တော်ကြတော့ ရန်ဖြစ်ချင်ရင် အပြင်ထွက်ဖြစ်ကြ
Vol. 23 Ch. 341
လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူမှာ အလွန် အံ့ဩတုန်လှုပ်လျက် မျက်လုံးများ ပြူးနေသည်။
ခုနက ဘာဖြစ်သွားတာလဲ?
အဲဒီ ရွှေရောင်အလင်းတန်းက ဘာလဲ?
အဲဒါက မိစ္ဆာစွမ်းအင်တွေကို တကယ်ပဲ ဖျက်ဆီးပစ်နိုင်တာလား!
ချွမ်း!
ရွှေရောင်အလင်းတန်း နောက်တစ်ခု ထပ်မံပေါက်ကွဲ ထွက်ပေါ်လာပြန်သည်။
ခရမ်းရင့်ရောင် အတားအဆီးတစ်ခုမှာ ချက်ချင်းပင် ဆုတ်ဖြဲခံလိုက်ရ၏။ ပိုင်ရန်မြို့တော်အပေါ် လွှမ်းမိုးထားသော ဖိနှိပ်ချုပ်ချယ်ထားသည့် မှောင်မိုက်သော အကာအကွယ်ကြီးမှာ ပျက်စီးကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအပေါက်ကြီးမှာ တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး တိုက်စားခံထားရသော မြေပြင်ပေါ်၌ အက်ကြောင်းများပင် စတင်ပေါ်ပေါက်လာ၏။ ထိုအခါ ပြင်ပကမ္ဘာမှ စိတ်ဝိညာဉ်စွမ်းအင်များလည်း ချက်ချင်းပင် အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။ လွန်ဆွဲပွဲတစ်ခုကဲ့သို့ပင် တိုက်စားခံထားရသော မိစ္ဆာနယ်မြေမှာ တဖြည်းဖြည်း ကျုံ့သွား၏။
စိတ်ဝိညာဉ်စွမ်းအင်များ စီးဝင်လာသည်နှင့် လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူလည်း စွမ်းအင်များ ပြန်လည်စုပ်ယူကာ သန့်စင်နိုင်ခဲ့ပြီး သူ့ စိတ်ဝိညာဉ်စွမ်းအင်ကို ဖြည့်တင်းလျက် မိစ္ဆာနယ်မြေ၏ တိုက်စားမှုကို ပြန်လည်ခုခံနိုင်လာသည်။
သူလည်း ရေထဲသို့ ပြန်လည်ရောက်ရှိသွားသော ငါးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် မည်သူက ကူညီခဲ့သည်ကိုမူ သူ မသိသေးပေ။
"ဘယ်သူ... ဘယ်သူလဲ... ခင်ဗျားက ဘယ်သူလဲ…”
နက်ရှိုင်းပြီး တုန်ယင်နေသော အသံမှာ ကြောက်ရွံ့မှု၊ မယုံကြည်နိုင်မှုတို့နှင့်အတူ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ထိုအတွက် အဖြေမှာ ပိုမိုအစွမ်းထက်ကာ ခန့်ညားထည်ဝါသည့် ရွှေရောင်မိုးကြိုးသံကြီးပင် ဖြစ်တော့သည်။
ဝုန်း!
ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်မှုကဲ့သို့ပင် မိုးကြိုးစွမ်းအင်မှာ မကောင်းမှုနှင့် အညစ်အကြေးအားလုံးကို ဆေးကြောသန့်စင်ပစ်လိုက်၏။ ခဏချင်းမှာပင် ခရမ်းရင့်ရောင် မိစ္ဆာစွမ်းအားများလည်း ဆီထဲကို မီးကျသကဲ့သို့ လောင်ကျွမ်းသွားပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ယခုအချိန်တွင် ပိုင်ရန်မြို့တော်တစ်ခုလုံး သန့်စင်သွားကာ တစ်ဖန် ပြန်လည်၍ ကြည်လင်သော ရေပြင်နှင့် စိမ်းလန်းသော တောင်တန်းများရှိရာ မြေပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။
မိစ္ဆာစွမ်းအား တိုက်စားခံထားရသော ကျွဲ၊ နွား၊ ဝက်နှင့် ခွေးများမှာလည်း မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားကြ၏။
ရူးသွပ်စွာ တိုက်ခိုက်နေကြသူများအားလုံး ရပ်တန့်သွားပြီး အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ လဲကျကုန်၏။ ခုနက ဘာတွေလုပ်ခဲ့သည်ကို သူတို့ကိုယ်တိုင် လုံးဝ မသိရှိကြတော့ပေ။
လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူမှာ မှင်တက်နေမိ၏။
ခုနက ဘာတွေ ဖြစ်သွားတာလဲ?
