အခန်း (၁၈၄)
Vol. 16 Ch. 184
"တောင်သူလယ်သမားတွေက အကျိုးအမြတ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရယူတယ်၊ စားဝတ်နေရေးဖူလုံမှ သူတို့မှာ အလုပ်လုပ်ဖို့ ခွန်အားရှိမှာလေ။ မြေပိုင်ရှင်တွေက ၃၀ ရာခိုင်နှုန်းယူတယ်၊ သူတို့က အလုပ်မလုပ်ဘူးလေ၊ အဲဒီပမာဏရဲ့ တစ်ဝက်ဆိုရင်တောင်မှ သူတို့အတွက်က လုံလောက်နေပြီ။ နိုင်ငံတော်က ၁၀ ရာခိုင်နှုန်းယူတယ်၊ အဲဒါကိုတော့ လိုအပ်သလို လိုက်လျောညီထွေစွာ ခွဲဝေသုံးစွဲလို့ရတယ်။ တောင်သူတွေ လိုအပ်လာရင် တောင်သူတွေကိုပေးမယ်၊ မြေပိုင်ရှင်တွေ လိုအပ်ရင် မြေပိုင်ရှင်တွေကိုပေးမယ်၊ စစ်တပ်ကို ထောက်ပံ့ဖို့နဲ့ နယ်မြေကာကွယ်ဖို့အတွက်လည်း အသုံးပြုလို့ရတယ်။ ဒီလိုနည်းနဲ့ သုံးပွင့်ဆိုင်လုံး အကျိုးရှိပြီး နိုင်ငံတော်ကလည်း ရေရှည်တည်တံ့နိုင်မယ်"
စုန့်ယွီဖေးက စဉ်းစားချင့်ချိန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
လင်းပိုင်ဖန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ထပ်ပြောလိုက်သည်။ "ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြစို့။ တကယ်တော့ တစ်နိုင်ငံလုံးက နိုင်ငံသားတွေကို လူတန်းစား နှစ်ရပ်ပဲ ခွဲခြားလို့ရတယ်၊ တစ်ခုက တောင်သူလယ်သမား လူတန်းစားဖြစ်ပြီး နောက်တစ်ခုက မြေပိုင်ရှင်လူတန်းစားပဲ"
"တောင်သူတွေက အရေအတွက်များတယ်ဆိုပေမဲ့ မြေကွက်နည်းတယ်၊ မြေပိုင်ရှင်တွေက အရေအတွက်နည်းပေမဲ့ မြေကွက်အများကြီး ပိုင်ဆိုင်ကြတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့ တောင်သူတွေက ၆၀ ရာခိုင်နှုန်းယူပြီး အလုပ်မလုပ်တဲ့ မြေပိုင်ရှင်တွေက ၃၀ ရာခိုင်နှုန်းယူတာပေါ့။ ဒီလို ခွဲဝေမှုမျိုးနဲ့ဆိုရင် တောင်သူတွေက မိမိကိုယ်ကိုယ် ထောက်ပံ့နိုင်ရုံတင်မကဘဲ မိသားစုကိုပါ ကျွေးမွေးနိုင်မယ်။ မြေပိုင်ရှင်တွေက ရတာနည်းတယ်ဆိုပေမဲ့ လူဦးရေနည်းတာကြောင့် အလုပ်မလုပ်ဘဲ ၃၀ ရာခိုင်နှုန်းရတာဟာ သူတို့မိသားစုအတွက် လုံလောက်နေတာပဲ"
"ဒါကြောင့် ဒီခွဲဝေမှုနည်းလမ်းဟာ အလွန်ကိုပဲ ကျိုးကြောင်းဆီလျော်ပြီး နိုင်ငံတော် ရေရှည်တည်ငြိမ်အေးချမ်းဖို့အတွက် အာမခံချက် ရှိတယ်။ နိုင်ငံတော်က ဒါကိုသာ မှန်မှန်ကန်ကန် လုပ်နိုင်မယ်ဆိုရင် တိုင်းပြည်က ပုံမှန်လည်ပတ်နိုင်မှာပဲ"
"အကယ်၍ မလုပ်နိုင်ခဲ့ရင်ရော" စုန့်ယွီဖေး က ပြန်လည်မေးခွန်းထုတ်သည်။
"မလုပ်နိုင်ခဲ့ရင်တော့ ဘေးအန္တရာယ်တွေ ကျရောက်လာမှာပေါ့"
