← Chapters

သူ့ရဲ့အချစ်က ဘာများအရေးကြီးလို့လဲ …

Vol. 16 Ch. 154

သူ့ရဲ့အချစ်က ဘာများအရေးကြီးလို့လဲ …

Vol. 16 Ch. 154

"မင်းက အခု ဒီလိုဖြစ်နေတာ။ ငါ့ကို ဘယ်လိုကူညီမှာလဲ" ရှန့်ယင်၏ စိတ်ခံစားချက်များသည် တဖြည်းဖြည်း ငြိမ်သက်လာသော်ငြား သူ့ရှေ့က အားချန်ကို ကြည့်နေသည့် အကြည့်များထဲတွင် မျှော်လင့်ချက်အရောင်များသည် တဖြည်းဖြည်း မှေးမှိန်လို့သွားတော့သည်။

အကယ်၍ အားချန်သည် ယခင်ကလို အဆင့်၄ နယ်ပယ်ကို ရောက်ရှိထားသည့် မိစ္ဆာတစ်ကောင် ဖြစ်နေသေးလျှင် သူ့အတွက် လက်စားချေရန် မျှော်လင့်ချက် ရှိနေဦးမည် ဖြစ်သော်ငြား ယခုအချိန်တွင် သူမက ဘာလုပ်ပေးနိုင်မည်နည်း။

ရှန့်ယင်၏ သံသယကို ရင်ဆိုင်လိုက်ရသောအခါ အားချန်သည် စိတ်ဆိုးခြင်းမရှိဘဲ ပြန်မေးလိုက်၏။ "ထိုက်ဖေးက မြို့တော်ထဲကို အဆင့်၄နယ်ပယ် အစောင့်ဘယ်နှစ်ယောက် ခေါ်လာခဲ့လဲ"

"တစ်ယောက်"

"တကယ်လို့ အဲဒီအဆင့်၄ အစောင့်ကို ဖယ်ရှားလိုက်ရင် သူ အယုံကြည်ရဆုံးလူက ကျောက်ယင် ဖြစ်သွားပြီ မဟုတ်လား" အားချန်သည် ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ကိုင်းလိုက်ပြီး လေသံမှာ ပိုမိုတိုးလျသွားလေသည်။

ရှန့်ယင်သည် သူ၏နှလုံးခုန်သံများ တဒုန်းဒုန်းနှင့် မြန်ဆန်လာသည်ကို ခံစားလိုက်ရပြီး လည်ချောင်းများ ခြောက်သွေ့ကာ ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ်"

ပေဟွမ်ဝမ်ထိုက်ဖေးသည် မိမိကိုယ်ကို အလွန်အမင်း ယုံကြည်မှုရှိသည့် လူတစ်ယောက် ဖြစ်လေသည်။ သူမသည် နှစ်ပေါင်းများစွာ အချိန်ကုန်ခံပြီး ကျောက်ယင်ကို သူမ လိုချင်သည့် ပုံစံအတိုင်း သွတ်သွင်းထားခဲ့သဖြင့် ဒီလိုကျောက်ယင်မျိုးက သူမကို လုံးဝသစ္စာဖောက်မည် မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်ထား၏။

အားချန်သည် ရင်ဘတ်ထဲမှ အိတ်တစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်လေသည်။ "ကျွန်မက ရှင့်ကို အဲဒီအဆင့်၄ အစောင့်ကို ဖယ်ရှားပေးနိုင်သလို ကျောက်ယင်ရဲ့ အသိစိတ်ကို ဖိနှိပ်ပေးပြီး ဒီခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်တယ်။ ရှင်ကတော့ ..."

"ကိုယ့်လက်နဲ့ကိုယ် သူ့ကို သတ်ရုံပဲ" ရှန့်ယင်၏ မျက်လုံးထဲတွင် အံ့ဩဖွယ်ကောင်းလောက်အောင် တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာတော့သည်။

"တွေ့လား။ ဒါက ရိုးရှင်းပါတယ်"

"အဆင့်၄နယ်ပယ် ဆိုတာ သတ်ရလွယ်ကူတာ မဟုတ်ဘူး" ရှန့်ယင်သည် အားချန်၏ စကားကြောင့် သွေးကြောများ ပေါက်ကွဲလုမတတ် စိတ်လှုပ်ရှားသွားသော်လည်း အသိစိတ် အနည်းငယ် ကျန်ရှိနေသေး၏။

"တကယ်လို့ ပေဟွမ်မှာဆိုရင်တော့ လွယ်ကူမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်သူက သူ့ကို ရှန့်ကျင်းကို လာခိုင်းလို့လဲ" အားချန်သည် မျက်လုံးများကို အောက်သို့ချထားလိုက်ပြီး လက်ပေါ်က လက်စွပ်ကို ပွတ်သပ်လိုက်လေသည်။ "ဒီနေရာက သူပြောတိုင်း ဖြစ်တဲ့နေရာ မဟုတ်ဘူး"

"မင်းမှာ နည်းလမ်းရှိလို့လား"

"အဲဒါကတော့ ကျွန်မ လှုပ်ရှားဖို့အတွက် သူ့ဘေးနားမှာ ဟာကွက်တွေ ဘယ်လောက်များများ ရှိလဲဆိုတာအပေါ် မူတည်တယ်။ ကျွန်မ မကြာသေးခင်က ရှန့်မိသားစုနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ရထားတယ်"

ရှန့်ယင်၏ မျက်နှာမှာ တည်ကြည်သွားလေသည်။ "ဘာသတင်းလဲ"

"ရှန့်မိသားစုရဲ့ တံဆိပ်ခတ်နှိပ်ထားတဲ့ အမွှေးတိုင်အိုး တစ်လုံးက ဈေးကွက်ထဲကို ရောက်လာပြီး တိုက်တိုက်ဆိုင်ဆိုင် ကျွန်မလက်ထဲကို ရောက်လာခဲ့တယ်။ အဲဒီအမွှေးတိုင်အိုးက အရမ်းတန်ဖိုးကြီးတယ်။ ဒါပေမဲ့ ရောင်းတဲ့လူက ပစ္စည်းအကြောင်း နားမလည်ဘူး။ အခုထိ ကျွန်မဆီကို ဘယ်သူမှ လာမရှာသေးဘူး။ ကျွန်မ ထင်တာကတော့ အခုလောလောဆယ် သူတို့ ဒီကိစ္စကို မသိကြသေးဘူး"

ရှန့်ယင်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်ထွက်လာ၏။ "အဲဒီအမွှေးတိုင်အိုးက နင့်လက်ထဲမှာလား"

"ရှင့်ပုံစံကို ကြည့်ရတာ ဒီအမွှေးတိုင်အိုးရဲ့ မူလပိုင်ရှင်ကို သိနေပုံရတယ်"

