← Chapters

မင်း တကယ် အသက်ရှင်နေတာပဲ ...

Vol. 17 Ch. 167

မင်း တကယ် အသက်ရှင်နေတာပဲ ...

Vol. 17 Ch. 167

ကျောက်မိသားစု ပြဿနာတက်သော ပထမနေ့တွင် ကျောက်ချီအတွက် တောင်းပန်ပေးခဲ့သော တပည့်များသည် အရှင်မင်းကြီး၏ အမိန့်ဖြင့် အိမ်ပြန်ပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန် ပြန်လွှတ်ခြင်း ခံလိုက်ရပြီး ပြန်လာမည့်ရက် အတိအကျ မရှိပေ။

သူတို့ ပြန်ရောက်လာသည့်အခါ ရာထူးနေရာ လစ်လပ်နေဦးမည်လား ဆိုသည်မှာ မသေချာပေ။

ထိုအချိန်မှစ၍ ကျောက်ချီတွင် အပြစ်မရှိကြောင်း အရှင်မင်းကြီးရှေ့တွင် ပြောဆိုဝံ့သူ မရှိတော့ပေ။

မြေအောက်အကျဉ်းထောင်သို့ ရောက်သွားသော ကျောက်ချီသည် အဖမ်းခံရသည့် ညမှာပင် ပိုင်ရှိုးမင်ကို တောင်းပန်ကာ ပူးပေါင်းဆောင်ရွက်ပါမည်ဟု ပြောဆိုခဲ့သည်။ ဤနေရာတွင် ပါးစပ် မည်မျှလုံသောသူ ဖြစ်ပါစေ တစ်ကြိမ် ညှဉ်းပန်းနှိပ်စက်လိုက်ရုံဖြင့် ပါးစပ်ဟလာမည်သာ။

နောက်ဆုံးတွင် ဝန်ခံသင့်သည်များ၊ ဝန်မခံသင့်သည်များ အကုန်လုံးကို သူ ဝန်ခံလိုက်သည်။

သူ၏ ဝန်ခံချက်ထဲတွင် ကျောက်မိသားစု တစ်ခုလုံးသည် ပေဟွမ်ဝမ်အိမ်တော်၏ ဦးဆောင်မှုကို နာခံခဲ့ပြီး ရှန့်မိသားစုအပေါ် ပြုမူခဲ့သမျှ အားလုံးသည် ယခင်ပေဟွမ်ဝမ်စေခိုင်းမှုကြောင့် ဖြစ်သည်။ ယခင်ပေဟွမ်ဝမ်သည် ရှန့်မိသားစု၏ ပစ္စည်းများကို လိုချင်ရုံသာမက ရှန့်မိသားစု၏ မပေါက်ကြားစေသော ဝိညာဉ်ထိန်းချုပ်နည်းကိုပါ လိုချင်ခဲ့သည်။

ဤဝန်ခံချက်သည် ကျောက်မိသားစုအတွက် အကျိုးမရှိသည့်အပြင် ပေဟွမ်ဝမ်အိမ်တော်ကိုပါ ရေထဲ ဆွဲချလိုက်သလို ဖြစ်သွားလေသည်။ ယခင်ပေဟွမ်ဝမ်နှင့် ကျောက်ချီတို့ အောက်လောကတွင် ပြန်ဆုံတွေ့ကြလျှင် အစကတည်းက ကျောက်မိသားစုကို မရှင်းပစ်ခဲ့မိသည်ကို အကြီးအကျယ် နောင်တရနေလောက်ပြီ။

နှစ်ရက်အကြာတွင် ကျောက်ချီ၏ ဝန်ခံချက်နှင့် ကျောက်မိသားစုဝင်များ ကျူးလွန်ခဲ့သော ပြစ်မှုများကို အရှင်မင်းကြီးထံ တင်ပြလိုက်ရာ အရှင်မင်းကြီးသည် အနီရောင် စုတ်တံဖြင့် အမိန့်ချမှတ်ကာ ကျောက်မိသားစု တစ်ခုလုံးကို ကွပ်မျက်ရန် အမိန့်ပေးလိုက်သည်။