မိစ္ဆာကြီး သေသွားပြီလား?
သူ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ထိုသူ၏ ဘေးပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေရာ လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ပိုမို ခန့်ညားထည်ဝါနေစေသည်။
"စီနီယာ... ခဏလောက် စောင့်ပါဦး"
လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူသည် အလိုအလျောက်ပင် အော်ဟစ်ကာ တားလိုက်မိသည်။ အစိမ်းရောင် ဝတ်စုံနှင့် လူရိပ်မှာ ခဏမျှ ရပ်တန့်သွားပြီးနောက် လျှပ်စီးကဲ့သို့ပင် သူ့အရှေ့၌ ပေါ်လာ၏။
သူ စိတ်လှုပ်ရှားသွားပြီး
"ကျွန်တော်က ထျန်းဟီဂိုဏ်းရဲ့ အကြီးအကဲ (၁၀) ကျိုးမင်ယီပါ… စီနီယာကို ဂါရဝပြုပါတယ်”
ရှန်မို သူ့ကို တစ်ကိုယ်လုံးခြုံငုံ၍ အကဲခတ်ကြည့်လိုက်သည်။
"ဪ... ခင်ဗျားက ကျိုးမင်ယီလား… နာမည်ကျော်ကြားမှုနဲ့ တကယ်ကို ထိုက်တန်တာပဲ"
ကျိုးမင်ယီမှာ အံ့အားသင့်သွား၏။
"စီနီယာ... ကျွန်တော့်ကို သိတာလား"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။
"ခင်ဗျားအကြောင်း ကြားဖူးပါတယ်… အသက်ကြီးမှ အောင်မြင်လာလို့ ထျန်းဟီဂိုဏ်းက တပည့်တွေကို အားတက်စေခဲ့သူမလား… နောက်ပြီး တခြားသူတွေကို ကယ်တင်ဖို့အတွက် ကိုယ့်အသက်ကိုတောင် မကြာခဏ ရင်းလေ့ရှိတယ်… သာမန်လူသားတွေ အတွက်တောင်မှပေါ့… ဒါကြောင့်ပဲ မှတ်မှတ်ရရ ရှိနေဖို့ ထိုက်တန်တာပါ”
ကျိုးမင်ယီ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ သူ အနည်းငယ်ပင် ရှက်သွေးဖြန်းသွားမိ၏။
"စီနီယာက ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ… ကျွန်တော်က သာမန် ကျင့်ကြံသူတစ်ယောက်ပါပဲ… စီနီယာရဲ့ ဒီလို ချီးကျူးစကားတွေကို လက်ခံရဖို့ မထိုက်တန်ပါဘူး"
"ဒါနဲ့ စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလားခင်ဗျာ… ပြီးတော့ ထျန်းဟီဂိုဏ်းကို ဧည့်သည်တော်အဖြစ် ကြွရောက်ဖို့ ဖိတ်ခွင့် ရှိနိုင်မလား"
ကျိုးမင်ယီက မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
ရှန်မို အနည်းငယ် ပြုံးကာ
"တစ်ခုတော့ ပြင်ပေးဖို့ လိုမယ်— ကျွန်တော့်ကို စီနီယာလို့ မခေါ်သင့်ပါဘူး"
"ဗျာ"
ကျိုးမင်ယီ ကြောင်သွား၏။
မိစ္ဆာကို သတ်ခဲ့တဲ့ ဒီလောက် အစွမ်းထက်တဲ့သူက သူ့ရဲ့ စီနီယာ မဟုတ်ဘူးလား။
သူ လက်ယမ်းပြကာ