ရှန့်ယင်သည် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်၏။ "အရင်တုန်းက ရှန့်မိသားစု မျိုးတုံးအသတ်ခံရတုန်းက ပစ္စည်းတစ်ဝက်ကျော်လောက်က ထိုက်ဖေး လက်ထပ်တုန်းက ပါသွားပြီး ပေဟွမ်ကို ရောက်သွားတယ်။ ကျန်တဲ့ တစ်ဝက်လောက်ကတော့ ကျောက်မိသားစုဆီမှာ ကျန်ရစ်ခဲ့တယ်"

ဒီကိစ္စက မူလက လျှို့ဝှက်ချက်တစ်ခု ဖြစ်သဖြင့် ရှန့်ယင်သည်လည်း ယခင်က မသိရှိခဲ့ချေ။ ရှန့်ကျင်းသို့ မထွက်ခွာမီ အချိန်လေးတွင်မှ သူ သိရှိခဲ့သည်မှာ ဒီတစ်ကြိမ် ထိုက်ဖေး မြို့တော်သို့ လာရောက်ခြင်းသည် သူမ၏ဖခင် မွေးနေ့ပွဲအတွက် သာမက ကျောက်မိသားစုက ထိန်းသိမ်းထားသည့် ရှန့်မိသားစုထံမှ လုယူထားသော ကျန်ရှိနေသည့် ပစ္စည်းများကိုပါ ယူဆောင်ရန် ဖြစ်ကြောင်း သိရှိလိုက်ရသည်။

ရှန့်ယင်၏ စကားထဲမှ အားချန်သည် အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုကို ရိပ်မိလိုက်၏။ ရှန့်မိသားစု မျိုးတုံးသတ်ဖြတ်ခံရမှုသည် ပေဟွမ်ဝမ်အိမ်တော်နှင့် သက်ဆိုင်နေသည်။

ပေဟွမ်ဝမ်အိမ်တော်၏ ဖုံးကွယ်ပေးမှုကြောင့် မင်ကျင့်စီးသည် သဲလွန်စ မရှာတွေ့ခဲ့ခြင်း ဖြစ်ပေမည်။ ယခင်ပေဟွမ်ဝမ်သည် တစ်ကြိမ် အိမ်ထောင်ပြုဖူးသော ထိုက်ဖေးကို လက်ထပ်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

ဒီမိသားစု နှစ်စု ပူးပေါင်းပြီး ရှန့်မိသားစုကို ဝါးမြိုခဲ့ကြရာ ယုံကြည်စိတ်ချရသော ကြားခံလူ တစ်ယောက် လိုအပ်ပေမည်။ ထိုက်ဖေးသည် ရွေးချယ်ခံလိုက်ရသူပင်။

အားချန်သည် သူမ၏ကံတရား အလွန်ကောင်းမွန်သည်ဟု ထင်မြင်မိ၏။ သူမ ဘာမှမလုပ်ရသေးခင်မှာပင် ထိုက်ဖေး၏ အားနည်းချက်သည် သူမလက်ထဲသို့ ရောက်ရှိလာခဲ့ပြီ။

"ဒါဆိုရင် အဲဒီအမွှေးတိုင်အိုးက ကျောက်မိသားစုဆီကနေ ထွက်လာတာပေါ့"

"ဟုတ်တယ်။ ပြီးတော့ ထိုက်ဖေးရဲ့ မြေးဖြစ်တဲ့ ကျောက်ဇယ်ချန်း ခိုးယူသွားတာ ဖြစ်ဖို့များတယ်။ မနေ့က ကျောက်ယင်က သူ့သံသယကို ထိုက်ဖေးကို ပြောပြလိုက်တယ်။ သူက ပါးစပ်ကသာ မယုံဘူး ပြောနေပေမယ့် လူလွှတ်ပြီး စုံစမ်းခိုင်းမှာ သေချာတယ်" ပြောပြီးနောက် သူက ထပ်ဖြည့်စွက်လိုက်သည်။ "ထိုက်ဖေးက ဒီကိစ္စကို အရမ်းဂရုစိုက်တယ်"

"ကြည့်ရတာ ကျွန်မတို့အတွက် အချိန်သိပ်မကျန်တော့ဘူးပဲ" အားချန် ပြောပြီးနောက် တွေးတော နေလိုက်လေသည်။

သူမက မူလက အမွှေးတိုင်အိုးသည် ပြဿနာတစ်ခုဟု ထင်မြင်ခဲ့သဖြင့် ပိုင်ရှိုးမင်ထံသို့ စောစီးစွာ လွှဲပြောင်းပေးခဲ့သော်ငြား မထင်မှတ်ထားဘဲ အခြေအနေ ပြောင်းလဲသွားခဲ့သဖြင့် ယခုအခါ ပစ္စည်းကို ပြန်တောင်းယူရပေတော့မည်။

ပိုင်ရှိုးမင်ဘက်က အသုံးဝင်မည့် သဲလွန်စများ ရှာဖွေတွေ့ရှိထားခြင်း ရှိမရှိ မသိရသော်ငြား သူမက အမွှေးတိုင်အိုးကို သွားပြန်တောင်းလျှင် သူက လွယ်လွယ်ကူကူ ပေးလိမ့်မည် မဟုတ်ပေ။ သူ့ကို နည်းနည်းလောက် ချော့မော့ရပေမည်။

ဒီအကြောင်းကို တွေးမိသည်တွင် အားချန်၏ မျက်နှာသည် ရုတ်တရက် ပူနွေးလာခဲ့လေသည်။

ရှန့်ယင်သည် အားချန် စကားပြောနေရင်း ရုတ်တရက် အတွေးလွန်နေသည်ကို တွေ့လိုက်ရသဖြင့် သံသယဖြင့် သူမကို ကြည့်လိုက်၏။ "နင် ဘာတွေစဉ်းစား နေတာလဲ"

"ကျွန်မ စဉ်းစားနေတာက ..." အားချန်သည် သတိပြန်ဝင်လာပြီး လည်ချောင်းကို ရှင်းလိုက်ကာ "တကယ်လို့ သူတို့က အမွှေးတိုင်အိုး ကျွန်မလက်ထဲမှာ ရှိနေတာကို သိသွားရင် လူလွှတ်ပြီး လာယူခိုင်းမှာ သေချာတယ်။ ဒီလောက်အရေးကြီးတဲ့ ပစ္စည်းဆိုတော့ ကျင့်ကြံမှုမနိမ့်တဲ့ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကို လွှတ်မှာ သေချာတယ်"

ရှန့်ယင်က မိမိကိုယ်ကို လက်ညှိုးထိုးပြလိုက်၏။ "ငါ"

အားချန်က ခေါင်းငြိမ့်ပြလိုက်ပြီး "တကယ်လို့ ရှင်လည်း ရှုံးနိမ့်သွားရင် ထိုက်ဖေးက ပိုပြီးတော်တဲ့ လက်အောက်ငယ်သားကို လွှတ်လိမ့်မယ်"

