သေဆုံးချိန်တွင် မျက်လုံးများ ပြူးကျယ်လျက်ရှိနေသေး၏ ...
Vol. 17 Ch. 162
(Warning: မိသားစုအချင်းချင်း သတ်ဖြတ်တဲ့အပိုင်းပါ။ ကျော်ဖတ်လိုက်လဲ ဇာတ်ကွက်ပြတ်မသွားပါဘူးနော်)
ကိစ္စရပ်များက ဤအခြေအနေသို့ ရောက်ရှိလာသည်တွင် ထိုက်ဖေးသည် ဤအရာအားလုံးက အားချန်၏ စီစဉ်မှုဖြစ်ကြောင်း မည်သို့လုပ်ပြီး နားမလည်ဘဲ နေပါမည်နည်း။
သူမသည် အရင်ဆုံး ကျောက်ယင်ကို ပုန်ကန်ရန် မြှောက်ပင့်ပေးခဲ့ပြီး နောက်ပိုင်းတွင် ဟွမ်လင်ကို သူမ ကြိုတင်စီစဉ်ထားသည့် ထောင်ချောက်ထဲသို့ ဝင်လာစေရန် အမွှေးတိုင်ကို ငါးစာအဖြစ် အသုံးပြုခဲ့ခြင်းမှာ ဒီနေ့အတွက်ပင် ဖြစ်လေသည်။
ထိုက်ဖေးသည် ကျောက်ယင် အရင်က ပြောခဲ့ဖူးသော စကားများကို ရုတ်တရက် ပြန်လည်အမှတ်ရမိလိုက်သည်။ အားချန်ကို ဖြေရှင်းရန်၊ ဟွမ်လင်ကို စေလွှတ်စေရန်၊ သူမကို မြှူဆွယ်ခဲ့ပြီး ယနေ့တွင်လည်း မြို့ထဲမှထွက်ခွာရန် သူက တမင်တကာ လမ်းကြောင်းပေးခဲ့ခြင်းပင်။
သူမသည် မိမိ၏ဖခင်အရင်းကိုပင် မယုံကြည်သော်ငြား ကျောက်ယင်ကိုတော့ တစ်ခါမျှ သံသယမဝင်ခဲ့ဖူးချေ။ ထို့ကြောင့်ပင် သူမသည် ဒီလိုအလွယ်တကူပင် ထောင်ချောက်ထဲသို့ ဝင်ရောက်မိခဲ့ခြင်း ဖြစ်လေသည်။
ထိုက်ဖေးသည် ကျောက်ယင်ကို တိတ်တဆိတ် ကြိုးကိုင်နေသည့် အားချန်ကို အလွန်အမင်း မုန်းတီးမိသော်ငြား တစ်ချိန်တည်းမှာပင် ရင်ထဲ၌ ထိန်းချုပ်၍မရသော ကြောက်ရွံ့မှုများ ထွက်ပေါ်လာခဲ့သည်။ သူမ သိရှိထားသည်မှာ ဒီမြေခွေးမိစ္ဆာက သူမကို လွှတ်ပေးမည် မဟုတ်သည်ကိုပင်။
ယခုအချိန်တွင် တစ်ခုတည်းသော အခွင့်အရေးမှာ ကျောက်ယင်သာ ရှိတော့သည်။ ဘာပဲဖြစ်ဖြစ် အလွယ်တကူ လက်လျော့လိုက်လို့ မဖြစ်ဘူး။
ထိုက်ဖေးသည် ရှန့်ယင်ကို ကြည့်လိုက်၏။ "ကျောက်ယင်၊ မိစ္ဆာမျိုးနွယ်က လူ့ခန္ဓာကိုယ်ကို လုယူတာက ကောင်းကင်ဘုံက ခွင့်မလွှတ်ဘူးဆိုတာ မင်း မသိဘူးလား။ မင်းက သူ့ကို ကူညီနေတာက မကောင်းမှုလုပ်ဖို့ ကူညီနေသလို ဖြစ်နေပြီ။ သူ မင်းကို ဘာကတိတွေပဲ ပေးထားပါစေ။ မင်းကို အသုံးချနေတာ သက်သက်ပဲ။ ဆက်ပြီး မိုက်မဲမနေပါနဲ့တော့"
"သူ ကျွန်တော့်ကို အသုံးချနေမှန်း သိပါတယ်" ရှန့်ယင်၏ အဖြေစကားကြောင့် ထိုက်ဖေး၏ ရင်ထဲတွင် လေးလံသွားခဲ့ရသည်။ သူက ဆက်ပြောလိုက်၏။ "သူ ကျွန်တော့်ကို လာရှာတဲ့ ရည်ရွယ်ချက်က ကျွန်တော့်လက်ကို ငှားပြီး ခင်ဗျားကို သတ်ချင်လို့ပဲ။ ကျွန်တော်က အစကတည်းက ရှင်းရှင်းလင်းလင်း သိပြီးသားပါ"
"မဟုတ်ပါဘူး ကျောက်ယင်ရယ်။ မင်းက သူ့ရဲ့ပြုစားတာကို ခံထားရလို့ပါ။ အခု လက်လျော့လိုက်ရင် မနောက်ကျသေးပါဘူး။ သူများအတွက်နဲ့ ကိုယ့်အသက်ကို စွန့်စားစရာ ဘာလိုလို့လဲ" ထိုက်ဖေးသည် လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"မင်းက ငါ့မြေးအရင်းလေ။ ကျွန်မတို့က မိသားစုတွေပဲဟာ ဘာကိစ္စမဆို ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့ ရတာပဲ။ မင်းရဲ့အမေအပေါ် ငါ အမှားလုပ်ခဲ့မိတာပါ။ မင်း ငါ့ကို နာကြည်းနေမယ်ဆိုတာ သိပါတယ်။ ရှန့်မိသားစုကိစ္စအတွက် မင်းကို တရားမျှတမှု ပေးပါ့မယ်လို့ ငါ ကတိပေးပါတယ်"
ထိုက်ဖေး ပြောနေသည်မှာ စိတ်ရင်းစေတနာ အမှန်နှင့် ပြောနေသကဲ့သို့ပင် ဖြစ်နေပြီး အားချန်ကတော့ ဘေးတွင် စိတ်ဝင်တစား နားထောင်နေခဲ့သည်။ ရှန့်ယင်၏ စိတ်ကို လှုပ်ရှားစေရန်အတွက် ထိုက်ဖေးသည် သူမ တသက်တာလုံးတွင် ရှိသမျှ ကြင်နာမှုများကို ထုတ်သုံးနေသည်ဟု ခံစားရသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူမ လူရွေးမှားသွားခဲ့ခြင်းပင်။
