မြို့တစ်ဝက် နှိုးထစေသောအသံ ...
Vol. 16 Ch. 157
ရှန့်ယင်သည် အပြင်တွင် နေ့တစ်ဝက်ခန့် လည်ပတ်ပြီးနောက် အချိန်တန်ပြီဟု ၏ယူဆကာ အိမ်တော်သို့ပြန်လာခဲ့သည်။
ယနေ့ ကျောက်အိမ်တော်တွင် အလွန်စည်ကားလို့နေသည်။ အဓိကတံခါးမကြီးကို ဖွင့်ထားပြီး ဧည့်သည်များက ဝင်ထွက်သွားလာနေကြ၏။
ထိုက်ဖေးမြို့တော်သို့ ပြန်ရောက်လာသည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်၏။ ကျောက်မိသားစု၏ ဆွေမျိုးများနှင့် မိတ်ဆွေဟောင်းများသည် ပေဟွမ်ဝမ်ထိုက်ဖေးကို လာရောက်ဂါရဝပြုရန် တံဆိပ်ပြားများကို ကြိုတင်ပေးပို့ထားကြသော်လည်း ထိုက်ဖေးက တစ်ဦးချင်းတွေ့ဆုံရန် အဆင်မပြေသဖြင့် ကျောက်မိသားစုသည် ယနေ့တွင် ဧည့်ခံပွဲကျင်းပရန် ဆုံးဖြတ်လိုက်လေသည်။
တချို့သောဧည့်သည်များသည် ထိုက်ဖေးကို ရိုးသားစွာ ဂါရဝပြုလိုကြသော်ငြား ပိုအရေးကြီးသော အကြောင်းပြချက်မှာ ပေဟွမ်ဝမ်ထိုက်ဖေးသည် ဒီခရီးစဉ်တွင် ပေဟွမ်ဝမ်အတွက် ကြင်ရာတော်ရွေးချယ်ရန် ရည်ရွယ်ထားသည်ဟူသော သတင်းကြောင့် ဖြစ်လေသည်။
ဒီသတင်းသည် မိုးကြိုးပစ်ချလိုက်သလို ရှန့်ကျင်မြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေတော့၏။
ရှီးလင်ဝမ်အိမ်တော် မျိုးတုန်းသွားသည်မှာ မကြာသေးသဖြင့် သတိရှိသူများအနေဖြင့် အရှင်မင်းကြီး သံသယဝင်နေသော ဒီဝမ်ရယ်များနှင့် အလွန်နီးကပ်စွာ မဆက်ဆံသင့်သော်ငြားလည်း လူတိုင်းတွင် ကံတရားကို စမ်းသပ်လိုဆဲ ရှိနေကြသည်။
အကယ်၍ ကံကောင်းသွားခဲ့လျှင်ရော။
အရှင်မင်းကြီးသည် ရှီးလင်ကို အရေးယူပြီးပြီဖြစ်သဖြင့် မကြာမီကာလအတွင်း ပေဟွမ်ဝမ်ကို အလွယ်တကူ ထိပါးလိမ့်မည် မဟုတ်ပေ။ ပေဟွမ်ဝမ်အိမ်တော်သည် ပေဟွမ်တွင် နှစ်ပေါင်းများစွာ တည်တံ့ခဲ့ပြီး အလွန်အင်အားကြီးမားလေသည်။ ပေဟွမ်ဝမ်သည် ငယ်ရွယ်ပြီး ထူးချွန်ကာအာဏာရှိသူ ဖြစ်သဖြင့် အခွင့်အရေးရပါက မည်သူက ပေဟွမ်ဝမ်၏ ကြင်ရာတော် မဖြစ်ချင်ဘဲ နေပါမည်နည်း။
ကျောက်မိသားစု၏ နွေဦးပွဲတော်သည် အလွန် စည်ကားသိုက်မြိုက် လှလေသည်။ ပွဲတက်ရောက်လာသော မိန်းကလေးများ၏ အနိမ့်ဆုံးမိသားစု အဆင့်အတန်းမှာ အဆင့်၃အရာရှိ မျိုးနွယ်များဖြစ်ကြသည်။
ဘွဲ့ထူးဂုဏ်ထူးရှိသော မိသားစုများဆိုလျှင် အနည်းဆုံး မြို့စားအဆင့်ရှိမှသာ မျက်နှာသာပေးခံရပေမည်။
ရှန့်ယင်သည် အဝေးမှ လှမ်းကြည့်လိုက်ရာ တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော လူအုပ်ကြီးက ကျောက်အိမ်တော်ထဲသို့ ဝင်ရောက်နေသည်ကို တွေ့လိုက်ရ၏။ ကျောက်မိသားစုသည် မြို့တော်တွင် ပုံမှန်အားဖြင့် အနေအထိုင် ရိုးရှင်းသော်ငြားလည်း ဒီလိုအချိန်အခါ မျိုးတွင်တော့ သူတို့၏ အင်အားအမှန်ကို မြင်တွေ့နိုင်ပေသည်။
