ဒီအရာရှိက မှတ်သားထား လိုက်ပါ့မယ် ...
Vol. 17 Ch. 164
ပိုင်ရှိုးမင်သည် မင်ကျင့်စီးအစောင့်များနှင့်အတူ မြို့ပြင်သို့ ထွက်ခွာသွားချိန်တွင် တပ်မှူးကြီး လျန်ယန် ဦးဆောင်သော စစ်တပ်ကွပ်ကဲတွေရေးဌာနက လူများသည် မနေ့က ထိုက်ဖေးရပ်နားခဲ့သော ဘုရားကျောင်းပျက်သို့ ရောက်ရှိသွားကြပြီ ဖြစ်၏။
ကျောက်ဟုန်လျန်သည် လျန်ဟန်၏ နောက်မှလိုက်လာကာ တောင်ကုန်းတစ်ဝက်အထိ လိုက်တက်လာခဲ့ပြီး ဘုရားကျောင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ဘုရားကျောင်းထဲတွင် ကျောက်အိမ်တော်က အစေခံလေးဦး၏ အလောင်းများက သေဆုံးခါစ ပုံစံအတိုင်း ရှိနေသေး၏။
ထောင့်တစ်နေရာတွင် အမျိုးသမီးအလောင်းတစ်လောင်း ရှိနေပြီး ကျောက်ဟုန်လျန်က အနီးကပ်ကြည့်ရှု စစ်ဆေးလိုက်သောအခါ ထိုက်ဖေး၏အနီးကပ် အစေခံဖြစ်ကြောင်း မှတ်မိသွား၏။ သူသည် ဒီကိစ္စကို လျန်ယန်အား ပြောပြလိုက်သည်တွင် လျန်ယန်သည် ခေါင်းငြိမ့်လိုက်ပြီး ထိုက်ဖေး၏ခြေရာကို ရှာဖွေဖို့ရန် အလျင်မလိုတော့ချေ။
သုသည် ဘုရားကျောင်းထဲတွင် သေသေချာချာလေး လှည့်လည်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင်တော့ မြေပြင်ပေါ်က ရှုပ်ပွနေသည့် ခြေရာများပေါ်သို့ အကြည့်ရောက်သွားတော့သည်။
ဒီခြေရာများနှင့် သေးငယ်သော သဲလွန်စများက တစ်ဆင့် မနေ့က ဘုရားကျောင်းထဲတွင် ဖြစ်ပျက်ခဲ့သော အခြေအနေကို စိတ်ထဲတွင် ပုံဖော်ကြည့်လိုက်လေသည်။ အစေခံမလေး လေးဦးသည် သွေးထွက်လွန်ပြီး သေဆုံးသွားရခြင်း ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ခိုက်ထားသော ဒဏ်ရာမရှိသဖြင့် သူတို့ကို ချုပ်နှောင်ထားသူမှာ ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။
သူတို့သေဆုံးချိန်တွင် ဘုရားကျောင်းထဲ၌ ပဋိပက္ခမဖြစ်ပွားသေးချေ။ ထိုကျင့်ကြံသူသည် အစေခံမလေးကို အဘယ်ကြောင့် သတ်ဖြတ်ရသည့် အကြောင်းအရင်း ထိုနောက်တွင်တော့ အကြောင်းအရင်းမရှိဘဲ ဘုရားကျောင်းထဲက ထွက်ပြေးသွားရသည့် အကြောင်းအရင်းကိုတော့ မသိရသေးပေ။
ထိုလူသည် ထွက်ပြေးသွားပြီး နောက်တွင် ထိုက်ဖေးက ဘုရားကျောင်းပျက်ထဲက ထွက်ခွာသွားခဲ့ပြီး ထိုနောက်တွင်တော့ ထိုလူပြန်ရောက်လာခဲ့ပြီး ထောင့်တစ်နေရာက လူကို ခေါ်ဆောင်သွားခဲ့လေသည်။
လျန်ယန်သည် မျက်လုံးများကို မှေးစဉ်းထားလိုက်ပြီး ကျောက်ဟုန်လျန်ကို မေးလိုက်၏။ "ထိုက်ဖေးရဲ့ဘေးက ကျင့်ကြံသူတစ်ယောက်ယောက် ပါသွားလား"
ကျောက်ဟုန်လျန်ကလည်း အလျင်အမြန် ပြန်ဖြေလိုက်၏။ "ပါပါတယ်။ ထိုက်ဖေးရဲ့ ကိုယ်ရံတော်နာမည်က ကျောက်ယင်ပါ။ အဆင့်၃ကျင့်ကြံသူပါ"
"တခြားမထင်မထားတဲ့ ကိစ္စတွေမရှိရင် ထိုက်ဖေး ပျောက်ဆုံးတာက ဒီလူနဲ့ သက်ဆိုင်နေလိမ့်မယ်"
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ...
ကျောက်ဟုန်လျန်သည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် တစ်ခုခုပြောရန် ပြင်လိုက်သော်ငြားလည်း ရုတ်တရက် သတိထားမိပြီး ပါးစပ်ပိတ်ထားလိုက်တော့၏။
လျန်ယန်သည် သူ မပြောလိုက်သည့် စကားကိုလည်း သိချင်စိတ် မရှိချေ။ သူသည် ထိုက်ဖေး၏ ခြေရာအတိုင်း ဘုရားကျောင်းပျက် အပြင်ဘက်သို့ ထွက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်တွင် တောင်ကုန်း မျက်နှာချင်းဆိုင်က လယ်တောအိမ်ကို ချက်ချင်းတွေ့လိုက်ရလေသည်။
ထိုက်ဖေးသာ သစ္စာဖောက်ခံရပြီး အဲဒီလူလက်ကနေ လွတ်မြောက်လာခဲ့ရင် သူဘာလုပ်မှာလဲ။ သူသည် မိမိကိုယ်ကို ပြောနေသလို ဘေးကလူကို မီးနေသလိုလိုပင်။
"သေချာပေါက် မြို့တော်ကို ပြန်မှာပေါ့" ကျောက်ဟုန်လျန်က ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ လမ်းလျှောက်ပြန်ရင် အရမ်းနှေးပြီး အလွယ်တကူ အမှီလိုက်ခံရလိမ့်မယ်"
ကျောက်ဟုန်လျန်သည် ကြားလိုက်ရသည့် စကားကြောင့် မျက်မှောင်ကြုတ်လိုက်၏။ "ဒါဆို ထိုက်ဖေးက ..."
