အဲဒါ မြေခွေးမိစ္ဆာ သားရေလေ
Vol. 16 Ch. 151
မျက်စိတမှိတ်အတွင်းမှာပင် ပထမလသည် ကုန်ဆုံးသွားခဲ့လေပြီ။ နှစ်သစ်ကူးအငွေ့အသက်များသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး အိမ်တိုင်းစေ့သည် နှစ်သစ်အတွက် ဝမ်းစာရှာဖွေရန် စတင်အလုပ်ရှုပ် နေကြပြီ ဖြစ်၏။
ရက်အနည်းငယ်ဆက်တိုက် ဧည့်သည်များက အိမ်တိုင်ရာရောက် လာပြီး အမွှေးနံ့သာများကို လာပြီးဝယ်ယူသည်တွင် အားချန်သည်လည်း ဆိုင်တံခါးဖွင့်ပြီး ဈေးရောင်းရန် စတင်စဉ်းစားရတော့သည်။
သို့သော် တံခါးမဖွင့်မီ သူမသည် အိမ်ထဲက ငွေများကို အရင်ဆုံးစုစည်းလိုက်ပြီး ငွေစက္ကူ လျန် ၂၀၀၀ ကိုထုတ်ယူကာ အနောက်ဘက်ဈေးသို့ ထွက်လာခဲ့လိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ သူမ၏ ဦးတည်ချက်မှာ ရှင်းလင်းပြတ်သားပြီး အနောက်ဘက်စျေးရှိ အကြီးဆုံးအမဲလိုက် မုဆိုးဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။
ဒီဆိုင်၏ အပြင်အဆင်မှာ ပိုမိုကျယ်ဝန်းပြီး ကောင်းတာများကိုပင် အများအပြားခွဲထားလေသည်။
အားချန်က ‘သားရဲ’ဟူသည့် ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ကောင်တာသို့ လျှောက်သွားလိုက်၏။ ကောင်တာနောက်ရှိ ဆိုင်ရှင်က သူမ လျှောက်လာသည်ကို မြင်လိုက်သောအခါ ပြုံးပြပြီးမေးလိုက်၏။ "မိန်းကလေး ဘာဝယ်ချင်လို့လဲ"
"လုံကျစ်ရဲ့ ပဉ္စမမြောက် ဦးနှောက်"
လုံကျစ်ကောင်ဆိုသည်မှာ ခေါင်းကိုးလုံး အမြီးကိုးချောင်း ပါရှိပြီး အမြီးကိုးချောင်းမြေခွေးနှင့် အလွန်တူလေသည်။ သို့သော်ငြား ခေါင်းအရေအတွက် များလွန်းသဖြင့် သိပ်ပြီးဉာဏ်မကောင်းလှချေ။ ထို့ကြောင့် မုဆိုးများ၏ ပစ်မှတ်ထားခြင်းကို အလွယ်တကူ ခံရတတ်လေသည်။
ဆိုင်ရှင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ ဒီတောင်းဆိုမှုသည် အမှန်တကယ် ရှားပါးလှပေသည်။ သို့သော်ငြား ကုန်လှောင်ရုံထဲတွင် လုံကျစ် အလောင်းတစ်လောင်းတော့ ရှိနေသေးသည်။
"မိန်းကလေး ခဏလောက်စောင့်ပါ"
ဆိုင်ရှင်သည် ကုန်လှောင်ရုံထဲသို့ ဝင်သွားပြီး တစ်နာရီ၏လေးပုံ တစ်ပုံခန့်အကြာတွင် အနက်ရောင်အိုးတစ်လုံးကို ပွေ့ပိုက်ပြီး ပြန်ထွက်လာလေ၏။
အိုးကိုအလုံးပိတ် မထားသဖြင့် အတွင်းကဖော်ပြရန်ခက်ခဲသည့် အနံ့တစ်ခု ထွက်ပေါ်လို့နေသည်။ ချိုသလိုလို ညှီစို့စို့နိုင်ပြီး အလွန်ထူးဆန်းလှ၏။ အိုး၏နှုတ်ခမ်းဝတွင်လည်း အနက်ရောင်သွေးစများ ပေကျံလို့နေသည်။
"မိန်းကလေးကြည့်ပါဦး ပစ္စည်းမှန်ရဲ့လား။ အသစ်တူးထုတ်ထားတဲ့ လုံကျစ်ဦးနှောက်ပါ။ လတ်ဆတ်မှုကတော့ အာမခံပါတယ်" ဆိုင်ရှင်သည် အိုးကို ကောင်တာပေါ် တင်ပေးလိုက်ပြီး အားချန်ကို စစ်ဆေးခိုင်းလိုက်၏။
အားချန်ကလည်း ရွံရှာစွာဖြင့် နှာခေါင်းကို အုပ်ထားလိုက်ပြီး ခေါင်းလေးကို ပြူကြည့်လိုက်လေသည်။ ထိုနောက်တွင်တော့ ဆိုင်ရှင်ထံမှ သစ်ကိုင်းတစ်ချောင်းကို တောင်းယူကာ အိုးထဲတွင် နှစ်ချက်လောက် မွှေကြည့်လိုက်ရာ အတွင်းရှိ အနက်ရောင် ဦးနှောက်သည် ကျုံ့နိုင်ဆန့်နိုင်အား အလွန်ကောင်းပြီး နှစ်ချက်လောက် ထိုးလိုက်သော်ငြားလည်း ပေါက်ပြဲသွားခြင်းမရှိချေ။
