အဲဒီလူက ထိုက်ဖေးရဲ့မြေးတော်လေ ...
Vol. 16 Ch. 152
ချန်ဟွေ့မှာ အံ့အားသင့်သွားပြီး မြေခွေးမိစ္ဆာသားရေကို အသုံးပြုပြီး ချုပ်လုပ်ထားသည့် သာမွေးဝတ်ရုံကို ဒီအတိုင်းလွင့်ပစ်လိုက်ရဲသည်ကို နားမလည်နိုင်အောင် ဖြစ်နေတော့သည်။ "ဒီထိုက်ဖေးက တကယ်ဖြုန်းတီးတာပဲ"
မလှမ်းမကမ်းတွင်တော့ ထိုက်ဖေးသည် မြင်းလှည်းအသစ်ပေါ်သို့ တက်ရောက်နေပြီဖြစ်ကာ လူငယ်လေး၏ ကျောပြင်ကိုနင်းကာ တက်ရောက်သွားခဲ့ခြင်းဖြစ်၏။
ချန်ဟွေ့သည် သူတို့ စကားပြောဆိုနေသည်ကို ရှင်းလင်းစွာကြားလိုက်ရပြီး လုပ်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ချီးကျူးမခံရသည့်အပြင် အဝတ်အစား ညစ်ပေသွားသည်ကို အကြောင်းပြကာ ပါးရိုက်ခံရသည်ကို မကျေနပ်နိုင်ဖြစ်နေမိတော့၏။
ယခုအချိန်တွင် ထိုလူငယ်လေးသည် မြေပြင်ပေါ်တွင် ဝပ်တွားနေပြီး သူတပါးနင်းသွားသည်ကို ခံနေရသည်ကို မြင်လိုက်ရသောအခါ သူမသည် မျက်မှောင်ကြုတ်မိလိုက်တော့သည်။
သူမသည် သူတစ်ပါးကိစ္စများကို စိတ်မဝင်စားသော်ငြားလည်း ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရသောအခါ စိတ်မသက်မသာ ဖြစ်မိလေသည်။
ချန်ဟွေ့၏စကားကို ကြားလိုက်ရသောအခါ အားချန်ကလည်း ပြန်ပြောလိုက်၏။ "သူ ပေဟွမ်ဝမ်ရဲ့ အမေအရင်းဖြစ်ပြီး ယခင်မင်းဆက် မင်းဆရာကြီးရဲ့သမီးတော် ဆိုတော့ သူ သုံးခဲ့တဲ့ပစ္စည်းတွေက အကောင်းဆုံးပဲ ဖြစ်မှာပေါ့"
သို့သော် လွန်ခဲ့သောနှစ် အနည်းငယ်က ပေဟွမ်ဝမ်ထိုက်ဖေးသည် ဒီလိုပုံစံမျိုး မဟုတ်ခဲ့ကြောင်း အားချန် မှတ်မိနေလေသည်။ ယခု လိုရာသီဥတုမျိုးတွင် မြေခွေးမိစ္ဆာသားမွေးဝတ်ရုံကို ဝတ်ဆင်ထားခြင်းကို ကြည့်လျှင် ဒီတစ်နှစ်ပေဟွမ်တွင် အတော်လေးစည်ကားခဲ့ပုံရသည်။
"သူ့စိတ်ဓာတ်က သိပ်မကောင်းပုံရတယ်"
ချန်ဟွေ့က ဘာကို ဆိုလိုသည်ကို အားချန်ကလည်း သိနေသဖြင့် မျက်လွှာချကာ ပြုံးလိုက်ပြီး မေးလိုက်၏။ "ခုနက လူငယ်လေးကို သနားစရာကောင်းတယ်လို့ ထင်သွားတာလား"
"နည်းနည်းပါ"
"သူတို့နှစ်ယောက် ဘယ်လိုတော်စပ်လဲဆိုတာကို ရှင်ခန့်မှန်းကြည့်ပါလား" အားချန်၏ မေးခွန်းကြောင့် ချန်ဟွေ့မှာ ပိုပြီးသိချင်စိတ် ပြင်းပြသွားလေတော့သည်။
"ဘယ်လိုတော်စပ်တာလဲ"
ထိုအချိန်တွင် ယာဉ်တန်းသည် ဆက်လက်ထွက်ခွာသွားလေပြီ။ ထိုက်ဖေး၏မြင်းလှည်းသည် မြို့တံခါးအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သလို လူငယ်လေး၏ အရိပ်အယောင်သည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။
အားချန်သည် ချန်ဟွေ့၏ လက်မောင်းကိုတွဲကာ ပြန်လာခဲ့လေသည်။ မြင်းလှည်းသည် မူလနေရာတွင် ရပ်ထားဆဲဖြစ်၏။ အားချန်က လှည်းပေါ်တက်လိုက်ပြီး တိုးတိုးလေး ပြောပြလိုက်လေသည်။ "သွေးသားတော်စပ်မှုအရ ပြောမယ်ဆိုရင် အဲဒီလူက ထိုက်ဖေးရဲ့ မြေးတော့လေ"