ထိုက်ဖေး စကားဆုံးသွားသည့် အချိန်တွင် အားချန်သည် မနေနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်မိသဖြင့် တစ်ဖက်လူ အစွမ်းကုန် မွေးမြူထားသည့် ခံစားချက်များကို ဖြတ်တောက်လိုက်သလို ဖြစ်သွားတော့သည်။ ထိုက်ဖေး၏ အငြိုးအတေးများ ပြည့်နှက်နေသော အကြည့်ကို ခံစားလိုက်ရသောအခါ အားချန်က ရှန့်ယင်ကို တမင်သက်သက် မေးလိုက်၏။ "ထိုက်ဖေး ပြောတာက တော်တော်လေး အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မ ထင်တယ်။ ရှင်ရော ဘယ်လိုထင်လဲ"
"အင်း" ရှန့်ယင်က ပြီးစလွယ်သာ ပြန်ထူးလိုက်လေသည်။
"ဒါဆို ရှင်က နောင်တရချင်လို့လား။ ဒီနေရာမှာ ရှင့်ရဲ့ကျင့်ကြံမှုက အမြင့်ဆုံးပဲ။ တကယ်လို့ ရှင်သာ ဆန္ဒရှိရင် ကျွန်မတို့ အရင်က သဘောတူညီချက်ကို အချိန်မရွေး ဖျက်သိမ်းလို့ရတယ်နော်"
ရှန့်ယင်သည် သူမကို တစ်ချက်စောင်းကြည့်လိုက်၏။ နောင်တရမယ် ဟုတ်လား။ သူသာ အားချန်ကို သစ္စာဖောက်ရဲရင် ချက်ချင်းဆိုသလို နောက်ထပ် ဟွမ်လင်တစ်ယောက် ဖြစ်သွားမယ်ဆိုတာ သူ အာမခံရဲတယ်။ အားချန်ရဲ့ အန္တရာယ်ကင်းသလို ရုပ်သွင်အောက်မှာ ဖုံးကွယ်ထားတာက မိစ္ဆာကြီးတစ်ကောင်ပဲ။
သူသည် ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး လက်မြှောက်ကာ ကျောက်ရွှင်၏ ဦးခေါင်းကို အုပ်ကိုင်လိုက်သည်။ ခဏအကြာတွင် ကျောက်ရွှင်သည် ဝေဝါးသော မျက်လုံးများဖြင့် နိုးထလာခဲ့၏။ သူ နိုးလာသည်ကို မြင်မှ ရှန့်ယင်က နောက်ဆုံးတွင် ဖွင့်ပြောလိုက်တော့သည်။ "ကျွန်တော် နောင်တမရပါဘူး"
သူ၏အဖြေကြောင့် ထိုက်ဖေး၏ မျက်နှာသည် လုံးဝ မဲခြောက်သွားတော့သည်။ သူမသည် စိတ်ထဲတွင် လွတ်မြောက်နိုင်မည့် နည်းလမ်းပေါင်းများစွာကို စဉ်းစားထားသော်ငြား တစ်ခုမှ အလုပ်မဖြစ်ခဲ့ချေ။ ကျောက်ယင် ရှိနေခြင်းက ဖြစ်နိုင်ချေအားလုံးကို ပိတ်ဆို့ထားလိုက်သလိုပင်။
ထိုက်ဖေး၏ စိတ်ထဲတွင် နောင်တများသာ ကျန်ရစ်တော့သည်။ သူမ၏ လုံခြုံရေးအတွက် လေ့ကျင့်ပေးထားခဲ့သော ခွေးဆိုးကြီးသည် ယနေ့တွင်တော့ သခင်ကို ပြန်ကိုက်နေလေပြီ။
အားချန်သည် ထိုက်ဖေး၏ ပြောင်းလဲနေသော မျက်နှာအမူအရာကို ကြည့်ပြီး ပြောလိုက်၏။ "ကျွန်မ ထင်တာတော့ ထိုက်ဖေးက အစတုန်းက ရှင့်ကို အသက်ချမ်းသာ ပေးခဲ့မိတာကို အခုလောက်ဆိုရင် အရမ်း နောင်တရ နေလောက်ပြီ။ သူက စိတ်ထဲမှာ ရှင့်ကို ကျေးဇူးကန်းတဲ့ကောင်လို့ ဆဲနေမှာ သေချာတယ်။ ကျွန်မ ထင်တာ ဟုတ်တယ်မလား ထိုက်ဖေး"
ထိုက်ဖေးက မထီမဲ့မြင်ပြုသလို ရယ်မောလိုက်ပြီး အထင်သေးသည့် လေသံဖြင့် ပြောလိုက်လေသည်။ "အရည်အချင်းရှိရင် ငါ့ကို သတ်လိုက်လေ။ စကားတွေ အများကြီး ပြောပြီး အချိန်ဖြုန်းမနေနဲ့"
အားချန်က လက်ခုပ်တီးလိုက်ပြီး လေးစားအားကျသည့် လေသံဖြင့် ပြောလိုက်၏။ "ပေဟွမ်ဝမ်ရဲ့ ထိုက်ဖေး တကယ် ဖြစ်ထိုက်ပါပေတယ်။ တကယ့်ကို လေးစားဖို့ ကောင်းတာပဲ"
ထိုသို့ပြောပြီးနောက် သူမက ရှန့်ယင်ကို ပြောလိုက်လေသည်။ "ထိုက်ဖေးကတောင် ဒီလိုတောင်းဆိုလာမှတော့ သူ့ကို ကျေနပ်အောင် လုပ်ပေးလိုက်ရမှာပေါ့"
ဒီအချိန်တွင် ရှန့်ယင်သည် နိုးလာခဲ့သည့် ကျောက်ရွှင်ကို ဆွဲထူလိုက်ပြီး ထိုက်ဖေး၏ ဘေးသို့ တွန်းပို့လိုက်ကာ သူ့ကို ပြောလိုက်တော့သည်။ "သူ့ရဲ့ ခြေလက်တွေကို ကြိုးတုပ်လိုက်" တစ်ချိန်တည်းမှာပင် ကြိုးတစ်ခွေကို ကျောက်ရွှင်၏ ကိုယ်ပေါ်သို့ ပစ်ပေးလိုက်လေသည်။
