ရှင် ကလဲ့စားချေရဲလား
Vol. 16 Ch. 153
နွေဦးပေါက်၏ မနက်ခင်းတွင် ဆောင်းလေအေးများ မကုန်စင်သေးချေ။ မိုးမလင်းသေးမီ အချိန်ကတည်းက ကျောက်ယင်သည် ထိုက်ဖေး နေထိုင်ရာ ခြံဝင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေလေပြီ။
ထိုက်ဖေး အိပ်ရာထ၊ မျက်နှာသစ်၊ ဆံပင်ဖြီးလိမ်း ပြင်ဆင်သည်အထိ သူသည် အပြင်ဘက်တွင် နှစ်နာရီကြာအောင် ရပ်စောင့်နေခဲ့သည်။
ဤသို့ စောင့်ဆိုင်းခြင်းသည် သူ့အရိုးထဲ စွဲနေသော အကျင့်တစ်ခု ဖြစ်လာခဲ့ပြီ။ သူ့အသက်ကို ပေးဆပ်ရလျှင်ပင် ထိုက်ဖေးကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ သူ တည်ရှိနေခြင်း ဖြစ်ကြောင်း ငယ်စဉ်ကတည်းက သူ သိနားလည်ခဲ့၏။
ဆံပင်ဖြီးလိမ်း ပြင်ဆင်ပြီးနောက် ပေဟွမ်ဝမ်ထိုက်ဖေးသည် အစေခံမလေးများ ဝန်းရံလျက် သူမ၏ဖခင် နေထိုင်ရာ ခြံဝင်းသို့ ဂါရဝပြုရန် ထွက်ခွာသွားလေသည်။
ကျောက်ယင်သည် နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားပြီး တည်ရှိမှုကင်းမဲ့နေသယောင်ပင်။
ခြံဝင်းအပြင်သို့ ရောက်သောအခါ အစေခံမလေးများကို ပြန်လွှတ်လိုက်ပြီး ကျောက်ယင်က ရှေ့သို့တက်ကာ ထိုက်ဖေး၏လက်ကို တွဲကူလျက် ခြံဝင်းထဲသို့ အတူဝင်ရောက်သွားလိုက်သည်။
မနေ့ကနှင့် ကွာခြားချက်မှာ ယနေ့ အခန်းထဲတွင် အမျိုးသမီးများ ပိုများနေခြင်းပင်။ ထိုက်ဖေး၏ ယောက်မနှစ်ယောက်အပြင် ကျောက်ရွှန်း၏ ဇနီးနှင့် ချွေးမဖြစ်သူတို့လည်း ရောက်ရှိနေကြ၏။
မိသားစုဝင်များသည် ဤနေရာတွင် နာရီဝက်နီးပါး ထိုင်စောင့်နေကြသော်လည်း ဘယ်သူကမှ စိတ်မရှည်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသရဲကြချေ။
ထိုက်ဖေး တံခါးဝသို့ ဝင်လာမှသာ မူလက တိတ်ဆိတ်နေသော အခန်းထဲတွင် အသံများ ထွက်ပေါ်လာတော့သည်။
စည်းကမ်းကို အမြဲအလေးထားသော ကျောက်ချီသည် သမီးဖြစ်သူ နောက်ကျသည်ကို လုံးဝဂရုမစိုက်ဘဲ ပြုံးရွှင်စွာ မေးလိုက်လေသည်။ "မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။ အိမ်မှာ နေရတာ အသားကျရဲ့လား"
ထိုက်ဖေးသည် ကျောက်ယင်၏ တွဲကူမှုဖြင့် ဖခင်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီးမှ ပြန်ဖြေလိုက်၏။ "သမီးရဲ့ခြံဝင်းက အိမ်မခွဲခင်တုန်းကနဲ့ တစ်ပုံစံတည်းပါပဲ။ ဘယ်လိုလုပ်ပြီး အသားမကျဘဲ နေမှာလဲ"
"အသားကျရင် ပြီးတာပါပဲ" ကျောက်ချီက ခေါင်းငြိမ့်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။ "မိသားစုတွေ အကုန်စုံပြီဆိုတော့ ထမင်းပွဲ ပြင်လိုက်တော့"
ထိုက်ဖေးက ကျောက်ချီ ထရပ်နိုင်ရန် ကူညီပေးမည့်အချိန်တွင် ကျောက်ချီကို နှစ်ပေါင်းများစွာ ပြုစုခဲ့သော အိမ်တော်ထိန်း ဝင်ရောက်လာခဲ့သည်။ သူသည် ကျောက်ချီကို အရင်ဆုံး အရိုအသေပြုလိုက်ပြီးမှ ပြောလိုက်၏။ "သခင်ကြီး လူတွေကို စစ်ဆေးပြီးပါပြီ။ ခြံဝင်းထဲက အစေခံတွေ ပစ္စည်းခိုးယူထားတာ မရှိပါဘူး"