ချန်ဟွေ့မှာ မျက်လုံးပြူးသွားတော့သည်။
အားချန်က သူမကို အထူးတဆန်းပြုံးပြကာ ပြောလိုက်ပြန်သည်။ "မြေးအရင်းပါ"
သူမ၏ မိတ်ဆွေဟောင်းများအားလုံး ရောက်ရှိလာကြလေပြီ။
ထိုက်ဖေးမြို့ထဲသို့ ဝင်ရောက်သွားပြီးနောက် လမ်းပိတ်ထားသော အစောင့်များလည်း ပြန်လည်ဆုတ်ခွာ သွားကြလေသည်။
ရှေ့တွင် ပိတ်ဆို့ထားသော မြင်းလှည်းများနှင့် ပြည်သူများသည် မြို့ထဲဝင်ရန်တန်းစီ စောင့်ဆိုင်းနေကြပြီး မကြာခင်တွင် သူမတို့လှည်းအလှည့်သို့ ရောက်ရှိလာသဖြင့် ချန်ဟွေ့သည် မြင်းလှည်းကို မောင်းကာ မြို့ထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
အိမ်အပြန်လမ်းတွင် ချန်ဟွေ့သည် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပေဟွမ်ဝမ်ထိုက်ဖေး၏ အတိတ်အကြောင်းကို မေးမြန်းလိုက်တော့၏။
"ကျွန်မ မှတ်မိသလောက်တော့ ထိုက်ဖေးက ယခင် ပေဟွမ်ဝမ်နဲ့ လက်ထပ်ပြီးတော့ သားတစ်ယောက်ပဲ မွေးဖွားခဲ့တယ်။ အဲဒီသားက ပေဟွမ်ဝမ် နေရာကိုဆက်ခံခဲ့ပြီး အခုအချိန်ထိ အိမ်ထောင်မပြုရသေးဘူး မဟုတ်လား" သူမ၏ဦးနှောက်ထဲတွင်ရှိသည့်ထိုက်ဖေး နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေလိုက်သော်လည်း ဒီလောက်မျှသာ ရှိလေသည်။
"ဟုတ်တယ်လေ" အားချန်သည် ခန်းဆီးစကို မတင်လိုက်ပြီး တံခါးဘောင်ကို မှီထိုင်လိုက်၏။
ယနေ့ နေရောင်ခြည်သည် ကောင်းမွန်ပြီး လူကို နွေးထွေးမှု ပေးစွမ်းနေလေသည်။
"ဒါဆို မြေး ကဘယ်ကနေ ရောက်လာတာလဲ" အားချန်သည် အခြေအမြစ်မရှိဘဲ ပြောဆိုတတ်သူ မဟုတ်ကြောင်း ချန်ဟွေ့က ယုံကြည်ထားလေသည်။
"သူက ယခင်ပေဟွမ်ဝမ်နဲ့ သားတစ်ယောက်ပဲ မွေးဖွားခဲ့တာလေ။ သူ့မှာ သားတစ်ယောက်တည်း ရှိတယ်လို့ မဆိုလိုပါဘူး" အားချန်သည် နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး သူများ အတင်းပြောရသည်ကို သဘောကျနေပုံရကာ မျက်လုံးများက တောက်ပနေတော့သည်။
ချန်ဟွေ့၏ စိတ်ဝင်စားမှုကို အမြင့်ဆုံးသို့ ဆွဲတင်လိုက်ပြီးမှ အားချန်က ပြုံးရွှင်စွာပြောလိုက်လေသည်။ "ကျွန်မတို့ရဲ့ ဒီထိုက်ဖေးက တော်တော်လေး စွမ်းတယ်လေ။ ငယ်ငယ်တုန်းက အိမ်ထောင်တစ်ခါပြုဖူးပြီး သားတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီသားကို မွေးစားဖို့ပေးလိုက်ပြီးမှ ပေဟွမ်ဝမ်နဲ့ နောက်အိမ်ထောင်ပြုပြီး နောက်ထပ်သားတစ်ယောက် မွေးဖွားခဲ့တာ။ ကျောက်ယင်က သူ့အရင်သားရဲ့ သားဦးဆိုတော့ သူ့ရဲ့မြေဦးလို့ ပြောလို့ရတာပေါ့"
ချန်ဟွေ့မှာ အလွန်အံ့အားသင့် သွားတော့သည်။ ဒီထိုက်ဖေး ပေဟွမ်သို့ လက်ထပ်သွားသည်မှာ နှစ်ပေါင်း၂ဝကြာမြင့်နေပြီဖြစ်သဖြင့် မြို့တော်တွင် ဒီအတိတ်ဇာတ်ကြောင်း သိရှိသူ သိပ်မရှိတော့ပေ။ အနည်းဆုံးတော့ သူမသည် တစ်ခါမှပင် မကြားခဲ့ဘူးချေ။
