အခန်း (၁၈၃)
Vol. 16 Ch. 183
"အရှင်မင်းကြီး၊ ကျွန်မ အရှင့်ကို တွေ့တိုင်း အရှင်ကတော့ အမြဲတမ်း ပျော်ပါးနေတာပဲနော်" ဟု စုန့်ယွီဖေးက ပြောလိုက်သည်။
လင်းပိုင်ဖန်က သူ့လက်ကို ခပ်ကျယ်ကျယ် ဝေ့ယမ်းလိုက်ရင်း "ငါကိုယ်တော်က ငါ့ရဲ့ ပြည်သူပြည်သားတွေနဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားနေတာပါ" ဟု ဆိုလိုက်သည်။
စုန့်ယွီဖေးမှာ ဆွံ့အသွားပြီး "ကျွန်မ အမြင်မှာတော့ အရှင်မင်းကြီးက ပွဲကြည့်ရတာကိုပဲ နှစ်သက်နေသလိုပဲ" ဟု ပြောလိုက်သည်။
"ဒါကို သာမန်ပြည်သူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနေတာလို့လည်း ပြောလို့ရတာပဲလေ" ဟု လင်းပိုင်ဖန်က အေးအေးလူလူပင် ပြန်ပြောလိုက်သည်။
စုန့်ယွီဖေးမှာ ပို၍ပင် ဆွံ့အသွားရပြန်သည်။
ထိုစဉ် လင်းပိုင်ဖန်က လက်ဟန်ခြေဟန်ဖြင့် "အဲ့ဒီမှာ ဒီတိုင်း မတ်တတ်ရပ်မနေပါနဲ့၊ လာ၊ ငါကိုယ်တော်ရဲ့ ဘေးမှာ လာထိုင်။ ငါတို့ အတူတူ ပွဲကြည့်ကြတာပေါ့။ ပြည်သူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာရင်း သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို နားလည်အောင် ကြိုးစားကြတာပေါ့"
စုန့်ယွီဖေး - "......"
သူမ ခဏ စဉ်းစားပြီးနောက် လင်းပိုင်ဖန်၏ ဘေးတွင် လာထိုင်လိုက်သည်။ ထို့နောက် စားပွဲပေါ်၌ ထူးခြားဆန်းပြားသော စားဖွယ်စုံများနှင့် မွှေးကြိုင်လှသော နန်းတွင်း အရက်ကောင်းစားများကို တွေ့လိုက်ရလေသည်။
အကယ်၍ ယခင်ကသာဆိုလျှင် သူမရှေ့တွင် ယခုကဲ့သို့ အရသာရှိသော အစားအစာများကို လာရောက်ဆက်သသူ မည်သူမဆို အပြစ်ပေးခံရမည်ဖြစ်သည်။ သူမ၏ စိတ်ကူးထဲတွင် ပညာရှိသော မင်းကောင်းမင်းမြတ်ဆိုသည်မှာ အုပ်ချုပ်ရေးတွင် လုံ့လဝီရိယရှိရမည်၊ ပြည်သူတွေကို ချစ်ရမည်ဖြစ်ပြီး ခြိုးခြံချွေတာတတ်သူ ဖြစ်ရမည် ဖြစ်သည်။
သို့သော် လင်းပိုင်ဖန်နှင့် အပြန်အလှန် ဆွေးနွေးပြီးနောက်တွင် ပညာရှိသောမင်းသည် အုပ်ချုပ်ရေး၌ မဖြစ်မနေ လုံ့လဝီရိယရှိရန် သို့မဟုတ် ခြိုးခြံချွေတာရန် မလိုအပ်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။
လင်းပိုင်ဖန်သည် အလွန်ထူးခြားသော ဖြစ်ရပ်တစ်ခုပင် ဖြစ်ချေသည်။ သူသည် လုံးဝကို လုံ့လဝီရိယမရှိရုံသာမက အလွန်အမင်း ပျင်းရိသူဟုပင် ဆိုနိုင်သော်လည်း တိုင်းပြည်မှာမူ မည်သည့်ဆူပူသောင်းကျန်းမှုမှ မရှိဘဲ ကောင်းမွန်စွာ လည်ပတ်နေသည်။ သူသည် လုံးဝမချွေတာဘဲ အလွန်အမင်း ဖြုန်းတီးသူဟုပင် ဆိုနိုင်သော်လည်း ပြည်သူပြည်သားများမှာမူ ဝတ်ကောင်းစားလှများ၊ စားကောင်းသောက်ဖွယ်များဖြင့် ပြည့်စုံနေကြသည်။ သူ၏ လုပ်ရပ်များသည် ရှေးရိုးစွဲအယူအဆများနှင့် လုံးဝဆန့်ကျင်နေသော်လည်း တိုင်းပြည်မှာမူ တနေ့တခြား ပို၍တိုးတက်ကောင်းမွန်လာနေခဲ့သည်။