သူသည် ခဏလောက် ကြည့်လိုက်ပြီးမှ ဘေးဘက်သူလှည့်ကာ ဘေးတံခါးဝမှ အိမ်တော်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ထိုက်ဖေးသည် သူမ၏ ခြံဝင်းတွင်မရှိတော့ဘဲ ထင်ရှန်းဥယျာဉ်တွင် ဧည့်သည်များကို လက်ခံတွေ့ဆုံနေသည်။ ထိုက်ဖေးကို လာရောက်ဂါရဝပြုသူများမှာ အိမ်တော်အသီးသီးက သခင်မကြီးများ ဖြစ်ကြသဖြင့် ထင်ရှန်းဥယျာဉ် အတွင်းအပြင်တွင် အမျိုးသမီးများသာ ရှိနေကြပြီး အမျိုးသားများ ဝင်ရောက်ရန် မသင့်တော်ပေ။
ရှင့်ယင်ကလည်း အလျင်မလိုချေ။ သူသည်ထိုက်ဖေး၏ စေခံမလေးထံတွင် စကားပါးလိုက်ပြီး ထင်ရှန်းဥယျာဉ် အပြင်ဘက်တွင် စောင့်ဆိုင်းနေလိုက်၏။ ဖြတ်သွားဖြတ်လာများထဲက အသက်ငယ်ရွယ်သူ တချို့သည် သူ့ကို စူးစမ်းသလို ကြည့်ကြသော်ငြားလည်း သူက ကျောက်ရုပ်ပမာ တုံ့ပြန်မှုမရှိသဖြင့် ဆက်ပြီးအာရုံ မစိုက်ကြတော့ချေ။
၁၅မိနစ်စောင့်ပြီးနောက် ထိုက်ဖေး၏အနီးကပ် အစေခံမလေး ထွက်လာလေသည်။ သူမက ရှန့်ယင်အနားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်၏။ "ထိုက်ဖေးက မေးခိုင်းလိုက်တယ်။ ပစ္စည်းရပြီလားတဲ့"
"မရသေးဘူး"
ရှန့်ယင်၏ အဖြေသည် အစေခံမလေး မျှော်လင့်ထားသည်နှင့် ကွဲလွဲနေသဖြင့် သူမမှာ မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ဖြစ်သွားတော့၏။ သို့သော်ငြား လူသွားလူလား များနေသဖြင့် သူမက ဘာမှမပြောနိုင်ဘဲ မျက်နှာထားတင်းတင်းဖြင့် ထိုက်ဖေး၏ ခြံဝင်းသို့ပြန်သွားပြီး အမိန့်ကိုစောင့်ဆိုင်းရန် ပြောလိုက်ကာ ထင်ရှန်းဥယျာဉ်ထဲသို့ အမြန်ပြန်ဝင်သွားလေသည်။
ဒီကိစ္စသည် အလွန်အရေးကြီးပြီး ထိုက်ဖေးက၂ရက်ကြာအောင် စောင့်မျှော်နေခဲ့ရသဖြင့် နှောင့်နှေးလို့ မဖြစ်ပေ။
ထိုက်ဖေးသည် ထိုအချိန်တွင် ဓလေ့ထုံးတမ်းဌာနဝန်ကြီး၏ ဇနီးသည်နှင့် စကားပြောနေလေသည်။ ထိုဇနီးသည်သည် ယနေ့တွင်သမီးနှစ်ယောက်ကို ခေါ်ဆောင်လာခဲ့၏။ သမီးကြီးက ရိုးရှင်းအေးဆေးပြီး သမီးငယ်က လှပကျော့ရှင်းကာ တစ်မျိုးစီထူးခြားနေကြသည်။
တခြားအိမ်တော်များလည်း ထိုနည်း၎င်းပင်။ ထိုက်ဖေးရှေ့သို့ ခေါ်လာသော သမီးများမှာ အိမ်တော်၏တရားဝင် သမီးများဖြစ်ကြပြီး အဆင့်အတန်းနှင့် ပြုစုပျိုးထောင်ပုံ အပိုင်းတွင်လည်း အကောင်းဆုံးများ ဖြစ်ကြသည်။
ခဏလောက် စကားပြောပြီးနောက် သခင်မကြီးများ သတိထားမိသည်မှာ ထိုက်ဖေးသည် ရုပ်ရည်အလှအပကို သိပ်အလေးမထားဘဲ ရိုးရှင်းအေးဆေးသည့် ပုံစံကိုသာ ပိုနှစ်သက်ပုံရလေသည်။ ပေဟွမ်ဝမ် အလှအပမက်ခြင်း မရှိစေရန် ဇနီးကောင်းတစ်ယောက်ကို ရွေးချယ်လို ပုံရ၏။
ထိုက်ဖေးက ဓလေ့ထုံးတမ်းဝန်ကြီး၏ သမီးကြီးကို နေ့စဉ်ဝါသနာများ စတင်မေးမြန်းလာသောအခါ သခင်မကြီးများမှာ စိတ်လှုပ်ရှားသွားကြပြီး မိမိတို့တွင် မတူညီသောစရိုက်ရှိသည့် သမီးနှစ်ယောက် မမွေးမိလေခြင်းဟု နောင်တရမိကြ၏။
ထိုအချိန်တွင် အပြင်သို့ ထွက်သွားသော အစေခံမလေး ပြန်ရောက်လာပြီး ထိုက်ဖေးကို တိုးတိုးလေး စကားအနည်းငယ် ပြောလိုက်သည်။