ရှန့်ယင်က ယုတ္တိမရှိသည့် အချက်ကို ထောက်ပြလိုက်၏။ "နင့်လို သာမန်လူတစ်ယောက်ကို ကိုင်တွယ်ဖို့ ငါက ဘာဖြစ်လို့ ရှုံးနိမ့်ရမှာလဲ"

အားချန်က ဒီမေးခွန်းကို တိုက်ရိုက် မဖြေကြားဘဲ ပြောလိုက်၏။ "ကျွန်မရဲ့ အခုနာမည်က ကျိချန်"

"နာမည်ကောင်းလေးပဲ"

"သူတို့ အမွှေးတိုင်အိုး ကျွန်မလက်ထဲမှာ ရှိနေတာကို စုံစမ်းမိသွားတဲ့ အချိန်ကျရင် ရှင်က ကျွန်မရဲ့ နောက်ကြောင်းနဲ့ အထောက်အထားကို လာစုံစမ်းကြည့်လိုက်"

ဒီတစ်ကြိမ်တွင်တော့ ရှန့်ယင်သည် သူမ၏ဆိုလိုရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာခဲ့၏။ "နင့်ရဲ့ အခုအထောက်အထားက ..."

"သိပ်ပြီး စပ်စုမနေပါနဲ့။ ကြိုပြီးတော့လည်း မစုံစမ်းနဲ့။ တော်ကြာ အကွက်မိသွားလိမ့်မယ်။ ထိုက်ဖေးက သာမန်ကာလျှံကာ သတိထားတတ်တဲ့ သူမျိုး မဟုတ်ဘူး"

"နားလည်ပါပြီ" ရှန့်ယင်က ခေါင်းငြိမ့်လိုက်သော်ငြား တွန့်ဆုတ်စွာဖြင့် ရှိနေသေး၏။ "နင့်မှာ တကယ်ပဲ အဆင့်၄နယ်ပယ်ကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းရှိလို့လား"

"ဒါဆိုရင် ရှင်ကရော သူ့ကို တကယ်အသက်စွန့်ပြီး တိုက်ခိုက်ရဲလို့လား" အားချန်က မေးခွန်းပြန်ထုတ်လိုက်၏။

"အသက်ချင်း လဲရမယ်ဆိုရင်တောင် တန်ပါတယ်" ရှန့်ယင်က ချက်ချင်း ပြန်ဖြေလိုက်လေသည်။ ယခင်က သူသည် ထိုလူများကို ဆန့်ကျင်နိုင်စွမ်း မရှိခဲ့သဖြင့် မတောင့်တရဲခဲ့သော်ငြား ယခုအခါ ရင်ထဲတွင် မျှော်လင့်ချက်လေး တစ်စွန်းတစ်စ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုမျှော်လင့်ချက်လေးက သေးငယ်လွန်းလှသော်ငြား သူသည် မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။

သူ၏အသိစိတ်က တစ်နေ့နေ့တွင် ပျောက်ကွယ်သွားနိုင်သော်ငြား မိမိ၏ခန္ဓာကိုယ်ကို တစ်ဘဝလုံး ရန်သူ့လက်ထဲတွင် တိရစ္ဆာန်တစ်ကောင်လို ခိုင်းစေခံရမည်ကိုတော့ လက်မခံနိုင်ပေ။ ထိုသူက သူနှင့်သွေးသားတော်စပ် နေလျှင်ပင်။

သူ့မိသားစုဝင် ဆိုသည်မှာ အစကတည်းက သူအသက်ရှင်ဖို့အတွက် အဆက်မပြတ် အလျှော့ပေးခဲ့ရပြီး နောက်ဆုံးတွင် ရက်စက်စွာ သေဆုံးခဲ့ရသည့် အမေသာ ရှိလေသည်။

သူ့မျိုးရိုးနာမည်မှာ ရှန့် ဖြစ်သည်။ ထိုက်ဖေး၊ ကျောက်ရွှင်နှင့် ကျောက်မိသားစုဝင်များ အားလုံးသည် အစကတည်းက သူ့မိသားစုဝင်များ မဟုတ်ခဲ့ဘဲ သူ့ရန်သူများသာ ဖြစ်ကြလေသည်။

အကယ်၍ သူ့အသက်နှင့် ပေဟွမ်ဝမ်ထိုက်ဖေး၏ အသက်ကို လဲလှယ်နိုင်လျှင် အလွန်တန်ဖိုးရှိလှသည်။

အားချန်သည် တည်ငြိမ်နေပုံရသည့် ရှန့်ယင်ကို ကြည့်ကာ မေးလိုက်၏။ "ဒါဆိုရင် ကျွန်မ ရှင့်ကို ကူညီပေးရမလား"

"ကူညီပေးပါ" ဒီတစ်ကြိမ်တွင်တော့ တွေဝေခြင်း မရှိတော့ချေ။

အားချန်သည် စားပွဲပေါ်က အိတ်ကို သူ့ဘက်သို့ တွန်းပို့လိုက်၏။ "ဒါက ရှင့်အတွက်ပဲ။ ရေနဲ့ဖျော်ပြီး သောက်လိုက်"

ရှန့်ယင်သည် အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် အမှုန့်ကြိတ်ထားသည်များကို တွေ့လိုက်ရပြီး အလွန်မွှေးကြိုင်ကာ သူ့အသိစိတ်ကို နှိုးထစေသည့် အနံ့မျိုးနှင့် တူညီနေလေသည်။

"ဒါက ..."

"ကျန်းဟွမ်အမွှေးနံ့သာ (ဝိညာဉ်ထိန်းအမွှေးနံ့သာ)။ ဒီပမာဏက ကျောက်ယင်ရဲ့ အသိစိတ်ကို ဖိနှိပ်ထားဖို့ လုံလောက်တယ်။ ရှင်က သူ့ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့တာပဲ။ သူ့နေရာကို အစားထိုး ဝင်ယူလိုက်ရင် ရိပ်မိသွားမှာ မဟုတ်ဘူးမလား"

"အင်း"

အိတ်ထဲတွင် အမှုန့်များ များပြားလှသဖြင့် ရှန့်ယင်သည် ရေနွေးကြမ်းဖြင့် ဖျော်ကာ ရှစ်ခွက်တိတိ သောက်လိုက်ရလေသည်။

ထိုအမှုန့်များသည် အနံ့မွှေးသော်ငြား သောက်လိုက်သည့်အခါ အသားညှီနံ့ ရသဖြင့် မျက်လုံးများပင် ပြာဝေသွားစေသည်။