ဤအချက်များအားလုံးက သူမ၏ နားလည်ထားမှုများကို ရိုက်ချိုးလိုက်သလို ဖြစ်နေသည်။
"နတ်မိမယ်ယွီ၊ မင်း ဒီတစ်ခေါက် လာတာက ငါကိုယ်တော့်ဆီကနေ တစ်ခုခု တိုင်ပင်ချင်လို့လို့ ထင်တယ်"
"စိတ်ထဲရှိတာကို ပြောပါ၊ ဝန်မလေးပါနဲ့"
"အရှင်မင်းကြီး၊ ကျွန်မ သိရသလောက်တော့ ဒီနှစ်အစကတည်းက အရှင်ဟာ နိုင်ငံတော် ရေးရာတွေကို လျစ်လျူရှုထားပြီး ညီလာခံတွေကိုလည်း တက်ရောက်တာ နည်းလှတယ်။ ဒါပေမဲ့လည်း တိုင်းပြည်က မဆူပူတဲ့အပြင် အုပ်ချုပ်ရေးယန္တရားက ဘာကြောင့် ချောမွေ့နေရတာလဲ"
စုန့်ယွီဖေးက သူမ၏ ဇဝေဇဝါဖြစ်နေမှုကို မေးမြန်းလိုက်သည်။ ၎င်းမှာ လမ်းညွှန်မှုကို တောင်းခံခြင်းဖြစ်သလို စမ်းသပ်ခြင်းလည်း ဖြစ်သည်။
"ငါကိုယ်တော် အရင်က အစိုးရအဖွဲ့ တစ်ခု ဖွဲ့စည်းခဲ့တာကို မင်းမသိလို့လား" ဟု လင်းပိုင်ဖန်က မေးခွန်းဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"အဲဒါနဲ့ ဘာဆိုင်လို့လဲ" စုန့်ယွီဖေးက နားမလည်စွာ မေးလိုက်သည်။
"ဆိုင်တာမှ အများကြီးပဲ"
လင်းပိုင်ဖန်က စုန့်ယွီဖေးအတွက် အရက်တစ်ခွက်နှင့် မိမိအတွက် တစ်ခွက် ငှဲ့လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ "လူသားတစ်ယောက်ရဲ့ ခွန်အားဆိုတာက ကန့်သတ်ချက်ရှိတယ်ဆိုတာ မင်းနားလည်ထားရမယ်။ ဧကရာဇ်တစ်ပါးအနေနဲ့ ဘယ်လောက်ပဲ မြင့်မြတ်ပါစေ၊ လူတစ်ယောက်ရဲ့ စွမ်းအင်နဲ့ အရည်အချင်းကတော့ အကန့်အသတ်ရှိတာမို့ အမှားအယွင်းဆိုတာ တစ်ခါတလေ ရှောင်လွှဲလို့မရဘူး"
"ဒါပေမဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းလိုက်တာကတော့ မတူတော့ဘူး။ အစိုးရအဖွဲ့ဆိုတာ တိုင်းပြည်မှာ အတော်ဆုံးလူတွေကို စုစည်းပြီး ငါ့ရဲ့ ပူပန်မှုတွေကို ခွဲဝေယူခိုင်းတာပဲ။ အဲဒီထဲမှာ အရည်အချင်း မျိုးစုံပါတယ်၊ အုပ်ချုပ်ရေးကျွမ်းကျင်သူတွေ၊ စစ်တပ်ကို ကွပ်ကဲနိုင်သူတွေ၊ ပြည်သူ့ရေးရာ နားလည်သူတွေ၊ နက္ခတ်ဗေဒင်နဲ့ ပထဝီဝင် ကျွမ်းကျင်သူတွေအထိ အစုံပဲ။ သူတို့က ငါ့ကို ပြဿနာအမျိုးမျိုးကို ဖြေရှင်းဖို့ ကူညီပေးနိုင်တယ်"