သူမသည် ဆိုင်ရှင်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ကျေနပ်ကြောင်းပြသလိုက်၏။ ထိုနောက်တွင်တော့ "ဘယ်လောက်လဲ" ဟု မေးလိုက်လေသည်။
"ဒီလုံကျစ်ကောင်ရဲ့ ကျင့်ကြံမှုအဆင့်က အဆင့်သုံးရှိပါတယ်။ လုံကျစ်ဦးနှောက်တစ်လုံးကို လျန် တစ်ထောင် သတ်မှတ်ထားပါတယ်။ ပြီးတော့ မိန်းကလေးက ပဉ္စမမြောက်ဦးနှောက်ကို သီးသန့်ယူမှာမို့လို့ နောက်ထပ် လျန်ငါးရာ ထပ်ပေးရပါမယ်"
ခန့်မှန်းထားသော စျေးနှုန်းနှင့် သိပ်မကွာခြားသဖြင့် အားချန်သည် ဈေးမဆစ်တော့ဘဲ ငွေစက္ကူကို တိုက်ရိုက် ပေးချေလိုက်ပြီး အနက်ရောင်ဦးနှောက်များ ပါဝင်သည့်အိုးတစ်လုံးကို ရရှိလာတော့သည်။
အမဲလိုက်မုဆိုးဆိုင်မှ မထွက်ခွာခင်တွင် ဆိုင်ရှင်အိုးကို အလုံပိတ်ပေးလိုက်ပြီး လျှော်ကြိုးဖြင့် ချည်နှောင် ပေးလိုက်သဖြင့် သူမကလက်ဖြင့် ဆွဲယူသွားနိုင်လေသည်။
အားချန်သည် ဦးနှောက်အိုးကိုဆွဲကာ အိမ်သို့ပြန်လာခဲ့လိုက်၏။ အိမ်ရောက်သောအခါ သူမသည် အိုးကိုရေတွင်းနားတွင် ချထားလိုက်ပြီး မီးဖိုချောင်သို့သွားကာ ဆားအိုးကိုယူလာခဲ့လိုက်သည်။ ထိုနောက်တွင်တော အိုးထဲသို့ ဆားသုံးစွန်း ခပ်ထည့်လိုက်ပြီး ရေတွင်းထဲကရေကို အပြည့်ဖြည့်လိုက်သည်။
ထို့နောက်နေ့တိုင်း ရေတစ်ကြိမ်လဲ ပေးရလေသည်။ ၇ရက်မြောက်နေ့ ရောက်သောအခါ ရေကို သွန်ပစ်လိုက်ပြီးနောက် အိုးထဲရှိဦးနှောက်ပေါ်တွင် အနက်ရောင် အမြှေးပါးတစ်လွှာ ပေါ်လာခဲ့လေသည်။
အားချန်သည် အနက်ရောင် အမြှေးပါးကို တူဖြင့် ဆယ်ယူလိုက်၏။ ထိုအမြှေးပါးကို ကြည့်ရသည်မှာ မကြီးမားသော်ငြားလည်း ဖြန့်လိုက်သောအခါ အလွန်ကြီးမားသည့် အချပ်ပြားကြီးတစ်ခု ဖြစ်လာခဲ့သည်။
သူမသည် အနက်ရောင် အမြှေးပါးကို ဖြန့်ခင်းလိုက်ပြီး သန့်ရှင်းသည့် မြေပေါ်တွင်တင်ကာ သဘာဝလေဖြင့် ခြောက်သွေ့သွားစေရန် စောင့်ဆိုင်းလိုက်လေသည်။
ဒီကာလအတွင်းတွင် အမွှေးနံ့သာဆိုင်သည် တရားဝင် စတင်ဖွင့်လိုက်ပြီဖြစ်၏။ နေ့စဉ်ဆိုင်သို့ လာရောက်သော ဧည့်သည်များသည် မများလွန်း မနည်းလွန်းရှိသော်ငြား သူမကိုတော့ အမြဲတစေ အလုပ်ရှုပ်နေစေသည်။
အလုပ်ရှုပ်နေရင်းနှင့်ပင် ပထမလသည် တိတ်ဆိတ်ငြိမ်သက်စွာ ကုန်ဆုံးသွားပြီး ဒုတိယလသို့ ရောက်ရှိလာခဲ့၏။
ဒီနေ့ညနေစောင်းတွင် အားချန်သည် ဆိုင်ပိတ်ပြီးနောက် အနောက်ဘက်ခြံဝင်းထဲသို့ ပြန်လာပြီး ခြံဝင်းထောင့်တွင် လှမ်းထားသည့် အနက်ရောင် အမြှေးပါးကို သွားကြည့်လိုက်၏။ ထို အမြှေးပါးသည် ခြောက်သွေ့မာကျောသွားပြီဖြစ်ကာ အပေါ်တွင်အဖြူရောင် ပုံဆောင်ခဲများ ထွက်ပေါ်နေလေသည်။
သူမက ကပ်ကြေးဖြင့် အနက်ရောင် အမြှေးပါးကို အပိုင်းအငယ်လေးများ ဖြစ်အောင်ညှပ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော သစ်သားသေတ္တာထဲသို့ ထည့်လိုက်၏။ ထိုနောက်တွင်တော့ အသုံးပြုရန် အမှုန့်ကြိတ်ရဦးမည်။
