ဘယ်အဆင့် ၅ ကျင့်ကြံသူများ ကျဆုံးသွားတာလဲ
Vol. 17 Ch. 168
မိုးခြိမ်းသံသည် တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ချိုအချိန် ကုန်ဆုံးချိန်တွင် ကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးများသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ညကောင်းကင်ယံသည် မူလငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားပြီး တိမ်မည်းများ ကွဲပြယ်ကာ လမင်းသည် ခေါင်းပြူထွက်လာခဲ့ရာ ဘာမှမဖြစ်ခဲ့သလိုပင်။
လဝင်သွားပြီး နေထွက်လာချိန် ပထမဆုံး နေရောင်ခြည် ဖြာကျလာသည်နှင့် အားချန်သည်လည်း မျက်လုံးဖွင့်လာခဲ့သည်။
"အားချန်၊ ရှင် နိုးပြီလား" ချန်ဟွေ့၏ အသံထွက်ပေါ်လာပြီး ကုတင်ဘေးသို့ လျှောက်လာကာ မေးမြန်းလိုက်လေသည်။ "ခန္ဓာကိုယ်က ဘာများ နေမကောင်းဖြစ်သေးလဲ"
"မဖြစ်ပါဘူး" အားချန်က ခေါင်းခါပြလိုက်သည်။ "ကျွန်မ ခံစားလို့ အရမ်းကောင်းတယ်"
ပိုပြီးတိကျစွာ ပြောရလျှင် ယခင်ကထက် ပိုကောင်းနေခြင်း ဖြစ်လေသည်။ ဒီခန္ဓာကိုယ်ထဲတွင် သူမ နိုးထလာချိန်ကတည်းက ပါလာသည့် အားနည်းသည့် ခံစားချက်များသည် ရုတ်တရက် ပျောက်ကွယ်သွားသလိုပင်။
သူမ၏ ခန္ဓာကိုယ်သည် ယခင်က မကြုံခဲ့ဖူးသော ပေါ့ပါးခြင်းမျိုး ဖြစ်နေပြီး ဦးနှောက်ကလည်း ပိုပြီး ကြည်လင်နေသည်ဟု ခံစားလိုက်ရသည်။ ဒီလိုခံစားချက်မျိုးက သူမအတွက် အတော်လေး ဝေးကွာနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
"တကယ်လား" ချန်ဟွေ့က စိုးရိမ်နေဆဲပင်။ "ရှင် မနေ့က ရုတ်တရက် အိပ်ပျော်သွားတာလေ။ ဘယ်လိုနှိုးနှိုး မနိုးဘူး"
အားချန်က စဉ်းစားလိုက်ပြီး နှစ်သိမ့်လိုက်သည်။ "စိတ်ချပါ။ ခန္ဓာကိုယ်က ပြန်ကောင်းလာတော့မှာမို့လို့ ရုတ်တရက် အိပ်မောကျသွားတာပါ။ ရှင် အဆင့်တက်တုန်းက အိပ်ပျော်သွားတာနဲ့ အတူတူပါပဲ"
သူမ၏ ရှင်းပြချက်က ကျိုးကြောင်းဆီလျော်သော်လည်း ချန်ဟွေ့ကိုတော့ ယုံကြည်အောင် မပြောနိုင်ခဲ့ချေ။ အားချန်သည် မနက်စာ စားပြီးနောက်တွင် ချန်ဟွေ့က သူမကို နောက်တစ်လမ်းက ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။
သမားတော်ကြီးသည် မနေ့ကတည်းက အားချန်ကို စမ်းသပ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့တွင် လူက သတိရလာပြီး ချန်ဟွေ့ ခေါ်လာသည်ကို မြင်သောအခါ ရှေ့သို့တိုးလာပြီး အားချန်ကို စမ်းသပ်ပေးလိုက်လေသည်။
သမားတော်အိုကြီးသည် သွေးခုန်နှုန်းကို ခဏလောက် စမ်းသပ်ကြည့်လိုက်ရာ မျက်နှာတွင် သံသယရိပ်များ ပါဝင်နေပြီး နောက်လက်တစ်ဖက်ကို ပြောင်းလဲစမ်းသပ် လိုက်ပြန်သည်။