ကျောက်ရွှင်သည် မသိစိတ်ဖြင့် ကြိုးခွေကို ဖမ်းဆုပ်လိုက်ပြီး ရှန့်ယင်နှင့် ခုနက သူ့ကို ကြိုးပစ်ပေးလိုက်သည့် ချန်ဟွေ့ကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ ခုနတုန်းက သူတို့ပြောနေသည့် စကားများကို သူ ကြားလိုက်ရပြီး သူတို့၏ ရည်ရွယ်ချက်ကိုလည်း သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့စိတ်ထဲတွင် ယခုအခါ ကြောက်ရွံ့မှုများသာ ကျန်ရစ်တော့၏။
"ကျွန် ... ကျွန်တော် ..." ကျောက်ရွှင်၏ ကြိုးကိုင်ထားသော လက်များသည် မရပ်မနား တုန်ယင်နေတော့သည်။
သူက အချိန်ကြာမြင့်သည်အထိ လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ အားချန်က ပျင်းရိစွာ ပြောလိုက်လေသည်။ "တကယ်လို့ သူက ဆန္ဒမရှိဘူးဆိုရင်လည်း သူ့ကို ရှင်းပစ်လိုက်။ သူ့သားကို လုပ်ခိုင်းလိုက်ရင် ပြီးတာပဲ"
"ကောင်းပြီ" ရှန့်ယင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။ သူက မိမိထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ ကျောက်ရွှင်သည် စူးရှစွာ အော်ဟစ်လိုက်တော့သည်။ "ကျွန်တော် တုပ်ပါ့မယ်။ ကျွန်တော် တုပ်ပါ့မယ်။ ခင်ဗျားတို့ ဒီဘက်မလာကြပါနဲ့"
ကျောက်ရွှင်သည် မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်ပြီး ကိုယ်ပေါ်က မြေကြီးများကိုပင် ဂရုမစိုက်တော့ဘဲ မျက်နှာလွှဲထားလိုက်ကာ ထိုက်ဖေး၏ အံ့ဩဒေါသထွက်နေသော မျက်လုံးများကို မကြည့်ရဲဘဲ တုန်တုန်ယင်ယင်ဖြင့် ကြိုးကို အသုံးပြုကာ ထိုက်ဖေး၏ ခြေလက်များကို ချည်နှောင်လိုက်တော့သည်။
ကျောက်ရွှင်က တကယ်လုပ်ရဲသည်ကို မြင်လိုက်ရသောအခါ ထိုက်ဖေး၏ ရင်ဘတ်သည် နိမ့်ချီမြင့်ချီ ဖြစ်လာပြီး ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။ "ကျောက်ရွှင် နင် လုပ်ရဲတယ်ပေါ့။ ငါက နင့်အမေအရင်းနော်"
ကျောက်ရွှင်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ "အမေ။ သားကလည်း မလွှဲသာလို့ပါ။ သူတို့က သားကို အတင်းလုပ်ခိုင်းနေတာလေ။ အမေက သားကို သေချာပေါက် နားလည်ပေးနိုင်မှာပါ။ ဟုတ်တယ်မလား"
လူသတ်သမားကို ကူညီပြီး မိခင်အရင်းကို ဒုက္ခပေးသည့် သားတစ်ယောက်ကို ထိုက်ဖေးက သေချာပေါက် နားလည်ပေးနိုင်မည် မဟုတ်ချေ။ သူမသည် အံကြိတ်ကာ ဆဲဆိုလိုက်တော့သည်။ " ဘယ်လိုဖြစ်ပြီးတော့ နင့်လို သံယောဇဉ်မရှိတဲ့ ကောင်စုတ်ကို မွေးခဲ့မိတာပါလိမ့်။ ကိုယ့်အမေအရင်းကိုတောင် ဒုက္ခပေးရက်တယ်။ နင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး"
ထိုက်ဖေးသည် မိမိသေရတော့မည်ကို သိရှိနေသဖြင့် ဒေါသနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းများက တစ်ကိုယ်လုံးကို ပြည့်နှက်နေပြီး သူမ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ သူမကို ဒုက္ခပေးသူ အားလုံးကို အဆိုးရွားဆုံး စကားလုံးများဖြင့် ကျိန်ဆဲရန်သာ စိတ်အားထက်သန် နေတော့သည်။ သူမ၏ မျက်လုံးထဲတွင် ယခုအချိန်၌ ကျောက်ရွှင်သည်လည်း ကြံရာပါ တစ်ယောက်သာ ဖြစ်လေသည်။
ကျောက်ရွှင်သည် သူမ၏ တရစပ် ဆဲဆိုခြင်းကို ခံလိုက်ရသဖြင့် မျက်နှာမှာ သံကဲ့သို့ မဲခြောက်သွားပြီး ထိုက်ဖေးက သူ့ကို ဆက်လက်ဆဲဆိုရန် ပြင်လိုက်ချိန်တွင် ကျောက်ရွှင်က ရုတ်တရက် ပါးတစ်ချက် ရိုက်ချလိုက်လေသည်။
ဖြောင်းခနဲ ပါးရိုက်သံ ထွက်ပေါ်လာပြီးနောက် ထိုက်ဖေးသည် ကျောက်ရွှင်ကို စိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်နေတော့သည်။