အနက်ရောင် အမြှေးပါးကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် အားချန်သည် ဗိုက်ကို ပွတ်သပ်လိုက်လေ၏။ အချိန်အကြာကြီး အလုပ်လုပ်နေရသဖြင့် ညစာကို အချိန်မှန် မစားနိုင်ဘဲ ပင်ပန်းပြီးဗိုက်ဆာနေလေပြီ။
သူမသည် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချလိုက်ပြီး လူဖြစ်ရတာ တကယ်ခက်ခဲတာပဲဟု ပိုပြီးခံစားလာရတော့သည်။
သူမသည် မတ်တပ်ထရပ်လိုက်ပြီး သစ်သားသေတ္တာကို သေသေချာချာလေး နေရာချထားလိုက်ကာ မီးဖိုချောင်သို့သွားပြီး စားစရာရှာဖွေရန် ပြင်ဆင်လိုက်ချိန်မှာပင် အခန်းတံခါးပွင့်သွားသည့် အသံကို ကြားလိုက်ရလေသည်။
အားချန်သည် ခေါင်းလှည်းကြည့်လိုက်သည်နှင့် ချန်ဟွေ့သည် အခန်းထဲက ထွက်လာသည်ကို တွေ့လိုက်ရတော့၏။
"ချန်ဟွေ့။ ရှင် နောက်ဆုံးတော့ နိုးလာပြီပဲ" သူမသည် ချန်ဟွေ့၏ရှေ့သို့ အမြန်လျှောက်သွားလိုက်ပြီး ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလုမတတ်ဖြစ်သွားတော့သည်။
ချန်ဟွေ့၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သူမသည် အသက်ရှင်နေခြင်း မဟုတ်သော်ငြားလည်း တစ်ဖန်ပြန်လည် နှိုးထလာရသည့် ခံစားချက်ကာ အလွန်ကောင်းမွန်လွန်းလှ၏။ အထူးသဖြင့် အိမ်တွင် သူမကို စောင့်မျှော်နေသူ ရှိနေခြင်းကြောင့်ပင်။
"တကယ်တော့ လွန်ခဲ့တဲ့ရက် နည်းနည်းလေး ကတည်းက အသိစိတ်ဝင်နေပါပြီ။ ဒါပေမဲ့ အဆင့်တက်တာ မပြီးသေးလို့ နိုးလာတာ နည်းနည်းနောက်ကျသွားတာ"
"ဘယ်လိုခံစားရလဲ။ နေလို့မကောင်းတာမျိုး ရှိသေးလား" အားချန်က မေးလိုက်၏။ ချန်ဟွေ့က ခေါင်းခါပြလိုက်ကာ ပြောလိုက်လေသည်။ "မရှိပါဘူး။ အားလုံး ပုံမှန်ပါပဲ"
"ဒါဆိုရင် ကောင်းတာပေါ့" ပြောပြီးသည်နှင့် အားချန်သည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား လေသံကို လျှော့ချလိုက်ကာ မေးလိုက်၏။ "ကျွန်မစားပွဲပေါ်မှာ ချထားတဲ့ မြေရာပိုင်ဆိုင်မှု စာချုပ်ကိုတွေ့လား"
ချန်ဟွေ့၏ မျက်နှာပေါ်က အပြုံးများမှာ မှေးမှိန်သွားပြီး သူမသည် သက်ပြင်းတစ်ချက် ဖွဖွလေးချကာ အားချန်ကို မေးလိုက်၏။ "တွေ့တယ်။ ရူဟွေ့က ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်ခဲ့ရဲ့လား"
"ငြိမ်းငြိမ်းချမ်းချမ်းပဲ ထွက်ခွာသွားခဲ့ပါတယ်။ သူ့ကို လိုက်ဒုက္ခပေးနေတဲ့ ကိစ္စတွေအားလုံးလည်း ဖြေရှင်းပြီးသွားပါပြီ"
ချန်ဟွေ့က ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ မေးလိုက်လေသည်။ "ရှင်သူ့ကို ကူညီလိုက်တာလား"
ရူဟွေ့ ဂရုစိုက်ခဲ့သည့် ကိစ္စများကို သူမအသက်ရှင်စဉ်က ဖြေရှင်းရန် အချိန်ရှိခဲ့မည် မဟုတ်ပေ။ အားချန်က ဒီလိုပြောလာသည်မှာ နောက်ပိုင်းတွင် တစ်စုံတစ်ခု ဖြတ်သွားခဲ့သောကြောင့်သာ ဖြစ်ရပေမည်။
အားချန်ကလည်း မငြင်းဆန်ခဲ့ပေ။ "သူက ရှင့်ရဲ့သူငယ်ချင်းပဲလေ သူ့ကိုကူညီတယ်ဆိုတာ လမ်းကြုံလို့ပါ"
ဒီအပြင် ဖယောင်းတိုင် တစ်တိုင်လေးပဲ ထွန်းပေးလိုက်ရုံပဲလေ။ အဲဒီနောက်မှာတော့ လည်ပင်းပေါ်မှာရှိတဲ့ သံကြိုးတစ်ဝက်က လုံးဝကို ကျိုးပဲ့သွားတယ်ဆိုတော့ အရှုံးရှိတယ်လို့ ပြောလို့မရပါဘူး။