အချိန်အတော်ကြာမှ လက်ကိုလွှတ်လိုက်ပြီး အားချန်ကို ပြောလိုက်လေသည်။ "မိန်းကလေးက သွေးလေ လည်ပတ်မှု ကောင်းမွန်ပြီး ကျန်းမာရေးက အတော်လေး ပြန်ကောင်းနေပါပြီ"
အားချန်က ချန်ဟွေ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ချန်ဟွေ့က သမားတော်အိုကြီးကို ကျေးဇူးတင်စကားဆိုပြီး ဆေးဖိုးပေးရန် ပြင်လိုက်သော်လည်း သမားတော်အိုကြီးက ငြင်းပယ်လိုက်လေသည်။
"ဆေးဖိုး မလိုပါဘူး။ ရောဂါလက္ခဏာ စမ်းသပ်ကြည့်ရုံပါပဲ။ ဒါပေမဲ့ ကျွန်တော် မိန်းကလေးကို မေးစရာတစ်ခု ရှိလို့ပါ" သမားတော်အိုကြီးက အားချန်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"မေးပါ"
"ကျွန်တော်မျိုး မှတ်မိသလောက် အရင်က မိန်းကလေးကို စမ်းသပ်တုန်းက သွေးခုန်နှုန်းက အရမ်းအားနည်းနေခဲ့တာပါ။ မိန်းကလေးက ဘယ်လိုသမားတော်မျိုးနဲ့ တွေ့ခဲ့လို့ ဒီလောက်မြန်မြန် ပြန်ကောင်းလာရတာလဲ မသိဘူး"
အားချန်က ခဏလောက် ကြောင်သွားပြီး မရေမရာ ဖြေလိုက်သည်။ "အပြင်ထွက်လည်တုန်းက ကျောင်းကျိုးကလာတဲ့ သမားတော်တစ်ယောက်နဲ့ တွေ့ခဲ့လို့ပါ"
ငါ့ခန္ဓာကိုယ် ပြန်ကောင်းလာတာက ဒီတစ်နှစ်လုံးလုံး "သူများကို ကူညီပေးခဲ့" လို့ဆိုပြီး တစ်အိမ်ပြီးတစ်အိမ် လိုက်ပို့ပေးခဲ့လို့ပါလို့ အဘိုးကြီးကို ပြောပြလို့မှ မဖြစ်တာ။ လက်ချောင်းဆယ်ချောင်းတောင် ရေတွက်လို့ လောက်မှာ မဟုတ်ဘူး။
သမားတော်အိုကြီးက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "ဒီလိုကိုး။ ဒါဆိုရင် မိန်းကလေးအတွက် ဝမ်းသာပါတယ်"
ဆေးခန်းက ထွက်လာပြီးနောက် နှစ်ယောက်သား အိမ်သို့ တန်းတန်းမတ်မတ် မပြန်ကြဘဲ အရှေ့ဘက်ဈေးသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ အပြန်လမ်းတွင် ထျန်းကျယ်လမ်းက အထည်ဆိုင်သို့ဝင်ပြီး နွေဦးဝတ်စုံ အနည်းငယ် ချုပ်လုပ်ခဲ့ကြသည်။
ကိုယ်တိုင်းယူနေစဉ် အရင်က အကြိမ်ကြိမ် ဆက်ဆံဖူးသော အပ်ချုပ်ဆရာက အားချန်နှင့် စကားစမြည်ပြောရင်း မနေ့ညက မိုးခြိမ်းသံ အကြောင်း ပြောလာခဲ့သည်။
"မနေ့ညက မိုးခြိမ်းသံက တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ။ ကျိမိန်းကလေးရော မြင်လိုက်လား"
အားချန်က မိုးခြိမ်းသည့်ကိစ္စကို လုံးဝ မသိရှိသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "မနေ့ညက မိုးရွာလို့လား"
ဒီမနက် မြေပြင်က ခြောက်သွေ့နေပြီး မိုးရွာထားသည့် အရိပ်အယောင် လုံးဝ မရှိပေ။
အပ်ချုပ်ဆရာက ခေါင်းခါလိုက်သည်။ "အဲဒါက ထူးဆန်းတာပဲလေ။ မိုးခြိမ်းသံက တစ်နာရီကျော်လောက် ကြာတယ်။ လျှပ်စီးတွေကလည်း အနီရောင်တွေကြီးပဲ။ ဒါပေမဲ့ မိုးက မရွာဘူး။ မိုးတစ်စက်မှ မကျဘူး။ ဘယ်လိုဖြစ်တာလဲ မသိပါဘူး"
"အဲလောက်တောင် ထူးဆန်းတာလား ..."