ကျောက်ချီ၏ ကြည်လင်နေသော မျက်နှာထားသည် ချက်ချင်း အေးစက်သွားတော့သည်။ "ဒါဆိုရင် အဲဒီအမွှေးတိုင်ထွန်းတဲ့အိုးက သူ့ဘာသာသူ ပျံထွက်သွားတာလား"
"ဘာ အမွှေးတိုင်အိုးလဲ" ထိုက်ဖေး၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ကျောက်ချီကလည်း သမီးဖြစ်သူကို ဖုံးကွယ်ထားရန် ဆန္ဒမရှိသဖြင့် အမှန်အတိုင်း ပြောပြလိုက်လေသည်။ "မနေ့က ခြံဝင်းထဲက ပစ္စည်းတွေကို စာရင်းလုပ်ခိုင်းလိုက်တာ အမွှေးတိုင်အိုး တစ်လုံး ပျောက်နေတယ်"
ထိုက်ဖေးသည် အိမ်တော်ထိန်းကို စူးရှစွာကြည့်လိုက်ပြီး အသံမှာ အေးစက်နေတော့သည်။ "ဘယ်သူမှ ဝန်မခံဘူးဆိုရင် သူတို့ကို သွားပြောလိုက်။ ပစ္စည်းခိုးတဲ့သူကို ရှာမတွေ့ရင် သူတို့အားလုံးတင်မကဘူး သူတို့မိသားစုဝင်တွေပါ အကုန်သေရမယ်လို့ ပြောလိုက်"
အိမ်တော်ထိန်းမှာ တုန်လှုပ်သွားပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ "ဟုတ်ကဲ့ပါ"
ထိုက်ဖေးနှင့် အိမ်တော်ထိန်း စကားပြောနေစဉ် ကျောက်မိသားစုဝင် အများစု၏ အကြည့်များက သူတို့နှစ်ဦးအပေါ် ကျရောက်နေသော်လည်း ကျောက်ယင်ကတော့ နောက်ဆုံးတွင် ထိုင်နေသော ကျောက်ဇယ်ချန်းကို ကြည့်လိုက်မိသည်။
ကျောက်ဇယ်ချန်သည် ခေါင်းငုံ့ထားပြီး နှာခေါင်းထိပ်တွင် ချွေးစက်ကလေးများ စို့နေလေသည်။
ကျောက်ယင်၏ အကြည့်များ စူးရှသွား၏။ ဒါက သိသာလွန်းတဲ့ လိပ်ပြာမလုံတဲ့ အမူအရာပဲ။ ဒီကိစ္စက သူနဲ့ပတ်သက်နေတာလား။
ဒီအတွေးသည် သူ့ခေါင်းထဲတွင် ဖြတ်သန်းသွားသော်လည်း လူအများရှေ့တွင် ဖွင့်ချခြင်း မပြုခဲ့ချေ။
ထိုက်ဖေး မနက်စာစားပြီးနောက် မိမိခြံဝင်းသို့ ပြန်ရောက်သည့်အထိပင်။ တံခါးပိတ်လိုက်သည်နှင့် ထိုက်ဖေး၏ မျက်နှာထားသည် ချက်ချင်း မည်းမှောင်သွားတော့သည်။
ပစ္စည်းတွေက မပျောက်ဘဲနဲ့ အခုမှ လာပျောက်ရတယ်လို့။ အဖေကလည်း အသက်ကြီးလာတော့ အရင်လို သတိမရှိတော့ဘူးပဲ။
သူမ စိတ်ထဲတွင် ပျောက်ဆုံးသွားသော အမွှေးတိုင်အိုးကို မည်သည့်အချိန်တွင် ပြန်ရှာတွေ့မည်နည်းဟု တွက်ချက်နေစဉ် ကျောက်ယင်က ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်ကို တွေ့လိုက်ရသည်။ "ထိုက်ဖေး"
ထိုက်ဖေးသည် စိတ်ရှုပ်ထွေးနေသဖြင့် လေသံမှာလည်း စိတ်မရှည် ဖြစ်နေလေသည်။ "မင်း ဘာပြောချင်လို့လဲ"
"အိမ်တော်ထိန်း လာသတင်းပို့တုန်းက ကျောက်ဇယ်ချန်းရဲ့ ပုံစံ မူမမှန်တာကို ကျွန်တော် သတိထားမိလိုက်တယ်"
ထိုက်ဖေးက ကျောက်ယင်ကို ကြည့်လိုက်သည့် အကြည့်တွင် ဒေါသအရိပ်အယောင်များ ပါဝင်နေသည်။ "မင်းမှာ သက်သေရှိလား"
ကျောက်ယင်က ခေါင်းငုံ့လိုက်ပြီး "ကျွန်တော့်မှာ သက်သေမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် ထင်တာက သူ..."