ကျောက်ရွှင်၏ ဒေါသတကြီး အသက်ရှူသံများကို ရှင်းလင်းစွာ ကြားနေရလေသည်။ သူက မိမိကိုယ်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
"ကျွန်တော်က ကောင်စုတ် ဟုတ်လား။ ခင်ဗျားကရော မယုတ်မာဘူးလား။ ခင်ဗျားက အဖေ့ရဲ့ အလောင်းကို နင်းပြီးတော့ ပေဟွမ်ဝမ်ကို ယူခဲ့တာလေ။ ကျွန်တော့်ကို အသိအမှတ် မပြုချင်ဘူး။ ကျွန်တော်က ခင်ဗျားရဲ့ အရှက်ရစရာလို့ ထင်နေတာမလား။ ခင်ဗျားက ကျွန်တော့်ကို ကျောက်မိသားစုဆီမှာ ပစ်ထားပြီး ဂရုမစိုက်ခဲ့ဘူး။ သတိရလာတဲ့ အချိန်ကျမှ ခွေးကိုစသလို မျက်နှာလေး နည်းနည်း လာပြတယ်။ ပြီးတော့ ကျွန်တော်က ကျေးဇူးတင်ရမယ်ပေါ့ ဟုတ်လား။ ကျွန်တော်က ခင်ဗျားသား ဖြစ်ဖို့ မထိုက်တန်ဘူး။ ပိုင်ကျန့်ဟွမ်ကမှ ခင်ဗျားသား ဖြစ်ဖို့ထိုက်တန်တာ မဟုတ်လား။ ဝမ်းနည်းစရာပဲ ပိုင်ကျန့်ဟွမ်က ခင်ဗျားကို မကယ်နိုင်ဘူး"
သူက ပြောဆိုနေရင်းဖြင့် ထိုက်ဖေး၏ လက်များကို ကြိုးနှင့်တင်းကျပ်စွာ ချည်နှောင်လိုက်ပြီး ဖြေမရသည့် သေချည်ပင် ချည်နှောင်လိုက်သေးသည်။ ထို့နောက်တွင် ခြေထောက်ကိုပါ သွားရောက် ချည်နှောင်လိုက်၏။
လူကို ချည်နှောင်ပြီးသည့် တိုင်အောင် ကျောက်ရွှင်သည် ဒေါသထွက်နေဆဲပင် ဖြစ်ပြီး သူက ရှန့်ယင်ဘက်သို့ ခေါင်းလှည့်ကာ ကြည့်လိုက်လေသည်။ "ကျွန်တော် ချည်ပြီးပြီ။ ခင်ဗျား ဘာဆက်လုပ်ချင်သေးလဲ"
ရှန့်ယင်သည် မနီးမဝေးတွင် စိုက်ထူထားသည့် သစ်သားစင်ကို ညွှန်ပြပြီး သူ့ကို ပြောလိုက်၏။ "သူ့ကို အပေါ်မှာ ချိတ်ဆွဲလိုက်"
"မလုပ်နဲ့။ ကျောက်ရွှင် ငါ့ကို အောက်ချပေး" ထိုက်ဖေးသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အဆက်မပြတ် အော်ဟစ်နေသော်ငြားလည်း ကျောက်ရွှင်ကတော့ တုံ့ဆိုင်းခြင်းမရှိဘဲ သူမကို တောင့်တင်းခိုင်မာသည့် သစ်သားစင်ပေါ်တွင် ချိတ်ဆွဲလိုက်လေသည်။
"ဝက်သတ်ဓား ရှိလား" ရှန့်ယင်က ချန်ဟွေ့ကို မေးလိုက်၏။
ချန်ဟွေ့သည် လှည့်ထွက်သွားပြီး မကြာမီမှာပင် အရိုးထုတ်ဓား နှစ်ချောင်းကို ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့လေသည်။
ရှန့်ယင်သည် ဓားကို လှမ်းယူလိုက်ပြီး ကျောက်ရွှင်၏ အနောက်သို့ လျှောက်သွားကာ ဓားတစ်ချောင်းကို သူ့လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် သူ့လက်ကို ဆုပ်ကိုင်ထားလိုက်လေသည်။ "အဖေ" ရှန့်ယင်က သူ့ကို တစ်ချက်ခေါ်လိုက်သည်တွင် ကျောက်ရွှင်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မသိစိတ်ဖြင့် လက်ထဲက ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိတော့သည်။
"မင်း ဘာလုပ်မလို့လဲ"
ရှန့်ယင်၏ အသံသည် သူ့နားအနောက်ဘက်မှ ထွက်ပေါ်လာခဲ့၏။ "ဒီနေ့ အဖေနဲ့ ထိုက်ဖေး နှစ်ယောက်ထဲက တစ်ယောက်ပဲ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်"
ကျောက်ရွှင်၏ အပေါ်သွားနှင့် အောက်သွားများသည် စတင်တုန်ခါလာပြီး တဂတ်ဂတ် အသံများ ထွက်ပေါ်လာလေသည်။ "ထိုက်ဖေးနဲ့ ယှဉ်လိုက်ရင် ကျွန်တော်နဲ့ အဖေ့ကြားမှာလည်း ကြီးမားတဲ့ ရန်ငြိုးရန်စတွေ မရှိပါဘူး။ ဟုတ်တယ်မလား"
ရှန့်ယင်သည် ကျောက်ရွှင်၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။ "ဒါကြောင့်မလို့ ကျွန်တော်က အဖေ့ကို အသက်ရှင်ခွင့် ရစေချင်တာပါ"
"ကျောက် ... ကျောက်ယင်။ သူက ဘာပဲဖြစ်ဖြစ် မင်းရဲ့ အဘွားလေ"
"ဒါဆို အဖေက သူ့အစား သေပေးချင်လို့လား" ရှန့်ယင်၏ အသံထဲတွင် သံသယများ ပြည့်နှက်နေတော့သည်။ "ဒါကလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
"မဟုတ်ဘူး။ ငါ ..."