မိုးခြိမ်းပြီး မိုးမရွာတာက ကောင်းကင်နိမိတ် ပြောင်းလဲတာပဲ။ ဘယ်အဆင့် ၅ ကျင့်ကြံသူများ ကျဆုံးသွားတာလဲ။
ဒီအတွေးက တစ်ချက်သာ ဖြတ်ပြေးသွားပြီး အားချန် ဆက်မစဉ်းစားတော့ပေ။ အကယ်၍ အဆင့် ၅ ကျင့်ကြံသူ အမှန်တကယ် ကျဆုံးသွားလျှင်လည်း သူမနှင့် မသက်ဆိုင်ပေ။
အထည်ဆိုင်က ထွက်လာချိန်တွင် မွန်းတည့်ချိန် နီးပါး ရောက်နေပြီ ဖြစ်သည်။ ယနေ့ အပြင်ထွက်ရာတွင် နှစ်ယောက်သား မြင်းလှည်း မစီးခဲ့ကြပေ။ ချန်းဖိင်ဖန်းသို့ လမ်းလျှောက်ပြန်လာရာ အားချန်သည် သိပ်ပြီး ပင်ပန်းသည်ဟု မခံစားရချေ။
ဒီအချိန်တွင် နှစ်ယောက်သား၏ လက်ထဲတွင် အထုပ်ကြီး အထုပ်ငယ်များ ပါလာပြီး အများစုမှာ စားစရာများ ဖြစ်လေသည်။ အမွှေးနံ့သာဆိုင်နှင့် မဝေးတော့သည့် အချိန်တွင် အားချန်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့ရာ လမ်းတစ်ဖက်ရှိ သူမ၏ဆိုင်ရှေ့တွင် အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း အမျိုးသားနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
လမ်းပေါ်တွင် သွားလာနေသူများ များပြားသော်လည်း ထိုလူနှစ်ယောက်က လူအုပ်ကြားတွင် အလွန်ထင်ရှားနေသည်။ သူတို့၏ အရပ်သည် အနည်းဆုံး ၈ ပေခန့် ရှိပြီး အသားအရေမှာ ညိုမည်းနေလေသည်။
သူတို့သည် သာမန် ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး တစ်ယောက်က အပြာရောင်ဝတ်ရုံ၊ တစ်ယောက်က အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြသည်။ လူအုပ်ကြားတွင် ဝင်ဆံ့အောင် ကြိုးစားနေပုံ ရသော်လည်း ထိုသို့ ဝတ်ဆင်ရသည်ကို နေသားမကျသလို ဖြစ်နေကာ အနည်းငယ် အဆင်မပြေ ဖြစ်နေပုံရသည်။
ချန်ဟွေ့သည်လည်း ဆိုင်ရှေ့တွင် ရပ်နေသော ထိုလူနှစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ သူမက အားချန်ကို ဆွဲလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ မသေမချာ ပြောလိုက်၏။ "အဲဒီလူနှစ်ယောက်ရဲ့ သွေးလေလည်ပတ်ပုံက အရမ်းသန်မာနေတယ်။ တခြားနယ်က လူမျိုးတွေနဲ့ တူတယ်နော်"
အရင်က တွေ့ဖူးတဲ့ ရှန့်ယင်တောင်မှ သူတို့လောက် သွေးလေ မသန်မာဘူး။
အားချန်က ထိုလူနှစ်ယောက်ကို ခဏလောက် စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "သာ့ရှလူတွေနဲ့တော့ မတူဘူး။ နေ့ခင်းကြောင်တောင်ကြီးဆိုတော့ သူတို့လည်း ဘာမှလုပ်မှာ မဟုတ်ပါဘူး။ အရင်ဆုံး သွားကြည့်ရအောင်"
နှစ်ယောက်သား လမ်းကူးလိုက်ပြီး ဆိုင်ရှေ့သို့ ရောက်သွားကြသည်။ ထိုအမျိုးသားနှစ်ဦးသည် ချန်ဟွေ့ ဆိုင်တံခါး ဖွင့်လိုက်သည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်ကြသည်။ "ဒီမိန်းကလေးနှစ်ယောက်က ဒီဆိုင်ပိုင်ရှင်တွေလား"
အားချန်က သူတို့ကို လှည့်ကြည့်လိုက်သည်။ ထိုလူနှစ်ယောက်သည် ရုပ်ချင်းဆင်တူပြီး ညီအစ်ကိုများ ဖြစ်ပုံရသည်။ သူတို့၏ မျက်နှာသွင်ပြင်မှာ တည်ကြည်ပြီး မျက်ခုံးနှင့် မျက်လုံးများ နက်ရှိုင်းကာ ရုပ်ရည်ချောမောသော်လည်း သာ့ရှလူများနှင့် ကွဲပြားနေကြောင်း သိသာထင်ရှားနေသည်။