ရုတ်တရက် လက်ဖက်ရည်ခွက်တစ်ခု မြေကြီးပေါ်သို့ ပစ်ပေါက်ခံလိုက်ရပြီး ကွဲအက်သွားသော ကြွေစများ လွင့်စဉ်ကာ ကျောက်ယင်၏ ပါးပြင်ကို ရှသွားခဲ့လေသည်။
"သက်သေမရှိဘဲနဲ့ မင်းက စွပ်စွဲရဲတယ်ပေါ့" ထိုက်ဖေး၏ အသံမှာ ပိုပြီး အေးစက်လာသည်။ "ဒါမှမဟုတ် မင်းက သူ့ကို မနာလိုဖြစ်နေတာလား"
"ကျွန်တော် မရဲပါဘူး" ကျောက်ယင်သည် ဒူးနှစ်ဖက်လုံး ထောက်ချလိုက်ရာ ဘယ်ဘက်ဒူးခေါင်းသည် ကွဲအက်နေသော ကြွေစများကို ဖိမိလျက်သား ဖြစ်သွားပြီး မကြာမီတွင် သွေးကွက်များ စိမ့်ထွက်လာတော့သည်။
"ဟွန်း... မင်း အဆင့်အတန်းကို မင်း သတိရရင် ကောင်းမယ်။ တကယ်လို့ မင်း မလုပ်သင့်တဲ့ စိတ်ကူးတွေဝင်ပြီး သူ့ကို နည်းလမ်းသုံးပြီး ဒုက္ခပေးတာ ငါသိရင် မင်းကို ကိုယ်တိုင် အပြစ်ပေးမယ်"
"ကျွန်တော့်အမှားပါ။ သက်သေမရှိဘဲ တခြားလူကို သံသယ မဝင်ခဲ့သင့်ပါဘူး" ကျောက်ယင်သည် မြေကြီးပေါ်သို့ ခေါင်းဖြင့်ဆောင့်ကာ တောင်းပန်လိုက်လေသည်။
ထိုက်ဖေးသည် ဒီမြင်ကွင်းကို ကြည့်ရင်း မျက်နှာအမူအရာ ပြောင်းလဲခြင်း အနည်းငယ်မျှပင် မရှိချေ။ "အမှားကို သိရင်လည်း ကိုယ့်ဘာသာ အပြစ်သွားခံလိုက်။ ဒီနှစ်ရက်အတွင်း ငါ့မျက်စိရှေ့ လာမပေါ်နဲ့"
ထိုက်ဖေး၏ နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ ကျောက်ယင်၏ မျက်နှာ ဖြူဖျော့သွားတော့သည်။ ထိုစကားသည် ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်းထက် ပိုမို ရက်စက်သော ပြစ်ဒဏ်တစ်ခုအလားပင်။
"ဟုတ်ကဲ့ပါ"
"ထွက်သွားတော့"
ကျောက်ယင်သည် မတ်တပ်ရပ်လိုက်ပြီး ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာသွားလေသည်။
ထိုနေ့ညနေခင်းတွင် ထိုက်ဖေး၏ ခြံဝင်းရှေ့မှ ဖြတ်သွားကြသော ကျောက်မိသားစုမှ လူငယ်များသည် ကျောက်ယင်တစ်ယောက် ဒဏ်ရာအပြည့်ဖြင့် ခြံဝင်းအပြင်ဘက်တွင် ဒူးထောက်နေသည်ကို မြင်တွေ့လိုက်ကြရသည်။
သူတို့အနက် အများစုမှာ ကျောက်ယင်၏ အထောက်အထားကို မသိကြသော်လည်း အတွင်းရေးသိသူ တချို့က ကျောက်ဇယ်ချန်းကို သတင်းသွားပို့ကြသည်။
ယခင်ကဆိုလျှင် သူ့အဖေ မွေးထားသော မျိုးမစစ်ကောင် အပြစ်ပေးခံရသည်ကို ကျောက်ဇယ်ချန်း လာရောက်ကြည့်ရှုကာ လှောင်ပြောင်ပေလိမ့်မည်။ ယခုမူ သူ့တွင် ထိုစိတ်ဆန္ဒ လုံးဝမရှိချေ။
သူသည် အမွှေးတိုင်အိုး ခိုးယူထားသည့်ကိစ္စကို မည်သို့ ဖုံးကွယ်ရမည်ကိုသာ တွေးတောနေမိသည်။
အမွှေးတိုင်အိုး တစ်လုံးတည်းကို ဘိုးဘေးက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။ အဘွားလေးကလည်း ပါးစပ်ဖွင့်လိုက်တာနဲ့ တမိသားစုလုံး သတ်ပစ်မယ်တဲ့။ ငါက ကိစ္စကြီး မဟုတ်ဘူး ထင်ထားတာ။ အခုတော့ ရင်တုန်လာပြီ။
ကျောက်ယင်သည် ခြံဝင်းတံခါးဝတွင် မိုးချုပ်သည်အထိ တစ်နေ့လုံး ဒူးထောက်နေခဲ့ပြီးမှ ကျောက်အိမ်တော်က စီစဉ်ပေးထားသော နေအိမ်သို့ ပြန်လာခဲ့သည်။
အဝတ်အစားများကို ချွတ်လိုက်သောအခါ ခန္ဓာကိုယ်ပေါ်တွင် သွေးရာများအပြင် ဟောင်းနွမ်းနေသော အမာရွတ်များစွာကိုလည်း တွေ့ရလေသည်။ ဤဒဏ်ရာများသည် သူ့ဘာသာသူ ဖန်တီးထားခြင်း ဖြစ်လေသည်။ ယခင်က ပေဟွမ်တွင် အမှားလုပ်မိတိုင်း ဤနည်းလမ်းဖြင့် မိမိကိုယ်ကို အပြစ်ပေးလေ့ရှိသည်။
