မင်း အကြွေးနှစ်ခေါက် တင်ထားသေးတယ်နော်
Vol. 16 Ch. 155
ပိုင်ရှိုးမင်သည် အားချန်ကို ကုတင်ပေါ်တွင် ချပေးလိုက်ပြီး စောင်ခြုံပေးကာ ကုတင်ခေါင်းရင်းတွင် ထိုင်လျက် သူမ၏ လှပသော မျက်နှာလေးကို ငေးကြည့်နေမိသည်။
အောက်ခံမွေ့ရာ၏ အေးစက်စက် အထိအတွေ့ကြောင့် ဖြစ်မည်။ အိပ်မောကျနေသော အားချန်သည် ဘေးနားရှိ အနွေးဓာတ်ရရှိရာ နေရာသို့ မသိစိတ်ဖြင့် တိုးကပ်သွားပြီး တကိုယ်လုံး တိုးဝှေ့သွားရုံသာမက လက်ကိုဆန့်ကာ ထိုအနွေးဓာတ်ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းရန် ကြိုးစားနေလေသည်။
သူ့ကိုယ်ပေါ်သို့ ကပ်တွယ်နေသည်ကိုပင် အားမရဘဲ ထိုဆော့ကစားချင်သော လက်ကလေးက သူ့ပေါင်ပေါ်သို့ စမ်းသပ်လာသည်ကို မြင်သောအခါ ပိုင်ရှိုးမင်သည် သူမ၏လက်ကို ဖမ်းဆုပ်လိုက်ပြီး စောင်အောက်သို့ ပြန်ထည့်လိုက်သည်။
ခဏအကြာတွင် ထိုလက်ကလေးသည် တိတ်တဆိတ် ပြန်ထွက်လာပြန်သည်။
သူ့မှာ မတတ်နိုင်တော့ဘဲ အားချန်၏လက်ကို ဆုပ်ကိုင်ထားလိုက်မှသာ သူမ ငြိမ်သက်သွားတော့သည်။
အားချန်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး နိုးလာသောအခါ မိမိဘယ်ရောက်နေမှန်း ခဏတာ မေ့လျော့နေမိသည်။ မျက်စိရှေ့တွင် အမှောင်ကျနေပြီး လက်ကို တစ်စုံတစ်ယောက်က ဖွဖွလေး ဆုပ်ကိုင်ထားသည်ကိုသာ သိလိုက်ရသည်။
သူမ လက်ကို ရုပ်သိမ်းလိုက်သည်နှင့် ကုတင်ခေါင်းရင်းတွင် မှီထိုင်ကာ မျက်လုံးမှိတ် အနားယူနေသော ပိုင်ရှိုးမင်သည် မျက်လုံးဖွင့်လာသည်။
"နိုးပြီလား" အမှောင်ထဲတွင် သူ့အသံသည် အနည်းငယ် ပျင်းရိလေးတွဲ့နေသည်။
"ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ။ ဘာလို့ မနှိုးတာလဲ" အားချန်သည် အိပ်မှုန်စုံမွှားဖြင့် ထထိုင်လိုက်ရာ တကိုယ်လုံး ပျော့ခွေနေပြီး အားအင်မရှိသလို ဖြစ်နေသည်။
ပိုင်ရှိုးမင်သည် လက်လှမ်းကာ သူမ၏ ခါးကို ဖက်လိုက်၏။ အားမစိုက်ရသေးခင်မှာပင် သူမသည် သူ့ရင်ခွင်ထဲသို့ လဲကျလာတော့သည်။
အားချန်သည် ကိုယ်ကိုစောင်းလိုက်ပြီး သက်သောင့်သက်သာ ဖြစ်မည့် အနေအထားကို ပြင်ယူလိုက်ကာ သူ့ပခုံးပေါ်တွင် ခေါင်းမှီလျက် သမ်းဝေလိုက်ပြန်သည်။
"မင်း အိပ်ပျော်နေတာ ကြည့်ကောင်းလို့ မနှိုးရက်ဘူး" ပိုင်ရှိုးမင်သည် သူမ၏ သေးသွယ်နူးညံ့သော ခါးလေးကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး သူမတကိုယ်လုံး သူ့ရင်ခွင်ထဲသို့ ကပ်နေစေသည်။ ကျန်လက်တစ်ဖက်က လက်ချောင်းများကို ကွေးလိုက်ပြီး သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်ကာ မေးလိုက်သည်။ "ဒီနေ့ ဘာကိစ္စရှိလို့ ရုတ်တရက် ရောက်လာတာလဲ"
"ကျွန်မက ရှင့်ကို ထမင်းအတူတူစားဖို့ လာခေါ်တာ" အားချန်သည် မော့ကြည့်လိုက်ရာ စကားပြောလိုက်တိုင်း လှုပ်ရှားနေသော လည်စေ့ကို မြင်လိုက်ရသဖြင့် စိတ်ဝင်စားသွားကာ လက်ဖြင့် လှမ်းကိုင်လိုက်သည်။