"မြေးအရင်း ဖြစ်နေမှတော့ ဘာဖြစ်လို့ ဒီလိုဆက်ဆံနေရတာလဲ။ သူက ဒီမြေးကို သဘောမကျလို့လား" ချန်ဟွေ့သည် ပြောပြီးသည်နှင့် တစ်ခုခု လွဲနေသည်ဟု ခံစားလိုက်ရပြီး ပြန်ပြောလိုက် လေသည်။ "သူ့ကို ကိုယ့်ဘေးနားမှာ ခေါ်ထားမှတော့ ဒီမြေးလေးကို အလေးထားလို့ ဖြစ်ရမယ်လေ"
သူမ၏ရှေ့စကားနှင့် နောက်စကားသည် ဆန့်ကျင်ဘက် ဖြစ်နေသယောင်ပင်။ အားချန်က လေသံအေးအေးဖြင့် ပြောလိုက်၏။ "ဒါက ... ပေဟွမ်ဝမ်ထိုက်ဖေး လိုချင်တာက လိမ္မာတဲ့မြေးတစ်ယောက် မဟုတ်ဘဲ လိမ္မာတဲ့ခွေးတစ်ကောင် ဖြစ်နေလို့နေမှာပေါ့"
ချန်ဟွေ့သည် ခုနကမြင်ကွင်းကို ပြန်လည်တွေးလိုက်ပြီး အားချန်၏ စကားက မထင်မှတ်ဘဲ ကိုက်ညီနေသည်ဟု ခံစားလိုက်ရ၏။ ထိုဆက်ဆံပုံသည် လူတစ်ယောက်ကို ဆက်ဆံပုံစံ လုံးဝမဟုတ်ချေ။
အားချန်သည် လမ်းဘေးတစ်ဖက်တစ်ချက်ကို ကြည့်လိုက်ပြီး ချန်ဟွေ့ကို ပြောလိုက်လေသည်။ "ချန်ဟွေ့ ... ကျွန်မတို့ ချုံမင်ဖန်းကို သွားပြီး လင်းစွေ့ကို ရှာရအောင် ကျွန်မ သူ့ကို အကူအညီတောင်းစရာရှိလို့"
"ကောင်းပြီလေ" ချန်ဟွေ့သည် မြင်းလှည်းကို လှည့်လိုက်ပြီး စစ်သူကြီးအိမ်တော်ဘက်သို့ အရင်ဆုံး သွားလိုက်ကြ၏။ ဒီနေ့တွင် လင်းစွေ့သည် စာသင်နေရသဖြင့် အပြင်မထွက်ဖြစ်ချေ။ အားချန်က ရောက်လာချိန်တွင် သူမ၏စာသင်ချိန်က မပြီးဆုံးသေးချေ။
သို့သော်ငြား စစ်သူကြီးအိမ်တော်က အစေခံများက အားချန်နှင့်သူတို့၏ သခင်မလေးတို့ သူငယ်ချင်းဖြစ်သည်ကို သိရှိထားသဖြင့် အိမ်တော်သို့ တိုက်ရိုက် ဝင်ရောက်ခွင့် ပြုလိုက်လေသည်။
သူမတို့နှစ်ဦးသည် အစေခံမလေးနောက်သို့ လိုက်လာကာ လင်းစွေ့၏ခြံဝင်းသို့ ရောက်ရှိလာချိန်တွင် လင်းစွေ့သည် ခြံဝင်းထဲတွင် သိုင်းလေ့ကျင့် နေလေသည်။ အားချန်နှင့် ချန်ဟွေ့တို့ ရောက်လာသည်ကို မြင်လိုက်သောအခါ သူမသည် အံ့ဩသွားပြီး မက်မွန်ပန်းတိုင်ပေါ်က ခုန်ဆင်းကာ ကြိုဆိုလိုက်လေသည်။
"ရှင်တို့တွေ ယုံရှန်းတောင်ပေါ်ကို သွားကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ"
ရောက်လာရုံသာမက အားချန်၏ ရင်ခွင်ထဲတွင် မက်မွန်ပန်းခက်များအပြည့် ပွေ့ပိုက်ထားသေးသည်။
အားချန်က မက်မွန်ပန်းခက်များကို လင်းစွေ့အား ပေးလိုက်ပြီး ပြောလိုက်လေသည်။ "ဒါက ယုံရှန်းတောင်ပေါ်က ယူလာတာ။ ရှင့်ကို ပန်းနတ်သမီးရဲ့ ကောင်းချီးတွေ မျှဝေပေးမလို့"
လင်းစွေ့သည် ပန်းခက်များကို ပြုံးရွှင်စွာလက်ခံလိုက်လေသည်။ သူမသည်ပန်းနတ်သမီးကို မယုံကြည်သော်ငြား အားချန် ပေးသောပန်းများသည် ကံကောင်းချင်း ယူဆောင်လာပေးမည်ဟု ယုံကြည်လေသည်။
