ငါနဲ့အတူတူ လိုက်ခဲ့မလား ...
Vol. 17 Ch. 169
အားချန်သည် မျက်လုံးများကို ဖွင့်လျက် ကုတင်ပေါ်တွင် လှဲလျောင်းနေလေသည်။ အိပ်မက်ထဲက အသံသည် အလွန်တရာမှ သဘာဝကျလွန်းနေသဖြင့် သူမသည် ပိုင်ရှိုးမင်ကို လွမ်းဆွတ်လွန်းသဖြင့် စိတ်ထင်နေခြင်းများလားဟုပင် အချိန် တစ်ခဏအတွင်း သံသယဝင်မိ လိုက်လေသည်။
မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ရက်တုန်း ကတောင်မှ တွေ့ခဲ့သေးတာပဲကို။
ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခုသည် သူမ၏နားဘေးတွင် ပေါ်ထွက်လာခဲ့ပြီး ထိုလေသံနက်နက်သည် ညဉ့်နက်အချိန်အတွင်း ပို့လို့ပင် ပျင်းရိ လေးလံနေသယောင်ရှိလေသည်။ "အိပ်မက်ထဲမှာ ဘာတွေမြင်မက်လို့လဲ"
"အမေ ... အမေ့ကို မက်တာ။ ပိုင်ရှိုးမင်" ဒီအသံသည် သူမကို လုံးဝအိပ်ရာ နိုးသွားစေတော့၏။ အားချန်သည် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး ကုတင်ဘေးတွေ ရပ်နေသည့် ပိုက်ရှိုးမင်ကို တစ်ချက်တည်းနှင့် မြင်တွေ့လိုက်ရလေသည်။
စားပွဲပေါ်က ဖယောင်းတိုင်မီးသည် ဟုတ်ခနဲ လင်းလက်လာပြီး မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် အားချန်သည် ကုတင်ဘေးကလူကို သေချာစွာမြင်လိုက်ရ၏။
ပိုင်ရှိုးမင်သည် ယနေ့တွင် မဲနယ်ရောင် လက်ဝအကျယ် အင်္ကျီရှည်ကို ဝတ်ဆင်ထားလေသည်။ အားချန်က လက်ကို ဆန့်တန်းလိုက်ပြီး သူ့အင်္ကျီလက်ကို ဆွဲလိုက်၏။
လက်ထဲတွင် ဆုပ်ကိုင်မိ လိုက်ပြီးနောက် သူမက အင်္ကျီလက်စကို အနည်းငယ် ဆွဲလိုက်သည့်တွင် ပိုင်ရှိုးမင်သည် အလိုက်သင့်ပင် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
"ရှင် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ" အားချန်သည် ကိုယ့်ကို စောင်းကာထိုင်နေပြီး ကိုယ်ပေါ်တွင်ပါးလွှာသည့် အဝတ်အစားကိုသာ ဝတ်ဆင်ထားလေသည်။ ရှည်လျားလှသည့် ဆံနွယ်လေးများက ကိုယ်ရှေ့တွင် နူးညံ့စွာ ဝဲဖြာကျနေပြီး မျက်နှာပေါ်တွင် အိပ်ရာနိုးခါစ မှုန်ကုပ်ကုပ် အမူအရာလေး ရှိနေသေးသည်။
"လမ်းကြုံလို့ပါ။ မင်းကို လာကြည့်တာ"
"ဘယ်နေရာကို လမ်းကြုံတာလဲ" အားချန်သည် သူက ဒီလောက် တိုက်ဆိုင်စွာဖြင့် အကြောင်းမရှိဘဲ သူမအိမ်နားကို လမ်းကြုံဖြတ်သန်းသည်ဟုတော့ မယုံကြည်ချေ။
ပိုင်ရှိုးမင်က စကားမပြောဘဲ ပြုံးနေလိုက်ပြီး လက်တစ်ဖက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ရာ အားချန်သည် သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။
သူမသည် ပိုင်ရှိုးမင်၏ရင်ခွင်ထဲတွင် မှီတွယ်နေလိုက်ပြီး သူ့ရင်ဘတ်ကို ပွတ်သပ်နေလိုက်၏။ ပိုင်ရှိုးမင်းသည် သူမ၏ မေးစေ့ကိုကိုင်ကာ မျက်နှာကိုဆွဲမော့လိုက်ပြီး သေသေချာချာလေး အကဲခတ်ကြည့်ရှုလိုက်ပြီးမှ ပြောလိုက်၏။ "ဒီရက်ပိုင်း ကောင်းကောင်း အနားမယူရဘူးလား"
