ပြန်ပေးဆွဲခံရတာ ပျော်ဖို့ကောင်းလား ...
Vol. 17 Ch. 165
ပိုင်ရှိုးမင်က အပြစ်မယူလိုသည့်ပုံစံကို တွေ့လိုက်ရသောအခါ အားချန်က ချက်ချင်းပင် အခွင့်ကောင်းယူကာ မေးလိုက်avသည်။ “ဒါဆိုရင် မြို့ထဲပြန်တဲ့အခါ လူကြီးမင်း ကျွန်မကို လမ်းကြုံ ခေါ်သွားပေးလို့ ရမလား”
“မင်း အပြင်မှာ စိတ်ပြေလက်ပျောက် လျှောက်သွားရတာ ကြိုက်တယ်ဆို၊ မြို့ထဲပြန်ပြီး ဘာလုပ်မလို့လဲ”
ဟွန်း ... ဒီလေသံကို ကြည့်ရတာ စိတ်ကောက် မပြေချင်သေးဘူးပဲ။
အားချန်သည် ပိုင်ရှိုးမင်အနားသို့ တိုးကပ်သွားပြီး အလွန် လိမ်မာသည့်ပုံစံဖြင့် ပြောလိုက်လေသည်။ “ဒါပေါ့၊ ကျွန်မက လူကြီးမင်းနဲ့ အတူတူ လိုက်သွားရမှာပေါ့၊ လူကြီးမင်း ဘယ်သွားသွား ကျွန်မ လိုက်သွားမှာပဲ”
“ဪ” ပိုင်ရှိုးမင် လေသံအေးအေးဖြင့် ပြောလိုက်သည်။ “ဒီအရာရှိ စဉ်းစားလိုက်ဦးမယ်”
ယခုအချိန်တွင် သူတို့နှစ်ဦး အလွန် နီးကပ်စွာ ရပ်နေသော်လည်း တစ်ယောက်နှင့်တစ်ယောက် မထိမိကြပေ။ အားချန်သည် သူ့လက်ချောင်းများကို တိတ်တဆိတ် လှမ်းချိတ်လိုက်သော်လည်း နှစ်ကြိမ်တိုင်တိုင် ရှောင်ဖယ်ခြင်း ခံလိုက်ရပြီး တတိယအကြိမ်မှသာ အောင်မြင်သွားတော့သည်။
သူမသည် ချိတ်ထားသော လက်နှစ်ဖက်ကို ယမ်းလိုက်ပြီး ပြောလိုက်သည်။ “တောင်းပန်ပါတယ် လူကြီးမင်းရယ်၊ ကျွန်မကို ခေါ်သွားပါနော်၊ လယ်တောအိမ်ရာဝင်းထဲမှာ အလောင်းသုံးလောင်းတောင် ရှိနေတာ၊ တကယ် ကြောက်စရာ ကောင်းတယ်၊ နောက်ထပ် တစ်ချက် ထပ်ကြည့်လိုက်ရင်တောင် အိပ်မက်ဆိုး မက်တော့မလိုပဲ”
“ဟုတ်လား၊ အဲဒီလောက်တောင် ကြောက်တာလား”
“အင်း” အားချန်က ခေါင်းကို အတင်းညိတ်လိုက်သည်။ “အရမ်း ကြောက်စရာကောင်းတယ်”
“ကြည့်ဖန်များရင် ရိုးသွားမှာပါ”
အားချန် နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းအိမ်များ ချက်ချင်း နီရဲလာကာ အသံမှာ တုန်ယင်နေပြီး နားထောင်ရသည်မှာ အလွန် သနားစဖွယ် ကောင်းလှသည်။ “ဒါက လူကြီးမင်းရဲ့ အမိန့်ဆိုရင်တော့ ကျွန်မ နာခံရမှာပေါ့”
သူမသည် ပိုင်ရှိုးမင်၏လက်ကို လွှတ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးလိုက်လေသည်။ ထို့နောက် နောက်ထပ် နှစ်လှမ်း ထပ်တိုးလိုက်သည်။
“ပြန်လာခဲ့”
အားချန် ချက်ချင်း လှည့်လာပြီး ပိုင်ရှိုးမင်ဘေးသို့ အမြန် ပြန်ရောက်လာသည်။
“ဒီအရာရှိ မင်းအတွက် တစ်ခါလောက် ခြွင်းချက် ထားပေးမယ်”