ကျောက်မိသားစု ကျဆုံးသွားခြင်းနှင့်အတူ မြို့တော်ရှိ အရာရှိအများအပြားသည်လည်း ကျောက်မိသားစုနှင့် ပတ်သက်ဆက်နွယ်မှု များပြားသဖြင့် ရာထူးမှ ဖယ်ရှားခံလိုက်ရတော့သည်။

ရက်အနည်းငယ် အတွင်းမှာပင် လွန်ခဲ့သော နှစ်များစွာက ဖြစ်ပွားခဲ့သော ရှန့်မိသားစု မျိုးပြုန်းသွားသည့် အမှုနှင့်ပေဟွမ်ဝမ်ထိုက်ဖေး လုပ်ကြံခံရသည့် အမှုတို့သည် မြို့တော်တွင် ပျံ့နှံ့သွားခဲ့သည်။

အစကတော့ ပေဟွမ်ဝမ်ထိုက်ဖေး လုပ်ကြံခံရခြင်းသည် ကိစ္စကြီးတစ်ခု ဖြစ်သော်လည်း ယခုအခါ မျိုးပြုန်းသွားသည့် အမှုနှင့် ဆက်စပ်နေသဖြင့် အကြောင်းစုံ သိရှိသူတိုင်းက ရှန့်မိသားစု သေဆုံးရတာ မတရားဘူး၊ ထိုက်ဖေး မိသားစုက ရက်စက်လွန်းတယ်ဟု ပြောဆိုကြတော့သည်။

ကျောက်ချီ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော နာမည်ကောင်းသည် တစ်မနက်အတွင်း ပျက်စီးသွားခဲ့လေသည်။

ထိုက်ဖေးသည်လည်း သူမ သေဆုံးပြီးနောက် လူတွေက သူမကို တံတွေးထွေးပြီး သေတာ ကောင်းတယ်ဟု ပြောဆိုကြလိမ့်မည်ဟု ထင်မှတ်ထားမည် မဟုတ်ပေ။

ပြင်ပလောက၏ ရှုပ်ထွေးမှုများသည် အားချန်အပေါ် သက်ရောက်မှု မရှိပေ။ သူမကတော့ ပုံမှန်အတိုင်း အမွှေးနံ့သာဆိုင်တွင် ဆိုင်ထိုင်နေလေသည်။

အမွှေးနံ့သာ လာဝယ်သော ဧည့်သည်တစ်ဦးကို ပြန်လွှတ်ပြီးနောက် သူမသည် ခုံပုလေးတစ်လုံးကို ဆိုင်အပြင်သို့ ယူသွားလိုက်သည်။ ယနေ့ နေသာပြီး စာအုပ်ဆိုင်ပိုင်ရှင် သူဌေးရွှီလည်း နံရံကိုမှီကာ ထိုင်နေပြီး သူ့ဘေးတွင် ကလေးအချို့ ဝိုင်းရံနေကြသည်။

သူဌေးရွှီသည် ထိုက်ဖေး လုပ်ကြံခံရသည့် အမှုအကြောင်း အသေးစိတ် ပြောပြနေလေသည်။ သူဌေးရွှီ ပြောပြသော ဇာတ်လမ်းသည် အမှန်တရားနှင့် ကွာခြားသော်လည်း အားလုံးက မျက်တောင်မခတ်ဘဲ နားထောင်နေကြသည်။

အားချန်သည် လက်ဖြင့် ပါးကို ထောက်ထားပြီး မျက်နှာကို စောင်းပြီး အသေအချာ နားထောင်နေသည်။ နွေးထွေးသော နေရောင်ခြည်သည် သူမ၏ ဖြူဝင်းသော မျက်နှာလေးပေါ်သို့ ကျရောက်နေပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ပင်။