လျန်ယန်က မေးငေါ့ပြလိုက်ကာ "ထိုက်ဖေးက အဲဒီနေရာကိုသွားပြီး အကူအညီတောင်းဖို့ အလားအလာအရှိဆုံးပဲ။ သွားကြမယ် !"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် လက်အောက်ငယ်သားများ နှင့်အတူ မျက်နှာချင်းဆိုင်က လယ်တောအိမ်ရာဝင်းသို့ ဦးတည်သွားပြီး ဘုရားကျောင်းပျက်ကို စောင့်ကြည့်ရန် လူနှစ်ယောက်သာ ထားခဲ့လိုက်၏။
လယ်တောအိမ်ရာဝင်း အပြင်ဘက်တွင် လျန်ယန်နှင့် လူအုပ်စုသည် အချိန်တော်တော်ကြာအောင် ခေါက်သော်ငြားလည်း လာဖွင့်သူ မရှိသဖြင့် ဆက် စောင့်မနေတော့ဘဲ လက်အောက်ငယ်သားများကို တံခါးဖျက်ခိုင်း လိုက်တော့သည်။
လယ်တောအိမ်၏ တံခါးမကြီးကို အတင်းအဓမ္မ ဖျက်ဆီးလိုက်ပြီး တံခါးပွင့်သွားသည်နှင့် သွေးညှီနံ့ ဖျော့ဖျော့လေးကို ရလိုက်လေသည်။
လျန်ယန်သည် ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး လူအုပ်နှင့်အတူ ရှေ့သူခဏလောက် လျှောက်သွားလိုက်ရာ ရှေ့တွင်သစ်သားစင် တစ်ခုကိုတွေ့လိုက်ရ၏။ အပေါ်တွင် အလောင်းတစ်လောင်းကို ချိတ်ဆွဲထားပြီး စင်အောက်တွင်လည်း အလောင်းနှစ်လုံးက လှဲကျလို့နေသည်။
အလောင်း၏အခြေအနေကို ကြည့်ရသည်မှာ သေဆုံးသည်မှာ တစ်ရက်နီးပါး ရှိနေပြီဖြစ်၏။
စင်ပေါ်တွင် ချိတ်ဆွဲထားသော အလောင်းသည် ခေါင်းငိုက်စိုက်ကျနေပြီး ရုပ်ရည်က မသဲကွဲတော့ပေ။ စုတ်ပြဲနေသော အဝတ်အစားများပေါ်တွင် သွေးများ စွန်းထင်းနေပြီး တစ်ကိုယ်လုံး သွေးသံရဲရဲဖြစ်နေကာ မသေဆုံးခင်က လူမဆန်စွာ နှိပ်စက်ခံခဲ့ရ ပုံပေါ်သည်။
အလောင်းကိုမြင်လိုက်သည့် တစ်ခဏအတွင်းမှာပင် ကျောက်ဟုန်လျန်သည် ယိုင်နဲ့သွားပြီး ပြေးကပ်သွားကာ အော်ဟစ်ငိုကြွေးလေတော့သည်။ "ညီမလေး"
လျန်ယန်သည် စိတ်ထဲတွင်ဒုက္ခပါပဲဟု တွေးလိုက်မိလေတော့သည်။
ပေဟွမ်ဝမ်ထိုက်ဖေး တကယ်သေဆုံးသွားခဲ့ပြီ။ သူသည် ရှေ့တိုးပြီး အလောင်းကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် မတော်တဆ ထွက်ပေါ်လာသော အတွင်းအားတစ်ခုကို ခံစားလိုက်ရသဖြင့် ခါးကြားကဓားကို ဆွဲထုတ်လိုက်ကာ နောက်မှ လက်အောက်ငယ်သားများလည်း သတိထားမိကြပြီး ဓားများကို ဆွဲထုတ်လိုက်ကြ၏။
"ထွက်လာခဲ့။.မင်း ဒီမှာရှိနေသေးတာ ငါ သိတယ်" လျန်ယန်က စူးရှလှသည့် အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီးနောက် တံခါးပိတ်ထားသော အခန်းတစ်ခန်းကို ကြည့်ကာပြောလိုက်တော့သည်။
ခဏအကြာတွင် တုံ့ပြန်မှုမရှိသဖြင့် သူက ထပ်ပြောလိုက်၏။ "မင်း ထွက်မပြေးတာက ထိုက်ဖေးကို လုပ်ကြံတာ ခွင့်မလွတ်နိုင်တဲ့ အပြစ်ဆိုတာ သိလို့ မဟုတ်လား။ မင်း ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်ပါဘူး"
"ဒီလူကြီးမင်းက ကျွန်တော့အကြောင်း တော်တော်သိတာပဲ။ ဘယ်ဌာနကလဲ မသိဘူး"
တံခါးပိတ်ထားသော အခန်းသည် ပွင့်သွားပြီး ရှန့်ယင်၏ အသံကထွက်ပေါ်လာခဲ့သည်။
"စစ်တပ်ကွပ်ကဲရေးဌာန တက်မှူးလျန်ယန်".လျန်ယန်က မိမိကိုယ်ကိုမိမိ မိတ်ဆက်လိုက်လေသည်။
"ဪ။ ကျွန်တော့်လိုပဲ ကျောက်မိသားစုကမွေးတဲ့ ခွေးတစ်ကောင်ပဲကိုး"
လျန်ယန်၏ မျက်နှာအမူအရာက ပြောင်းလဲမသွားချေ။
"ဒီနေရာကို ဝိုင်းထားပြီးပြီ။ ခင်ဗျား ပြေးစရာလမ်း မရှိတော့ဘူး။ ထွက်လာပြီးတွေ့တာ ပိုမကောင်းဘူးလား"
ခဏအကြာတွင် ရှန့်ယင်၏ အရိပ်သည် အခန်းတံခါးဝတွင် ပေါ်လာခဲ့၏။
သို့သော်ငြား သူ့အပြင် ဘေးတွင်သေးသွယ်သော ပုံရိပ်တစ်ခုလည်း ရှိနေသေးသည်။ သူသည် လူတစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းပင်။
လျန်ယန်က ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင်တွေးလိုက်တော့၏။ ဒီလူက လယ်တောအိမ်မှာ ထိုက်ဖေးကိုသတ်တာ လုံးဝ ဖုံးကွယ်မထားဘဲ ထွက်မပြေးတဲ့အပြင် မိန်းမတစ်ယောက်ကို ဓားစာခံအဖြစ် ခေါ်ထားလိုက်သေးတယ်။ တကယ်ပဲ သူ ဘာလုပ်ချင်နေတာလဲ။
မူလက ထိုက်ဖေးကို စင်ပေါ်မှချပေးရန် ကြိုးစားနေသော ကျောက်ဟုန်လျန်သည် ရှန့်ယင်၏အသံကို ကြားလိုက်ရသဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်ကာ မျက်လုံးအိမ်ထဲတွင်လည်း သွေးများ ပြည့်နက်နေတော့၏။ "ကျောက်ယင် မင်း ဘယ်လိုလုပ်ရဲလိုက်တာလဲ။ ထိုက်ဖေးက မင်းရဲ့ ... မင်းက တိရစ္ဆာန်ပဲ။ လူစိတ်မရှိတဲ့ကောင် ယုတ်မာတဲ့ကောင်"
ရှန့်ယင်ကတော့ အေးစက်စက် မျက်လုံးများဖြင့် ကျောက်ဟုန်လျန်ကို ကြည့်လိုက်လေသည်။ "ထိုက်ဖေးက ကျွန်တော့်ရဲ့ဘာလဲ။ ခင်ဗျား ဘာဖြစ်လို့ ဆက်မပြောတာလဲ။ ကျွန်တော် ဆက်ပြောပေးရမလား။ သူက ကျွန်တော်ရဲ့အဘွား အရင်းလေ ဟုတ်တယ်မလား"