“ကျေးဇူးတင်ပါတယ် လူကြီးမင်း” အားချန်သည် ချက်ချင်း ပြုံးရွှင်သွားပြီး လှည့်ကြည့်လိုက်ရာ နဂါးသွေးမြင်းများစွာထဲမှ အကြီးဆုံး မြင်းနက်တစ်ကောင်ကို တွေ့လိုက်ရသည်။
သူမသည် ထိုမြင်းဆီသို့ အပြေးသွားကာ မျက်နှာကို ပွတ်သပ်ပေးပြီး သူမကို တစ်ချက်ကြည့်ရန် အချက်ပြလိုက်သည်။
မြင်းနက်သည် အားချန်ကို ပြီးစလွယ်သာ တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွှဲသွားသည်။ သိပြီဟူသော သဘော။ ထို့နောက် အားချန်သည် ဘေးသို့ပတ်သွားပြီး ကုန်းနှီးကို ကိုင်ကာ မြင်းပေါ်သို့ အလွယ်တကူ တက်လိုက်တော့သည်။
သည်လူကြီး ရုတ်တရက် စိတ်ပြောင်းသွားမည်ကို ကာကွယ်ရန်အတွက် သူမ အရင်ဦးဆုံး နေရာဦးထားမှ ဖြစ်မည်။
အားချန်က ထိုင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က လက်ဖျောက်တီးလိုက်ရာ သူမစီးထားသော မြင်းသည် အသံလာရာသို့ တဒုန်းဒုန်း ပြေးသွားလေသည်။
“ဖြည်းဖြည်းမောင်းပါ၊ ကျွန်မ သေချာ မထိုင်ရသေးဘူး” အားချန်မှာ မကျေမနပ် ညည်းညူလိုက်၏။
မြင်းနက်က နှာခေါင်းရှုံ့လိုက်၏။ သူမ အလုပ်ရှုပ်နေသည်ကို မုန်းတီးသောကြောင့် ဖြစ်မည်။
ခြေလှမ်းအနည်းငယ်မျှသာ မဝေးလျှင် လူနှင့်မြင်း ရန်ဖြစ်ကြဦးမည်မှာ သေချာသည်။
မြင်းနက်သည် ပိုင်ရှိုးမင်၏ ဘေးတွင် ရပ်တန့်သွားရာ သူသည် မြင်းပေါ်သို့ တက်လိုက်ပြီး လက်တစ်ဖက်ဖြင့် အားချန်၏ ခါးကို ဖက်ထားကာ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ “လယ်တောအိမ်ကို သွားပြီး ပေဟွမ်ဝမ်ထိုက်ဖေး အလောင်းကို သိမ်းလိုက်၊ အသံတိုးတိုး လုပ်ကြ၊ လယ်သမားတွေ လန့်မသွားစေနဲ့”
“ဟုတ်ကဲ့”
ထို့နောက် တစ်နေရာတည်းတွင် တောင့်တောင့်ကြီး ရပ်နေသော လျန်ယန်ကို ကြည့်လိုက်လေသည်။ “လျန်လူကြီးမင်း”
လျန်ယန်သည် အတွေးလွန်နေပုံရပြီး တုံ့ပြန်မှု အနည်းငယ် နှေးကွေးနေသည်။ “...ပိုင်လူကြီးမင်း ဘာအမိန့်ရှိပါသလဲ”
“လျန်လူကြီးမင်းက ပေဟွမ်ဝမ်ထိုက်ဖေး အလောင်းကို ဘယ်လို ရှာတွေ့တာလဲ”
ဤမေးခွန်းကိုသာ မေးသည်ကို ကြားလိုက်ရသောအခါ လျန်ယန် စိတ်သက်သာရာ ရသွားပြီး အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ “ကျွန်တော်မျိုးက လယ်တောအိမ် မျက်နှာချင်းဆိုင် တောင်ကုန်းတဝက်က ဘုရားကျောင်းပျက်ထဲမှာ ထိုက်ဖေးနဲ့ ကျောက်အိမ်တော် အိမ်စေတွေရဲ့ ခြေရာကို တွေ့ခဲ့တာပါ၊ ပြီးတော့ ဘုရားကျောင်းထဲက ကျန်ရစ်တဲ့ ခြေရာတွေအတိုင်း လယ်တောအိမ်ကို ရှာတွေ့ပြီး အလောင်းကို တွေ့ခဲ့တာပါ”
