← Chapters

အခန်း (၁၈၅)

Vol. 16 Ch. 185

အခန်း (၁၈၅)

Vol. 16 Ch. 185

​လင်းပိုင်ဖန်ကို ဆွဲလိမ်ပြီးနောက်တွင်တော့ ယောင်ယောင်သည် နတ်ဓားကို ပြန်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ခဏက သူမသည် ထိုနတ်ဓား၏ လွှမ်းမိုးမှုကိုခံလိုက်ရပြီး လူသတ်လိုစိတ်များ အမှန်တကယ် ပေါ်ပေါက်လာခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ သူမသာ အမှတ်မထင်နှင့် ထိုငတုံးဧကရာဇ်လေးကို သတ်မိသွားပါက နောင်တရရန် အချိန်ရှိတော့မည်မဟုတ်ပေ။

​ "ဒါနဲ့ ငတုံးဧကရာဇ်လေး... ရှင် ဟိုသိုင်းပညာရှင်တွေဆီကနေ ငွေတေးပေါင်း ဆယ်သန်းကျော်ကို လိမ်ညာပြီး ညှစ်ယူထားတယ်လို့ ကျွန်မကြားတယ်။ ကျွန်မကလည်း ရှင့်လူပဲဟာကို ကျွန်မကို နည်းနည်းပါးပါး ခွဲမပေးသင့်ဘူးလား" ယောင်ယောင်သည် သူမ၏လက်ကလေးကို ဖြန့်ပေးလိုက်ရင်း မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ပြောလိုက်သည်။

​ လင်းပိုင်ဖန်ကတော့ အရည်ထူစွာဖြင့် "ပေးစရာပိုက်ဆံမရှိဘူး၊ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ကိုတော့ ပေးနိုင်တယ်" ဟု ပြန်ပြောလိုက်သည်။

​ "ဟွန့်၊ ရှင်ဒီလောက်တောင်မှ ပိုက်ဆံတွေ အများကြီးရထားတာကို တစ်ပြားတစ်ချပ်တောင်မှ မပေးနိုင်ဘူးလား" ယောင်ယောင်မှာ မကျေမနပ်ဖြစ်သွားခဲ့သည်။

​ "ယောင်ယောင်... မင်း အဲဒီလိုစကားမျိုး မပြောသင့်ဘူး"

လင်းပိုင်ဖန်က တည်ကြည်စွာဖြင့်- "ငါက မူဝါဒရှိတဲ့လူတစ်ယောက်၊ ငါ့အိပ်ရာပေါ်မှာ ငါ့ကို အောင်နိုင်အောင် မလုပ်နိုင်သရွေ့တော့ ငါ့အိတ်ကပ်ထဲက တစ်ပြားမှထွက်ဖို့ မစဉ်းစားနဲ့"

​ ယောင်ယောင်: “...”

​ ခဏအကြာတွင်.....

လင်းပိုင်ဖန်: "အား... အား... အား"

​ ခဏလောက် ဆော့ကစားပြီးနောက်တွင် ယောင်ယောင်၏ မျက်နှာလေးမှာ ထူးထူးခြားခြား တည်ကြည်လေးနက်သွားလေသည်။ သူမသည် လင်းပိုင်ဖန်ကို ကြည့်ကာ တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ "ငတုံးဧကရာဇ်လေး... အမှန်တော့ ဒီတစ်ခါ ကျွန်မလာတာက ရှင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောမလို့ပဲ၊ ရှင် စိတ်ကို ကြိုတင်ပြင်ဆင်ထားရမယ်"

​ လင်းပိုင်ဖန်မှာ လန့်ဖျန့်သွားပြီး- "ဘာဖြစ်လို့လဲ မင်းဗိုက်ထဲမှာ ငါ့ကလေး ရှိနေလို့လား"

