နင် ... မသေသေးဘူးလား
Vol. 17 Ch. 161
ထိုနာမည်ကို ပြောလိုက်မိသည်နှင့် ထိုက်ဖေး၏ မျက်နှာထားသည် ပြောင်းလဲသွားပြီး ပြန်မေးလိုက်၏။ "နင် ဘာတွေ လျှောက်ပြောနေတာလဲ"
သူမသည် ရှန့်ယင်၏ မျက်နှာကို စူးစိုက်ကာကြည့်နေပြီး ရှေ့ကလူသည် အစားထိုးခံထားရသူ ဟုတ်မဟုတ် သံသယဝင်နေပုံရ၏။ သို့သော်ငြား မည်သို့ပင် ကြည့်နေစေကာမူ ပုံမှန်မဟုတ်သည့် အချက်က တစ်ချက်ကလေးမှ မတွေ့ရပေ။
သို့သော် ကျောက်ယင်ကတော့ သူမကို ဤသို့စကားမျိုး မည်သို့ ပြောနိုင်ပါမည်နည်း။ သူမသည် ကျောက်ယင်ကို ငယ်စဉ်ကတည်းက ဘေးတွင်ထားကာ ပြုစုပျိုးထောင်ခဲ့သဖြင့် သူ့အကြောင်းအရာ အားလုံးကို လက်ခုပ်ထဲကရေလို သိရှိနေသူဖြစ်လေသည်။ သူ့တွင် ဆယ်နှစ်ကျော်ကြာ ဟန်ဆောင်နိုင်သည့် စွမ်းရည်မရှိချေ။
"တစ်ယောက်ယောက်က နင့်ကိုတစ်ခုခု ပြောလိုက်လို့လား"
ရှန့်ယင်က တစ်ချက် လှောင်ရယ်လိုက်ကာ "ထိုက်ဖေးက ဘယ်သူကများ ကျွန်တော့်ကို ဘာပြောလိုက်တယ်လို့ ထင်လို့လဲ။ ကျောက်မိသားစုနဲ့ ပေဟွမ်ဝမ်ပူးပေါင်းပြီး ရှန့်မိသားစုတစ်ခုလုံး သတ်ဖြတ်ခဲ့တဲ့ကိစ္စလား။ ဒါမှမဟုတ် ခင်ဗျားက ပေဟွမ်ဝမ်ထိုက်ဖေးနေရာကို လိုချင်လို့ အဘိုးကိုကိုယ်တိုင် သတ်ဖြတ်တဲ့ကိစ္စကို ပြောနေတာလား"
ထိုက်ဖေး၏ မျက်နှာအမူအရာမှာ မှောင်မည်းသွားလေတော့သည်။ ဒီအတိတ်က အကြောင်းအရာများကို နှစ်ပေါင်းများစွာ မပြောဖြစ်ခဲ့သော်ငြား ယနေ့ရှန့်ယင်၏ နှုတ်မှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် ထိုက်ဖေးမှာ အံ့သြခြင်းနှင့်အတူ ဒေါသထွက်သွားရတော့သည်။
အကြောင်းအရင်းကို မသိသော်ငြား ရှေ့ကလူသည် သူမ၏ ထိန်းချုပ်မှုအောက်က လွတ်မြောက်သွားပြီ ဖြစ်ကြောင်း ဝန်ခံရတော့မည်။
သူမသည် ရှန့်ယင်ကို ကျောပေးထားသည့်လက်ဖြင့် လေထဲတွင် ဝဲပြန်နေသော ရွှေရောင်စာရွက်ကို ဖမ်းဆုပ်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်လေသံဖြင့် မေးလိုက်လေသည်။ "နင် ကရှန့်မိသားစုအတွက် မကျေမနပ်ဖြစ်နေတာလား"
ရှန့်ယင်ကလည်း မငြင်းဆန်ခဲ့ချေ။ "ကျွန်တော်က ထိုက်ဖေးဆီကနေ တရားမျှတမှုကို ပြန်တောင်းချင်ရုံပါ"
ထိုက်ဖေးသည် မျက်လုံးကို မှေးစဉ်းထားလိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။ "တရားမျှတာမှု ဟုတ်လား။ နင်က ဘယ်လို တရားမျှတမှုကို လိုချင်တာလဲ။ ရှန့်မိသားစုက နင့်ကိုတစ်ခါမှ မကျွေးမွေးဖူးဘူးလား။ ငါကသာ အပင်ပန်းခံပြီး နင့်ကို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်လာခဲ့တာ။ အခု နင်ကတော့ တစ်ခါမှမတွေ့ဖူးတဲ့ ရှန့်မိသားစုဝင်တွေအတွက်နဲ့ ငါ့ကို လက်ပါရဲတယ်ပေါ့။ နင်က ငါ့ကျေးဇူးကို ဒီလိုပြန်ဆပ် လိုက်တာလား"
စကားလုံးတိုင်းကလည်း ခိုင်မာပြတ်သားလှပေသည်။
ရှန့်ယင်သည် သူမ၏အသံက တဖြည်းဖြည်း မြင့်တက်လာသည်ကို နားထောင်ရင်း နှုတ်ဆိတ်နေလိုက်၏။