"အင်း" အားချန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး လက်များကိုဆန့်ကာ သူ့ခါးကို ဖက်တွယ်ထားလိုက်လေသည်။
"မင်းအမေကိုအိပ်မက် မက်လိုက်တာလား"
အားချန်က ခေါင်းငြိမ့်ပြလိုက်၏။ "သူ့ကို နည်းနည်းလောက် လွမ်းမိလို့ပါ"
ပိုင်ရှိုးမင်သည် လက်ကိုမြှောက်ကာ သူမ၏ ဆံနွယ်လေးများကို ပွတ်သပ်ပေးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ "အိမ်ရှေ့စံ မိဖုရားက မကြာခင် မီးဖွားတော့မယ်။ မတော်တဆမှုမရှိရင် မြေးတော်လေး ဖွားမြင်လာလိမ့်မယ်"
အားချန်သည် ခေါင်းကို စောင်းလိုက်ပြီး သူက ဘာကြောင့်ဒီအကြောင်းကို ပြောပြရသလဲ ဆိုသည့် အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်ရလေသည်။
"ဒါဆို သူ့ကိုဂုဏ်ပြုရမှာလား"
ပိုင်ရှိုးမင်းက ခပ်ဖွဖွ ရယ်မောလိုက်ကာ "ဒါက အိမ်ရှေ့စံရဲ့ တရားဝင်သားလေ။ အရှင်မင်းကြီးက အရမ်းအလေးထားတယ်။ မြေးတော်လေး မွေးဖွားလာရင် အရှင်မင်းကြီးက မေတ္တာသက်ဝင်မှုကို ပြသတဲ့အနေနဲ့ တစ်နိုင်ငံလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်"
အားချန်သည် နောက်ဆုံးတွင်တော့ သဘောပေါက်သွားလေသည်။ ပိုင်ရှိုးမင်၏အမြင်တွင် သူမ အိပ်မက်မက်နေသည်မှာ လင်းမိသားစု ဖြစ်လေသည်။
သူမပါးစပ်က သူတို့ကို လွမ်းတယ်ဟု ပြောဆိုခြင်းကို သူက လင်းမိသားစုကို လွမ်းဆွတ်သည်ဟု ထင်မှတ်သွားခြင်းဖြစ်လေသည်။ မည်သို့ဆိုစေ ကျင့်ယန်မြို့စားတော့ မဖြစ်နိုင်သည် မဟုတ်ပါလား။
"ရှင် ပြောချင်တာက ... အစ်ကိုတို့မိသားစု လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်တယ်ပေါ့"
"ဟုတ်တယ်။ မိစ္ဆာတံဆိပ်တော် ပျောက်ဆုံးတဲ့ကိစ္စမှာ လင်းမိသားစုက တာဝန်ရှိတယ်ဆိုပေမယ့် သူတို့ကလည်း သူများလှည့်စားတာ ခံလိုက်ရတာပဲလေ။ ကိစ္စတွေကလည်း ပြီးသွားပြီဆိုတော့ အရှင်မင်းကြီးက ဆက်ပြီး အပြစ်ယူနေတော့မှာ မဟုတ်ပါဘူး"
"ဒါဆိုရင် အိမ်ရှေ့စံ မီးဖွားပြီးရင် သူတို့တွေ ရှန့်ကျင်းကို ပြန်လာနိုင်ပြီပေါ့"
"အင်း ကိုယ်စစ်ဆေးကြည့်ပြီးပြီ။ သူတို့က နယ်နှင်ဒဏ်ခံရပြီးတဲ့နောက်မှာ ဘဝကဆင်းရဲပင်ပန်း ကြပေမယ့်လည်း ကျန်းမာရေးတော့ ကောင်းကြပါတယ်။ သူတို့တွေ မူလရာထူးကို ပြန်မရနိုင်ငံတောင်မှ သိမ်းဆည်းခံထားရတဲ့ ပိုင်ဆိုင်မှုတွေတော့ အကုန်ပြန်ရနိုင်ပါတယ်"
လင်းမိသားစု၏ အခြေခံအုတ်မြစ်ကလည်း မနည်းလာချေ။ အရာရှိ မလုပ်ရရင်တောင်မှ ဒီပိုင်ဆိုင်မှုများနဲ့တင် တမိသားစုလုံး စိတ်တိုင်းကျစွာ နေထိုင်ဖို့လုံလောက်လေသည်။
အကယ်၍သာ တခြားနယ်နှင်ဒဏ် ခံရသည့်မိသားစုများသာဆိုရင် သိမ်းဆည်းခံရသည့် ပစ္စည်းများကို ပြန်ရရှိရန် မလွယ်ကူလှချေ။
သို့သော်ငြား ပိုင်ရှိုးမင်က ဤသို့ပြောရဲမှတော့ လင်းမိသားစု ပိုင်ပစ္စည်းများကို ဘယ်သူကပြန်မပေးရဲဘဲ နေရဲပါမည်နည်း။