ပိုင်ရှိုးမင်၏ အသက်ရှူသံ ရုတ်တရက် ပြင်းထန်သွားသော်လည်း အားချန် သတိမထားမိလိုက်ချေ။
သူ မျက်လွှာချလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ထမင်းစားဖို့ သက်သက်ပဲလား"
သူ့အားချန်က ဘယ်သူ့အတွက်မှ ကိုယ့်ကိုယ်ကို အနစ်နာခံမည့်သူ မဟုတ်ပေ။
သူ သတိပေးလိုက်မှ အားချန်သည် အရေးကြီးကိစ္စကို သတိရသွားကာ လက်လှုပ်ရှားမှုလည်း ရပ်တန့်သွားသည်။ "အဲဒီ အမွှေးတိုင်အိုး ကိစ္စ သဲလွန်စ ရှာတွေ့ပြီလားလို့ တမင်မေးချင်လို့"
ဒီမေးခွန်းက ပိုင်ရှိုးမင်ကို အံ့ဩသွားစေသည်။ သူ့မျက်ဝန်းများ လှုပ်ခတ်သွားပြီး ပြန်မေးလိုက်သည်။ "မတွေ့သေးဘူး၊ ဘာဖြစ်လို့လဲ"
"ဒါဆို... အမွှေးတိုင်အိုးကို ကျွန်မဆီ အရင်ပြန်ပေးလို့ ရမလား"
ပိုင်ရှိုးမင်က မျက်ခုံးပင့်လိုက်ကာ "စည်းမျဉ်းအရဆိုရင် အဲဒီအမွှေးတိုင်အိုးက အမှုကြီးနဲ့ ပတ်သက်နေတာ။ အမှုမပြီးမချင်း သက်သေခံပစ္စည်းကို ပြန်ပေးလို့မရဘူး"
"ဒါပေမဲ့..." အားချန်သည် မျှော်လင့်ချက် မျက်လုံးများဖြင့် စကားဆက်ကို စောင့်မျှော်နေသည်။
"ဒါပေမဲ့ မရှိဘူး"
မျှော်လင့်ချက် ပျက်သုန်းသွားသဖြင့် အားချန် နှုတ်ခမ်းစူကာ မကျေမနပ် ပြောလိုက်သည်။ "အမှုသဲလွန်စကို ကျွန်မ ပေးတာလေ။ သက်သေခံပစ္စည်းကိုလည်း ကျွန်မပဲ ပေးတာ။ ရှင်တို့ ဘာမှ မစုံစမ်းနိုင်ဘဲနဲ့ ဒီအတိုင်း အချိန်ဆွဲထားလို့ မရဘူးလေ"
"အဓိပ္ပာယ် ရှိတာပဲ"
"ဟုတ်တယ်မလား"
"ဒါပေမဲ့ ငါတို့ မင်ကျင့်စီးက ဘယ်တုန်းကမှ အကျိုးအကြောင်း မကြည့်ဘူး"
"တကယ် လိုက်လျောပေးလို့ မရဘူးလား" အားချန်သည် လက်ချောင်းလေးဖြင့် သူ့လည်ပင်းကို ကုတ်လိုက်ရာ ငှက်မွေးဖြင့် ပွတ်သပ်လိုက်သကဲ့သို့ ယားကျိကျိ ဖြစ်သွားသည်။
ပိုင်ရှိုးမင်က ပြုံးရုံသာ ပြုံးနေပြီး စကားမပြောပေ။ အားချန်၏ ခါးဘေးတွင် ကိုင်ထားသော လက်မကြီးက ဖြည်းညှင်းစွာ ရွေ့လျားနေသည်မှာ တစ်စုံတစ်ခုကို အရိပ်အမြွက် ပြနေသယောင်ပင်။
အားချန်သည် စိတ်ထဲတွင် ဒေါသထွက်မိတော့သည်။ ဒီယောက်ျားက တဖြည်းဖြည်းနဲ့ ပိုဆိုးလာပြီ။ ဒီလိုလူမျိုးကို အခွင့်အရေး နည်းနည်းလေးမှ ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် နောက်တစ်ခါကျရင် ပိုဆိုးလာလိမ့်မယ်။
ထို့နောက် သူမသည် လက်နှစ်ဖက်ဖြင့် သူ့ပခုံးကို ထောက်လိုက်ပြီး ခြေထောက်ကို ခွကာ ပိုင်ရှိုးမင်၏ ကိုယ်ပေါ်သို့ တက်ခွလိုက်တော့သည်။
သူမ၏ စကတ်အနားစများသည် ပန်းပွင့်ဖတ်များကဲ့သို့ ဖြန့်ကျက်သွားပြီး နှစ်ဦးသား၏ ထပ်နေသော ခြေထောက်များကို ဖုံးအုပ်သွားခဲ့သည်။
ပိုင်ရှိုးမင်သည် မူလအနေအထားအတိုင်း ရှိနေပြီး အလိုရှိသလို ပြုမူနိုင်ကြောင်း ပုံစံဖမ်းနေလေသည်။
အားချန်က ကိုယ်ကိုရှေ့သို့ ကိုင်းလိုက်ပြီး နူးညံ့သော ခန္ဓာကိုယ်ဖြင့် သူ့ရင်ဘတ်ကို ကပ်ထားလိုက်သည်။ သူမ လက်အောက်ရှိ သန်မာသော ခန္ဓာကိုယ်၊ အဝတ်အစားအောက်မှ ပူလောင်သော အပူချိန်နှင့် အတွင်းတွင် ဖုံးကွယ်ထားသော ကြီးမားသည့် စွမ်းအားများကို ရှင်းလင်းစွာ ခံစားနေရသည်။