ဒီစကားသည် လျန်ယန်နှင့် သူ၏လက်အောက် ငယ်သားများကို အမှန်တကယ် အံ့အားသင့်သွားရစေ၏။
အသက်၃၀ပင် မပြည့်သေးသည့် ပေဟွမ်ဝမ်တွင် ဒီလောက်ကြီးမားသော သားတစ်ယောက်ကတော့ မရှိနိုင်သည်မှာ သိသာလေသည်။ ဒီကိစ္စသည် ထိုက်ဖေး၏ လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေပြီး ထိုက်ဖေးကို သတ်သူမှာ ရှေ့မှောက်တွင်ရှိသည့် လူသာဖြစ်ခဲ့လျှင် ဒီကိစ္စသည် လူသတ်သမားကို ဖမ်းဆီးရုံဖြင့် ပြီးသွားမည့်ကိစ္စ မဟုတ်တော့ပေ။
ကျောက်ဟုန်လျန်၏ မျက်လုံးများက လှုပ်ရှားသွားပြီး တိုက်ရိုက်မဖြေဘဲ ပြန်ပြောလိုက်တော့၏။ "ကျောက်ယင် မင်း ရူးနေပြီ"
"ကျွန်တော် မရူးဘူး" ရှန့်ယင်သည် လေသံအေးအေးဖြင့် ပြန်ပြောလိုက်၏။ "ကျွန်တော်ကိုယ်တိုင် သတ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကို သတ်ခဲ့တဲ့သူက ကျောက်ရွှင်။ ကျောက်ရွှင်ကို သတ်ခဲ့တဲ့သူက ကျောက်ဇယ်ချန် ကျွန်တော်ကတော့ ကျောက်ဇယ်ချန်ကို သတ်လိုက်ရုံပါပဲ"
"အဲဒါက မင်းအဖေနဲ့ မင်းရဲ့ညီအရင်းလေ ! " ကျောက်ဟုန်လျန်က ရှန့်ယင် ဒီလောက်ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူတို့ကို အပြန်အလှန် သတ်ခိုင်းသည်တဲ့လား။
"သူတို့က ကျွန်တော့်ကို ဆွေမျိုးသားချင်းလို့ သဘောမထားခဲ့ပါဘူး။ သူတို့က မျိုးရိုးနာမည် ကျောက်လေ။ ကျွန်တော် မျိုးရိုးနာမည်က ရှန့်။ ကျွန်တော့်မျက်လုံးထဲမှာ သူတို့ကရန်သူတွေပဲ"
ရှန့်ယင်က လှောင်ပြောင်လိုက်လေသည်။ "ခင်ဗျားတို့ ကျောက်မိသားစုက အာဏာပြပြီး ပေဟွမ်ဝမ်နဲ့ပေါင်းပြီး ကျွန်တော်တို့ ရှန့်မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့တယ်လေ။ ကျောက်ဟုန်လျန် ကျွန်တော် မသိဘူးလို့ ခင်ဗျားက ထင်နေတာလား"
လျန်ယန်သည် ရှန့်ယင်၏စကားကို ကြားလိုက်ရသည်တွင် ဒီအကူအညီကို ပေးမိသဖြင့် ပိုပြီးနောင်တရလာတော့၏။ ဒီကိစ္စက သူ ထင်ထားသည်ထက် ပိုပြီးကြီးမားနေသည်။ ဒီနေရာတွင် ထိုက်ဖေး၏ လျှို့ဝှက်ချက် ပါဝင်နေရုံသာမက ပေဟွမ်ဝမ်နှင့်ပါ ပတ်သက်နေလေသည်။
သူသည် မည်သို့လွတ်မြောက်အောင် လုပ်ရမည်ကို စိတ်ထဲတွင် တွက်ချက်နေမိ၏။ ကျောက်မိသားစုက သူ့ကို လွှတ်ပေးလျှင်ပင် ပေဟွမ်ဝမ်ကတော့ လွှတ်ပေးမည် မဟုတ်ပေ။
ကျောက်ဟုန်လျန်သည် ထိုစကားကို ကြားလိုက်ရပြီးနောက် မျက်နှာမှာ မှောင်မည်းသွားလေတော့သည်။ သူက အံကိုကြိတ်ကာ လေသံမာမာဖြင့် ပြောလိုက်၏။ "လျန်ယန် သူ့ကိုသတ်။ သူ့ပါးစပ်ကို ပိတ်လိုက် !"
လျန်ယန်သည် ရှန့်ယင်က ဓားစာခံအဖြစ် ဖမ်းထားသော ထိတ်လန့်နေသည့် မိန်းမပျိုကို ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းမနေတော့ဘဲ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်တော့သည်။ "ဒီလူက ရာဇဝတ်မှုကြီး တစ်ခုကို ကျူးလွန်ထားတယ်။ နေရာမှာတင် သတ်ပစ် !"
"ဟုတ်ကဲ့"
လျန်ယန်သည် လူအုပ်နှင့်အတူ ရှေ့သို့ပြေးဝင်သွားရာ ရှန့်ယင်သည် အားချန်ကိုဆွဲကာ ခုန်တက်လိုက်ပြီး လယ်တောအိမ်ရာဝင်း အပြင်ဘက်သို့ တိုက်ရိုက်ခုန်ဆင်း သွားလေသည်။
လျန်ယန်ကလည်း ထပ်ကြပ်မကွာလိုက်ပါလာပြီး လက်ထဲက လျှို့ဝှက်လက်နက်ကို ပစ်လွှတ်လိုက်၏။ ရှန့်ယင်ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ သူ ဓားစာခံအဖြစ် ဖမ်းထားသော အားချန်ကို ပစ်မှတ်ထားလိုက်ခြင်းပင်။
ထိုလျှို့ဝှက်လက်နက်သည် အနားရောက်မှ ရှန့်ယင် ရိုက်ထုတ်ခြင်းကို ခံလိုက်ရ၏။ သူက နောက်မှလူကို ရှောင်တိမ်းရင်း လှောင်ပြောင်လိုက်လေသည်။ "တကယ်ကို ကျောက်မိသားစုရဲ့ခွေးပဲ။ ကျွန်တော့်ကို နှုတ်ပိတ်ဖို့အတွက် ဓားစာခံကိုတောင် အလွတ်မပေးဘူး"
လုပ်ပြီးမှတော့ လျန်ယန်ကလည်း ဖုံးကွယ်မထားတော့ချေ။ သူသည် ဓားကိုကိုင်ဆောင်ပြီး ထက်ကြပ်မကွာလိုက်ပါရင်း ပြောလိုက်လေသည်။ "ဒီအရာရှိက အပြစ်မဲ့သူကို ဘယ်တော့မှ မသတ်ဘူး။ မင်းက ရက်စက် ကြမ်းကြုတ်လွန်းလို့ ဓားစာခံကို သတ်ရုံတင်မကဘူး။ အိမ်တော်ထဲက လူအားလုံးကိုပါ သတ်ပစ်လိုက်တာ"
သူသည် ဒီကိစ္စကိုမည်သို့ ဇာတ်သိမ်းရမည်ကို စဉ်းစားထားပြီးဖြစ်သည်မှာ သိသာလေသည်။
"ခင်ဗျား ဒီလိုလုပ်တာ တခြားလူသိမှာ မကြောက်ဘူးလား" ရှန့်ယင်သည် နောက်က ပစ်လွှတ်လိုက်သည့် မြားကို ထပ်မံ ရှောင်တိမ်းလိုက်ပြန်သည်။
"ဘယ်သူမှ သိမှာမဟုတ်ဘူး" ပြောပြီးသည်နှင့် လျန်ယန်၏ လက်ထဲကဓားကို ဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်သည် တဖျတ်ဖျတ် လှုပ်ရှားသွားပြီး ရုတ်တရက် ရှန့်ယင်၏ရှေ့သို့ ရောက်လာခဲ့၏။