“လျန်လူကြီးမင်းက ခြေရာခံတဲ့နေရာမှာ တကယ်တော်တာပဲ”
“ပိုင်လူကြီးမင်း မြှောက်ပင့်လွန်းပါပြီ”
“ကြားတယ်မလား” ပိုင်ရှိုးမင်က ဘေးတွင် စောင့်နေသော ကျန်းခိုင်ကို ကြည့်လိုက်သည်။
“တပည့် အခုပဲ လူခေါ်သွားလိုက်ပါ့မယ်”
ဤအမှုကို ပိုင်ရှိုးမင် လက်ခံလိုက်ပြီ ဖြစ်သော်လည်း နောင်တစ်ချိန်တွင် မှတ်တမ်းများ မှားယွင်းမှု မရှိစေရန် မင်ကျင့်စီးကလည်း အခင်းဖြစ်ပွားရာ နေရာကို သွားရောက် စစ်ဆေးရလိမ့်မည်။
ကျန်းခိုင် လူခေါ်သွားပြီးနောက် ကျန်ရှိသော မင်ကျင့်စီးအစောင့်များသည် လျန်ယန် ခေါ်လာသော လက်အောက်ငယ်သားများကို ထိန်းသိမ်းထားလိုက်သည်။ ကျောက်ဟုန်လျန်ကတော့ ခြေထောက်ဒဏ်ရာကြောင့် လူထမ်းပြီး ခေါ်သွားရသည်။ လျန်ယန်၏ နောက်တွင်လည်း လူနှစ်ယောက် ရပ်စောင့်နေသည်။
ဤလူနှစ်ယောက်၏ ကျင့်ကြံမှုသည် သူ့အောက် နိမ့်သော်လည်း လျန်ယန်ကတော့ မူမမှန်သော အရိပ်အယောင် လုံးဝ မပြရဲပေ။
“အခြေအနေအရမို့ လျန်လူကြီးမင်း သည်းခံလိုက်ပါဦး” ပိုင်ရှိုးမင်၏ အသံသည် အပေါ်စီးမှ ထွက်ပေါ်လာသည်။
လျန်ယန်က အလျင်အမြန် ပြောလိုက်သည်။ “မခံယူဝံ့ပါဘူး”
တစ်ဖက်လူ ပါးစပ်ဟလိုက်တိုင်း သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေသည်။
သူသည် မြင်းပေါ်ရှိ လူကို မော့မကြည့်ရဲသော်လည်း သစ်ခွပန်းပုံစံ ထိုးထားသော အစိမ်းရောင်ဖျော့ဖျော့ စကပ်အနားနှင့် ပိုင်ရှိုးမင်၏ အနီရောင် အရာရှိဝတ်ရုံ အနားစတို့ ထပ်နေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
ပြောရရင် ရယ်စရာ ကောင်းပေသိ လျန်ယန်သည် လွန်ခဲ့သော ကာလကြာရှည်ကတည်းက ဤပိုင်လူကြီးမင်း၏ အချစ်ဇာတ်လမ်းများကို ကြားဖူးခဲ့သည်။
သူ့မှတ်ဉာဏ်ထဲတွင် အစွဲဆုံးကတော့ ပိုင်ရှိုးမင်သည် အမျိုးသမီးတစ်ဦးအတွက် သန်းခေါင်ယံအချိန်ကြီး နန်းတော်တံခါးကို သွားခေါက်ခဲ့သည့် ကိစ္စပင်။ ထိုစဉ်က သူသည် ပိုင်ရှိုးမင်ကဲ့သို့သော လူမျိုးကို စိတ်ဝင်စားစေသည့် အမျိုးသမီးက မည်သို့သောသူ ဖြစ်မလဲဟုပင် သိချင်ခဲ့မိသေးသည်။
သူသည် လူလွှတ်ပြီး အထူးတလည် စုံစမ်းခိုင်းခဲ့ရာ ထိုအမျိုးသမီးသည် ကျင့်ယန်မြို့စားအိမ်တော်မှ စွန့်ပစ်ခံရသော သမီးဖြစ်ပြီး မျိုးရိုးနာမည်မှာ ကျိဖြစ်ကြောင်း၊ ပိုင်ရှိုးမင်သည် ထိုအမျိုးသမီးအတွက် ကျင့်ယန်မြို့စားအိမ်တော်ကို အငြိုးထားရန်ပင် ဝန်မလေးကြောင်း သိရှိခဲ့ရသည်။