အခုတော့ သံကြိုး ခြောက်ချောင်းထဲမှာ နောက်ဆုံးတစ်ချောင်းပဲ ကျန်တော့တယ်။
ချန်ဟွေ့ နိုးလာသဖြင့် အားချန်သည် သူမကိုယ်တိုင် ပြန်လည်အသက်ဝင် လာသလို ခံစားလိုက်ရတော့သည်။
ချန်ဟွေ့က သူမအတွက် ကြက်သားဖက်ထုပ် တစ်ပန်းကန်လုပ် ပေးလိုက်သည်။ အားချန်က စားပွဲဘေးတွင်ထိုင်ကာ ပူပူနွေးနွေး ကြက်သားဖတ်ထုပ်များကို ကျေနပ်အားရစွာ စားသောက်နေပြီး ချန်ဟွေ့ကတော့ ဘေးတွင်ထိုင်ကာ သေတ္တာထဲက အနက်ရောင် အမြှေးပါးကို လက်ဖြင့်တခုချင်း အမှုန့်ကြိတ်နေတော့၏။
"မွှေးလိုက်တာ။ ဒါက ဘာပစ္စည်းလဲ" အနက်ရောင် အမြှေးပါးသည် မူလက အနံ့မရှိသော်လည်း အမှုန့်ကြိတ်လိုက်သောအခါ တစ်ခန်းလုံး ချိုမြိန်သည့် အမွှေးနံ့များ ပြည့်နှက်သွားလေတော့သည်။
အားချန်က နောက်ဆုံးဖက်ထုပ် တစ်လုံးကို စားလိုက်ပြီးမှ ပြန်ဖြေလိုက်၏။ "ဒါက ဝိညာဉ်ထိန်းချုပ်တဲ့ အမွှေးနံ့သာရဲ့အဓိက ကုန်ကြမ်းပဲ။ ကျွန်မက အဲဒီအမွှေးနံ့သာ လုပ်ရတာလက်ဝင်ပြီး အာနိသင်လည်း သိပ်မကောင်းလို့ ဒီအတိုင်းပဲ သုံးလိုက်တော့မယ်"
"ဘယ်လို... ဒါကို ဘာလို့သုံးမှာလဲ"
အားချန်က ပြောလိုက်၏။ "နောက်ထပ် အချိန်တစ်ခုကြာရင် ကျွန်မရဲ့မိတ်ဆွေဟောင်း တစ်ယောက် ရှန့်ကျင်းကို ရောက်လာတော့မယ်။ ဒါက ပထမဦးဆုံးတွေ့ဆုံတဲ့ လက်ဆောင်လေ"
ချန်ဟွေ့သည် ကြိတ်ထားသော အမှုန့်များကို အဝတ်ထဲသို့ သေချာစွာထည့်လိုက်ပြီး ကြိုးဖြင့် ချည်နှောင်လိုက်လေသည်။ ထိုနောက်မှ မေးလိုက်၏။ "ဘယ်လိုမိတ်ဆွေ ဟောင်းမျိုးလဲ"
"ကျွန်မအသက်ကို... ကယ်ခဲ့ဖူးတဲ့ လူတစ်ယောက်လို့ ပြောလို့ရပါတယ်"
အားချန် ပြောခဲ့သော အချိန်တစ်ခု ကြာပြီးနောက်ဆိုသည်မှာ ဆယ်ရက်ကျော် ကုန်ဆုံးသွားပြီဖြစ်ပြီး မျက်စိတမှိတ် အတွင်းမှာပင် ဒုတိယလ ၁၂ရက်နေ့ ပန်းပွဲတော်သို့ ရောက်ရှိလာခဲ့လေသည်။
မနှစ်က ဒီအချိန်တွင် သူမနှင့် ရှောင်လင်းရှီတို့သည် ယုံရှန်းတောင်ပေါ်ရှိ ပန်းနတ်သမီး ဘုရားကျောင်းသို့ သွားကာ ပန်းနတ်သမီးကို သွားရောက်ပူဇော်ခဲ့ကြသည်။ ဒီနှစ်တွင်တော့ ချန်ဟွေ့နှင့်အတူ လာခဲ့ခြင်းဖြစ်သည်။
ပန်းနတ်သမီးဘုရား ကျောင်းရှေ့တွင် လူများဖြင့် ပြည့်နှက်လို့နေ၏။ အားချန်က မက်မွန်ပန်းနှစ်ခက် ဝယ်ယူလိုက်ပြီး တစ်ခက်ကို ချန်ဟွေ့အားပေးလိုက်၏။
ပန်းနတ်သမီးကို အမွှေးတိုင်ပူဇော်ပြီးနောက် သူမသည် လက်ထဲက ပန်းခက်ကို နတ်သမီးရုပ်တုရှေ့က ကျောက်စိမ်းပန်းအိုးထဲသို့ ပစ်ထည့်လိုက်လေသည်။
ထိုကျောက်စိမ်းပန်းအိုး တစ်စုံ၏ပတ်လည်တွင် ပန်းခက်များ ပြန့်ကျဲနေ သော်ငြားလည်း အားချန်ပစ်လိုက်သော ပန်းခက်ကတော့ ကျောက်စိမ်းပန်းအိုးထဲသို့ ကွက်တိဝင်ရောက်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ဘေးပတ်ဝန်းကျင်ကလူများက သူမကို ဝိုင်းပြီး ဂုဏ်ပြုကြလေသည်။ တချို့လူများက သူတို့လက်ထဲက ပန်းခက်များကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်ကြပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ပန်းနတ်သမီး၏ ကောင်းချီးကို မျှဝေခံစားနိုင်မည်ဟု ယူဆနေကြပုံရ၏။