တကယ်လို့သာ ကျောက်ယင် ဖြစ်ခဲ့မယ် ဆိုရင်တော့ သေချာပေါက် စိတ်လှုပ်ရှားသွားမှာပဲ။ ဝမ်းနည်စရာကတော့ ကျောက်ယင်က သူ့စကားတွေကို မကြားနိုင်တော့တာပဲ။ စိတ်ထဲတွင် ထိုသို့တွေးလိုက်မိလေသည်။
"သူတို့က နင့်ရဲ့ သွေးသားရင်းချာတွေ ဆိုရင်ရော ငါကရော မဟုတ်လို့လား"
ထိုက်ဖေး၏ မေးခွန်းထုတ်သံသည် ပျက်စီးနေသော ဘုရားကျောင်းထဲတွင် ပဲ့တင်ထပ်သွားပြီး စကားလုံးတိုင်းမှာ စွမ်းအားများ ပြည့်ဝနေတော့သည်။
"ကျွန်တော်တို့က သေချာပေါက် ဆွေမျိုးတွေပါ"
ရှန့်ယင်၏ လေသံထဲတွင် လှောင်ပြောင်မှုများ ပါဝင်လို့နေ၏။ "တကယ်လို့ ဒီဆွေမျိုးတော်စပ်မှုသာ မရှိရင် ခင်ဗျားက ရှန့်မိသားစု ရှိတဲ့နေရာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဒီတော့ ဒီသတင်းကို အသုံးချပြီး အခုလိုမြင့်မားတဲ့ အဆင့်အတန်းကို လဲလှယ်ရယူနိုင်မှာလဲ"
"နင့်ကို ဘယ်သူက ပြောတာလဲ"
"ထိုက်ဖေး မေ့နေတာလား။ အရင်တုန်းက ခင်ဗျားက ကျွန်တော့်အမေဆီကနေ ရှန့်မိသားစုရဲ့ သရဲတစ္ဆေထိန်းချုပ်တဲ့ လျှို့ဝှက်ပညာရပ်ကို လိုချင်လို့ ကျွန်တော့်အသက်နဲ့ ခြိမ်းခြောက်ခဲ့တယ်လေ။ သူက တစ်ကြိမ်ပူးပေါင်းပေးရင် ခင်ဗျားက ကျွန်တော့်ကို သူနဲ့ တစ်ခါ ပေးတွေ့ခဲ့တယ်" ရှန့်ယင်သည် တစ်လုံးချင်း ပြောလိုက်လေသည်။ "သူ သေတုန်းကလည်း ခင်ဗျားက တကူးတက လူလွတ်ပြီး ကျွန်တော်ကို နောက်ဆုံးခရီးလိုက်ပို့ ခိုင်းခဲ့သေးတယ်လေ"
ထိုက်ဖေးသည် အမှန်တကယ်ပင် သိပ်မမှတ်မိတော့ချေ။ သူမအတွက်တော့ ထိုအရာသည် အလွန်သေးငယ်သော ကိစ္စရပ်တစ်ခုသာ ဖြစ်လေသည်။
သူမသည် ကျောက်ယင်ဆိုသော မြေးဖြစ်သူ၏ အသက်ကို ချမ်းသာပေးခြင်းကပင် သူမ၏ မေတ္တာတရား ဖြစ်ပေ၏။ သူမ သဘောမကျသော ချွေးမတစ်ဦးအနေဖြင့် သူမအတွက် ခြေနင်းတုံး တစ်ခုမျှသာပင်။ အသုံးချစရာ တန်ဖိုးမရှိတော့သည့်နောက် သဘာဝကျစွာပင် ဆက်လက်ပြီး အသက်ရှင်ရန် မလိုအပ်တော့ပေ။
ထိုက်ဖေးသည် နောက်ဆုံးတွင်တော့ နားလည်သွားပြီးပြောလိုက်၏။ "ဒါကြောင့် နင်က ငယ်ငယ်ကတည်းက နင့်အမေကိုသတ်ခဲ့တဲ့ ငါ့ကို မုန်းတီးနေခဲ့တာပေါ့"
"ဟုတ်တာပေါ့" ရှန့်ယင်၏ အကြည့်သည် ထိုက်ဖေး၏ ကိုယ်ပေါ်မှ တုန်ယင်ကာ ပူးကပ်နေကြသည့် သားအဖ နှစ်ယောက်ထံသို့ ရောက်ရှိသွားကြလေသည်။
"ခင်ဗျားအပြင် ကျောက်ရွှင်လည်း ပါသေးတယ်။ ဘာဖြစ်လို့ ကျွန်တော့်အမေက သေသွားရပြီး ခင်ဗျားတို့ကျတော့ လွတ်လပ် ပျော်ရွှင်နေရတာလဲ။ ဒါက လုံးဝ မတရားဘူးလေ" ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်နေသည့် ကျောက်ရွှင်တို့ သားအဖကို ကြည့်ရင်း ရှန့်ယင်က ဆက်ပြောလိုက်၏။ "ဒီနေ့ ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်ကိုပဲ လက်စားချေမလို လုပ်ထားတာ။ ဘယ်သူက ထင်ထားမှာလဲ အဖေက ညီလေးကိုပါ မဖြစ်မနေ ခေါ်လာချင်နေတော့ ကျွန်တော်ကလည်း ခင်ဗျားတို့ကို စိတ်ပျက်အောင် ဘယ်လုပ်ရက်ပါ့မလဲလေ"