"ကျွန်တော် သိပါတယ်။ အဖေက ခဏလောက် စကားမှားသွားတာပါ"
ရှန့်ယင်၏ လေသံသည် လျော့ကျသွားပြီး နှစ်သိမ့်ပေးနေသည့်အလား သူ့ကို ပြောလိုက်လေသည်။ "အဖေက ကိုယ်တိုင်ကိုယ်ကျ လူ မသတ်ဖူးဘူး မဟုတ်လား။ ကိစ္စမရှိပါဘူး။ သူ့ကို ဝက်တစ်ကောင်လို့ပဲ သဘောထားလိုက်။ နေရာမှန်ကို ချိန်ရွယ်ပြီးတော့ ဓားနဲ့တစ်ချက်လောက် ထိုးလိုက်ရင် ပြီးပြီ"
ရှန့်ယင်သည် လက်ကိုလွှတ်လိုက်ပြီး ခန္ဓာကိုယ် တောင့်တင်းနေသည့် ကျောက်ရွှင်ကို တွန်းလိုက်ကာ အားပေးလိုက်သည့်အလား ပြောလိုက်၏။ "သွားတော့လေ"
ထိုက်ဖေးသည် ကျောက်ရွှင်က အရိုးထုတ်ဓားကို ကိုင်ဆောင်ကာ ရှေ့သို့လျှောက်လာသည်ကို မျက်စိရှေ့မှောက်တွင် ကြည့်နေရပြီး သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ ပါးစပ်မှလည်း အဆက်မပြတ် ပြောဆိုနေတော့သည်။ "မ ... မလုပ်ပါနဲ့။ ရပ်လိုက်ပါ ..."
သို့သော်ငြား ကျောက်ရွှင်သည် မိစ္ဆာပူးကပ်ခံထားရသည့်အလား မျက်လုံးများကို ပြူးကျယ်ထားပြီး မျက်လုံးအိမ်ထဲတွင် သွေးကြောများ ယှက်သန်းနေလေသည်။ "အမေ။ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ကျွန်တော်ကလည်း အသက်ရှင်ချင်လို့ပါ"
ထို့နောက် သူသည် သစ်သားစင်ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး မျက်လုံးကိုမှိတ်ကာ ဓားဖြင့် ထိုးစိုက်လိုက်တော့သည်။
စွက်ခနဲ အသံနှင့်အတူ ဓားသွားသည် ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး ပူနွေးသော အရည်များသည် မျက်နှာနှင့် လက်ပေါ်သို့ စင်ကျလာကာ နားကွဲလုမတတ် အော်ဟစ်သံများ ထွက်ပေါ်လာသော်ငြား ထိုနေရာတွင် ရှိနေသည့် လူနည်းစုကသာ ကြားလိုက်ရလေသည်။ ကျောက်ရွှင်သည် မျက်လုံးဖွင့်လိုက်ပြီး ခေါင်းငုံ့ကာ ကြည့်လိုက်သည်တွင် သူ၏ဓားသည် ထိုက်ဖေး၏ ခါးဘေးဘက်သို့ ထိုးစိုက်မိနေသည်ကို တွေ့လိုက်ရ၏။
ရှန့်ယင်သည် သူ့အနောက်မှ လက်ခုပ်တီးလိုက်လေသည်။ "လုပ်တာ မဆိုးဘူး။ ဆက်လုပ်"
ကျောက်ရွှင်သည် ဓားကို ဆွဲထုတ်လိုက်ပြီးနောက် နောက်ထပ်တစ်ချက် ထပ်ထိုးလိုက်ပြန်သည်။ အစပိုင်းတွင် သူ၏လက်များသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော်ငြား ထိုက်ဖေးမှာ သူ၏နှစ်ကြိမ်တိုင်တိုင် ထိုးနှက်မှုအောက်တွင် သည်းမခံနိုင်လောက်အောင် နာကျင်နေရပြီး အဆက်မပြတ် အော်ဟစ်နေရတော့သည်။ အစပိုင်းက ဆဲဆိုမှုများမှ နောက်ပိုင်းတွင် သူမကို အမြန်ဆုံး ဇာတ်သိမ်းပေးရန် တောင်းဆိုသည်အထိ ဖြစ်လာခဲ့၏။
ထိုက်ဖေး၏ တောင်းပန်သံကို ကြားလိုက်ရသောအခါ ကျောက်ရွှင်၏ မျက်နှာပေါ်တွင် မခံစားနိုင်သည့် အရိပ်အယောင် တစ်ချက်ဖြတ်ပြေးသွားပြီး နောက်တစ်ကြိမ် ဓားဖြင့်ထိုးရန် ပြင်လိုက်ချိန်တွင် သူမ၏ နှလုံးတည့်တည့်ကို ချိန်ရွယ်လိုက်သော်ငြား ဓားက သူမ၏ရင်ဘတ်ထဲသို့ ဝင်ရောက်သွားချိန်တွင် ရုတ်တရက် လွဲချော်သွားလေသည်။
ထိုက်ဖေး၏ ကိုယ်ပေါ်က အဝတ်အစားများသည် စောစီးစွာကပင် သွေးများဖြင့် စိုရွှဲနေခဲ့ပြီး အနီရင့်ရောင် သွေးများသည် မြေပြင်ပေါ်တွင် အိုင်ထွန်းလို့နေလေသည်။ ဓားဒဏ်ရာများစွာ ရရှိထားပြီး သွေးများစွာ ထွက်နေသော်ငြား သူမတွင် နာကျင်စွာ အော်ဟစ်ရန် အားအင်များ ကျန်ရှိနေသေးဆဲပင်။