ဤနှစ်များအတွင်း သူသည် အလွန်သတိထား နေထိုင်ခဲ့သည်။ အပြစ်ပေးခံရပါက ထိုက်ဖေးသည် ရက်အနည်းငယ်ကြာအောင် သူ့ကို တွေ့ချင်မည် မဟုတ်ပေ။ ထိုအချက်က သူ့ကို အလွန်ကြောက်ရွံ့စေသဖြင့် မိမိကိုယ်ကို ဆက်လက် အပြစ်ပေးနေမိခြင်းပင်။
ကျောက်ယင်သည် ဒဏ်ရာများကို ဆေးမထည့်ဘဲ အဝတ်စတစ်ခုဖြင့် သွေးစများကို သုတ်လိုက်ကာ သစ်သားကုတင်ပေါ်တွင် လှဲချလိုက်လေသည်။
သူသည် အားကုန်သုံးကာ မိမိကိုယ်ကို နှိပ်စက်ထားသဖြင့် ကျောပြင်တွင် ဒဏ်ရာများစွာ ရှိနေကာ ကုတင်ပေါ်တွင် လှဲလျောင်းရသည်မှာ အလွန်နာကျင်သော်လည်း သူသည် ထိုအတိုင်းပင် အတင်းအကြပ် လှဲလျောင်းနေလိုက်သည်။
ထိုက်ဖေး ပြောသကဲ့သို့ပင် အမှားလုပ်မိလျှင်၊ စကားမှားပြောမိလျှင် အပြစ်ပေးခံရမည်။ မိမိကိုယ်ကို လုံလောက်အောင် အပြစ်ပေးမှသာ ထိုက်ဖေးက သူ့ကို စောစောစီးစီး ခွင့်လွှတ်ပေးလိမ့်မည်။
နာကျင်မှုကြောင့် ညသန်းခေါင်ကျော်လောက်မှ ကျောက်ယင်တစ်ယောက် အိပ်ပျော်သွားခဲ့သည်။ နိုးလာသောအခါ မိုးလင်းနေလို့ပြီ။ သူ့စိတ်ထဲ ထိတ်လန့်သွားပြီးမှ နောက်ကျမှ နောင်တရသွားမိသည်။ ဒီနေ့ သူ ထိုက်ဖေးရှေ့ သွားပေါ်လို့ မရဘူးလေ။
သူသည် အခန်းထဲတွင် တမနက်လုံး ထိုင်နေခဲ့သည်။ ကျောက်မိသားစုဝင်များ လာရောက်နှောင့်ယှက်ခြင်း မရှိသလို ထမင်းလာပို့သူလည်း မရှိပေ။
ထိုက်ဖေးကို အမျက်ဒေါသ ထွက်စေခဲ့သဖြင့် သူသည် တစ်ရက်နှင့်တစ်ည ထမင်းမစားခဲ့ရဘဲ ယခုအခါ ဗိုက်ဆာလာလေပြီ။ ကျောက်ယင်သည် ခဏလောက် တွေးတောပြီးနောက် အပြင်ထွက်ပြီး စားစရာရှာရန် ဆုံးဖြတ်လိုက်တော့၏။
ကျောက်ယင်တွင် ဝါသနာဟူ၍ မရှိသလို ကိုယ်ပိုင်အချိန်ဟူ၍လည်း များများစားစား မရှိပေ။ သို့သော် သူ့တွင် အလေ့အကျင့်တစ်ခုတော့ ရှိသည်။ တစ်ခါတစ်ရံ အပြင်ထွက်ပြီး သေရည်သောက်တတ်ခြင်းပင်။
သူသည် ကျောက်အိမ်တော်မှ ထွက်လာပြီး လမ်းမအတိုင်း လျှောက်လာရာ စားသောက်ဆိုင် တစ်ဆိုင်ကို တွေ့သဖြင့် ဝင်လိုက်လေသည်။
သူဝင်သွားသည်နှင့် အဝေးမှ အရိပ်တစ်ခုသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
ဒီနှစ်ရက်အတွင်း အားချန်သည် အမွှေးနံ့သာများကို စိတ်ဝင်စားနေပြီး လင်းစွေ့ သူမကို လာရှာချိန်တွင် အခန်းထဲတွင် အမွှေးတိုင် ထွန်းထားလေသည်။
အခန်းထဲ ဝင်လာသည်နှင့် လင်းစွေ့သည် နှာချေလိုက်တော့၏။ အနံ့က မဆိုးသော်လည်း ပြင်းလွန်းလှသည်။
"အားချန် ရှင် အမွှေးနံ့သာ စမ်းနေတာလား"
လင်းစွေ့အသံကို ကြားသောအခါ အားချန်က ကုလားထိုင်ပေါ်မှ ထလိုက်ပြီး မေးလိုက်၏။ "ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ။ ဒီနေ့ လေ့ကျင့်စရာ မရှိဘူးလား"
"လေ့ကျင့်စရာတွေက ပြီးသွားပြီ။ ရှင် စောင့်ကြည့်ခိုင်းထားတဲ့လူ ဒီနေ့ အိမ်တော်ထဲက ထွက်လာတယ်။ သတင်းရရချင်း ကျွန်မ ရှင့်ဆီ လာခဲ့တာ"
အားချန်သည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး စားပွဲပေါ်က အိတ်တစ်လုံးကို ရင်ဘတ်ထဲ ထည့်လိုက်ကာ အလျင်စလို ပြောလိုက်၏။ "သွားမယ်။ ကျွန်မကို အဲဒီလူဆီ ခေါ်သွားပေး"