ထိုက်ဖေး၏ မျက်နှာပေါ်တွင် အပြုံးမပျက်သော်ငြားလျှင် စကားဆက်ပြော ချင်စိတ်မရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် ကျောက်အိမ်တော်၏ ပထမသခင်မနှင့် ဒုတိယသခင်မတို့ ရှိနေသဖြင့် အခြေအနေ အေးစက်မသွားစေရန် ထိန်းထားနိုင်ခဲ့လေသည်။
ခဏအကြာတွင် ထိုက်ဖေးသည် အဝတ်အစားလဲရန် အကြောင်းပြချက်ဖြင့် အစေခံမလေးများကို ခေါ်ဆောင်ကာ ထင်ရှန်းဥယျာဉ်မှ ထွက်ခွာသွားခဲ့သည်။
ဥယျာဉ်ထဲက ထွက်လာသည်နှင့် သူမ၏မျက်နှာထားမှာ ချက်ချင်းအေးစက်သွားပြီး မေးလိုက်တော့သည်။ "ကျောက်ယင်ရော"
"ကျွန်မ သူ့ကို ထိုက်ဖေးရဲ့ ခြံဝင်းထဲမှာ စောင့်ခိုင်းလိုက်ပါပြီ"
ထိုက်ဖေးက ဘာမှမပြောဘဲ သူမ၏နေအိမ်သို့ လျှောက်သွား လိုက်လေသည်။ လမ်းတလျှောက်တွင် သူမ၏မျက်နှာထားမှာ အေးစက်နေပြီ အနောက်မှ လိုက်ပါလာသော အစေခံမလေးများမှာ အသံမထွက်ရဲပဲ ငြိမ်သက်နေကြတော့သည်။
ခြံဝင်းထဲ ရောက်သောအခါ ခြံတံခါးဝတွင် ရပ်နေသော ရှန့်ယင်ကို တွေ့လိုက်ရလေသည်။
လူကို တွေ့လိုက်သည်နှင့် ထိုက်ဖေးသည် စကားပင်မပြောခိုင်းဘဲ ပါးရိုက်ချလိုက်၏။ ရှန့်ယင်ကတော့ မလှုပ်မယှက် ဘာမှမတုံ့ပြန် ပေ။
ထိုက်ဖေးက ပါးကိုနှစ်ချက် ဆက်တိုက်ရိုက်လိုက်ပြီး လက်ဝါးများ နီးရဲလာမှသာ ဆဲဆိုလိုက်တော့၏။ "အသုံးမကျတဲ့ကောင်"
သူမ၏မျက်လုံးထဲတွင် ရွံရှာမုန်းတီးမှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။
ရှန့်ယင်သည် မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့ထားသဖြင့် သူ့မျက်နှာထားကို ဘယ်သူမှမမြင်ရတော့ချေ။
ထိုက်ဖေး၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး စိတ်အေးသွားမှ မေးလိုက်တော့သည်။ "ဘာဖြစ်လို့ အမွှေးတိုင်အိုးကို မယူလာခဲ့တာလဲ"
ရှန့်ယင်၏ အသံမှာခံစားချက် ကင်းမဲ့နေပြီး ပြန်ဖြေလိုက်တော့သည်။ "ကျိချန်ရဲ့အိမ်မှာ ဒုတိယအဆင့် အသက်ရှင်နေတဲ့ ဖုတ်ကောင်တစ်ကောင် မွေးထားပါတယ်။ ကျွန်တော် ရောက်သွား ကတည်းက အဲဒီအကောင်က ကျွန်တော့်ကို စိုက်ကြည့်နေလို့ ဘာမှ လုပ်လို့မရခဲ့ပါဘူး။ ကျွန်တော် လှုပ်ရှားလိုက်တာနဲ့ သူကပြန်တိုက်ခိုက်မှာ သေချာတယ်"
"အသက်ရှင်နေတဲ့ ဖုတ်ကောင်ဟုတ်လား" ထိုက်ဖေးမှာ အံ့သြသွားပြီး လေသံက အနည်းငယ် ပျော့ပျောင်းသွားလေသည်။ "သေချာပြောပြစမ်း"
ရှန့်ယင်သည် အမွှေးနံ့သာဆိုင်သို့ ရောက်ရှိချိန်ကစပြီး အဖြစ်အပျက် အသေးစိတ်ကို တစ်လုံးမကျန် ပြောပြလိုက်တော့သည်။
"ဒါဆိုရင် မင်းက အမွှေးတိုင်အိုးကို ကျိချန်လက်ထဲမှာ တကယ်တွေ့ခဲ့တာပေါ့"
"ကျွန်တော် ရောက်သွားချိန်မှာ သူက အမွှေးတိုင်အိုးနဲ့ အမွှေးနံ့သာ ဖော်စပ်နေတာပါ။ အမွှေးနံသာ မီးခိုးငွေ့တွေက စုစည်းပြီး မပျောက်မပျက် ရှိနေတာမလို့ ယွီရှန်း အမွှေးတိုင်အိုးဆိုတာ သေချာပါတယ်"