ထိုစဉ်က သူသည် နောင်တစ်ချိန်တွင် မတော်တဆ ထိပ်တိုက် မတွေ့မိစေရန် ဤပိုင်လူကြီးမင်း၏ တားမြစ်ချက်ကို သိရှိလိုရုံသာ ဖြစ်သည်။ သို့သော် သူသည် တစ်ဖက်လူနှင့် တကယ် တွေ့ဆုံခဲ့ပြီး လူကို မမှတ်မိရုံသာမက သေလောက်အောင်ပင် ပြစ်မှားမိခဲ့သည်ကို မထင်မှတ်ထားခဲ့ပေ။
လျန်ယန်၏ စိတ်လှုပ်ရှားမှုကို ပိုင်ရှိုးမင် မြင်သော်လည်း ဘာမှ မလုပ်ခဲ့ပေ။
ဤနေရာရှိ ကိစ္စများကို ဖြေရှင်းပြီးနောက် သူသည် မြင်းခေါင်းကို လှည့်ကာ ကျန်ရှိသော လက်အောက်ငယ်သားများနှင့်အတူ မြို့ထဲသို့ ပြန်သွားခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင် အားချန်သည် ပိုင်ရှိုးမင်၏ ရင်ခွင်ထဲ၌ လိမ်လိမ်မာမာ မှီနေပြီး မြို့ထဲသို့ ရောက်လာပြီး သွားနှုန်း နှေးကွေးသွားကာ မြင်းခွာသံများ သိပ်မဆူညံတော့မှ သူမက တိုးတိုးလေး မေးလိုက်လေသည်။ “ဟွေ့ညန် ဘယ်ရောက်သွားတာလဲ၊ ဘာလို့ ရှင်တို့နဲ့အတူ မပါလာတာလဲ”
ပိုင်ရှိုးမင် သူမနားနား ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ “လိမ်လည် တိုင်ကြားမှုနဲ့ ထောင်ကျသွားပြီ”
“လိမ်တာ!” အားချန်ကတော့ မယုံပေ။
နောက်တစ်ခဏတွင် သူမ၏ နားရွက်ဖျားလေး နွေးသွားသည်ကို ခံစားလိုက်ရပြီး ထိုအပူဓာတ်က မည်သည့်နေရာမှ လာသည်ကို သိလိုက်ရသည်။ သူမ မတုံ့ပြန်နိုင်မီမှာပင် ရုတ်တရက် နားရွက်ဖျားလေး အကိုက်ခံလိုက်ရသည်။ မနာသော်လည်း ခံစားမှုက ထူးခြားနေသည်။
“အယ်၊ ရှင် ဘာလုပ်တာလဲ” အားချန် အော်ဟစ်လိုက်ပြီး နားရွက်ကို အမြန် အုပ်လိုက်သော်လည်း သူမ၏လက်သည် မရောက်မီ အဖမ်းခံလိုက်ရသည်။
ပိုင်ရှိုးမင် သူမလက်ကို ဆုပ်ကိုင်ထားရင်း မေးလိုက်လေသည်။ “ပြန်ပေးဆွဲခံရတာ ပျော်ဖို့ကောင်းလား”
သူက ပုံမှန်အတိုင်း ပြုမူနေလွန်းသဖြင့် အားချန်က ဒီလူကြီး စိတ်ပြေသွားပြီဟု ထင်မှတ်ခဲ့သော်လည်း ဒီနေရာမှာ စောင့်နေတာကိုး။
အမှန်တရား ပြောမလား၊ လိမ်ပြောမလားဟု ချိန်ဆပြီးနောက် နောက်ဆုံးတွင် အားချန်မှာ အမှန်အတိုင်း ဖြေလိုက်ရတော့သည်။ “သိပ် ပျော်ဖို့မကောင်းဘူး၊ နည်းနည်း အန္တရာယ်များတယ်”
ရှန့်ယင်နှင့် တိုက်ခိုက်သော ထိုလူ၏ ကျင့်ကြံမှုသည် မနိမ့်ပေ။ အကြိမ်အနည်းငယ် သူမကို ထိခိုက်လုနီးပါး ဖြစ်ခဲ့သည်။