ယုံရှန်းတောင်ပေါ်မှ ပြန်ဆင်းလာသောအခါ အားချန်၏ ရင်ခွင်ထဲတွင် မက်မွန်ပန်းခက်များအပြည့် ပွေ့ဖက်ထားသဖြင့် လူကပင် ပန်းများကြားထဲတွင် မြှုပ်လုမတတ် ဖြစ်နေတော့၏။
အပြန်လမ်းတလျှောက် သူမ၏စိတ် အခြေအနေသည် အလွန်ကောင်းမွန်နေပြီး ဒီနေ့တွင် ကောင်းသောကိစ္စတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားနေရတော့သည်။
မြင်းလှည်းသည် ယိမ်းထိုးကာဖြင့် မြို့ထဲသို့ မောင်းနှင်လာခဲ့ကာ ယုံတင့်ဂိတ်နှင့် မနီးမဝေးနေရာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားတော့သည်။
"ချန်ဟွေ့ ဘာဖြစ်တာလဲ"
အားချန်သည် မြင်းလှည်းရပ်သွားသည်ကို ခံစားလိုက်ရသဖြင့် ခန်းဆီးစကိုမပြီး အပြင်သို့ကြည့်လိုက်သည်တွင် မြင်းလှည်းများနှင့် မြို့ထဲသို့ဝင်မည့် ပြည်သူများကြားက ရှေ့တွင်ပိတ်ဆို့နေသည်ကို တွေ့လိုက်ရလေသည်။
ချန်ဟွေ့က မတ်တတ်ထရပ်ပြီး မြင်းလှည်းပေါ်မှနေ၍ မြို့တံခါးဘက်သို့ လှမ်းကြည့်လိုက်၏။ ခဏကြာအောင် လေ့လာပြီးမှ အားချန်ကို ပြောလိုက်လေသည်။ "မြို့တံခါးအပြင်ဘက်မှာ အစောင့်တွေ တားထားတယ်။ ကြည့်ရတာ ဂုဏ်သရေရှိ လူကြီးမင်းတစ်ယောက် မြို့ထဲကို လာတော့မယ့်ပုံပဲ"
"ဘယ်လိုဂုဏ်သရေရှိ လူကြီးမင်းမလို့ ဒီလောက်တောင် အခြွေအရံများရတာလဲ"
"ယာဉ်တန်းက လာနေပြီ" ချန်ဟွေ့ကပြောလိုက်သည်ကို ကြားလိုက်ရသောအခါ အားချန်သည် မြင်းလှည်းထဲကချက်ချင်း ထွက်လာခဲ့လိုက်တော့သည်။ သူမသည် ချန်ဟွေ့၏လက်မောင်းကို ဖက်တွယ်ကာ မြင်းလှည်းပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်တွင် မည်းမည်းမှောင်နေသည့် ယာဉ်တန်းကြီးတစ်ခုသည် မြို့တံခါးဘက်သို့ ဦးတည်လာသည်ကို အမှန်ပင် တွေ့လိုက်ရလေသည်။
ယာဉ်တန်းကြီးက နီးကပ်လာသောအခါ ရှေ့တွင် ပိတ်ဆို့နေသော လှည်းတန်းများကလည်း ရုတ်တရက် လှုပ်ရှားလာကြသည်။ မူလက လိမ္မာနေသည့် မြင်းများသည် တစ်စုံတစ်ခု လှုံ့ဆော်မှုကို ခံလိုက်ရသည့်အလား ဂနာမငြိမ်ဖြစ်လာကြလေသည်။
မြင်းလှည်းမောင်းသူများသည် မြင်းများကို အပြင်းအထန် ကြိုးစားကာထိန်းသိမ်း နေကြသော်လည်း အသုံးဝင်ပုံမရချေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားချန်သည် မျက်လုံးများကို အနည်းငယ် မှေးစဉ်းထားလိုက်ပြီး ဘေးက ချန်ဟွေ့ ကိုပြောလိုက်၏။ "ချန်ဟွေ့ မြင်းလှည်းကို ဒီနားမှာပဲ ရပ်ထားခဲ့လိုက်။ ကျွန်မတို့ အရှေ့ကို သွားကြည့်ရအောင်"
"ကောင်းပြီ" ချန်ဟွေ့ကလည်း အကြောင်းအရင်းကို မမေးဘဲ အားချန်ကိုတွဲပြီး မြင်းလှည်းပေါ်က ဆင်းလိုက်လေသည်။ ထိုနောက် နှစ်ဦးသားက ရှေ့ဘက်သို့အတူတူ လျှောက်သွားလိုက်ကြ၏။
သူမတို့သည် ရှေ့တွင်ပိတ်ဆို့နေသော မြင်းလှည်းများနှင့် လမ်းသွားလမ်းလာများကို ဖြတ်ကျော်လာခဲ့ပြီးနောက် လှံများ ကိုင်ဆောင်ထားသည့် အစောင့်များ၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