အားချန်သည် စဉ်းစားလိုက်ပြီး ဒါကလည်းကောင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု မှတ်ယူထားလိုက်တော့သည်။ သူမ၏မှတ်ဉာဏ်ထဲတွင် ကျိချန်နှင့် အစ်ကိုတို့မိသားစုက အတော်လေး ရင်းနှီးလှသည်။
ကျိချန်၏ ဆွေမျိုးသားချင်းများ ဖြစ်ကြသဖြင့် သူတို့အဆင်ပြေလျှင် ကျိချန်သည်လည်း ပျော်ရွှင်နေလိမ့်မည်။
ရင်ခွင်ထဲကလူ၏ တင်းမာနေသော ခန္ဓာကိုယ်သည် လျော့ကျသွားသည်ကို ခံစားလိုက်ရသဖြင့် ပိုင်ရှိုးမင်က ခေါင်းငုံ့ကာ သူမကို မေးလိုက်၏။ "ပျော်သွားပြီလား"
"အင်း" အားချန်က ခေါင်းငြိမ့်ပြလိုက်၏။ တကယ်တော့ သူ့ကို မြင်လိုက်ရုံနဲ့ပင် အားချန်က ပျော်ရွှင်နေပြီ ဖြစ်လေသည်။
သူမကို ခဏလောက် ထပ်ပွေ့ဖက်ထားလိုက်ပြီးမှ ပိုင်ရှိုးမင်က စကားစပြောလာခဲ့၏။ "ဒီရက်ပိုင်း ကိုယ်ကိစ္စတစ်ခု သွားလုပ်စရာရှိတယ်"
အားချန်က ခေါင်းမော့လိုက်ပြီး သူ့ကိုမေးလိုက်လေသည်။ "ဘယ်လောက်ကြာမှာလဲ"
"အချိန်ကတော့ အတိအကျ မသိရသေးဘူး။ တစ်လ ဒါမှမဟုတ် လဝက်လောက် ကြာလိမ့်မယ်"
"ဘာဖြစ်လို့ အဲ့လောက်ကြာမှာလဲ" အားချန်က နှုတ်ခမ်းကို ဟူထားလိုက်ပြီး သိပ်မပျော်ရွှင်သည့် ပုံစံလေးဖြစ်သွားလေသည်။
ပိုင်ရှိုးမင်က ရယ်မောလိုက်ပြီး ဆူထွက်နေသည့်သူမ၏ နှုတ်ခမ်းလေးကို ဆွဲညှစ်လိုက်ကာ သူမက မပျော်မရွှင် ဖြစ်နေသည်ကပင် ချစ်ဖို့ကောင်းနေသည်ဟု တွေးလိုက်မိ၏။ "ကိုယ် ဘယ်သွားမလဲဆိုတာကို မမေးတော့ဘူးလား"
"ဒါဆို ရှင်ကဘယ်သွားမှာလဲ"
"ကန္တာရနယ်မြေ"
အားချန်သည် သူမ နားကြားလွဲသည်ဟု ထင်လိုက်ကာ ကြောင်အမ်းအမ်းဖြင့် ထပ်မေးလိုက်လေသည်။ "ရှင် ကန္တာရနယ်မြေကို သွားမလို့လား"
"ဟုတ်တယ်။ ဒါကြောင့်မို့လို့ မင်းက ကိုယ်နဲ့အတူတူ လိုက်ခဲ့မလား" ပိုင်ရှိုးမင်က မေးလိုက်၏။
"ရှင်က ကျွန်မကို ခေါ်သွားမလို့လား"
"အင်း ကိုယ်က အမှုသွားစစ်မှာ မဟုတ်ဘူး။ ဖုဟွမ်ကိုယ်စား သူ့မိတ်ဆွေဟောင်း တစ်ယောက်ကို သွားကန်တော့မလိုပါ။ ကိုယ်နဲ့အတူတူ လမ်းလျှောက်ထွက်ပြီး စိတ်ပြေလက်ပျောက် သွားရောက်အောင်လေ။ အဲဒီမှာရာသီဥတုကမျှတပြီး ရှုခင်းတွေကလည်း ကောင်းတယ်လို့ ကြားတယ်။ မင်း သဘောကျမှာပါ"
အားချန်က ချက်ချင်းပြန်မဖြေဘဲ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှိုးမင်က မေးလိုက်၏။ "မလိုက်ချင်ဘူးလား"
"လိုက်ချင်တာပေါ့။ ကျွန်မ လိုက်မယ်"
သူမသည် ပိုင်ရှိုးမင်၏ရင်ခွင်ထဲတွင် တိုးဝှေ့လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ရှန်းဟွေရွှယ်က သူမဆီစာရေးပို့လာသည့် သတင်းကို ထုတ်ပြောလိုက်တော့သည်။ သို့သော်ငြား စာထဲကအကြောင်းအရာ တချို့ကိုတော့ ချန်ထားခဲ့လိုက်၏။
သူမက ပြောလိုက်လေသည်။ "တကယ်တော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဟွေရွှယ်ဆီက စာရတယ်။ သူက စာထဲမှာ ကန္တာရနယ်မြေထဲမှာ အခြေချနေပြီတဲ့ပြီးတော့ အားရင် သူ့ဆီလာလည်ဖို့လည်း ကျွန်မကို ဖိတ်ထားသေးတယ်"
ပိုင်ရှိုးမင်သည် အနည်းငယ် အံ့ဩသွားလေသည်။ "တိုက်ဆိုင်လိုက်တာ"