ဓားကို ဖမ်းယူလိုက်ပြီးနောက် သူသည်တုံ့ဆိုင်းမနေဘဲ ဓားချက်များကို ဆက်တိုက်ခုတ်ပိုင်းလိုက်ရာ ဓားရောင်များမှာ တဖျတ်ဖျတ် လင်းလက်သွားပြီး အေးစက်သော အငွေ့အသက် ထွက်ပေါ်လာတော့သည်။ ရှန့်ယင်သည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတော့၏။ ဒီတပ်မှူး၏ ကျင့်ကြံမှုသည် သူနှင့်တူညီသော်ငြားလည်း တိုက်ခိုက်ရေးစွမ်းရည်မှာ အတော်လေး ကောင်းမွန်ပြီး အစွမ်းအစကမသေးပေ။
အကယ်၍ သူတစ်ယောက်တည်း ရင်ဆိုင်ရလျှင် အဆင်ပြေသော်ငြား အားချန်ပါ ပါနေသဖြင့် လျန်ယန်၏ ဓားရောင်များက သူနှင့်အားချန် နှစ်ယောက်စလုံးကို လွမ်းခြုံထားလိုက်သည်။ အားချန်ကို ကာကွယ်ရန်အတွက် သူသည် ဓားနှစ်ချက်ကို အားတင်းကာ ခံယူလိုက်ရ၏။
ဓားရောင်သည် ရှန့်ယင်၏ခါးဘေးနှင့် လက်မောင်းပေါ်ရှိ အဝတ်အစားများကို ဆုတ်ပြဲသွားပြီး နတ်ရှိုင်းလှသည့် သွေးရာနှစ်ခု ဖြစ်ပေါ်လာတော့သည်။
"မင်းက စိတ်ထားမဆိုးပါဘူး။ သေခါနီးတောင်မှ ဓားစာခံကို ကယ်ချင်နေသေးတယ်"
ရှန့်ယင်က စကားမပြောနိုင် သေးခင်မှာပဲ အားချန်က ငိုသံပါနေသည့်အသံဖြင့် တောင်းပန်လိုက်သည်ကို ကြားလိုက်ရ၏။ "လူကြီးမင်း ကျေးဇူးပြုပြီးတော့ ကျွန်မကို မသတ်ပါနဲ့။ ကျွန်မ မသေချင်သေးဘူး"
လျန်ယန်သည် အားချန်ကို ကြည့်လိုက်ကာ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားတော့၏။ သူမ ငိုနေသောအသံသည် အလွန်သနားစဖွယ် ကောင်းလှပြီး စိတ်လှုပ်ရှားမှုကို ဖြစ်စေသော်ငြားလည်း ထိုစိတ်လှုပ်ရှားမှုက ခဏတာသာ ဖြစ်ပေါ်လာခဲ့ပြီး အတင်းအဓမ္မ ဖိနှိပ်ခံထားရလေသည်။
"မရလောက်ဘူး မင်းကံဆိုးလို့ မကြားသင့်တာတွေ ကြားသွားတာကိုပဲ အပြစ်တင်လိုက်တော့။ နောက်ဘဝကျရင် လျှောက်မသွားမိစေနဲ့"
စကားဆုံးသည်နှင့် လျန်ယန်သည် ရှန့်ယင်နှင့် ထပ်မံတိုက်ခိုက် လေတော့သည်။
သူတို့နှစ်ဦး အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သူသည် လေထဲသို့ ခုန်တက်လိုက်ကာ လက်ထဲကဓား မကျရောက်လာခင်မှာပင် ရုတ်တရက်ခါးဘေးက နာကျင်မှုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ နောက်တခဏတွင်တော့ ခန္ဓာကိုယ်သည် ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ သွေးများအန်ထုတ် လိုက်လေတော့သည်။
လျန်ယန်သည် မြေပြင်ပေါ်တွင် မှောက်လျက်ရှိနေပြီး အနက်ရောင် အရာရှိဖိနပ်တစ်ရန်သည် သူ့အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့၏။ သူသည် ခက်ခက်ခဲခဲ ခေါင်းမော့ကြည့်လိုက်ရာ ဒီနေရာတွင် ရှိမနေသင့်သည့် လူတစ်ယောက် ပေါ်လာလေတော့သည်။
"ပိုင် ... ရှိုးမင်"
"သူက ဘာတွေ မကြားသင့်တာ ကြားသွားလဲဆိုတာ ပြောပြပါဦး။ ဒီအရာရှိလည်း နားထောင်ကြည့်ချင်လို့ပါ" ပိုင်ရှိုးမင်သည် မျက်လွှာချကာ လျန်ယန်ကို ကြည့်လိုက်လေသည်။
လျန်ယန်က လက်တစ်ဖက်ဖြင့် ခါးကိုကိုင်ထားပြီး မြေကြီးပေါ်က ခက်ခက်ခဲခဲ ထလိုက်ကာ "ပိုင်လူကြီးမင်း နားကြားမှားတာ ဖြစ်မှာပါ"
သူက ရှန့်ယင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "ဒီလူက အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်။ ပေဟွမ်ဝမ်ထိုက်ဖေးနဲ့ ကျောက်ရွှင်တို့ သားအဖကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီး ဓားစာခံကို ဖမ်းဆီးတယ်။ အစိုးရကိုခုခံဖို့ ကြိုးစားနေတာပါ။ စောစောက ကျွန်တော်မျိုးက လိုက်ဖမ်းတုန်းက သူက အဲဒီမိန်းမကို ကာကွယ်ပေးနေတာ တွေ့လိုက်ရတယ်။ သူတို့က ကြံရာပါတွေဖြစ်မှာ သေချာလို့ တိုက်ခိုက်လိုက်တာပါ။ ပိုင်လူကြီးမင်း ရှင်းရှင်းလင်းလင်း ဖြစ်အောင်စစ်ဆေးပေးပါ"
" ဪ။ ကြံရာပါတွေလား" ပိုင်ရှိုးမင်သည် ခေါင်းအနည်းငယ် စောင်းကာ ရှန့်ယင် ဖမ်းချုပ်ထားသော အားချန်ကို ကြည့်လိုက်ပြီး မျက်လုံးများတွင်လည်း အဓိပ္ပာယ်များစွာ ပါဝင်နေတော့သည်။
အားချန်သည် ပိုင်ရှိုးမင်၏ အကြည့်အောက်တွင် တိတ်တိတ်လေး ဘေးသို့ နေရာရွေ့လိုက်၏။
စကားပြောနေသည့် အချိန်လေး အတွင်းမှာပင် လျန်ယန်၏ လက်အောက် ငယ်သားများနှင့် ကျောက်ဟုန်လျန်တို့သည် အမှီလိုက်လာကြပြီး မနီးမဝေးတွင် မြင်းခွာသံများ ထွက်ပေါ်လာကာ မင်းကျစ်စီး အစောင့်များကလည်း နဂါးသွေးမြင်းများကို စီးလျက်ရောက်ရှိ လာကြလေသည်။
လူအုပ်ကြီးသည် ရှန့်ယင်နှင့်အားချန်တို့ကို ဝိုင်းထားလိုက်ကြ၏။