ကျောက်ရွှင်၏ နှုတ်ခမ်းများသည် တုန်ယင်သွားလေတော့သည်။ "ငါက မင်းအဖေအရင်းနော်။ မင်း ငါ့ကိုလက်ပါရဲရင် မင်းက အကြီးအကဲကို ပစ်မှားတဲ့ငမိုက်သားပဲ"
ရှန့်ယင်သည် နှုတ်ခမ်းထောင့်ကို တစ်ချက်တွန့်ကွေးထားလိုက်ပြီး သူ့ကိုဂရုမစိုက်တော့ဘဲ အကြည့်ကို ထိုက်ဖေးထံသို့ ပြန်လွှဲထားလိုက်၏။ "ပြောစရာရှိတာတွေလည်း ပြောပြီးပြီဆိုတော့ ထိုက်ဖေး စိတ်ချလက်ချ ထွက်သွားလို့ရပါပြီ"
"တကယ်ပဲ ထွက်သွားလို့ရပြီ" ထိုက်ဖေး၏ လက်ထဲက ရွှေရောင်စာရွက်သည် ရုတ်တရက် သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ဘယ်အချိန်ကမှန်း မသိဘဲ ထိုရွှေရောင်စာရွက်သည် ထိုက်ဖေး၏ သွေးများကို စုပ်ယူလိုက်သဖြင့် စာမျက်နှာတစ်ခုလုံးက သွေးကဲ့သို့နေရဲ သွားတော့သည်။
ထိုက်ဖေးသည် စာရွက်ကိုအားဖြင့် ဖမ်းဆုပ်လိုက်သည်တွင် ထိုရွှေရောင် စာမျက်နှာထက်က တုန်ခါမှု လှိုင်းတံပိုးများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ရွှေရောင်စာရွက်ကို ကိုင်ဆောင်ထားသည့် ထိုက်ဖေးမှလွဲလျှင် ကျောက်ရွှင်တို့သားအဖ အားလုံးသည် ရင်ဘတ်ကို ဖိထားရပြီး မျက်နှာတွင် နာကျင်မှုများ ပေါ်ထွက်လာကြတော့သည်။
ရွှေရောင် စာမျက်နှာပေါ်က လိုင်းတံပိုးများသည် ပိုမိုပြင်းထန်လာပြီး ကျောက်ရွှင်နှင့် ကျောက်ဇယ်ချန်တို့သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ သေသည် ရှင်သည် မကွဲပြားတော့ပေ။ ရှန့်ယင်ကတော့ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရှုံ့မဲ့နေပြီး ရင်ဘတ်ကိုဆုတ်ကာ သွေးနှစ်လုတ် အန်ထုတ်လိုက်လေသည်။ သူသည် နောက်ကျောမှ နံရံကိုအားဖြင့် ရိုက်ခွဲလိုက်ပြီး အဝေးသို့ ထွက်ပြေးလွတ်မြောက် သွားခဲ့၏။
ရှန့်ယင်၏အရိပ် ပျောက်ကွယ်သွားသည်အထိ ထိုက်ဖေးသည် ထိုရွှေရောင်စာရွက်ကို ဆုပ်ကိုင်ထားသော လက်မှာ မရပ်မနား တုန်ယင်နေပြီး တောင့်တင်းလွန်းသဖြင့် ဆန့်၍ပင်မရတော့ပေ။
သူမသည် ပျက်စီးနေသော ဘုရားကျောင်းထဲတွင် ခဏလောက် ငြိမ်သက်စွာ ရပ်နေမိ၏။ ရွှေရောင်စာရွက်က ကျောက်ယင်ကို အတိုင်းအတာ မည်မျှအထိ ထိခိုက်စေကြောင်း မသေချာသဖြင့် ယခုလက်ရှိတွင် သူမသည် အမြန်ဆုံးအရှိန်ဖြင့် မြို့တော်သို့ ပြန်ရပေမည်။
စိတ်ထဲတွင် ထိုသို့တွေးတောရင်း ထိုက်ဖေးသည် အပြင်သို့ လှမ်းထွက်လာခဲ့၏။ ဘုရားကျောင်းတံခါးမှ ထွက်ခွာလာချိန်တွင် သူမသည် ထောင့်တစ်နေရာတွင် လှဲကျနေသည့် သားအရင်းနှင့် မြေးအရင်းကို လှည့်ကြည့်လိုက်ပြီးနောက် တွေဝေခြင်းမရှိဘဲ လှည့်ထွက်သွား လေတော့သည်။
ယခုအချိန်တွင် သူမသည် ဘေးလူများ၏ အသက်ကို ဂရုမစိုက်နိုင်တော့ဘဲ မိမိကိုယ်ကိုသာ ယာယီကာကွယ်ရပေမည်။ သူမသည် မြို့တော်သို့ ပြန်ရောက်မှသာ လူရှာပြီး လာကယ်ခိုင်းလျှင်လည်း နောက်မကျသေးချေ။ အကယ်၍ သူတို့က ထိုအချိန်အထိ မတောင့်ခံနိုင်ခဲ့ရင်လည်း သူတို့ ကံမကောင်းခြင်းကိုသာ အပြစ်တင်ရပေတော့မည်။