သူမ၏လက်သည် ဖြည်းညှင်းစွာ အပေါ်သို့ ရွေ့လျားသွားပြီး ဖားလျားကျနေသော အင်္ကျီလက်စသည် တံတောင်ဆစ်အထိ လျှောကျသွားကာ ဖြူဝင်းသော လက်မောင်းသားလေး ပေါ်လာသည်။ အားချန်၏ လက်မောင်းနှစ်ဖက်က သူ့လည်ပင်းကို သိုင်းဖက်လိုက်သော်လည်း ပိုင်ရှိုးမင်ကတော့ သူမကို စိုက်ကြည့်နေရုံသာ၊ မလှုပ်မယှက် ရှိနေဆဲပင်။
အားချန်သည် နှုတ်ခမ်းကို တိုးကပ်သွားပြီး သူ့နှုတ်ခမ်းနှင့် မထိမီ ရပ်တန့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းနီနီလေးကို ဟလိုက်ပြီး ပန်းရောင်လျှာလေးကို ထုတ်ကာ သူ့နှုတ်ခမ်းကို လျက်လိုက်သည်။
ပိုင်ရှိုးမင်၏ ခန္ဓာကိုယ် ရုတ်တရက် တင်းမာသွားသည်ကို ခံစားလိုက်ရသော်လည်း အားချန်ကတော့ နောက်မဆုတ်သွားဘဲ ပိုလို့ပင် စိတ်လှုပ်ရှားလာသည်။
သူမသည် ပြီးခဲ့သော အကြိမ်က သူလုပ်ခဲ့သလိုပင် သူ့နှုတ်ခမ်းကို ငုံ့ကာ ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်သည်။ သူ မနေနိုင်တော့ဘဲ ပါးစပ်ဟပြီး တုံ့ပြန်လာသည့်အချိန်တွင် အားချန်သည် လျှာဖျားလေးကို သူ့ပါးစပ်ထဲသို့ ထိုးသွင်းလိုက်လသည်...
သူမကြောင့် ဖြစ်ပေါ်လာသော ပိုင်ရှိုးမင်၏ တုံ့ပြန်မှုတိုင်းက အားချန်ကို ပိုမို နစ်မြောသွားစေသည်။
မည်မျှကြာအောင် ရစ်ပတ်နေမိသည်မသိ၊ အားချန်သည် ခေါင်းကိုစောင်းလိုက်ပြီး သူ့နှုတ်ခမ်းနှင့် လျှာတို့၏ ရစ်ပတ်မှုကို ရှောင်ရှားလိုက်သည်။
"ဒီလိုလာဘ်ထိုးတာကို ပိုင်လူကြီးမင်း သဘောကျရဲ့လား" အားချန်သည် ပါးပြင်ချင်း အပ်လိုက်ပြီး သူ့နားနားကပ်ကာ တိုးတိုးလေး မေးလိုက်၏။
"သဘောကျလွန်းလို့"
"ဒါဆို ကျွန်မရဲ့ အမွှေးတိုင်အိုးကရော"
"ခဏနေရင် လာပို့လိမ့်မယ်"
အားချန်သည် ဆရာမလိုဘဲ တတ်မြောက်သွားသကဲ့သို့ အနားတိုးကပ်သွားပြီး သူ့နားရွက်ကို ဖွဖွလေး ကိုက်လိုက်ပြီး "ပိုင်လူကြီးမင်းက သိပ်ကောင်းတာပဲ"
ပိုင်ရှိုးမင်သည် သူမခါးကို ဖက်ထားသော လက်မောင်းကို ရုတ်တရက် တင်းကြပ်လိုက်ပြီး အသံမှာ အလွန် အက်ကွဲနေသည်။ "... ကိုယ် စိတ်ပြောင်းသွားပြီ"
"ဘာ..."
အားချန် ဘာမှမတုံ့ပြန်နိုင်သေးခင် သူက ဆက်ပြောသည်။ "တစ်ခေါက်တည်းနဲ့ မလုံလောက်ဘူး"
"ပိုင်ရှိုးမင်၊ ရှင် ကတိမတည်ဘူး!" အားချန်မှာ မျက်လုံးပြူးသွားတော့သည်။ တစ်ယောက်ယောက်က သူမရှေ့တွင် ဈေးကိုင်ရဲလိမ့်မည်ဟု မထင်ခဲ့မိ။
ကံဆိုးသည်မှာ သူမ၏ ယခုအသံသည် နူးညံ့ပြီး ချွဲပစ်နေသဖြင့် ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိဘဲ သူမ၏ ဒေါသကို ဖော်ပြနိုင်ခြင်း မရှိချေ။
"ကိုယ် ကတိတည်ပါတယ်” ပိုင်ရှိုးမင်သည် သူမ၏ လည်ပင်းဘေးကို နမ်းလိုက်ပြီး "မင်း မေ့နေပြီလား။ ရှန့်ယွမ်ပွဲတော်နေ့တုန်းက မင်း ကိုယ့်ကို နှစ်ခေါက် အကြွေးတင်ထားသေးတယ်။ အတူတူ ဆပ်လိုက်တော့လေ"
"ကျွန်မ မ..."