သူဌေးရွှီ ပြောပြီးသွားသောအခါ ကလေးများသည် ကြောက်လန့်မသွားဘဲ ဇာတ်လမ်းသစ် ပြောပြရန် ပူဆာကြသဖြင့် သူဌေးရွှီ မတတ်နိုင်ဘဲ ဇာတ်လမ်းသစ် ဆက်ပြောပြရတော့သည်။ အားချန်က သူတို့ကို ပြုံးပြီး ကြည့်နေလိုက်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဆွေမျိုးသားချင်း အပြန်အလှန် သတ်ဖြတ်သည့် အမှုသည် နောက်ဆုံးတွင် ရှန့်ကျင်းမြို့သူမြို့သားများ၏ လက်ဖက်ရည်ဝိုင်း စကားဝိုင်းတွင် ပြောစရာ ဖြစ်လာပြီး ပြည်သူများ၏ ပါးစပ်ဖျားမှတစ်ဆင့် ဆက်လက် ပြန့်နှံ့သွားလိမ့်မည်။

သို့သော် ဇာတ်လမ်းထဲတွင် သူမ ပါဝင်လိမ့်မည် မဟုတ်ပေ။

အားချန်၏ မျက်ခွံများ လေးလံလာပြီး သူဌေးရွှီ၏ အသံ တဖြည်းဖြည်း ဝေးကွာသွားကာ သူမ၏ အသိစိတ်သည် ရုတ်တရက် အမှောင်ထုထဲသို့ ကျရောက်သွားသည်။

အမှောင်ထု လွန်မြောက်သွားပြီးနောက် တောက်ပသော နေရောင်ခြည်သည် သူမအပေါ်သို့ ဆက်လက် ကျရောက်နေဆဲပင်။

ယခုအချိန်တွင် သူမသည် ဆိုင်အပြင်ဘက် မြေကွက်လပ်တွင် ပျင်းရိစွာ ဝပ်နေပြီး သူမ၏ အမွေးများသည် နေရောင်အောက်တွင် ရွှေရောင် တောက်ပနေသည်။

လမ်းမပေါ်တွင် လူသူကင်းမဲ့နေပြီး နံရံကိုမှီကာ ထိုင်နေသော သူဌေးရွှီ ပျောက်ကွယ်သွားသလို ဆိုင်ထဲရှိ ကောင်တာနောက်မှ ချန်ဟွေ့လည်း မရှိတော့ပေ။

ဤကမ္ဘာတွင် သူမနှင့် ကောင်းကင်ယံသို့ ဆက်သွယ်ထားသော အနက်ရောင် သံကြိုးတစ်ချောင်းသာ ရှိပြီး ထိုသံကြိုးသည် သူမ၏ ညာဘက်ခြေထောက်ကို ရစ်ပတ်ထားလေသည်။

ထိုသံကြိုးသည် ယိမ်းထိုးနေပြီး ကျိုးပဲ့သံများက အားချန်၏ နားထဲသို့ ဆက်တိုက် ဝင်ရောက်လာကာ သူမ၏ အကြည့်အောက်မှာပင် သူမကို ချုပ်နှောင်ထားသော နောက်ဆုံးသံကြိုးသည် တစ်စစီ ပြတ်တောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

အားချန် မတ်တပ်ရပ်ပြီး ကိုယ်ခါလိုက်ရာ အမြီးရှစ်ချောင်းသည် ဖြည်းညှင်းစွာ ယိမ်းနွဲ့လို့နေသည်။

သူမသည် လူသူကင်းမဲ့သော လမ်းမပေါ်တွင် အချိန်အကြာကြီး ပြေးလွှားနေလိုက်၏။ လမ်းမကြီးသည် အဆုံးမရှိသလို သူမလည်း မောပန်းခြင်း မရှိဘဲ လွတ်လပ်မှုကိုသာ ခံစားနေရသည်။