နောက်ဆုံးကျန်သည့် အမှုန့်များကို ရေနွေးကြမ်းနှင့် ရောသောက်လိုက်ပြီးနောက် ရှန့်ယင်သည် မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ထဲက အခြားအသိစိတ်တစ်ခုကို အာရုံခံ ကြည့်လိုက်ရာ သူ့ထက် အားကောင်းပြီး သူ့ကို အမြဲတမ်း ဖိနှိပ်ထားသည့် အသိစိတ်သည် အိပ်ပျော်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူက တကယ်အစွမ်းထက်တာပဲ။ ဒီလိုနည်းလမ်းမျိုးတောင် ရှိတာပဲဟု ပြောချင်သော်ငြား စကားလုံးများ ပါးစပ်ဖျား ရောက်လာချိန်တွင်တော့ "တကယ်သောက်လို့ မကောင်းလိုက်တာ။ ဒီပစ္စည်းကို ဘယ်ကရလာတာလဲ" ဟုသာ ပြောထွက်လာတော့သည်။

ပါးစပ်ထဲတွင် အမှုန့်အစအနများ ကျန်နေသေးသလို ခံစားနေရသည်။

အားချန်က မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဝယ်လာတာပေါ့။ ဒီပစ္စည်းတွေက ငွေတစ်ထောင်ကျော်တောင် ပေးလိုက်ရတာ"

သူမသည် ပိုင်ရှိုးမင်အတွက်သာ ဒီလောက်ငွေအများကြီး သုံးဖူးသော်ငြား ရှန့်ယင်ကတော့ အပြစ်ပြောရဲ သေးသည်။

"မင်းက ငါ ရှန့်ကျင်းကို လာမယ်ဆိုတာ ကြိုသိနေပြီးတော့ ငါ့အတွက် သီးသန့် ပြင်ဆင်ထားတာလား" ရှန့်ယင်သည် ရုတ်တရက် သဘောပေါက်သွားတော့သည်။ အားချန် ဒီနေ့ ဒီနေရာမှာ ရှိနေခြင်းက တိုက်ဆိုင်မှု မဟုတ်သလို သူမ ပြင်ဆင်ထားသည့် ပစ္စည်းများကလည်း ရုတ်တရက် စိတ်ကူးပေါက်ပြီး လုပ်ထားခြင်း မဟုတ်နိုင်ပေ။

"ဟုတ်တယ်" အားချန်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ "ပိုင်ကျန့်ဟွမ်က ငါ့ကို ပြောဖူးတယ်။ သူ့အဘိုးက ဒီနှစ် အသက်၈၀ပြည့် မွေးနေ့ရောက်တော့မှာမို့ ထိုက်ဖေးက မြို့တော်ကို သေချာပေါက် ပြန်လာလိမ့်မယ်တဲ့။ နင်လည်း သေချာပေါက် လိုက်လာလိမ့်မယ်တဲ့"

ထိုအချိန်က သူမသည် ခရီးသွားမှတ်တမ်း တစ်ခုကို ဖတ်ရှုနေခဲ့ပြီး အခန်းတစ်ခန်းတွင် သာ့ရှ ရှန့်ကျင်း အကြောင်း ရေးသားထားသည်ကို တွေ့လိုက်ရသည်။ ပိုင်ကျန့်ဟွမ်က သူမကို ထိုက်ဖေး၏ မိဘအိမ်သည် ရှန့်ကျင်းတွင် ရှိကြောင်း ပြောပြခဲ့သည်။ နှစ်တိုင်း တတိယလ၏ သုံးရက်မြောက်နေ့သည် သူ့အဘိုး၏ မွေးနေ့ဖြစ်ပြီး နောက်နှစ်သည် အသက်၈၀ပြည့် မွေးနေ့ဖြစ်သဖြင့် ထိုက်ဖေး မြို့တော်သို့ ပြန်လာလိမ့်မည်ဟု ဆိုသည်။

ပေဟွမ်မှ ရှန့်ကျင်းအထိ မိုင်ပေါင်းသောင်းချီ ဝေးကွာကြောင်း ပြောပြပြီး ရှန့်ကျင်းသို့ သွားရောက်နိုင်သည့် လမ်းကြောင်းအချို့ကိုလည်း ပြောပြခဲ့သည်။ သူသည် အမိန့်မရဘဲ ပေဟွမ်မှ ထွက်ခွာခွင့် မရှိသဖြင့် သူမကို ရှန့်ကျင်းသို့ ခေါ်ဆောင်သွားပြီး လည်ပတ်ပေးနိုင်မည် မဟုတ်ကြောင်း ပြောပြခဲ့သည်။

ထိုအချိန်က အားချန်သည် ရှန့်ကျင်းသို့ သွားရန် စိတ်ကူးမရှိခဲ့ချေ။ သူမသည် ညီမဖြစ်သူ၏ သတင်းရရှိပြီးနောက် ညီမဖြစ်သူကို သွားရှာရန်သာ စဉ်းစားနေခဲ့သည်။

သို့သော် နောက်ဆုံးတွင်တော့ သူမသည် ပိုင်ကျန့်ဟွမ် ပြောပြခဲ့သည့် လမ်းကြောင်းအတိုင်း ရှန့်ကျင်းသို့ ရောက်ရှိလာခဲ့လေသည်။

ရှန့်ယင်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေတော့၏။ ယခုအခါ အားချန်သည် အားနည်းသူ တစ်ဦးဖြစ်သော်ငြား သူမသည် ရှန့်ကျင်းတွင် ပိုက်ကွန်ဖြန့်ကာ ထိုက်ဖေး ဝင်လာမည်ကို စောင့်ဆိုင်းနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်မိနေ၏။

ထိုက်ဖေးနှင့် ပတ်သက်ပြီး သူမ သိရှိထားသမျှ အရာအားလုံးသည် ပေဟွမ်ဝမ် ကိုယ်တိုင် ပြောပြခဲ့ခြင်း ဖြစ်သည်။

ရှန့်ယင်က ရုတ်တရက် မေးလိုက်၏။ "ဒါဆိုရင် အရင်တုန်းက မင်းကို သတ်ဖို့ အမိန့်ပေးခဲ့တာ ပိုင်ကျန့်ဟွမ် မဟုတ်ဘဲ ထိုက်ဖေး ဆိုတာကိုရော မင်း သိလား"

အားချန်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခေါင်းခါပြလိုက်၏။ "မသိဘူး"

အစပိုင်းတွင် သူမကို ဝိုင်းဝန်းတိုက်ခိုက်ကြသူများက သူတို့သည် ပေဟွမ်ဝမ်၏ အမိန့်ကို လက်ခံထားကြောင်း ပြောခဲ့ကြသည်။

ထွက်ပြေးနေရစဉ် ကာလတစ်လျှောက်လုံးတွင် အားချန်သည် စဉ်းစားခဲ့ဖူးသည်။ ပိုင်ကျန့်ဟွမ်က သူမ၏အသက်ကို လိုချင်နေလျှင် သုံးနှစ်ကြာအောင် စောင့်ဆိုင်းနေမည် မဟုတ်ပေ။ သို့သော် သူမ၏အမြီးများ တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက်သွားပြီးနောက် ထိုခန့်မှန်းချက်များသည် အဓိပ္ပါယ် မရှိတော့ချေ။

