အခန်း (၁၈၉)
Vol. 16 Ch. 189
တစ်ဖက်တွင်မူ မဟာရှ နန်းတော်အတွင်း၌...
"အရှင်မင်းကြီးကို လျှောက်တင်စရာရှိပါတယ်၊ အဝါရောင်ကောင်းကင်ဂိုဏ်းဟာ ကျွန်တော်မျိုးတို့ နိုင်ငံထဲကို လူတွေ စိမ့်ဝင်စေလွှတ်နေပါပြီ။ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်မျိုးတို့ဘက်က လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ခဲ့လို့ သူတို့ကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စုစုပေါင်း လူ ၁၃၂ ယောက်ကို ဖမ်းဆီးရမိထားပြီး ဘာမငြိမ်မသက်မှုမှ မရှိခဲ့ပါဘူး" ဟု လူတစ်ဦးက အစီရင်ခံလေသည်။
လင်းပိုင်ဖန်က ခေါင်းညိတ်ကာ "ကောင်းပြီ... ငါကိုယ်တော်တို့ အသေအချာ စောင့်ကြပ်ရမယ်။ အဝါရောင်ကောင်းကင်ဂိုဏ်းဝင် တစ်ယောက်မှ ငါတို့နိုင်ငံထဲ ခြေမချနိုင်စေရဘူး" ဟု မိန့်ကြားလိုက်သည်။
"မှန်လှပါ အရှင်မင်းကြီး" အားလုံးက တညီတညွတ်တည်း ပြန်လည်ဖြေကြားကြသည်။
ထို့ကြောင့် မဟာရှနိုင်ငံ၏ စစ်တပ်များကို ငါးနိုင်ငံ နယ်စပ်ဒေသအနီးတွင် အင်အားအလုံးအရင်းဖြင့် ချထားလိုက်တော့သည်။ နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူတိုင်းကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းလေသည်။
ထိုသို့ ရောက်ရှိလာသူများထဲတွင် လျူချန်း၏ ဝမ်းကွဲညီဖြစ်သူ လျူဟိုင် အမည်ရှိ အဝါရောင် ကောင်းကင်ဂိုဏ်းဝင်တစ်ဦးလည်း ပါဝင်လေသည်။ လျူချန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် သူက ကိုယ်တိုင်ဆန္ဒပြုကာ ရောက်လာခြင်းဖြစ်သည်။
သူ့တွင် ရည်ရွယ်ချက်နှစ်ခုရှိသည်၊ တစ်ခုမှာ သူ့ဝမ်းကွဲအစ်ကို၏ သတင်းကို စုံစမ်းရန်နှင့် နောက်တစ်ခုမှာ ဂိုဏ်းရဲ့ အင်အားကို ချဲ့ထွင်ရန်ဖြစ်သည်။
"သေခြင်းတရားဟာ ငှက်မွေးတစ်မျှလည်း ပေါ့ပါးနိုင်သလို၊ ထိုက်ရှန်းတောင်ကြီးလိုလည်း လေးလံနိုင်တယ်"
လျူဟိုင်က စိတ်ထဲမှ ကြုံးဝါးလိုက်သည်၊ "ငါ့ဘဝကို အဝါရောင်ကောင်းကင်ဂိုဏ်းအတွက် ပုံအပ်ထားတာ။ လူရှိရင် ဂိုဏ်းရှိမယ်၊ ဂိုဏ်းပျက်ရင် လူလည်း သေရမယ်။ ဒါကြောင့် ဘယ်လိုအရှက်ခွဲမှုမျိုး၊ ဒုက္ခမျိုးနဲ့ပဲ ကြုံရပါစေ၊ ငါ့အသက်ကိုပေးရရင်တောင် အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ သင်ကြားမှုတွေကို ပြန့်ပွားအောင်လုပ်ရမယ်။ လူတွေ အဝါရောင် ကောင်းကင်နတ်ဘုရားကို ယုံကြည်လာအောင်၊ ကယ်တင်ခြင်းခံရပြီး အေးချမ်းတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်အောင် ငါလုပ်ရမယ်"
