ကျောက်စိမ်းဂိုဏ်းက ဘာမို့လို့ ဦးဆောင်မှာလဲ
Vol. 23 Ch. 333
အိုရန်လန်မှ ရှီကျင့်ထျန်း၏ ပါးစပ်ကို နောက်တစ်ကြိမ် ထပ်ပိတ်လိုက်ပြန်သည်။ ရှီကျင့်ထျန်း မျက်နှာတစ်ခုလုံး နီရဲလာသည်အထိ အတင်းရုန်းကန်သော်လည်း နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦး၏ ချုပ်ကိုင်မှုကို မကျော်လွှားနိုင်ချေ။
အိုရန်လန်က အားနာဟန်ဖြင့် ပြုံးပြကာ
"အားလုံးကို တောင်းပန်ပါတယ်ဗျာ… ကျွန်တော်တို့ ခေါင်းဆောင်ငယ်က ဒီလိုပဲ... ကြွားရတာ နည်းနည်းဝါသနာပါလို့ပါ… နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်"
အားလုံး ချောင်းဟန့်၍ ပြုံးစိစိ ဖြစ်နေ၏။
ဒီလောက်ဆို ရပါပြီ။
မင်းတို့ခေါင်းဆောင်ငယ်လည်း အကုန်လုံး ပြောပြီးနေပြီ။
ဤအတိုင်းသာဆိုလျှင် သူ ခေါင်းဆောင် ဖြစ်လာသည့်နေ့တွင် ပင်လယ်နတ်ဘုရားကျွန်းသည် "သတင်းပေါက်ကြားသောကျွန်း" ဟု အမည်ပြောင်းရတော့မည့်အလားပင်။
ခဏအကြာတွင် အိုရန်လန်က ရှီကျင့်ထျန်း၏ နားအနားသို့ ကပ်၍ တစ်စုံတစ်ခု ပြောလိုက်ပြီးမှ လွှတ်ပေးလိုက်သည်။ ရှီကျင့်ထျန်းမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ပြောလက်စ စကားများကို ပြန်မျိုချလိုက်ရတော့သည်။
သူ ခုနနှင့်မတူဘဲ လုံးဝ တိတ်ဆိတ်သွားလေပြီ။
ရှန်မို မျက်ခုံးပင့်မိကာ
"အကြီးအကဲအိုရန်... သူ့ကို ဘာပြောလိုက်တာလဲ?"
သူ စိတ်ဝင်တစားမေးလိုက်ရာ အိုရန်လန်က ရယ်မောလျက်
"ဘာမှမဟုတ်ပါဘူး… နောက်ထပ် လျှို့ဝှက်ချက်တစ်ခွန်း ထပ်ပေါက်ကြားရင် နောက် (၁၀) နှစ်ကြာ ပင်လယ်ထဲ ခြေတစ်လှမ်းမှ ပေးမချဘူးလို့ ပြောလိုက်တာပါ"
ရှန်မို ရယ်မောမိ၏။
ရှီကျင့်ထျန်းမှာ ပင်လယ်ထဲတွင်ကြီးပြင်း၌ ပင်လယ်သားကောင်များ သတ်ရင်းသာ နေခဲ့သောကြောင့် ပင်လယ်ထဲခြေမချခိုင်းခြင်းသည် သူ့ကို သေခိုင်းသည်နှင့် အတူတူပင်။
“ဒီလောက်လေးနဲ့ အချိန်မဖြုန်းကြပါနဲ့တော့ဗျာ… ဒီအခြေအနေကို ခေါင်းဆောင်လီဆီ တင်ပြပြီးပါပြီ… ဒါပေမဲ့ ဒီဘက်ကိုလည်း တရားဝင် တင်ပြဖို့ လိုတယ်လေ”
“ကျွန်တော်တို့အမြင်မှာတော့ ခင်ဗျားက ခေါင်းဆောင်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ”
ထုံယွမ်မှ တည်ငြိမ်စွာ ပြော၏။
ရှန်မိုပြုံး၍
“ဆက်ပြောပါဦး”
ထုံယွမ် လေးနက်စွာဖြင့်
"ဝူကျောက် ပြည်နယ် ကျဆုံးသွားပြီးတဲ့နောက် ယုကျောက်နဲ့ ချန်ကျောက်နယ်တွေဆိုတာ နတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို တိုက်ရိုက်ရင်ဆိုင်ရမယ့် ရှေ့တန်းမျက်နှာစာတွေ ဖြစ်လာပြီ"