ဧည့်သည်များကို အခန်းထဲသို့ ဖိတ်ခေါ်ပြီးနောက် လင်းစွေ့က အစေခံများကို ထွက်ခွာခိုင်းလိုက်ပြီး အားချန်ကို မေးလိုက်တော့သည်။ "ဒီနေ့ ကျွန်မကို လာရှာတာ ဘာကိစ္စရှိလို့လဲ"
"ခုနတုန်းက မြို့ထဲဝင်လာတုန်းက ပေဟွမ်ဝမ်ထိုက်ဖေး မြို့ထဲဝင်လာတာနဲ့ တိုက်ဆိုင်သွားတယ်" ဒီကိစ္စကို လင်းစွေ့သည် သူမအစ်ကိုကြီးထံမှ ကြားသိထားပြီးသားဖြစ်၏။
"ဒီလောက် စောစောစီးစီး ရောက်လာတာ မင်းဆရာကြီးရဲ့ မွေးနေ့အတွက်လို့ အစ်ကိုကြီး ပြောတာကြားတယ်"
ယခင်မင်းဆက် မင်းဆရာကြီး ကျောက်ချီသည် ယခုနှစ်တွင် အသက်၈၀ပြည့်ပြီ ဖြစ်သည်။ ကျောက်မိသားစုသည် ဒီလက်ရှိမင်းဆရာနှင့် ယခင်ဧကရာဇ်မင်းကြီးတို့၏ ဆက်ဆံရေးကြောင့် လက်ရှိဧကရာဇ်မင်းကြီး၏ အရေးထားခြင်းကိုခံရပြီး ရှန့်ကျင်းတွင် နေရာတစ်နေရာ ရရှိထားလေသည်။ အထူးသဖြင့် စာပေလောကဘက်တွင် ဖြစ်၏။
"အင်း"
ရှင် အကူအညီ တောင်းချင်တာက အဲဒီထိုက်ဖေးနဲ့ ပတ်သက်နေတာလား"
"ထိပ်ဖေးရဲ့ဘေးမှာ ကျောက်ယင်လို့ခေါ်တဲ့ လူငယ်တစ်ယောက်ပါတယ်။ ကျွန်မက ရှင့်ကို ကျောက်မိသားစုကို စောင့်ကြည့်ပေးဖို့ အကူအညီတောင်းချင်လို့။ တကယ်လို့ ကျောက်ယင် တစ်ယောက်တည်း အပြင်ထွက်လာရင် ကျွန်မကို သတင်းပို့ပေးပါ" အားချန်သည် လင်းစွေ့ကို အားမနာဘဲ တိုက်ရိုက်ပြောလိုက်လေသည်။
"ကိစ္စမရှိပါဘူး" လင်းစွေ့ကလည်း ချက်ချင်းသဘောတူလိုက်၏။
"ရှင့်လူတွေကို သတိထားခိုင်းနော်။ သူက အခုအဆင့်၃ လောက်ရှိနေပြီ"
"စိတ်မပူပါနဲ့။ သူ သိမှာမဟုတ်ပါဘူး"
ထိုအချိန်တွင် အားချန်၏ ပစ်မှတ်ထားခြင်းခံနေရသော ကျောက်ယင်သည် ပေဟွမ်ဝမ်ထိုက်ဖေး၏ ယာဉ်တန်းနှင့်အတူ ကျောက်အိမ်တော်၏ တံခါးဝသို့ ရောက်ရှိနေပြီဖြစ်၏။
ဒီနေ့တွင် ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော ကျောက်အိမ်တော်သည် မီးပုံးများ ချိတ်ဆွဲထားပြီး အလှဆင်ထားလေသည်။ ကျူးဟုန် တံခါးကြီးကို စောစောစီးစီး ဖွင့်လှစ်ထားပြီး မြေပြင်ကိုလည်း ဆေးကြောသန့်စင်ထား၏။
ကျောက်အိမ်တော်တွင် မည်သူမှ မနှောင့်ယှက်ရဲသော မင်းဆရာကြီးကလွဲလျှင် ကျောက်မိသားစု၏ သခင်ကြီးနှစ်ဦးနှင့် သူတို့၏ သားသမီးများသည် သူတို့၏ညီမဖြစ်သူ ထိုက်ဖေးကိုကြိုဆိုရန် တံခါးဝတွင် စောင့်ဆိုင်းနေကြသည်။
ပေါ်ရှို့သတ္တဝါများဆွဲလာသော မြင်းလှည်း ရပ်တန့်သွားပြီးနောက် ထိုက်ဖေးသည် မြင်းလှည်းထဲက ထွက်လာခဲ့လေသည်။
ကျောက်မိသားစု၏ အကြီးဆုံးသားဖြစ်သူ ကျောက်ဟုန်လျန်သည် ဒုတိယသား ကျောက်ရွှင်၏ တွဲကူခြင်းဖြင့် လှေကားထစ်များပေါ်က ဆင်းလာပြီး ထိုက်ဖေးကို ကြိုဆိုလိုက်၏။
"ညီမလေး ... နောက်ဆုံးတော့ ပြန်လာပြီပဲ" ကျောက်ဟုန်လျန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားဝမ်းသာမှု အနည်းငယ် ပေါ်ထွက်လာ၏။ သူနှင့် ဒီညီမလေး မတွေ့ရသည်မှာ ဆယ်နှစ်ရှိသွားပြီဖြစ်သည်။