ထိုက်ဖေးသည် ရွှေရောင်စာရွက် ကိုင်ဆောင်ကာ ဘုရားကျောင်း အနောက်ဘက်သို့ အရင်သွားလိုက်ကာ လှည်းဆွဲသည့် မြင်းများအားလုံးက မြေပြင်ပေါ်သို့ လှဲကျနေသည်ကို တွေ့လိုက်ရ၏။ ထိုမြင်းများသည်လည်း ရွှေရောင်စာရွက်၏ တိုက်ခိုက်မှုက မလွတ်မြောက်နိုင်ကြသည်မှာ သိသားလေသည်။
မြင်းစီးပြီး ထွက်ခွာလို့မရနိုင် တော့သဖြင့် ထိုက်ဖေးသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကာ ရှာဖွေကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မျက်နှာချင်းဆိုင်က အိမ်တော်ဝင်းကြီးတစ်ခုကို သတိပြုမိလိုက်၏။
သူမသည် ထပ်ပြီးတွေဝေ မနေတော့ဘဲ ထိုအိမ်တော်ဝင်းဆီသို့ လျင်မြန်စွာ လျှောက်လိုက်တော့သည်။
သူမသည် တောင်းခါးပန်းဆီသို့ ဆင်းသွားသောအခါ ရှန့်ယင်က ဘုရားကျောင်း အနောက်ဘက်ရှိ သစ်ပင်တစ်ပင်၏ အနောက်မှ ထွက်ပေါ်လာခဲ့၏။ သူသည် လက်ကို မြောက်ကာ နှုတ်ခမ်းထောင့်က စီးကျလာသော သွေးများကို သုတ်လိုက်ပြီး ထိုက်ဖေးက ခြံဝင်းဘက်သို့ သွားနေသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေလိုက်တော့သည်။
ယနေ့တွင် အိမ်တော်ဝင်းသည် အလွန်တိတ်ဆိတ်ငြိမ်သက် နေလေသည်။ အကြောင်းမှာ အားချန်က အနားယူချင်သည်၊ လူအများ၏ အနှောင့်အယှက်ကို မလိုချင်ဟု ပြောဆိုထားသဖြင့် အိမ်တော်ဝင်း တာဝန်ခံက အိမ်တော်ဝင်းထဲက လုပ်သားများကို မိမိတို့အိမ်သို့ ပြန်ခိုင်းထားပြီး ဟိုဟိုဒီဒီလျှောက်သွားခွင့် မပေးထားသောကြောင့်ပင်။
ထိုအိမ်တော်ဝင်း လုပ်သားများသည် အလွန်စကားနားထောင်ကြပြီး အစောကြီးကတည်းက တံခါးပိတ်ပြီး နေကြလေသည်။ ထိုအပြင် သူတို့၏နေအိမ်များမှာလည်း အနောက်ဘက်ကျသဖြင့် အရှေ့ဘက်တွင် အသံတစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် ကြားရမည် မဟုတ်ချေ။
ထို့ကြောင့် ခြံဝင်း၏တံခါးမကြီးကို ထုရိုက်သံပေါ်လာသောအခါ အချိန်တော်တော်ကြာသည်အထိ ဘယ်သူကမှ စကားလာ မဖွင့်ကြချေ။
ထိုက်ဖေးက ခြံဝင်းထဲတွင် လူမရှိတာဖြစ်မည်ဟု ထင်မှတ်သွားစဉ်မှာပင် တံခါးသည် ကျွီခနဲ အသံမြည်ကာ ပွင့်သွားလေသည်။
ချန်ဟွေ့သည် ခေါင်းပေါ်တွင် ကျောက်မျက်ရတနာများ အပြည့်ဆင်မြန်းထားပြီး တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော ထိုက်ဖေးကို ကြည့်ကာမျက်နှာတွင် အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာတော့၏။ "ဒီက ဖူးရန် ဘာကိစ္စများ ရှိလို့ပါလဲ"
ထိုက်ဖေး၏ အကြည့်သည် ချန်ဟွေ့၏ကိုယ်ပေါ်သို့ ဖြတ်သန်းသွားခဲ့၏။ စည်းကမ်းရှိပြီး ပြောဆိုပြုမူပုံမှာလည်း ယဉ်ကျေးသည်ဟု ဆိုနိုင်သည်။ ဝတ်စားဆင်ယင်မှုကို ကြည့်ရသည်မှာလည်း နောက်ခံက သိပ်မနိမ့်ကျပေ။ အိမ်တော်တွင် ဓနအင်အား အနည်းငယ် ရှိပုံရသော်ငြား အရာရှိမျိုးနွယ်တော့ မဟုတ်လောက်ချေ။