အိုရန်လန်ကလည်း ဆက်လက်၍
“နောက်ပြီး ဟိုင်ကျောက်ကလည်း ယုကျောက်မြောက်ပိုင်းမှာဆိုတော့ အရှေ့ပင်လယ်နဂါးတွေရဲ့ တိုက်ခိုက်မှုနယ်ထဲ ပါနေတယ်”
သူတို့အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးမှ
“အဲ့ဒါကြောင့် ကျွန်တော်တို့ အင်အားစု (၃) ခုအနေနဲ့ မဟာမိတ်ဖွဲ့ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်"
ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။
ဂိုဏ်း (၂) ခုမှ တုံ့ပြန်မှုများမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင်။
ပြောရလျှင် ထိုအခြေအနေကို သာမာန်ဉာဏ်ရည်ရှိရုံဖြင့် ခန့်မှန်းနိုင်ပါသည်။
ထုံယွမ်မှဆက်၍
“မင်း နတ်ဆိုးနယ်မြေက မင်းသားတွေကို သတ်ပြီး သူတို့စစ်တပ်ကြီးကိုပါ ရှင်းခဲ့တာလေ”
“(၅) နှစ်အကြာ နတ်ဆိုးဧကရာဇ် သွေးဘုရားဂူထဲက ထွက်လာတဲ့အခါ ဒီအကြောင်းတွေ ကြားတာနဲ့ ချက်ချင်း သောင်းကျန်းမှာပဲ”
“အဲ့တော့ ဂိုဏ်းတွေအနေနဲ့ အခုလိုပဲ အကွဲကွဲအပြားပြား ဖြစ်နေဦးမယ်ဆိုရင် ကျွန်တော်တို့ နတ်ဆိုးနယ်မြေ လက်အောက်ကို ရောက်သွားမှာ”
“သူတို့ကို ခုခံဖို့ဆိုရင် ဂိုဏ်းကြီး (၈) ခုနဲ့ ရုံးတော်ကို ပူးပေါင်းမှ ဖြစ်မယ်”
ရှန်မို့အမူအရာမှာ ထူးထူးခြားခြား မပြောင်းလဲပေ။
ထုံယွမ် ရှန်မို့ကိုကြည့်၍ တည်ငြိမ်စွာဖြင့်
“ကျန်တဲ့ဂိုဏ်းတွေနဲ့ ရုံးတော်ကို စုစည်းဖို့ကတော့ အချိန်ပေးရဦးမယ်… ဒီတော့ အစပိုင်းမှာ ကျွန်မတို့ (၃) ဂိုဏ်းပဲ အရင်မိတ်ဖွဲ့ထားကြတာပေါ့”
"ဒါပေမဲ့ မဟာမိတ်ဖွဲ့ရင် ခေါင်းဆောင်တစ်ယောက်တော့ လိုအပ်လိမ့်မယ်"
ခေါင်းဆောင်။
ဤသည်မှာ အရေးအကြီးဆုံးအချက်ပင်။
ဂိုဏ်းတွင် ဂိုဏ်းခေါင်းဆောင် လိုအပ်သလို နေရာတိုင်း ခေါင်းဆောင် ရှိရလိမ့်မည်။
ထုံယွမ်မှ ပြောပြောဆိုဆိုနှင့် သူ၏ ဂိုဏ်းအင်အားကို ကြွားဝါလိုက်သည်။
"ချန်းယွမ်ဂိုဏ်းမှာ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူ ၁၂ ယောက် ရှိတယ်… အင်အားအကြီးဆုံးက ထိပ်ဆုံးအဆင့်တောင် ရောက်နေပြီ… ဒီတော့ ကျွန်မတို့ပဲ ခေါင်းဆောင်သင့်တယ်"
အိုရန်လန်ကလည်း ချောင်းဟန့်၍
"ကျွန်တော် သဘောမတူနိုင်ပါဘူး… ကျွန်တော်တို့ ပင်လယ်နတ်ဘုရားကျွန်းမှာ (၁၃) ယောက်ရှိတယ်… ခင်ဗျားတို့ထက် တစ်ယောက်တောင် ပိုသေးတယ်… နောက်ပြီး အဆင့် (၆) ရှိတဲ့ ပင်လယ်မိစ္ဆာကြီးနဲ့လည်း မိတ်ဆွေဖြစ်ထားသေးတယ်… ကျွန်တော်တို့ပဲ ခေါင်းဆောင်သင့်တာပေါ့"