​ ယောင်ယောင်က လင်းပိုင်ဖန်ကို တစ်ချက် ပြန်ဆွဲလိမ်လိုက်ပြီး စိတ်တိုတိုဖြင့် "မနောက်နဲ့ ကျွန်မ အတည်ပြောနေတာ။ ကျွန်မလာရတဲ့အကြောင်းရင်းက ငါတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်လို့မရတော့ဘူးဆိုတာ ပြောဖို့ပဲ။ ဘာလို့လဲဆိုတော့ အပြင်က ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေက မဟာရှနိုင်ငံကို ပိတ်ဆို့ထားလိုက်ပြီ။ ရှင့်ကုန်စည်တွေကို အပြင်ထုတ်ရောင်းလို့ မရတော့သလို၊ ကျွန်မတို့ကုန်စည်တွေကိုလည်း အထဲသွင်းလို့ မရတော့ဘူး၊ ဒါကြောင့်..."

​ လင်းပိုင်ဖန်က အေးအေးဆေးဆေးပင် "ကိစ္စမရှိပါဘူး..၊ ဒါကို ငါကြိုတင်တွက်ဆထားပြီးသား။ ဒါက သူတို့တွေ လုပ်နိုင်တဲ့ အမြင့်ဆုံးပဲလေ၊ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ဒါက မဟာရှနိုင်ငံအပေါ် ဘာသက်ရောက်မှုမှ မရှိဘူး"

​ "ငတုံးဧကရာဇ်လေး... ရှင် တကယ်ပဲ အဆင်ပြေရဲ့လား" ယောင်ယောင်က ထပ်မေးလိုက်သည်။

​ "တကယ်ကို အဆင်ပြေပါတယ်။ ဒီနေ့ရဲ့ မဟာရှနိုင်ငံက အရင်လိုမဟုတ်တော့ဘူး"

လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့်- "အခု မဟာရှနိုင်ငံမှာ နယ်မြေဧရိယာ ၁.၅ သန်း စတုရန်းကီလိုမီတာရှိတယ်။ လူဦးရေက ၁၂ သန်းကျော်ပြီး သယံဇာတတွေကလည်း အများကြီးပဲ။ ငါတို့ အပြင်လောကကို အားမကိုးဘဲ ကိုယ့်ဘာသာကိုယ် တိုးတက်အောင် လုပ်နိုင်နေပြီ။ ဒါကြောင့် သူတို့ကို ပိတ်ဆို့ခိုင်းလိုက်စမ်းပါ။ အလွန်ဆုံးရှိမှ ငါတို့ရဲ့ တိုးတက်မှုနှုန်း နည်းနည်းလေး နှေးသွားမှာပဲ၊ အလုံးစုံကိုတော့ မထိခိုက်နိုင်ဘူး"

​ ယောင်ယောင်က သက်ပြင်းချကာ စိတ်အေးသွားဟန်ဖြင့်- "ဒါဆိုရင်တော့ ကျွန်မစိတ်အေးသွားပြီ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မက အမြဲတမ်း ရှင့်ဘေးနားမှာရှိနေပြီး၊ ရှင့်ကို ထောက်ခံပေးနေမှာပါ"

​ လင်းပိုင်ဖန် အလွန်စိတ်လှုပ်ရှားသွားပြီး "ယောင်ယောင်... မင်းက ငါ့အပေါ်မှာ တကယ်ကိုကောင်းတာပဲ"

​ ယောင်ယောင်မှာ ဂုဏ်ယူစွာဖြင့်- "ဒါပေါ့ ကျွန်မက ရှင့်အပေါ်မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ"

​ လင်းပိုင်ဖန် ပို၍ပင် စိတ်လှုပ်ရှားလာကာ- "ငါ မင်းအပေါ် အကြွေးတွေ အများကြီးတင်နေပြီ၊ အဲဒီမေတ္တာအကြွေးတွေကို ငါ့ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ရင်ရော ဘယ်လိုလဲ"

​ ယောင်ယောင်: “...”

​ "မင်း စကားမပြောဘူးဆိုတော့ သဘောတူတယ်လို့ပဲ ငါယူဆလိုက်မယ်" လင်းပိုင်ဖန်က လက်များကို ထပ်မံဖြန့်လိုက်ပြန်သည်။

​ ယောင်ယောင်: “...”

​ ခဏအကြာတွင်...