"ဟုတ်ပါတယ်။ ရှင်တို့နှစ်ယောက် အမွှေးနံ့သာ ဝယ်မလို့လား" အားချန်က သူတို့ကို မေးလိုက်သည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်ကာ "ကျွန်တော်တို့ အရင် ဝင်ကြည့်လို့ ရမလား" ဟု မေးလိုက်ကြသည်။
"ရပါတယ်"
အားချန်က လူများကို ဆိုင်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး ချန်ဟွေ့ကို အသစ်လုပ်ထားသော အမွှေးနံ့သာအချို့ ထုတ်ပြခိုင်းလိုက်သည်။ ထိုလူနှစ်ယောက်က ဟိုကြည့်သည်ကြည့် လုပ်နေသော်လည်း အမွှေးနံ့သာများကို သိပ်စိတ်ဝင်စားပုံ မရပေ။
အားချန်က အခြေအနေကို မြင်သောအခါ မျက်လုံးအနည်းငယ် လှုပ်ရှားသွားပြီး ဒုတိယထပ်သို့ တက်ကာ သေတ္တာတစ်လုံး ယူလာခဲ့သည်။
"ရှင်တို့နှစ်ယောက် ဝိညာဉ်ခေါ်အမွှေးနံ့သာကို စိတ်ဝင်စားကြလား" အားချန်က သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် အမွှေးနံ့သာ ဒါဇင်အနည်းငယ် ပါရှိလေသည်။
ဒါက မနှစ်က သူမ ပြုလုပ်ထားသော ဝိညာဉ်ခေါ်အမွှေးနံ့သာများ ဖြစ်ပြီး ထိုအထဲမှ တချို့ကို မင်ကျင့်စီးက လူများ ပြုလုပ်ထားကာ လုပ်နည်းကတော့ အတူတူပင်။
အပြာရောင်ဝတ်ရုံ ဝတ်ထားသော လူထွားကြီးသည် သေတ္တာထဲက ပစ္စည်းကို မြင်လိုက်သည်နှင့် မျက်လုံး ပြူးသွားပြီး လွှတ်ခနဲ ပြောလိုက်လေသည်။ "ဝိညာဉ်ခေါ်အမွှေးနံ့သာလား"
အားချန်က သေတ္တာကို ပိတ်လိုက်ပြီး နှစ်ယောက်သားကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သည်။ "ရှင်တို့က ဝူမျိုးနွယ်တွေလား"
နှစ်ယောက်သား ရုတ်တရက် လူမိသွားသဖြင့် ခန္ဓာကိုယ် တောင့်တင်းသွားသော်လည်း မကြာမီ ပြန်လည် လျော့ပါးသွားသည်။
အပြာရောင်ဝတ်ရုံနှင့် လူထွားကြီးက မိတ်ဆက်လိုက်သည်။ "မိန်းကလေး မင်္ဂလာပါ။ ကျွန်တော့်နာမည်က လျဲ့ရှန့်ပါ။ ဒါက ကျွန်တော့်ညီ လျဲ့ရှင်းပါ"
"မင်္ဂလာပါ။ ကျွန်မနာမည်က အားချန်ပါ" အားချန်က သူတို့နှင့် စကားဝိုက်မနေတော့ဘဲ တည့်တိုးပင် မေးလိုက်လေသည်။ "ရှင်တို့နှစ်ယောက် ကျွန်မဆိုင်ကို တကူးတက လာရှာတာ ကိစ္စရှိလို့မလား"
လျဲ့ရှန့်က ခေါင်းညိတ်လိုက်သည်။ "မိန်းကလေး အားချန်ကို အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့နှစ်ယောက်က ကန္တာရနယ်မြေက လာတာပါ။ ဒီနေ့ မိန်းကလေးကို လာရှာတာက စာလာပို့ပေးတာပါ"
ကန္တာရနယ်မြေအကြောင်း ပြောလိုက်သည်နှင့် အားချန်သည် ဘယ်သူ စာပို့လိုက်သလဲ ဆိုသည်ကို ချက်ချင်း သိလိုက်သည်။ သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့သည်။
"ဟွေရွှယ်ရဲ့စာလား"
လျဲ့ရှန့်က သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး ရိုးသားဟန် ပေါ်နေသည်။ "ရှန်းမိန်းကလေးရဲ့ စာပါ"
စကားပြောရင်း သူက ရင်ဘတ်ထဲမှ အဝတ်ထုပ်တစ်ခုကို ထုတ်ယူကာ အားချန်လက်ထဲသို့ ထည့်ပေးလိုက်သည်။
