← Chapters

အဲ့တော့ မင်းက အဲ့ဒီရှန်မိုပဲ

Vol. 23 Ch. 342

အဲ့တော့ မင်းက အဲ့ဒီရှန်မိုပဲ

Vol. 23 Ch. 342

အတော်လေး ထူးဆန်းလှသည်။

မိစ္ဆာနှလုံးသားကို ထုတ်လိုက်သည်နှင့် ကိုးဘုံငရဲမီးတောက်သည် အကာအကွယ်မဲ့နေသော သိုးငယ်ကို တွေ့လိုက်ရသည့် ငတ်မွတ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ တုံ့ပြန်လေ၏။

"ဝူး" ခနဲ အသံနှင့်အတူ ချက်ချင်း ပြင်းထန်စွာ တောက်လောင်လာတော့သည်။ နေစွမ်းအင်မီးတောက်နှင့် ကြာနီမီးတောက်တို့လည်း သူ ပြန်နိုးလာတော့မည်လားဟု လန့်သွား၏။

ရှန်မိုသည် ဤအခြေအနေကို ကြည့်ပြီး သဘောကျသွားကာ မိစ္ဆာနှလုံးသားကို ထိရန် လက်လှမ်းလိုက်သည်။ ထိုစဉ် ချက်ချင်းဆိုသလို ကိုးဘုံငရဲမီးတောက်မှာ ရှေ့သို့ တိုးထွက်လာပြီး ထိုနှလုံးသားကို ဝါးမျိုလိုက်တော့၏။ မြွေဟောက်ကြီးတစ်ကောင်ကဲ့သို့ သားကောင်ကို တစ်လုပ်တည်း အားရပါးရ စားနေသည်။

မကြာမီ သူ ကျေနပ်သွားပုံရပြီး ရှန်မို၏ ပုံရိပ်ငယ်အတွင်း၌ ပြန်လည်အခြေချကာ နှလုံးသားကို စတင်သန့်စင်တော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မှေးမှိန်ပြီး အားနည်းနေခဲ့သော ကိုးဘုံငရဲမီးတောက်သည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့၏။ သူ့သဘာဝပင် ပြောင်းလဲသွားပုံရပြီး အိုမင်းနေသော လူအိုကြီးတစ်ဦး ရုတ်တရက် ပြန်လည်နုပျိုလာသကဲ့သို့ပင်။

ရှန်မိုက မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

"ကြည့်စမ်း... ဒါက တကယ့်ကို ဝါရင့်မီးတောက်ကြီးပဲ"

ဤသည်ကို မြင်လိုက်ရသောအခါ နေစွမ်းအင်မီးတောက်နှင့် ကြာနီမီးတောက်တို့မှာ သူတို့၏ မီးလျှံများကို အလျင်အမြန် ပြန်လည်ရုပ်သိမ်း၍ လိမ္မာသွားသည့် အမူအရာမျိုး ဖမ်းလိုက်ကြသည်။

ရှန်မိုကြည့်ရင်း ရယ်မောမိ၏။

ထူးခြားဆန်းပြားသော မီးတောက်များပင် အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တတ်ကြလေသည်။

"ကိုးဘုံငရဲမီးတောက်က အခုလောလောဆယ် ငါ့ခန္ဓာကိုယ်ထဲမှာ ယာယီ ခိုလှုံနေတာပဲ ရှိသေးတယ်… နောက်မှ အချိန်ရတဲ့အခါကျရင်တော့ သူ့ကို ကောင်းကောင်း ယဉ်ပါးအောင် လုပ်ရမယ်"

သူ သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်၏။

ထိုအချိန်တွင် ကျိုးမင်ယီတစ်ယောက် မြို့တော်ဝန်နန်းတော်ဘက်မှ ချွေးတပြိုက်ပြိုက်နှင့် ပျံသန်းလာသည်။ ရှန်မို မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ သူ ဝမ်းသာအားရဖြင့်

"စီနီယာရှန်... ကျင့်ကြံလို့ ပြီးသွားပြီလား"

ရှန်မိုက ခေါင်းငြိမ့်ပြ၍ ပြန်မေးလိုက်၏။

"ဘယ်နှစ်ရက် ရှိသွားပြီလဲ"

ကျိုးမင်ယီက ရယ်မောလျက်

"တစ်ရက်နဲ့ တစ်ဝက်ပဲ ရှိပါသေးတယ်"

သူ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် မိုးကုတ်စက်ဝိုင်း၌ အလင်းတန်း အများအပြား ပေါ်လာ၏။

ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်လေသည်။

"စီနီယာရှန်... ကျွန်တော်တို့ ထျန်းဟီဂိုဏ်းက လူတွေ ရောက်လာကြပြီ!"