"ထိုက်ဖေးက ပိုင်ကျန့်ဟွမ် မရှိတုန်း သူ့ရဲ့အမိန့်ပေးတံဆိပ်ကို ခိုးယူပြီး ဝမ်အိမ်တော်ရဲ့ လျှို့ဝှက်အစောင့်တွေကို စေလွှတ်လိုက်တာ။ နောက်ပိုင်း ပိုင်ကျန့်ဟွမ် ပြန်ရောက်လာပြီး မင်း အခက်အခဲ ဖြစ်နေတာကို သိသွားတဲ့အခါ သူတို့သားအမိနှစ်ယောက် လုံးဝ အဆင်မပြေ ဖြစ်သွားကြတယ်။ အခုထိလည်း ပြန်မတည့်ကြသေးဘူး။ မဟုတ်ရင် ထိုက်ဖေးက မြို့တော်ကို လာတုန်း အဆင့်၄ အစောင့်တစ်ယောက်တည်း ခေါ်လာမှာ မဟုတ်ဘူး"

ရှန့်ယင်က ပြောရင်း ရယ်မောလိုက်၏။ "မင်းက တကယ်တော်တာပဲ။ သူတို့သားအမိ ဆက်ဆံရေးကို ဒီလောက်လွယ်လွယ်လေးနဲ့ သွေးခွဲနိုင်ခဲ့တယ်"

အမှန်တရားကို သိလိုက်ရသော်ငြား အားချန်၏ စိတ်ခံစားချက်သည် သိပ်ပြီးပြောင်းလဲခြင်း မရှိခဲ့ချေ။

သူမသည် သံသယ ဖြစ်နေရုံသာ။ "သူက ဘာဖြစ်လို့ ကျွန်မကို သတ်ချင်နေရတာလဲ"

အားချန်သည် ထိုက်ဖေးက သူမကို ကြည့်မရမှန်း သိသော်ငြား တစ်ဖက်လူနှင့် ရန်ငြိုးရန်စ ရှိသည်ဟုတော့ မထင်မိချေ။

"ဘာလို့လဲဆိုတော့ ပိုင်ကျန့်ဟွမ်က ထိုက်ဖေးကို မင်းကို လက်ထပ်မယ်လို့ ပြောခဲ့လို့ပဲ။ ထိုက်ဖေးကကျတော့ မင်းက သူ့သားနဲ့ ပေဟွမ်ဝမ်အိမ်တော်ကို ဖျက်ဆီးလိမ့်မယ်လို့ ထင်နေတာ။ ဒါကြောင့်မလို့ လူလွှတ်ပြီး မင်းကို သတ်ခိုင်းတာ။ မင်းကို သတ်လိုက်ရင် အားလုံး ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ထင်နေတာလေ" ရှန့်ယင်သည် သူသိထားသမျှကို အားချန်ကို ပြောပြလိုက်လေသည်။

"ဒီလိုကိုး ..." အားချန်က နားထောင်ပြီးသော်ငြား စိတ်လှုပ်ရှားသည့် အရိပ်အယောင် မပြဘဲ ပြောလိုက်၏။ "ကြည့်ရတာ သူက သူ့သားအကြောင်း ကောင်းကောင်း နားမလည်ဘူးထင်တယ်"

ရှန့်ယင်သည် အားချန်ကို စိုက်ကြည့်နေပြီး သူမထံတွင် ထူးခြားသည့် တုံ့ပြန်မှု မရှိသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်၏။ "သူ မင်းကို သဘောကျတယ် ဆိုတာကို မင်းက မအံ့ဩဘူးလား"

အားချန်သည် ဒီမေးခွန်းက ရယ်စရာ ကောင်းသည်ဟု ထင်မြင်မိ၏။ "တကယ်လို့ သူက ကျွန်မကို သဘောမကျဘူးဆိုရင် ပေဟွမ်ဝမ်အိမ်တော်ရဲ့ တိလင်းချဲ့ (မြေကမ္ဘာမှတ်တမ်း) ကိုသုံးပြီး ကျွန်မညီမရဲ့ သဲလွန်စကို ဘယ်လိုလုပ် ကူညီရှာပေးမှာလဲ။ သူက သေချာပေါက် ကျွန်မကို သဘောကျတာပေါ့"

တိလင်းချဲ့သည် ကြွက်မိစ္ဆာမျိုးနွယ်စု၏ အထွတ်အမြတ် ပစ္စည်းဖြစ်ပြီး လူရှာဖွေရာတွင် အသုံးပြုနိုင်သည်။ နောက်ပိုင်းတွင် ပေဟွမ်ဝမ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ အားချန်သည် ညီမဖြစ်သူ၏ သဲလွန်စကို ရှာဖွေရန်အတွက် ပေဟွမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ ရည်ရွယ်ချက်က အမြဲတမ်း ရှင်းလင်းခဲ့သည်။ ပိုင်ကျန့်ဟွမ်က မတုံးအသဖြင့် သူက အကုန်သိနေသည်။

ထိုကြောင့် သူသည် သုံးနှစ်ကြာအောင် အချိန်ဆွဲထားခဲ့ပြီး တတိယနှစ် ရောက်မှသာ သူမအတွက် ညီမဖြစ်သူကို ရှာဖွေပေးရန် သဘောတူခဲ့သည်။ ထိုနောက် မကြာမီမှာပင် သူသည် ဝမ်အိမ်တော်မှ ရုတ်တရက် ထွက်ခွာသွားခဲ့ပြီး သူမကတော့ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရလေသည်။

"တကယ်လို့ ထိုက်ဖေး သေသွားရင် ပိုင်ကျန့်ဟွမ်က မင်း လက်ချက် ဆိုတာကို စုံစမ်းမိသွားလိမ့်မယ်။ သူက ထိုက်ဖေးအတွက် လက်စားချေလိမ့်မယ် ဆိုတာကိုရော မင်း တွေးဖူးလား"

အားချန်က နားမလည်နိုင် ဖြစ်သွားတော့သည်။ "ဒါဆိုရင် ဘာဖြစ်လဲ"

"မင်း ဂရုမစိုက်ဘူးလား။ သူက ... မင်းရဲ့ ရန်သူဖြစ်လာမှာလေ"

ရှန့်ယင်သည် အားချန်ကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများသည် ကြည်လင်နေပြီး လောကအကြောင်း နားမလည်သည့် ပုံစံပေါက်နေသော်ငြား ပြောလိုက်သည့် စကားများကတော့ ရက်စက်လှသည်။ "သူ့ရဲ့အချစ်က ဘာများ အရေးကြီးလို့လဲ"

"ငါ ထင်နေတာက မင်းလည်း သူ့ကို နည်းနည်းလောက်တော့ သဘောကျမယ်လို့ ထင်နေတာ" ရှန့်ယင်က အားချန် စိတ်လှုပ်ရှား သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်ငြား သူမကတော့ မလှုပ်ရှားခဲ့ချေ။