အားချန် ငြင်းဆန်ချိန်မရလိုက်ဘဲ ကုတင်ပေါ်သို့ ပြန်လှဲချခံလိုက်ရသည်။
မှောင်မိုက်နေသော အခန်းထဲတွင် အသက်ရှူသံ ပြင်းပြင်းများနှင့် နှုတ်ခမ်း၊ လျှာတို့ ရစ်ပတ်နေသော အသံများသာ ကြားနေရသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ အားချန်၏ အသိစိတ်များ ဝေဝါးလာပြီး ပိုင်ရှိုးမင် ဖယ်ခွာသွားချိန်မှသာ အသက်ကို ဝဝရှူလိုက်ပြီး အသိစိတ် အနည်းငယ် ပြန်လည်ရရှိလာသည်။
သူ ထပ်မံ တိုးကပ်လာချိန်တွင် အားချန် လက်ကိုမြှောက်ပြီး သူ့နှုတ်ခမ်းကို အမြန်တားလိုက်ရသည်။
"အွန်း... ဘာဖြစ်လို့လဲ" ပုံမှန်နှင့်မတူဘဲ ယခု သူ့အသံသည် တိုးလျပြီး ဆွဲဆောင်မှု ရှိနေသဖြင့် အားချန် ထပ်မံ ညှို့ယူခံလိုက်ရလုနီးပါး ဖြစ်သွားသည်။
ကံကောင်းထောက်မစွာ သူမ အချိန်မီ သတိပြန်ဝင်လာပြီး ပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်မ ဗိုက်ဆာပြီ"
"ဗိုက်ဆာလို့လား"
"အင်း၊ ဗိုက်ဆာလွန်းလို့ သေတော့မယ်"
ဒီစကားက ဆင်ခြေမဟုတ်ပေ။ သူမ တကယ် ဗိုက်ဆာနေပြီ။
နေ့လယ်စာ နည်းနည်းပဲ စားခဲ့ရပြီး အခု ညရောက်နေပြီ။ သူမ ရေတစ်ငုံတောင် မသောက်ရသေးဘူး။
ပိုင်ရှိုးမင်သည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် သနားဂရုဏာ သက်သွားတော့သည်။
သူသည် ကုတင်စွန်းတွင် ထထိုင်လိုက်ပြီး စိတ်ကို အနည်းငယ် ငြိမ်သက်အောင် လုပ်လိုက်ကာ အဝတ်အစား ပြန်ဝတ်နေသော အားချန်ဘက် လှည့်ကြည့်ပြီးမှ မေးလိုက်၏။ "ဘယ်မှာ စားချင်လဲ။ ရုံးတော်မှာ စားမလား၊ ဒါမှမဟုတ် ကိုယ်နဲ့အတူ အပြင်ထွက်စားမလား"
သူမကို အိမ်ပြန်လိုက်ပို့ပြီး ထမင်းစားဖို့ မပြောရခြင်းမှာ အားချန် သဘောတူမည် မဟုတ်ကြောင်း သိနေသောကြောင့်ပင်။
အားချန်သည် သူမ၏ ခြေထောက်များ ပျော့ခွေနေပြီး လမ်းလျှောက်နိုင်မည် မဟုတ်ဟု ထင်သဖြင့် မေးလိုက်သည်။ "ရုံးတော်မှာ စားသောက်ဆောင် ရှိလား"
"ရှိတယ်"
"စားဖိုမှူးလက်ရာ ကောင်းလား"
ပိုင်ရှိုးမင် ပြုံးလိုက်သည်။ "မဆိုးပါဘူး"
သူက မဆိုးဘူး ပြောမှတော့ သိပ်မညံ့လောက်ဘူးဟု တွေးပြီး အားချန် အနည်းငယ် တွေဝေပြီးမှ ပြောလိုက်၏။ "ဒါဆို ဒီမှာပဲ စားလိုက်မယ်"
"ကောင်းပြီ၊ ကိုယ် သွားလုပ်ခိုင်းလိုက်မယ်"
ပိုင်ရှိုးမင် ထရပ်လိုက်ပြီး ရှုပ်ပွနေသော ဝတ်စုံကို ပြန်လည် ပြင်ဆင်ကာ အပြင်သို့ ထွက်သွားသည်။
အားချန် တစ်ယောက်တည်း အခန်းထဲ ကျန်ရစ်ခဲ့ပြီး ပူလောင်နေသော ခန္ဓာကိုယ်သည် နှလုံးခုန်သံနှင့်အတူ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း သူမ၏ လည်ပင်းနှင့် ပခုံးပေါ်တွင် ပူနွေးသော အသက်ရှူငွေ့များ ရှိနေသကဲ့သို့ ခံစားနေရဆဲပင်။
ထိုစိုစွတ်ပူနွေးသော အထိအတွေ့ကို တော်တော်နှင့် မေ့နိုင်မည် မဟုတ်ချေ။
တံခါးပိတ်ပြီး ပိုင်ရှိုးမင်သည် အခန်းထဲမှ ထွက်လာခဲ့၏။
သူသည် တံခါးဝတွင် အချိန်အတော်ကြာ ရပ်နေပြီးမှ မလှမ်းမကမ်းတွင် ဖြတ်သွားသော မင်ကျင့်စီး အစောင့်တစ်ဦးကို အမိန့်ပေးလိုက်သည်။ "ဖုန်းယန်ကို လွှတ်လိုက်ပါ"