ပြီးခဲ့သည့်အကြိမ် ညီမလေး ပြန်လာစဉ်က ဖခင်ကြီး၏အသက်၇၀ ပြည့်မွေးနေ့ ဖြစ်လေသည်။
"အစ်ကိုကြီး" ထိုက်ဖေးသည် မိသားစုဝင်များကို တွေ့ရသောအခါ မျက်နှာထား အနည်းငယ် ပြေလျော့ သွားတော့၏။
သူမ၏အကြည့်သည် ကျောက်ဟုန်လျန်ထံမှ ဖယ်ခွာသွားပြီး ကျောက်ရွှင်ထံသို့ ရောက်ရှိသွားကာ တည်ငြိမ်သော မျက်ဝန်းများထဲတွင် လုပ်ခတ်မှု အနည်းငယ် ရှိလာလေသည်။
ကျောက်ရွှင်၏ မျက်နှာထားမှာ ဘေးနားက ကျောက်ဟုန်လျန်ထက် ပိုပြီး စိတ်လှုပ်ရှားပုံရနေသည်။ သူသည် ပါးစပ်ဟလိုက်သော်လည်း နှုတ်ဖျားပေါ်သို့ ရောက်လာသော စကားလုံးကို ပြန်မျိုးချထားလိုက်ပြီး နောက်ဆုံးတွင်တော့ "အဒေါ်"ဟုသာ တုန်ယင်စွာ နှုတ်ဆက်လိုက်နိုင်လေသည်။
"မင်းလည်း ကြီးလာပြီပဲ" ထိုက်ဖေးသည် လက်မြောက်ကာ သူ့ပုခုံးကို နှစ်ချက်လောက် လမ်းပုတ်လိုက်၏။
ယခုအခါ အသက်၄၀ကျော်နေပြီဖြစ်သော ကျောက်ရွှင်သည် ပခုံးကို အပုတ်ခံလိုက်ရသောအခါ အနည်းငယ် မျက်ရည်ဝဲလာတော့သည်။
ခဏအကြာမှ သူသည် နောက်လှည့်ပြီး အနောက်ဘက်က ခန္ဓာကိုယ်အနည်းငယ် ဝဖြိုးသော လူငယ်လေးကို ပြောလိုက်၏။ "ဇယ်ချန် အဘွားတော်ကိုလာပြီး ဂါရဝပြုလိုက်လေ"
ကျောက်ရွှင်၏ စကားဆုံးသည်နှင့် ကျောက်ဇယ်ချန်သည် အပြေးကလေး ရောက်လာပြီး ထိုက်ဖေးရှေ့တွင် ဒူးထောက်ချကာ တလေးတနက် ဦးသုံးကြိမ်ချပြီး ကျယ်လောင်စွာ ဂါရဝပြုနှုတ်ဆက်လိုက်၏။ "မြေးတော် အဘွားတော်လေးကို ဂါရဝပြုပါတယ်"
ထိုက်ဖေးသည် ပြုံးလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ကိုင်းညွှတ်ကာ ကျောက်ဇယ်ချန်ကို ထူမပေးလိုက်၏။ "လိမ္မာလိုက်တာ အဘွားတော်လေးနဲ့ ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး"
ကျောက်ဇယ်ချန်သည် ပါးစပ်ဖြဲကာ ပြုံးလိုက်ပြီး ဖောင်ကားနေသော ပါးပြင်လေးများမှာ ချစ်စဖွယ်ကောင်း နေလေတော့သည်။
"အဒေါ် ... အဘိုးက စောင့်နေပါတယ်။ အိမ်ထဲ ဝင်ကြရအောင်" ကျောက်ရွှင်က ဘေးမှပြောလိုက်၏။
"ကောင်းပြီ"
မိသားစုဝင်များသည် ထိုက်ဖေးကို ခြံရံကာ အိမ်တော်ထဲသို့ ဝင်ရောက်သွားကြ၏။ အစမှအဆုံးအထိ ကျောက်မိသားစုဝင်များသည် ကျောက်ယင်ကို တစ်ချက်လေးမှ ကြည့်မသွားကြချေ။
ကျောက်ယင်သည် သူတို့၏ကျောပြင်ကို ကြည့်ရင်း နောက်ဆုံးတော့ မျက်လွှာချကာ နောက်မှလိုက်ပါသွားလေသည်။
ဟိုက်ဖေးသည် အိမ်တော်ထဲသို့ ရောက်သည်နှင့် ဖခင်ဖြစ်သူကျောက်ချီကို အရင်ဆုံး သွားရောက်တွေ့ဆုံလိုက်၏။ ကျောက်ချီ၏ ခြံဝင်းအရှေ့သို့ ရောက်သောအခါ ကျောက်မိသားစု၏ မျိုးဆက်သစ်များသည် အပြင်ဘက်တွင် တားဆီးခံလိုက်ရပြီး ထိုက်ဖေး၊ သူမ၏အစ်ကိုနှစ်ယောက်နှင့် ကျောက်ရွှင်တို့ သားအဖသာ ဝင်ရောက်ခွင့်ရလေသည်။
