပြိုင်နက် မူရုံကျန့်၏ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွား၏။ ၎င်းမှာ ဘာမှန်း သူ မသိသော်လည်း ဆံပင်အမျှင်ထက်ပင် သေးငယ်သော ထိုရွှေရောင်မိုးကြိုးမျှင်လေးများဆီမှ ပြင်းထန်၍ အသက်ရှူကြပ်စေသော ဖိအားကို ခံစားလိုက်ရသည်။ သူ့အတွင်းစိတ်ထဲမှ အသံတစ်ခုက အော်ဟစ်သတိပေးနေ၏။

'ဝေးဝေးရှောင်… ဝေးဝေးရှောင်!'

'မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။'

“လမ်းပေါ်ရောက်ရမယ့်သူက မင်းပဲ။”

ရှန်မို၏ အမူအရာမှာ မပြောင်းလဲဘဲ မိုးကြိုးပစ်သစ်သားကို မြှောက်ကာ မူရုံကျန့်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

ဝုန်း!

သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မိစ္ဆာစွမ်းအင်များသည် နတ်ဘုရားမိုးကြိုး၏ ဒဏ်ကြောင့် ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်မိုတစ်ယောက် မူရုံကျန့်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။ ထို့နောက် ရွှေရောင်မိုးကြိုးမှာလည်း မူရုံကျန့်၏ နှလုံးသားကို တည့်တည့် ဖောက်ထွက်သွားတော့သည်။

မူရုံကျန့်၏ မျက်နှာမှာ အေးခဲသွား၏။ နောက်တစ်ခဏတွင် သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အမှည့်လွန်နေသော ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားတော့သည်။ ခရမ်းနက်ရောင် အသားစိုင် အမြောက်အမြားမှာ ထောင်အတွင်းရှိ နေရာအနှံ့သို့ လွင့်စင်သွားပြီး ပုပ်စပ်နေသော သွေးအမည်းများမှာလည်း အရပ်မျက်နှာအနှံ့ ပန်းထွက်ကာ မြေပြင်ကိုပင် တိုက်စားသွားသည်။

ဘုံး!

မူရုံကျန့်၏ ပြတ်တောက်သွားသော ဦးခေါင်းမှာ ကြေမွနေသည့် ခန္ဓာကိုယ်မှ လွင့်ထွက်သွားသော်လည်း ရှန်မို လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်သည်။

“ဘာလို့... ဘာလို့ ငါ့ကို ချက်ချင်း မသတ်ခဲ့တာလဲ…” မူရုံကျန့်သည် အားနည်းသော လေသံဖြင့် ခက်ခဲစွာ မေးလိုက်သည်။ သူ နားမလည်နိုင် ဖြစ်နေ၏။ ပြိုင်ဘက်မှာ သူ၏ ဦးခေါင်းကို တမင်တကာ လိမ်ချိုးဖယ်ရှားခဲ့ခြင်း ဖြစ်ပြီး နတ်ဘုရားမိုးကြိုး၏ ချေမှုန်းခြင်းမှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

ရှန်မို အေးစက်စွာဖြင့်

“မင်းက မိစ္ဆာကို နှိုးချင်တာ မဟုတ်လား”

“ငါ မင်းကို အခွင့်အရေး ပေးပါမယ်… ကဲ... နှိုးလိုက်စမ်းပါ”

ပြောပြောဆိုဆိုနှင့် သူ မူရုံကျန့်၏ ဦးခေါင်းကို အကာအကွယ်အင်း၏ ဗဟိုချက်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်တော့သည်။

Chapter 340: ပိုင်ရန်မြို့ကို ဘယ်သူ ကယ်နိုင်မှာလဲ

မူရုံကျန့်တစ်ယောက် အလွန်အမင်း တုန်လှုပ်သွားသည်။

ထိုမျှ ထူးဆန်းသောသူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူသည် လူသားဘဝမှ မိစ္ဆာစွမ်းအင်များကို စုပ်ယူကာ အသွင်ပြောင်းလဲခဲ့သူ ဖြစ်၏။ သို့သော် ပိုင်ရန်မြို့၏ အောက်ခြေတွင်မူ မိစ္ဆာဘုရင်အစစ် တစ်ပါး ကိန်းအောင်းနေလေ၏။ ထိုသူသာ စစ်မှန်သော မိစ္ဆာမျိုးနွယ်စု၏ အရှင်သခင် ဖြစ်၏။