ထိုအကြောင်းကို တွေးမိသောအခါ အားချန်က ဆက်ပြောလိုက်လေသည်။ “အဲဒီလူက ကျွန်မဆီကို လက်နက်ဝှက်တွေ အများကြီး ပစ်ခဲ့တယ်၊ အရမ်း ယုတ်မာတယ်၊ ကြည့်ရတာ ရက်စက်ကြမ်းကြုတ်ပြီး လူ့အသက်ကို တန်ဖိုးမထားတဲ့ပုံပဲ”
သူမ ယခုအချိန်ထိ တိုင်တောရန် မမေ့သေးသည်ကို မြင်သောအခါ ပိုင်ရှိုးမင် ရယ်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရလေသည်။
သူသည် လက်မြှောက်ကာ အားချန်၏ မေးစေ့လေးကို ကိုင်လိုက်ပြီး တိုးရှရှလေသံဖြင့် ပြောလိုက်လေသည်။ “အဲဒါ မင်း ကိုယ်တိုင် ရှာတဲ့ပြဿနာ မဟုတ်ဘူးလား။ နောက်တစ်ခါ ထပ်ဖြစ်ရင် မင်းကို မြေအောက်အကျဉ်းထောင် အောက်ဆုံးထပ်မှာ ဖမ်းချုပ်ထားလိုက်မယ်”
“ဒါဆို ရှင် ကျွန်မနဲ့အတူ လိုက်နေပေးမှာလား” အားချန် မျက်တောင်ခတ်ကာ သူ့ကို ကြည့်လိုက်သည်။
ပိုင်ရှိုးမင် ပြန်မဖြေပေ။ သူ ဘာတွေ တွေးနေသည်မသိ၊ မျက်ဝန်းအရောင်များ ရုတ်တရက် ရင့်သွားသည်။
အားချန် သူ၏ မူမမှန်မှုကို သတိမထားမိဘဲ ဇွဲမလျှော့ဘဲ ထပ်မေးလိုက်သည်။ “ရှင် မပြောရသေးဘူးနော်၊ ဟွေ့ညန် ဘယ်ရောက်သွားတာလဲလို့”
“ဖုန်းယန်က သူ့ကိုခေါ်ပြီး တခြားလမ်းကနေ မင်းရဲ့ လယ်တောအိမ်ရာဝင်းကို သွားပြီ”
“ရှင် ဘာလို့ စောစောက မပြောတာလဲ” အားချန်က ညည်းညူလိုက်လေသည်။ စောစောက သိရင် သူမ တိုက်ရိုက် လယ်တောအိမ်ကို ပြန်လိုက်မှာပေါ့။
“အလောင်းတွေ မြင်ရမှာ ကြောက်လို့ မြို့ထဲပြန်ခေါ်သွားပါဆိုပြီး တောင်းဆိုတာ မင်း မဟုတ်ဘူးလား”
အားချန် ကိုယ်ပြောခဲ့သော စကားနှင့် ကိုယ်ပြန်ပိတ်မိသွားသဖြင့် နှစ်ချက်မျှ ညည်းလိုက်ပြီး သူ့ကို ဆက်မငြင်းတော့ပေ။
လူအုပ်ကြီး မင်ကျင့်စီးသို့ ပြန်ရောက်သောအခါ ပိုင်ရှိုးမင်သည် အားချန်ကို မြင်းပေါ်မှ ချပေးလိုက်ပြီး ကျန်းခိုင်ကို ခေါ်လိုက်၏။
“လူကြီးမင်း ဘာအမိန့်ရှိပါသလဲ” ကျန်းခိုင် အလျင်အမြန် ရှေ့တိုးလာသည်။
“သူ့ကို ထွက်ဆိုချက် ယူလိုက်၊ ပြီးရင် လူကို ပြန်ပို့ပေးလိုက်”
ကျန်းခိုင် အားချန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။ “လူကြီးမင်း စိတ်ချပါ၊ တပည့် မိန်းကလေးကျိကို အိမ်တိုင်ရာရောက် ဘေးကင်းကင်းနဲ့ ပို့ပေးပါ့မယ်”
“အင်း” ပိုင်ရှိုးမင် စကားအများကြီး မပြောတော့ဘဲ မြင်းခေါင်းလှည့်ကာ ထွက်ခွာသွားခဲ့သည်။