ခြံဝင်းတံခါး ပိတ်တော့မည့်အချိန်တွင် အနောက်က လိုက်ပါလာသော ကျောက်ယင်သည် ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့၏။
ထိုက်ဖေးက ကျောက်ယင်ကို တစ်ချက်ကြည့် လိုက်သော်ငြားလည်း ဘာမှမပြောလိုက်ချေ။
ကျောက်ရွှင်ကတော့ ကျောက်ယင်အပေါ်သို့ အကြည့်ရောက်သွားပြီး သူ့အကြည့်မှာ ရှုပ်ထွေးနေတော့သည်။ စူးစမ်းလိုစိတ်၊ မသိမသာ သတိထားနေသည့်စိတ်နှင့် ရွံရှာမှုတို့ ပါဝင်နေ၏။
သားအဖသံယောဇဉ် ဟူ၍လုံးဝမရှိချေ။
ကျောက်ယင်သည် သူ၏သားဦးဖြစ်သော်ငြားလည်း ဒီသားသည် သူနှင့် လုံးဝမတူညီဘဲ ငယ်စဉ်ကတည်းက အဒေါ်ဖြစ်သူ ခေါ်ယူမွေးစားခံခဲ့ရခြင်း ဖြစ်သဖြင့် ဒီသားအပေါ် သံယောဇဉ် မတွယ်နိုင်ခဲ့ချေ။
ကျောက်ယင်သည် ကျောက်ရွှင်၏ အကြည့်ကို မသိသလိုနေလိုက်ကာ ထိုက်ဖေး၏နောက်တွင် လိုက်ပါလာပြီး သစ်သားရုပ်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
အခန်းတံခါး ပွင့်သွားပြီးနောက် ကျောက်မိသားစု မောင်နှမသုံးယောက်က အခန်းထဲသို့ဝင်ရောက်လာရာ ကျောက်ချီသည် အဓိကနေရာတွင် ထိုင်နေပြီဖြစ်၏။
ကျောက်ချီသည် အသက်၈၀.ရှိပြီ ဖြစ်သော်ငြား ၅၀ ၆၀ခန့်သာရှိသေးပုံရပြီး အိုမင်းခြင်း မရှိသေးချေ။
သူသည် အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ထားသဖြင့် စျေးထဲတွင် တွေ့ရလေ့ရှိသော ဆင်းရဲသည့် စာပေပညာရှင်တစ်ဦးနှင့် တူနေလေသည်။
သို့သော်ငြား ရုပ်ရည်သွင်ပြင်ကသာ ဤသို့ပုံစံဖြစ်နေခြင်း ဖြစ်သည်။
သူ့လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်ခွက်သည် ရှားပါပြီး တန်ဖိုးကြီးသော မြောက်ပိုင်းတောင်တန်း ကျောက်စိမ်းနီ တစ်တုံးလုံးကို ထွင်းထုထားခြင်းဖြစ်ပြီး ဘေးတွင်ချထားသော လက်ဖက်ရည်ခရားသည်လည်း အလားတူပင်။
ဒီလက်ဖက်ရည် ပန်းကန်တစ်စုံတစ်ခုတည်းနှင့်ပင် တန်ဖိုးဖြတ်မရနိုင်ဘဲ မြို့တော်ရှိအိမ်ကြီးတစ်လုံးနှင့် လဲလှယ်လျှင်ပင် လိုချင်သူ ရှိပေလိမ့်မည်။
"သမီး အဖေ့ကို ဂါရဝပြုပါတယ်" ပေဟွမ်ဝမ်ထိုက်ဖေးသည် ကျောက်ချီကို နှုတ်ဆက်လိုက်လေသည်။
"လာထိုင်" ကျောက်ချီသည် မျက်နှာထားနူးညံ့စွာဖြင့် သမီးဖြစ်သူကို လက်ယက်ခေါ်ပြီး ထိုက်ဖေးက သူ့ဘေးတွင် ထိုင်ချလိုက်သောအခါ ကျောက်စိမ်းနီ ခရားအိုးကို မ,ယူပြီး သမီးအတွက် လက်ဖက်ရည် ငဲ့ပေးလိုက်လေသည်။
လက်ဖက်ရည်ခရား တိမ်းစောင်းသွားချိန်တွင် ခရားအိုးအောက်ခြေရှိ လေးထောင့်ပုံစံရှုပ်ထွေးနေသော တံဆိပ်ကို တွေ့လိုက်ရ၏။
ထိုက်ဖေးသည် ထင်ရှားလှသည့် လက်ဖက်ရည်ခွက်အစုံကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ် လိုက်သော်ငြား ဘာမှတော့ မပြောလိုက်ချေ။