"ဪ။ ကျွန်မ သူ့ကို သဘောမကျပါဘူး" အားချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ရှန့်ယင်သည် စိတ်ထဲတွင် တွေးလိုက်မိသည်။ ကံကောင်းလို့ ဒီမြင်ကွင်းကို ပိုင်ကျန့်ဟွမ် မမြင်လိုက်ရတာ။ မဟုတ်ရင် အဲဒီ မိုးပေါ်ရောက်နေတဲ့ ပေဟွမ်ဝမ်ရဲ့ မျက်နှာ အမူအရာက ကြည့်ကောင်းနေမှာ သေချာတယ်။

လူတွေက မိစ္ဆာတွေကို ကြောက်ရွံ့ကြတာ မဆန်းပါဘူး။ ဒီလိုမျိုး လူ့စိတ်ကို လွယ်လွယ်ကူကူ ဖမ်းစားနိုင်ပြီး ကိုယ်တိုင်ကျတော့ သံယောဇဉ် အနည်းငယ်မှ မတွယ်တာတတ်ကြဘူး။ တကယ်ကို ရက်စက်ကြတာပဲ။

အားချန်ကတော့ ရှန့်ယင် ဘာတွေတွေးနေလဲ ဆိုတာကို ဂရုမစိုက်ချေ။ သူ ပြောသည့်အရာများက အားချန်အတွက် အဓိပ္ပါယ် မရှိတော့ပေ။

သူမသည် ပြတင်းပေါက် အပြင်ဘက်က မိုးကောင်းကင်ကို ကြည့်လိုက်ပြီး အချိန်အတော်ကြာ နှောင့်နှေးနေပြီဖြစ်ကြောင်း တွေးမိလိုက်သည်။ လင်းစွေ့က အပြင်မှာ စောင့်နေသေးသဖြင့် ပြောလိုက်တော့၏။ "အချိန်မစောတော့ဘူး။ ရှင် ပြန်သင့်ပြီ"

ရှန့်ယင်က ခေါင်းငြိမ့်ပြလိုက်ပြီး မတ်တပ်မရပ်ခင် မေးလိုက်သည်။ "တကယ်လို့ ငါ မင်းကို ရှာချင်ရင် ဘယ်ကို သွားရမလဲ"

"ကျွန်မ ချန်းဖိင်ဖန်းမှာ အမွှေးနံ့သာဆိုင် ဖွင့်ထားတယ်။ တကယ်လို့ အစီအစဉ်မှာ မတော်တဆမှုတွေ ဖြစ်လာရင် ရှင် အဲဒီကို လာပြီး ကျွန်မကို ရှာလို့ရတယ်"

"ကောင်းပြီ" ရှန့်ယင်က သဘောတူလိုက်၏။ သူ မတ်တပ်ထရပ်လိုက်သည်နှင့် သူတို့နှစ်ဦး ပတ်ပတ်လည်တွင် ယာယီ ဖန်တီးထားသော အကာအကွယ်သည် ပျက်ပြယ်သွားတော့သည်။

သူသည် ကိုယ်ကိုလှည့်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် တကိုယ်လုံးက အရှိန်အဝါနှင့် မျက်နှာပေါ်က အမူအရာများသည် လုံးဝပြောင်းလဲသွားခဲ့ပြီး ပေဟွမ်ဝမ်ထိုက်ဖေး၏ အမိန့်ကိုသာ နာခံတတ်သည့် ကျောက်ယင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အားချန်သည် သူ လှေကားပေါ်မှ တစ်လှမ်းချင်း ဆင်းသွားသည်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ ဖြည်းညှင်းစွာ ကွေးတက်သွားလေသည်။ ထိုက်ဖေးက သူမအတွက် သီးသန့်ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ကြီးကို သဘောကျမယ်လို့ မျှော်လင့်မိပါရဲ့။ တစ်နှစ်နောက်ကျသွားသော်ငြား နောက်ဆုံးတော့ ပေးပို့နိုင်ခဲ့ပြီ။

ခဏလောက် ကြာပြီးနောက် အားချန်သည် စားပွဲပေါ်က အိတ်လွတ်ကို သိမ်းဆည်းလိုက်ပြီးမှ စားပွဲထိုးကို ခေါ်ကာ ငွေရှင်းလိုက်လေသည်။

သူမ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားချိန်မှ ပြန်ထွက်လာချိန်အထိ နာရီဝက်ပင် မကြာလိုက်ချေ။

လင်းစွေ့သည် အားချန် ထွက်လာသည်ကို တွေ့လိုက်ရသောအခါ အမြန်ပြေးသွားပြီး မေးလိုက်၏။ "ကိစ္စ ပြီးသွားပြီလား"

"အင်း ပြီးသွားပြီ။ သူ့ကို ဆက်ပြီး စောင့်ကြည့်နေစရာ မလိုတော့ဘူး"

လင်းစွေ့က ခေါင်းငြိမ့်ပြလိုက်ပြီး အားချန်က ဒီလူကို ဘာကိစ္စအတွက် ရှာရတာလဲ ဆိုတာကို မမေးတော့ဘဲ ပြောလိုက်သည်။ "ဒါဆို ကျွန်မ ရှင့်ကို အိမ်ပြန်ပို့ပေးမယ်လေ"

"အိမ်မပြန်ဘူး" အားချန်က ငြင်းလိုက်သည်။ သူမက ခဏစဉ်းစားပြီးမှ ပြောလိုက်၏။ "ရှင် ကျွန်မကို မင်ကျင့်စီးဆီ လိုက်ပို့ပေး"

"အဲဒီကို ဘာသွားလုပ်မလို့လဲ" လင်းစွေ့က နားမလည်နိုင် ဖြစ်သွားသည်။

"ပိုင်ရှိုးမင်ကို ထမင်းအတူတူစားဖို့ သွားရှာမလို့။ ခုနက စားသောက်ဆိုင်က ဟင်းတွေက လုံးဝ စားလို့မကောင်းဘူး"

အားချန်သည် မနေနိုင်ဘဲ ညည်းညူလိုက်မိသည်။ သူမက ခုနတုန်းက နှုတ်ခမ်းပဲ တို့ခဲ့ရပြီး တကယ် မျိုမချနိုင်ခဲ့ချေ။ အဓိက ရည်ရွယ်ချက်က အမွှေးတိုင်အိုး ဖြစ်သော်ငြား ထမင်းစားဖို့ကလည်း အရေးကြီးသည်လေ။

သူမ စကားကြားလိုက်ရချိန်တွင် လင်းစွေ့၏ မျက်နှာ ကြေကွဲသွားသည့် ပုံစံကို သူမ လုံးဝ သတိမပြုမိလိုက်ချေ။