အားချန်သည် ထိုင်ခုံပေါ်တွင်ထိုင်ရင်း ဒီမြင်ကွင်းကို ကြည့်နေခဲ့သည်။ ကျောက်ရွှင်က တစ်ချက်ချင်းစီ ထိုးစိုက်နေသည်ကို ကြည့်ရင်း အသက်အန္တရာယ်ရှိသည့် နေရာကို ရောက်တိုင်း သူက လွဲချော်သွားတတ်သည်။
ရေတွက်ကြည့်လိုက်တော့ ဒါက ရှစ်ချက်မြောက် ရှိနေပြီ။ ချိတ်ဆွဲခံထားရသည့် ထိုက်ဖေး၏ ခန္ဓာကိုယ်သည် ယိမ်းထိုးနေပြီး သူမ ရှန့်ယင်ကို ပြောခဲ့ဖူးသလိုပင် ဝက်သားဆိုင်တွင် ချိတ်ဆွဲထားသည့် ဝက်သားတစ်ခြမ်းနှင့် တူညီနေတော့သည်။
ကျောက်ရွှင်၏ တစ်ကိုယ်လုံးတွင် သွေးများ ပေကျံနေပြီး စိတ်ထိန်းချုပ်မှု ကင်းမဲ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူသည် မျက်လုံးများကို ပြူးကျယ်ကာ ထိုက်ဖေးကို ကြည့်ပြီး ထပ်ခါတလဲလဲ မေးနေလေတော့သည်။ "ခင်ဗျား ဘာလို့ မသေသေးတာလဲ"
ထိုက်ဖေးသည် ပါးစပ်ကို ဟထားပြီး ပါးစပ်ထဲတွင်လည်း သွေးများဖြင့် ပြည့်နှက်နေ၏။ နာကျင်မှုကြောင့် သူမသည် လျှာပေါ်ကအသားကိုပင် ကိုက်မိသွားခဲ့ပြီး သူမသည် မျက်လုံးဖွင့်လျက် ကျောက်ရွှင်၏ စကားကို နားထောင်ရင်း စိတ်ထဲတွင်လည်း တွေးနေမိလေသည်။ ငါ ဘာလို့ မသေသေးတာလဲ။
အားချန်၏ အကြည့်များသည် ရူးသွပ်လုနီးပါး ဖြစ်နေသည့် ကျောက်ရွှင်၏ ကိုယ်ပေါ်မှ ဖယ်ခွာလိုက်ပြီး ခုနလေးကမှ နိုးထလာသည့် ကျောက်ဇယ်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။ သူမ ခံစားလိုက်ရသည်မှာ သူမအနေဖြင့် ရှန့်ယင်၏ ကလဲ့စားချေလိုစိတ်ကို လျှော့တွက်မိသွားပုံရသည်။ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်း နှစ်ဆယ်ကြာအောင် ချုပ်နှောင်ခံထားရသည့် အသိစိတ်သည် အမှန်တကယ်ပင် အပေါ်ယံ ကြည့်ရုံလောက်သာ ပုံမှန်ဖြစ်နေခြင်းပင်။
ရှန့်ယင်သည် ကျောက်ဇယ်ချန်ကို စကားပြောနေလေသည်။ သူက ပြောလိုက်၏။ "ဒီတစ်ခေါက်တော့ မင်းအလှည့် ရောက်ပြီ ညီလေး။ မင်းနဲ့ မင်းအဖေ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ်"
သူက ထပ်ပြောလိုက်သေးသည်။ "အစကတော့ ငါ မင်းကို မပါဝင်စေချင်ပါဘူး။ ဒါပေမဲ့ အဖေက မင်းကို ဒီနေရာထိ အတင်းခေါ်လာခဲ့တာကိုး။ မင်းက တစ်ခုခုတော့ လုပ်ပြပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြရမှာပေါ့"
ထို့နောက်တွင် နောက်ထပ်ဓားတစ်ချောင်းကို ကျောက်ဇယ်ချန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ရာ ကျောက်ဇယ်ချန်သည် ဓားကို ဆုပ်ကိုင်လိုက်လေသည်။ ကျောက်ဇယ်ချန်သည် ကျောက်ရွှင်ထက်စာလျှင် ပိုပြီးရက်စက်သည်မှာ အမှန်ပင်။ သူသည် ဓားကိုကိုင်ကာ မြေကြီးပေါ်မှ ထရပ်လိုက်ပြီး ကျောက်ရွှင်၏ အနောက်သို့ အမြန်လျှောက်သွားကာ ဓားဖြင့် သူ့ကျောဘက် နှလုံးနေရာသို့ ထိုးစိုက်လိုက်တော့သည်။
ကျောက်ရွှင်၏ လှုပ်ရှားမှုသည် ရပ်တန့်သွားခဲ့ပြီး သူသည် ခက်ခဲစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ အားစိုက်ထားမှုကြောင့် ရှုံ့မဲ့ကာ ကြောက်မက်ဖွယ်ကောင်းနေသည့် ကျောက်ဇယ်ချန်၏ မျက်နှာကိုသာ တွေ့လိုက်ရလေသည်။ "ဇယ် ... ဇယ် ..." သူသည် ပါးစပ်ကို ဟလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားကာ အသက်ရှူသံ ပျောက်ကွယ်သွားလေတော့သည်။