လင်းပိုင်ဖန်က ဆက်ပြောသည်။ "ဥပမာ မြေပိုင်ရှင်တွေက အမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုယူလိုက်ရင် တောင်သူတွေမှာ ၂၀ ရာခိုင်နှုန်း လျော့သွားမယ်။ မြေပိုင်ရှင်တွေက ပိုရနေသလို ထင်ရပေမဲ့ တကယ်တမ်းတော့ မဟုတ်ဘူး၊ နောက်ဆုံးမှာ အားလုံးက အရှုံးပေါ်ကြမှာပဲ။ ဘာလို့လဲဆိုတော့ တောင်သူတွေမှာ အမြတ် ၄၀ ရာခိုင်နှုန်းပဲ ကျန်တော့ရင် သူတို့အတွက် စားဖို့ မလုံလောက်တော့ဘူး၊ သဘာဝအတိုင်းပဲ အလုပ်ကိုလည်း အားစိုက်မလုပ်နိုင်တော့ဘူး။ ရလဒ်အနေနဲ့ ကောက်ပဲသီးနှံတွေ လျော့နည်းလာမယ်။ သီးနှံတွေ နည်းလာတဲ့အခါ မြေပိုင်ရှင်ပဲဖြစ်ဖြစ် တောင်သူပဲဖြစ်ဖြစ် ရရှိတဲ့ပမာဏက နည်းသွားမှာပဲ။ အချိန်ကြာလာတာနဲ့အမျှ သီးနှံတွေက ပိုပိုနည်းလာပြီး နောက်ဆုံးမှာ တောင်သူတွေ စားစရာမရှိတော့တဲ့အခါ အလုပ်တွေကို လက်လွှတ်ပြီး ရပ်ပစ်လိုက်လိမ့်မယ်၊ အဲဒီအခါ အားလုံး စားစရာမရှိ ဖြစ်ကုန်ကြမှာပဲ"
"သမိုင်းတစ်လျှောက်မှာ သတိထားမိလား။ သာမန်လူတွေဟာ စားစရာမရှိလို့ ပုန်ကန်ထကြွပြီး မင်းဆက်တွေကို ဖြုတ်ချခဲ့ကြတာက များတယ်။ သူတို့မှာ စားစရာအလုံအလောက်ရှိရင် ဘယ်သူက ဒီလိုအန္တရာယ်များတဲ့ အလုပ်တွေကို လုပ်မလဲ၊ ဟုတ်တယ်မလား"
"တောင်သူတွေက ၂၀ ရာခိုင်နှုန်း ပိုရရင်ရော" စုန့်ယွီဖေးက ထပ်မေးလိုက်သည်။
"ခုနကပဲ ဆွေးနွေးခဲ့တယ်လေ။ တောင်သူတွေက ၂၀ ရာခိုင်နှုန်း ပိုယူရင် မြေပိုင်ရှင်တွေက ၂၀ ရာခိုင်နှုန်း လျော့သွားမယ်။ ရတာနည်းသွားတဲ့အခါ မြေရှင်တွေက သူတို့မြေကို အငှားမချတော့ဘဲ ကိုယ်တိုင်ပဲ စိုက်တော့မယ်၊ ထွက်သမျှကို သူတို့ပဲယူမယ်။ အဲဒီအခါ တောင်သူတွေမှာ စားစရာမရှိပြန်ဘူး၊ ပြီးရင် ပုန်ကန်ကြမှာပဲ"
လင်းပိုင်ဖန်က သက်ပြင်းချရင်း "ဒါကြောင့် တိုင်းပြည်ကို ကောင်းကောင်းအုပ်ချုပ်ဖို့ဆိုတာ အကျိုးစီးပွားတွေကို မှန်မှန်ကန်ကန် ခွဲဝေပေးဖို့ပဲ။ လူတန်းစားတိုင်း၊ လူတစ်ဦးချင်းစီတိုင်းမှာ ရှင်သန်နိုင်မယ့်လမ်း ရှိနေဖို့ သေချာအောင် လုပ်ပေးဖို့ပဲ အရေးကြီးတယ်"
"ဒီကိစ္စကို ထပ်ပြီး အကျယ်ချဲ့ကြည့်လိုက်ရအောင်။ နိုင်ငံတစ်ခုမှာ တောင်သူနဲ့ မြေရှင်ပဲ ရှိတာမဟုတ်ဘူး၊ ကုန်သည်တွေ၊ အလုပ်သမားတွေ၊ သိုင်းပညာရှင်တွေ၊ ကြီးမြတ်တဲ့ မျိုးရိုးမြင့် မိသားစုတွေ စသဖြင့် အကျိုးစီးပွား မတူညီတဲ့ အုပ်စုတွေ အများကြီး ရှိသေးတယ်။ အုပ်စုအားလုံးရဲ့ အကျိုးစီးပွားကို မျှတအောင် လုပ်နိုင်မှ၊ တောင်သူမှာ စားစရာရှိမယ်၊ အလုပ်သမားမှာလည်း အလုပ်ရှိမယ်၊ ကုန်သည်မှာလည်း အမြတ်ရှိလာမယ်၊ မြေပိုင်ရှင်နဲ့ ကြီးမြတ်တဲ့ မျိုးရိုးမြင့်မိသားစုတွေမှာလည်း အကျိုးအမြတ်ရှိမှသာ နိုင်ငံက တည်ငြိမ်စွာ တိုးတက်နိုင်မှာ"