လင်းပိုင်ဖန်: "အား... အား... အား"

​ အရေးကြီးကိစ္စများ ဆွေးနွေးပြီးနောက် ယောင်ယောင် ပြန်သွားခဲ့သည်။

သူမသည် ထိုမျိုးနွယ်စုကြီးများ၏ ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး လင်းပိုင်ဖန်နှင့် စီးပွားရေး ဆက်လက်လုပ်ကိုင်နိုင်မည့် နည်းလမ်းကို စဉ်းစားရန် ပြန်သွားခြင်းဖြစ်သည်။

​ တစ်ဖက်တွင်လည်း ထိုမျိုးနွယ်စုကြီးများသည် စတင်လှုပ်ရှားလာခဲ့ကြသည်။

၎င်းတို့သည် မဟာရှနိုင်ငံနယ်မြေအတွင်းသို့ လူလွှတ်ကာ ကောလာဟလများ ဖြန့်ဝေခဲ့ကြသည်။ မဟာရှနိုင်ငံသည် ကြီးမြတ်သော မျိုးနွယ်စုကြီးများကို စော်ကားခဲ့သဖြင့် စီးပွားရေးပိတ်ဆို့ခံရပြီဖြစ်ကြောင်း၊ တူးဖော်ရရှိသည့် သတ္တုရိုင်းများကို ရောင်းချ၍မရတော့ဘဲ မဟာရှနိုင်ငံသည် မကြာမီ ပျက်စီးတော့မည်ဖြစ်ကြောင်းကို ဖြန့်လိုက်ကြသည်။

​ ယင်းက ပြည်သူများအကြား ထိတ်လန့်မှုကို ဖြစ်စေခဲ့ပြီး လူများစွာသည် အလုပ်အကိုင်များကို စိတ်မဝင်စားတော့ဘဲ ရိက္ခာများကို စုဆောင်းလာကြပြီး၊ အချို့မှာ မဟာရှနိုင်ငံမှ ထွက်ပြေးရန်ပင် ကြိုးစားလာကြသည်။

​ နန်းတွင်း၌မူ လင်းပိုင်ဖန်သည် အလွန် ဒေါသထွက်နေခဲ့သည်။ "ကောလာဟလတွေ ဖြန့်ပြီး ကမောက်ကမဖြစ်အောင် လုပ်တဲ့သူအားလုံးကို ဖမ်းဆီးစမ်း"

​ "မှန်လှပါ အရှင်မင်းကြီး "

​ လင်းပိုင်ဖန်က ဆက်လက်ပြီး- "ဒါ့အပြင်ကိုမှ ပြည်သူတွေကို စိတ်အေးအောင်လုပ်ပြီးတော့ ကုန်ထုတ်လုပ်ငန်းတွေကို ဆက်လုပ်ပြီး ဘယ်ကဏ္ဍကိုမှ မရပ်နားစေနဲ့၊ အဲဒီသယံဇာတတွေကို အပြင်ထုတ်ရောင်းလို့မရရင် သိမ်းထားလိုက်။ ဘာပဲဖြစ်ဖြစ် အဲဒါတွေက သက်တမ်းကုန်သွားမှာ မဟုတ်ဘူး"

​ အစပိုင်းတွင် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသော်လည်း မဟာရှနိုင်ငံပြည်သူများသည် ဘာမှပြောင်းလဲမသွားသည်ကို သတိပြုမိလာသောအခါ ပုံမှန်အတိုင်း ပြန်လည်နေထိုင်ခဲ့ကြသည်။

အမှန်စင်စစ်ပင် မျိုးနွယ်စုကြီးများ၏ စီးပွားရေးပိတ်ဆို့မှုသည် မဟာရှနိုင်ငံအပေါ် သက်ရောက်မှုမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် မဟာရှနိုင်ငံ၏ စီးပွားရေးသည် ပြည်ပပို့ကုန်အပေါ် အခြေခံသည်မဟုတ်ဘဲ၊ လင်းပိုင်ဖန်က အိမ်ခြံမြေလုပ်ငန်းကဲ့သို့သော လုပ်ငန်းများမှတစ်ဆင့် ပြည်တွင်းစီးပွားရေးသံသရာကို ဖန်တီးထားပြီးသား ဖြစ်သောကြောင့်ပင် ဖြစ်သည်။