လင်းစွေ့လည်း တုံ့ဆိုင်းမနေဘဲ အားချန်ကို ခေါ်ဆောင်ကာ အပြင်ထွက်လာခဲ့သည်။
အရှေ့ဆိုင်ခန်းသို့ ရောက်သောအခါ ချန်ဟွေ့က အားချန်ကို လှမ်းခေါ်ပြီး စိတ်မချဘဲ မေးလိုက်၏။ "အားချန် အန္တရာယ် ရှိလား"
အားချန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "စိတ်ချပါ၊ အန္တရာယ် မရှိပါဘူး။ ကျွန်မ စောစောပြန်လာခဲ့မယ်"
အားချန်သည် အသက်ကို တန်ဖိုးထားတတ်သူ ဖြစ်ကြောင်း ချန်ဟွေ့ သိထားသဖြင့် ဆက်မမေးတော့ဘဲ သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။
လင်းစွေ့က မြင်းစီးလာသဖြင့် အားချန်ကို ကျောက်ယင်ရှိရာ စားသောက်ဆိုင်သို့ အမြန်ခေါ်ဆောင်လာနိုင်ခဲ့သည်။ အပြင်တွင် ကျန်ရစ်ခဲ့သော စောင့်ကြည့်သူက ကျောက်ယင် အထဲဝင်သွားသည်မှာ နာရီဝက်ကျော်ခန့် ရှိပြီဖြစ်ကြောင်း ပြောပြလာသည်။
လင်းစွေ့က အားချန်နှင့်အတူ လိုက်ဝင်ချင်သော်လည်း အားချန်က ငြင်းပယ်လိုက်၏။ ထို့ကြောင့် သူမသည် မျက်နှာချင်းဆိုင်က ဈေးဆိုင်တစ်ဆိုင်တွင် ထိုင်ကာ စားသောက်ဆိုင်ဘက်ကို ကြည့်နေလိုက်သည်။
အားချန်သည် ဂါဝန်စကို မ,ကာ စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်လေသည်။ မွန်းတည့်ချိန် ဖြစ်သော်လည်း ဆိုင်တွင် လူပါးနေ၏။ သူမသည် ကျောက်ယင်ကို မတွေ့ရပေ။
ထိုစဉ် စားပွဲထိုး ရောက်လာသည်။ "ဧည့်သည် ထမင်းစားမလို့လား"
"အင်း၊ ဒုတိယထပ်က သီးသန့်ခန်းကို သွားမယ်"
စားပွဲထိုးက အားချန်ကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။ အားချန်သည် စားပွဲထိုး၏ အကြံပြုချက်များကို လျစ်လျူရှုကာ အခန်းကန့် တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားရာ နောက်ဆုံးတွင် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမက ဘေးခန်းကို ညွှန်ပြပြီး ပြောလိုက်တော့သည်။ "ကျွန်မ အဲဒီမှာပဲ ထိုင်လိုက်မယ်"
စားပွဲထိုးကလည်း မငြင်းဘဲ နေရာချပေးလိုက်သည်။
အားချန်သည် ကျောက်ယင်ဘေးမှ ဖြတ်သွားချိန်တွင် ပြင်းထန်သော အမွှေးနံ့သာနံ့ကြောင့် ကျောက်ယင် မျက်မှောင်ကြုတ်သွားပြီး သူမကို မော့ကြည့်လိုက်ကာ ချက်ချင်း အကြည့်လွှဲလိုက်သည်။
အားချန် ထိုင်လိုက်ပြီးနောက် စားပွဲထိုး၏ အကြံပြုချက်အတိုင်း ဟင်းပွဲသုံးပွဲ မှာယူလိုက်သည်။
စားပွဲထိုး အောက်ထပ်သို့ ဆင်းမည့်အချိန်တွင် ကျောက်ယင်က လှမ်းခေါ်လိုက်သည်။
ကျောက်ယင်က လီဟွာရှောက် သေရည်တစ်အိုး မှာလိုက်သည်။ စားပွဲထိုးသည် ဧည့်သည်၏ စားပွဲပေါ်တွင် ကုန်စင်နေသော သေရည်အိုးခွံ နှစ်လုံးကို ကြည့်ပြီး လူက မူးမနေသည်ကို မြင်သောအခါ သေရည်သောက်နိုင်စွမ်းကို စိတ်ထဲမှ ချီးကျူးလိုက်မိလေသည်။
မကြာမီ သေရည် ရောက်လာခဲ့သည်။
အားချန် ထိုင်နေသည့်နေရာမှနေ၍ ကျောက်ယင်က သေရည်မော့သောက်နေသည့် ဂလုဂလုမြည်သံကို ကြားနေရသည်။ သူမသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ အခန်းကန့်ကို ကြည့်နေပြီး လက်တစ်ဖက်က စားပွဲကို ခေါက်နေလိုက်သည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်...