"မဖြစ်နိုင်တာ…. မဖြစ်နိုင်တာ… စီနီယာ... ဒီလောက်ထိ နှိမ့်ချမနေပါနဲ့… စီနီယာက မိစ္ဆာကျင့်ကြံသူတွေရဲ့ အကြံအစည်ကို တားဆီးပေးခဲ့တယ်… မိစ္ဆာကြီးကိုလည်း သတ်ပေးခဲ့တယ်… ပြီးတော့ ကျန်းကျောက်မှာရှိတဲ့ ဒီလို ဘေးအန္တရာယ်ကြီးကိုပါ အမြစ်ပြတ်အောင် ရှင်းပေးခဲ့တာပါ… ထျန်းဟီဂိုဏ်းကို ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် ဖိတ်ကြားချင်ပါတယ်”
ပြောပြီးသည်နှင့် သူသည် ရှန်မို့ကို အလေးအနက် အရိုအသေပြုလိုက်၏။
ရှန်မိုမှာ မတတ်သာဘဲ ရယ်မောလိုက်မိသည်။
သူ ထျန်းဟီဂိုဏ်းသို့ သွားရန် အစီအစဉ်မရှိခဲ့ပေ။ သို့သော် ကျိုးမင်ယီမှ အလွန်အမင်း စိတ်ရင်းဖြင့် ပြောနေပြီး သွားကြည့်လိုက်ခြင်းကလည်း မဆိုးလှဟု တွေးလိုက်မိ၏။
ကျန်းကျောက်၏ ဓလေ့ထုံးတမ်းများကို လေ့လာခွင့်အဖြစ် မှတ်ယူလိုက်ရပါသည်။
"စီနီယာ... ကျွန်တော် စီနီယာ့ကို ဘယ်လို ခေါ်ရမလဲဟင်" ကျိုးမင်ယီက ရိုရိုသေသေ မေးလိုက်သည်။
"ကျွန်တော့်ရဲ့ မျိုးရိုးက ရှန်၊ နာမည်က မို ပါ။"
ကျိုးမင်ယီ ထိုနာမည်ကို စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်ကြည့်၏။
တစ်နေရာရာတွင် ကြားဖူးသလိုလို ရှိသော်လည်း မည်သည့်နေရာတွင် ကြားဖူးခဲ့သည်ကို လုံးဝ မမှတ်မိတော့ပေ။
ကျိုးမင်ယီ ချက်ချင်း ခေါင်းညိမ့်ပြကာ
"ကောင်းပါပြီ… ဒါဆိုရင် ကျွန်တော် စီနီယာရှန်လို့ပဲ ခေါ်ပါရစေ"
သူက တရိုတသေဖြင့် ထပ်ပြောသည်။
"စီနီယာရှန်... အခုလောလောဆယ် အနားယူလိုက်ပါဦး… ကျွန်တော် သာမန်လူတွေကို သွားကူညီပြီး အခြေအနေတွေ ပြန်ကောင်းအောင် လုပ်ပေးလိုက်ပါဦးမယ်… အလွန်ဆုံး တစ်ရက်၊ နှစ်ရက်အတွင်းမှာ ထျန်းဟီဂိုဏ်းက ကျင့်ကြံသူတွေလည်း ရောက်လာမှာပါ… အဲဒီအချိန်ကျမှ ကျွန်တော်တို့ ဂိုဏ်းကို အတူတူ သွားကြတာပေါ့"
ရှန်မို ခပ်သာသာ ခေါင်းငြိမ့်ပြကာ သူ့ဘေးပတ်လည်ရှိ ဖုန်မှုန့်များကို လက်တစ်ချက် ယမ်း၍ ဖယ်ရှားလိုက်သည်။
ထို့နောက် လေထဲတွင် ဝဲပျံလျက် တင်ပျဉ်ခွေထိုင်ကာ နေလေ၏။
"ဒီကျိုးမင်ယီကတော့... တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ"
ရှန်မို ကျိုးမင်ယီ၏ ကံကြမ္မာကို ပြန်လည်တွေးတောကာ ပြုံးလိုက်မိသည်။ ကျိုးမင်ယီ၏ ကံကြမ္မာမှာ "အသက်ကြီးမှ အောင်မြင်သူ" ဆိုသည့် လက္ခဏာ ပါရှိ၏။ သူ၏ အစောပိုင်းနှစ်များတွင် အစွမ်းမရှိဘဲ သာမန်ကာလျှံကာသာ ဖြစ်ခဲ့ပြီး ကျင့်ကြံမှုအဆင့် တက်ရာတွင်လည်း အဆင့်တူများကြားတွင် အမြဲတမ်း အနှေးကွေးဆုံး ဖြစ်ခဲ့သည်။ သို့သော် အသက်ကြီးလာလေလေ၊ တိုးတက်မှုနှုန်းမှာ ပိုမြန်လာလေလေ ဖြစ်၏။ ယခု အသက် (၂၀၀) တွင်တော့ နတ်ဘုရားပြောင်းလဲအဆင့်၏ အစပိုင်းသို့ ရောက်ရှိနေလေပြီ။