စစ်ပွဲများမှတစ်ဆင့်လည်း များပြားလှသော ဓနဥစ္စာများကို စုဆောင်းထားခဲ့ပြီးလည်း ဖြစ်သည်။

​ သို့သော် ပို့ကုန်များ ရပ်ဆိုင်းသွားသဖြင့် လင်းပိုင်ဖန်သည် နိုင်ငံတော်၏ မူဝါဒအချို့ကို ပြုပြင်ပြောင်းလဲခဲ့သည်။

​ "ဝန်ကြီး... ဘိလပ်မြေလမ်းတွေ ခင်းတဲ့အလုပ်က ဘယ်လိုအခြေအနေရှိလဲ"

​ ဟီရှန်းက ကျယ်လောင်စွာဖြင့် " အရှင်မင်းကြီးကို သတင်းပို့ပါတယ်။ ဘိလပ်မြေလမ်းတွေ စတင်ခင်းခဲ့တာ သုံးလကျော်ပါပြီ။ မြို့တော်ကနေ စတင်ခဲ့တာ အခုဆိုရင် မြို့လေးမြို့ကို ဆက်သွယ်မိနေပါပြီ"

​ "အရမ်းကောင်းတယ်။ စကားပုံရှိသလိုပဲ 'ချမ်းသာချင်ရင် လမ်းအရင်ဖောက်' တဲ့၊ အဓိကမြို့ကြီးတွေမှာ လမ်းတွေကောင်းသွားရင် ငါတို့နိုင်ငံရဲ့ စီးပွားရေးကို အများကြီး တွန်းအားဖြစ်စေလိမ့်မယ်။ ဒါကြောင့် ဒီနှစ်ကုန်မှာ မြို့ကြီးအားလုံး လမ်းပေါက်အောင် ကြိုးစားကြမယ်"

​ ဟီရှန်းသည် ဖိအားများကို ခံစားလိုက်ရသော်လည်း "မှန်လှပါ။ ကျွန်တော်မျိုး ဤအလုပ်ကို အမြန်ဆုံးဖြစ်အောင် တွန်းအားပေး လုပ်လိုက်ပါမယ်" ဟု ဖြေကြားလိုက်သည်။

​ လင်းပိုင်ဖန်က ဆက်လက်၍- "ဒါ့အပြင်ကိုမှ သင်္ဘောကျင်းတွေကိုလည်း သေချာစောင့်ကြည့်ပြီး သင်္ဘောကြီးတွေကို အမြန်ဆုံး တည်ဆောက်ခိုင်းလိုက်"

​ မျိုးနွယ်စုကြီးများ၏ ပိတ်ဆို့မှုကို ခံရသဖြင့် လင်းပိုင်ဖန်သည် အနည်းငယ်တော့ ဒေါသထွက်နေလေသည်။ ဒါပေမယ့် သူသည် လက်ပိုက်ကြည့်နေမည့်သူမျိုး မဟုတ်ပေ။

​ "ငါ့ကို ရန်စရဲတယ်ဆိုမှတော့ ပေးဆပ်ရမယ့် တန်ဖိုးအတွက် အဆင်သင့်ပြင်ထားကြပေတော့"

​ ထို့ကြောင့် လင်းပိုင်ဖန်သည် လျှို့ဝှက်အစီအစဉ် အချို့ကို ပြုလုပ်ခဲ့သည်။

ထိုအချိန်တွင် လူတစ်စုသည် တောရိုင်းထဲမှ ထွက်ပြေးနေကြသည်။

​ "ငါတို့ တုံ့ပြန်မှုမြန်လို့ တော်သေးတာပေါ့။ တစ်ခုခုမှားနေပြီလို့ ခံစားရတာနဲ့ ချက်ချင်းပြေးခဲ့လို့ မဟုတ်ရင် ငါတို့ ပြန်လာနိုင်မှာမဟုတ်ဘူး"