ဝုန်း! ဝုန်း! ဝုန်း!

လူရိပ်အချို့ မြေပြင်ပေါ်သို့ ဆက်တိုက် ဆင်းသက်လာကြသည်။ အားလုံးပေါင်း (၄) ဦးဖြစ်ပြီး ဆံပင်နှင့် မုတ်ဆိတ်ဖြူနေသော သက်ကြီးရွယ်အိုများ ဖြစ်၏။ တစ်ဦးချင်းစီမှာ ထျန်းဟီဂိုဏ်း၏ အမှတ်အသားဖြစ်သော အပြာရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ရှေ့ဆုံးမှ အကြီးအကဲသည် ကျိုးမင်ယီ ဘေးကင်းသည်ကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။

“ကျိုး... မင်း ဘာဒဏ်ရာမှ မရတာ တော်ပါသေးတယ်"

သူ့နောက်ရှိ နတ်ဘုရားပြောင်းလဲအဆင့် အခြားအကြီးအကဲတစ်ဦးမှာ အံ့အားသင့်စွာဖြင့်

“ကျိုး... မိစ္ဆာနယ်မြေက ဘယ်မှာလဲ… မိစ္ဆာခေါင်းဆောင်ကရော… မင်းပဲ သူ့ကို သတ်ပစ်လိုက်တာလား"

အကြီးအကဲ (၄) ဦးစလုံး အသက်ရှူပင် မှားကုန်၏။ သူတို့ မလာခင်က တန်ဖိုးကြီး ရတနာများစွာနှင့် ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲတွင် မေ့ပျောက်နေပြီဖြစ်သော မိစ္ဆာနှိမ်နင်းရေး ရတနာများကိုပင် ယူဆောင်လာခဲ့ကြပါသည်။ အနည်းဆုံး လူတစ်ဦးစ၊ နှစ်ဦးစ အသက်ဆုံးရှုံးနိုင်သည်ဟုပင် စိတ်ပြင်ဆင်ထားခဲ့ကြသည်။

သို့သော် ယခု ကျိုးမင်ယီမှာ လုံးဝ ဘေးကင်းနေပြီး ပိုင်ရန်မြို့တော်မှာလည်း အကောင်းအတိုင်း ရှိနေ၏။ ရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားသော "မိစ္ဆာနယ်မြေ" မှ ပျက်စီးယိုယွင်းမှု လက္ခဏာများ လုံးဝ မရှိပေ။

အခြေအနေကို အထင်မှားသွားသော အကြီးအကဲချုပ်မှ ကျိုးမင်ယီ၏ လက်ကို ချီးကျူးဂုဏ်ပြုလျက် ဆုပ်ကိုင်လိုက်သည်။

"ကျိုး... မင်းက အသက်ကြီးမှ တကယ် အောင်မြင်လာတာပဲ… မင်းက နတ်ဘုရားပြောင်းလဲအဆင့် အစောပိုင်းမှာပဲ ရှိသေးပေမဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့သူတွေတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ အားနည်းချက်တစ်ခုတော့ ရှိတယ်… အဲဒါ မင်းက နှိမ့်ချလွန်းတာပဲ”

"မင်းရဲ့ အောင်မြင်မှုတွေကို လျှော့မတွက်ပါနဲ့ကွာ… မင်း တစ်ခုခု ကြီးကြီးမားမား လုပ်ဆောင်နိုင်ခဲ့ရင် အဲဒီအတွက် ဂုဏ်ယူရမယ်လေ… အားလုံးကလည်း မင်းအတွက် ဂုဏ်ယူနေကြမှာပါ”