သူမသည် အစက အထောက်အထားကို ချက်ချင်းထုတ်ပြချင် သော်ငြားလည်း အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် စိတ်ကူးပြောင်း လိုက်တော့၏။ သူမက ချန်ဟွေ့ကို ပြောလိုက်လေသည်။ "ကျွန်မလမ်းမှာ မတော်တဆမှု တစ်ခုကြုံလိုက်ရလို့ပါ" ရှင်တို့ အိမ်တော်ဝင်းကို တွေ့တာနဲ့ အစားထိုးစီးဖို့ မြင်းတစ်ကောင်လောက် ဝယ်ချင်လို့ပါ။ ရှင်တို့ခြံထဲမှာ မြင်းမွေးထားတာရှိလား"
"ဒီလိုကိုး ..." ချန်ဟွေ့က ခေါင်းငြိမ့်ပြလိုက်ပြီး “မြင်းနှစ်ကောင်တော့ မွေးထားပါတယ်။ ဒါပေမဲ့ သာမန်မြင်းတွေမို့လို့ ဖူးရန် သဘောကျ ပါ့မလားမသိဘူး"
"ကိစ္စမရှိဘူး။ ဆွဲထုတ်လာပြီး ကျွန်မကို ကြည့်ခွင့် ပေးနိုင်မလား"
"ရပါတယ်" ချန်ဟွေ့ကလည်း ပြတ်သားစွာ သဘောတူလိုက်ပြီး သူမသည် ထိုက်ဖေးကို ဦးဆောင်ကာ ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။
လူနှစ်ယောက်သည် ရှေ့သို့မဝေးလှသည့် ခရီးကို လျှောက်လာကြပြီးနောက် ယှဥ်လျက်ဆောက်ထားသော အခန်းသုံးခန်းကို တွေ့လိုက်ရ၏။ ထိုအခန်းထဲက အခန်းတစ်ခန်း၏ တံခါးမှာ ပွင့်နေပြီး တံခါးအရှေ့တွင် စားပွဲနှင့်ကုလားထိုင်ကို ချထားကာ ကုလားထိုင်ပေါ်တွင်လည်း လူတစ်ယောက်က ထိုင်နေလေသည်။
ထိုက်ဖေးက မော့ကြည့်လိုက်သည်တွင် ကုလားထိုင်ပေါ်တွင် ထိုင်နေသော မိန်းကလေးသည် ကိုယ်လုံးကိုယ်ထည် သေးသွယ်ပြီး ရုပ်ရည်ချောမောသော်ငြား မျက်ခုံးကြားထဲတွင် ပျင်းရိနေသည့်ဟန်ပန် အနည်းငယ် ပါဝင်နေ၏။ သူမ လျှောက်လာသည်ကို မြင်နေရက်နှင့် မျက်ခွံများကိုပင့်ကာ တစ်ချက်သာ ကြည့်လိုက်ပြီး ထိုထက်ပိုသည့် တုံ့ပြန်မှုမရှိချေ။ စည်းကမ်းပိုင်းတွင် လမ်းပြခေါ်လာသူ လောက်ပင် မကောင်းချေ။
ထိုက်ဖေးသည် စိတ်ထဲတွင်သူတို့ နှစ်ဦး၏ ဆက်ဆံရေးကို ခန့်မှန်းနေစဉ်မှာပင် ချန်ဟွေ့က ပြောလာသည်ကို ကြားလိုက်ရလေသည်။ "ဖူးရန် မြင်းတွေကို အနောက်ဘက်မှာ မွေးထားပါတယ်။ ဖူးရန် ဒီနေရာမှာ ခဏလောက် အနားယူပါအုံး။ ကျွန်မ သွားပြီးတော့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"
"ကောင်းပါပြီ" ထိုက်ဖေးက ခေါင်းငြိမ့်ပြလိုက်၏။ သူမ၏စိတ်ထဲတွင်တော့ သတိထားနေဆဲ ဖြစ်သော်ငြား ကျောက်ယင်သည် မြို့ထဲတွင် သိကျွမ်းသူမရှိသဖြင့် လူအများနှင့် ပူးပေါင်းကြံစည်ခြင်း မရှိနိုင်ဟု ယူဆမိလေသည်။
ထိုအပြင် သူမလက်ထဲတွင် ကာကွယ်ရန် လုံလောက်သည့် ရွှေရောင်စာရွက် ရှိနေသေးရာ ဒီမိန်းကလေး နှစ်ယောက်သည် မကောင်းသော ကြံစည်မှုရှိလျှင်ပင် သူမကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ထိုက်ဖေးသည် ချန်ဟွေ့ နေရာ ချပေးလိုက်သည့် အားချန်ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။ ချန်ဟွေ့က ထွက်သွားသောအခါ အားချန်သည် လက်ဖက်ရည် ကရာအိုးလေးကို မယူလိုက်ပြီး မိမိအတွက်လက်ဖက်ရည် တစ်ခွက်ငှဲ့လိုက်၏။ ထို့နောက် လက်ဖက်ရည် ကရားအိုးကို ထိုက်ဖေးဘက်သို့ ချပေးလိုက်ကာ ရေဆာလျှင် ကိုယ့်ဘာသာ ငှဲ့သောက်ဟု အရိပ်အမြွက် ပြလိုက်သကဲ့သို့ပင်။