တစ်ပတ် ပြေးပြီးနောက် သူမသည် အိမ်ရှေ့သို့ ပြန်ရောက်လာပြီး အိမ်ထဲသို့ ခေါင်းပြူကြည့်လိုက်ရာ အထဲတွင် ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။

နောက်ဆုံးသံကြိုး ပြတ်တောက်သွားပြီးနောက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း အရာအားလုံး ပုံမှန်အတိုင်းပင် ရှိနေပြီး သူမ မျှော်လင့်ထားသည်များ ဖြစ်မလာခဲ့ပေ။

ရင်ထဲမှ ပျော်ရွှင်မှုများသည် တဖြည်းဖြည်း စိတ်ပျက်မှုဖြင့် အစားထိုးခံလိုက်ရတော့သည်။ အားချန်သည် တံခါးဝတွင် ထိုင်ပြီး အမြီးကို မြေကြီးပေါ် ချထားကာ ပြာလဲ့သော ကောင်းကင်ကြီးကို မော့ကြည့်ပြီး ညည်းတွားသံများ ပြုလုပ်လိုက်သည်။

“ကျိမိန်းကလေး၊ ကျိမိန်းကလေး ဘာဖြစ်လို့လဲ”

နားထဲတွင် စိုးရိမ်တကြီး ခေါ်သံကို ကြားလိုက်ရသဖြင့် အားချန် မျက်လုံး ဖွင့်ကြည့်လိုက်ရာ သူမကို ခေါ်နေသူမှာ သူဌေးရွှီ ဖြစ်နေသည်။

သူဌေးရွှီ စိုးရိမ်တကြီး မေးလိုက်သည်။ “ကျိမိန်းကလေး နေမကောင်းဘူးလား”

အားချန် ခေါင်းခါလိုက်ပြီး မျက်နှာပေါ်တွင် စိုစွတ်နေသည်ကို ခံစားလိုက်ရသဖြင့် လက်ဖြင့် စမ်းကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး မျက်ရည်များ ဖုံးလွှမ်းနေသည်။

အားချန်မှာ ကြောင်အသွားတော့သည်။ သူမ စောစောက ငိုလိုက်တာလား။

“သမားတော် ခေါ်ပေးရမလား” သူဌေးရွှီက စိတ်မချနိုင်သေးပေ။

“ကိစ္စမရှိပါဘူး၊ စောစောက အိပ်မက်ဆိုး မက်ပြီး လန့်သွားလို့ပါ” အားချန်က အပြုံးတစ်ခုကို ဖန်တီးပြီး သူဌေးရွှီကို ပြောလိုက်သည်။

သူဌေးရွှီက သူမ အမှန်အတိုင်း မပြောမှန်း သိသော်လည်း ဆက်မမေးတော့ပေ။

အားချန်သည် ကောင်းကင်ကို ကြည့်လိုက်ပြီး အပြင်တွင် ဆက်မထိုင်တော့ဘဲ ခုံပုလေးကို ယူကာ ဆိုင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။ ချန်ဟွေ့သည် ကောင်တာနောက်တွင် စာရင်းရှင်းနေသည်။

ခုံပုလေးကို ထောင့်တစ်နေရာတွင် ထားလိုက်ပြီး အားချန် စိတ်ထဲတွင် တွေးလိုက်သည်။ ငါ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက ကံကောင်းတဲ့ မတော်တဆမှု တစ်ခုပဲလား။ တမင်တကာ စီစဉ်ထားတာ မဟုတ်ဘဲ အဖေနဲ့ အမေရဲ့ လက်ချက်လည်း မပါဘူးပေါ့။