ပေဟွမ်ဝမ်ထိုက်ဖေးသည် ရှန့်ကျင်းတွင် သေဆုံးသွားခဲ့ပြီး သူသည်လည်း စစ်တပ်ကွပ်ကဲရေးဌာနမှ လူများကို ပုဂ္ဂလိကသဘောဖြင့် ဖမ်းဆီးထားသဖြင့် ယခုချက်ချင်း နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကို သွားရောက်တွေ့ဆုံရမည်။
ပိုင်ရှိုးမင် စာကြည့်ဆောင်ထဲ ဝင်သွားချိန်တွင် အရှင်မင်းကြီးသည် အိမ်ရှေ့စံမင်းသားနှင့် စကားပြောနေလေသည်။ သားအဖနှစ်ဦး ဘာတွေ ဝမ်းသာစရာ ပြောနေကြသည်မသိ၊ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကြသည်။
သူ့ မျက်လုံးအနည်းငယ် လှုပ်ရှားသွားပြီး သူတို့နှစ်ဦး ဘာကိစ္စ ဝမ်းသာနေသည်ကို ခန့်မှန်းမိလိုက်သည်။ အိမ်ရှေ့စံမင်းသမီးသည် နှစ်လအတွင်း မီးဖွားတော့မည် မဟုတ်ပါလား။
ပိုင်ရှိုးမင်ကို မြင်သောအခါ အရှင်မင်းကြီးက လက်ဝှေ့ယမ်းပြလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်၏။ “မင်း ဒီနေ့ ဘယ်လိုလုပ်ပြီး နန်းတော်ထဲ ဝင်လာတာလဲ”
ပိုင်ရှိုးမင်သည် သားအဖနှစ်ဦး၏ စိတ်ပျော်ရွှင်မှုကို မဖျက်ဆီးချင်သော်လည်း အမှန်အတိုင်း တင်ပြလိုက်ရသည်။ “အရှင်မင်းကြီး၊ ပေဟွမ်ဝမ်ထိုက်ဖေး သေဆုံးသွားပါပြီ”
အရှင်မင်းကြီးနှင့် အိမ်ရှေ့စံမင်းသားတို့၏ မျက်နှာများ တပြိုင်နက်တည်း တည်သွားကြပြီး အရှင်မင်းကြီးက အေးစက်စက် မေးလိုက်သည်။ “ဘယ်သူ့လက်ချက်လဲ”
“လူသတ်တရားခံက ထိုက်ဖေးရဲ့ မြေး ရှန့်ယင် ဖြစ်နိုင်ခြေ ရှိပါတယ်”
ဤစကားတစ်ခွန်းတည်းတွင် အကြောင်းအရာများစွာ ပါဝင်နေသဖြင့် အရှင်မင်းကြီးက သိပ်မအံ့ဩသော်လည်း အိမ်ရှေ့စံမင်းသားကတော့ အံ့ဩသွားသည်။ “ပေဟွမ်ဝမ်က အိမ်ထောင်မပြုရသေးဘူး မဟုတ်လား”
အရှင်မင်းကြီး သားဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ မေးလိုက်သည်။ “ဖြစ်ဖွယ်ရှိပါတယ် ဆိုတာ ဘာသဘောလဲ”
“ကျွန်တော်မျိုး နန်းတော်ထဲကို အလျင်စလို ဝင်လာရလို့ တရားဝင် စစ်ဆေးမေးမြန်းခြင်း မပြုရသေးပါဘူး၊ အရှင်မင်းကြီး ခွင့်လွှတ်ပါ”
အရှင်မင်းကြီး လက်ကာပြလိုက်သည်။ “မင်း နန်းတော်ထဲ ဝင်လာတာ ဒီကိစ္စ တစ်ခုတည်းကြောင့် မဟုတ်ဘူးမလား”
အကယ်၍ ကိစ္စသေးသေးလေးသာဆိုလျှင် ပိုင်ရှိုးမင်ကဲ့သို့ သတိကြီးသူသည် အမှုမစစ်ဆေးဘဲ သူ့ကို တိုက်ရိုက် လာတွေ့မည် မဟုတ်ပေ။