ထိုက်ဖေးသည် သူမ၏ဒီပုံစံကို သိပ်ပြီးအထင်မကြီး လှပေ။ သူမသည် တိတ်ဆိတ်စွာ ခဏလောက် ထိုင်နေလိုက်ပြီးမှ ပါးစပ်ကို ဖွင့်ဟကာ မေးမြန်းလေတော့၏။ "မိန်းကလေးက ဒီအိမ်တော်ဝင်းရဲ့ ပိုင်ရှင်လား"
"ဟုတ်ပါတယ်" အားချန်သည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ပျင်းရိစွာ ပြန်ဖြေလိုက်လေသည်။
"မိန်းကလေးရဲ့ နာမည်ကို သိခွင့်ရှိမလား"
အားချန်၏ မျက်လုံးအရောင်များသည် လင်းလက်သွားပြီး ခေါင်းလေးကို စောင်းကာ ထိုက်ဖေးကို ပြုံးပြလိုက်၏။ "ကျွန်မမျိုးရိုးက ကျိပါ။ နာမည်က ကျိချန်ပါ"
ထိုက်ဖေး၏ မူလက လျော့တိလျော့ရဲ ဖြစ်နေသော ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားတော့၏။ သူမ၏ဦးခေါင်းသည် ဖောင်းပွလာသလို ခံစားလိုက်ရပြီး နားထဲတွင်လည်း တစီစီ မြည်ဟီးသွားတော့သည်။
ကျိချန်။ သူက တကယ်ပဲ ကျိချန် ဖြစ်နေတာလား။
ထိုက်ဖေးသည် အရေးမကြီးသော သူများ၏ နာမည်ကို မှတ်မိခဲသော်လည်း ဒီနာမည်ကိုတော့ သူမသည် တစ်ခေါက်တည်း ကြားဖူးရုံဖြင့် စိတ်ထဲတွင် မှတ်မိနေ၏။ အကြောင်းမှာ ဒီနာမည်က သူမကို ထိုမြေခွေးမိစ္ဆာအား တွေးမိစေသောကြောင့်ပင်။
သူသည် ဒီနာမည်ကို မကြိုက်သလို သဘာဝကျစွာပင် ဒီနာမည် ပိုင်ရှင်ကိုလည်း မနှစ်သက်ပေ။ သို့သော် သူမသည် ဒီနာမည်ပိုင်ရှင် မည်သို့သောပုံစံ ရှိသည်ကိုတော့ မသိခဲ့ချေ။
ယခုတော့ ဒီနေရာတွင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီဖြစ်ရာ ဒါသည် တိုက်ဆိုင်မှုတစ်ခုဟု မဖြစ်နိုင်တော့ပေ။
သူမသည် ရှေ့ကနုနယ်ပြီး အန္တရာယ်ကင်းမည့် ပုံပေါက်သော မိန်းကလေး၏ နှုတ်ခမ်းများ ပွင့်ဟလာပြီး သူမကိုပြောလာသည်ကို ကြည့်နေမိ၏။ "ဒါမှမဟုတ် ထိုက်ဖေးက ကျွန်မကို တခြားနာမည် တစ်ခုခေါ်လို့ရပါတယ်။ အားချန်တဲ့"
ထိုက်ဖေးသည် မျက်နှာတစ်ခုလုံး ပြောင်းလဲသွားပြီး မတ်တပ်ထရပ် လိုက်မိ၏။ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး တော်တော်ကြီးကို စိတ်ထိခိုက်သွားပုံရ၏။ ကုလားထိုင်သည် ဝုန်းခနဲ အသံမြည်ကာ မြေပြင်ပေါ်သို့ လှဲကျသွားသော်ငြား ဘယ်သူကမှ တစ်ချက်လေးပင် လှည့်မကြည့်ကြချေ။
"အား ... ချန် ဟုတ်လား"
အားချန်သည် မျက်လုံးများ ကွေးညွှတ်သွားသည်အထိ လှပစွာပြုံးလိုက်၏။ "ချည်နှောင်တွယ်တာခြင်း ချန်မြန်ထဲက ချန်ပါ။ ကျွန်မမှာ အားမန်လို့ခေါ်တဲ့ ညီမလေးတစ်ယောက် ရှိလို့ ကျွန်မကို အားချန်လို့ ခေါ်တာပါ"
ထိုက်ဖေး၏ စိတ်ထဲကမူလက ကံကောင်းလိမ့်မည်ဟူသော မျှော်လင့်ချက်သည်လည်း အားချန်၏ စကားလုံးများထဲတွင် လုံးဝပျောက်ကွယ် သွားတော့သည်။ ရှေ့ကလူသည် ထိုမြေခွေးမိစ္ဆာနှင့် လုံးဝကွဲပြားခြားနားသော်ငြား သူမသည် ထိုမြေခွေးမိစ္ဆာ ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုတော့ပေ။