လူဖြစ်လာတာ တစ်နှစ်ကျော် ရှိပြီ။ လူတစ်ယောက်အနေနဲ့ နေထိုင်ရတာကို ကျင့်သားရနေပြီ။ ရှန့်ကျင်းမှာ လူတွေအများကြီးနဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ သူငယ်ချင်းတွေ ရခဲ့တယ်။ ချစ်ရတဲ့သူ ရှိလာတယ်။ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေရတယ်။

ဒီအတိုင်း ဆက်သွားရင်လည်း ကောင်းသားပဲ။

အားချန် ချန်ဟွေ့ကို မနှောင့်ယှက်ဘဲ ဆိုင်ကို ဖြတ်ပြီး နောက်ဖေးခြံဝင်းရှိ သူမ၏ အခန်းသို့ ပြန်သွားလိုက်သည်။

တံခါးဝသို့ ရောက်သည်နှင့် ရုတ်တရက် အိပ်ချင်စိတ် ဖြစ်ပေါ်လာပြီး မျက်ခွံများပင် မဖွင့်နိုင်တော့ပေ။

တံခါးပိတ်ပြီး အားချန် ကုတင်နားသို့ မနည်းလျှောက်သွားကာ ကုတင်ပေါ်သို့ မှောက်ချလိုက်သည်။ ဖိနပ်ပင် မချွတ်နိုင်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

အားချန် အိပ်ပျော်သွားသည်မှာ အလွန် နှစ်ခြိုက်လှပြီး ညနေစောင်း၍ ချန်ဟွေ့ ထမင်းစားရန် လာခေါ်သည့် အချိန်ထိ မနိုးသေးပေ။

ချန်ဟွေ့သည် မည်မျှ ခေါ်ခေါ် သူမ မျက်လုံးမဖွင့်သည့်အပြင် တုံ့ပြန်မှုပင် မရှိသဖြင့် စိတ်ပူလာပြီး သမားတော်ကို အိမ်သို့ ပင့်လိုက်ရသည်။

သို့သော် သမားတော်က သွေးစမ်းကြည့်ပြီးနောက် အားချန်၏ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ယခု ပုံမှန် အိပ်ပျော်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

ဘာဖြစ်လို့ နှိုးမရသလဲ ဆိုတာကတော့ အိပ်ချင်လွန်းလို့ ဖြစ်မှာပါ၊ မနက်ဖြန်မနက်ကျရင် သူ့အလိုလို နိုးလာလောက်ပါတယ်တဲ့။

ချန်ဟွေ့က ဒီသမားတော် မယုံရဘူးဟု ထင်သဖြင့် နောက်တစ်ယောက် ထပ်ပင့်လိုက်ရာ ဒီတစ်ယောက်၏ ရောဂါရှာဖွေချက်သည်လည်း ယခင်တစ်ယောက်နှင့် အတူတူပင် ဖြစ်နေသည်။

သမားတော်ကို ပြန်လွှတ်ပြီးနောက် ချန်ဟွေ့သည် တံခါးပိတ်လိုက်တော့၏။ သူမသည် ကိုယ့်အခန်းကိုယ် မပြန်ဘဲ အားချန်၏ အခန်းထဲတွင်သာ စောင့်နေလိုက်သည်။

ကုတင်ပေါ်တွင် အားချန်၏ အသက်ရှူသံ ပုံမှန်ဖြစ်ပြီး မျက်နှာလေးလည်း သွေးရောင်လွှမ်းနေမှ ချန်ဟွေ့မှာ စိတ်အေးသွားရတော့သည်။

သူမသည် သမားတော်နှစ်ဦး၏ စကားကို နောက်ဆုံးတွင် ယုံကြည်သွားတော့သည်။ မနက်ဖြန်မနက် အိပ်ရေးဝရင် အားချန် နိုးလာမှာပါ။

သန်းခေါင်ကျော်သွားပြီ ဖြစ်ပြီး ဖယောင်းတိုင် ကုန်သွားသဖြင့် အခန်းထဲတွင် အလင်းရောင် ပျောက်ကွယ်သွားကာ အမှောင်ထု လွှမ်းမိုးသွားသည်။

