← Chapters

ငါးတွေ၊ ပုစွန်တွေ အဆိပ်မသင့်စေနဲ့ဦးနော်

Vol. 23 Ch. 334

ငါးတွေ၊ ပုစွန်တွေ အဆိပ်မသင့်စေနဲ့ဦးနော်

Vol. 23 Ch. 334

ဧည့်သည် လေးဦးနှင့် ရှန်မိုတို့ စိတ်ဝင်စားဖွယ် စကားလက်ဆုံ ဆက်လက် ပြောဖြစ်ကြ၏။ ရှီကျင့်ထျန်းနှင့် တုချန်းချင်းတို့မှာ သူတို့ထက် အစွမ်းထက်သော ရှန်မို့ကို အကြီးအကျယ် အထင်ကြီး လေးစားသွားကြသည်။ ထို့အပြင် ရှန်မို့ထံတွင် သူတို့ သင်ယူစရာ အရည်အချင်းများစွာ ရှိနေသည်ဟုလည်း ခံစားရ၏။

ဤသို့ဖြင့် ရှန်မိုနှင့် မကြာခဏ လက်ရည်စမ်း တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ နည်းစနစ်များတွင် ရှိနေသော အားနည်းချက်များကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ ရှန်မိုလည်း သူတို့တွင် မကောင်းသော ရည်ရွယ်ချက် မရှိသည်ကို နားလည်သဖြင့် အေးဆေးစွာပင် လက်ရည်စမ်းမှုကို ခွင့်ပြုခဲ့လေသည်။

အမှန်ပင် ရှီကျင့်ထျန်းနှင့် တုချန်းချင်းတို့မှာ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသော်လည်း ရှန်မိုကဲ့သို့ ထူးချွန်လွန်းသည့် ပုဂ္ဂိုလ်နှင့် ယှဉ်လျှင်မူ အလှမ်းကွာနေဆဲပင် ဖြစ်သည်။ သူတို့နှစ်ဦးသား ရှန်မို့ကို ငါးကြိမ်ဆက်တိုက် စိန်ခေါ်ခဲ့သော်လည်း အကြိမ်တိုင်းတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။ ဤသည်ကလည်း ရှန်မို့အပေါ် သူတို့၏ လေးစားမှုများ ပို၍ နက်ရှိုင်းစေခဲ့သည်။

အစောပိုင်းက မျက်နှာပျက်ပျက်နှင့် ရောက်လာခဲ့သော တုချန်းချင်းပင်လျှင် ပြန်ခါနီးတွင် ပြုံးရွှင်နေပြီး ဤလက်ရည်စမ်းမှုမှ ဗဟုသုတများစွာ ရရှိသွားခဲ့ပုံရ၏။

သူတို့ ပြန်ခါနီးတွင် အိုရန်လန်မှ ရုတ်တရက် တစ်ခုခု သတိရသွားပြီး ပြောလိုက်သည်မှာ

"စကားမစပ်... ပင်လယ်နတ်ဘုရားကျွန်းဟာ ကျင်းဧကရာဇ်ဆီကနေ တရားဝင် ဖိတ်စာတစ်စောင် ရထားပါတယ်… နောက်ထပ် နှစ်နှစ်အကြာမှာ ကျင်းပမယ့် ဓားသခင်ကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့လေ"

ထုံယွမ်ကလည်း ဆက်ပြောသည်။

"ကျွန်မတို့ ချန်းယွမ်ဂိုဏ်းလည်း အဲဒီ့ ဖိတ်စာ ရထားပါတယ်"

ရှန်မို ခဏ စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ "မွေးနေ့ပွဲ တက်တာထက် ပိုအရေးကြီးတာက နတ်ဆိုးတစ်သောင်းနယ်မြေကို ရင်ဆိုင်ဖို့ မဟာဗျူဟာတွေ ဆွေးနွေးရမှာပဲ"

အိုရန်လန်နှင့် ထုံယွမ်တို့ကလည်း သဘောတူကြ၏။

“ကျွန်မတို့လည်း အဲ့လိုပဲတွေးပါတယ်”

"အဲဒီအချိန်ကျရင်တော့ မြို့တော်မှာ ခေါင်းဆောင်ငယ်ရှန်နဲ့ ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်"

“ဟုတ်ကဲ့ပါ ပြန်တွေ့ကြတာပေါ့ဗျာ”

(၄) ယောက်သား နှုတ်ဆက်ပြီးနောက် တစ်ယောက်တစ်လမ်းစီ ထွက်ခွာသွားကြတော့သည်။

ဧည့်သည်များ ထွက်ခွာသွားပြီးနောက် ရှန်မို ခဏစဉ်းစား၍ ဝမ်မူချွမ်အား လှည့်မေးလိုက်သည်။ "သူတို့ ဘာလက်ဆောင်တွေ ပေးခဲ့တာလဲ"