အချိန်အတော်ကြာသည်အထိ လင်းစွေ့ထံမှ တုံ့ပြန်မှု မရှိသဖြင့် အားချန်က ခေါင်းစောင်းကာ သူမကို ကြည့်လိုက်ပြီး မေးလိုက်၏။ "ရှင် ဘာဖြစ်သွားတာလဲ"

လင်းစွေ့သည် ပါးစပ်ကို ဟလိုက်ပြီး စကားလုံးများကို အချိန်အတော်ကြာ စဉ်းစားပြီးမှ အသံတိုးတိုးဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့ အဲဒီပိုင်လူကြီးမင်းက ရှင်နဲ့အတူ ထမင်းစားရမှာလဲ"

အားချန်က မည်သို့ရှင်းပြရမည်ကို စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် အမှန်အတိုင်း ပြောပြလိုက်၏။ "သူက ကျွန်မကို သဘောကျနေတာလေ။ ကျွန်မနဲ့အတူ ထမင်းစားတာက ပုံမှန်ပဲ မဟုတ်ဘူးလား"

တကယ်လို့ တခြားသူသာ ဒီစကားကို ပြောလျှင် လင်းစွေ့က တစ်ဖက်လူ အိပ်မက်မက်နေသည်ဟု ထင်မိပေလိမ့်မည်။

ဒါပေမဲ့ ဒီလူက အားချန် ဖြစ်နေတော့ ...

ဒါဆို ပိုင်ရှိုးမင်က အားချန်ကို သဘောကျရမှာပေါ့။ မဟုတ်ရင် သူ မျက်လုံးကန်းနေလို့ပဲ နေမှာ။

လင်းစွေ့သည် အားချန်၏ ရှင်းပြချက်ကို အလွယ်တကူ လက်ခံလိုက်ပြီး သူမကို မြင်းဖြင့် မင်ကျင့်စီးသို့ လိုက်ပို့ပေးလိုက်တော့သည်။

မင်ကျင့်စီးရုံးတော် အပြင်ဘက်တွင် အစောင့်က အားချန်သည် ပိုင်ရှိုးမင်ကို တွေ့ချင်သည်ဟု ပြောလာသဖြင့် ချက်ချင်း ဝင်ရောက်သတင်းပို့လိုက်ရာ မကြာမီမှာပင် လူတစ်ယောက်ကို ခေါ်ဆောင်ကာ ထွက်လာခဲ့လေသည်။

လာသူမှာ ပိုင်ရှိုးမင် မဟုတ်ဘဲ ဖုန်းယန် ဖြစ်လေသည်။

ဖုန်းယန်သည် အနားသို့ မရောက်မီမှာပင် အားချန်ကို ပြုံးပြလိုက်၏။ "မိန်းကလေးကျိ ကျွန်တော့်ရဲ့ လူကြီးမင်းကို လာရှာတာလား"

အားချန်သည် တံခါးအပြင်ဘက်တွင် ရပ်နေပြီး ဖုန်းယန်၏ အနောက်ဘက်သို့ ကြည့်လိုက်သော်ငြား ပိုင်ရှိုးမင်၏ အရိပ်အယောင်ကို မတွေ့ရချေ။

"ကိစ္စ နည်းနည်းရှိလို့ပါ။ ပိုင်လူကြီးမင်း မရှိဘူးလား"

"ပိုင်လူကြီးမင်းက ခုနကပဲ အမှုတွဲတွေ စစ်ဆေးဖို့ ရာဇဝတ်မှုဌာန ကို သွားပါတယ်။ ခဏနေရင် ပြန်လာတော့မှာပါ။ မိန်းကလေးကျိ မလောဘူးဆိုရင် ရုံးတော်ထဲမှာ ခဏလောက် ဝင်စောင့်နေပါလား"

တကယ်လို့ တခြားသူသာ မေးလျှင် ဖုန်းယန်က သူ့လူကြီးမင်း၏ သွားလာလှုပ်ရှားမှုများကို အလွယ်တကူ ပြောပြမည် မဟုတ်သော်ငြား ရှေ့က မိန်းကလေးကျိကတော့ သာမန်လူမဟုတ်ပေ။

သူက အသေးစိတ် ပြောပြရုံသာမက လူကြီးမင်းအတွက် ဒီလူကို ကူညီထိန်းထားပေးရဦးမည်။ ထူးချွန်သည့် လက်အောက်ငယ်သား တစ်ယောက်အနေဖြင့် မိမိ၏လူကြီးမင်းအတွက် အခက်အခဲများကို ကူညီဖြေရှင်းပေးရမည်မှာ သဘာဝပင်။

"ဒါဆိုလည်း ကောင်းပါပြီ" အားချန်က သဘောတူလိုက်ပြီး ဖုန်းယန်၏ နောက်မှလိုက်ကာ မင်ကျင့်စီးထဲသို့ ဝင်ရောက်သွားလိုက်သည်။

ဖုန်းယန်သည် သူမကို ပိုင်ရှိုးမင် အလုပ်လုပ်သည့်နေရာသို့ မခေါ်သွားဘဲ အနောက်ဘက်က အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားခဲ့ကာ ထိုနေရာသည် ပိုင်ရှိုးမင် ပုံမှန်အနားယူသည့် နေရာဖြစ်ကြောင်း ပြောပြခဲ့သည်။

ဖုန်းယန်သည် တံခါးဝတွင် ရပ်လျက် အားချန်ကို ပြောလိုက်၏။ "မိန်းကလေးကျိ ဒီမှာ အရင်အနားယူနေပါဦး။ လူကြီးမင်း ပြန်ရောက်တာနဲ့ ကျွန်တော် ချက်ချင်း အသိပေးလိုက်ပါ့မယ်"

"ကောင်းပါပြီ။ ဒုက္ခပေးရပါပြီ"

"မပေးပါဘူး။ ဒုက္ခမပေးပါဘူး"

အားချန် အခန်းထဲ ဝင်သွားသည့်အခါ အခန်းတွင်း ပြင်ဆင်ထားမှုမှာ အထူးရိုးရှင်းနေသည်ကို တွေ့လိုက်ရသည်။

စားပွဲ၊ ကုလားထိုင်နှင့် ကုတင်အပြင် ရေချိုးကန် တစ်လုံးနှင့် အဝတ်ဘီဒို တစ်လုံးသာ ရှိလေသည်။

အဝတ်ဘီဒိုထဲက အနီရောင်တောက်တောက် အရာရှိဝတ်စုံ နှစ်စုံက ဒီနေရာသည် ပိုင်ရှိုးမင် အနားယူသည့်နေရာ ဖြစ်ကြောင်း သက်သေပြနေသဖြင့် အားချန်က တံခါးပိတ်လိုက်ပြီး စိတ်ချလက်ချဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်လေသည်။

စားပွဲပေါ်တွင် ဖြတ်ညှပ်ထားသည့် စာရွက်တစ်ထပ်နှင့် စုတ်တံ မင်ရည် စက္ကူနှင့် ကျောက်မှင်သွေး တို့ရှိနေလေသည်။