သူမတို့ပထမဆုံး အကြိမ်တွေ့ဆုံခြင်းက အားချန်သည် မိမိကိုယ်ကို ဒီလိုပင်။မိတ်ဆက်ခဲ့ဖူးလေသည်။
"နင် ... မသေဘူးလား"
ဒီအခိုက်အတန့်တွင် သူမသည် ကျောက်ယင်က သူမကို သစ္စာဖောက်ရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားတော့၏။ အားချန်ကြောင့် ဖြစ်မည်မှာ သေချာပေသည်။ ဒီမြေခွေးမိစ္ဆာသည် မည်သို့သော နည်းလမ်းကို သုံးလိုက်သည်မသိ။ ကျောက်ယင်ကို ပုန်ကန်အောင် လုပ်လိုက်ခြင်းပင်။
ယခင်က အားချန်သည် သူမ၏သားကိုလည်း ဒီနည်းလမ်းဖြင့်ပင် မြုဆွယ်ခဲ့ပြီး ယခု ကျောက်ယင် အလှည့်ရောက်လာ ပြန်နေသည်။
အားချန်သည် ကိုယ်ပေါ်ကဝတ်ရုံကို ဆွဲစေ့လိုက်ပြီး ဝတ်ရုံကြိုးကို လက်ချောင်းဖြင့် ချိတ်လိုက်ရာ ကြိုးတွင်ချိတ်ဆွဲ ထားသော အမွေးပွဘောလုံးလေးက ယိမ်းခါသွားတော့၏။
"ထိုက်ဖေးရဲ့ ကျေးဇူးကြောင့် သေလုနီးပါး ဖြစ်ခဲ့ပေမယ့် ပြန်ပြီးအသက်ရှင် လာခဲ့ပါတယ်" အားချန်သည် မျက်လုံးများကို ကွေးညွှတ်ထားလိုက်၏။ သူမ၏ယခု ရုပ်ရည်သည် ယခင်ကလောက် မချောမောသော်ငြားလည်း ထိုက်ဖေး၏ မျက်လုံးတွင်တော့ အတူတူပင် ရွံရှာဖွယ် ကောင်းနေတော့သည်။
"မြေခွေးမိစ္ဆာ ဖြစ်ပြီးတော့ လူသားရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ရဲတယ်ပေါ့။ ဒီသတင်းသာ ပြန့်သွားရင် နင်သေချာပေါက် သေရမှာပဲ"
"ဟုတ်တာပေါ့။ ကျွန်မက တကယ်ပဲ သေရမှာ ကြောက်တာ" အားချန်သည် ပျင်းရိစွာဖြင့် ရှိနေသေးပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စက်လေးမှ မတွေ့ရပေ။ "ဒါကြောင့် ထိုက်ဖေးကိုပဲ ကျွန်မအစား လျှို့ဝှက်ချက် ထိန်းသိမ်းပေးဖို့ အကူအညီ တောင်းရတော့မှာပေါ့"
ထိုက်ဖေးက အေးစက်စက် ရယ်မောလိုက်ပြီး လက်ထဲက ရွှေရောင်စာရွက်ကို ထပ်မံအသုံးပြုရန် ပြင်လိုက်စဉ်မှာပင် သူမ၏လက်သည် အာရုံခံစားမှု ပျောက်ဆုံးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။
"နင် ဘာလုပ် လိုက်တာလဲ" ထိုက်ဖေး၏မျက်နှာ အမူအရာတွင် ထိတ်လန့်ဒေါသထွက်မှုများ ပေါ်ထွက်လာတော့သည်။
ထိုအချိန်တွင် ချန်ဟွေ့၏အသံသည် မလှမ်းမကမ်းမှ ပေါ်ထွက်လာပြီး တည်ငြိမ်နေဆဲပင်။ "ဘာမှမလုပ်ပါဘူး။ ရှင့်ကို အလောင်းအဆိပ် နည်းနည်းလေး ထည့်ပေးလိုက်တာပါ"
အဆင့်နှစ် ရောက်လာပြီးနောက်တွင် ချန်ဟွေ့သည် ခန္ဓာကိုယ်ထဲက အလောင်းအဆိပ်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ကာ သူမ၏ သွေးကိုလည်း အသုံးပြုရန် မလိုအပ်တော့ပေ။
ထိုအခါကျမှ ထိုက်ဖေးသည် ကျောက်ယင်ကသူမကို ကျိချန်၏ဘေးတွင် အဆင့်နှစ် သက်ရှိအလောင်းကောင် တစ်ကောင် ပါလာသည်ကို ပြောခဲ့သည့် အကြောင်းသတိရမိ လိုက်တော့၏။
ကြားရတာ လူအရှင်နဲ့မခြားနားတဲ့ ဒီမိန်းမက သက်ရှိ ဖုတ်ကောင်တဲ့လား။