ထို့အပြင် တိုက်ပွဲအတွေ့အကြုံလည်း အလွန်ကြွယ်ဝသူ ဖြစ်၏။ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများကြားတွင်ပင် သူ့အစွမ်းနှင့် အလားအလာမှာ ထိပ်တန်းစာရင်းဝင်သည်။ အရေးကြီးဆုံးအချက်မှာ ကျိုးမင်ယီသည် စိတ်ရင်းကောင်းသော လူတစ်ယောက် ဖြစ်နေခြင်းပင်။ တစ်သက်လုံး ကောင်းမှုများကိုသာ လုပ်ဆောင်ခဲ့ပြီး မိတ်ဆွေများအတွက် အသက်ကိုပင် စွန့်စားဝံ့သူ ဖြစ်သည်။ ဤကမ္ဘာကြီးတွင် ထိုကဲ့သို့သော လူစားမျိုးမှာ အလွန်ပင် ရှားပါးလှပါသည်။
ရှန်မို ထိုအကြောင်းများကို ဆက်မတွေးတော့ဘဲ သူ ရရှိခဲ့သော အကျိုးအမြတ်များကိုသာ အာရုံစိုက် စစ်ဆေးလိုက်သည်။ မြေအောက်လှောင်အိမ် တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်ခဲ့သည်တော့ မဟုတ်ပေ။ မူရုံကျန့်သည် ကိုးဘုံငရဲ ဝိညာဉ်မိစ္ဆာ အကာအကွယ်ကို အပြည့်အဝ အသက်သွင်းခဲ့ပြီး မြို့အတွင်းရှိ လူသောင်းပေါင်းများစွာ၏ အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်များကို စုစည်းကာ မိစ္ဆာကြီးကို အောင်မြင်စွာ နိုးထစေခဲ့သည်။ သို့သော် ထိုမိစ္ဆာမှာ နိုးထခါစသာ ရှိသေးပြီး အပြင်ပန်းကြည့်လျှင် အလွန်ခန့်ညားသော်လည်း အတွင်းပိုင်း၌မူ ဗလာဖြစ်နေသည်။
ရှန်မို သူ့ကိုယ်ပိုင် စွမ်းရည်များကိုပင် မထုတ်သုံးခဲ့ရ။ မိုးကြိုးထိမှန်ထားသော သစ်သား အတွင်းရှိ နတ်ဘုရားမိုးကြိုးကို အသုံးပြုရုံဖြင့် ထိုမိစ္ဆာကို ချက်ချင်း သတ်ပစ်လိုက်နိုင်ခြင်း ဖြစ်သည်။ မိစ္ဆာစွမ်းအင်များ စုစည်းထားသည့် နှလုံးကဲ့သို့သော အစိတ်အပိုင်းတစ်ခုသာ ကျန်ရစ်ပြီး စွမ်းအင်အားလုံး မီးလောင်ကျွမ်းသွားသည်။ မူလက ထိုအစိတ်အပိုင်းပါ နတ်ဘုရားမိုးကြိုးကြောင့် ပျက်စီးသွားတော့မည် ဖြစ်သော်လည်း ရှန်မိုမှ မြန်မြန်ဆန်ဆန်ပင် သိမ်းဆည်းထားလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် သူ၏ ပုံရိပ်ငယ်ထံမှ နာကျင်မှု အနည်းငယ် ခံစားရပြီး ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အာရုံစိုက်လိုက်သည်။
အဆုံးမရှိသော စိတ်ဝိညာဉ်စွမ်းအင် ပင်လယ်ပြင်အတွင်း၌ ကြီးကျယ်ခမ်းနားပြီး ခိုင်ခံ့လှသော တာအိုပလ္လင်သည် ငြိမ်သက်စွာ ဝဲပျံနေသည်။ တာအိုပလ္လင်၏ အထက်တွင် ကိုးထပ်ကြာပန်းတစ်ပွင့် ပွင့်လန်းလျက် ဖြည်းညှင်းစွာ လည်ပတ်နေ၏။ ကြာပန်းပလ္လင်၏ အထက်တွင်မူ ရှန်မို ၏ မူလဝိညာဉ်သည် ဝတ်စုံစိမ်းလေးကို ဝတ်ဆင်လျက် ထိုင်နေသည်။
တာအိုပလ္လင်နှင့် ကြာပန်းပလ္လင်၏ ကြားတွင် ထူးခြားသော မီးလျှံများ တည်ရှိရာ နယ်ပယ်ဖြစ်သည်။ မူလက ထိုနေရာတွင် နေစွမ်းအင်မီးတောက် နှင့် ကြာနီမီးတောက်တို့သာ ရှိခဲ့ပြီး အချိန်များစွာ ကြာပြီးနောက်တွင် နေစွမ်းအင်မီးတောက်မှာ သိသိသာသာ ကြီးထွားလာခဲ့ပြီး အထွတ်အထိပ် အခြေအနေသို့ပင် ရောက်ရှိတော့မည် ဖြစ်သည်။