ပိုင်ရှိုးမင်က ဒီနေရာတွင် ရှိနေသည်ကို မြင်လိုက်ရသောအခါ ကျောက်ဟုန်လျန်သည် စိတ်ထဲတွင် မကောင်းတော့ဘူးဟု တွေးလိုက်သော်ငြား လျန်ယန်ကို ပိုင်ရှိုးမင်ရှေ့တွင် လူသတ်ခိုင်းလို့ မရနိုင်သဖြင့် ခေါင်းမာမာဖြင့် ရှေ့တိုးကာ မေးလိုက်တော့သည်။ "ပိုင်လူကြီးမင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ပိုင်ရှိုးမင်၏ အေးစက်သော အကြည့်သည် ကျောက်ဟုန်လျန်၏ မျက်နှာကို ဖြတ်ကျော်သွားတော့၏။ "ဒီအရာရှိက လူတစ်ယောက်က ဓားစာခံအဖြစ် အဖမ်းခံရတယ်လို့ တိုင်ကြားချက်ရလို့ပါ"
"ဘယ်သူက ဒီလောက်တောင် မျက်နှာကြီးရတာလဲ။ ပိုင်လူကြီးမင်း ကိုယ်တိုင်က ..." ကျောက်ဟုန်လျန်သည် စကားတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားတော့၏။
အားလုံးက ရှန့်ယင် ဓားစာခံအဖြစ် ဖမ်းထားသော အားချန်ကို ကြည့်လိုက်ကြလေသည်။
အစပိုင်းတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူကို ဘယ်သူကမှ ဂရုမစိုက်မိကြချေ။ ကျောက်ဟုန်လျန်နှင့် လျန်ယန်တို့သည် သူမကို အရှင်ထားရန် မစဉ်းစားခဲ့သည့်အပြင် အိမ်တော်ဝင်းထဲရှိ လူအားလုံးကိုပါ အရှင်မထားရန် ရည်ရွယ်ခဲ့လေသည်။
သို့သော်ငြား ချောမွေ့သင့်သော အစီအစဉ်သည် မျက်စိရှေ့က မထင်မရှား ဓားစာခံကြောင့် ပြောင်းလဲသွားတော့၏။
"ပိုင်လူကြီးမင်း ကယ်ပါဦး ..." အားချန်သည် မလှမ်းမကမ်းက ပိုင်ရှိုးမင်ကို လှမ်းကြည့်ကာ တိုးတိုးလေး ရှိုက်ငိုနေပြီး မျက်ရည်များက ပုလဲလုံးများကဲ့သို့ ကျဆင်းလာပြီး မျက်နှာက သနားစဖွယ် ကောင်းနေတော့၏။
အားချန်ဘေးတွင် ရပ်နေသည့် ရှန့်ယင်မှာ လန့်ဖျပ်သွား လေတော့သည်။ ခုနကမှ အကောင်းကြီး ရှိသေးတယ်။ ဘယ်လိုဖြစ်လို့ ငိုချင်သလို ငိုချလိုက်တာလဲ။
သွားပြီ။ ဒီမိန်းမက ပိုင်ရှိုးမင်ကို သိနေတာပဲ။
စိတ်ထဲတွင် အတွေးတချက် ဖြတ်ပြေးသွားပြီး ကျောက်ဟုန်လျန်သည် လျန်ယန်ကို ကြည့်ကာ နည်းလမ်းရှာခိုင်း လိုက်လေသည်။ လျန်ယန်ကလည်း ယခုအချိန်တွင် ဘာလုပ်ရမည်မှန်း မသိတော့ချေ။
အကယ်၍ တခြားတစ်ယောက် သာဆိုလျှင်တော့ သူသည် လှည့်ကွက်အနည်းငယ် သုံးပြီး မတော်တဆ သေဆုံးသွားအောင် လုပ်ရဲသေးသည်။ သို့သော်ငြား ပိုင်ရှိုးမင်၏ ကျင့်ကြံမှုက သူ့ထက် အများကြီး သာလွန်နေပြီး ဒီလူသည် ရက်စက်ကြမ်းကြုတ်သဖြင့် အကယ်၍ သူသိသွားလျှင် နေရာမှာပင် အသတ်ခံရနိုင်သည်။
သူသည် ရာထူးပြုတ်မှာ မကြောက်သော်ငြား အသက်ပျောက်မှာကိုတော့ ပိုကြောက်မိ၏။
ပိုင်ရှိုးမင်ကတော့ သူတို့နှစ်ဦး၏ မျက်နှာရိပ်မျက်နှာကဲကို ဂရုမစိုက်ဘဲ ရှန့်ယင်ကို တိုက်ရိုက် ပြောလိုက်တော့သည်။ "လူကို လွှတ်လိုက်။ ဘာတောင်းဆိုစရာရှိလဲ။ ပြောလို့ရတယ်"
ဒါသည် ရှန့်ယင် ပိုင်ရှိုးမင်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဒီလူကို စုံစမ်းကတည်းက ဒီပိုင်လူကြီးမင်းသည် ရန်စလို့မရမှန်း သိထားသော်ငြားလည်း လူချင်းတွေ့လိုက်ရသည့် သက်ရောက်မှုကတော့ သူ ထင်ထားသည်ထက် ပိုပြီးပြင်းထန်နေတော့၏။
ဒီလူသည် ပေဟွမ်ဝမ်နှင့် လုံးဝမတူညီသော လူတစ်ယောက်ပင်။ ပေဟွမ်ဝမ်သည် အပြင်ဘက်တွင် ယဉ်ကျေးသိမ်မွေ့ပုံ ပေါ်သော်ငြား ဒီလူကတော့ အပေါ်ယံလေးကို ကြည့်ရုံဖြင့် အန္တရာယ်ရှိမှန်း သိသာလေသည်။
အကယ်၍ ဒီလိုအခြေအနေမျိုးတွင် မတွေ့ဆုံခဲ့ကြလျှင် ရှန့်ယင်သည် အားချန်ကို ဒီလိုလူမျိုးနှင့် မည်သို့များ ရင်းနှီးသွားပါသနည်းဟု ပိုပြီးမေးချင်မိပေလိမ့်မည်။
ရှန့်ယင်၏ မျက်လုံးများက ဝေဝါးသွားပြီး ပြောလိုက်တော့၏။ "ကျွန်တော် လူလွှတ်ပေးလို့ ရပါတယ်။ ဘာတောင်းဆိုမှုမှလဲ မလုပ်ချင်ပါဘူး။ ကျွန်တော် တရားမျှတမှု တစ်ခုပဲ လိုချင်ပါတယ်"
"တရားမျှတမှု ဟုတ်လားပြောပါဦး" ပိုင်ရှိုးမင်က စိတ်ဝင်တစား ပြောလိုက်၏။
သို့သော်ငြား ရှန့်ယင်စကား မပြောရသေးခင်မှာပင် ကျောက်ဟုန်လျန်က ဖြတ်ပြောလိုက်လေသည်။ "ပိုင်လူကြီးမင်း သူက ကျွန်တော်သား ကျောက်ရွှင်ရဲ့သားပါ။ နှစ်ပေါင်းများစွာ ထိုက်ဖေးရဲ့ဘေးမှာ ပြုစုပျိုးထောင်ခြင်း ခံခဲ့ရတာပါ။ သူ့အမေမျိုးရိုးဆီက ရူးသွပ်တဲ့ရောဂါ ပါလာတာပါ။ သူက အခု အဖေကို သတ်ပြီး ညီကိုသတ်တာ သေချာပေါက် ရောဂါကျွမ်းနေလို့ပဲ။ သူ့စကားကို ယုံလို့မရပါဘူး"
ပိုင်ရှိုးမင်၏ အကြည့်သည် ကျောက်ဟုန်လျန်ပေါ်သို့ ရောက်သွားပြီး သူ့မှာဦးရေပြားများ ထုံကျင်သွားသလို ဖြစ်သွားသည်အထိ ကြည့်ကာ ပြန်ပြောလိုက်လေသည်။ "ကျောက်လူကြီးမင်း ဒီအရာရှိခွင့်မပြုဘဲ ဝင်မပြောပါနဲ့။ မဟုတ်ရင် ဒီအရာရှိက ခင်ဗျားကို မင်ကျင့်စီး အမှုစစ်တာ တမင်နှောင့်ယှက်တယ်လို့ သတ်မှတ်လိုက်မယ်။ နားလည်လား"