"ဟုတ်တယ်။ တကယ်လို့ ရှင်သာ ဒီနေ့ ကျွန်မကိုလာမရှာရင် ကျွန်မက ချန်ဟွေ့ကို ခေါ်ပြီး သူ့ဆီ သွားမလို့စဉ်းစားနေတာ"
ပိုင်ရှိုးမင်သည်သူမ၏ပါးပြင်လေးကို ပွတ်သပ်လိုက်ကာ "ကန္တာရ နယ်မြေက သာ့ရှနဲ့ အရမ်းဝေးတယ်။ မင်းက ဘယ်လိုသွားမလို့လဲ"
"ကုန်သည်အဖွဲ့နဲ့ လိုက်သွားမှာပေါ့။ ဟွေရွှယ်ဆီ စာလာပို့တဲ့သူက ပြောတယ်လေ။ ကျွန်မ သူတို့နဲ့အတူတူ လိုက်သွားလို့ရတယ်တဲ့"
အားချန်သည် ပိုင်ရှိုးမင်၏ရင်ခွင်ထဲမှ ထထိုင်လိုက်ပြီး သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်ကာ "ရှင်ကရော။ ရှင်က ဘယ်လိုသွားဖို့ စဉ်းစားထားတာလဲ"
ဒီအချက်ကိုတော့ ပိုင်ရှိုးမင်သည် သေချာမစဉ်းစားရသေးချေ။ အကယ်၍ သူတစ်ယောက်တည်းဆိုလျှင်တော့ နေ့ညမနားခရီးနှင်လိုက်လျှင် ရက်ပိုင်းနှင့်ရောက်နိုင်လေသည်။
သို့သော် အားချန်၏ခန္ဓာကိုယ်က အားနည်းသဖြင့် သူနှင့်အတူ ခရီးနှင်နိုင်မည် မဟုတ်ပေ။
ဒီလိုစဉ်းစားကြည့်လိုက်တော့ ကုန်သည်အဖွဲ့နှင့် လိုက်ပါသွားခြင်းက မဆိုးလှသည့် အကြံအဉာဏ်တစ်ခု ဖြစ်နေလေသည်။
"ဒါဆိုရင်လည်း ကုန်သည်အဖွဲ့နဲ့ပဲ လိုက်သွားကြတာပေါ့။ ကိုယ် မင်းနဲ့အတူတူ လိုက်ခဲ့မယ်"
"ကောင်းပြီလေ" အားချန်၏ မျက်လုံးများက တောက်ပသွားတော့သည်။ "သူတို့က ၃လပိုင်း ၃ရက်နေ့ကျရင် ထွက်ခွာကြမှာ။ အဲဒီအချိန်ကျရင် အနောက်ဘက်စျေးကို သွားပြီး သူတို့ကို သွားရှာလိုက်ရုံပဲ"
"မင်းသဘောအတိုင်းပါပဲ"
အားချန်၏ စိတ်ထဲတွင်တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ ဝေးလံသည့်ခရီးဖြစ်သည့်အတွက် ချန်ဟွေ့က ဒုတိယအဆင့်နယ်ပယ်သာ ရှိသေးသဖြင့် အားချန်မှာ စိတ်မချနိုင် ဖြစ်နေခဲ့ရသည်။
အကယ်၍ ပိုင်ရှိုးမင်နှင့်အတူ သွားရမည်ဆိုလျှင်တော့ သူမက စိတ်ပူစရာမလိုတော့ပေ။
စိတ်ထဲက ပျော်ရွှင်တက်ကြွမှုများ ပေါ့ပါးသွားသောအခါ အားချန်သည် သမ်းဝေလာပြီး အပြင်ဘက်က တုံးမောင်းခေါက်သံ သဲ့သဲ့လေး ကြားလိုက်ရလေသည်။ သုံးချက်တီးနေပြီ ဖြစ်၏။
ပိုင်ရှိုးမင်က ခဏနေ ပြန်တော့မည်ဟု တွေးလိုက်မိသောအခါ အားချန်၏ စိတ်ထဲတွင် ရုတ်တရက် မလိုလားသလို ဖြစ်သွားလေသည်။
သူမက သူ့ကို နေစေချင်သည်။ သူမနှင့် အတူရှိစေချင်သည်။
အားချန်သည် ဘယ်သောအခါမှ မိမိကိုယ်ကို အနစ်နာခံလေ့မရှိသဖြင့် တဲ့တိုးပင် မေးလိုက်တော့၏။ "ရှင် ခဏနေပြန်တော့မှာလား"
"မပြန်စေချင်ဘူးလား"
"အင်း".အားချန်သည် သူ့ကိုယ်ပေါ်တွင် မှီတွယ်ထားလိုက်ပြီး ခေါင်းလေးကို စောင်းကာ သူ့နားနားကပ်ပြီး ပြောလိုက်၏။ "ရှင် ပြန်သွားတာကို မလိုချင်ဘူး။ ကုတင်ပေါ်တက်ပြီး ကျွန်မနဲ့အတူတူ အိပ်စေချင်တယ်"
ပိုင်ရှိုးမင်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ထိုအခိုက်အတန့်တွင် မျက်ဝန်းထဲက ဖြတ်ပြေးသွားသည့် ခက်ခဲသောဆန္ဒများကို ဖုံးကွယ်ထားလိုက်လေသည်။
"မကောင်းဘူးလား" အားချန်က ဘာမှမသိဘဲ သူ့ကို ကတိပေးရင် အတင်းပူဆာနေလေသည်။