အခြား အကြီးအကဲများကလည်း သဘောတူစွာ ခေါင်းငြိမ့်ပြကြ၏။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက ကျိုးမင်ယီမှာ သူတို့၏ တပည့်သာ ဖြစ်ခဲ့သော်လည်း ယခုမူ သူတို့နှင့် တန်းတူပင် ရပ်တည်နေနိုင်ပြီ ဖြစ်သည်။ ထို့အပြင် မိစ္ဆာခေါင်းဆောင်အထိ သတ်ကာ မိစ္ဆာနယ်မြေကို ဖျက်ဆီးခဲ့သည်ဟု ထင်နေကြလေ၏။

ဤသတင်းသာ အခြားဒေသများနှင့် ဂိုဏ်းများသို့ ပျံ့နှံ့သွားပါက သူတို့၏ ထျန်းဟီဂိုဏ်းမှာ အလွန်ပင် နာမည်ကျော်ကြားလာပေလိမ့်မည်။

ကျိုးမင်ယီ မျက်နှာမှာ နေရခက်လွန်း၍ နီရဲလာသည်။ နောက်ဆုံးတွင် မတတ်သာတော့ဘဲ အသံကို မြှင့်ကာ "စီနီယာရှန် လုပ်ခဲ့တာပါ… ကျွန်တော် မဟုတ်ပါဘူး”

အကြီးအကဲများ ခဏ စွံ့အသွားကြပြီးနောက် ဘေးနားတွင် ပြုံးလျက် ရှိနေသော လူငယ်လေးထံသို့ လှမ်းကြည့်မိကြသည်။

အကြီးအကဲချုပ်မှာ ရှန်မို့ကို ဇဝေဇဝါဖြင့် အကဲခတ်ကြည့်လိုက်သည်။

သူ၏ မျက်နှာမှာ အလွန်နုပျိုလှ၏။ သို့သော် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြော၍ နက်ရှိုင်းလှပြီး တိုင်းတာမရနိုင်ပေ။

အကြီးအကဲချုပ်က သတိကြီးစွာဖြင့် ဂါရဝပြုလိုက်သည်။

"တာအိုမိတ်ဆွေ... မင်းက ဘယ်သူလဲ"

ရှန်မိုလည်း ပြန်လည် ဂါရဝပြုလိုက်၏။

"ကျွန်တော်က ရှန်မိုပါ… ပိုင်ရန်မြို့တော်ကို ဖြတ်သွားရင်းနဲ့ ကြုံလို့ပါ"

အကြီးအကဲချုပ်မှ

“ဪ..."

သူ အမှတ်တမဲ့ ရေရွတ်လိုက်ပြီးမှ ရုတ်တရက် စွံ့အသွားသည်။ "

“ရှန်မို... ဘာ… ရှန်မို"

သူ့မှုန်ဝါးနေသော မျက်လုံးအစုံမှာ အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး ရှေ့က လူငယ်ကို စိုက်ကြည့်နေမိ၏။ သူ့နောက်ရှိ အကြီးအကဲ (၃) ဦးမှာလည်း တောင့်ခဲသွားကြပြီး ရှန်မို့ကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကဲ့သို့ ကြည့်နေကြသည်။

"မင်း... မင်းက နတ်ဆိုးတစ်သောင်းနယ်မြေရဲ့ အိမ်ရှေ့မင်းသားနဲ့ မင်းသား (၄) ကို သတ်ခဲ့တဲ့… ပြီးတော့ သူတို့ရဲ့ မိစ္ဆာစစ်တပ် သုံးသန်းကို အပြတ်ရှင်းခဲ့တဲ့ ရှန်မိုလား”

အကြီးအကဲချုပ်မှာ အံ့ဩမှုကို မထိန်းနိုင်ဘဲ ရှန်မို့ကို တစ်ဖန် ပြန်လည် အကဲခတ်နေမိ၏။

ရှန်မို ခေါင်းယမ်းပြ၍

"မိစ္ဆာ သုံးသန်းလား… အဲဒီ စစ်တပ် (၃) ခုပေါင်းမှ တစ်သန်းတောင် မပြည့်ပါဘူး… ခင်ဗျားတို့ဆီက သတင်းက မှားနေပါပြီဗျာ"