အားချန်က အဝတ်ထုပ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် အဖြူရောင် အရိုးစာလွှာ တစ်ရွက် ပါရှိနေသည်။ ဘာအရိုးလဲ ဆိုသည်ကို သူမ ချက်ချင်း မခွဲခြားနိုင်ပေ။ အရိုးစာလွှာသည် အလွန်ပါးလွှာပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေကာ ပျော့ပျောင်းမှုလည်း ရှိပြီး လိပ်ထားသော်လည်း ကျိုးပဲ့သွားခြင်း မရှိပေ။
သူမ အရိုးစာလွှာကို ထုတ်ယူလိုက်သောအခါ လျဲ့ရှန့်ညီအစ်ကို နှစ်ယောက်သည် မျက်နှာလွှဲလိုက်ကြပြီး အရိုးစာလွှာပေါ်က အကြောင်းအရာများကို စူးစမ်းခြင်း မပြုကြပေ။
အရိုးစာလွှာပေါ်က စာလုံးများသည် ထွင်းထုထားခြင်း ဖြစ်ပြီး စာလုံးရေ သိပ်မများလှပေ။ အစပိုင်း စာကြောင်းအနည်းငယ်တွင် ဟွေရွှယ်က အားချန်ကို နှုတ်ဆက်ထားပြီး သူမ၏ လက်ရှိ အခြေအနေကို ဖော်ပြထားသည်။
ရှန်းဟွေရွှယ်နှင့် သူမ၏အမေသည် ကန္တာရနယ်မြေရှိ ဝူမျိုးနွယ် ကျေးရွာတစ်ရွာတွင် အခြေချ နေထိုင်နေကြပြီ ဖြစ်သည်။ ရွာသူရွာသားများက သူမတို့ သားအမိအပေါ် အလွန်ဖော်ရွေကြကြောင်း၊ သူမသည် ရွာသားများနှင့်အတူ အမဲလိုက်ထွက်လေ့ရှိပြီး ရွာ၏ ပူဇော်ပွဲများကိုလည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ထိုနေရာတွင် နေထိုင်ရသည်မှာ အလွန်ပျော်ရွှင်ရကြောင်း ရေးသားထားသည်။
ထို့နောက်တွင် သူမက အားချန် ရှာခိုင်းထားသော လူအကြောင်း စုံစမ်းမေးမြန်းခဲ့သည်ဟု ဆိုထားသည်။
ရွာထဲက အသက် ၂၀၀ ရှိပြီဖြစ်သော ဝူမျိုးနွယ် ယဇ်ပုရောဟိတ်တစ်ဦး၏ ပြောပြချက်အရ အနီးအနားတွင် လင်မယား နှစ်ယောက် နေထိုင်ခဲ့ဖူးကြောင်း၊ ခင်ပွန်းသည်မှာ မြေခွေးမိစ္ဆာဖြစ်ပြီး ဇနီးသည်မှာ ဝူမျိုးနွယ် ဖြစ်ကာ ဝူမျိုးနွယ်၏ ယဇ်ပုရောဟိတ်အကြီးအကဲ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။
သို့သော် ထိုလင်မယား နှစ်ယောက် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော်လည်း သူတို့၏ နေအိမ်ကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ယနေ့အထိ ဘယ်သူမှ ဝင်ရောက်ခြင်း မရှိသေးပေ။
ဟွေရွှယ်၏ ခန့်မှန်းချက်အရ ထိုယဇ်ပုရောဟိတ် အဘိုးကြီးသည် ထိုလင်မယားနှစ်ယောက်အကြောင်း သတင်းအချက်အလက် များစွာ သိရှိထားပုံရသော်လည်း သူက ပိုပြီး ပြောပြလိုခြင်း မရှိပေ။
အရိုးစာလွှာ၏ အဆုံးတွင် ဟွေရွှယ်က စာလာပို့သော ညီအစ်ကို နှစ်ယောက်သည် ရွာမှ ယဇ်ပုရောဟိတ်အကြီးအကဲ၏ မြေးများဖြစ်ပြီး လျဲ့ရှန့်နှင့် လျဲ့ရှင်းဟု ခေါ်ကြောင်း၊ သူတို့သည် သာ့ရှနှင့် ကန္တာရနယ်မြေကို ကူးသန်းသွားလာသော ကုန်သည်အဖွဲ့ ဖွဲ့စည်းထားကြောင်း ရေးသားထားလေသည်။
အကယ်၍ အားချန် ကန္တာရနယ်မြေသို့ လာရောက်လိုလျှင် သူတို့နှင့်အတူ လိုက်ပါလာနိုင်ပြီး လမ်းခရီးတွင် ဘေးကင်းလုံခြုံမည် ဖြစ်ကြောင်း ပြောထားသည်။
အားချန်၏ လက်ချောင်းများသည် အရိုးစာလွှာပေါ်တွင် ပွတ်သပ်နေပြီး ထွင်းထုထားသော စာလုံးတစ်လုံးချင်းစီကို စမ်းသပ်နေကာ စိတ်ထဲတွင် ငြိမ်သက်နိုင်ခြင်း မရှိပေ။
ဟွေရွှယ်က ပြောသည်မှာ အဖေနှင့် အမေ ပျောက်ဆုံးနေသည်မှာ ကြာပြီတဲ့။ သူတို့က အနှောင့်အယှက် မခံချင်လို့ တခြားနေရာ ပြောင်းရွှေ့သွားကြတာလား။