ထိုအစောင့်များသည် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း လှံရှည်များကို ကိုင်ဆောင်ထားကြသည်။ လူတိုင်းသည် သန်မာထွားကြိုင်ပြီး စူးရှသောအကြည့်များ ပိုင်ဆိုင်ထားကြ၏။ သူတို့သည် သာမန်အစောင့်များနှင့် မတူဘဲ စစ်မြေပြင်တွင် တိုက်ပွဲပေါင်းများစွာ တွေ့ကြုံခဲ့ရသော စစ်သည်များနှင့် ပိုတူနေလေသည်။
အားချန်၏ အကြည့်သည် ထိုအစောင့်များ ကိုင်ဆောင်ထားသော လှံရှည်များပေါ်သို့ ဖြတ်သန်းသွားပြီး လှံရိုးတိုင်းတွင် ရှိနေသောအနက်ရောင် စက်ဝန်းပုံသဏ္ဍာန်လေးကို မြင်တွေ့လိုက်ရသည်တွင် နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားလေ၏။
ဒီနေ့ တကယ်ပဲ နေကောင်းရက်မြတ်ပဲ။ အကြာကြီးစောင့်နေခဲ့ရတဲ့ မိတ်ဆွေဟောင်းကတော့ ရောက်လာပြီ။
နောက်ဆုံးတွင်တော့ ယာဉ်တန်းကြီးသည် အားချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့လေသည်။ ပထမဦးဆုံး မြင်လိုက်ရသည်မှာ အဖြူရောင် မြင်းလေးကောင်ဖြစ်သည်။ ။
ထိုအဖြူရောင် မြင်းများ၏ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်း ပေါက်နေပြီး ခြေထောက်လေးချောင်းမှာ ကျားလက်သည်းများကဲ့သို့ ဖြစ်နေ၏။ ပါးစပ်ဟလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များကို တွေ့မြင်ရလေသည်။ ၎င်းတို့သည် မြင်းများမဟုတ်ဘဲ ကျားနှင့်ကျားသစ်များကို ဖမ်းယူစားသောက်နိုင်သည့် ပေါ်ရှို့ သတ္တဝါများ ဖြစ်ကြသည်။
ပေါ်ရှို့များ ပေါ်လာပြီးနောက်တွင် ဂနာမငြိမ်ဖြစ်နေသော မြင်းများသည် ရုတ်တရက် ဝပ်တွားသွားကြပြီး မြင်းလှည်းပေါ်ရှိ လူများမှာ အလန့်တကြား အော်ဟစ်ကုန်ကျလေတော့သည်။
လမ်းဘေး တစ်ဖက်တစ်ချက်တွင် ရှုပ်ထွေးနေစဉ် ပေါ်ရှို့များ ဆွဲလာသော အလွန်ခမ်းနားထည်ဝါလှသည့် မြင်းလှည်းသည် ဖြည်းညင်းစွာ ဖြတ်သန်းသွားလေသည်။
ထိုမြင်းလှည်းပေါ်တွင် အနက်ရောင် စက်ဝိုင်းပုံ တံဆိပ်ရှိနေသည်။
ဒီနေရာသည် ရှန့်ကျင်းဖြစ်သဖြင့် ထိုတံဆိပ်ကိုသိရှိသူ မများသော်ငြားလည်း ပေဟွမ် (မြောက်ပိုင်းလွင်ပြင်)တွင်တော့ ထိုတံဆိပ်ကို မသိသူ မရှိသလောက်ပင်။
ဒါသည် ပေဟွမ် ဝမ်အိမ်တော်၏ အမှတ်အသား ဖြစ်လေသည်။
ပေဟွမ်ဝမ်(မြောက်ပိုင်းလွင်ပြင်ဘုရင်) ၏ အမိန့်တော်မရှိဘဲ မြို့တော်သို့ ဝင်ရောက်ခွင့်မရှိသော်လည်း ပေဟွမ်ဝမ်ထိုက်ဖေး (မယ်တော်ကြီး) သည် ရှန့်ကျင်းဇာတိဖြစ်သဖြင့် ဆွေမျိုးများကို လာရောက်တွေ့ဆုံခြင်းအား ခွင့်ပြုထားလေသည်။
ဒီမြင်းလှည်းထဲတွင် ထိုင်နေသူမှာ ပေဟွမ်၏ အမြင့်မြတ်ဆုံး အမျိုးသမီး ဖြစ်လေသည်။
အားချန်၏ အကြည့်သည် ခမ်းနာသော မြင်းလှည်းပေါ်မှာနေ၍ မြင်းလှည်း ဘေးတွင် ပေါ်ရှို့ တစ်ကောင်ကို စီးနင်းလာသည့် လူငယ်တစ်ဦးစီ ရောက်သွားလေ၏။
ထိုလူ၏ အသားအရည်သည် အလွန်ဖြူဝင်းပြီး ရုပ်ရည်ကချောမော ခန့်ညားလေသည်။ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘေးတစ်ဖက်တစ်ချက်က လူအုပ်ကြီးကို သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်ရှုနေသည်။