ကျောက်ဟုန်လျန်သည် သူ့ကိုလူအများရှေ့တွင် သက်ညှာမှုမရှိဘဲ သတိပေးခံလိုက်ရသဖြင့် မျက်နှာပျက်သွား သော်ငြား စိတ်ထဲတွင်တော့ ပိုင်ရှိုးမင်သည် မင်ဝမ်ကို အားကိုးပြီးယခုလို နေရာရလာသည်ဟုသာ တွေးနေမိလေသည်။
သို့သော်ငြား သူက ဆက်မတွေး ရသေးခင်မှာပင် ဓားတစ်ချောင်းသည် ကျောက်ဟုန်လျန်၏ လည်ပင်းပေါ်သို့ ကျရောက်လာပြီး ဓားသွားက အရေပြားထဲသို့ အနည်းငယ် တိုးဝင်သွားကာ လည်ပင်းပေါ်တွင် အနီရောင် အစင်းရာတစ်ခု ဖြစ်ပေါ်လာတော့သည်။
ကျန်းခိုင်သည် သူ့ဘေးတွေ ရောက်လာပြီးအေးစက်စက် မေးလိုက်၏။ "ကျောက်လူကြီးမင်း ကျွန်တော်တို့ လူကြီးမင်းပြောတာ နားလည်ရဲ့လား"
ကျောက်ဟုန်လျန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်လိုက်ပြီး ဒေါသထွက်သော်ငြားလည်း မပြောရဲတော့ချေ။
"ပြောပါ" ပိုင်ရှိုးမင်သည် ရှန့်ယင်ဘက်သို့ အကြည့်ပြန်လွှဲလိုက်လေ၏။
ရှန့်ယင်ကလည်း တုံ့ဆိုင်းမနေတော့ဘဲ ပြောလိုက်တော့သည်။ "ကျွန်တော့်နာမည်က ရှန့်ယင်ပါ။ ကျောက်ရွှင်ရဲ့သား။ ပေဟွမ်ဝမ်ထိုက်ဖေးရဲ့ မြေအရင်းပါ။ လွန်ခဲ့တဲ့ နှစ်၂ဝကျော်တုန်းက မျိုးတုံးသွားခဲ့တဲ့ ရှန့်မိသားစုက ကျွန်တော်အမေရဲ့ မိဘမျိုးရိုးပါ"
ပိုင်ရှိုးမင်သည် မျက်ခုံးပင့်လိုက်မိ၏။ ရှန့်မျိုးနွယ်တဲ့လား။
"ဆက်ပြောပါ။ ဒီအရာရှိ နားထောင်နေပါတယ်"
ရှန့်ယင်သည် အသက်ကိုတစ်ချက် ရှုသွင်းလိုက်ပြီး "ကျောက်ချီနဲ့ ယခင်ပေဟွမ်ဝမ်တို့ ပူးပေါင်းပြီး ကျွန်တော်တို့ ရှန့်မိသားစု တစ်ခုလုံးကို သတ်ပစ်ခဲ့တာပါ။ ပြီးတော့ ရှန့်မိသားစုရဲ့ ပစ္စည်းတွေကို ခွဲယူလိုက်ကြတယ်။ ပေဟွမ်ဝမ်က အဲဒီပစ္စည်းကိုသုံးပြီး ပေဟွမ်မှာ စစ်အင်အားစုဆောင်းပြီး ပုန်ကန်ဖို့ ကြိုးစားနေတာပါ။ ကျောက်မိသားစုက ရှန့်မိသားစုရဲ့ ဝိညာဉ်ထိန်းချုပ်နည်းကို လုယူပြီး ယခင်ဧကရာဇ်အပေါ်မှာ အသုံးပြုပြီး နန်းတွင်းလျှို့ဝှက်ချက်တွေကို ရယူဖို့ကြိုးစားနေတာပါ"
နောက်ပိုင်းစကားသည် အားချန် ဖြည့်စွက်ပေးထားသော အကြောင်းပြချက် ဖြစ်လေသည်။ နားထောင်ရသည်မှာ ပိုပြီး ဖြစ်နိုင်ခြေရှိသော်ငြားလည်း ရှန့်ယင်ကတော့ အနည်းငယ် လွန်လွန်းသည်ဟု ထင်မိ၏။ မည်သို့ဆိုစေ ဝိညာဉ်ထိန်းချုပ် နည်းကလည်း မည်သူမဆို သင်ယူနိုင်သည် မဟုတ်ချေ။ ကျောက်ချီတွင် ထိုပါရမီမရှိသည်မှာ ထင်ရှားလေသည်။ သို့သော်ငြား အားချန်က တခြားသူတွေမှ မသိတာ ကျောက်ချီက ကိုယ့်ဘာသာကိုယ် သက်သေပြနိုင်ရင်တောင် အရှင်မင်းကြီးကတော့ လူတစ်ယောက်ကို သံသယဝင်ဖို့ သက်သေ အထောက်အထား မလိုပါဘူးဟု ပြောခဲ့လေသည်။
ဒီစကားများကို ပြောလိုက်သည်တွင် ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်သွားပြီး ဘယ်သူမှစကား မပြောရဲကြတော့ဘဲ အသက်ရှူသံများကပင် တိုးညှင်းသွားတော့၏။
အရင်ဆုံး ဆွေမျိုးတော်စပ်သူကို ပုန်ကန်မှုနဲ့စွပ်စွဲတယ်။ ပြီးတော့ ယခင်မင်းဆရာကြီးကို နန်းတွင်းလျှို့ဝှက်ချက် ခိုးယူမှုနဲ့ စွပ်စွဲတယ်။ ဒါကကောင်းကင်ဘုံကို ထိုးဖောက်နေတာပဲ။
"ဒါနဲ့မင်း ပေဟွမ်ဝမ်ထိုက်ဖေးကို သတ်တာနဲ့ဘာဆိုင်လို့လဲ" ပိုင်ရှိုးမင် တစ်ဦးတည်းသာ သက်ရောက်မှုမရှိဘဲ ဆက်မေးလိုက်၏။
“သူက လက်သည်တရားခံပဲ။ ယခင်ပေဟွမ်ဝမ်နဲ့ ပေါင်းပြီး ကျွန်တော့အမေရဲ့မိဘမျိုးရိုးတစ်ခုလုံးကို သတ်ခဲ့တာသူပဲ။ သူက ကျွန်တော့်အဘိုး သူ့ရဲ့ယောကျာ်းဟောင်းကိုလည်း သတ်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရှေ့မှာ ကျွန်တော့်အမေကို သတ်ခဲ့တယ်။ ကျွန်တော် သူ့ကို သတ်တာက ကလဲ့စားချေဖို့အပြင် အသက်နဲ့ရင်းပြီး အရှင်မင်းကြီး ဆီကနေ တရားမျှတမှုကို တောင်းဆိုချင်လို့ပါပဲ"
ပြောပြီးသည်နှင့် ရှန့်ယင်သည် ဒူးထောက်ချ လိုက်လေသည်။ "လူကြီးမင်း ကျွန်တော်မျိုးနွယ် တစ်ခုလုံးသေရတာက သနားဖို့ကောင်းပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ပေဟွမ်ဝမ်ထိုက်ဖေးက ကျွန်တော့်အမေကို ခြိမ်းခြောက်ဖို့ အသုံးချခဲ့တယ်။ နောက်ပိုင်း ကျွန်တော်အမေက ကျွန်တော်ကြောင့် သေဆုံးသွားခဲ့တယ်။ ထိုက်ဖေးက ကျွန်တော်ကို သူ့ရဲ့အသေခံတပ်သားအဖြစ် လေ့ကျင့်ပေးခဲ့တယ်"
“ပေဟွမ်က ထွက်လာပြီးတဲ့နောက် အရပ်လေးမျက်နှာက ငြိမ်းချမ်းသွားပြီး ပြည်သူတွေ ပျော်ရွှင်နေကြတာကို မြင်လိုက်ရတော့ လက်ရှိအရှင်မင်းကြီးက မင်းကောင်းမင်းမြတ်မှန်း သိလိုက်ရပါတယ်။ အရှင်မင်းကြီးကို ပေဟွမ်ဝမ်နဲ့ ကျောက်မိသားစု လှည့်စားတာ မခံစားရစေချင်သလို ရှန့်မိသားစု အတွက်လည်း ကလဲ့စားချေချင်လို့ ဒီလိုလုပ်ရတာပါ။ ကျွန်တော် လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် တန်ရာတန်ကြေး ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။ လူကြီးမင်း ကျွန်တော်နဲ့ရှန့်မိသားစုအတွက် တရားမျှတမှု ပေးပါလို့ တောင်းဆိုပါတယ်"