ပထမဆုံး စတင်ပေါ်ပေါက်ချိန်တွင် သူသည် သေးငယ်သော မီးတောက်ကလေးသာ ဖြစ်ပြီး ကြာနီမီးတောက်မှ ဖိနှိပ်ထားခဲ့၏။ ယခုမူ ကြာနီမီးတောက်မှာ တာအိုပလ္လင်၏ အစွန်းဆုံးသို့ပင် တွန်းပို့ခြင်း ခံလိုက်ရလေပြီ။ သူသာ ခံစားချက်ရှိလျှင် စရောက်စဉ်တည်းက သေချာ မတွန်းတိုက်ခဲ့မိသည်အား နောင်တရနေလိမ့်မည်။
သို့သော်လည်း ယခုတော့ မီးတောက် (၂) ခုမှာ အတူတကွ ပူးပေါင်းနေကြသည်။ အသစ်ရောက်ရှိလာသော ကိုးဘုံငရဲရေခဲမီးတောက်ကို ဝိုင်းဝန်း နှိပ်စက်ရန်အတွက်ပင်။
မိစ္ဆာကြီး နိုးထလာမှုနှင့်အတူ ကိုးဘုံငရဲရေခဲမီးတောက်လည်း ပေါ်ထွက်လာ၏။ သို့သော် ယခုအခါ ကိုးဘုံငရဲရေခဲမီးတောက်သည် အလွန်အမင်း အားအင်ကုန်ခမ်းနေပြီး ကွယ်ပျောက်လုနီးပါးပင်။ ရှန်မို တစ်ချက်ကြည့်ရုံဖြင့် ပျက်စီးယိုယွင်းနေသော မီးလျှံအဖြစ်သို့ ပြောင်းလဲသွားကြောင်း သိလိုက်သည်။ ဒီထက်ဆိုးလာပါက လုံးဝ ငြိမ်းသတ်သွားပြီး အသက်မဲ့သော မီးသလင်းတုံးတစ်ခုအဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်၏။
ထို့ကြောင့်ပင် နေစွမ်းအင်မီးတောက်နှင့် ကြာနီမီးလျှံတို့က အားနည်းနေသော ကိုးနဝင်းရေခဲမီးလျှံကို ဝိုင်းဝန်း အနိုင်ကျင့်နေကြခြင်း ဖြစ်သည်။
"တော်တော့… တော်တော့! တိုက်ချင်ရင် အပြင်ထွက်တိုက်ကြ!"
ရှန်မို စိတ်စွမ်းအင်ဖြင့် ထိုအခြေအနေကို ချက်ချင်း ဝင်ရောက်ဖျန်ဖြေလိုက်သည်။ သူတို့သာ ပုံရိပ်ငယ်ထဲ တိုက်ခိုက်နေမည်ဆိုပါက သူ့ကို သတ်ရန် ကြိုးစားနေခြင်း မဟုတ်ပါလော။
နေစွမ်းအင်မီးတောက်မှာ ခပ်ဖြည်းဖြည်း နောက်ဆုတ်သွားပြီး ကြာနီမီးတောက်မှာမူ တိုက်ခိုက်ရသည်ကို သဘောကျနေပုံရကာ နောက်တစ်ကြိမ် ထပ်မံ ထိုးနှက်ရန် ပြင်နေပြန်သည်။ ရှန်မို သည် မဟာလွင်ပြင် မီးလျှံထိန်းချုပ်ခြင်း ကျင့်စဉ်ကို ချက်ချင်း စတင်လိုက်သည်။ ထိုအခါမှသာ ဂနာမငြိမ်ဖြစ်နေသော ကြာနီမီးတောက်အား နှိပ်ကွပ်နိုင်လေ၏။
"ဟူး... ဒီပြဿနာရှာတတ်တဲ့ အကောင်နှစ်ကောင်နဲ့တော့ ခက်တာပဲ"
"ကိုးဘုံငရဲမီးတောက်က ဆက်ရှင်သန်ဖို့ မလွယ်တော့တဲ့ အခြေအနေမှာ ရှိနေတာ… တကယ်လို့ ဒီမီးတောက် (၂) ခုကို မခုခံနိုင်ရင် အနှေးနဲ့အမြန် ပျောက်ကွယ်သွားလိမ့်မယ်… ဒီမိစ္ဆာနှလုံးသားကတော့ သူ့ကို ပြန်သက်သာအောင် ကူညီနိုင်လောက်တယ်"
ရှန်မို မဆိုင်းမတွဘဲ မိစ္ဆာနှလုံးသားကို ထုတ်ယူကာ စတင် သန့်စင်လိုက်တော့သည်။