အားချန်လဲ မသိပေ။
သို့သော် ကန္တာရနယ်မြေသည် သူမ ရှာတွေ့နိုင်သမျှ သူတို့နှင့် ပတ်သက်သော တစ်ခုတည်းသော နေရာဖြစ်သည်။
သူတို့က ငါ လိုက်လာမှာကို မလိုလားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါကတော့ သိချင်သေးတယ်။ သူတို့ ကျန်းမာရဲ့လား။ ငါ့ကို မှတ်မိသေးရဲ့လားလို့။
ဒီတစ်ကြိမ်ပါပဲလေ။ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေး တစ်ကြိမ် ပေးလိုက်မယ်။ တကယ်လို့ သူတို့ကို ရှာမတွေ့ရင် လက်လျော့လိုက်တော့မယ်။
အချိန်အတော်ကြာမှ အားချန်သည် သတိပြန်ဝင်လာပြီး လျဲ့ရှန့် ညီအစ်ကိုနှစ်ယောက်ကို အရိုအသေပြုလိုက်သည်။ " တကူးတက စာ လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"အားချန်မိန်းကလေး အားနာစရာ မလိုပါဘူး။ ကျွန်တော်တို့လည်း လမ်းကြုံလို့ပါ"
ဘေးနားက လျဲ့ရှင်းက အစ်ကိုဖြစ်သူကို ကြည့်လိုက်ပြီး သူ့စကားကို ကန့်ကွက်လိုပုံ ပေါ်သော်လည်း အစ်ကိုဖြစ်သူက မျက်စောင်းထိုးလိုက်သဖြင့် ဘာမှ မပြောရဲတော့ပေ။
အားချန်က သူတို့၏ မျက်လုံးချင်း စကားပြောနေမှုကို မမြင်ချင်ယောင် ဆောင်လိုက်ပြီး ပြောလိုက်သည်။ "ဟွေရွှယ်က ပြောတယ်။ ရှင်တို့နှစ်ယောက်က သာ့ရှနဲ့ ကန္တာရနယ်မြေကို အမြဲ ကူးသန်းသွားလာနေတယ်ဆို။ တကယ်လို့ ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့မယ်ဆိုရင် အဆင်ပြေမလား"
"မိန်းကလေးက ကန္တာရနယ်မြေကို သွားမလို့လား" လျဲ့ရှန့် အနည်းငယ် အံ့ဩသွားသည်။ သူ့မွေးရပ်မြေက လုံခြုံသည်ဟု ခံစားရသော်လည်း သာ့ရှလူမျိုးတွေကတော့ ဒီလိုမထင်ကြပေ။ သူတို့က သာ့ရှအပြင်ဘက်ဆိုရင် အရမ်း အန္တရာယ်များတယ်လို့ ထင်ကြတာ။ ဒါပေမဲ့ သာမန်လူတွေအတွက်တော့ တကယ်ပဲ အန္တရာယ်များတာပါ။
လျဲ့ရှန့်က စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ကျွန်တော်တို့ ကုန်သည်အဖွဲ့မှာ လူ ဆယ်ဂဏန်းလောက် ရှိတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ ဒါပေမဲ့ အပြန်လမ်းကျရင် ကျွန်တော်တို့ ခရီးနှင်တာ နည်းနည်း မြန်လိမ့်မယ်။ မိန်းကလေးရဲ့ ခန္ဓာကိုယ်က ခံနိုင်ပါ့မလား"
"ကိစ္စမရှိပါဘူး။ ကျွန်မ ကျန်းမာရေးက မဆိုးပါဘူး။ တောင့်ခံနိုင်မှာပါ" အားချန်က နောက်ဆုံး သံခြေကျင်း ပြတ်သွားသည့်အတွက် ဝမ်းသာမိသည်။ မဟုတ်လျှင် သူမ ဒီလိုစကားမျိုး ပြောရဲမည် မဟုတ်ပေ။
"မိန်းကလေး ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ကျွန်တော်တို့ ၃ လပိုင်း ၃ ရက်၊ ရှန့်စစ်ပွဲတော်နေ့ကျရင် မြို့တော်ကနေ ထွက်ခွာကြမယ်။ မိန်းကလေးက ၃ လပိုင်း ၂ ရက်နေ့ကျရင် အနောက်ဘက်ဈေး မြောက်ဘက်ဂိတ်က ဖူလိုင်တည်းခိုခန်းမှာ ကျွန်တော်တို့ကို လာရှာလို့ ရပါတယ်"
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"
"အားနာစရာ မလိုပါဘူး"
လျဲ့ရှန့်က အားချန်နှင့် သဘောတူညီမှု ရပြီးနောက် သူ့ညီကို ခေါ်ပြီး ထွက်သွားလေသည်။