ချန်ဟွေ့သည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဖယောင်းတိုင်သစ် ယူရန် မထတော့ပေ။

ရုတ်တရက် အခန်းအပြင်ဘက်တွင် အနီရောင်အလင်းတန်း တစ်ချက် လက်သွားပြီး ခဏအကြာတွင် မိုးခြိမ်းသံများ ကောင်းကင်ယံတွင် မြည်ဟီးလာခဲ့သည်။

ချန်ဟွေ့ ပြတင်းပေါက်နား သွားပြီး တံခါးဖွင့်ကြည့်လိုက်ရာ အပြင်တွင် မိုးမရွာသော်လည်း ကောင်းကင်ယံတွင် မိုးကြိုးများ ပစ်ခတ်လို့နေသည်။ အကြောင်းအရင်းမသိ ထိုလျှပ်စီးများသည် အနီရောင် ဖြစ်နေပြီး လက်သွားတိုင်း အနီရောင်ပိုက်ကွန်ကြီး တစ်ခု ဖြန့်ကျက်လိုက်သကဲ့သို့ ဖြစ်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

မိုးခြိမ်းသံ အနည်းငယ် ကြားပြီးနောက် ချန်ဟွေ့လည်း ပြတင်းပေါက်ကို အမြန် ပိတ်လိုက်သည်။

သူမသည် ကောင်းကင်ကို ခဏလောက် မော့ကြည့်လိုက်ရုံဖြင့် ရင်တုန်ပန်းတုန် ဖြစ်လာပြီး ကောင်းကင်မှ မိုးကြိုးများသည် အန္တရာယ်ရှိကြောင်း အလိုလို ခံစားမိလိုက်သည်။

ယခုအချိန်တွင် သာ့ရှပြည် နေရာအနှံ့အပြားတွင် မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်နေပြီး လူအများအပြားသည် ဤကြောက်မက်ဖွယ် ကောင်းကင်အခြေအနေကို မြင်တွေ့လိုက်ရသည်။ ထိုအနီရောင် လျှပ်စီးများသည် ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်နေသော ဒဏ်ရာများနှင့် တူနေသည်။

မင်ဝမ်အိမ်တော်တွင် မိုးခြိမ်းသံ ကြားလိုက်သည်နှင့် မင်ဝမ်သည် တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။

သူသည် ခြံဝင်းထဲတွင် ရပ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပေါ်လာသည်။

သူက တိုးတိုးလေး ပြောလိုက်၏။ “မိတ်ဆွေဟောင်းက မတွေ့ချင်လို့လို့ ထင်နေတာ၊ တကယ်တော့ မရှိတော့တာပဲ ...”

အဆင့်၅အဆင့် ကျင့်ကြံသူ ကြွေလွှင့်သွားတော့ ကောင်းကင်နဲ့မြေကြီး ဝမ်းနည်းတာပေါ့။

တစ်ချိန်က အတူတူ တိုက်ပွဲဝင်ခဲ့ဖူးသော မိတ်ဆွေဟောင်းသည် အကြောင်းအရင်း မသိဘဲ နောက်ဆုံးတွင် ထွက်ခွာသွားခဲ့လေပြီ။

မိုးခြိမ်းသံ ထပ်မံ ထွက်ပေါ်လာပြီးနောက် မင်ဝမ်၏ အရိပ်သည် ဝမ်အိမ်တော်မှ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် ပိုင်ရှိုးမင်၏ အိမ်တော်သို့ ရောက်ရှိသွားသည်။

ပိုင်ရှိုးမင်ကလည်း နိုးနေသေးသည်။ ပိုမို တိကျစွာ ပြောရလျှင် သူ အိပ်နေပြီ ဖြစ်သော်လည်း မိုးခြိမ်းသံကြောင့် လန့်နိုးလာခြင်း ဖြစ်သည်။