အကြီးအကဲ (၄) ဦးတို့ အချင်းချင်း ကြည့်လိုက်ကြပြီး

“ဪ... တစ်သန်းပဲလား... ဟူး... မင်းက တကယ့် ရှန်မိုပဲ”

ထိုအခါမှ ကျိုးမင်ယီလည်း ရုတ်တရက် သတိဝင်လာတော့သည်။ ယုကျောက်ဒေသတွင် ဖြစ်ပွားခဲ့သော နတ်ဆိုးတစ်သောင်းနယ်မြေ တိုက်ပွဲသတင်းမှာ ကျန်းပြည်နယ်ဆီသို့ ပျံ့နှံ့လာသည်မှာ အတော်ကြာလေပြီ။

ရှန်မိုဆိုသော နာမည်မှာလည်း တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ ရာဂဏန်းအထိ လူပြောများကာ လူသိများခဲ့၏။

လူအများအပြားမှာ ကျောက်စိမ်းဂိုဏ်း၏ ခေါင်းဆောင်ငယ်ကို အလွန်ပင် လေးစားအားကျနေမိကြသည်။ ထိုလူငယ်မှာ နတ်ဘုရားပြောင်းလဲအဆင့် အစောပိုင်းသာ ရှိသေးသော်လည်း အစွမ်းမှာတော့ ဤမျှအထိ ကြောက်စရာကောင်းနေပြီ ဖြစ်၏။

ကျိုးမင်ယီလည်း ရှန်မို့ကို အမြဲတမ်း တွေ့ဆုံချင်ခဲ့ပြီး ဤဒဏ္ဍာရီလာ ပါရမီရှင်ကို ဘယ်လိုပုံစံဟု ကိုယ်တိုင် မြင်ချင်ခဲ့သည်။

နောက်ထပ် (၂) နှစ်အကြာ ဓားအရှင်သခင်၏ မွေးနေ့ပွဲတွင် သူ့ကိုယ်သူ မိတ်ဆက်ရန်ပင် အစီအစဉ် ရှိခဲ့၏။

ယခုကဲ့သို့ အမှတ်မထင် တွေ့ဆုံရလိမ့်မည်ဟုတော့ အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။

"ရှန်... စီနီယာရှန်..."

ကျိုးမင်ယီက နေရခက်စွာ ခေါင်းကုတ်လိုက်သည်။

ရှန်မို ရယ်မောလိုက်ပြီး

"အကြီးအကဲကျိုး... ကျွန်တော် ပြောပြီးပြီလေ… ကျွန်တော်က ခင်ဗျားရဲ့ စီနီယာ မဟုတ်ပါဘူးဆိုဗျာ"

ကျိုးမင်ယီက ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။

သူ့အဆင့်မှာ ရှန်မိုထက် အနည်းငယ် မြင့်နေပြီး အသက်အရွယ်လည်း များစွာ ကြီးသည်။

ရှန်မို့ကို "စီနီယာ" ဟု ခေါ်နေခြင်းမှာ အမှန်ပင် မသင့်တော်လှချေ။

"အကြီးအကဲတို့... ဒီဒေသက မိစ္ဆာခေါင်းဆောင်ကို ကျင့်ကြံသူရှန် သတ်ခဲ့တာပါ… မိစ္ဆာနယ်မြေကိုလည်း သူပဲ သန့်စင်ပေးခဲ့တာ… သစ္စာဖောက်တွေဖြစ်တဲ့ မူရုံကျန့်နဲ့ ကျန်းဖုန်းကိုလည်း ကျင့်ကြံသူရှန်ပဲ ကိုင်တွယ်ခဲ့တာပါ… ကျွန်တော် ဘာမှ မလုပ်ခဲ့ရပါဘူး"

ကျိုးမင်ယီမှ အမြန်ဝင်ရှင်းပြလိုက်သည်။

အကြီးအကဲချုပ် ရှန်မိုကို တုန်ရီစွာ ကြည့်၍

"ကျင့်ကြံသူရှန်မှာ ဒီလောက် အံ့ဩစရာကောင်းတဲ့ အစွမ်းရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး”