ဝမ်မူချွမ် ရယ်မောကာ

“သူတို့က တော်တော်လေး စိတ်ထားကောင်းကြပါတယ်… တန်ဖိုးကြီး ရှားပါးရတနာအပါအဝင် ပစ္စည်းတွေမှ အများကြီးပဲ”

“ချန်းယွမ်က ပေးတာတွေက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀)၊ ချန်းယွမ်ပုလဲ (၅၀)၊ မြေအဆင့် အကာအကွယ် (၂) ခုပါ”

“ပင်လယ်နတ်ဘုရားကျွန်းကတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၃၀၀)၊ သွေးဂျင်ဆင်း (၄) ပိဿာ၊ ပင်လယ်ပြာပုလဲ ပိဿာ (၁၀၀)၊ အဆင့် (၆) ပင်လယ်နတ်ဆိုး အရိုးစု (၂) ခုတို့ ပါပါတယ်”

ရှန်မို အနည်းငယ် အံ့ဩသွားမိ၏။ ဤဂိုဏ်းနှစ်ခုစလုံးသည် အသစ်တိုးတက်လာသော ကျောက်စိမ်းဂိုဏ်းနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ရန် အမှန်တကယ် ဆန္ဒရှိနေပုံရသည်။ ချန်းယွမ်ပုလဲများသည် လက်နက်များတွင် တပ်ဆင်ပါက 'ချန်းယွမ်ဓားစွမ်းအင်' ကို ထပ်တိုးပေးနိုင်၏။

ဤသည်မှာ သာမာန် သိပ်မထူးခြားသည့်ကိစ္စဟု ထင်ရသော်လည်း တိုက်ပွဲများ၌ ချီစွမ်းအင်အနည်းငယ် ပိုရုံဖြင့် ရလဒ်ပြောင်းသွားနိုင်ပါသည်။

သွေးဂျင်ဆင်းနှင့် ပင်လယ်ပြာပုလဲများမှာ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန်အတွက် အလွန်အဖိုးတန်လှသည်။

ရေရှည်စွဲ၍ သုံးပါက စိတ်ကြည်လင်ခြင်း၊ အမြင်စူးရှခြင်းနှင့် နှလုံးသားအာဟာရ ပြည့်ဝစေ၏။

ရှန်မို့အတွက် အတော်လေး အသုံးဝင်မည့်အရာများပင်။

ပင်လယ်သားကောင်အရိုးများကိုလည်း လက်နက်ပြုလုပ်ခြင်း သို့မဟုတ် အမှုန့်ကြိတ်၍ ဆေးပင်ဖော်နိုင်ပါသည်။

ရှန်မို တွေးတောရင်း သက်ပြင်းချမိသည်။

ချန်းယွမ်ဂိုဏ်းနှင့် ပင်လယ်နန်းဘုရားကျွန်းများမှာ နတ်ဆိုးဧကရာဇ်ကုမင်၏အစွမ်းကို ကောင်းစွာသိနေ၍ ကြိုတင်ကာ ပူးပေါင်းနေကြမှန်း သိသာလှ၏။

သို့သော် အခြားဂိုဏ်း (၅) ခုမှာတော့ ယခုအချိန်အထိ မလှုပ်ရှားသေးပေ။

မည်သို့ပင်ဖြစ်စေ ယုကျောက်၊ ချန်းကျောက်နှင့် ဟိုင်ကျောက်တို့၏ ကာကွယ်မှုလည်း ရှိနေသေး၏။

"အကြီးအကဲဝမ်... စီနီယာအစ်မနဲ့ စီနီယာ အစ်ကိုတို့ရော ပြန်ရောက်ကြပြီလား"

ရှန်မို ပြုံးလျက် မေးလိုက်သည်။

ဝမ်မူချွမ် ခေါင်းငြိမ့်ပြ၍

"တုံရွှမ်ကတော့ ပြန်လာနေပြီ… ယောင်လုက ပြဿနာ နည်းနည်းရှိနေလို့ ပြန်မလာသေးဘူး… ကောင်းကင်တစ္ဆေမျိုးနွယ်ရဲ့ အမွေအနှစ်ကို ရှာရင်း နတ်ဆိုးနယ်မြေထဲ ပိုတိုးဝင်သွားတယ်"

ရှန်မို ခဏစဉ်းစားနေသည်။

ကျောက်ယောင်လုမှာ ကံကြမ္မာအရ အသက်ဘေးကြီးမှ (၃) ကြိမ် လွတ်မြောက်လိမ့်မည်ဖြစ်ပြီး ယခုအချိန်အထိ တစ်ခါမှ မသုံးရသေးသောကြောင့် အရမ်း စိတ်ပူစရာ မရှိပေ။

ထိုစဉ် ကောင်းကင်ယံမှ စိတ်လှုပ်ရှားနေသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

“ဂျူနီယာလေး!"