"ကျိချန်ရဲ့ အိမ်မှာ ဘာဖြစ်လို့ အသက်ရှင်နေတဲ့ ဖုတ်ကောင်ရှိနေတာလဲ။ အကြောင်းအရင်း စုံစမ်းခဲ့လား"
"ကျွန်တော်စုံစမ်းရ သလောက်တော့ ကျိချန်နဲ့ မင်ကျင့်စီးကျန့်ရှီဖူ ပိုင်ရှိုးမင်တို့ ဆက်ဆံရေးက မရိုးရှင်းပါဘူး။ အဲဒီဖုတ်ကောင်ကလည်း မင်ကျင့်စီးရဲ့အကူအညီနဲ့ ထားရှိတာ ဖြစ်နိုင်ပါတယ်"
ဒီတကြိမ်တွင်တော့ ထိုက်ဖေးသည် မျက်နှာပျက်သွားလေသည်။
ရှီးလင်ဝမ်ကိစ္စသည် မြို့တော်တွင် ဂယက်မရိုက်သော်ငြားလည်း ပေဟွမ်တွင်တော့ ကြီးမားသောကိစ္စတစ်ခု ဖြစ်ခဲ့သဖြင့် ပိုင်ရှိုးမင်းကို သူမက သိထားသည်။
"သတင်း မမှားဘူးဆိုရင်တော့ ... သမီးရည်းစားဆက်ဆံရေးပါ"
"အဲဒီ ကျိချန်က ဘယ်လိုအဆင့်အတန်းမို့လို့ ဒီလောက် စွမ်းဆောင်နိုင်ရတာလဲ" ထိုက်ဖေးသည် အံ့ဩသွားလေသည်။ ဝန်မခံချင်သော်ငြားလည်း ပိုင်ရှိုးမင်၏ အဆင့်အတန်းသည် သူမသားနှင့် တန်းတူဖြစ်ရာ သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျသည်မှာ ယုံနိုင်စရာမရှိချေ။
"သူကအစတုန်းက ကျင့်ယန်မြို့စားရဲ့ တရားဝင်သမီးပါ။ နောက်ပိုင်း သွေးသားမတော်စပ်ကြောင်း သိရှိရပြီး အိမ်ကနေ နှင်ထုတ်ခံလိုက်ရလို့ အခု ချန်းဖိင်ဖန်းမှာ ဆိုင်ဖွင့်ထားတာပါ"
ထိုက်ဖေးသည် သိချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။ "ဒီလောက်ရိုးရှင်းတာလား။ အဲဒီမိန်းကလေး ရုပ်ရည်ကဘယ်လိုလဲ"
ရှန့်ယင်က စဉ်းစားလိုက်ပြီး အမှန်အတိုင်း ဖြေလိုက်လေသည်။ "ရုပ်ရည်ချောမောပေမယ့် ရင်သပ်ရှုမောလောက်တဲ့ အဆင့်တော့ မဟုတ်ပါဘူး"
သူပြောသည့် ရင်သပ်ရှုမောလောက်သည့် အဆင့်ဆိုသည်မှာ ယခင်တုန်းက အားချန်ကို ရည်ညွှန်းခြင်း ဖြစ်လေသည်။ ထိုကဲ့သို့သော အလှမျိုး ရှိခဲ့ဖူးသဖြင့် သူတစ်ပါးပြောသော မိန်းမလှလေးဆိုသည်မှာ နှိုင်းယှဉ်လို့ မရတော့ပေ။
ထို့ကြောင့်လည်း ထိုက်ဖေးသည် ပေဟွမ်ဝမ်အတွက် ကြင်ရာတော် ရွေးချယ်ရာတွင် ရုပ်ရည်ကို အဓိကမထားဘဲ တခြားအချက်များကိုသာ ဦးစားပေးခြင်းပင်။
"ဒါဆိုရင် အရည်အချင်း ထူးချွန်လို့လား"
ရှန့်ယင်က မဖြေခင်မှာပင် ထိုက်ဖေးက ကိုယ်တိုင်ငြင်းပယ်လိုက်၏။
တကယ်ထက်မြက်လျှင် မြို့စားအိမ်တော်က အလွယ်တကူ ငြင်းထုတ်ခံရပြီး တစ်ခုတည်းသော အားကိုးရာဖြစ်သည့် အဆင့်အတန်းကို ဆုံးရှုံးခံမည် မဟုတ်ပေ။
ပိုင်ရှိုးမင်က ကျိချန်ကို သဘောကျသည့် အကြောင်းအရင်းကို ထိုက်ဖေးသည် စဉ်းစားမရသော်ငြားလည်း ဆက်ပြီးခေါင်းရှုပ် မခံတော့ ပေ။
"ထားလိုက်ပါတော့။ လူငယ်တွေက အပျော်ကြိုက်တာပဲ ဖြစ်မှာပါ"
သူမ၏ရူးသွပ်နေသော သားကဲ့သို့ပင်။ မိစ္ဆာမတစ်ကောင်ကို ပေဟွမ်ဝမ်က ကြင်ရာတော် မြှောက်ချင်နေသည်မှာ သူ့အတွေးအခေါ်ကိုပင် နားမလည်တော့ပေ။
အနည်းဆုံးတော့ သူမသား သဘောကျသည့် မြေခွေးမိစ္ဆာမတွင် ပြိုင်ဖက်ကင်း အလှတရား ရှိနေသေးသည်။ ပိုင်ရှိုးမင်၏ အကြည့်ကတော့ အလွန်ညံ့ဖျင်းလှ၏။
"ထိုက်ဖေး အမွှေးတိုင်အိုးကိစ္စက ..."