ရှန့်ယင်ပြောလိုက်သည့် စကားကလည်း စိတ်ရင်းအမှန်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော်ငြား ပိုင်ရှိုးမင်၏ အကြည့်ကတော့ ဘေးကအားချန် အပေါ်တွင်သာ ရှိနေလေသည်။
သူ ဒီနေ့ဝတ်ထားတာ နည်းနည်းလေး ပါးလွှာနေတယ်။ ဆံပင်ပုံစံကလည်း မပြင်မဆင်ထားဘဲနဲ့ ဆံပင်ရှည်တွေကို ကျစ်ဆံမြီးကျစ်ပြီး ရှေ့မှာချထားတယ်။ ခုနက ငိုထားလို့ မျက်လုံးတွေက နီးနေသေးပြီး လူကိုကြည့်ရင်လည်း ကြောက်လန့်နေသလိုပဲ။
သူမသည် ဟန်ဆောင်နေမှန်း သိသော်ငြားလည်း သူကတော့ အကြည့်မလွဲနိုင်ပေ။
"မင်းမှာ သက်သေရှိလား" ပိုင်ရှိုးမင်၏ စိတ်အာရုံက အားချန်ဆီသို့ ရောက်နေရင်းက မေးလိုက်လေသည်။
"ရှိပါတယ်။ ကျွန်တော်တို့ရှန့် မိသားစုရဲ့ပစ္စည်းတွေ တစ်ဝက်လောက်က အခုထိ ကျောက်မိသားစုဆီမှာ ရှိနေတုန်းပါပဲ။ ကျောက်အိမ်တော်ရဲ့ လျှို့ဝှက်ခန်းထဲမှာပါ။ သိပ်မကြာခင်က ရှန့်မိသားစု တံဆိပ်ခတ်ထားတဲ့ အမွှေးတိုင်အိုးတစ်လုံး ပျောက်ဆုံးသွားခဲ့ပါတယ်"
"ဪ။ တိုက်ဆိုင်လိုက်တာ။ အဲဒီအမွှေးတိုင်အိုးက ဒီအရာရှိလက်ထဲ ရောက်နေတယ်လေ"
ရှန့်ယင်ကလည်း မြန်မြန်ဆက်ပြော လိုက်လေသည်။ "ထိုက်ဖေးက အပြင်ရောက်နေတဲ့ အမွှေးတိုင်အိုးကို ပြန်ယူဖို့ အဆင့်၄ ကျင့်ကြံသူကို လွှတ်လိုက်ပါတယ်။ အဲဒီကျင့်ကြံသူ နာမည်က ဟွမ်လင်းပါ။ ပေဟွမ်ဝမ်အိမ်တော်ရဲ့ အစောင့်ပါ။ လူကြီးမင်း မယုံရင် ထိုက်ဖေးရဲ့အစေခံတွေကို စစ်ဆေးမေးမြန်းလို့ရပါတယ်။ အစေခံသုံးယောက်က အခုထိ ကျောက်အိမ်တော်မှာ ရှိနေပါသေးတယ်"
သူတို့နှစ်ယောက် အမေးအဖြေ လုပ်နေသည်ကို နားထောင်ရင်း ကျောက်ဟုန်လျန်၏ ခြေနှင့်လက်များမှာ တဖြည်းဖြည်း အေးစက်လာကာ ဒီကိစ္စသည် ထိန်းချုပ်လို့ မရတော့ကြောင်း ကြိုသိလိုက် လေတော့သည်။
"ကျောက်လူကြီးမင်းနဲ့ လျန်လူကြီးမင်းတို့ ဒီအရာရှိကို ပြောစရာရှိသေးလား" ရှန့်ယင်က စကားပြောပြီး သွားသည်နှင့် ပိုင်ရှိုးမင်၏အကြည့်သည် နောက်ဆုံးတွင်တော့ ထိုလူနှစ်ဦးပေါ်သို့ ရောက်သွားလေတော့သည်။
လျန်ယန်ကလည်း မူမမှန်ဖြစ်နေသည်ကို ရိပ်မိလိုက်၏။ ပိုင်ရှိုးမင်က ဘယ်တုန်းက စကားပြောရတာ ဒီလောက်လွယ်ကူသွားတာလဲ။ ရာဇဝတ်သား တစ်ယောက်ရဲ့ စကားကို အများကြီး နားထောင်ပြီးတောင် သည်းခံပြီးနားထောင်နေ လိုက်သေးတယ်။
သို့သော်ငြား သူသည် အများကြီး စဉ်းစားဖို့ရန် အချိန်မရတော့ဘဲ ကျောက်မိသားစုနှင့် ပတ်သက်မှုကို ရှင်းလင်းရန်သာ ကြိုးစားလိုက်တော့သည်။ "ကျွန်တော်မျိုးက ကျောက်လူကြီးမင်းကို ကူညီပြီး ထိုက်ဖေးရဲ့ ခြေရာကို ရှာပေးရုံပါပဲ။ ပိုင်လူကြီးမင်း ရှင်းရှင်းလင်းလင်း စစ်ဆေးပေးပါ"
ကျောက်ဟုန်လျန်သည် ကျောက်မိသားစုဝင် ဖြစ်သော်ကြောင့် ဒီလိုဆင်ခြေမျိုးတော့ ပေးလို့မရချေ။ သူသည် တင်းမာစွာဖြင့် ပြောလိုက်လေသည်။ "ကျွန်တော့်အဖေက တသက်လုံး ရိုးသားဖြောင့်မတ်ခဲ့ပြီး သာ့ရှနဲ့ အရှင်မင်းကြီးအတွက် အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ပိုင်လူကြီးမင်းက သူ့ရဲ့တစ်ဖက်သတ် စကားတွေကို နားထောင်ပြီး ကျွန်တော်တို့ ကျောက်မိသားစုကို အပြစ်ပေးလို့ မရပါဘူး။ ဒီလူက သေချာပေါက် မကောင်းကြံနေတာပါ"
"ကျောက်လူကြီးမင်း စိတ်ချပါ။ ဒီနေ့ ဒီမှာဖြစ်ပျက်သမျှ အရာအားလုံးကို ဒီအရာရှိက အရှင်မင်းကြီးဆီ အမှန်အတိုင်း တင်ပြပါမယ်။ ဒါပေမဲ့ ဒီမတိုင်ခင်မှာတော့ မင်းကျင့်စီးနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်"
သူတို့နှစ်ဦး သေချာပေါက် ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိကြချေ။ လျန်ယန်က ပြောလိုက်လေသည်။ "ပိုင်လူကြီးမင်း ခင်ဗျားက ရာထူးပိုကြီးပေမယ့် ကျွန်တော်တို့ စစ်တပ်ကွပ်ကဲရေးဌာနက မင်းကျင့်စီး လက်အောက်မှာ မရှိပါဘူး"
"ဟုတ်ပါတယ်" ပိုင်ရှိုးမင်က တစ်ချက်ပြုံးလိုက်လေသည်။ "ဒါပေမဲ့ ခင်ဗျားတို့က မကြားသင့်တာတွေကို ကြားသွားပြီလေ။ တကယ်လို့ မပူပေါင်းဘူးဆိုရင် သတင်းပေါက်ကြားမှာ စိုးရိမ်လို့ ဒီအရာရှိက နှုတ်ပိတ်ရတော့မှာပေါ့"
မကြာမီက လျန်ယန်သည် တခြားသူကို နှုတ်ပိတ်လိုခဲ့ သော်ငြားလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အလှည့်ပြန်ရောက် လာခဲ့လေသည်။
လျန်ယန်သည် ပါးစပ်ပိတ်သွားသော်ငြားလည်း ကျောက်ဟုန်လျန်ကတော့ ဒေါသထွက်နေဆဲပင်။ "မင်း လုပ်ရဲလား !"