ထိုစဉ် "နောက်တစ်ယောက်" ဟု အော်သံထွက်လာသည်။
"လာပါပြီ" လျူဟိုင်က မဟာရှစစ်သားများကို တည်ငြိမ်သောအမူအရာဖြင့် ကြည့်ရင်း ရှေ့သို့တိုးလာသည်။ ရန်သူကို လှည့်စားပြီး အဖမ်းမခံရဘဲ ဖြတ်ကျော်နိုင်ရန် သူအသေအချာ ပြင်ဆင်လာခဲ့သဖြင့် လုံးဝ မတုန်လှုပ်ပေ။
ထို့နောက် မဟာရှစစ်သားတစ်ဦးက "မင်းနာမည် ဘယ်သူလဲ၊ မဟာရှကို ဘာကိစ္စနဲ့ လာတာလဲ" ဟု မေးမြန်းလိုက်သည်။
"လေးစားအပ်တဲ့ စစ်သည်တော်ခင်ဗျာ၊ ကျွန်တော့်နာမည် လျူဟိုင်ပါ။ မိဘမောင်နှမ မရှိတဲ့ မိဘမဲ့တစ်ယောက်ပါ။ ကျွန်တော် မဟာရှကို လာရတာက အဓိကတော့ အလုပ်အကိုင်ရှာဖို့ပါပဲ။ ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးပါဦးခင်ဗျာ" ဟု လျူဟိုင်က သူပြင်ဆင်ထားသော အကြောင်းပြချက်ကို မျက်နှာမပျက်ဘဲ ရွတ်ဆိုလိုက်သည်။ မဟာရှသည် အခြားနိုင်ငံများမှ ဒုက္ခသည်များကို အမြဲတမ်း လက်ခံလေ့ရှိသဖြင့် သူ၏ဇာတ်လမ်းကို ယုံကြည်မည်ဟု သူယုံကြည်နေသည်။
"ဟုတ်လို့လား" မဟာရှစစ်သားက နောက်ထပ်မေးခွန်းအချို့ မေးသော်လည်း လျူဟိုင်က ချက်ချင်း ပြန်လည်ဖြေကြားနိုင်ခဲ့သည်။
"မင်းက ပြဿနာမရှိပုံရတယ်၊ ဒါပေမဲ့ နောက်ဆုံးတစ်ခု လုပ်ရဦးမယ်။ အဲဒါပြီးရင် မင်းသွားလို့ရပြီ"
လျူဟိုင် စိတ်ထဲတွင် ဝမ်းသာသွားပြီး "ဘာလုပ်ရမှာလဲ" ဟု မေးလိုက်သည်။
"အခု မင်းလုပ်ရမှာက 'အဝါရောင်ကောင်းကင်က သေပြီ၊ ပြာလွင်တဲ့မိုးကောင်းကင်က ထွန်းကားတော့မယ်၊ အဝါရောင်ကောင်းကင်ကို ယုံတဲ့သူတွေဟာ အရူးတွေပဲ' လို့ အော်လိုက်၊ ဒါဆို မင်းကို လွှတ်ပေးမယ်"
"ဘာ" လျူဟိုင်မှာ ဒေါသကြောင့် တုန်ရီသွားသည်။ သူသည် အဝါရောင်ကောင်းကင်ဂိုဏ်းအပေါ် အလွန်အမင်း သစ္စာရှိပြီး ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော စကားကို အော်ဟစ်ရန်မှာ သူ့အတွက် မဖြစ်နိုင်သောအရာပင်ဖြစ်သည်။
"မအော်လို့ မရဘူးလား၊ အဲဒီစကားက ပြောရတာ တော်တော်ရှက်ဖို့ကောင်းလို့ပါ" ဟု လျူဟိုင်က ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ရင်ထဲက ဒေါသကို မျိုသိပ်ထားလိုက်သည်။