"ဟုတ်ကဲ့ပါ" ထိုအစောင့်သည် အလျင်အမြန် ပြေးထွက်သွားသည်။
မကြာမီ ဖုန်းယန်သည် အပြေးရောက်လာလေ၏။
အလင်းရောင် မှိန်ဖျော့နေသော်လည်း သူ့လူကြီးမင်း၏ ကိုက်မိထားပုံရသော အောက်နှုတ်ခမ်းနှင့် မျက်ဝန်းထောင့်မှ နီရဲနေမှုများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ဖုန်းယန်သည် ပိုင်ရှိုးမင် နောက်ကျောဘက်မှ မှောင်မည်းနေသော အခန်းကို မသိစိတ်ဖြင့် ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ထပ်မကြည့်ရဲတော့ပေ။
"လူကြီးမင်း၊ ဘာများ ခိုင်းစရာ ရှိပါသလဲ"
"ခဏနေရင် စားဖိုမှူးကို ဟင်းပွဲတချို့ ချက်ပြီး လာပို့ခိုင်းလိုက်။ အသားဟင်းကို ကြက်သားနဲ့ လုပ်ခိုင်း" ပိုင်ရှိုးမင်၏ အသံမှာ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းကို ခွဲခြားမရသော်လည်း သူ့လူကြီးမင်း စိတ်အခြေအနေ အလွန်ကောင်းနေကြောင်း ဖုန်းယန်တစ်ယောက် ခံစားမိလိုက်လေသည်။
"ဟုတ်ကဲ့ပါ"
"ပြီးတော့... ယွီရှန်းအမွှေးတိုင်အိုးကို ယူလာခဲ့။ ဒီအမှုကို ခဏ ရပ်ထားလိုက်"
ဖုန်းယန်မှာ အနည်းငယ် အံ့ဩသွားလေသည်။ "ဒါပေမဲ့ ကျွန်တော်တို့ ကျောက်မိသားစုဆီအထိ စုံစမ်းပြီးပြီလေ။ ဒီအတိုင်း ရပ်လိုက်တော့မှာလား"
ပိုင်ရှိုးမင်က အားချန်ကို ပြောသလို မဟုတ်ဘဲ မင်ကျင့်စီးသည် အားချန် အရင်က ပေးခဲ့သော သဲလွန်စအတိုင်း အမွှေးတိုင်အိုး ရောင်းသူကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျောက်ဇယ်ချန်ဆီအထိ စုံစမ်းမိပြီး ဖြစ်သည်။ သို့သော် သူတို့သည် ကျောက်မိသားစုကို အသိပေးခြင်း မရှိသေးပေ။
"အမွှေးတိုင်အိုး တစ်လုံးတည်းနဲ့ ကျောက်မိသားစုကို မဖြိုလှဲနိုင်ဘူး"
ဖုန်းယန်လည်း ဒီသဘောတရားကို နားလည်လေသည်။ ကျောက်ချီ အသက်ရှင်နေသေးသ၍ ဒီအမွှေးတိုင်အိုး တစ်လုံးတည်းဖြင့် သက်သေပြ၍ မရနိုင်။ ထုတ်ပြလိုက်လျှင်လည်း ကျောက်မိသားစုက အကြောင်းပြချက် အမျိုးမျိုးဖြင့် ရှောင်လွှဲသွားနိုင်သည်။
ဒီအမှုက ကြာမြင့်နေပြီဖြစ်ပြီး ရှန့်မိသားစုဘက်တွင် သဲလွန်စ မကျန်သလောက်ပင်။ တစ်ခုတည်းသော ဝင်ပေါက်မှာ ကျောက်မိသားစုသာ ဖြစ်သည်။
မင်ကျင့်စီးအနေဖြင့် ဤအချက်လေးဖြင့် ယခင် နန်းရင်းဝန်ဟောင်း၏ အိမ်ကို ဝင်ရောက်ရှာဖွေ၍ မရနိုင်ပေ။ သူတို့လူကြီးမင်းက အမိန့်သွားတောင်းလျှင်ပင် အရှင်မင်းကြီးက သဘောတူမည် မဟုတ်။ ခိုင်လုံသော သက်သေရှိမှ သို့တည်းမဟုတ် ကျောက်မိသားစုဝင်များ ခြေရာလက်ရာ ပျက်မှသာ ရနိုင်မည်။
"လူကြီးမင်းက ယွီရှန်းအမွှေးတိုင်အိုးကို မိန်းကလေးကျိဆီ ပြန်ပေးမလို့လား" ဖုန်းယန်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်ပြီး မေးလိုက်၏။
"အင်း"
သူ့လူကြီးမင်း၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသော်လည်း ဖုန်းယန်က သတိပေးလိုက်လေသည်။ "လူကြီးမင်း၊ မျိုးတုံးသတ်ဖြတ်ခံရတဲ့ ရှန့်မိသားစုနဲ့ ကျောက်မိသားစုက အရင်က ခမည်းခမက်တွေပါ။ ခန့်မှန်းထားသလို ကျောက်မိသားစုကသာ လုပ်ခဲ့တာဆိုရင် အမွှေးတိုင်အိုး ပျောက်သွားတာကို တွေ့တာနဲ့ သေချာပေါက် အသည်းအသန် လိုက်ရှာကြမှာ။ မိန်းကလေးကျိဆီ ရောက်သွားမှာကို စိုးရိမ်ရတယ်"