"သူတို့က ငါကိုယ်တော် နားမလည်တာကို နားလည်တယ်၊ ငါကိုယ်တော် မလုပ်နိုင်တာကိုလည်း လုပ်နိုင်တယ်။ ဒီလိုနည်းနဲ့ အမှားအယွင်းတွေကို ရှောင်လွှဲပြီး နိုင်ငံတော်ကို တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးအောင် လုပ်နိုင်တာပေါ့။ ပြီးတော့ ငါကိုယ်တော်အနေနဲ့လည်း ပြည်သူတွေနဲ့အတူ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းဖို့ အချိန်အများကြီး ရတာပေါ့။ အဲဒါ မကောင်းဘူးလား"
"အရှင်မင်းကြီး ပြောတာ တကယ့်ကို မှန်ကန်လှပါတယ်" စုန့်ယွီဖေးက လေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ ဧကရာဇ်အတော်များများဟာ အာဏာကို သူတို့လက်ထဲမှာပဲ မြဲမြဲဆုပ်ကိုင်ထားပြီး နွားအိုတစ်ကောင်လို မမောမပန်း အလုပ်လုပ်တာကိုပဲ မှန်ကန်တဲ့နည်းလမ်းလို့ ထင်နေကြတာ။ ဒါမှ တိုင်းပြည်ကို ကောင်းကောင်းအုပ်ချုပ်နိုင်မယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ငါကိုယ်တော်ရဲ့ အမြင်မှာတော့ ဒါဟာ မလုပ်သင့်တဲ့အရာပဲ"
"ဘာကြောင့် မလုပ်သင့်တာလဲ။ အဲဒါက ကောင်းတဲ့အချက်ပဲ မဟုတ်ဘူးလား" ဟု စုန့်ယွီဖေးက မေးလိုက်သည်။
"အကယ်၍ အဲဒီသူက ကိုယ်ကျင့်တရားရော၊ အရည်အချင်းပါ ပြည့်စုံတဲ့အပြင်၊ ထက်မြက်ပြီး ရဲရင့်တဲ့ ဧကရာဇ်ဆိုရင်တော့ အဲဒီလိုလုပ်တာ မှန်ပါတယ်။ သူက သူ့ရဲ့ ပညာဗဟုသုတနဲ့ တိုင်းပြည်ကို အဆင့်သစ်တစ်ခုဆီ ပို့ဆောင်ပေးနိုင်လိမ့်မယ်"
"ဒါပေမဲ့ လက်တွေ့မှာတော့ ဧကရာဇ် အတော်များများဟာ သာမန်လူတွေလိုပဲ သာမန်အရည်အချင်းပဲ ရှိကြတာ။ ပြီးတော့ မြင့်မားတဲ့ ရာထူးနေရာမှာ ရှိနေတာကြောင့် ဝေဖန်တာကို လက်မခံနိုင်ကြဘူး။ အဲဒါက သူတို့ရဲ့ အားနည်းချက်တွေကို ပိုကြီးထွားလာစေတယ်"
"အဲဒီလို ဧကရာဇ်မျိုးကသာ အလုပ်ကို ကြိုးကြိုးစားစား လုပ်တော့မယ်ဆိုရင် အဲဒါဟာ တိုင်းပြည်အတွက် ဘေးဒုက္ခပဲ။ သူတို့ရဲ့ မစွမ်းဆောင်နိုင်မှုကြောင့် ပိုလုပ်လေလေ အမှားတွေ ပိုများလာလေလေပဲ။ အဆိုးဆုံးက သူတို့မှာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု မရှိကြဘဲ ခါးသီးတဲ့ အမှန်တရားကို နားမထောင်နိုင်ကြတာပဲ"
"နောက်ဆုံးမှာ သူတို့ကိုယ် သူတို့လည်း ပင်ပန်းစေသလို တိုင်းပြည်ကိုလည်း ချောက်ထဲ ဆွဲချသွားကြတာပဲ"
စုန့်ယွီဖေးက လေးလေးနက်နက် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည် - "အရှင်မင်းကြီး ပြောတာ အမှန်ဆုံးပါပဲ၊ ကျွန်မ အများကြီး သိခွင့်ရသွားပြီ"
ဤအချိန်တွင် သူမသည် ဧကရာဇ်တွေအကြောင်းကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။