မင်ဝမ် ရောက်လာချိန်တွင် သားဖြစ်သူသည် ပါးလွှာသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဝရန်တာအောက်တွင် ရပ်နေပြီး မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ စိတ်အခြေအနေ မကောင်းပုံရသည်။

“ဘာဖြစ်လို့ ရန်ငြိုးကြီးတဲ့ မျက်နှာနဲ့ ကြည့်နေရတာလဲ” မင်ဝမ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသော်လည်း ပိုင်ရှိုးမင် မအံ့ဩပေ။

“ဒီမိုးခြိမ်းသံ ဘယ်တော့ ရပ်မလဲလို့ စဉ်းစားနေတာ၊ ကျွန်တော် မနက်ဖြန် ညီလာခံ တက်ရဦးမယ်”

“ရိုင်းစိုင်းလိုက်တာ”

မင်ဝမ်၏ ဝေဖန်မှုကို ခံလိုက်ရသော်လည်း ပိုင်ရှိုးမင် မျက်နှာထား မပြောင်းလဲပေ။ “ဖုဟွမ်က မရိုင်းစိုင်းဘူးဆိုရင် မင်ကျင့်စီးကို သွားပြီး တာဝန်ထမ်းဆောင်လေ၊ ဒါဆို ကျွန်တော်လည်း ဒီလောက် ပင်ပန်းစရာ မလိုတော့ဘူး”

မင်ဝမ်မှာ ချက်ချင်း ပါးစပ် ပိတ်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

သားအဖနှစ်ဦး မိုးခြိမ်းသံကို ခဏလောက် နားထောင်ပြီးမှ ပိုင်ရှိုးမင်က မေးလိုက်သည်။ “သေဆုံးသွားတဲ့ အဆင့်၅အဆင့် ကျင့်ကြံသူကို ဖုဟွမ် သိလား”

မိုးခြိမ်းသံသာ ရှိပြီး မိုးမရွာသဖြင့် ဤမိုးခြိမ်းသံသည် ထူးဆန်းနေပြီး ကောင်းကင်နိမိတ်ဟုသာ သတ်မှတ်ရမည်။

ဤကဲ့သို့သော နိမိတ်မျိုးကို ဖြစ်ပေါ်စေနိုင်သည်မှာ အဆင့်၅အဆင့် ကျင့်ကြံသူ ပေါ်ထွက်လာခြင်း မဟုတ်လျှင် သေဆုံးသွားခြင်းသာ ဖြစ်နိုင်သည်။

လွန်ခဲ့သော တစ်ခေါက်က မိစ္ဆာမျိုးနွယ် အဆင့်၅အဆင့် ကျင့်ကြံသူ ပေါ်ထွက်လာစဉ်က အဖေဖြစ်သူက မလှုပ်ရှားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ညသန်းခေါင်ကြီး သူ့ဆီ လာရှာသည်မှာ သေချာပေါက် စိတ်ထဲတွင် တစ်ခုခု ရှိနေလို့ပင်။

မင်ဝမ်ကလည်း သူ့ကို ဖုံးကွယ်မထားပေ။ “ဟုတ်တယ်၊ ဖုဟွမ်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ”

“ဘယ်မျိုးနွယ်ကလဲ”

“မိစ္ဆာမျိုးနွယ်”

ပိုင်ရှိုးမင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဘာမှ မပြောပေ။

မင်ဝမ် မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်ကြာမှ ပြန်ဖွင့်လိုက်ရာ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်း တစ်ချက် လက်သွားသည်။

သူက ဘေးမှ ပိုင်ရှိုးမင်ကို ပြောလိုက်သည်။ “ဖုဟွမ်ရဲ့ မိတ်ဆွေဟောင်းက ကန္တာရနယ်မြေမှာ သေဆုံးသွားတာ”

“အဲဒီတော့”