မည်သည့်အချိန်ကမှန်း မသိ၊ ဘေးခန်းမှ သေရည်သောက်သံ ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် စားပွဲထိုးက ဟင်းပွဲနှစ်ပွဲ လာချပေးသည်။ "မိန်းကလေး မှာထားတဲ့ ဟင်းတွေ ရပါပြီ"
"ကျေးဇူးပဲ" အားချန်က ပြုံးပြလိုက်ပြီး တူထည့်ထားသည့် ဘူးထဲမှ တူနှစ်စုံကို ယူလိုက်သည်။ တစ်စုံကို ကိုယ်တိုင်ကိုင်ထားပြီး ကျန်တစ်စုံကို မျက်နှာချင်းဆိုင်က နေရာလွတ်တွင် တင်ပေးလိုက်သည်။
စားပွဲထိုးက သူမ တစ်စုံတစ်ယောက်ကို စောင့်နေသည်ဟု ထင်မှတ်ကာ ဘာမှမတွေးဘဲ အောက်ဆင်းသွားတော့သည်။
စားပွဲထိုး ထွက်သွားပြီးနောက် အားချန်က ရုတ်တရက် ပြောလိုက်၏။ "သေရည်သောက်တာက ကျန်းမာရေး ထိခိုက်စေတယ်။ အတူတူ ထမင်းစားကြမလား... ရှန့်ယင်"
တိတ်ဆိတ်သွားပြီးနောက် ဘေးခန်းတွင် သေရည်သောက်နေသော ကျောက်ယင် မတ်တပ်ထရပ်လိုက်လေသည်။ သူသည် ကိုယ်ကိုလှည့်ကာ အားချန်၏ မျက်နှာချင်းဆိုင် ခုံတွင် လာရောက် ထိုင်လိုက်လေသည်။
ဤအချိန်တွင် ကျောက်မိသားစုဝင်များသာ ရှိနေပါက အလွန် အံ့အားသင့်သွားကြပေမည်။
အကြောင်းမှာ သူတို့မြင်ဖူးသော ကျောက်ယင်နှင့် ယခုလူသည် ရုပ်ရည်တူညီသော်လည်း အရှိန်အဝါ လုံးဝ ကွာခြားနေသောကြောင့်ပင်။
ကျောက်ယင်သည် ထိုက်ဖေး စိတ်ကြိုက် ပြုလုပ်ထားသော ရုပ်သေးရုပ်နှင့် တူပါက ဤလူသည် သက်ရှိလူသား၏ တက်ကြွမှုမျိုး ပိုရှိနေသည်။
"မင်း ဘယ်သူလဲ"
အားချန်က တို့ဖူးတစ်တုံးကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်၏။ အရသာက သိပ်မကောင်းလှ။ ဒီဆိုင် ဘာလို့ လူပါးလဲဆိုတာ မဆန်းတော့ဘူး။
"စကားပြောလေ။ မင်း ဘယ်သူလဲ" တဖက်လူ၏ လေသံတွင် စိတ်မရှည်မှုများ ပါဝင်လာသည်။
"တစ်နှစ်လောက် မတွေ့ရတာတောင် ရှင့်စိတ်ဓာတ်က ဆိုးနေတုန်းပါလား" အားချန်က တူကိုချကာ မော့ကြည့်လိုက်သည်။
"... အားချန်လား" တဖက်လူ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာ ပေါ်လာသည်။ သူက အားချန်ကို အပေါ်အောက် အကဲခတ်လိုက်ပြီး ပြောလိုက်သည်။ "မင်း အသက်ရှင်နေသေးတာပဲ"
"ရှင် သတိပေးခဲ့လိုသာ ကျွန်မ ထွက်ပြေးဖို့ အခွင့်အရေး ရခဲ့တာပါ" တစ်နှစ်ကျော်က ကိစ္စကို ပြန်တွေးမိပြီး အားချန် မျက်လုံးများကို မှေးစင်းလိုက်လေသည်။ စိတ်အခြေအနေ သိပ်မကောင်းတော့ပေ။
"ဒါပေမဲ့... ရှန့်ယင်၊ ရှင်က ပျောက်ကွယ်တော့မယ့် ပုံပဲ"
ရှန့်ယင်က အားချန်၏ စကားကို သိပ်ပြီး တုံ့ပြန်မှု မရှိပေ။ "မင်းက စောစောကတည်းက သိပြီးသား မဟုတ်ဘူးလား"
သူနှင့် အားချန်သည် ပေဟွမ်ဝမ် အိမ်တော်တွင် ဆုံတွေ့ခဲ့ကြသည်။