"နင် လုပ်တာကောင်းတယ်။ လွယ်လွယ်ကူကူ လှုပ်ရှားလို့မဖြစ်ဘူး" ထိုက်ဖေး၏ ခေါင်းထဲတွင် အမွှေးတိုင်အိုး ကိစ္စသာမက တခြားအရာများကိုပါ တွေးတောနေမိတော့သည်။ အကယ်၍ ကျိချန်နှင့် ပိုင်ရှိုးမင်တို့ ဆက်ဆံရေးက တကယ်မရိုးရှင်ဘူးဆိုလျှင် အမွှေးတိုင်အိုးကိစ္စကို မင်ကျင့်စီးက သိနေလောက်ပြီများလား။
အခုပြသထားတဲ့ အမွှေးတိုင်အိုးက မင်ကျင့်စီးကချထားတဲ့ ငါးစာများ ဖြစ်နေမလား။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အမွှေးတိုင်အိုးကိုတော့ ပြန်ယူရမယ်။ ငါးစာဖြစ်နေရင် တောင်မှ မျိုချရမယ်။
ထိုက်ဖေးသည် မျက်လုံးများကို မှေးစဉ်းထားလိုက်လေသည်။ မင်ကျင့်စီးကို တကယ် သတိပေးမိသွားရင်တောင် သူတို့မှာသက်သေ အထောက်အထားရှိမှ ဖမ်းလို့ရမှာ။ ငါးစာကမျိုးချပြီး ငါးက လွတ်မြောက်သွားရင် ငါးမျှားတဲ့သူ အရှုံးပေးရုံပဲ ရှိတော့မှာပေါ့။
"ပိုင်ရှိုးမင်က အဆင့်၄ ရောက်နေပြီဆိုတာ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
"ပါရမီအရည်အချင်းကတော့ တကယ်ကြောက်စရာကောင်းတာပဲ"
ထိုက်ဖေးသည် ချီးကျူးလိုက်ပြီး စိတ်ထဲတွင် တွက်ချက်နေလိုက်၏။ ကျိချန်အိမ်တွင်ရှိနေသော အနှောင့်အယှက်ပေးမည့် ဖုတ်ကောင်အတွက်ဖြစ်စေ၊ အချိန်မရွေး ရောက်လာနိုင်သော ပိုင်ရှိုးမင်အတွက်ဖြစ်စေ၊ ကျောက်ယင်ကို အသုံးပြုလို့ မရတော့ပေ။ အဆင့်၄အစောင့်ကိုသာ အသုံးပြုရပေတော့မည်။
ထိုက်ဖေးဘေးတွင်ရှိသည့် အဆင့်၄အစောင့်၏နာမည်မှာ ဟွမ်လင်းဖြစ်ပြီး ယခင်ပေဟွမ်ဝမ် ထားရစ်ခဲ့သူ ဖြစ်လေသည်။
မူလကသူမသည် ပေဟွမ်ဝမ်အိမ်တော်ရှိ အဆင့်၄ အစောင့်အားလုံးကို စေခိုင်းပိုင်ခွင့်ရှိသော်ငြား သားဖြစ်သူနှင့် အဆင်မပြေ ဖြစ်ပြီးနောက်ပိုင်းတွင် ဟွမ်လင်းတစ်ယောက်ကသာ သူမ၏အမိန့်ကို နာခံတော့သည်။
ပြီးခဲ့သောအချိန်က ဟွမ်လင်းကိုအသုံးပြုခဲ့သည်မှာ အားချန်ကို ရှင်းပစ်ရန်ဖြစ်လေသည်။ ထိုစဉ်က သူသည်ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။ ယခုအချိန်တွင်တော့ သာမန်လူတစ်ယောက်ကို ရှင်းပစ်ရန်ဖြစ်သဖြင့် ရှုံးနိမ့်စရာ အကြောင်းတော့မရှိချေ။
ရှန့်ယင်ပေးသော အကြောင်းပြချက်မှာ ခိုင်လုံမှုရှိနေသဖြင့် အစပိုင်းက ပါးရိုက်ခဲ့ခြင်းကလွဲလျှင် ထိုက်ဖေးသည် ဆက်ပြီးအပြစ်မပေးတော့ချေ။
"ဒီကိစ္စကို မင်းဆက်ပြီး ဂရုစိုက်စရာ မလိုတော့ဘူး"
"ဟုတ်ကဲ့ပါ" ရှန့်ယင်သည် ရိုသေစွာ ထွက်ခွာသွားလေ၏။ ထိုက်ဖေးသည် နောက်ဆုံးတွင်တော့ ဟွမ်လင်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်သဖြင့် အားချန်၏ အလှည့်ရောက်လာလေပြီ။