စုန့်ယွီဖေးက လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ လင်းပိုင်ဖန်၏ ရှင်းပြချက်မှာ ထိမိလှသည်။ နိုင်ငံတော်၏ ပြဿနာအားလုံးသည် အနှစ်သာရအားဖြင့် အကျိုးစီးပွားနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်များသာ မဟုတ်ပါလော။ အစုအဖွဲ့အားလုံး၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှသာ နိုင်ငံက ဆက်လက်တိုးတက်နိုင်မည်ဖြစ်သည်။
"အရှင်မင်းကြီး၊ ဒါဆို အဲဒီလို အကျိုးစီးပွားတွေကို ဘယ်လိုမျှတအောင်လုပ်ပြီး နိုင်ငံကို အုပ်ချုပ်မလဲ" စုန့်ယွီဖေးက ထပ်မံမေးမြန်းလိုက်သည်။
လင်းပိုင်ဖန်က ပြုံးလိုက်ပြီး "ရိုးရိုးလေးပါ၊ အကျိုးခံစားခွင့်ရှိတဲ့ သူတွေ များနေရင် အလယ်ကနေ အမြတ်ထုတ်တဲ့သူတွေကို လျှော့ချပစ်လိုက်ရုံပဲ"
"ရှင်။ အမြတ်ထုတ်သူတွေကို လျှော့ချမယ်။ အဲဒါကို ဘယ်လိုလုပ်လို့ရနိုင်မှာလဲ" စုန့်ယွီဖေးမှာ ဇဝေဇဝါ ဖြစ်သွားသည်။
"မြေရှင်တွေကနေ စလိုက်ရအောင်" လင်းပိုင်ဖန် က လျှို့ဝှက်ဆန်းကြယ်စွာ မေးလိုက်သည်။ "ငါတို့ မဟာရှနိုင်ငံ မှာ မြေပိုင်ရှင်ဘယ်လောက်ရှိပြီး၊ သူတို့တွေ မြေဘယ်လောက်ကို ထိန်းချုပ်ထားသလဲ မင်းသိလား"
"မသိဘူး၊ ဒါပေမဲ့ အနည်းငယ်လောက်တော့ ရှိမှာပေါ့"
"မှန်တယ်၊ မြေပိုင်ရှင်တွေ အများကြီးရှိတယ်၊ ဒါပေမဲ့ သူတို့ထိန်းချုပ်ထားတဲ့ မြေစုစုပေါင်းက စတုရန်းမိုင် ၅ သောင်းတောင် မပြည့်ဘူး"
စုန့်ယွီဖေး မှာ ထိတ်လန့်သွားသည်။ "အဲဒီလောက်တောင် နည်းတာလား"
"မင်းကြည့်လိုက်၊ မဟာရှရဲ့ နယ်မြေက စတုရန်းမိုင် ၁.၅ သန်းအထိ ရှိနေပြီ။ မြေပိုင်ရှင်တွေပိုင်တဲ့မြေက အဲဒီရဲ့ အစိတ်အပိုင်းလေးတောင် မရှိဘူး။ ဘာလို့လဲဆိုတော့ ငါကိုယ်တော် အာဏာရကတည်းက နယ်မြေက ငါးဆကျော် ကျယ်ပြန့်လာခဲ့ပေမဲ့ မြေတစ်ကွက်မှ မချပေးခဲ့ဘူး။ တခြားနိုင်ငံတွေရဲ့ ပုဂ္ဂလိကပိုင်မြေတွေကို အသိအမှတ်ပြုပေမဲ့ တောရိုင်းမြေတွေကနေ ဖော်ထုတ်ထားတဲ့ မြေအသစ်အားလုံးက ငါကိုယ်တော် အပိုင်ပဲ။ အဲဒီတော့ မြေပိုင်ရှင်တွေမှာ ဘာစကားမှ ပြောခွင့်မှမရှိဘူး၊ ငါကိုယ်တော်ကပဲ အဆုံးအဖြတ်ပေးနိုင်တယ်"