ထိုစဉ်က အားချန်သည် ပေဟွမ်ဝမ်၏ ဧည့်သည်တော်ဖြစ်ပြီး သူကတော့... ကျောက်ယင်၏ ခန္ဓာကိုယ်ထဲက ထိန်းချုပ်မရသော အသိစိတ်တစ်ခု ဖြစ်သည်။
ရယ်စရာကောင်းသည်မှာ ကျောက်ယင်ဟု ခေါ်သော ခန္ဓာကိုယ်သည် မူလက သူ့အပိုင်ဖြစ်သင့်သည်ပင်။ မည်သည့်အချိန်က စတင်ပြောင်းလဲသွားသည်မသိ၊ သူသည် ရှန့်ယင်မှ ကျောက်ယင် ဖြစ်လာပြီးနောက် ဒီခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ခံလိုက်ရသည်။
အစပိုင်းတွင် သူသည် ခန္ဓာကိုယ်ကို ခိုးဝှက် ထိန်းချုပ်နိုင်သေးသည်။ နောက်ပိုင်းတွင် ကျောက်ယင်၏ ကျင့်ကြံမှု မြင့်မားလာသောအခါ ကျောက်ယင် သေရည်သောက်သည့် အချိန်မှသာ သူ ထွက်ပေါ်လာနိုင်သည်။
အားချန်နှင့် တွေ့ဆုံသည့်နေ့က ကျောက်ယင် အပြစ်ပေးခံရပြီး သေရည်သောက်ထားချိန် ဖြစ်သည်။ သူ အပြင်ထွက်ပြီး လေညှင်းခံစဉ် အားချန်က သူ့အခြေအနေကို ရိပ်မိသွားခဲ့သည်။
သူသည် လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို ကြောက်သဖြင့် လူသတ်နှုတ်ပိတ်ရန် ကြိုးစားခဲ့ရာ အားချန်၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရလေသည်။
ထိုအချိန်ကျမှ ထိုဧည့်သည်တော်သည် အဆင့်၄ မြေခွေးမိစ္ဆာမှန်း သိလိုက်ရတော့သည်။
သူမသည် သူ့ကို မသတ်ဘဲ ဘေးတွင် ထိုင်ကာ သူ့ဆွေစဉ်မျိုးဆက်များကိုပါ စစ်မေးခဲ့သည်။
သူသည် အားချန်က ပေဟွမ်ဝမ်ထံတွင် တိုင်ပြောမည်ဟု ထင်ခဲ့သော်လည်း သူမ မပြောခဲ့ပေ။ ဒီကိစ္စသည် သူတို့နှစ်ဦးကြားက လျှို့ဝှက်ချက် ဖြစ်လာခဲ့သည်။
အားချန်သည် ပေဟွမ်ဝမ် အိမ်တော်တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ပြီး သူတို့ ရင်းနှီးခဲ့ကြသည်။
နောက်ဆုံးတွေ့ဆုံမှုမှာ ဝမ်ရယ်က အားချန်ကို သတ်ရန် အမိန့်ပေးချိန်တွင် သူ သတင်းသွားပေးခဲ့ခြင်းပင်။
ထိုစဉ်က အားချန်သည် စွမ်းအားကြီးမားသော မြေခွေးမိစ္ဆာ ဖြစ်သော်လည်း ယခုအခါ သာမန်လူနှင့် မခြားတော့ပေ။
သူသည်လည်း ကျောက်ယင် တတိယအဆင့် ရောက်ပြီးနောက် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ ထိုအမွှေးနံ့သာနံ့ကြောင့်သာ သူ ထွက်ပေါ်လာနိုင်ခြင်းပင်။
"ရှင် အရှုံးပေးတော့မလို့လား" အားချန်က ရွှန်းလဲ့နေသည့် မျက်လုံးများဖြင့် ကြည့်နေသဖြင့် သူမ မေးခွန်းထုတ်နေခြင်းလား၊ လှောင်ပြောင်နေခြင်းလား ရှန့်ယင် မခွဲခြားနိုင်ပေ။
"မဟုတ်ရင် ဘာလုပ်နိုင်ဦးမှာလဲ" ရှန့်ယင်၏ လေသံမှာ အားလျော့နေလေသည်။ ပေဟွမ်ဝမ် အိမ်တော်သည် ကြီးမားသော အင်အားစုကြီး ဖြစ်သဖြင့် သူ ဘာမှမလုပ်နိုင်ပေ။