အစီအစဥ်ကို တွန်းအားပေးသူအနေဖြင့် ရှန့်ယင်စိတ်ထဲတွင် စိတ်လှုပ်ရှားမှု အနည်းငယ်နှင့် ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။
ဒီလိုရန်သူတစ်ယောက်က အမှောင်ထဲတွင် ကြံစည်နေခြင်းသည် အလွန်ကြောက်စရာ ကောင်းသော ကိစ္စတစ်ခုပင်။
ခြံဝင်းထဲက ထွက်လာချိန်တွင် သူသည် နောက်ပိုင်းတွင် အားချန်ကို အပြစ်မပြုမိစေရန် မိမိကိုယ်ကို သတိပေးလိုက်မိလေ၏။ သို့သော်ငြား သူ့အတွက်တော့ နောင်တစ်ချိန်ဆိုသည်မှာ ရှိပါဦးမည်တော့မလား။
ထိုက်ဖေး ထွက်ခွာသွားပြီး မကြာခင်တွင် ထင်ရှန်းဥယျာဉ်သို့ ပြန်ရောက်လာလေသည်။ စကားပြောနေစဉ် နဉ်သယ်မြို့စားကတော်ကို မေးခွန်းတစ်ခု မေးမြန်းလိုက်၏။ "နဉ်သယ်ဟိုဖူးရန် ကျင့်ယန်ဟိုဖူးရန်ကိုသိလား"
နှင်သယ်ဟိုဖူးရန်သည် ကျောက်ဒုတိယသခင်မ၏ ညီမဝမ်းကွဲဖြစ်သဖြင့် ထိုက်ဖေးကမျက်နှာသာပေးခြင်း ဖြစ်လေသည်။
နဉ်သယ်ဟိုဖူးရန်က စကားပြောရန် နှစ်သက်သူဖြစ်သဖြင့် ထိုက်ဖေး မေးမြန်းလာသည်နှင့် စိတ်ဝင်စားသွားတော့၏။ "ထိုက်ဖေးက ကျင့်ယန်ဟိုဖူးရန်ရဲ့ အိမ်တွင်းရေးကို ကြားဖူးလို့လား"
"တခြားလူပြောပြလို့ ကြားဖူးပါတယ်။ အဲ့ဒါက ..." သူမက စကားမဆုံးသေးခင်မှာပင် တစ်ဖက်လူက ဖြတ်ပြောလာခဲ့၏။
"ကျင့်ယန်ဟိုဖူးရန်အကြောင်း ပြောရရင်တော့ အဲဒီဇနီးသည်အသစ်က ကျင့်ယန်ဟိုဖူးရန်ကို ဘာဆေးတွေ တိုက်ထားလဲမသိဘူး။ သမီးအရင်းကိုတောင် မလိုချင်တော့ဘဲ မိန်းမက ထောင်ထဲရောက် နေတာတောင် ကွာရှင်းဖို့မစဉ်းစားဘူး"
နဉ်သယ်ဟိုဖူးရန်က ပြောရင်း အားကျသလို ဖြစ်နေလေသည်။
သူတို့လို အိမ်တော်များတွင် မိန်းမဘက်က အထောက်အပံ့မရှိလျှင် ဒုက္ခရောက်သည့်အခါ ကိုယ်လွတ်ရုံကျစမြဲပင်။
"သူတို့နှစ်ယောက်က တကယ်ချစ်ကြတာပဲ" ထိုက်ဖေးက မှတ်ချက်ချလိုက်ပြီး မေးလိုက်၏။ "ဒါဆို ကျင့်ယန်ဟိုဖူးရန်ရဲ့သမီးအရင်းကရော သူ့အခုဘယ်လိုနေလဲ"
"အဲဒီတစ်ယောက်ကလည်း အလျှော့ပေးမယ့်သူ မဟုတ်ဘူး။ ကြားတာတော့ သူက မင်းကျင့်စီးနဲ့ပေါင်းပြီး ဇနီးသည်အသစ်ကို ထောင်ထဲပို့လိုက်တာတဲ့"
"တကယ်လား" ထိုက်ဖေးမှာ အံ့သြသွားလေ၏။
"ကြားတာတော့ ဟုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျင့်ယန်ဟိုဖူးရန် မကြာခဏ မင်ကျင့်စီးရဲ့ ဖမ်းဆီးခံရတာ အကြောင်းအရင်းရှိမှာပေါ့"
"ဒီလိုဆိုရင် အဲဒီမိန်းကလေးကျိက တော်တော်လေးစွမ်တာပဲ။
နဉ်သယ်ဟိုဖူးရန်သည် ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်လေသည်။ "နှမြောစရာကောင်းတာက သူ့အမေဘက်က ဆွေမျိုးတွေလည်း ကျဆုံးကုန်ပြီလေ။ ကျိမိသားစုကလည်း သူ့ကို အသိအမှတ် မပြုတော့ဘူး။ သူက ခဏတာပဲ ဟန်ရေးပြနိုင်မှာပါ"