အမွှေးတိုင်အိုးကို ရှာမတွေ့လျှင် တစ်ဖက်လူက ဆက်လက် စုံစမ်းကောင်း စုံစမ်းနေဦးမည်။ သို့သော် မိန်းကလေးကျိလက်ထဲတွင် အမွှေးတိုင်အိုးကို တွေ့လိုက်ပါက လူပေါင်းများစွာ၏ အသက်နှင့်ဆိုင်သော ကိစ္စဖြစ်သဖြင့် ကျောက်မိသားစုသည် လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် သေမိန့်ပေးဖို့ ဝန်လေးမည် မဟုတ်ပေ။
သို့သော် ဤအရာများကို ဖုန်းယန် ထုတ်မပြောခဲ့ပေ။ သူ့လူကြီးမင်းလည်း ကောင်းစွာ သိရှိလိမ့်မည်ဟု ယူဆရလေသည်။
ပိုင်ရှိုးမင်သည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် အောက်နှုတ်ခမ်း ဒဏ်ရာကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်လေသည်။ "ကိစ္စမရှိဘူး၊ သွားယူလိုက်ပါ"
အားချန်သည် အမွှေးတိုင်အိုးကို ပြန်ယူရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ဒီလောက် တိုတောင်းသော အချိန်အတွင်း သူမ ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်။ တစ်ခုတည်းသော အပြောင်းအလဲမှာ မကြာသေးခင်က မြို့တော်သို့ ရောက်လာသော ပေဟွမ်ဝမ်ထိုက်ဖေးပင်။
သူမက အမွှေးတိုင်အိုးကို လိုချင်တာ ဘာလုပ်မလို့လဲ ဆိုတာ သူ တကယ် သိချင်မိသား။
"ကျွန်တော်မျိုး အခုပဲ သွားယူလိုက်ပါ့မယ်" သူ့လူကြီးမင်း စိတ်ထဲတွင် အကြံရှိမှန်း သိသဖြင့် ဖုန်းယန်လည်း စကားမများတော့ဘဲ မီးဖိုချောင်သို့သွားကာ ဟင်းချက်ရန် မှာကြားလိုက်ပြီး သူကိုယ်တိုင်ကတော့ သက်သေခံပစ္စည်း ယွီရှန်းအမွှေးတိုင်အိုးကို သွားယူလိုက်လေသည်။
အားချန် အခန်းထဲတွင် စောင့်နေသည်မှာ သိပ်မကြာလိုက်ချေ။ တံခါးပွင့်လာပြီး ပိုင်ရှိုးမင်က ဝင်လာခဲ့သည်။ သူက လက်ချောင်းကို တောက်လိုက်ရာ စားပွဲပေါ်က ဖယောင်းတိုင် ချက်ချင်း လင်းလာလေသည်။
ပိုင်ရှိုးမင် ပိုးသားဘူးကို ကိုင်လျက် ဝင်လာသည်ကို မြင်သောအခါ အားချန် ချက်ချင်း ထရပ်ပြီး ဘူးကို မျက်တောင်မခတ် တမ်းတမ်းတတ ကြည့်နေလိုက်၏။
ပိုင်ရှိုးမင်သည် ပိုးသားဘူးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။ "မင်းရဲ့ ယွီရှန်းအမွှေးတိုင်အိုး"
အားချန်သည် ဘူးကို ဖွင့်ကြည့်လိုက်ပြီး အတွင်းမှ အမွှေးတိုင်အိုးကို ထုတ်ယူလိုက်ရာ သူဌေးလွီ ပေးခဲ့သော အမွှေးတိုင်အိုး အစစ်ဖြစ်နေသည်။
သူမက ဘူးကို ပြန်သိမ်းထားလိုက်သည်။ အနည်းဆုံးတော့ ပိုင်ရှိုးမင်က အမွှေးတိုင်အိုးကို ဘာလုပ်မလို့လဲဟု မေးမြန်းလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူက ဘာမှမမေးခဲ့ပေ။ ဒါကပင် သူမအတွက် အလုပ်ရှုပ် သက်သာစေလေသည်။
ကိစ္စဖြစ်ပွားသည့်နေ့ကျလျှင် ပိုင်ရှိုးမင်သည် အဖြစ်အပျက်က သူမနှင့် သက်ဆိုင်ကြောင်း ရှင်းလင်းစွာ သိရှိသွားမည် ဖြစ်သော်လည်း ထိုအချိန်တွင် အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်လိမ့်မည်။