လုံ့လဝီရိယရှိခြင်းသည် မင်းကောင်းမင်းမြတ်တစ်ပါး၏ လက္ခဏာဖြစ်ရန် မလိုအပ်ပေ။ အကယ်၍ သင်သည် အရည်အချင်းမရှိသော သာမန်အုပ်ချုပ်သူတစ်ဦး ဖြစ်ပါက၊ သင် ပို၍ ကြိုးစားလေလေ၊ တိုင်းပြည်ကို ချောက်ထဲသို့ ပို၍ တွန်းပို့လေလေ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဒီအခြေအနေထဲ ရောက်နေချိန်တွင် မည်သူက ရှင်းရှင်းလင်းလင်း မြင်နိုင်ပါမည်နည်း။ သာမန်လူများ အာဏာရလာလျှင် ၎င်းကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားချင်ကြပြီး ပျင်းရိရန် မဝံ့ရဲကြပေ။ ရလဒ်အနေဖြင့် မိမိကိုယ်ကိုယ်ရော တိုင်းပြည်ကိုပါ ထိခိုက်စေတော့သည်။
"အခြားသူက ထက်မြက်ပြီး ရဲရင့်တဲ့ ဧကရာဇ်ဆိုရင်တောင် လုံ့လဝီရိယရှိလွန်းတာက မလုပ်သင့်ဘူးလို့ ဆိုလိုတာလား" စုန့်ယွီဖေးက မေးလိုက်သည်။
"ထက်မြက်တဲ့ ဧကရာဇ်ဆိုရင်တောင်မှ သူ အမြဲတမ်း ထက်မြက်နေမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။ လူတိုင်းက အမှားလုပ်တတ်ကြတာပဲ၊ ဧကရာဇ်တွေလည်း မကင်းဘူး။ သာမန်လူတစ်ယောက် အမှားလုပ်မိရင် တောင်းပန်လိုက်တာနဲ့ ပြီးသွားနိုင်ပေမဲ့ ဧကရာဇ်တစ်ပါး အမှားလုပ်မိရင် တစ်နိုင်ငံလုံးက အဲဒီအတွက် တန်ဖိုးပေးရတာပဲ။ သူတို့ ပိုပြီး ကြိုးစားလေလေ၊ အမှားတွေ ပိုများလေလေပဲ"
ဤစကားကြောင့် စုန့်ယွီဖေးမှာ ဆွံ့အသွားရပြန်သည်။
"ဒါ့အပြင်ကိုမှ ထက်မြက်တဲ့ ဧကရာဇ် အတော်များများဟာ အစပိုင်းမှာ ကောင်းမွန်ခဲ့ကြပေမဲ့ အသက်ကြီးလာတဲ့အခါ ဇဝေဇဝါ ဖြစ်လာတတ်ကြတယ်။ အဲဒီအချိန်မှာ ကျန်းမာရေးချို့ယွင်းလာပြီး သေခါနီး ဖြစ်လာတဲ့အတွက် အာဏာကို ပိုတန်ဖိုးထားလာကြတယ်၊ ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာကြတယ်၊ ခေါင်းမာပြီး ‘ငါ’ ဆိုတဲ့ အဆွဲ ဆွဲလာကြတယ်၊ မြှောက်ပင့်သူတွေကို အနားထားပြီး ပညာရှိဝန်ကြီးတွေကို ဝေးရာကို ပို့လိုက်ကြတယ်။ အဲဒီအခါ အမှားတွေက ရှောင်မရတော့ဘူး"
"ဒါကြောင့် ဧကရာဇ်တစ်ပါးအတွက် လုံ့လဝီရိယရှိလွန်းတာဟာ တကယ်တော့ သိပ်ကောင်းတဲ့အရာ မဟုတ်ဘူး"
စုန့်ယွီဖေးက တိတ်တဆိတ် ခေါင်းညိတ်ထောက်ခံမိလိုက်သည်။
"ငါကိုယ်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိတယ်"
လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည် - "ငါကိုယ်တော်က တိုင်းပြည်ကို ထက်မြက်တဲ့ သူတွေဆီမှာ အုပ်ချုပ်ခိုင်းထားပြီး ငါကိုယ်တော်ကတော့ အပေါ်ယံကနေပဲ ကြည့်နေတယ်။ လူတိုင်းက တစ်ပြိုင်တည်း အမှားလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား၊ ဟားဟား…."