"ဒီမဟာရှနိုင်ငံက တကယ်ကို မျိုးနွယ်စုကြီးတွေအတွက် နေလို့ရတဲ့နေရာ မဟုတ်ဘူးပဲ။ သူတို့က ငါတို့အပေါ် တကယ်ကို ရက်စက်တာပဲ။ ဒီမှာ တစ်မိနစ်ပိုနေလေ ငါတို့အတွက် ပိုအန္တရာယ်များလေပဲ"

"မြန်မြန်သွားကြစို့ နောက်ထပ် လီ ၃၀၊ ၄၀ လောက် ရောက်သွားရင် ငါတို့ ဘေးကင်းပြီ"

​ ဤလူစုသည် မဟာရှနိုင်ငံအတွင်း ပုန်းအောင်းနေသည့် ကျူးမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ကောလာဟလများ ဖြန့်ဝေပြီးနောက် မဟာရှနိုင်ငံ စစ်သည်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရခြင်းဖြစ်သည်။

​ ၎င်းတို့သည် ယခင် အန်းနိုင်ငံ၏ နယ်စပ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာသည် ချုံနွယ်ပိတ်ပေါင်းများဖြင့် ထူထပ်နေပြီး လမ်းခရီးလည်း ကြမ်းတမ်းသဖြင့် မဟာရှနိုင်ငံ၏ စစ်တပ်များ မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ဤနေရာမှ လွတ်မြောက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

​ ထိုစဉ် ၎င်းတို့အားလုံး ကျင်းတစ်ခုထဲသို့ ပြုတ်ကျသွားကြသည်။

"အား... ဘာလို့ ဒီမှာ ကျင်းကြီးရှိနေတာလဲ"

"ငါတို့ သားရဲတွင်းထဲ ကျသွားတာလား ဘာလို့ ဒီလောက် ကံဆိုးရတာလဲ"

"ပြီးပြီ... ဒီတစ်ခါတော့ တကယ်ပြီးပြီ"

"ကယ်ကြပါဦး တစ်ယောက်ယောက် ငါ့ကို ကယ်ကြပါဦး"

​ ၎င်းတို့သည် ကျင်းဝမှတစ်ဆင့် ဟန်ချက်ပျက်ကာ လိမ့်ဆင်းသွားကြသည်။

မည်သည့်အချိန်တွင် ရပ်တန့်သွားသည်ကို မသိသော်လည်း ပြန်နိုးလာချိန်တွင် မှောင်မည်းနေသော နေရာတစ်ခုသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

​ ၎င်းတို့သည် မီးထွန်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

"ဒါ... ဒါ ဘယ်လိုနေရာကြီးလဲ"

"ဒါက လူလုပ်ထားတဲ့ မြေအောက်လိုဏ်ခေါင်းနဲ့ တူတယ်"

"ဘာလို့ တစ်ယောက်ယောက်က ဒီမှာ ကျင်းတူးထားတာလဲ"

​ ၎င်းတို့သည် အလွန်ဇဝေဇဝါဖြစ်နေသော်လည်း လိုဏ်ခေါင်းအတိုင်း ဆက်လျှောက်သွားရာ ရှေးဟောင်း ကျောက်တံခါးကြီးတစ်ခုကို တွေ့လိုက်ရသည်။ ကျောက်တံခါးကြီး၏ ဘေးတွင်လည်း ကျောက်စာတိုင်တစ်ခု ရှိနေသည်။

​ ၎င်းတို့သည် အနားသို့သွား၍ ကြည့်ရန်ပြင်စဉ်မှာပင် သူတို့အထဲမှ တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ကြည့်လိုက်စမ်း... အားလုံးပဲ ဟိုဘက်ကို ကြည့်လိုက်ကြဦး။ အဲဒါ ရွှေတွေပဲ… ရွှေတွေ အများကြီးပဲ"

​ သူတို့အားလုံး ခေါင်းလှည့်ကြည့်လိုက်သောအခါ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

"ရွှေတွေ…..တကယ်ကို ရွှေတွေအများကြီးပဲ"

"ငါတို့တော့ ချမ်းသာပြီကွ"

"ဟား….ဟား…ဟား…"

All Chapters