ထိုလူ၏အကြည့်သည် အားချန်၏ ကိုယ်ပေါ်မှ ဖြတ်သန်းသွားသော်လည်း ရပ်တန့်ခြင်းမရှိခဲ့ချေ။
ထိုအချိန်တွင်ပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလို လက်ထဲက ဓားရှည်ကို ရုတ်တရက်တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
နောက်တ ခဏတွင် ပေဟွမ်ဝမ်ထိုက်ဖေး၏ မြင်းလှည်းအောက်က မီးခိုးလုံးများ ထွက်ပေါ်လာပြီး မကြာခင်မှာပင် မြင်းလှည်းကို ဖုံးလွမ်းသွားတော့သည်။ ထိုမီးခိုးများထဲတွင် လူအရိပ်တချို့ ပေါ်လာသည်ကို မသဲမကွဲမြင်လိုက်ရပြီး လက်နက်ချင်းထိခိုက်သံများ ထွက်ပေါ်လာခဲ့၏။
ဒါသည် ကြိုတင် ကြံစည်ထားသော လုပ်ကြံမှုတစ်ခုဖြစ်ကြောင်း ထင်ရှားလေသည်။
ဒီလိုမတော်တဆမှု ဖြစ်ပွားလာသဖြင့် လမ်းပိတ်ထားသော အစောင့်များသည် ရှေ့သို့ပြေးတက်ကာ ကူညီကြလေသည်။ မူလက လမ်းပိတ်ခံထားရသော လမ်းသွားလမ်းလာများမှာ ရှေ့သို့မတိုးရဲကြဘဲ နောက်သို့သာ ဆုတ်သွားကြပြီး သူတို့ဘာရောနှော ဒုက္ခရောက်မည်ကို စိုးရိမ်နေကြတော့သည်။
ချန်ဟွေ့ကလည်း အားချန်ကို ကာကွယ်ရင်း ဘေးသို့ကပ်လိုက်သော်ငြား အားချန်ကတော့ မြင်းလည်းရှိရာ ဘက်သို့သာ ကြည့်နေလေ၏။
ထိုနေရာက ရုန်းရင်းဆန်ခတ် ဖြစ်သွားသည့် အမှုကိစ္စသည် လျင်မြန်စွာ ဖြစ်ပျက်ခဲ့သလို လျင်မြန်စွာပင် ငြိမ်သက်သွားခဲ့၏။
နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သံကို ကြားလိုက်ရလေသည်။ "ကျောက်ယင်...နင်က မျိုးမစစ်ကောင်ပဲ"
ထိုနောက်တွင် ခေါင်းတစ်လုံးသည် လေထဲသို့ လွင့်စင်တက်သွားခဲ့၏။
မီးခိုးများ တဖြည်းဖြည်း ကင်းစင်သွားပြီးနောက် ကျောက်ယင်ဟု ခေါ်သောအမျိုးသားသည် ပေါ်ရှို့၏ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ အကွာအဝေးမှာ ဝေးကွာသောကြောင့် အားချန်သည် တစ်ဖက်လူ၏ မျက်နှာအမူအရာကို မမြင်ရသော်ငြား သူ့လက်ထဲက ဓားရှည်တွင် သွေးများ စွန်းထင်းနေပြီး သွေးစက်များက ဓားထိပ်ဖျားမှတစ်ဆင့် မြေကြီးပေါ်သို့ တစ်စက်စက် ကျဆင်းနေသည်ကို မြင်တွေ့နေရ၏။
မြင်းလှည်း၏ ဘေးပတ်လည်တွင် အလောင်းလေးလောင်း လှဲကျနေပြီး ထိုအလောင်းလေးခုထဲက သုံးလောင်းမှာ ဓားတစ်ချက်တည်းဖြင့် အသက်ပျောက် ခဲ့ရခြင်းဖြစ်ကာ ကျန်တစ်လောင်းကတော့ ခေါင်းပြတ်သွားခြင်း ဖြစ်လေသည်။ ထိုကြောင့် ထိုခမ်းနားထည်ဝါသော မြင်းလှည်းပေါ်တွင် သွေးများစွာ ပေကျံလို့နေတော့သည်။
ပေဟွမ်ဝမ်ထိုက်ဖေးသည် မြို့တံခါးအပြင်ဘက်တွင် လုပ်ကြံခံလိုက်ရသဖြင့် မြိုစောင့်တပ်မှူးသည် ပေါ့ဆရဲခြင်းမရှိဘဲ စစ်သည်များကို ဦးဆောင်ကာ ချက်ချင်းမြို့ပြင်ထွက်ပြီး ကြိုဆိုနေရလေသည်။
သူတို့သည် လူကို ကာကွယ်စောင့်ရှောက်ပြီး မြို့ထဲသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားရန် ရည်ရွယ်သော်ငြား မြင်းလှည်းခန်ဆီးက ရုတ်တရက် ပွင့်သွားပြီး ရုပ်ရည်ချောမောသော အစေခံမလေးနှစ်ဦးသည် မြင်းလှည်းထဲက အရင်ဆုံး ထွက်လာကြလေသည်။ ထိုနောက်တွင်တော့ ချောင်းဟန်သံတစ်ချက် ထွက်ပေါ်လာပြီး အဖြူရောင် သားမွေးဝတ်ရုံကို ခြုံလွှမ်းထားကာ ကျက်သရေရှိလှသည့် အမျိုးသမီးကြီးတစ်ဦးသည် မြင်းလှည်းထဲက ထွက်လာခဲ့လေသည်။