လင်းပိုင်ဖန်က အရှိန်အဝါဖြင့် ကြေညာလိုက်သည်။ "ငါကိုယ်တော်က လယ်သမား သန်းပေါင်းများစွာကို စုစည်းပြီး မြေယာတွေ ဖော်ထုတ်ပြီး စိုက်ပျိုးစေနိုင်တယ်၊ ရတဲ့အမြတ်ကို တောင်သူကို ၆၀ ရာခိုင်နှုန်းပေးပြီး ငါကိုယ်တော်က ၄၀ ရာခိုင်နှုန်း ယူတယ်။ ဒီလိုနည်းနဲ့ ကြားလူ အမြတ်ထုတ်တာ မရှိတော့တဲ့အတွက် တောင်သူတွေလည်း ပိုရမယ်၊ ငါကိုယ်တော်လည်း ပိုရမယ်။ အမြတ်ကို လုမယ့်မြေပိုင်ရှင်တွေ မရှိတော့ရင် လူ့အဖွဲ့အစည်းက ပိုပြီး သဟဇာတ မဖြစ်ပေဘူးလား"
စုန့်ယွီဖေးမှာ ဆွံ့အသွားသော်လည်း ပြန်စဉ်းစားကြည့်လျှင် အလွန်ပင် ကျိုးကြောင်း ဆီလျော်နေသည်။
"ကြီးမြတ်တဲ့ မျိုးရိုးမြင့်မိသားစုတွေအကြောင်း ထပ်ပြောရအောင်" လင်းပိုင်ဖန် က ထပ်မံပြောလိုက်သည်။ "မဟာရှမှာ ကြီးမြတ်တဲ့ မျိုးရိုးမြင့်မိသားစု ဘယ်နှခုရှိလဲ မင်းသိလား"
စုန့်ယွီဖေးက မျက်မှောင်ကြုတ်စဉ်းစားကာ "ရှိပုံမရဘူး"
လင်းပိုင်ဖန်က ကျယ်လောင်စွာဖြင့်- "အတိအကျပဲ၊ တစ်ခုမှ မရှိဘူး။ သူတို့က အလွန်အတ္တကြီးတယ်၊ နည်းလမ်းမျိုးစုံသုံးပြီး မဟာရှထဲကို ထိုးဖောက်ဝင်ရောက်ပြီး၊ ရာထူးကြီးတွေယူဖို့နဲ့ ငါကိုယ်တော်ရဲ့ စည်းစိမ်တွေကို လုယူဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ငါကိုယ်တော်က ခွင့်မပြုဘူး၊ သူတို့လမ်းကို ဖြတ်တောက်ထားတယ်။ မင်းကြည့်လိုက်၊ အခု သူတို့တွေ ဝင်လို့မရတော့ဘူး၊ အဲဒီတော့ ပြိုင်ဘက်တစ်ယောက် လျော့သွားတာပေါ့၊ မဟုတ်ဘူးလား"
"သိုင်းလောကထဲက ဂိုဏ်းတွေဆိုရင်လည်း အခုထိ ဘာမှမတွေ့သေးပေမဲ့ သူတို့ကိုလည်း ငါကိုယ်တော် အခွင့်အရေးပေးမှာ မဟုတ်ဘူး"
"အခုဆိုရင် အမြတ်ထုတ်သူ အဓိကအုပ်စု ၃ ခုကို ဖယ်ရှားပြီးပြီဆိုတော့ ငါ့တိုင်းပြည်မှာ တောင်သူတွေ၊ အလုပ်သမားတွေနဲ့ ကုန်သည်အချို့ပဲ ကျန်တော့တယ်။ တောင်သူတွေမှာ စိုက်စရာမြေနဲ့ စားစရာရှိအောင်၊ အလုပ်သမားမှာလည်း အလုပ်နဲ့ ဝင်ငွေရှိအောင်၊ ကုန်သည်မှာ အမြတ်ရှိအောင် ငါကိုယ်တော် လုပ်ပေးလိုက်ရုံပဲ။ အဲဒါဆို တိုင်းပြည်ကို အုပ်ချုပ်ရတာ လွယ်မသွားဘူးလား။ ရိုးရိုးလေးပဲ မဟုတ်လား"
စုန့်ယွီဖေးက လင်းပိုင်ဖန်ကို စေ့စေ့ကြည့်လိုက်သည်။ ပြောရတာ လွယ်သလောက် တကယ်လုပ်ဖို့က မလွယ်လှချေ။
"အရှင်မင်းကြီး၊ အရှင်က ဘယ်သူမှ မလျှောက်ဖူးသေးတဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့လမ်းကို လျှောက်နေတာပဲ"
လင်းပိုင်ဖန်က အားရပါးရ ရယ်မောလိုက်ကာ- "ကောင်းကင်ကို ဆန့်ကျင်တော့ရော ဘာဖြစ်လဲ။ ကောင်းကင်နဲ့ တိုက်ခိုက်ရတာ ပျော်ဖို့တောင် ကောင်းသေးတယ်။ မြေပြင်နဲ့ တိုက်ခိုက်ရတာလည်း ပျော်စရာပဲ။ လူတွေနဲ့ တိုက်ခိုက်ရတာက ပိုတောင် ပျော်ဖို့ကောင်းသေးတယ်။ ဟားဟား…."