ဒီအခိုက်အတန့်တွင် သူမသည် အများကြီး တွေးတောရန် အချိန်မရှိတော့ပေ။ လက်တစ်ခုတည်း ထုံကျင်သွားခြင်း မဟုတ်ဘဲ တစ်ကိုယ်လုံး စတင်ထုံကျင်လာသည်ကို ခံစားလိုက်ရလေသည်။ နှလုံးခုန် မြန်လာလေလေ ခန္ဓာကိုယ်က ထိန်းချုပ်လို့ မရလေလေ ဖြစ်လေ၏။
ချန်ဟွေ့သည် ရှေ့သို့တိုးလာတာ ကုလားထိုင်ကို ထူလိုက်ပြီးနောက် ထိုက်ဖေးကို ကုလားထိုင်ပေါ်သို့ ပြန်လည်ထိုင်ချ ထားလိုက်၏။
အားချန်ကတော့ ပါးကိုလက်တစ်ဖက်ဖြင့် ထောက်ထားပြီး တစ်ကိုယ်လုံး တောင့်တင်းနေကာ အသက်ခံရတော့မည့် သိုးသူငယ်လေးနှင့် တူနေသော ထိုက်ဖေးကို ကြည့်ရင်းပြောလိုက်၏။ "ထိုက်ဖေး တကယ်ပဲ မတွေ့တာကြာပြီနော်။ ဒီတစ်နှစ်အတွင်းမှာ ကျွန်မ ရှင့်ကို မကြာခဏ သတိရနေမိတာ"
ထိုက်ဖေးသည် လက်ထဲက ရွှေရောင်စာရွက်ကို ချန်ဟွေ့ ယူဆောင်သွားသည်ကို မျက်စိဖွင့်လျက် ကြည့်နေရပြီး အခြေအနေ မကောင်းတော့သည်ကို သိလိုက်ရသဖြင့် စိတ်ပျက်အားငယ်စွာ မေးလိုက်တော့၏။ "နင် ဘာလုပ်ချင်တာလဲ"
"မကြောက်ပါနဲ့။ ကျွန်မ ရှင့်ကို ဘာမှမလုပ်ပါဘူး" အားချန်က နူးညံ့သည့် လေသံဖြင့် နှစ်သိမ့်လိုက်၏။ "ကျွန်မက သတ်ဖြတ်ရတာကို အမုန်းဆုံးပဲ။ ဒါအပြင် ရှင်က ပေဟွမ်ဝမ်ထိုက်ဖေးပဲလေ။ ရှင့်ကိုသတ်လိုက်ရင် ကျွန်မက အသက်လျော်ကြေး ပေးရမှာပေါ့။ ကျွန်မက ရက်နည်းနည်းလောက်တော့ ပိုပြီးအသက်ရှင်ချင် ပါသေးတယ်"
ထိုက်ဖေးသည် သူမ၏စကားလုံးကို တစ်လုံးမှမယုံချေ။
ထိုက်ဖေး၏ ဓားသွားများကဲ့သို့ ထက်ရှလှသော အကြည့်အောက်တွင် အားချန်က ဖြည်းညင်းစွာ ပြောလာခဲ့၏။ "ဟုတ်တာပေါ့။ ကျွန်မက ရှင့်ကို ရှင့်မြေးဆီ ပေးလိုက်မလို့လေ။ သူက ဒီအခွင့်အရေးကို စောင့်နေတာကြာလှပြီ"
အားချန်၏ စကားဆုံးသွားသည်နှင့် တံခါးခေါက်သံ ထပ်မံပေါ်ထွက် လာခဲ့သည်။
ချန်ဟွေ့က မလှုပ်ရှားသော်လည်း အားချန်က ခေါင်းကို စောင်းကာပြောလိုက်၏။ "ဝင်လာခဲ့"
ခုနက ရွှေရောင်စာရွက်ကြောင့် ဆုတ်ခွာသွားခဲ့ရသော ရှန့်ယင်သည် ယခုအခါ ဘာမှမဖြစ်ခဲ့သည့် လူတစ်ယောက်အလား နံရံပေါ်က ခုန်ကျော်ကာဝင်လာခဲ့ပြီး သူ့လက်ထဲတွင်လည်း လူနှစ်ယောက်ကို ဆွဲခေါ်လာခဲ့သေးသည်။
ထိုသူများမှာ ခုနက ထိုက်ဖေး စွန့်ပစ်ထားခဲ့သည့် ကျောက်ရွှင်နှင့် ကျောက်ဇယ်ချန်တို့ပင်။
ရှန့်ယင်ကို မြင်လိုက်ရသောအခါ ထိုက်ဖေးသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက် သွားတော့၏။ "မင်း ခုနက တမင်လုပ်လိုက်တာလား"
ရှန့်ယင်သည် လက်ထဲက လူနှစ်ယောက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ခေါင်းမော့ကာ ထိုက်ဖေးကို ကြည့်လိုက်တော့၏။ "ထိုက်ဖေးက အားချန်ကို အမြဲတမ်း သတိရနေခဲ့တာ မဟုတ်ဘူးလား။ ခင်ဗျားက သူ့ကို ဒီလောက်သတိရနေမှတော့ ကျွန်တော်ကလည်း သဘာဝကျကျလေးနဲ့ ထိုက်ဖေးအတွက် ဆန္ဒပြည့်ဝအောင် လုပ်ပေးရမှာပေါ့။ ဒီနေ့ သူ့ကို တွေ့လိုက်ရတော့ ခင်ဗျားလည်း သေချာပေါက် ပျော်ရွှင်နေလောက်မှာပါ"
...