"ဒါ ငါတို့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ပဲ၊ ဘယ်သူမှ မကင်းလွတ်စေရဘူး။ အော်လိုက်စမ်း" မဟာရှစစ်သားက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
လျူဟိုင်မှာ မျှော်လင့်ချက်မဲ့စွာ မျက်လုံးမှိတ်လိုက်မိသည်။ ဤသည်မှာ သူ၏ ယုံကြည်ချက်ကို သစ္စာဖောက်ရန် ခိုင်းနေခြင်းပင်။ "ဒီမဟာရှဧကရာဇ်ဟာ တကယ့်ကို ယုတ်မာလွန်းတယ်"
သို့သော်လည်း အဝါရောင်ကောင်းကင်ဂိုဏ်း၏ ကြီးမြတ်သော ရည်မှန်းချက်အတွက် မည်သို့သော အရှက်ခွဲမှုကိုမဆို သည်းခံရမည်ဖြစ်သည်။ လျူဟိုင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် ပြတ်သားသောအသံဖြင့် အော်လိုက်သည်- "အဝါရောင်ကောင်းကင်က သေပြီ၊ ပြာလွင်တဲ့မိုးကောင်းကင်က ထွန်းကားတော့မယ်၊ အဝါရောင်ကောင်းကင်ကို ယုံတဲ့သူတွေဟာ အရူးတွေပဲ"
ထိုခဏ၌ သူ၏ ခွန်အားတွေအားလုံး ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။
"ငါ့ရဲ့ စိတ်ဝိညာဉ်က ညစ်နွမ်းသွားပြီ"
"ငါ့ခန္ဓာကိုယ်လည်း မသန့်စင်တော့ဘူး"
"တောင်းပန်ပါတယ် အဝါရောင်ကောင်းကင် နတ်ဘုရားကြီး၊ ဒါဟာ ကျွန်တော့်စိတ်ရင်း မဟုတ်ပါဘူး၊ မိစ္ဆာတွေရဲ့ အကျပ်ကိုင်မှုကြောင့်မို့လို့ ကျွန်တော့်မျိုးကို ခွင့်လွှတ်ပေးပါ"
"ဒီလူက သံသယဖြစ်စရာပဲ၊ သူ့ကို ဖမ်းလိုက်" ဟု မဟာရှစစ်သားက အော်ပြောလိုက်သည်။
လျူဟိုင်မှာ ကြောင်အသွားပြီး "ကျွန်တော် အော်လည်းအော်ပြီးပြီလေ၊ ဘာလို့ ဖမ်းတာလဲ" ဟု မေးလိုက်သည်။
မဟာရှစစ်သားက ပြန်အော်လိုက်သည်။ "မင်း ခုနက အော်ဖို့ တော်တော်လေး ဝေခွဲမရဖြစ်နေတာ။ မင်းသာ အဝါရောင်ကောင်းကင်ဂိုဏ်းဝင် မဟုတ်ရင် ဘာလို့ တွန့်ဆုတ်နေမှာလဲ။ ဒါကြောင့် သူ့ကို အခုချက်ချင်း ဖမ်းဆီးလိုက်"
ရလဒ်အနေဖြင့် လျူဟိုင်သည် စစ်ဆေးရေးဂိတ်ကို မဖြတ်နိုင်ဘဲ အဖမ်းခံလိုက်ရလေသည်။ အခြားသော ပါးနပ်သည့် ဂိုဏ်းသားအချို့မှာမူ အရိပ်အယောင်မပြဘဲ လွတ်မြောက်သွားသော်လည်း ၎င်းတို့ကို မဟာရှအစိုးရက စောင့်ကြည့်ရ လွယ်ကူစေရန် မြေရိုင်းတွေ ရှင်းလင်းကာ၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များသို့သာ စုပေါင်းကာ ပို့ဆောင်ထားလိုက်သည်။