ထိုအမျိုးသမီးကြီးကို မြင်လိုက်ရသောအခါ မြို့စောင့်တပ်မှူးသည် ချက်ချင်းဒူးထောက်ကာ ဂါရဝပြုလိုက်၏။ "ကျွန်တော်မျိုး ထိုက်ဖေးကို ဂါရဝပြုပါတယ်"
ပေဟွမ်ဝမ်ဖိုက်ဖေးသည် ယခုနှစ်တွင် အသက်၅၀ကျော်နေပြီ ဖြစ်သော်ငြား မျက်နှာသွင်ပြင်ကို ကြည့်လျှင်တော့ ၃၀ ၄၀အရွယ်ခန့်သာ ရှိသေးပုံပေါ်နေသည်။ မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိဘဲ မျက်ဝန်းတစ်စုံသည်စူးရှပြီး အေးစက်နေကာ လူကိုကြည့်လိုက်သည့်အခါ ထိုလူသည် မိမိကိုယ်ကို ပုရွက်ဆိတ် လေးတစ်ကောင်ကဲ့သို့ သေးငယ်သွားသည်ဟု ခံစားရစေလေ၏။
သူမသည် မြေကြီးပေါ်တွင် ဒူးထောက်နေသော လူအုပ်ကြီးကို ဂရုမစိုက်ဘဲ မြင်းလှည်း ဘေးတွင်ရပ်နေသော ကျောက်ယင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ကျောက်ယင်သည် ထိုက်ဖေး မြင်းလှည်းထဲက ထွက်လာသည်ကို မြင်လိုက်သောအခါ ချက်ချင်းရှေ့သို့တိုးကာ မြင်းလှည်းအောက်တွင် ခါးကို ကိုင်းညွှတ်ကာ ဒူးထောက်လိုက်လေ၏။ ထိုက်ဖေးကလည်း သူ၏ကျောပြင်ကို တိုက်ရိုက်နင်းကာ မြင်းလှည်းပေါ်မှ ဆင်းသက်လိုက်လေသည်။
ပေဟွမ်ဝမ်ထိုက်ဖေး၏ ကိုယ်ပေါ်က သားမွေးဝတ်ရုံသည် မြေကြီးပေါ်တွင် တရွတ်တိုက်ပါလာပြီး မခြောက်သေးသေးသော သွေးကွက်များနှင့် ထိမိသွားလေ၏။ ဘေးနားက အစေခံမိန်းကလေးက အာမေဍိတ်သံ ပြုလိုက်သဖြင့် ထိုက်ဖေးသည် သတိပြုမိသွားပြီး နောက်လှည့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ် သွားတော့သည်။
ကျောက်ယင်က မတ်တပ်ထရပ်လိုက်ပြီး ထိုမြင်ကွင်းကို တွေ့လိုက်ရသည်တွင် ချက်ချင်း ဒူးထောက်ကာ အပြစ်ဝန်ခံလိုက်တော့သည်။
"ထိုက်ဖေး...ကျွန်တော်မျိုးကို အပြစ်ပေးပါ"
"ထပါ"
ကျောက်ယင်သည် နာခံစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီးနောက် မျက်နှာကို အားပြင်းလှသည့် ပါးရိုက်ချက်တစ်ချက်က ထိမှန်သွားလေသည်။
ထိုပါးရိုက်ချက်သည် အလွန်ကျယ်လောင်ပြီး ကျောက်ယင်၏ မျက်နှာပေါ်တွင် ထင်ရှားသော လက်ဝါးရာတစ်ခု ပေါ်လာခဲ့၏။ သူ့ရှေ့မှလူက "အသုံးမကျတဲ့ကောင်" ဟု အေးစက်စွာ ပြောလိုက်သည်ကိုလည်း ကြားလိုက်ရသေးသည်။
ပါးရိုက်ခံလိုက်ရပြီးနောက် ကျောက်ယင်သည် တစ်ဖန်ပြန်လည် ဒူးထောက်လိုက်ပြန်၏။
ပေဟွမ်ဝမ်ထိုက်ဖေးသည် သူ့ကိုကြည့်ပင် မကြည့်ဘဲ ဘေးနားက အစေခံမလေးက သားမွေးဝတ်ရုံကို ချွတ်ယူကာ လွှင့်ပစ်လိုက်သည်ကို ဒီအတိုင်းခွင့်ပြု ထားလိုက်လေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ဟွေ့သည် စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်၏။ "အဲဒီသားမွေးဝတ်ရုံက ဘာသားရေနဲ့ လုပ်ထားတာလဲ မသိဘူးနော်။ အမွေးအရောင်က တော်တော်လေး တောက်ပနေတာပဲ"
အားချန်က မလှမ်းမကမ်းက ထိုမြင်ကွင်းကိုကြည့်ရင်း တိုးညင်းစွာ ပြန်ဖြေလိုက်တော့သည်။ "အဲတာမြေခွေးမိစ္ဆာ သားရေလေ"
...