ကျင့်ယန်ဟိုဖူးရန် အိမ်တော်၏ အရှုပ်တော်ပုံများကို လူသိရှင်ကြား မပြောလိုကြသော်ငြားလည်း မြို့တော်တွင် စောင့်ကြည့်နေသူ အများအပြားရှိလေသည်။
ထိုက်ဖေးက ခေါင်းငြိမ့်ပြလိုက်၏။ ဒီသတင်းများသည် ကျောက်ယင် ပြောပြသော အချက်များနှင့် ကိုက်ညီနေလေသည်။
ကျောက်မိသားစု၏ နွေဦးပွဲတော်သည် ညနေပိုင်းတွင် ပြီးဆုံးသွားခဲ့၏။ ထိုက်ဖေးက စိတ်အခြေအနေ ကောင်းမွန်နေပြီး သမီးပျိုလေးဦးကို သဘောကျနေလေသည်။ သို့သော်ငြား ဆုံးဖြတ်ချက်တော့ မချရသေးချေ။
သားအတွက် ကြင်ရာတော် ရွေးချယ်ခြင်းဖြစ်သဖြင့် မိသားစုနောက်ခံ စိတ်နေသဘောထားတို့ကို သေချာစစ်ဆေးရပေမည်။
သူမသည် နေအိမ်သို့ ပြန်ရောက်လာသောအခါ ထိုကိစ္စကိုခဏလောက် မေ့ထားလိုက်၏။ အစေခံမလေးများကို ထွက်သွားခိုင်းလိုက်ပြီး ထိုက်ဖေးက ရုတ်တရက် ခေါ်လိုက်လေသည်။ "ဟွမ်လင်း"
ရေလှိုင်းကဲ့သို့သော အနက်ရောင် အရိပ်တစ်ခုသည် သူမဘေးတွင် ပေါ်လာပြီး မကြာခင်တွင် ရည်မွန်လှသည့် လူလတ်ပိုင်းအမျိုးသား တစ်ဦးပေါ်ထွက်လာခဲ့၏။ သူ့မျက်နှာပေါ်တွင် အမာရွတ်သုံးခုရှိပြီး သူ့ပုံစံကအနည်းငယ် ကြောက်မက်ဖွယ် ဖြစ်နေတော့သည်။
"ထိုက်ဖေး ဘာအမိန့်ရှိလိုပါသလဲ"
ထိုက်ဖေးက ခေါင်းစောင်းပြီး မေးလိုက်သည်။ "မြို့တော်က အစီအရင်တွေက နင့်အပေါ်ဘယ်လောက် သက်ရောက်မှုရှိသလဲ"
ဟွမ်လင်းက အမှန်အတိုင်း ပြန်ဖြေလိုက်၏။ "ကျွန်တော်ရဲ့ကျင့်ကြံမှုက အဆင့်၃အထိ ဖိနှိပ်ခံထားရပါတယ်။ ဒါပေမဲ့ စွမ်းအားကတော့ ရှိနေပါသေးတယ်။ လိုအပ်ရင်အတင်းအကြပ် ထုတ်သုံးလို့ရပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုကတော့ ကြီးမားသွားလိမ့်မယ်"
"တကယ်လို့ အဆင့်တူ ပြိုင်ဘက်နဲ့တွေ့ရင် နင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်မလား"
"ထိုက်ဖေး စိတ်ချပါ။ မြို့တော်က အစီအရင်က အားလုံးအပေါ် အတူတူပဲ သက်ရောက်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ ရှုံးနိမ့်မယ်လို့ မထင်ပါဘူး။ တကယ်လို့ မနိုင်ရင်တောင် ကျွန်တော်ရဲ့ ရေလျှိုးပညာက ဘယ်တော့မှ မလွဲပါဘူး"
ထိုက်ဖေးက ခေါင်းငြိမ့်ပြလိုက်သည်။ ဟွမ်လင်း၏ သွားလာလှုပ်ရှားမှုများကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ဖူး၏။ ပေဟွမ်ဝမ်အိမ်တော်ရှိ အဆင့်၄ အစောင့်သုံးဦးအနက် သူ့ပညာက အတော်ဆုံးပင်။
ပိုင်ရှိုးမင်ကို လူတွေက ဘယ်လောက်ပဲ ချီးကျူးပါစေ။ အဆင့်၄ရောက်တာ မကြာသေးဘူး။ ဟွမ်လင်းကသာ သူနဲ့တကယ်တိုက်ခိုက်ရရင် မနိုင်ရင်တောင်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်မှာ သေချာတယ်။
သေချာစဉ်းစား လိုက်ပြီးနောက် ထိုက်ဖေးကပြောလိုက်၏။ "ဒီတခါ နင့်ကို ခေါ်ရတာက ကိစ္စတစ်ခုသွား လုပ်ခိုင်းစေချင်လို့ပဲ"