“မှန်ပါတယ်၊ ရှန့်ယင် ပြောပြချက်အရ လွန်ခဲ့တဲ့ နှစ် ၂၀ က ရှန့်မိသားစု မျိုးပြုန်းသွားတဲ့အမှုမှာ ပေဟွမ်ဝမ်နဲ့ ကျောက်မိသားစု ပူးပေါင်းကြံစည်ခဲ့တာပါ၊ ထိုက်ဖေးလည်း တရားခံအစစ်တွေထဲက တစ်ယောက်ပါပဲ။ မိသားစုနှစ်ခုက ရှန့်မိသားစုရဲ့ စည်းစိမ်တွေကို ခွဲဝေယူလိုက်ကြပြီး အခု ရှန့်မိသားစုရဲ့ ပစ္စည်းတွေ တစ်ဝက်လောက်က ကျောက်မိသားစုရဲ့ လျှို့ဝှက်ချက်ခန်းထဲမှာ ရှိနေပါသေးတယ်။ သူ လူသတ်ရတာက တစ်ချက်က အရှင်မင်းကြီးဆီ တရားမျှတမှု တောင်းခံဖို့၊ နှစ်ချက်ကတော့ ဒီမိသားစုနှစ်ခုရဲ့ ယုတ်မာတဲ့ ရည်မှန်းချက်တွေကို အရှင်မင်းကြီးကို ဖော်ထုတ်ပြသဖို့ပါ”
“ရှန့်မိသားစု မျိုးပြုန်းတဲ့အမှု ဟုတ်လား” အရှင်မင်းကြီး အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်လေသည်။ “အဲဒါ ဝိညာဉ်ထိန်းချုပ်တဲ့ မိသားစု မဟုတ်လား။ အဲဒီတုန်းက ဒီကိစ္စက တော်တော် ဂယက်ရိုက်သွားတယ်လို့ ကျန်း မှတ်မိနေသေးတယ်”
ပိုင်ရှိုးမင်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပါတယ်၊ ရှန့်မိသားစု မျိုးပြုန်းသွားပြီးနောက် ဝိညာဉ်တံခါးကြီး ပွင့်သွားပြီး အနီးအနားက မြို့နယ်တွေပါ ထိခိုက်ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်”
“ဒီရှန့်မိသားစုက ဘယ်လိုလုပ်ပြီး ထိုက်ဖေးနဲ့ ပတ်သက်သွားတာလဲ”
“ထိုက်ဖေးရဲ့ သားကြီးမိန်းမက ရှန့်မိသားစုကပါ၊ အဲဒီတုန်းက မင်ကျင့်စီးက ထိုက်ဖေးကို စုံစမ်းဖူးပေမယ့် သက်သေမရှိခဲ့ပါဘူး၊ အဲဒီတုန်းက ကျောက်မိသားစုမှာလည်း ဒီကိစ္စကို လုပ်နိုင်တဲ့ အရည်အချင်း မရှိလို့ အသေးစိတ် မစစ်ဆေးခဲ့ပါဘူး”
အရှင်မင်းကြီး၏ မျက်လုံးများက မှေးစင်းသွားလေသည်။ “အဲဒီနောက် မကြာခင်မှာပဲ ပေဟွမ်ဝမ်က နောက်မိဖုရားခေါင် တင်မြှောက်ဖို့ စာလွှာတင်ခဲ့တယ်လို့ ကျန်း မှတ်မိတယ်”
“မှန်ပါတယ်”
ကျောက်မိသားစုမှ ဤထိုက်ဖေးသည် ယခင် ပေဟွမ်ဝမ်မယားကြီး မဟုတ်ပေ။ သို့သော် ဤမိဖုရားခေါင်အသစ်သည် အိမ်ထောင်ပြုဖူးရုံသာမက ကလေးပါ မွေးဖူးသဖြင့် အရှင်မင်းကြီးက အထူး မှတ်မိနေခြင်းဖြစ်သည်။
“တော်လိုက်တဲ့ အရည်အချင်း၊ ကျန်းရဲ့ မျက်စိအောက်မှာတင် ပူးပေါင်းသွားကြတယ်ပေါ့” အရှင်မင်းကြီး၏ လေသံက အေးစက်သွားလေသည်။ “သွားစစ်ဆေး၊ ကျန်း အမှန်တရားကို သိချင်တယ်”
“အရှင်မင်းကြီး၊ ဧကရာဇ်ဆရာရဲ့ ဩဇာအာဏာက ရှိနေသေးတော့ ကျွန်တော်မျိုး အခုသွားစစ်ဆေးရင် မနက်ဖြန် မနက်ညီလာခံမှာ ကန့်ကွက်တဲ့ စာလွှာတွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်”