နောက်တစ်ဆင့်ကတော့ ရှန့်ယင်အလှည့်ပင်။
ရှန့်ယင်သည် ကျောက်အိမ်တော်သို့ ပြန်ရောက်သောအခါ မိုးမချုပ်သေးပေ။
ဒီနှစ်ရက်အတွင်း သူ ထိုက်ဖေးရှေ့တွင် အခစားဝင်စရာ မလိုသလို သူ့သွားလာလှုပ်ရှားမှုကို ဂရုစိုက်မည့်သူလည်း မရှိပေ။ ညနေစောင်းသည်အထိ အခန်းထဲတွင် နေနေစဉ် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။
ရှန့်ယင် တံခါးဖွင့်လိုက်ရာ လာသူမှာ ထိုက်ဖေးဘေးတွင် အမှုထမ်းသော အစေခံမလေး ဖြစ်နေသည်။
ထိုအစေခံမလေးသည် မျက်နှာထား တင်းမာလျက် တံခါးဝတွင် ရပ်ကာ ရှန့်ယင်ကို ပြောလိုက်သည်။ "ထိုက်ဖေးက နင့်ကို လာခဲ့တဲ့"
"အင်း" ရှန့်ယင်သည် ယခင် ကျောက်ယင်၏ အကျင့်အတိုင်း တစ်လုံးတည်း ပြန်ဖြေလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
အစေခံမလေးက သူ့ကို ထိုက်ဖေး၏ နေအိမ်သို့ မခေါ်သွားဘဲ ကျောက်ချီ၏ ခြံဝင်းသို့ သွားခဲ့ကြသည်။
ဒီအချိန်တွင် မိုးချုပ်နေပြီဖြစ်ရာ ကျောက်ချီ၏ ခြံဝင်းထဲတွင် မီးပုံးများစွာ ချိတ်ဆွဲထားသဖြင့် ခြံဝင်းတစ်ခုလုံး လင်းထိန်လို့နေသည်။
ဧည့်ခန်းမဆောင်တွင်တော့ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေပြီး ညမင်းသားပုလဲပေါင်း ဒါဇင်ချီ စီခြယ်ထားသော လမင်းရောင်မီးအိမ် တစ်လုံးကို မည်သည့်အချိန်က သယ်လာသည်မသိ။ ခန်းမအလယ်တွင် ချထားလေသည်။
ရှန့်ယင်သည် အခန်းထဲ ဝင်လိုက်သည်နှင့် ထိုမီးအိမ်ကို မြင်လိုက်ရလေသည်။
ပေဟွမ်တွင် သူနှင့် သူ့အမေ အတူနေခွင့်ရသည့် အခွင့်အရေး အလွန်နည်းပါးသော်လည်း သူက ငယ်ရွယ်စဉ်ကတည်းက မှတ်ဉာဏ်ကောင်းသဖြင့် သူမ ပြောသမျှ စကားတိုင်းကို မှတ်မိနေသည်။
တစ်ခါက သူမ အပြစ်ပေးခံရပြီး လက်သည်းများ အခွာခံလိုက်ရသည်။ သူတို့က သူ့ကို မြေအောက်ခန်းသို့ ပို့လိုက်သဖြင့် သူ့အမေဘေးတွင် ခဏလောက် နေခွင့်ရခဲ့သည်။
သူ မှတ်မိနေသေးသည်။ သူ့အမေက မှောင်မည်းနေသော အကျဉ်းခန်းထောင့်တွင် ကွေးကွေးလေးနေရင်း ပေါ့ပါးသော လေသံဖြင့် သူမ အရွယ်ရောက်ချိန်တွင် အဘိုးနှင့် အဘွားက ပန်းတိမ်ဆရာကို ငွေအများကြီးပေးပြီး လမင်းရောင်မီးအိမ် တစ်လုံး လုပ်ခိုင်းခဲ့ကြောင်း၊ ညရောက်တိုင်း ထိုမီးအိမ်က အခန်းကို နေ့ခင်းဘက်လို လင်းထိန်စေကြောင်း၊ အရမ်းလှပကြောင်း ပြောပြခဲ့သည်။
ထိုစဉ်က ရှန့်ယင်သည် လမင်းရောင်မီးအိမ်၏ ပုံစံကို စိတ်ကူးမယဉ်နိုင်ခဲ့သော်လည်း ယခုအခါ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရပြီ။ တကယ်ပဲ လှပတာပဲ။
ရှန့်ယင်သည် လမင်းရောင်မီးအိမ်ကို တစ်ချက်သာ ကြည့်လိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိဘဲ အခန်းထဲဝင်ကာ ထိုက်ဖေးရှေ့တွင် ဒူးထောက်လိုက်၏။
"ကျွန်တော် နောက်ကျသွားပါတယ်။ ထိုက်ဖေး အပြစ်ပေးပါ"
ထိုက်ဖေးသည် လက်တစ်ဖက်ဖြင့် နဖူးကိုထောက်ကာ မျက်လုံးမှိတ် အနားယူနေသည်။ ရှန့်ယင်၏ အသံကိုကြားမှ မျက်ခွံကို ပင့်ကြည့်လိုက်ပြီး လေသံအေးအေးဖြင့် "ထတော့" ဟု ပြောလိုက်၏။