စုန့်ယွီဖေး စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူမသည် လင်းပိုင်ဖန်ကို ရွေးချယ်ရန် ဆုံးဖြတ်ပြီးကာမှ သူ၏ စကားများကို ကြားပြီးနောက် ပြန်လည်တွေဝေသွားခဲ့သည်။
နောက်ဆုံးတွင် စုန့်ယွီဖေးသည် အားမလိုအားမရဖြစ်ကာ ပိုမိုသင့်တော်မည့်သူကို ရှာဖွေရန် ထွက်ခွာသွားသည်။ သို့သော် ထိုအချိန်တွင် ယောင်ယောင် ရောက်လာခဲ့သည်။
"ငတုံး ဧကရာဇ်လေး၊ ရှင့်မှာ ရွှမ်ရှောင် လို့ခေါ်တဲ့ နတ်ဓားတစ်လက် ရထားတယ်လို့ ကြားတယ်၊ အဲဒါက မီးတောက်တွေ ထုတ်လွှတ်နိုင်ပြီး ချီဖွဲ့တည်ခြင်းအဆင့် သိုင်းသမားတွေကိုတောင် ကြက် သတ်သလို သတ်နိုင်တယ်ဆို။ အဲဒါ ကြည့်လို့ရမလား"
"ရတာပေါ့" လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအိမ်ထဲမှ ဓားသည် သူ၏လက်ပေါ်သို့ ပျံဝဲလာသည်။
ယောင်ယောင်က ဓားကိုယူကာ အားရပါးရ ဝှေ့ယမ်းကြည့်ရာ လေထုထဲတွင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ "ဒီဓားက တကယ်ကို အစွမ်းထက်တာပဲ။ အဲဒီမိန်းမကို ငါ ဒီဓားနဲ့ သွားခုတ်ဦးမယ် ဟားဟား….."
ထိုအချိန်တွင် လင်းပိုင်ဖန်က ယောင်ယောင် ကို ရုတ်တရက် ဖက်လိုက်လေသည်။ ယောင်ယောင်မှာ ထိတ်လန့်သွားပြီး မျက်နှာနီရဲလာကာ "ငတုံး ဧကရာဇ်လေး၊ ရှင် ဘာလုပ်တာလဲ။ ကျွန်မကို လွှတ်"
လင်းပိုင်ဖန်က လွှတ်ပေးလိုက်ပြီး "စိတ်မပူပါနဲ့၊ ငါက မင်းကို ကယ်နေတာပါ"
ယောင်ယောင်မှာ ဇဝေဇဝါ ဖြစ်သွားကာ- "ကယ်တယ် ဟုတ်လား"
"ဟုတ်တယ်။ ဒီနတ်ဓားမှာ မိစ္ဆာဓာတ်ရှိတယ်၊ ဓားကို ကိုင်ထားရင် လူသားဆန်မှုတွေ ပျောက်သွားပြီး သတ်ဖြတ်ဖို့ပဲ စိတ်ရောက်သွားတတ်တယ်။ ခုနက မင်းမှာ အဲဒီလက္ခဏာတွေ ပြနေလို့ ငါက ချစ်ခြင်းမေတ္တာနဲ့ ပြောင်းလဲပေးဖို့ ဖက်လိုက်တာလေ။ အခု နေသာထိုင်သာ ရှိသွားပြီလား။ ဆက်ပြီးတော့..."
"ဘာတွေ ဆက်မှာလဲ" ယောင်ယောင် က စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"ကျွန်မ ခုနက ဘာမှမဖြစ်ဘူး။ ရှင်က အခွင့်ကောင်းယူလိုက်တာပဲ၊ လူယုတ်မာ၊ ရှင့်ကို ကျွန်မ သတ်မိတော့မယ်"
လင်းပိုင်ဖန်- "အား... အား..."