အရှင်မင်းကြီးက သူ့ကို မကျေမနပ် မျက်စောင်းထိုးလိုက်လေသည်။ “မင်း မသွားရင် ကျန်း အခုပဲ ကျင်းတူးပြီး မင်းကို မြှုပ်ပစ်လိုက်မယ်”
အရှင်မင်းကြီးသည် ကျောက်မိသားစုအပေါ် သံယောဇဉ် မရှိပေ။ ကျောက်ချီသည် သူ့ခမည်းတော်၏ အချစ်တော် ဖြစ်သော်လည်း သူ့အချစ်တော် မဟုတ်ပေ။
သူ ကျောက်မိသားစုကို မျက်နှာသာပေးခြင်းမှာ ယခင်အရှင်မင်းကြီးကို ထောက်ထား၍သာ။
သို့သော် ဤကိစ္စသည် ပေဟွမ် ဝမ်အိမ်တော်နှင့် တကယ် ပတ်သက်နေလျှင်တော့ အံ့အားသင့်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။
“ကျွန်တော်မျိုး အမိန့်တော် နာခံပါ့မယ်” ပိုင်ရှိုးမင်၏ လေသံက တုံ့ဆိုင်းသွားပြီး “ကျွန်တော်မျိုးမှာ ကိစ္စတစ်ခု ရှိပါသေးတယ် ...”
“ပြော”
“ဒီနေ့ ကျောက်ချီရဲ့ သားကြီး ကျောက်ဟုန်လျန်က စစ်တပ်ကွပ်ကဲရေးဌာန တပ်မှူး လျန်ယန် အပါအဝင် လူအများအပြားကို ခေါ်ဆောင်ပြီး ရှန့်ယင်ကို ဝိုင်းဝန်းသတ်ဖြတ်ကာ နှုတ်ပိတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့လည်း ရှန့်ယင် ပြောတာတွေကို ကြားသွားကြပြီ၊ သတင်းပေါက်ကြားမှာ စိုးရိမ်လို့ ကျွန်တော်မျိုး လူတွေကို မင်ကျင့်စီးကို ခေါ်သွားလိုက်ပါတယ်၊ အရှင်မင်းကြီး အမိန့်ချမှတ်ပေးပါ”
အရှင်မင်းကြီးက အေးစက်စက် ပြုံးလိုက်လေသည်။ “ကျန်း ဒီမင်းဆရာကြီးကို အထင်သေးမိသွားတာပဲ၊ စစ်တပ်ကွပ်ကဲရေးဌာနရဲ့ တပ်မှူးကတောင် သူ့အတွက် အလုပ်လုပ်ပေးနေတယ်ပေါ့”
ဤကိစ္စကို အသေးအဖွဲ ပြောရလျှင် ကျောက်မိသားစုက ထိုက်ဖေး၏ ခြေရာကို ရှာဖွေရာတွင် အကူအညီတောင်းခြင်းသာ ဖြစ်သည်။ သို့သော် ယခုအခါ ၎င်းသည် သူတို့၏ မရိုးသားမှုကို သက်သေပြနေသကဲ့သို့ ဖြစ်နေသည်။ တမင်တကာ မပေါင်းသင်းလျှင် သူတို့က လျန်ယန်ကို မည်သို့ ခိုင်းစေနိုင်ပါမည်နည်း။
မကောင်းကြံထားတာ မရှိရင် ကျောက်မိသားစုက ဘာဖြစ်လို့ စစ်တပ်ကွပ်ကဲရေးဌာနက လူတွေနဲ့ ပေါင်းသင်းရမှာလဲ။
နှိုင်းယှဉ်ကြည့်လိုက်လျှင် ပိုင်ရှိုးမင်က လူဖမ်းထားသည်မှာ ကိစ္စသေးသေးလေး ဖြစ်သွားလေသည်။
အရှင်မင်းကြီးက ပိုင်ရှိုးမင်ကို ကြည့်လိုက်ကာ “မင်း လုပ်တာ ကောင်းတယ်၊ အဲဒီ ရှန့်ယင်ကို ပြောလိုက်၊ သူသာ ပူးပေါင်းဆောင်ရွက်ပြီး လျှို့ဝှက်ခန်းကို ရှာပေးရင် ကျန်း သူ့ကို တရားမျှတမှု ပေးမယ်လို့”
“အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်”
...