ဤနည်းဖြင့် အဝါရောင်ကောင်းကင်ဂိုဏ်းသည် မဟာရှနိုင်ငံအတွင်း၌ မည်သည့် ပြဿနာမျှ မဖန်တီးနိုင်ခဲ့ပေ။
အဝါရောင် ကောင်းကင်ဂိုဏ်း ဌာနချုပ်တွင်…
"မိုက်ရိုင်းလိုက်တာ။ မဟာရှက ငါတို့ကို တမင်သက်သက် ဆန့်ကျင်နေတာလား။ ငါတို့ စေလွှတ်လိုက်တဲ့ အထူးတပ်ဖွဲ့ဝင်တွေက အများကြီးပဲ၊ အခုတော့ အားလုံးနဲ့ အဆက်အသွယ်ပြတ်သွားပြီ" ဟု မြေပြင်စစ်သူကြီးက ဒေါသတကြီး အော်လိုက်သည်။
"မဟာရှက တကယ်ပဲ ရင်ဆိုင်ရခက်တာပဲ" ဟု ကောင်းကင်စစ်သူကြီးကလည်း ခေါင်းခါရင်း ပြောသည်။
"အစ်ကိုကြီး၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ" ဟု လူသားစစ်သူကြီးက ကျယ်လောင်စွာ မေးလိုက်သည်။
"လောလောဆယ်တော့ မဟာရှကို လက်လျှော့လိုက်ဖို့ပဲ ရှိတော့တယ်" ဟု ကောင်းကင်စစ်သူကြီးက သက်ပြင်းချရင်း ဆိုလိုက်သည်။
"လက်လျှော့ရမယ် ဟုတ်လား။ ဒီလို အရှုံးပေးလိုက်ရတာကို ကျွန်တော်တော့ မျိုမချနိုင်ဘူး"
မြေပြင်စစ်သူကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။ "အစ်ကိုကြီးပဲ ကြည့်လိုက်ပါဦး၊ အခု ကျွန်တော်တို့မှာ နောက်လိုက်က ၅ သန်းနီးပါး ရှိနေပြီ။ ပတ်ဝန်းကျင် ၈ နိုင်ငံစလုံးမှာ ကျွန်တော်တို့လူတွေ ရှိနေပြီ။ မဟာရှ တစ်နိုင်ငံတည်းကပဲ ကျွန်တော်တို့ကို ဟန့်တားနေတာ၊ အစ်ကိုကြီးက ဒါကို ကျေနပ်နေတာလား"
"ဟုတ်တယ် အစ်ကိုကြီး၊ ဒီအတိုင်း အရှုံးပေးနိုင်လို့လား။ ကျွန်တော်ကတော့ လုံးဝ မခံနိုင်ဘူး" ဟု လူသားစစ်သူကြီးက ဒေါသတကြီး ထောက်ခံလိုက်သည်။
"မင်းတို့က ဘာလုပ်ဖို့ စိတ်ကူးထားလဲ" ဟု ကောင်းကင်စစ်သူကြီးက မေးလိုက်သည်။
"အစ်ကိုကြီး၊ မဟာရှကို သင်ခန်းစာပေးရမယ်။ ကျွန်တော် နောက်လိုက် တစ်သန်းလောက် စုပြီး မဟာရှကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်။ အဝါရောင် ကောင်းကင်နတ်ဘုရားမှာ မျက်လုံး ဘယ်နှစ်လုံးရှိလဲဆိုတာ သူတို့ကို သိအောင်ပြရမယ်" ဟု မြေပြင်စစ်သူကြီးက ဒေါသတကြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော်လည်း ဒုတိယအစ်ကိုရဲ့ သဘောထားကို အပြည့်အဝ ထောက်ခံတယ်"