“မင်း ဒီအမှုကို ပြီးအောင် လုပ်ပြီးရင် ဖုဟွမ်အစား သွားပြီး ဂါရဝပြုပေးပါ”

မင်ဝမ်သည် သာ့ရှပြည် နယ်နိမိတ်ကို စိတ်တိုင်းကျ ကျော်လွန်ခွင့် မရှိသော်လည်း ပိုင်ရှိုးမင်ကတော့ ရသည်။

“သိပါပြီ”

ကန္တာရနယ်မြေ ... ပိုင်ရှိုးမင် ရုတ်တရက် ရှီးလင်တွင် ရှိစဉ်က အားချန် လွှတ်ပေးလိုက်သော မိစ္ဆာတစ်ပိုင်းကို သတိရလိုက်သည်။ သူမလည်း ကန္တာရနယ်မြေကို သွားခဲ့သည် မဟုတ်လား။

အားချန်ကော သူမကို တွေ့ချင်နေမလား။

တစ်ချိန်တည်းမှာပင် ရှန့်ကျင်းနှင့် မိုင်ပေါင်းသောင်းချီ ဝေးကွာသော ပေဟွမ်တွင်။

ပေဟွမ်ဝမ်အိမ်တော် အပေါ်ဘက်တွင် မိုးခြိမ်းသံများ ဆူညံနေသော်လည်း စာကြည့်ဆောင်ထဲမှ လူကို လုံးဝ သက်ရောက်မှု မရှိပေ။

စာကြည့်ဆောင်ထဲတွင် ပုလဲလုံးတစ်ရာ ချိတ်ဆွဲထားသော မီးဆိုင်းကို ထုတ်တန်းပေါ်တွင် ချိတ်ဆွဲထားပြီး ကျယ်ဝန်းသော အခန်းကို လင်းထိန်နေစေလေသည်။

ပိုင်ကျန့်ဟွမ်သည် အဖြူရောင် လက်ကျဉ်း ရင်စေ့ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး စားပွဲနောက်တွင် ထိုင်နေသည်။ ပုလဲရောင် အလင်းတန်းများသည် သူ၏ ချောမောသော်လည်း ခံစားချက် ကင်းမဲ့နေသော မျက်နှာပေါ်သို့ ကျရောက်နေသည်။

ယခုအချိန်တွင် သူသည် စားပွဲပေါ်တွင် ဖြန့်ထားသော ရွှေရောင်စာအုပ်ကို ငုံ့ကြည့်နေသည်။

တိလင်းချဲ့ပင်။

ယခုအချိန်တွင် တိလင်းချဲ့ကို ဖွင့်ထားပြီး ဘယ်ဘက် ရွှေရောင်စာမျက်နှာပေါ်တွင် အားချန်၏ နာမည် ရေးထားကာ ညာဘက် ရွှေရောင်စာမျက်နှာပေါ်တွင် ကျောက်မင်ဝေ ဟူသော စာလုံးသုံးလုံး ရေးထားသည်။ ဒါကပေဟွမ်ဝမ်ထိုက်ဖေး နာမည်ပင်။

မူလက ရွှေရောင်စာမျက်နှာ နှစ်ခုစလုံးပေါ်ရှိ နာမည်များသည် မီးခိုးရောင် ဖြစ်နေသော်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မကြာမီ ဘယ်ဘက် ရွှေရောင်စာမျက်နှာပေါ်ရှိ အားချန်၏ နာမည်သည် အသက်ဝင်လာသကဲ့သို့ နဂိုအနီရောင်သို့ ဖြည်းညှင်းစွာ ပြန်ပြောင်းသွားလေသည်။

ပိုင်ကျန့်ဟွမ်၏ လက်ချောင်းများသည် ထိုစာလုံးနှစ်လုံးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “အားချန်၊ မင်း တကယ် အသက်ရှင်နေတာပဲ”

...

All Chapters