ပိုင်ရှိုးမင်း၏ လက်ချောင်းလေးများက သူမ၏ဂုတ်ပိုးလေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီး မျက်နှာကို စောင်းကာ သူမ၏လည်ပင်းဘေးတွင် အပ်ထားလိုက်၏။ ပါးလွှာသည့် နှုတ်ခမ်းများက သူမ၏ဖြူဖွေးပြီး သွယ်လျနေသည့် လည်ပင်းသားလေးပေါ်တွင် တခဏချင်း နမ်းရှိုက်နေလေသည်။
အားချန်ကလည်း ရှောင်တိမ်းခြင်း မရှိချေ။ သူမ၏နက်မှောင်ပြီး နူးညံ့နေသည့်ဆံနွယ်များက သူ့လက်ချောင်းကြားမှ လျောကျသွားပြီး ဆံနွယ်များကြားတွင် ဖောင်းကြွနေသည့် သွေးကြောစိမ်းများကို မသဲမကွဲ မြင်နေရလေသည်။
ပိုင်ရှိုးမင်၏အသံတွင် ထိန်းချုပ်ထားရခြင်းနှင့် ဖိနှိပ်ထားရခြင်း ခံစားချက်များ ပါဝင်နေတော့၏။
"မဖြစ်ဘူး"
"ဘာဖြစ်လို့လဲ" အားချန်က သူ့ရင်ဘတ်ကို ဆွဲကိုင်ထားလိုက်ပြီး အသံထဲတွင်လည်း အနည်းငယ် မောဟိုက်သံလေးများ ပါဝင်နေလေသည်။
ပိုင်ရှိုးမင်က ရှင်းမပြဘဲ မဖြစ်ဘူးဟုသာ ပြောနေလေ၏။
နောက်ဆုံးတွင်တော့ အားချန်သည် သူ့ကိုကုတင်ပေါ်သို့ ခေါ်ဆောင်ပြီး အတူတူအိပ်ရန် လှည့်စားလို့မရနိုင်ခဲ့ဘဲ သူမကိုယ်တိုင်ကသာ အနမ်းခံလိုက်ရသဖြင့် ခန္ဓာကိုယ်မှာ ပျော့ခွေသွားရတော့သည်။
ထိန်းချုပ်မှု ကင်းလွတ်မသွားခင်တွင် ပိုင်ရှိုးမင်သည် အားချန်ကို ကုတင်ပေါ် ပြန်ချပေးလိုက်ပြီး စောင်ကို သေချာလေးခြုံပေးလိုက်ကာ ရှုပ်ပွသွားသည့် အဝတ်အစားများကိုလည်း အနည်းငယ် ပြန်ပြင်ပေးလိုက်လေသည်။
ထိုနောက်တွင်တော့ သူမကို တိုးတိုးလေး ပြောလိုက်၏။ "အိပ်တော့။ ကိုယ်ဒီမှာပဲ မင်းကို စောင့်ပေးမယ်"
အားချန်ကလည်း စဉ်းစားလိုက်လေသည်။ အတူတူ မအိပ်ပေးရင်တောင် ဘေးကနေ စောင့်ပေးတာကလည်း ရတာပါပဲလေ။
"ရှင် ခိုးပြီးတော့ ထွက်ပြေး မသွားပါဘူးနော်" သူမက လက်ကို ဆန်ထုတ်လိုက်ပြီး လက်သေးသေးလေးကို သူ့လက်ထဲသို့ ထည့်လိုက်လေသည်။
ပိုင်ရှိုးမင်ကသူမ၏ အရိုးမရှိသလို နူးညံ့နေသည့် လက်ကလေးကို ဆုပ်ကိုင်ထားပြီး ကတိပေးလိုက်၏။ "ကောင်းပြီ"
ဖယောင်းတိုင် မီးငြိမ်းသွားပြီး အားချန်သည် အမှောင်ထဲတွင် မျက်လုံးများကို ဖြည်းဖြည်းခြင်း မှိတ်ထားလိုက်တော့၏။ လက်ပေါ်မှရရှိနေသည့် တစ်ဖက်လူ၏အပူချိန်က သူမ၏နှုတ်ခမ်းထောင့်လေးကို ကွေးတတ်သွားစေလေသည်။
ဒီညတွင် သူမ အိပ်မက်မက်ဆဲဖြစ်သော်ငြား အိပ်မက်ဆိုးတော့ မဟုတ်တော့ချေ။
အိပ်မက်ထဲတွင် မျက်နှာမသဲကွဲသည့် မိဘများမရှိတော့ဘဲ ပိုင်ရှိုးမင်းသာ ရှိနေတော့၏။
ဒါသည် သူတစ်ယောက်တည်းသာရှိသည့် အိပ်မက်လှလှလေး ဖြစ်လေသည်။
နောက်တစ်နေ့ မနက်စောစော သူမ နိုးလာချိန်တွင် ပိုင်ရှိုးမင်က ရှိမနေတော့ချေ။
အားချန်သည် သမ်းဝေရင်း အခန်းထဲက ထွက်လာပြီး ချန်ဟွေ့က မီးဖိုချောင်ထဲက ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်၏။ "ဟွေ့ညန် မနေ့ညက မြင်လိုက် ..." စကားတဝက်ရောက်မှ အားချန်သည် အချိန်မီ ရပ်တန့်လိုက်လေသည်။