အားချန်က ခပ်တိုးတိုး ပြောလိုက်၏။ "ကျွန်မ မှတ်မိသေးတယ်။ ရှင့်အမေ သေတုန်းက ပုခုံးရိုးကို ဖောက်ပြီး ခေါင်မိုးပေါ်မှာ ချိတ်ဆွဲခံထားရတာ ဝက်သားဆိုင်မှာ ချိတ်ထားတဲ့ ဝက်သားတစ်ခြမ်းလိုပဲလို့ ရှင် ပြောပြဖူးတယ်"
ရှန့်ယင်၏ မျက်နှာထား ကြောက်မက်ဖွယ် ပြောင်းလဲလာသည်ကို ဂရုမစိုက်ဘဲ သူမ ဆက်ပြောလိုက်၏။ "ကျွန်မ ဝက်သားဆိုင်ကို သွားကြည့်ဖူးတယ်။ အဲဒီက အသားတွေက လတ်ဆတ်တယ်။ ဒါပေမဲ့ ရှင့်အမေတုန်းကတော့ ခန္ဓာကိုယ်ပေါ်မှာ ကောင်းတဲ့အသားတောင် ကျန်မှာ မဟုတ်ဘူးနော်။
ရှင် ပြောဖူးတယ်လေ။ သူတို့က ရှန့်မိသားစုရဲ့ သရဲထိန်းချုပ်နည်းပညာကို ရဖို့အတွက် ရှင့်ကို သုံးပြီး ခြိမ်းခြောက်ခဲ့တယ်။ ရှင့်ကို အသုံးချပြီး သူ့ကို ဒုက္ခပေးခိုင်းခဲ့တယ်။ သူ မသေခင်တုန်းက အရမ်း နာကျင်ခဲ့မှာပဲ"
အားချန်၏ ပြောစကားများကြောင့် ရင်ထဲတွင် မြှုပ်နှံထားသော အတိတ်များသည် ပိုမို ရှင်းလင်းလာလေသည်။ ရှန့်ယင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးများ နီရဲလာ၏။ "တော်လိုက်တော့"
အားချန်ကတော့ မရပ်တန့်ဘဲ ဆက်ပြောလိုက်သည်။ "ရှင် ကလဲ့စားမချေချင်တာလည်း ပုံမှန်ပါပဲလေ။ ရှင်က အမုန်းတရားတွေကို ရှောင်ပြေးဖို့အတွက် ကျောက်ယင်ကို ဖန်တီးခဲ့တာကိုး။ သူက ရှင့်နေရာကို အောင်မြင်စွာ ဝင်ယူနိုင်ခဲ့ပြီး ထိုက်ဖေး အသုံးချလို့ကောင်းတဲ့ ခွေးတစ်ကောင် ဖြစ်လာခဲ့ပြီ။ ရှင် ပျောက်ကွယ်သွားရင် သူက သေတဲ့အထိ ထိုက်ဖေးအပေါ် ပိုပြီး သစ္စာစောင့်သိ ပေးနိုင်မှာပေါ့"
"ငါ ပြောနေတယ်လေ တော်လိုက်တော့လို့!" ရှန့်ယင် မတ်တပ်ထရပ်လိုက်ရာ သူထိုင်နေသော ကုလားထိုင်သည် အမှုန့်ဖြစ်သွားလေသည်။
ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သော်လည်း ကျောက်ယင် ကြုံတွေ့ရသမျှကို သူ မြင်တွေ့နေရသည်။
ထိုက်ဖေးသည် ကျောက်ယင်ကို လူသားတစ်ယောက်အဖြစ် ဘယ်တုန်းကမှ မဆက်ဆံခဲ့ဘဲ တိရစ္ဆာန်လောက်ပင် သဘောမထားခဲ့ပေ။
အားချန်က ထိုင်မြဲအတိုင်း ထိုင်နေပြီး သူ့ကို ပြုံးပြနေသည်မှာ ဟာသတစ်ခုကို ကြည့်နေသကဲ့သို့ပင်။
"ရှန့်ယင်၊ ရှင် ကလဲ့စားချေရဲလား"
"ငါ သေချာပေါက် ရဲတာပေါ့"
"ကိုယ့်အသက်နဲ့ရင်းပြီး သူတို့အသက်ကို ယူရမယ် ဆိုရင်ရော"
"ငါက အစကတည်းက တန်ဖိုးမရှိတဲ့ အသက်ပဲလေ။ တစ်ယောက်တည်းကို လဲနိုင်ရင်တောင် အမြတ်ထွက်နေပြီ" ရှန့်ယင်သည် စားပွဲကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်ပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အားချန်ကို စိုက်ကြည့်လိုက်လေသည်။ "မင်း ငါ့ကို ကူညီနိုင်လား"
အားချန် ပြုံးလိုက်သည်။ "ဟုတ်တယ်။ ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ်"
...