ထိုက်ဖေးသည် သူမ၏မြေးအရင်းက သူမ၏သားအရင်းကို သတ်ဖြတ်လိုက်သည်ကို မျက်စိရှေ့မှောက်တွင် ကြည့်နေခဲ့ရပြီး နောက်တစ်ခဏတွင်တော့ ကျောက်ဇယ်ချန်သည် ထိတ်လန့်တကြား မျက်လုံး ပြူးကျယ်သွားကာ ဓားကိုင်ထားသောလက်က ထိန်းချုပ်မရဘဲ မြောက်တက်လာပြီး နှလုံးနေရာသို့ ပြန်လှည့်ကာ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်ကို မြင်တွေ့လိုက်ရပြန်သည်။
ဓားသွားသည် ဝင်ရောက်သွားပြီး ပြန်ထွက်လာသည့်အခါ ပူနွေးသော သွေးများသည် ထိုက်ဖေး၏ ခေါင်းနှင့်မျက်နှာအနှံ့ ပန်းထွက်လာခဲ့သည်။ ထိုက်ဖေး၏ အကြည့်အောက်မှာပင် ကျောက်ဇယ်ချန်လည်း လဲကျသွားလေတော့သည်။ ယခုအခါ သူမသည် သားကို ဆုံးရှုံးလိုက်ရရုံသာမက မြေးကိုပါ ဆုံးရှုံးလိုက်ရလေပြီ။
အရာအားလုံး ငြိမ်သက်သွားသည့် အချိန်မှ ရှန့်ယင်သည် ထိုက်ဖေးထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေသည်။ သူသည် သစ်သားစင်ရှေ့တွင် ရပ်လိုက်ပြီး လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ယူကာ ထိုက်ဖေး၏ မျက်နှာကို သေချာစွာ သုတ်ပေးလိုက်သော်ငြား သွေးများက များပြားလွန်းနေသဖြင့် လက်ကိုင်ပဝါဖြင့် သုတ်၍မစင်ကြယ်ဘဲ နေရာအနှံ့ ပေကျံသွားကာ ကြောက်မက်ဖွယ် ကောင်းနေသယောင်ပင်။
ရှန့်ယင်၏ လှုပ်ရှားမှုသည် နူးညံ့နေပြီး အသံကလည်း သိမ်မွေ့နေလေသည်။ သူက ပြောလိုက်၏။ "ကျွန်တော့်အမေ သေတုန်းကလည်း အကျဉ်းထောင်ထဲမှာ ဒီလိုပဲ ချိတ်ဆွဲခံထားရတာ။ ခင်ဗျားရဲ့ အခုပုံစံနဲ့ တစ်ထပ်တည်းပဲ"
ထိုက်ဖေးသည် အားနည်းစွာဖြင့် ပါးစပ်ဟလိုက်ပြီး အသံမှာ မပီမသနှင့် သနားစဖွယ် ဖြစ်နေတော့သည်။ "ငါ မှားသွားပါတယ်။ ငါ့ကို သတ်လိုက်ပါတော့"
ရှန့်ယင်က ခေါင်းခါလိုက်၏။ "ထိုက်ဖေးက ဘယ်လိုလုပ်ပြီး မှားမှာလဲ။ ခင်ဗျားကိုယ်တိုင်လည်း မှားတယ်လို့ မထင်ပါဘူး။ ခင်ဗျား ဘာဖြစ်လို့ ဒီလိုအခြေအနေ ရောက်သွားလဲဆိုတာ သိလား"
သူသည် ထိုက်ဖေး၏ တုံ့ပြန်မှုကို မလိုအပ်ဘဲ ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ပြန်ဖြေလိုက်လေသည်။ "အားချန်ကြောင့်လေ"
"ထိုက်ဖေး။ ခင်ဗျား သိချင်နေမယ် ထင်တယ်။ အရင်တုန်းက ခင်ဗျားအပေါ် တသဝေမတိမ်း နာခံပြီး ခင်ဗျားအတွက်ဆို အသက်ပေးဖို့ ဝန်မလေးတဲ့ ကျောက်ယင်က ဘာလို့ ခင်ဗျားကို သစ္စာဖောက်ရတာလဲ။ ဘာလို့ အားချန်ကို ကူညီပေးရတာလဲ ဆိုတာလေ"
"ဘာဖြစ်လို့လဲ" ထိုက်ဖေး၏ လည်ချောင်းထဲမှ လေတိုးသံ ထွက်ပေါ်လာသည်။ သေရမည် ဆိုလျှင်တောင် သူမ ဘာကြောင့် ရှုံးနိမ့်သွားရသည် ဆိုတာကို သူမ သိချင်မိသည်။
ရှန့်ယင်သည် သူမ၏နားနားသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ "ဘာလို့လဲဆိုတော့ ကျွန်တော်က ကျောက်ယင် မဟုတ်လို့လေ။ ကျောက်ယင်က ကျွန်တော် ခွဲထုတ်လိုက်တဲ့ အသိစိတ်တစ်ခုပဲ။ နောက်ပိုင်းကျတော့ သူက ကျွန်တော့်ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်တယ်။ နည်းနည်းလေး လိုတော့တာ။ သူက ကျွန်တော့်ကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်နိုင်တော့မလို့"
ထိုက်ဖေး၏ ကြောင်အမ်းအမ်း ဖြစ်နေသည့် အမူအရာကို ကြည့်ပြီး ရှန့်ယင်က အေးစက်စက် သက်ပြင်းချလိုက်လေသည်။ "အားချန် တစ်ယောက်တည်းကပဲ ကျွန်တော့်ကို ရှာတွေ့ခဲ့တာ။ သူက ဘယ်တုန်းကမှ သူများကိစ္စ ဝင်မပါချင်ခဲ့ဘူး။ ဒါကြောင့် သူက ကျွန်တော့်ကို ကူညီဖို့လည်း စဉ်းစားခဲ့တာ မဟုတ်ဘူး။ ခင်ဗျားက လူလွှတ်ပြီး သူ့ကို သတ်ခိုင်းတဲ့အချိန်ကျမှ ကျွန်တော်က သူ့ဆီ သတင်းသွားပို့ပေးခဲ့တာ"