မူရုံကျန့်အနေဖြင့် ထိုလူငယ်ပါရမီရှင် ဘာကို တွေးနေသည်ကို လုံးဝ နားမလည်နိုင်တော့ပေ။ ဤအချိန်တွင် သူ့အား အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းမှာ ထိုလူ စိတ်ရူးပေါက်သွားခြင်းကြောင့်သာ ဖြစ်ရမည်ဟု တွေးမိ၏။

"မင်း ဘာကို ကြံစည်နေလဲဆိုတာ ငါ မသိဘူး… ဒါပေမဲ့ မိစ္ဆာမျိုးနွယ်ကို နိုးထလာအောင် လုပ်ဖို့ဆိုတာ ငါ့ရဲ့ တစ်သက်တာ ရည်မှန်းချက်ပဲ… မင်းက ငါ့ကို ဒီအခွင့်အရေး ပေးနေတာဆိုတော့ မင်း သေခါနီးအချိန်ကျမှ နောင်တမရဖို့ မျှော်လင့်ပါတယ်"

မူရုံကျန့် တဟားဟား ရယ်မောလိုက်ပြီး သူ့စိတ်စွမ်းအင်ဖြင့် အင်းများကို အသက်သွင်းလိုက်သည်။ မကြာမီ မြို့အတွင်းရှိ အမုန်းတရားနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများအားလုံးသည် ပိုင်ရန်မြို့တော်၏ မြေအောက်လှောင်အိမ်ဆီသို့ စုပြုံသွားတော့၏။

အမုန်းတရားနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်နှင့်အမျှ ဒေါသတကြီး အော်ဟစ်နေသူများ၊ တိုက်ခိုက်နေကြသူများသ အားလုံး အားအင်ကုန်ခမ်းသွားသကဲ့သို့ ရုတ်တရက် လဲကျကုန်ကြသည်။ သူတို့ မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့သွားပြီး စိတ်ဝိညာဉ်များ ဗလာဖြစ်သွား၏။

---အဝေးတစ်နေရာတွင်---

အလင်းတန်း အများအပြား အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်။ ထိုသူတို့မှာ ထျန်းဟီဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်လေ၏။

ရှေ့ဆုံးမှ လေးထောင့်ကျကျ မျက်နှာနှင့် ကျင့်ကြံသူသည် ပိုင်ရန်မြို့တော်အတွင်း ဖြစ်ပျက်နေသော မြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ရပြီး မျက်မှောင်ကြုတ်မိလိုက်သည်။

"မကောင်းတဲ့ စိတ်ခံစားချက်တွေ အားလုံးက မြို့လယ်ခေါင်ဆီကို စုဝေးနေကြတာပဲ... မိစ္ဆာဘုရင်က သူ့ရဲ့ အတားအဆီးကနေ ရုန်းထွက်တော့မယ်… အမလေး... ငါတို့ တစ်လှမ်း နောက်ကျသွားပြီ”

ထိုလေးထောင့်မျက်နှာနှင့် ကျင့်ကြံသူမှာ နောင်တကြီးစွာဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

သူ့ဘေးရှိ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများမှာ မဝံ့မရဲ ဖြစ်နေကြပြီး စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

"အကြီးအကဲ... ကျွန်တော်တို့ ရှေ့ကို ဆက်သွားသင့်သေးရဲ့လား… တကယ်လို့ မိစ္ဆာဘုရင်သာ လွတ်မြောက်လာရင် ကျွန်တော်တို့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ထင်တယ်"

"ဟုတ်ပါတယ် အကြီးအကဲ... အကြီးအကဲလည်း မသွားသင့်တော့ဘူး ထင်ပါတယ်..."

သူတို့ စိုးရိမ်တကြီးဖြင့် တားဆီးရန် ကြိုးစားကြ၏။

ထိုအချိန်တွင် ခရမ်းရင့်ရောင် အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။ ဗဟိုချက်၏ မီတာ တစ်ရာအတွင်းရှိ အရာအားလုံးလည်း ချက်ချင်းပင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရ၏။

မြက်ပင်၊ သစ်ပင်၊ မြေကြီး၊ ကျောက်ခဲ၊ အိမ်ခြေများ၊ ဝက်၊ ခွေးနှင့် အသက်ရှင်နေသော လူသားများ... အရာအားလုံးသည် မကောင်းသော စိတ်ခံစားချက်များ ပြည့်နှက်နေသည့် အင်အားကြီးမားသော စွမ်းအင်အောက်တွင် ပျက်စီးသွားရတော့သည်။