"ဝမ်ရယ်ရော နေကောင်းရဲ့လား" ကျောက်ချီက မေးလိုက်၏။
သူဆိုလိုသော ဝမ်ရယ်မှာ ပေဟွမ်ဝမ် ပိုင်ကျန့်ဟွမ် ဖြစ်သည်မှာ သေချာလေသည်။
"ဝမ်ရယ် နေကောင်းပါတယ်။ အဖေ့ကိုလည်း သတိရနေပါတယ်"
ကျောက်ချီက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်၏။ "ဝမ်ရယ်က ဒီနှစ်ဆိုရင် အသက်၂၂နှစ် ရှိပြီမဟုတ်လား။ အိမ်ထောင်မပြုသေးဘူးဆိုတော့ သမီးက မိခင်တစ်ယောက်အနေနဲ့ သိပ်ဂရုမစိုက်ဘူး ထင်တယ်"
"အဖေပြောတာ ဟုတ်ပါတယ်။ သမီး ဒီတစ်ခေါက် ပြန်လာတာလည်း ဝမ်ရယ်ရဲ့မင်္ဂလာကိစ္စအတွက်ပါ" ပေဟွမ်ဝမ် ထိုက်ဖေးသည် တစ်စုံတစ်ခုကို တွေးမိဟန်တူပြီး မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင် ဖြတ်ပြေးသွားသော်ငြား ချက်ချင်းပြန် ဖုံးကွယ်လိုက်ကာ ပျော့ညံ့စွာဖြင့် ပြောလိုက်လေသည်။ "ဝမ်ရယ်က အသက်မငယ်တော့ပေမယ့် မိန်းမယူဖို့ စိတ်မဝင်စားဘူး ဖြစ်နေတယ်။ ပေဟွမ်က မိန်းကလေးတွေကို သူ သဘောမကျဘူး။ ဒါကြောင့် သမီးက ရှန့်ကျင်းကိုလာပြီး သူ့အတွက် ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက် ရှာပေးပြီးတော့ အရှင်မင်းကြီးဆီမှာ လက်ထပ်ခွင့်တောင်းမယ်လို့ စဉ်းစားထားတယ်။ ဒါဆိုရင်လည်း ဝမ်းမြောက်စရာ ကိစ္စတခု ဖြစ်လာမှာပါ"
"ဘယ်အိမ်က အမျိုးသမီးကို သဘောကျလို့လဲ" ကျောက်ချီက မေးလိုက်၏။
"သမီးက ရှန့်ကျင်းနဲ့ အလှမ်းဝေး နေတာကြာပြီဆိုတော့ ဒီကိစ္စကို အဖေကပဲ ကူညီပေးပါဦး"
ကျောက်ချီသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ဒီကိစ္စက မလောပါဘူး။ အဖေကြားတာတော့ ဒီနှစ်တွေမှာ သမီးနဲ့ဝမ်ရယ် ဆက်ဆံရေး သိပ်အဆင်မပြေဘူးဆို"
ထိုက်ဖေး၏ မျက်နှာမှာ တောင့်တင်းသွားပြီး ပြန်ဖြေလိုက်လေသည်။ "ဒီကောလဟာလတွေကို အဖေက ဘယ်ကနေ ကြားတာလဲ။ အခြေအမြစ် မရှိတာတွေပါ"
"ဟုတ်လား" ကျောက်ချီက မယုံကြည်သော်ငြားလည်း သားနှစ်ယောက်နှင့် မြေးတစ်ယောက်ရှေ့တွင် ဆက်ပြီးမမေးမြန်းတော့ချေ။
ဒီခေါင်းစဉ်အကြောင်း ပြီးသွားသောအခါ အခန်းထဲကလေထုသည် ပြန်လည်ကောင်းမွန်လာပြီး ကျောက်ညီအစ်ကိုနှစ်ယောက်နဲ့ ကျောက်ရွှင်တို့သည် ထိုက်ဖေးနှင့်အတူ မိသားစုအကြောင်း ပြောဆိုကြလေသည်။ အစပိုင်းတွင် သူတို့သည် အနည်းငယ် စိမ်းသက်နေကြ သော်ငြားလည်း ခဏအကြာတွင် ရင်းနှီးသွားကြသဖြင့် မိသားစုခေါင်းဆောင်ဖြစ်သော ကျောက်ချီသည် ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်ချမ်းသာ နေလေတော့၏။
မျိုးဆက်၏ အငယ်ဆုံးဖြစ်သော ကျောက်ဇယ်ချန်သည် အစမှအဆုံးအထိ စကားဝင်မပြောနိုင်ဘဲ နောက်ဆုံးခုန်တွင် ငြိမ်ငြိမ်သက်သက်လေး ထိုင်နေရသည်။ သို့သော်ငြား မျက်လုံးများကတော့ ဟိုဟိုဒီဒီ ကြည့်ရှုလို့နေ၏။