ညီအစ်ကိုနှစ်ယောက် ထွက်ခွာသွားပြီး အတန်ကြာ လျှောက်သွားကြသောအခါ လျဲ့ရှင်းက အဝေးက ဆိုင်ကို လှည့်ကြည့်လိုက်ပြီး သံသယများစွာဖြင့် စကားစပြောလိုက်သည်။ "အစ်ကိုကြီး၊ အဘွားက မနေ့ညက ဘာလို့ ရုတ်တရက် အစီအရင်ကို သုံးပြီး စာပို့လိုက်ရတာလဲ။ ပြီးတော့ ဒီလောက် တန်ဖိုးရှိတဲ့ အရိုးစာလွှာကို သုံးထားသေးတယ်။ စာတစ်စောင်ပဲဟာ။ နောက်တစ်ခေါက် အိမ်ပြန်ရောက်မှ ယူသွားပေးလို့ မရဘူးလား။ ရှေ့နောက်မှ နှစ်ဝက်လောက်ပဲ ကြာတာကို"
စာတစ်စောင် ဖြစ်သော်လည်း ကန္တာရနယ်မြေမှ ရှန့်ကျင်းသို့ ပို့ဆောင်ရခြင်းမှာ ကုန်ကျစရိတ် မနည်းလှပေ။ အရိုးစာလွှာ ပြုလုပ်ရသည်မှာလည်း ခက်ခဲပြီး အရိုးစာလွှာကသာ အစီအရင်၏ စွမ်းအားကို ခံနိုင်ရည်ရှိပြီး အကြောင်းအရာကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်။
စာရတုန်းက သူတို့က အိမ်မှာ ကိစ္စကြီးကြီးမားမား ဖြစ်တယ်လို့ ထင်ခဲ့ကြတာ။
လျဲ့ရှန့်လည်း အဘွားဖြစ်သူ၏ စိတ်ကို မခန့်မှန်းနိုင်ပေ။ သူက ဝိညာဉ်ခေါ်အမွှေးနံ့သာ တစ်သေတ္တာလုံးကို သတိရလိုက်ပြီး ခန့်မှန်းလိုက်သည်။ "အဘွားက တစ်ဖက်လူရဲ့ အထောက်အထားကြောင့် ဖြစ်မယ်။ ဒီမိန်းကလေးက ငါတို့ ဝူမျိုးနွယ်နဲ့ ပတ်သက်မှု ရှိလောက်တယ်"
"ဒါပေမဲ့ သူက ရိုးရိုး သာမန်လူသား တစ်ယောက်လိုပါပဲ။ သတင်းအချက်အလက် တချို့ သိတယ် ဆိုရင်တောင် ဒီလောက် အလေးထားစရာ မလိုပါဘူး"
"သူက ငါတို့နဲ့လိုက်မယ် ပြောတယ်လေ။ အဘွားနဲ့ တွေ့ပြီးရင် အကြောင်းရင်းကို သိရမှာပေါ့"
ညီအစ်ကိုနှစ်ယောက် ထွက်ခွာသွားပြီးနောက် အားချန်သည် အရိုးစာလွှာကို ကြည့်ကာ ငေးငိုင်နေခဲ့သည်။ ချန်ဟွေ့ကလည်း သူမကို မနှောင့်ယှက်ပေ။
ပေဟွမ်ဝမ်ထိုက်ဖေး ကိစ္စပြီးကတည်းက ချန်ဟွေ့သည် အားချန်၏ နောက်ခံအကြောင်းကို ကောင်းကောင်း သိရှိသွားပြီ ဖြစ်သည်။
အားချန်၏ ရင်ထဲတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ကို သူမ သိသော်လည်း ထိုလျှို့ဝှက်ချက်များကို စုံစမ်းလိုစိတ် မရှိပေ။ တကယ်လို့ အားချန်သာ အရင်က ကောင်းမွန်စွာ နေခဲ့ရရင် ရှန့်ကျင်းကို တစ်ကောင်ကြွက် တစ်မျက်နှာ ရောက်လာပြီး ကျိချန် ဖြစ်လာမှာ မဟုတ်ဘူး။
လျဲ့ရှန့်တို့ စာလာပို့ပြီး နောက်ပိုင်းတွင် အားချန် ရက်အနည်းငယ် ဆက်တိုက် အိပ်မပျော် ဖြစ်နေခဲ့သည်။
သူမသည် ညတိုင်း အိပ်မက် မက်ခဲ့သည်။ တစ်ခါတစ်ရံ မျက်နှာ မသဲကွဲသော လူနှစ်ယောက်က သူမကို လက်ညှိုးထိုးပြီး သူတို့ရှေ့ကနေ ထွက်သွားဖို့၊ မပေါ်လာဖို့ မောင်းထုတ်ကြသည်။
တစ်ခါတစ်ရံကျတော့ သူတို့ စကားမပြောဘဲ အဝေးကနေ သူမကို စိုက်ကြည့်နေကြသည်။
ရှန့်စစ်ပွဲတော် ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သော်လည်း အားချန်၏ စိတ်အခြေအနေက ပိုပိုပြီး ကျဆင်းလာသည်။
ချန်ဟွေ့က သူမကို သမားတော်ပြရန် တိုင်ပင်သော်လည်း အားချန်က ငြင်းဆန်ခဲ့သည်။
ဆေးသောက်လိုက်လျှင် သူမ တစ်ညလုံး အိပ်မက်မမက်ဘဲ အိပ်ပျော်သွားနိုင်သည်။ ဒါပေမဲ့ သူမက ဒီလို မဖြစ်ချင်ပေ။