ထိုအလင်းတန်းအတွင်းမှ အစွမ်းထက်ပြီး ရက်စက်သော စိတ်ဆန္ဒတစ်ခု နိုးထလာသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ခပ်တိုးတိုး ရေရွတ်သံများလည်း နေရာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ထိုအသံများ ရောက်ရှိရာ အရပ်တိုင်း၌ လေထု လေးလံကာ အသက်ရှုကျပ်လာစေ၏။ ကြောင်များ၊ ခွေးများ၊ ကျွဲ၊ နွားများနှင့် သိုးများသည် ချက်ချင်းပင် ရူးသွပ်ကုန်ကြပြီး သွေးကဲ့သို့ နီရဲသော မျက်လုံးများဖြင့် မြင်သမျှ တိုက်ခိုက်တော့သည်။ လူသားများမှာ အနည်းငယ် အခြေအနေ ပိုကောင်းသော်လည်း သူတို့သည်လည်း စိတ်ဂယောက်ဂယက်ဖြင့် စိတ်တိုလွယ်လာကြ၏။

ဤမြင်ကွင်းသည် တဖြည်းဖြည်း ဆက်လက် ကျယ်ပြန့်လာပြီး ပိုင်ရန်မြို့တော် တစ်ခုလုံးကို ဝါးမျိုသွားသည်။ အပြင်ဘက်မှ ကြည့်လျှင် ပိုင်ရန်မြို့တော်သည် ပြင်ပကမ္ဘာမှ အာရုံမရနိုင်သော တံတိုင်းတစ်ခုဖြင့် ပိုင်းခြားခံလိုက်ရသကဲ့သို့ပင်။ အတွင်းဘက်မှာမူ မှောင်မိုက်ခြောက်ခြားဖွယ်ရာ မိစ္ဆာနယ်မြေကြီး ဖြစ်နေပြီး အပြင်ဘက်၌ ငှက်ကလေးများ တေးဆို၍ ပန်းရနံ့များ သင်းပျံ့နေသည့် ကမ္ဘာတစ်ခု ဖြစ်နေ၏။ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး လေးထောင့်မျက်နှာနှင့် အကြီးအကဲ၏ ဘေးမှ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အလွန် ကြောက်ရွံ့သွားကြသည်။ မိစ္ဆာနယ်မြေကို တစ်ခဏမျှ ကြည့်လိုက်ရုံနှင့်ပင် စိတ်ထဲသို့ တစ်စုံတစ်ရာ ဝင်ရောက်လာသကဲ့သို့ ခံစားရ၏။

ထူးဆန်းသော စွမ်းအားတစ်ခုက နားထဲတွင် ခပ်တိုးတိုးဖြင့် မိစ္ဆာနယ်မြေထဲသို့ ဝင်လှမ်းခဲ့ရန် တိုက်တွန်းနေသည်။

"ဆုတ်ကြ… အခုချက်ချင်း ဆုတ်ကြ!"

"အကြီးအကဲ... ကျွန်တော်တို့ ထွက်သွားရပါမယ်… ဂိုဏ်းကို ပြန်ပြီး စစ်ကူတောင်းရမယ်!"

"ဒီနေရာက ကျွန်တော်တို့ ကိုင်တွယ်နိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး!"

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် အလိုအလျောက် နောက်ဆုတ်သွားကြ၏။ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် ဤကဲ့သို့ တုံ့ပြန်လျှင် မြို့ထဲတွင် ကျန်ရစ်နေသူများ၏ ကံကြမ္မာမှာ ပြောစရာပင် မလိုတော့ပေ။

လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူသည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီးနောက် ခေါင်းကို ခိုင်ခိုင်မာမာ ခါယမ်းလိုက်သည်။

"မင်းတို့ အခုချက်ချင်း ဆုတ်ခွာပြီး ဆက်သွယ်ရေးကျောက်တုံး သုံးပြီး စစ်ကူတောင်းကြ… ငါကတော့ ဒီမှာနေခဲ့ပြီး ဒီမိစ္ဆာနယ်မြေ ပျံ့နှံ့မှုကို တတ်နိုင်သမျှ ဟန့်တားထားမယ်"

ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ဘေးလွတ်ရာသို့ ပြေးခွင့်ရသကဲ့သို့ ခံစားရကာ ဝမ်းသာသွားကြ၏။

"ဟုတ်ကဲ့! ဟုတ်ကဲ့!"