ရှန်မို အေးဆေးစွာ ပြုံးလျက် သူတို့၏ အားနည်းချက်များကို ပြန်ထောက်ပြလေသည်။
"ချန်းယွမ်ဂိုဏ်းက (၁၂) ယောက်ရှိတာ မှန်ပေမဲ့ ချန်း နဲ့ ယွမ် ဆိုပြီး နှစ်ဖွဲ့ကွဲနေတာတောင် နှစ်ပေါင်း ရာချီနေပြီ… ခင်ဗျားတို့ ခေါင်းဆောင်ရင် ဘယ်ဘက်က ခေါင်းဆောင်မှာလဲ… ပင်လယ်နတ်ဘုရားကျွန်းကလည်း ကျွန်းတွေက ပြန့်ကျဲနေပြီး စည်းလုံးမှု မရှိဘူးမလား… အဝေးဆုံးက ကျွန်းဆိုရင် ဗဟိုအမိန့်ကိုတောင် နားမထောင်ဘူးလို့ ကျွန်တော် ကြားတယ်"
ထုံယွမ်နှင့် အိုရန်လန်တို့မှာ စွံ့အသွားကြသည်။ ရှန်မိုက ဤအကြောင်းများကို မည်သို့ သိနေသနည်းဟု အံ့သြနေကြ၏။
အမှန်မှာ ရှန်မိုသည် ပြီးခဲ့သော နှစ်လအတွင်း နယ်မြေအနှံ့မှ သတင်းအချက်အလက်များကို စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
"ဒါဆို ခင်ဗျားက ကျောက်စိမ်းဂိုဏ်းကပဲ ခေါင်းဆောင်ရမယ်လို့ ပြောချင်တာလား”
ထုံယွမ် အေးစက်စွာ မေးသည်။
“ယုကျောက်က အပျက်အစီးတွေများပြီး အကုန်ဆုံးရှုံးတော့မလို ဖြစ်နေတာကို ခင်ဗျားက ဘာမို့လို့ တာဝန်ယူမှာလဲ”
ရှန်မိုပြုံးကာ ယုံကြည်ချက်အပြည့်ဖြင့်
“ယုကျောက်က ပျက်စီးပေမဲ့ ကျောက်စိမ်းဂိုဏ်းကနေ တခြားဂိုဏ်းနှစ်ခုကို သိမ်းးထားလို့ အရင်ထက်တောင် ပိုအင်အားကြီးနေပါတယ်… အခုဆိုရင် ကျောက်စိမ်းဂိုဏ်းမှာ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူ (၁၅) ယောက် ရှိနေပြီး အားလုံး ကျွန်တော့် အမိန့်ကိုပဲ နာခံကြတယ်”
"ဘာလို့ သူတို့က ကျွန်တော့် နားထောင်လဲဆိုတော့... ကျွန်တော်က သူတို့အားလုံးထက် ပိုအစွမ်းထက်လို့လေ" ရှန်းမော့က ပြတ်သားစွာ ဆို၏။
ထုံယွမ်နှင့် အိုရန်လန်တို့သည် ခဏတာ ငြိမ်သက်သွားပြီးနောက် ရုတ်တရက် အားရပါးရ ရယ်မောလိုက်ကြတော့သည်။
"တကယ်တော့ ကျွန်တော်တို့ ဒီကို မလာခင်ကတည်းက ကျောက်စိမ်းဂိုဏ်းကို ခေါင်းဆောင်အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ပြီးသားပါ… ခင်ဗျားဟာ တကယ်ပဲ အဲဒီနေရာနဲ့ ထိုက်တန်ရဲ့လားဆိုတာကို သိချင်လို့ စမ်းသပ်ကြည့်လိုက်ကြတာ… အခုတော့ ခင်ဗျားက တကယ်ပဲ ထိုက်တန်သူဖြစ်ကြောင်း သက်သေပြလိုက်ပါပြီ"
သူတို့ (၂) ဦးသား ရှန်မို့ကို လက်ကမ်းပေးလိုက်ကြပြီး ရှန်မိုလည်း ပြန်လည် ဆုပ်ကိုင် နှုတ်ဆက်ကာ မဟာမိတ်ဖွဲ့ခြင်းကို အတည်ပြုလိုက်ပါတော့သည်။