အားချန်သည် ပျင်းနေသဖြင့် မှင်သွေးလိုက်ပြီး စုတ်တံကို ကိုင်ကာ အပေါ်တွင် ပိုင်ရှိုးမင်၏ နာမည်ကို ရေးသားနေလိုက်တော့သည်။

စာရွက်တစ်ရွက် အပြည့်ရေးပြီးသည့်နောက် သူမသည် မနေနိုင်ဘဲ သမ်းဝေလိုက်မိ၏။ အခန်းထဲတွင် တိတ်ဆိတ်လွန်းပြီး အလင်းရောင်ကလည်း မှိန်ဖျော့နေသဖြင့် သူမကို အကြောင်းမဲ့ အိပ်ငိုက်စေလေသည်။

စုတ်တံကို ချလိုက်ပြီး အားချန်သည် ခဏလောက် အောင့်အီးထားသော်ငြား နောက်ဆုံးတွင်တော့ ခုခံမှုကို လုံးဝလက်မြှောက် အရှုံးပေးလိုက်ပြီး စားပွဲပေါ်တွင် မှောက်ကာ အိပ်ပျော်သွားတော့သည်။

ပိုင်ရှိုးမင် ရာဇဝတ်မှုဌာနမှ ပြန်ရောက်လာသည့် အချိန်တွင် တွေ့လိုက်ရသည်မှာ သွားဖြဲပြီး သူ့ကိုပြုံးပြနေသည့် ဖုန်းယန်ပင်။

သူက တစ်ဖက်လူကို မျက်စောင်းထိုးလိုက်ပြီး လက်ထဲက အမှုတွဲကို ဖုန်းယန်ထံ ပစ်ပေးလိုက်ကာ ရုံးခန်းဘက်သို့ လျှောက်သွားရင်း မေးလိုက်၏။ "ဘာရယ်နေတာလဲ"

"ဟီးဟီး ... လူကြီးမင်း ဒီဘက်ကို ကြွပါ" ဖုန်းယန်က ရှေ့တက်ကာ သူ့ကို တခြားလမ်းတစ်လမ်းသို့ လမ်းပြခေါ်ဆောင် သွားလိုက်လေသည်။

ပိုင်ရှိုးမင်သည် မျက်ခုံးပင့်လိုက်ပြီး ဒေါသ မထွက်ရသေးခင်မှာပင် ဖုန်းယန်က ပြောလာသည်ကို ကြားလိုက်ရ၏။ "မိန်းကလေးကျိက လူကြီးမင်း အနားယူတဲ့ အခန်းထဲမှာ လူကြီးမင်းကို စောင့်နေပါတယ်"

"အားချန် ရောက်နေတာလား" မူလက တည်ငြိမ်လေးနက်နေသည့် အသံသည် ရုတ်တရက် နူးညံ့သွားတော့သည်။

ဖုန်းယန်သည် စိတ်ထဲတွင် ကျွတ်ခနဲ စုတ်သပ်လိုက်မိ၏။ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော်ငြား ဒါက နည်းလမ်းများ ရက်စက်ကြမ်းကြုတ်ပြီး အရာရှိများ ကြောက်ရွံ့ရသည့် ကျန့်ရှီဖူ ဖြစ်သည်ကို ယုံကြည်ရခက်လှပေသည်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူ့လူကြီးမင်းက မိန်းကလေးကျိကို ခန္ဓာကိုယ် လုယူခံထားရတယ်လို့ သံသယဝင်ခဲ့သေးတာ။ အခုကြည့်ရတာတော့ ခန္ဓာကိုယ် လုယူခံလိုက်ရတဲ့သူက သူ့လူကြီးမင်းနဲ့ ပိုတူနေသလိုပဲ။

ခေါင်းထဲက အတွေးများ တစ်ချက်ဖြတ်သန်းသွားပြီးနောက် ဖုန်းယန်က ရိုသေစွာ ပြောလိုက်၏။ "ဟုတ်ပါတယ်။ မိန်းကလေးကျိ စောင့်နေတာ တစ်နာရီကျော်လောက် ရှိပါပြီ။ ကျွန်တော်မျိုး ဘယ်သူ့ကိုမှ သွားမနှောင့်ယှက်ခိုင်းပါဘူး"

"လုပ်တာ ကောင်းတယ်"

ဒီစကားကို ထားရစ်ခဲ့ပြီး ပိုင်ရှိုးမင်သည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။

ဖုန်းယန်၏ ပါးစပ်ကတော့ ပိုလို့ပင် ဖြဲသွားတော့သည်။ သူ ရာထူးတိုးပြီး စီးပွားတက်မည့်နေ့က သိပ်မဝေးတော့ဘူးဟု ခံစားမိလိုက်တော့၏။

အခန်းတံခါးသည် တိတ်ဆိတ်စွာ ပွင့်သွားပြီး အခန်းထဲက လူကို နည်းနည်းလေးမှ မလန့်နိုးစေခဲ့ချေ။

ပိုင်ရှိုးမင် အခန်းထဲသို့ ဝင်လာသည်နှင့် သေးသွယ်သည့် ပုံရိပ်လေးတစ်ခုသည် မိမိလက်မောင်းကို ခေါင်းအုံးကာ စားပွဲပေါ်တွင် မှောက်လျက် အသက်ရှူသံ မျှင်းမျှင်းလေးဖြင့် အိပ်မောကျနေသည်ကို တွေ့လိုက်ရ၏။

သူက တံခါးပိတ်လိုက်ပြီး လျှောက်သွားလိုက်ရာ အနားရောက်သည်နှင့် အားချန် လက်အောက်တွင် ဖိထားသည့် စာရွက်ကို တွေ့လိုက်ရပြီး အပေါ်တွင် သူ့နာမည်များ အပြည့်ရေးသားထားသည်ကို တွေ့လိုက်ရလေသည်။

သူမသည် မတူညီသော လက်ရေးပုံစံများကို အသုံးပြုထားပြီး ထိုအရာသည် သူမက သူ့နာမည်ကို မတူညီသော လေယူလေသိမ်းဖြင့် ခေါ်ဝေါ်နေသကဲ့သို့ပင်။

ပိုင်ရှိုးမင်သည် ခဏလောက် ကြည့်နေပြီးမှ ကိုယ်ကိုကိုင်းကာ အားချန်ကို ပွေ့ချီလိုက်လေသည်။

ရင်းနှီးနေသော အငွေ့အသက်များက အားချန်ကို လွှမ်းခြုံသွားပြီး သူမ လန့်နိုးမသွားဘဲ မသိစိတ်ဖြင့် တိုးဝှေ့လိုက်ကာ ရေရွတ်လိုက်လေသည်။ "ပိုင်ရှိုးမင် ..."

"ကိုယ် ရှိတယ်"

...

All Chapters