"ဒီအရာရှိ လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ ကျောက်လူကြီးမင်း စမ်းကြည့်လို့ ရပါတယ်"
ပိုင်ရှိုးမင်က ပြောပြီးသည်နှင့် ကျန်းခိုင်သည် ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ကျောက်ဟုန်လျန်၏ ခြေထောက်ကို တိုက်ရိုက် ထိုးချလိုက်တော့သည်။
ကျောက်ဟုန်လျန်သည် ပေါင်ကိုအုပ်ကာ အော်ဟစ်လှဲကျ သွားသော်ငြား ဘယ်သူကမှ ရှေ့တိုးမလာရဲကြ ချေ။
လျန်ယန်နှင့် သူလက်အောက် ငယ်သားများမှာ အံ့အားသင့်သွားကြ၏။ မင်းကျင့်စီးသည် မောက်မာသည်ဟု ကြားဖူးသော်ငြားလည်း ဒီလောက်အထိ မောက်မာလိမ့်မည်ဟု ထင်မထားမိချေ။
ဒါက မင်းဆရာကြီးရဲ့ သားအကြီးဆုံးလေ။ နန်းတွင်းအရာရှိ ဆိုလည်း ဟုတ်သေးတယ်။ ရာထူးမကြီးပေမယ့်လည်း မျက်နှာကို ထောက်ထားပြီး ဆက်ဆံရမှာကို စကားတခွန်းမှားတာနဲ့ ဓားနဲ့ထိုးလိုက်တယ်တဲ့။
"လျန်လူကြီးမင်းလည်း စမ်းကြည့်ချင်သေးလား" ပိုင်ရှိုးမင်းက လျန်ယန်ကို မေးလိုက်သည်။
လျန်ယန်ကလည်း ခေါင်းကိုတွင်တွင် ခါယမ်းလိုက်၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် တောင့်တင်းနေပြီး ရှေ့ကလူ၏ မျက်လုံးထဲတွင် ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်ကို ခံစားမိနေသည်။ တစ်ဖက်လူ၏ ရန်လိုမှုကလည်း ဘယ်ကရောက်လာမှန်းကို နားမလည်နိုင်တော့ချေ။
ပိုင်ရှိုးမင်က လျန်ယန်ကို ဆက်မကြည့်တော့ဘဲ လက်အောက် ငယ်သားများကို အမိန့်ပေးလိုက်တော့၏။ "သူ့ကို လက်ထိပ်ခတ်ပြီး မင်းကျင့်စီးကို ဘေးကင်းကင်းနဲ့ ခေါ်သွားလိုက်"
"ဟုတ်ကဲ့" ဘေးက မင်းကျင့်စီးအစောင့်က ရှေ့တိုးပြီး ရှန့်ယင်ကို လက်ထိပ်ခတ်လိုက်သည်တွင် ရှန့်ယင်ကလည်း လုံးဝ မခုခံဘဲ လက်ကိုရှေ့သို့ ဆန့်ပေးလိုက်လေသည်။
ခေါ်သွားမခံရခင်တွင် ရှန့်ယင်သည် အားချန်ကို တစ်ချက် ကြည့်လိုက်ကာ အားချန်ကလည်းသူ့ကို ပြန်ကြည့်ပြီး နှုတ်ဆက်လာခဲ့၏။
မသက်ဆိုင်သူများ အားလုံး ရှင်းလင်းသွားပြီးမှ နောက်ဆုံးတွင်တော့ ပိုင်ရှိုးမင်၏ အကြည့်သည် အားချန်ပေါ်သို့ ရောက်ရှိလာပြီး လေသံထဲတွင်လည်း အနည်းငယ် ကူကယ်ရာမဲ့နေသည့် ခံစားချက်များ ပါဝင်နေတော့သည်။ "မလာသေးဘူးလား"
ခုနက အေးစက်ပြီး အရှိန်အဝါကြီးမားသော ပုံစံနှင့် ယှဉ်ကြည့်လျှင် ယခုချိန်တွင်တော့ သူသည် နူးညံ့နေသည်ဟုပင် ပြောနိုင်လေသည်။
ပွဲကြီးပွဲကောင်း တစ်ခုကိုကြည့်ရှုပြီး အပြည့်အဝ ပါဝင်လုပ်ဆောင်ခဲ့သည့် အားချန်တစ်ယောက်ကတော့ ယခုအချိန်တွင်တော့ ကျေနပ်လို့နေ၏။
သူမသည် ဂါဝန်စလေးကိုမကာ ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် ပိုင်ရှိုးမင်၏ ရှေ့တွင် လာရပ်လိုက်၏။ ခေါင်းကို အနည်းငယ် မော့ကာ မျက်ဝန်းထဲတွင်လည်း မျက်ရည်များ ဝေ့သီနေပြီး နှုတ်ခမ်းနီလေးများက ပွင့်ဟလာလေသည်။
"ပိုင်လူကြီးမင်းရဲ့ အသက်ကယ်ပေးတဲ့ ကျေးဇူးကို ကျွန်တော်မျိုးမ ဘယ်လိုမှ ပြန်မဆပ်နိုင်တော့ပါဘူး"
ပိုင်ရှိုးမင်က သူမကို စူးစမ်းစွာ ကြည့်လိုက်၏။
အားချန်ကလည်း စကားလမ်းကြောင်း ထပ်လွဲလိုက်ပြန်သည်။ "ကိုယ့်ကိုကိုယ် ပုံအပ်ပြီးတော့ပဲ ပြန်ဆပ်ရတော့မှာပေါ့"
ဘေးက လျန်ယန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသော်ငြား မင်းကျင့်စီး အစောင့်များကတော့ မထူးဆန်းသလိုပုံစံဖြင့် အလွန်ဆုံး ခိုးကြည့်ရုံသာ ကြည့်လိုက်ကြပြီး လုပ်စရာရှိသည်များကို ဆက်လုပ်နေကြလေသည်။
ပိုင်ရှိုးမင်ကတော့ ခပ်တိုးတိုးလေး တစ်ချက်ပြုံးမိလေတော့၏။ "ဒီအရာရှိ မှတ်သားထားလိုက်ပါမယ်"
...