ကောင်းကင်စစ်သူကြီးက သူ့ညီနှစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ မကြာသေးမီက ဆက်တိုက်အောင်မြင်မှုတွေကြောင့် သူ့ညီနှစ်ယောက်မှာ မာန်တက်နေပြီဖြစ်ကြောင်း သူခံစားမိလိုက်သည်။ မဟာရှကဲ့သို့သော နိုင်ငံကြီးတစ်နိုင်ငံသည် တကယ်ပဲ အနိုင်တိုက်ဖို့ လွယ်ကူပါ့မလား။ လွယ်ကူနေလျှင် အခြားနိုင်ငံများစွာတို့သည် ယခင်က အရှုံးနှင့် ရင်ဆိုင်ခဲ့ရမည် မဟုတ်ပေ။
သို့သော်လည်း သူ့အနေဖြင့် တား၍ရမည် မဟုတ်ကြောင်း သိသဖြင့် လိုက်လျောလိုက်ရသည်၊ "တိုက်မယ်ဆိုရင်လည်း တိုက်ကြပေါ့၊ ဒါပေမဲ့ မင်းတို့နှစ်ယောက် သတိထားရမယ်။ ရှေ့တန်းကို ဇွတ်မတိုးနဲ့။ အခြေအနေမဟန်ရင် ချက်ချင်း ဆုတ်ခွာရမယ်"
"နားလည်ပါပြီ အစ်ကိုကြီး" စစ်သူကြီးနှစ်ဦးက ဝမ်းသာအားရ ပြောလိုက်ကြသည်။
ထို့နောက် ချက်ချင်းပင် ၎င်းတို့သည် နောက်လိုက် တစ်သန်းကို စုစည်းကာ မဟာရှနိုင်ငံဆီသို့ ချီတက်လာကြတော့သည်။
လင်းပိုင်ဖန်က သတင်းကို ကြားလိုက်ရချိန်တွင် အံ့အားသင့်သွားခဲ့သည်။
"သူတို့ခေါင်းကို မြည်းကန်ခံလိုက်ရတာလား"
နောက်လိုက် တစ်သန်းဆိုသော စစ်တပ်မှာ အထင်ကြီးစရာဟု ထင်ရသော်လည်း ပုံမှန်စစ်တပ်နှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ထိုနောက်လိုက်များမှာ မူလက သာမန်အရပ်သားများသာဖြစ်ပြီး လက်နက်ကိရိယာနှင့် ကျွမ်းကျင်မှုမရှိဘဲ တိုက်ပွဲဝင်ရန် မသင့်တော်သူများသာ ဖြစ်သည်။
လင်းပိုင်ဖန်အနေဖြင့် ပုံမှန်စစ်သည် ၂ သိန်းလောက် လွှတ်လိုက်ရုံဖြင့် သူတို့ကို အေးဆေးဖြေရှင်းနိုင်သည်။
" သေချာအောင် ၃ သိန်းလွှတ်လိုက်မယ်"
လင်းပိုင်ဖန် စဉ်းစားမရဖြစ်နေသည်၊ "ဘယ်သူက သူတို့ကို ဒီလောက် သတ္တိတွေ ပေးလိုက်တာလဲ၊ ဧကရာဇ် ကျင့်ရု လား"
"အရှင်မင်းကြီး၊ ယုံကြည်သူ တစ်သန်းပါရှိတဲ့ စစ်တပ်ကြီးက ကျွန်တော်မျိုးတို့ နယ်စပ်ကို ချဉ်းကပ်လာနေပါပြီ။ အခြေအနေက နည်းနည်း တင်းမာနေပါတယ်၊ ဘယ်လို သဘောရပါသလဲ"
လင်းပိုင်ဖန်က လက်ကာပြလိုက်ပြီး "စစ်သူကြီးဝမ်က မြောက်ပိုင်းမှာ ရှိနေတာပဲ၊ သူ့ကို စစ်တပ်ဦးဆောင်ပြီး ဖြေရှင်းခိုင်းလိုက်။ ပြီးတော့ အရက်ဓားအင်မော်တယ် နဲ့ လက်ဗလာဆရာကြီးတို့ကိုလည်း ကူညီဖို့ ဖိတ်လိုက်ပါ။ အချိန်တန်ရင် သူတို့ခေါင်းဆောင်တွေကို အရင်နှိမ်နင်းလိုက်။ ခေါင်းဆောင်မရှိရင် ဒီယုံကြည်သူတွေဆိုတာ လူအုပ်စုကြီးတစ်ခုထက် မပိုဘူး၊ ဘာမှ ကြောက်စရာမရှိဘူး"
"မှန်လှပါ အရှင်မင်းကြီး"