“မင်းကို အဲ့လောက် မထင်ထားဘူးကွာ… တကယ် အံ့ဩစရာပဲ”

“နတ်ဆိုးနယ်မြေက မင်းသား (၄) ရယ်၊ အိမ်ရှေ့စံရယ်၊ အရှေ့ပင်လယ်က မင်းသား (၂) ရယ်နဲ့ နတ်ဆိုးတပ်ကြီးတွေကို အကုန်ရှင်းပစ်လိုက်တာပဲ”

“ငါ မင်းကို ရွှမ်ကျန်းကခေါ်လာတာက ငါ့ဘဝရဲ့ အကောင်းဆုံးကံတွေအကုန် သုံးလိုက်မိတာ ထင်တယ်”

ရယ်မောသံမဆုံးမီပင် ဖုန်မှုန့်များနှင့် မည်းတူး ညစ်ပတ်သည့် အဝတ်အစားများဖြင့် လုတုံရွှမ်တစ်ယောက် ရှန်မို့အနီးသို့ ဆင်းသက်လာသည်။ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤမျှ ညစ်ပတ်နေအောင် နေနိုင်သည်မှာ လုတုံရွှမ် တစ်ယောက်သာ ရှိပေလိမ့်မည်။

ဝမ်မူချွမ် ခေါင်းယမ်း၍

“ဒီကောင်ကွာ… ဂိုဏ်းကိုပြန်လာတာကို နည်းနည်းပါးပါး သန့်ရှင်းရေးမလုပ်လာဘူး”

လုတုံရွှမ် မျက်နှာမည်းဖြင့် သွားအားလုံးပေါ်အောင် ဖြီးပြလိုက်သည်။

“ကိစ္စမရှိပါဘူး… ခဏနေ ရေကန်ထဲဆင်းရင် အကုန် သန့်ရှင်းပါ့မယ်”

ရှန်မို ရယ်မော၍

“ငါးတွေ၊ ပုစွန်တွေ အဆိပ်မသင့်စေနဲ့ဦးနော်”

လုတုံရွှမ် ခဏငြိမ်သွားပြီးမှ သဘောပေါက်ကာ အားရပါးရ ရယ်မောမိလေသည်။

"ဒါနဲ့ ဂျူနီယာလေး... ငါ နတ်ဘုရားပြောင်းလဲအဆင့် တက်တော့မယ် ထင်တယ်… ဒါပေမဲ့ တစ်ခုခု လိုနေသလိုပဲ… အဲဒါကြောင့် အပြင်ထွက်ပြီး အခွင့်အရေး ရှာဦးမယ်"

လုတုံရွှမ်မှ ပြောသည်။

ရှန်မိုသည် လုတုံရွှမ်မှာ အတိတ်ဘဝက လှံဝိညာဉ် ဝင်စားသူဖြစ်ကြောင်း သိထားသဖြင့် သူ၏ အောင်မြင်မှုကိုသာ ဆုတောင်းပေးလိုက်မိ၏။

…

နောက်ရက်များတွင် ရှန်မိုလည်း ဂိုဏ်းမှ ထွက်ခွာကာ ဝူကျောက် မြူနှင်းဒေသနှင့် နတ်ဆိုးနယ်မြေအတွင်း ဝင်ရောက်ပြီး သူ သိရှိထားသော ရတနာများကို လိုက်လံ ရှာဖွေခဲ့သည်။

သူ (၁၀) ရက်အကြာတွင် ဝူကျောက်ရှိ ချန်းမင်ချိုင့်ဝှမ်းအတွင်းမှ နတ်ဆိုး သံချပ်ကာ၏ ဘယ်ဘက်လက်မောင်း အစိတ်အပိုင်းကို ရှာတွေ့ခဲ့သည်။

နောက်ထပ် တစ်လအကြာ၌ နတ်ဆိုးနယ်မြေတွင်းရှိ ကျားမိစ္ဆာမျိုးနွယ်စုထံမှ ခေါင်းဖြတ်ဓားကျမ်း နှင့် သုတ်သင်ဓားကျမ်းကို ရရှိခဲ့သည်။

ယခင်က ရရှိထားသော သိုင်းစဉ်များနှင့် ပေါင်းစပ်လိုက်သောအခါ ကျမ်းလေးစောင်လုံးသည် မြက်ပင်ဖြတ်၍ အမြစ်ပါတူး ဟူသော အမည်ကို ဖော်ဆောင်နေသည်။ ဤဓားကျမ်း၏ အစွမ်းမှာ ကောင်းကင်အဆင့်နီးပါး ရောက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးတွင် ရှန်မိုတစ်ယောက် အရှေ့ပင်လယ်သို့ အမြန်ဆက်သွားကာ နစ်မြုပ်နေသော သင်္ဘောပျက်တစ်ခုအတွင်းမှ ထူးဆန်းသော ကျောက်စာချပ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုကျောက်စာပေါ်တွင် အလွန်ရှားပါးလှသော မီးတောက်တစ်ခု၏ တည်နေရာကို ရေးထွင်းထား၏။

ကိုးပါးငရဲ ရေခဲမီးတောက်။

All Chapters