ထို့နောက် အမြန်ဖြေကာ ထွက်ခွာသွားကြသည်။

လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူသည် ပိုင်ရန်မြို့တော်ဆီသို့ ပြတ်ပြတ်သားသား ပျံသန်းသွား၏။ မိစ္ဆာနယ်မြေ၏ နယ်နိမိတ်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ခြေထောက်များမှာ ခဲဆွဲထားသကဲ့သို့ လေးလံသွားပြီး အရှိန်မှာလည်း လိပ်သွားနှုန်းကဲ့သို့ နှေးကွေးသွားတော့သည်။

သူ့ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း မိစ္ဆာနယ်မြေသည် ကမ္ဘာလောက၏ စိတ်ဝိညာဉ်စွမ်းအင်များကို လုံးဝ ပယ်ထုတ်ထားကြောင်း သတိပြုမိသွား၏။ မိစ္ဆာနယ်မြေအတွင်းရှိ လေထုထဲတွင် စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်ပင် ပါးလွှာနေပြီး ကျင့်ကြံသူတစ်ဦးအတွက် ရေမရှိသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ပိုဆိုးသည်မှာ ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် စိတ်ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း ယိုစိမ့်ထွက်သွားခြင်းပင် ဖြစ်သည်။

ပြင်ပမှ ဖြည့်တင်းရန် စိတ်ဝိညာဉ်စွမ်းအင် မရှိသည့်အပြင် မိမိကိုယ်ပိုင် စွမ်းအားများလည်း တဖြည်းဖြည်း ဆုံးရှုံးနေရသဖြင့် စိတ်ဝိညာဉ်စွမ်းအင် တစ်စက်ချင်းစီမှာ အလွန်ပင် တန်ဖိုးရှိလှသည်။ အကယ်၍ မိစ္ဆာစွမ်းအားများ၏ တိုက်စားမှုကို ခုခံရန်အတွက်သာ စွမ်းအင်များ သုံးနေပါက ပစ်မှတ်ဆီသို့ မရောက်မီမှာပင် အားအင်ကုန်ခမ်းကာ လဲကျသွားပေလိမ့်မည်။

သူ သဘောပေါက်သွားပြီးနောက် စိတ်ဝိညာဉ်စွမ်းအင် သုံးရန် စိတ်ကူးကို လက်လွှတ်လိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့်သာ တောင့်ခံရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ကို လေ့ကျင့်ထားခဲ့သူဖြစ်သဖြင့် မိစ္ဆာနယ်မြေ၏ တိုက်စားမှုကို အတော်ကြာ တောင့်ခံထားနိုင်သည်။

"ဟိုနေရာက မိစ္ဆာဘုရင်ကို ပိတ်လှောင်ထားတဲ့ နေရာ ဖြစ်ရမယ်… သူ တခြားမြို့ကို ချက်ချင်း အာရုံမရောက်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ"

လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူသည် အရှိန် မြှင့်တင်ကာ ခရမ်းရင့်ရောင် အလင်းတန်းကြီးဆီသို့ ပြေးဝင်သွားသည်။

သို့သော် သူ အနီးသို့ မရောက်မီမှာပင် အလင်းတန်းကြီးမှာ တိုင်တစ်ခုသဖွယ် ရုတ်တရက် ပိုမို ကြီးမားလာသည်။ ခရမ်းရင့်ရောင် မိစ္ဆာစွမ်းအားလှိုင်းကြီးလည်း အပြင်ဘက်သို့ ပေါက်ကွဲထွက်လာ၏။

ဝုန်း!

ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အာရုံခံမိသည်နှင့် သူ မျက်မှောင်ကြုတ်မိသည်။ ထို့နောက် ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအင်ကို သုံးကာ မိမိကိုယ်ကိုယ် ကာကွယ်လိုက်၏။

ဒိုင်း!

ခရမ်းရင့်ရောင် တုန်ခါမှုလှိုင်း ထိမှန်သွားသည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် နတ်ဘုရားပြောင်းလဲအဆင့် အလယ်အလတ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤတိုက်ခိုက်မှုအောက်တွင် သူ လုံးဝ အစွမ်းမရှိဖြစ်သွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ထိုခဏချင်းမှာပင် သူ့စိတ်ဝိညာဉ်စွမ်းအင် အစိတ်အပိုင်းအချို့လည်း မိစ္ဆာလှိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ဝုန်း!