သူမ အဖေနဲ့ အမေကို မတွေ့ရတာ ကြာပြီ။ အိပ်မက်ထဲက သူတို့က သူမ စိတ်ကူးယဉ်ထားတာ ဖြစ်ပြီး မျက်နှာတောင် မမြင်ရပေမယ့် အိပ်မက်ထဲမှာ တွေ့ရတာက သူတို့က သူမနဲ့ အနီးဆုံးမှာ ရှိနေသလို ခံစားရသည်။
ချန်ဟွေ့ကလည်း အားချန်ကို နားချမရသော်လည်း လက်မလျော့လိုက်ပေ။
သူမ နေ့တစ်ဝက်လောက် စဉ်းစားပြီးနောက် ဈေးဝယ်ထွက်ရင်း မင်ကျင့်စီးသို့ လမ်းကြုံ ဝင်သွားလိုက်သည်။
ရက်ပိုင်းအတွင်း မင်ကျင့်စီးသို့ နောက်တစ်ကြိမ် ရောက်လာသဖြင့် ချန်ဟွေ့က စိတ်ထဲတွင် စိုးရိမ်နေမိသည်။ မနှစ်က အကြောင်းပြချက် ခိုင်လုံသော်လည်း ဒီတစ်ကြိမ်ကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စ သက်သက်ဖြစ်နေသဖြင့် ပိုင်ရှိုးမင်က ဂရုစိုက်မလား မသေချာပေ။
ဒီတစ်ကြိမ်လည်း သူမ ပိုင်ရှိုးမင်ကို ချောချောမွေ့မွေ့ တွေ့ခွင့် ရလိုက်လေသည်။
"ပိုင်လူကြီးမင်း"
"ဘာကိစ္စ ရှိပြန်ပြီလဲ" ပိုင်ရှိုးမင်က ခေါင်းမမော့ဘဲ မေးလိုက်သည်။
ချန်ဟွေ့က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "အားချန် ဒီရက်ပိုင်း အိပ်လို့ သိပ်မပျော်ဘူး။ စိတ်လည်း သိပ်မကြည်ဘူး ဖြစ်နေတယ်"
ပိုင်ရှိုးမင်က မျက်လုံး ပင့်ကြည့်လိုက်သည်။
"ခံစားချက်ကလည်း သိပ်မကောင်းသလိုပဲ"
ပိုင်ရှိုးမင် မျက်မှောင်ကြုတ်လိုက်ပြီး အာရုံက မှုခင်းမှတ်တမ်းပေါ်မှ လုံးဝ ရွှေ့သွားခဲ့သည်။ အားချန်ကို စိတ်မကြည်အောင် ဘာကိစ္စကများ လုပ်နိုင်မှာလဲ ဆိုတာ သူ စဉ်းစားလို့ မရဘူး။
"တကယ်လို့ လူကြီးမင်း မအားဘူး ဆိုရင်တောင် သွားပြီး ကြည့်ပေးလို့ ရမလား" ချန်ဟွေ့က တောင်းဆိုလိုက်သည်။
"...ကျေးဇူးတင်ပါတယ်"
အချိန်အတော်ကြာမှ ပိုင်ရှိုးမင်က သူမကို ကျေးဇူးတင်စကား ပြောနေမှန်း ချန်ဟွေ့ သတိထားမိလိုက်လေသည်။
ဒီနေ့ည အားချန် ပုံမှန်အတိုင်း အိပ်ရာဝင်ခဲ့ပြီး အိပ်မက်ထဲတွင် အဖေနဲ့ အမေကို ထပ်တွေ့ရပြန်သည်။ ဒီတစ်ခါတော့ အမေက သူမကို ပြောသည်။ "ငါ အစကတည်းက နင့်ကို မမွေးခဲ့သင့်ဘူး"
အမေက ငါနဲ့ အားမန်ကို မမွေးချင်ခဲ့မှန်း ငါ အမြဲတမ်း သိပါတယ်။
ငါ့ရဲ့ အိပ်မက်က တကယ်တော့ အတိတ်တုန်းက အဖေ အမေနဲ့ အတူနေခဲ့ဖူးတဲ့ တိုတောင်းတဲ့ အချိန်ကာလလေးကို ထပ်ခါထပ်ခါ ပြန်အောက်မေ့ နေရုံပါပဲ။
အရင်တုန်းက ပြန်စဉ်းစားမိတိုင်း ငါ အကြာကြီး ဝမ်းနည်းခဲ့ရတယ်။
ဒါပေမဲ့ အခုတော့ အရင်ကလောက် မဝမ်းနည်းတော့ပေမယ့် ရင်ထဲမှာတော့ ဟာတာတာ ဖြစ်နေတုန်းပဲ။
သူမ အိပ်မက်ထဲမှာ ထပ်ပြီး နစ်မြောတော့မယ့် အချိန်မှာပဲ တစ်ယောက်ယောက်က သူမနာမည်ကို ခေါ်လိုက်သံ ကြားလိုက်ရလေသည်။
"အားချန်"
ထိုအသံက အဖေ အမေတို့၏ အသံ မဟုတ်ချေ။ ထိုအသံ ထွက်လာချိန်တွင် ရင်ခုန်သံ မြန်လာပြီး နှုတ်ခမ်းထောင့်က အလိုလို ကွေးတက်သွားလေသည်။
အမေ့ရဲ့ အသံက ဒီ "အားချန်" ဆိုတဲ့ ခေါ်သံကြောင့် လုံးဝ ပြတ်တောက်သွားသလိုပဲ။
"ပိုင်ရှိုးမင်..." အားချန်သည်လည်း ဒီနာမည်ကို ရေရွတ်ရင်း အိပ်မက်ဆိုးထဲကမှ နိုးထလာခဲ့တော့သည်။
...