"မင်းလား"
ထိုက်ဖေးသည် အားချန်က ဘာကြောင့် ကြိုတင်ထွက်ပြေးနိုင်ခဲ့သည်ကို နောက်ဆုံးတော့ သိရှိသွားခဲ့ပြီ။ ဒါကြောင့် မဟုတ်ရင် အဲဒီတုန်းက သူတို့တွေ ဒီလောက် အင်အားအများကြီး စိုက်ထုတ်ခဲ့တာတောင် နောက်ဆုံးတော့ လူက ရှန့်ကျင်းမြို့ထဲကို ဝင်ရောက်သွားနိုင်ခဲ့တာကိုး။
"ဟုတ်တယ်။ ကျွန်တော်ပါ" ရှန့်ယင်သည် ထိုက်ဖေး၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပေးလိုက်ပြီး သူမ၏ သိလိုစိတ်ကို ဆက်လက်ဖြည့်ဆည်း ပေးလိုက်လေသည်။ "မြို့တော်ကို ရောက်ပြီး မကြာခင်မှာပဲ အားချန်က ကျွန်တော့်ကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အသိစိတ်ကို နှိုးထပေးခဲ့တယ်"
"ဒီလိုဖြစ်နေတာကိုး ..." သူမက ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"ဟုတ်တယ်။ ဒီလောက် ရိုးရှင်းပါတယ်။" ရှန့်ယင်က ပြုံးကာ ပြောလိုက်၏။ "ဒါက သူများမကောင်းကြံရင် ကိုယ်ပဲပြန်ခံရတယ်လို့ ခေါ်မလားပဲ။ ဟုတ်တယ်မလား"
ထိုက်ဖေးသည် မျက်ခွံကို ပင့်တင်လိုက်ပြီး မနီးမဝေးတွင် ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်သည့် အားချန်ကို လှမ်းကြည့်လိုက်သည်။ တကယ်တမ်းကျတော့ သူမ သိပ်ပြီး သဲကွဲအောင် မမြင်ရတော့ချေ။ သို့သော်ငြား အားချန်ထံမှ လာသည့် အကြည့်ကိုတော့ သူမ ခံစားမိနေလေသည်။
ဒါက လျစ်လျူရှုထားသည့် အကြည့်ပင်။ သူမက မိမိကို မျက်လုံးထဲပင် ထည့်မထားခဲ့ချေ။ အရင်က အားချန်သည် ဒီလိုအကြည့်မျိုးဖြင့်ပင် သူမကို အကြိမ်များစွာ ကြည့်ခဲ့ဖူးသည်။ လူသားများ နေထိုင်ရာ နေရာသို့ ကျူးကျော်ဝင်ရောက်လာသည့် မြေခွေးမိစ္ဆာ တစ်ကောင်သာ ဖြစ်ပြီး ဘာမှနားမလည်သော်ငြားလည်း အရာအားလုံးကို အထက်စီးကနေ လျစ်လျူရှုထားတတ်သည်။
သူမက ဒီလိုအကြည့်မျိုးကို ရွံရှာသည်။ အဲဒါက ရှန့်မိသားစုဝင်တွေကို မနေနိုင်ဘဲ သွားသတိရစေသည်။ သူတို့က သာမန်အရပ်သားတွေ ဖြစ်ပေမယ့် သူမရှေ့ရောက်ရင် နေရာတိုင်းမှာ မိသားစုဂုဏ်ကို ထုတ်ဖော်ပြသ တတ်ကြသည်။ ဘယ်လောက်ပဲ ဂုဏ်ကြီးနေပါစေ ဘာလုပ်လို့ရမှာလဲ။ နောက်ဆုံးတော့ တစ်ယောက်မကျန် သေဆုံးကုန်ကြတာပဲ မဟုတ်လား။
ထိုက်ဖေးသည် ရုတ်တရက် ခန္ဓာကိုယ် အေးစက်လာသည်ကို ခံစားလိုက်ရ၏။ သူမ၏ နားထဲတွင် ဆက်တိုက်ဆိုသလို အော်ဟစ်သံများကို ကြားလိုက်ရလေသည်။ ဒါက ရှန့်မိသားစုဝင်တွေရဲ့ အသံများလား။ သူတို့က သူမကို ကျိန်ဆဲနေကြတာလား။ ပေဟွမ်ဝမ်ကို ခေါ်လာခဲ့တဲ့ သူမကို ကောင်းကောင်း မသေစေနဲ့လို့ ကျိန်ဆဲနေကြတာလား။
သူမသည် သူတို့၏အသံကို ကြိုးစားပြီး နားထောင်လိုက်သော်ငြား အေးစက်မှုနှင့် နာကျင်မှုများကြောင့် သူမ၏ အသိစိတ်များ ပိုပြီးဝေဝါးလာတော့သည်။ သူမသည် ထိုအသံများကို သေချာမကြားရတော့ဘဲ ဒီလိုဖြစ်လေလေ ပိုပြီး မျှော်လင့်ချက် ကင်းမဲ့လေလေပင်။
သူတို့ရဲ့ ကျိန်စာတွေကြောင့် သူမ ဒီအခြေအနေကို ရောက်သွားရတာပဲ။ သူတို့တွေ ကလဲ့စားလာချေကြတာ သေချာတယ်။
ထိုက်ဖေး သေဆုံးသွားခဲ့ပြီ။ သွေးထွက်လွန်ပြီး သေဆုံးသွားခြင်းပင်။ ကျောက်ရွှင်၏ ဓားထိုးခံရချိန်မှ သေဆုံးချိန်အထိ သုံးနာရီတိတိ တောင့်ခံထားခဲ့ပြီးမှ နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့လေသည်။ သေဆုံးချိန်တွင် မျက်လုံးများ ပြူးကျယ်လျက် ရှိနေသေးလေ၏။
...