ပေါက်ကွဲမှုကြောင့် သူကိုယ်တိုင် မီတာ တစ်ရာခန့် လွင့်ထွက်သွားပြီး အဆောက်အအုံ အချို့ကို တိုက်မိမှ နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။

ဂွပ်။

လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူသည် အပျက်အစီးများကြားမှ ခက်ခဲစွာ ရုန်းထွက်လာပြီး သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ အရေပြားမှာ နက်မှောင်သော ခရမ်းရောင်အဖြစ် ပြောင်းလဲသွားလေပြီ။ ပို၍ ကြောက်စရာကောင်းသည်မှာ ဒဏ်ရာထဲမှ သေးငယ်သည့် ခရမ်းရင့်ရောင် မိစ္ဆာလက်တံငယ်များစွာ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အတွင်းပိုင်းဆီသို့ တွားသွားနေကြခြင်းပင် ဖြစ်သည်။

ထိုတိုက်စားလာမှုများကို ခုခံရန်အတွက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို မီးရှို့ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ထိုမိစ္ဆာလက်တံငယ်များနှင့် နှိုင်းယှဉ်လျှင် သူ့ စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်ပင် အားနည်းလွန်းနေ၏။ ထိုလက်တံငယ် တစ်ခုတည်းကို ခုခံရန်အတွက်ပင် သာမန် စိတ်ဝိညာဉ်စွမ်းအင် (၇) ဆ၊ (၈) ဆခန့်အထိ အသုံးပြုနေရသည်။

ဤအရှိန်အတိုင်းဆိုလျှင် သူ ပိုင်ရန်မြို့တော်အတွင်း၌ အသက်ဆုံးရှုံးရမည်မှာ မလွဲဧကန်ပင်။

"အခြေအနေ မကောင်းတော့ဘူး..."

"ငါသေတာက အရေးမကြီးပေမဲ့ ဂိုဏ်းက စစ်ကူတွေ အမြန်ဆုံး လာရင်တောင် အနည်းဆုံး နှစ်ရက် ကြာလိမ့်မယ်… နှစ်ရက်အတွင်းမှာ မိစ္ဆာဘုရင်က ဒီမိစ္ဆာနယ်မြေကို ထိန်းချုပ်လို့မရတဲ့အထိ နယ်ချဲ့နိုင်တယ်"

သူ့မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

"ဘယ်သူက ပိုင်ရန်မြို့တော်ကို ကယ်တင်နိုင်မှာလဲ… ဘယ်သူက ဒီမိစ္ဆာနယ်မြေ ပြန့်နှံ့မှုကို တားဆီးနိုင်တော့မှာလဲ"

သူ ထိုသို့တွေ့းမိပြီး ခါးသီးစွာဖြင့် တစ်ချက် ရယ်မောလိုက်သည်။

ရယ်စရာပင်။

မိစ္ဆာနယ်မြေဆိုသည်မှာ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများပင် ကြောက်ရွံ့ရသည့် အရာမျိုး ဖြစ်သည်။ ဖြတ်သွားဖြတ်လာ အဆင့်မြင့် ပညာရှင်တစ်ဦးနှင့် တွေ့လျှင်ပင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ ရှောင်ကွင်းသွားကြလိမ့်မည်။

ကျင်းနိုင်ငံတော် တစ်ခုလုံး၌ ဓားအရှင်သခင်နှင့် အဆင့်တူ သူများသာလျှင် မိစ္ဆာနယ်မြေ ပြန့်နှံ့မှုကို ဟန့်တားနိုင်စွမ်း ရှိပေလိမ့်မည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌ အဆုံးမရှိသော ခပ်တိုးတိုးရေရွတ်သံများကြားမှ ဟိန်းဟောက်လိုက်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ သူ ခရမ်းရင့်ရောင် အလင်းတိုင်ကြီးဆီသို့ ချက်ချင်း မော့ကြည့်လိုက်သည်။

ထိုအခါ သူ မြင်လိုက်ရသည်မှာ... ရွှေရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခြင်းပင်။

အမှောင်မိုက်ဆုံး ညဉ့်နက်ကို ထိုးဖောက်သွားသည့် အရုဏ်ဦး၏ ဓားတစ်လက်အလားပင်။

ရှူး...!

ခရမ်းရင့်ရောင် အလင်းတိုင်ကြီး နှစ်ခြမ်းကွဲသွားကာ အဆုံးမရှိသော ရေရွတ်သံများသည် အဆိပ်ပြင်းသော ကျိန်စာများနှင့် ဒေါသတကြီး ဆဲဆိုသံများအဖြစ် ပြောင်းလဲသွားသည်။

မိစ္ဆာဘုရင်သည်... ဤအခိုက်အတန့်တွင်... အတိုင်းအထက်အလွန် ဒေါသထွက်သွားပြီ ဖြစ်လေ၏။

All Chapters