စုန့်ယွီဖေးက လင်းပိုင်ဖန် ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သို့သော် အခြားတစ်ဖက်တွင်မူ သူသည် သူ၏ ပျင်းရိမှုအတွက် ဆင်ခြေပေးနေခြင်းဖြစ်ကြောင်း သိသာလှသည်။
"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး၊ ကျွန်မမှာ နောက်ထပ်မေးခွန်းတစ်ခု ရှိပါသေးတယ်၊ အရှင်က ကျွန်မရဲ့ သံသယကို ရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဘာမေးခွန်းလဲ။ ပြောစမ်းပါဦး" လင်းပိုင်ဖန်က အပြုံးဖြင့် ဆိုလိုက်သည်။
စုန့်ယွီဖေး၏ မျက်နှာအမူအရာမှာ ထူးထူးခြားခြား လေးနက်သွားပြီး - "အရှင်မင်းကြီး၊ လူတစ်ယောက်က တိုင်းပြည်ကို ကောင်းမွန်အောင် ဘယ်လို အုပ်ချုပ်နိုင်မလဲ"
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ကာ - "စုန့်ယွီဖေး၊ မင်းရဲ့ ဒီမေးခွန်းက..."
"အရမ်းခက်သွားလို့လားရှင့်။ အရှင် နားလည်သလိုပဲ ပြောပြပေးပါ၊ ဘယ်လောက်ပဲဖြစ်ဖြစ် ရပါတယ်"
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - "ခက်လို့ မဟုတ်ပါဘူး၊ အရမ်းကို ရိုးရှင်းလွန်းလို့ပါ"
"ရိုးရှင်းတယ်" စုန့်ယွီဖေးမှာ ကြောင်သွားရသည်။
ဤမေးခွန်းသည် ပထမ ကြည့်လိုက်လျှင် ရိုးရှင်းသယောင် ရှိသော်လည်း လက်တွေ့တွင်မူ နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံ ပါဝင်နေသဖြင့် အလွန်တရာ ရှုပ်ထွေးလှသည်။ ၎င်းမှာ စာကြောင်း တစ်ကြောင်း နှစ်ကြောင်းဖြင့် ရှင်းပြ၍ရသော အရာမဟုတ်ပေ။ သို့သော်လည်း အရှင်က ရိုးရှင်းသည်ဟု ဆိုနေသည်လား။
"တကယ်ပဲ၊ အရမ်းကို ရိုးရှင်းပါတယ်။ လိုအပ်တာက ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးရဲ့ အကျိုးစီးပွားကို မျှတအောင် ညှိပေးဖို့ပဲ"
"အရှင်မင်းကြီး၊ အသေးစိတ်ကို ကျွန်မ နားထောင်ချင်ပါတယ်"
လင်းပိုင်ဖန်က ပြုံးလျက် - "တစ်နိုင်ငံလုံးကို အကျိုးစီးပွား ရှာနေတဲ့ အစုအဖွဲ့တစ်ခုလို့ မြင်ကြည့်လို့ရတယ်။ သူတို့ဟာ အကျိုးစီးပွားကြောင့် စုစည်းနေကြတာဖြစ်ပြီး နောက်ဆုံးမှာလဲ အဲဲဒီ အကျိုးစီးပွားကြောင့်ပဲ လမ်းခွဲကြမှာပဲ။ ဒါကြောင့် ဧကရာဇ်တစ်ပါးအနေနဲ့ အဖွဲ့အစည်းအားလုံးရဲ့ အကျိုးစီးပွားကို မျှတအောင် လုပ်ပေးနိုင်ပြီး လူတိုင်း အကျိုးအမြတ်ရနေသရွေ့ တိုင်းပြည်ဟာ သူ့အလိုလို ရပ်တည်နိုင်လိမ့်မယ်။ ဒါက ရှုပ်ထွေးနေသေးရင် ဥပမာတစ်ခု ပြောပြမယ်"