"ဘာမြင်လိုက်တာလဲ" ချန်ဟွေ့၏ လေသံကတည်ငြိမ်နေပြီး သူမ၏ပုံစံကို ကြည့်ရသည်မှာ ထူးဆန်းသည့် လူတစ်ယောက် အခန်းထဲက ထွက်သည်ကို မြင်နေပုံမပေါ်ချေ။
အားချန်ကလည်း စိတ်ထဲမှတွေးလိုက်မိ၏။ ပိုင်ရှိုးမင် ပြန်သွားတုန်းက ဟွေ့ညန်ကို ရှောင်သွားတာ ဖြစ်လောက်တယ်။
မမြင်လိုက်ဘူးဆိုရင်တော့လည်း မပြောတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟွေ့ညန်ရဲ့စိတ်ထဲမှာ ပိုင်ရှိုးမင်ကို ကာကွယ်ရမယ့်လူလို့ သတ်မှတ်ထားတုန်းပဲလေ။ အားချန်သည် နောက်ထပ် နှစ်ရက်လောက်နေမှ ပိုင်ရှိုးမင်နဲ့အတူ ကန္တာရနယ်မြေကို သွားမည့်အကြောင်း ချန်ဟွေ့ကို ပြောပြရန် စဉ်းစားထားလိုက်တော့သည်။
ချန်ဟွေ့၏ အကြည့်က ဖြတ်ခနဲကြည့်လိုက်ရုံဖြင့် အားချန်၏ လည်ပင်းပေါ်က အနီရောင်အရာများကို မြင်တွေ့လိုက်ရသော်ငြားလည်း ကာယကံရှင်ကတော့ ဘာမှ သတိမထားမိချေ။
ချန်ဟွေ့ တွေးလိုက်သည့်အတွေးကတော့ လူကိုတော့ သူမကိုယ်တိုင် ရှာဖွေခဲ့ခြင်းဖြစ်ပြီး အရှုံးခံလိုက်ရသူကတော့ အားချန် ဖြစ်နေလေသည်။ အဲဒီ ပိုင်လူကြီးမင်းက တကယ်ပဲ အခွင့်အရေးကို နည်းနည်းလေးမှ အလွတ်မပေးပါလား။
သို့သော်ငြား အားချန်၏ မျက်နှာအရောင်အသွေးက ဒီနေ့တွင် ပိုကောင်းလာပြီး စိတ်ခံစားချက်ကလည်း လွန်ခဲ့သည့် ရက်များကလို စိတ်ဓာတ်ကျမနေသောသဖြင့် ပိုင်ရှိုးမင်က အသုံးဝင်သေးသည်ဟု ဆိုရမည်။ အားချန်သည် မိမိကိုယ်ကိုမိမိ နှစ်သိမ့်လိုက်ပြီး ဆက်ပြီးမတွေးတောတော့ချေ။
ထိုနောက်ပိုင်းရက်များတွင် ပိုင်ရှိုးမင်သည် ညတိုင်းအားချန်၏ အခန်းသို့ ရောက်လာလေ့ရှိပြီး မူလက သူမကို နှောက်ယှက်နေသည့် အိပ်မက်ဆိုးများလည်း ပျောက်ကွယ်ခဲ့လေသည်။
ဒီနေ့ညတွင်တော့ ပိုင်ရှိုးမင်သည် စောစောရောက်လာခဲ့လေ၏။ သူ ရောက်လာချိန်တွင်အားချန်သည် ခြေထောက်စိမ်နေလေသည်။
သူမသည် ဒီနေ့ ဓမ္မတာလာနေပြီး နေ့တဝက်လောက် ဗိုက်နာနေသဖြင့် တစ်ကိုယ်လုံး နွမ်းနယ်နေကာ စိတ်မကြည်မလင် ဖြစ်လို့နေသည်။ ပိုင်ရှိုးမင် ဝင်လာသည်ကို မြင်လိုက်ရသောအခါ မျက်လုံးကို ပင့်ကြည့်လိုက်ရုံသာ ပင့်ကြည့်လိုက်ပြီး နှုတ်ဆက်စကားပင် မပြောခဲ့ချေ။
"ဘာဖြစ်လို့လဲ မပျော်မရွှင်ဖြစ်နေပြန်ပြီလား"
"ဗိုက်နာလို့"
ပိုင်ရှိုးမင်းသည် တစ်ချက်ကြောင်သွားပြီးမှ ချက်ချင်း သဘောပေါက်သွားတော့သည်။ သူသည် အားချန်၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး ရေထဲတွင်စိမ်ထားသည့် နှင်းဆီပွင့်ဖက်ကဲ့သို့ ဖြူဝင်းနေသည့် ခြေထောက်လေးကိုလှမ်းကာ ကိုင်လိုက်၏။
အားချန်မှာ လန့်သွားပြီး ခြေထောက်ကိုနောက်သို့ ဆွဲလိုက်သော်ငြားလည်း သူ့လက်ထဲက ရုန်းမထွက်နိုင်ခဲ့ချေ။
ပိုင်ရှိုးမင်က ဘေးနားက အဝတ်အစကို ယူလိုက်ပြီး ဖြည်းညင်းစွာပင် သူမ၏ ခြေထောက်ပေါ်ကရေများကို သုတ်ပေးလိုက်လေသည်။ လုံးဝန်းပြီးဖြူဝင်းနေသည့် ခြေချောင်းလေးများမှာ ရေနွေးစိမ်ထားသဖြင့် ပန်းရောင်သန်းနေလေ၏။