ထို့နောက် သူမ၏အကြည့်သည် ဧည့်ခန်းမဆောင် အလယ်တွင် ဒူးထောက်နေသော ကျောက်ရွှင်နှင့် ကျောက်ဇယ်ချန် သားအဖပေါ်သို့ ကျရောက်သွားသည်။
ရှန့်ယင် ခန့်မှန်းခဲ့သလိုပင် ကျောက်ယင်ကို အပြစ်ပေးပြီးနောက် ထိုက်ဖေးသည် ကျောက်ဇယ်ချန်ကို စစ်ဆေးခဲ့ပြီး ပြဿနာ ရှာတွေ့ခဲ့ရသည်။
ရှန့်ယင်က ထိုက်ဖေး၏ အနောက်တွင် ဝင်ရပ်လိုက်ပြီး ထိုသားအဖကို ကြည့်လိုက်၏။
"ဇယ်ချန်၊ အဘွားလေးကို ပြောပြစမ်း၊ အဲဒီ အမွှေးတိုင်အိုး ဘယ်ရောက်သွားလဲ"
ထိုက်ဖေး စကားစပြောသည်နှင့် ကျောက်ဇယ်ချန် တုန်လှုပ်သွားသည်။ သူသည် ဗလုံးဗထွေးဖြင့် အချိန်အတော်ကြာ ပြောနေသော်လည်း အမွှေးတိုင်အိုး ရောက်ရှိရာကို မပြောနိုင်ခဲ့ပေ။
ထိုက်ဖေးက သူ့ပုံစံကိုမြင်သောအခါ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး အသံမှာ ပိုပြီး နူးညံ့လာသည်။ "အားလုံးက မိသားစုတွေပဲ။ ဘာကိစ္စရှိလို့ အဘွားလေးကို ပြောပြလို့ မရတာလဲ။ နင့်အဖေက မုန့်ဖိုးမပေးလို့ မတတ်သာဘဲ အမွှေးတိုင်အိုးကို ခိုးယူမိတာလား"
ထိုက်ဖေး ပိုနူးညံ့လေလေ၊ ပိုဒေါသထွက်လေလေ ဖြစ်ကြောင်း ရှန့်ယင်က သိသည်။
သို့သော် ကျောက်ဇယ်ချန်ကတော့ ထိုအချက်ကို မသိသဖြင့် ထိုက်ဖေး၏ ကြင်နာသော အမူအရာအောက်တွင် လှည့်စားခံလိုက်ရလေသည်။ သူက ခေါင်းငြိမ့်လိုက်ပြီး ဝမ်းနည်းသော လေသံဖြင့် "အဘွားလေးက တကယ် အမြော်အမြင် ကြီးပါတယ်။ မြေးလေးက ငွေလိုနေလို့ အဲဒီ အမွှေးတိုင်အိုးကို ငွေနဲ့ လဲလိုက်မိတာပါ"
"အဲဒီ အမွှေးတိုင်အိုးကို ဘယ်သူ့ဆီ ရောင်းလိုက်တာလဲ"
"ကျွန်တော် ကျန်းချုံးကို အပြင်က ရှေးဟောင်းပစ္စည်းဆိုင်မှာ သွားရောင်းခိုင်းလိုက်တာ။ ဘယ်သူ့ဆီ ရောင်းလိုက်လဲ ဆိုတာတော့ သူ့ကို မေးမှရမယ်"
သူပြောသော ကျန်းချုံးမှာ သူ့နို့ထိန်းမေမေ၏ သားဖြစ်ပြီး သူ့ဘေးတွင် အမြဲ အမှုထမ်းနေသူ ဖြစ်သည်။
"ဒါဆိုရင် ကျန်းချုံးကို အရင်ခေါ်မေးလိုက်ပါ" ထိုက်ဖေးက ကျောက်ချီကို လှည့်ပြောလိုက်၏။
ကျောက်ချီက ခေါင်းငြိမ့်လိုက်ပြီး အိမ်တော်ထိန်းကို အမိန့်ပေးလိုက်သည်။ "မေးပြီးရင် လူကိုပါ ခေါ်လာခဲ့"
အိမ်တော်ထိန်း အမိန့်နာခံပြီး ထွက်သွားရာ မကြာမီ သွေးသံရဲရဲ လူတစ်ယောက်ကို ဆွဲခေါ်လာခဲ့သည်။ အခန်းထဲ ဝင်လာချိန်တွင် ထိုလူ၏ ခြေထောက်နှစ်ဖက်က ကြမ်းပြင်ပေါ် တရွတ်တိုက် ပါလာပြီး သွေးရာနှစ်ကြောင်း ကျန်ရစ်ခဲ့သည်။
ကျောက်ဇယ်ချန်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် လန့်ဖျပ်အော်ဟစ် လိုက်မိတော့သည်။ ဤသွေးသံရဲရဲ လူသည် ကျန်းချုံး ဖြစ်ကြောင်း သူ မှတ်မိလိုက်၏။
အိမ်တော်ထိန်းက ဘေးမှ ရိုသေစွာ ပြောလိုက်သည်။ "ထိုက်ဖေး၊ သခင်ကြီး၊ ကျန်းချုံး ဝန်ခံပါပြီ။ အမွှေးတိုင်အိုးကို ချန်းဖိင်ဖန်းရပ်ကွက်က ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင်ကို ရောင်းလိုက်တာပါတဲ့။ အဲဒီဆိုင်ပိုင်ရှင်က လွီမျိုးနွယ် လို့ ကြားပါတယ်"
...