"တစ်နိုင်ငံလုံးမှာ လူနှစ်ယောက်ပဲ ရှိတယ်လို့ မြင်ကြည့်လိုက်ပါ၊ အဲဒါက တောင်သူတစ်ယောက်နဲ့ မြေပိုင်ရှင်တစ်ယောက်ပေါ့။ တောင်သူက အစားအစာ ထုတ်လုပ်ဖို့ တာဝန်ရှိပေမဲ့ သူ့မှာ မြေမရှိဘူး။ မြေပိုင်ရှင်က မြေရှိပေမဲ့ အစားအစာ မထုတ်လုပ်ချင်ဘူး။ နှစ်ယောက်လုံးက အစားအစာကို ပိုလိုချင်ကြပေမဲ့ ရနိုင်တဲ့ အစားအစာက အကန့်အသတ်ပဲ ရှိတယ်။ သူတို့နှစ်ယောက် ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အဲဒီအစားအစာတွေကို ဘယ်လို ခွဲဝေသင့်တယ်လို့ မင်းထင်သလဲ"
"တစ်ဝက်စီ ခွဲပေးသင့်တာပေါ့" စုန့်ယွီဖေးက ခဏစဉ်းစားပြီးနောက် အကြံပြုလိုက်သည်။
"မဖြစ်နိုင်ဘူး"
လင်းပိုင်ဖန်က ခေါင်းခါလိုက်သည်။ "တောင်သူတွေက ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာမို့ စွမ်းအင် အများကြီး ကုန်ခမ်းတယ်။ သူတို့မှာ အစားအစာ ပိုလိုတယ်၊ မဟုတ်ရင် သူတို့ ငတ်သေသွားပြီး မင်းအတွက် လယ်မထွန်ပေးနိုင်တော့ဘူး။ အကယ်၍ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားသွားရင် တိုင်းပြည်ကလည်း ပျက်စီးသွားမှာပဲ"
"ဒါဆိုရင် အလုပ်လုပ်တဲ့သူတွေဖြစ်တဲ့ တောင်သူတွေကို ၈၀ ရာခိုင်နှုန်း ပေးလိုက်မယ်လေ" စုန့်ယွီဖေးက ထပ်မံ အကြံပြုလိုက်သည်။
"အဲဒါလည်း မရဘူး"
လင်းပိုင်ဖန်က ထပ်မံ ငြင်းဆန်လိုက်သည်။ "အကယ်၍ မင်းက တောင်သူတွေကို အများကြီး ပေးလိုက်ရင် မြေပိုင်ရှင်တွေက တောင်သူတွေကို မောင်းထုတ်ပြီး ကိုယ့်ဘာသာကိုယ် စိုက်ပျိုးပြီး အကုန်လုံးကို ယူထားလိုက်မှာပေါ့။ အဲဒီလိုဆိုရင်လည်း တောင်သူတွေက ငတ်သေမှာပဲ။ လူတွေသေရင် ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်တော့ဘူး၊ တိုင်းပြည်ကလည်း ပျက်စီးဦးမှာပဲ"
"ဒါဆိုရင် ဘယ်လို ခွဲဝေပေးသင့်တာလဲ" စုန့်ယွီဖေးက မေးလိုက်သည်။
"တကယ်တော့ လက်တွေ့ဘဝက မင်းကို အဖြေပေးထားပြီးသားပါ" ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။
"၆ : ၃ : ၁ လား" စုန့်ယွီဖေးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"မှန်တာပေါ့၊ ၆ : ၃ : ၁ ပဲ"
လင်းပိုင်ဖန်က ပြုံးလျက် - "ဒါဟာ နှစ်ဖက်စလုံးကြားမှာ ရေရှည်ညှိနှိုင်းမှုတွေနဲ့ ရုန်းကန်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ အဖြေပဲ"