မိမိ၏ခြေထောက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားပြီး စိုက်ကြည့်နေသဖြင့် ဘာမှမလုပ်သော်ငြားလည်း အားချန်၏ လက်များသည် အောက်ကအိပ်ရာခင်းကို အမှတ်တမဲ့ ဆုပ်ကိုင်မိလိုက်တော့သည်။
"ပိုင်ရှိုးမင်။ ရှင် မကြည့်နဲ့တော့"
ပိုင်ရှိုးမင်က မော့ကြည့်လိုက်ရာ အားချန်၏ မျက်လုံးများက ဟိုကြည့်ဒီကြည့်နှင့် သူ့ကိုမကြည့်ရဲဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ခပ်ဖွဖွလေး ရယ်မောမိလေတော့သည်။
သူက လက်ကိုလွှတ်လိုက်ပြီး စကားမပြောရသေးခင်မှာပင် အားချန်က ခြေထောက်ကို မြန်မြန်ပြန်ရုပ်သိမ်းလိုက်ပြီး စောင်ကိုဆွဲကာ ကိုယ်ကို လွှမ်းခြုံလိုက်သည်ကို တွေ့လိုက်ရလေသည်။
"ကျွန်မ အိပ်တော့မယ်" အားချန်က ကိုယ်ကိုစောင်းကာ ကုတင်အတွင်းဘက်သို့ မျက်နှာမူလိုက်ပြီး ခြေချောင်းများကိုလည်း အိပ်ရာခင်းပေါ်တွင် ပွတ်သပ်နေမိကာ ခုနကအထိအတွေ့ ကျန်နေသေးသလို ခံစားလိုက်ရလေသည်။
"ဒီလောက်အစောကြီး အိပ်တော့မလို့လား"
"ကျွန်မ အိပ်ချင်နေပြီ။ ရှင် အရင်ပြန်နှင့်တော့"
"ကောင်းပြီလေ" အနောက်ဘက်မှ တရှပ်ရှပ် အသံများ ကြားလိုက်ရသဖြင့် အားချန်က သူပြန်တော့မည်ဟု ထင်လိုက်သော်ငြားလည်း လှည့်ကြည့်လိုက်သည့် အချိန်တွင်တော့ ထိုလူက အပေါ်ဝတ်ရုံကို ချွတ်နေသည်ကို တွေ့လိုက်ရလေသည်။
"ရှင်က ကျွန်မနှင့်အတူတူ မအိပ်ပေးချင်ဘူးဆို" အားချန်ကလည်း ငြိုးအတေးထားနေတုန်းပင်။
"ပိုင်ရှိုးမင်းက စောင်ကို လှန်လိုက်ပြီး မင်းရဲ့စေတနာကို တုံ့ပြန်တဲ့အနေနဲ့လေ"
နှစ်ယောက်သား စောင်တစ်ထည်တည်း အတူခြုံထားကြပြီး စောင်အောက်တွင် ပိုင်ရှိုးမင်က အားချန်၏ ခါးကိုဖက်ကာ လူကို ဆွဲယူထားလိုက်လေသည်။
အားချန်၏ ကျောပြင်က သူ့ရင်ဘတ်နှင့် ကပ်သွားပြီး သူလက်က အနောက်မှ သိုင်းဖက်လာကာ လက်ဖဝါးဖြင့်သူမ၏ ဗိုက်သားလေးကို ဖြည်းညင်းစွာ ပွတ်သပ်ပေးနေလေသည်။
သူ့လက်ဖဝါးက အပူချိန်သည် အားချန်ကို သက်သောင့်သက်သာ ဖြစ်ရစေသဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဗိုက်ထဲက နာကျင်ကိုက်ခဲ့မှုများကလည်း လျော့ပါးသက်သာသွားတော့သည်။
"ပိုင်ရှိုးမင် ရှင့်ကိုယ်က အရမ်းပူတာပဲ" အနောက်ကလူ၏ ခန္ဓာကိုယ်အပူချိန်က ပူလောင်နေပြီး သူ့လက်ဖဝါးကလည်း ပုံမှန်မဟုတ်သည့်အပူချိန်ကို သယ်ဆောင်ထားလေသည်။
"မျက်လုံးမှိတ်ပြီးအိပ်တော့"
"နေ့ခင်းတုန်းက အကြာကြီးအိပ်ထားတော့ အခုအိပ်မပျော်တော့ဘူး" အားချန်က နောက်ကိုလှည့်လိုက်ကာ "ရှင် ဒီနေ့ ဘာလို့ ဒီလောက်စောစောလာတာလဲ။ အမှုက ပြီးသွားပြီလား"
"ပြီးတော့မယ်။ နောက်နှစ်ရက်ဆိုရင် အမှုပိတ်လို့ရပြီ"
အားချန်သည် ဒီခေါင်းစဉ်ကို အလွန်စိတ်ဝင်စားသွားလေသည်။ သူမက ကိုယ်ကိုလှည့်လိုက်ပြီး ပိုင်ရှိုးမင်း၏ကိုယ်ပေါ်တွင် တစ်ဝက်လောက် မှောက်လျက်သား နေရင်း မေးလိုက်လေ၏။ "ဒါဆိုရင် ရှန့်ယင်က ဘယ်လိုဖြစ်သွားမှာလဲ။ သူ သေရမှာလား"