"မင်းက ကျန်းပြည်နယ်အတွက် ဒီလို ဆိုးရွားလှတဲ့ ဘေးဆိုးကြီးကို ဖယ်ရှားပေးခဲ့တာပဲ… အိမ်ရှင်တွေအနေနဲ့ ဂုဏ်ပြုတဲ့ ပွဲတစ်ခု ကျင်းပပေးရတော့မယ်… ငါတို့ ထျန်းဟီဂိုဏ်းကို ဧည့်သည်တော်အဖြစ် ကြွရောက်ပေးနိုင်မလား"

ရှန်မိုက ခေါင်းငြိမ့်ပြ၍

"ကောင်းပါပြီ… ထျန်းဟီဂိုဏ်းက ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်လည်း မြင်ဖူးချင်ပါတယ်"

အကြီးအကဲချုပ် အလွန်ဝမ်းသာသွား၏။

"ကောင်းတယ်… ကောင်းတယ်… အချိန်မဖြုန်းနဲ့တော့ အခုပဲ သွားကြမယ်"

အဖွဲ့သားအားလုံး အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ဂိုဏ်းရှိရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။

...

(၅) ရက်ခန့် ကြာပြီးနောက်၊ ထျန်းဟီဂိုဏ်း တောင်တန်းဂိတ်တွင်။

နတ်ဘုရားပြောင်းလဲအဆင့်ရှိသော ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၁၀) ဦးကျော်တို့ စုဝေးနေကြသည်။ ရှေ့ဆုံးတွင်မူ အစိမ်းရောင်ဝတ်ရုံနှင့် ရှန်မို ရပ်နေပြီး ပတ်ဝန်းကျင်တွင် ရင်းနှီးဖော်ရွေမှုများ ပြည့်နှက်နေသည်။

ထိုရက်အနည်းငယ်အတွင်း ရှန်မိုတစ်ယောက် ထျန်းဟီဂိုဏ်းမှ ကျင့်ကြံသူများနှင့် အတော်လေး အဆင်ပြေခဲ့သည်။ ထိုဂိုဏ်းသည် ကျင်းနိုင်ငံ၏ ဘုရင့်မိသားစုနှင့် နီးကပ်စွာ ဆက်စပ်နေသော်လည်း အခြေခံအားဖြင့် စီးပွားရေးသမားများ ဖြစ်ကြသည်။ ယခုအခါ ရှန်မိုသည် သူ့အစွမ်းဖြင့် ကျန်းပြည်နယ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားပေးခဲ့သောကြောင့် အားလုံး၏ အသိအမှတ်ပြုမှုနှင့် လေးစားမှုကို ချက်ချင်း ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ရှန်မိုထံသို့ လျှောက်လှမ်းလာသည်။ ထိုသူမှာ အခြားသူမဟုတ်၊ ထျန်းဟီဂိုဏ်း၏ လက်ရှိ ခေါင်းဆောင်ပင်။

သူ ရှန်မို့ရှေ့ရောက်သောအခါ သိုလှောင်လက်စွပ် တစ်ကွင်းကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးအပ်လေသည်။

"ကျင့်ကြံသူရှန်... ဒါက ငါတို့ ထျန်းဟီဂိုဏ်းရဲ့ ကျေးဇူးတင် လက်ဆောင်ပါ… ကျေးဇူးပြုပြီး မငြင်းပါနဲ့နော်"

ရှန်မို အသာ ခေါင်းငြိမ့်ပြကာ ထိုလက်ဆောင်ကို မဆိုင်းမတွ လက်ခံလိုက်၏။

"အားလုံးပဲ... နောက်မှ ပြန်ဆုံကြတာပေါ့ဗျာ"

ရှန်မို ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။

ခေါင်းဆောင်၊ အကြီးအကဲချုပ်၊ ကျိုးမင်ယီနှင့် အခြားသူများအားလုံးကလည်း ပြုံးလျက် ပြန်လည် နှုတ်ဆက်ကြသည်။

"ကျင့်ကြံသူရှန်... နောက်မှ ပြန်ဆုံကြပါမယ်"

ရှန်မိုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မိုးကုတ်စက်ဝိုင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ထျန်းဟီခေါင်းဆောင်မှာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး

"ငါ ယုကျောက်နယ်က အခြေအနေတွေကို ကြားဖူးခဲ့ပေမဲ့ ရှန်မိုက ဒီလောက်အထိ တစ်ခေတ်မှာ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင် ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

All Chapters