အဘိုးဘေး၏ အခန်းထဲတွင် တန်ဖိုးရှိသော ပစ္စည်းများသာ ရှိလေသည်။ ဘိုးဘေးက အခုတလော အသုံးပြုနေသော ကျောက်စိမ်းနီ လက်ဖက်ရည်ခွက်ကို မဆိုထားနှင့် သူ ယခုအသုံးပြုနေသော ကျောက်စိမ်း လက်ဖက်ရည်ခွက်သည်ပင် တန်ဖိုးကြီးမား လှလေသည်။
သို့သော်ငြား ဒီပစ္စည်းများသည် ထင်ရှားလွန်းသဖြင့် တစ်ခုခု ပျောက်ဆုံးသွားပါက အလွယ်တကူ သိရှိနိုင်ပေသည်။
ကျောက်ဇယ်ချန်သည် လက်ထဲ ကလက်ဖက်ရည်ခွက်ကို နှမြောတသစွာ ပွတ်သပ်လိုက်ပြီး ယခင်အချိန်ကဲ့သို့ မထင်ရှားသော်လည်း စျေးကောင်းရမည့် ပစ္စည်းတစ်ခု ရှာတွေ့နိုင်မလားဟု စိတ်ထဲမှာ တွက်ချက်လို့နေ၏။
သူ့လက်ထဲတွင် ငွေပြတ်လပ်နေသော်ငြား မိဘများက လိမ္မာရန်သာ ဆုံးမနေကြပြီး သူ့အတွက် မျှဝေခံစားပေးခြင်း မရှိချေ။
ယခုအခါသူသည် အပြင်ဘက်တွင် ငွေ လျန်တထောင်ကျော် အကြွေးတင်နေသဖြင့် တခြားနည်းလမ်းတစ်ခု ရှာဖွေရပေတော့မည်။
မိသားစုဝင်များ စကားပြောဆိုပြီးနောက် ထိုက်ဖေးသည် ပြန်အနားယူလိုကြောင်း ပြောလာသဖြင့် ကျောက်ချီကလည်း မတားဆီးတော့ချေ။
အစ်ကိုနှစ်ယောက် အရင်ထွက်သွားမှ ထိုက်ဖေးသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ကျောက်ချီကို ပြောလိုက်လေသည်။ "အဖေ ရှေးဟောင်းပစ္စည်းတွေကို ကြိုက်တတ်မှန်း သမီး သိပါတယ်။ တချို့ပစ္စည်းတွေက ကြည့်ရတာ လှပပေမယ့် မကောင်းတဲ့ အငွေ့အသက်တွေ ကပ်ငြိနေတတ်တယ်။ အဖေ ကိုင်တွယ်တဲ့အခါ သတိထားပါဦး"
ကျောက်ချီသည် သမီးဖြစ်သူ၏ ဆိုလိုရင်းကို နားလည်လိုက်လေသည်။ သူက လျှို့ဝှက်ခန်းထဲက ပစ္စည်းများကို ထုတ်ယူသုံးစွဲခဲ့သည်ကို သမီးဖြစ်သူက မကျေမနပ် ဖြစ်နေခြင်းပင်။ မကောင်းတဲ့ အငွေ့အသက်ဟု ဆိုသော်ငြား အမှန်တကယ်မှာတော့ သူများ တွေ့ရှိသွားမှာကို စိုးရိမ်ခြင်းသာ ဖြစ်လေသည်။
ကျောက်ချီက လက်ထဲက လက်ဖက်ရည်ခွက်ကို ကစားရင်း သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "မင်းက ထိုက်ဖေး ဖြစ်နေပြီပဲ။ အရမ်းသတိကြီး လွန်းနေပြီ"
ထိုက်ဖေးသည် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီးမှ ပြောလိုက်၏။ "အရှင်မင်းကြီးက အခုမှ ရှီးလင်အိမ်တော်ကို အရေးယူထားတာ။ သတိထားမှ စိတ်ချရမှာပေါ့။ ဝမ်ရယ်ကို မထိခိုက်စေချင်ဘူး"
သမီးဖြစ်သူက ဝမ်ရယ်အကြောင်း ပြောလာသောအခါမှ ကျောက်ချီ၏လေသံက ပျော့ပြောင်းသွားပြီး "ဒီအခန်းထဲက ပစ္စည်းတွေကို အပြင်လူ မမြင်နိုင်ပါဘူး။ သမီး စိတ်ပူနေမှတော့ မနက်ဖြန် လူခေါ်ပြီး စစ်ဆေးခိုင်းလိုက်မယ်။ ပြီးရင် သိမ်းထား လိုက်တော့မယ်"
ထိုက်ဖေးသည် စိတ်ကျေနပ်သွားပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်လေတော့သည်။ "အဖေ သဘောအတိုင်းပါပဲ"
...