"ဒါက အရှင်မင်းကြီးရဲ့ သဘောထားပေါ် မူတည်တယ်"
"ဒါဆိုရင် တကယ် သေရမှာလား"
ပိုင်ရှိုးမင်က တစ်ချက်ပြုံးလိုက်ပြီး မေးလိုက်၏။ "ဘာဖြစ်လို့ ရှန့်ယင်ကို ကူညီချင်ရတာလဲ"
အားချန်၏ အဖြေကတော့ လုံးဝပြောင်းလဲခြင်း မရှိချေ။ "မတရားတာမြင်ရင် မနေနိုင်လို့ ဝင်ကူညီလိုက်တာပါ"
"မင်း လျှောက်တဲ့လမ်းက တော်တော်ထူးဆန်းတာပဲ။ အကူအညီ လိုအပ်နေတဲ့သူတွေနဲ့ အမြဲတမ်း တိုးနေတော့တာပဲနော်"
"ဘယ်သူက မဟုတ်ဘူးလို့ပြောလို့လဲ"
"မင်းက သူ့ကို အသက်ရှင်စေချင်တာလား" ပိုင်ရှိုးမင်က မေးလာသည်။
"အရမ်းကို ဖြစ်စေချင်တာပေါ့" အားချန်သည် သူ့ရှေ့တွင် သူမ၏အတွေးများကို ဖုံးကွယ်မထားချေ။ "ဒါဆို သူ အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိလား"
ရှန့်ယင်၏ သေခြင်းရှင်ခြင်းက အရှင်မင်းကြီး၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေပြီး သူ ကျူးလွန်ခဲ့သည့် အပြစ်အပေါ် မူတည်နေခြင်း မဟုတ်ကြောင်း အားချန်လည်း သိနေလေသည်။
အရှင်မင်းကြီးအတွေးကို ပြောင်းလဲနိုင်စွမ်းရှိသူကတော့ ပိုင်ရှိုးမင်သာ ဖြစ်လေ၏။
အားချန်၏ မျှော်လင့်တကြီး အကြည့်အောက်တွင် ပိုင်ရှိုးမင်က ဖွင့်ပြောလာခဲ့သည်။ "အရှင်မင်းကြီးက သူ့ကို အသက်ချမ်းသာပေးဖို့ ဆန္ဒရှိပါတယ်"
"တကယ်လား"
"တကယ်ပေါ့။ ရှန့်မိသားစုရဲ့အမှုကို ပြန်လည်စစ်ဆေးနေတယ်။ အခု ကျောက်ချီကလည်း အပြစ်ကို ဝန်ခံလိုက်ပြီ။ ယခင်ပေဟွမ်ဝမ်ကလည်း သေဆုံးသွားပြီဆိုတော့ ပေဟွမ်ဝမ် မြို့တော်ကို ရောက်လာတာနဲ့ အရှင်မင်းကြီးက သူ့ရဲ့ထွက်ဆိုချက်ကို အသုံးပြုပြီး ပေဟွမ်အိမ်တော်ကို ထိခိုက်စေဖို့ မျှော်လင့်မိနေတာ"
ပိုင်ရှိုးမင်က ရှင်းရှင်းလင်းလင်း သိထားသည်မှာ အရှင်မင်းကြီးသည် ဒီတစ်ကြိမ်တွင်တော့ ပေဟွမ်ဝမ်ကို အရေးယူမည် မဟုတ်ကြောင်းပင်။ အမှားကျူးလွန်ခဲ့သူမှာ ယခုလက်ရှိမျိုးဆက် ပေဟွမ်ဝမ် မဟုတ်သောကြောင့်ပင်။
သို့သော်ငြား အမှားကျူးလွန်ခဲ့လျှင်တော့ တန်ရာတန်ကြေး ပေးဆပ်ရမည်ပင်။ ကြားရသလောက် ထိုပေဟွမ်ဝမ်သည် ပါးနပ်သူတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။ အကယ်၍များ ပါးနပ်မည်ဆိုလျှင် အရှင်မင်းကြီး၏ဒေါသကို မည်သို့ ပြေလျော့အောင် လုပ်ရမည်ကို သိရှိပေလိမ့်မည်။
ဒီအချိန်တွင်တော့ အားချန်၏ အာရုံသည် တခြားတစ်ခုစီသို့ ရောက်ရှိသွားတော့၏။ "ပေဟွမ်ဝမ်က ဘယ်အချိန် မြို့တော်ကိုဝင်မှာလဲ"
ပိုင်ရှိုးမင်ကလည်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။ "အမိန့်တော်ပြန်တမ်းက ပေဟွမ်ကို ရောက်တာကနေ ပေဟွမ်ဝမ် စထွက်ခွာလာတဲ့အချိန်အထိ ရှေ့နောက်ပေါင်းလိုက်ရင် တစ်လ၊ နှစ်လလောက် ကြာလိမ့်မယ်။ ကိုယ်တို့တွေ ကန္တာရနယ်မြေကနေ ပြန်လာတဲ့ အချိန်လောက်ဆိုရင် ဒီပွဲကိုကြည့်ဖို့ အချိန်မီလောက်ပါတယ်"
...