"ထိုက်ဖေး အမိန့်ပေးပါ"
ထိုက်ဖေးသည် အားချန်၏ လိပ်စာကို ပေးလိုက်ပြီး သတိပေးလိုက်လေသည်။ "သန့်သန့်ရှင်းရှင်း လုပ်ခဲ့နော်။ တခြားလူတွေကို မရိပ်မိစေနဲ့။ သဲလွန်စလည်း မကျန်စေနဲ့"
"ဟုတ်ကဲ့"
"တကယ်လို့ မင်းကျင့်စီးက တကယ်ပဲ ထောင်ချောက် ဆင်ထားတယ်ဆိုရင် ပစ္စည်းယူပြီးအရင်ထွက်လာခဲ့။ အမွှေးတိုင်အိုးက အရေးအကြီးဆုံးပဲ"
"နားလည်ပါပြီ"
"သွားတော့"
ထိုက်ဖေး ပြောလိုက်သည်နှင့် ဟွမ်လင်း၏ခန္ဓာကိုယ်သည် ရေအိုင်ငယ်လေးတစ်ခု အဖြစ်ပြောင်းလဲသွားပြီး အခန်းထဲက ပျောက်ကွယ်သွားတော့သည်။
စိတ်ထဲရှိသည့် ကိစ္စများကို စီစဉ်ပြီးနောက် ထိုက်ဖေးသည် စိတ်အေးသွား လေတော့သည်။
ယခုတွင် သူမစိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရုံသာ ရှိတော့သည်။ ဟွမ်လင်းက သူမကို ဘယ်တော့မှစိတ်ပျက် စေမည်မဟုတ်ချေ။
ထိုအချိန် ချန်းဖိင်ဖန်းရပ်ကွက်တွင်။
မိုးချုပ်သွားသောအခါ အားချန်သည် ချန်ဟွေ့ကို ဘေးဆိုင်တွင် သွားအိပ်ခိုင်းလိုက်လေသည်။ အိမ်တွင်မနေခိုင်းတော့ ပေ။
ချန်ဟွေ့က အားချန်ကို စိတ်ပူသော်လည်း သူမတွင် အစီအစဉ်ရှိကြောင်း သိထားသဖြင့် မငြင်းဆန်လိုက်တော့ချေ။
ညအမှောင်ထု ကြီးစိုးလာသောအခါ အားချန်သည် အခန်းထဲသို့ ဝင်လာခဲ့လေသည်။
သူမက စားပွဲပေါ်က ဖယောင်းတိုင်ကို ထွန်းညှိလိုက်ပြီး အမွှေးတိုင်အိုးထဲတွင် အမွှေးနံ့သာပြား တစ်ခုကိုထည့်က မီးညှိထားလိုက်၏။
ဒီအမွှေးနံ့သာပြားသည် မကြာသေးခင်ကမှ သူ့မပြုလုပ်ထားသည့် အရာဖြစ်၏။ အနံ့က အနည်းငယ်ခါးပြီး ဆေးရေနံ့နှင့် တူသော်ငြားလည်း အခါးဓာတ်ကုန်သွားလျှင် အချိုဓာတ် ပြန်ထွက်လာသည်။
အနံ့ပြောင်းလဲမှု လွန်ကဲသော်ငြားလည်း လူကြိုက်များလေသည်။
အမွှေးနံသာကို မီးညှိပြီးနောက်တွင် အားချန်သည် တတောင်ဆစ်ကို စားပွဲပေါ်ထောက်ကာ လက်တစ်ဖက်ဖြင့် ခေါင်းကိုမှီလျက် ရှေ့က ယွီရှန်း အမွှေးတိုင်အိုးကို ငေးကြည့်နေလိုက်၏။
အချိန်မည်မျှ ကြာသွားသည် မသိချေ။ ဖယောင်းတိုင်မီး တုန်ခါသွားသော်ငြားလည်း အားချန်ကတော့ ခေါင်းမမော့ချေ။
ထို့ကြောင့် သူမ၏ အနောက်ဘက်က အရိပ်တစ်ခုသည် တိတ်တဆိတ် ပေါ်ထွက်လာသည်ကို သူမသည် သတိမထားမိလိုက်ချေ။
ထိုအရိပ်ပီပြင်လာပြီး မျက်စိဖြင့် မမြင်နိုင်သောအမြန်နှုန်းဖြင့် သူမကို တိုက်ခိုက်လိုက်ချိန်တွင်တော့ အားချန်၏ ကိုယ်ပေါ်ကအနက်ရောင် ရေလှိုင်းများ ထွက်ပေါ်လာတော့သည်။ နားကွဲမတတ် ကျယ်လောင်သော နဂါးဟိန်းသံတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတတ်သွားပြီး မြို့တစ်ဝက်လောက်ကို နှိုးထသွားစေလေတော့သည်။
...