← Chapters

ထပ်မြည်းကြည့်လိုက်လေ။

Vol. 17 Ch. 170

ထပ်မြည်းကြည့်လိုက်လေ။

Vol. 17 Ch. 170

မျက်စိတမှိတ်အတွင်းမှာပင် ၃လပိုင်း၃ရက်နေ့ ရှန့်စစ်ပွဲတော်သို့ ရောက်ရှိလာခဲ့လေသည်။ ဒီအချိန်တွင် သစ်ပင်ပန်းပန်များ စိမ်းလန်းစိုပြေကာ နွေဦးရာသီ၏ နွေးထွေးမှုနှင့် ပန်းများ ပွင့်ဝေလျက်ရှိ၏။ ပြည်သူားသည် ပေါ့ပါးသော နွေဦးရာသီ ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ကာ မြစ်ကမ်းဘေးသို့ ၃ယောက်တစ်စု ၂ယောက်တစ်တွဲဖြင့် သွားရောက်ကာ မကောင်းဆိုးဝါးများကို ဆေးကြောသန့်စင်ကြလေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ အားချန်သည် ယနေ့မြို့တော်မှ ထွက်ခွာရမည်ဖြစ်သဖြင့် ထိုပျော်ပွဲရွှင်ပွဲတွင် မပါဝင်နိုင်တော့ခြင်းပင်။

စစ်အချိန် (မနက်၉နာရီမှ၁၁နာရီ) ကျော်လွန်သည်နှင့် ပိုင်ရှိုးမင်းးသည် အားချန်ကိုကြိုရန် အိမ်သို့ရောက်လာခဲ့၏။ ချန်ဟွေ့သည် ပြင်ဆင်ထားသည့် ခရီးဆောင်အိတ်များကို တစ်ဖက်လူ၏ လှည်းထဲသို့ ထည့်ပေးလိုက်ပြီး အားချန်ကိုဆွဲကာ ခဏလောက် မှာကြားနေပြီးမှ သူမကို ပြန်လွှတ်ပေးလိုက်လေသည်။

သူတို့နှစ်ဦး ဖူလိုင်တည်းခိုခန်းသို့ ရောက်ရှိလာချိန်တွင် တည်းခိုခန်းအပြင်ဘက်၌ ပစ္စည်းများ အပြည့်တင်ထားသည့် ကုန်တင်လှည်း ၁၀စီးကျော်နှင့် မြင်းလှည်းအနည်းငယ်ကို ရပ်နားထားသည်ကို တွေ့လိုက်ရ၏။

လှည်းကိုဆွဲသည့်မြင်းများသည် တကုန်လုံး ဖြူဖွေးနေပြီး လည်ဆံမွေးများမှာ အနီရောင်သန်းနေကာ ကြည့်ရသည်မှာ အလွန်ထူးခြားဆန်းကြယ်လှသည်။

အားချန်တို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ လျဲ့ရှန့်သည် သစ်သားဇလုံတစ်လုံးကို ကိုင်ကာ ထွက်လာခဲ့၏။ ဇလုံထဲတွင် ပန်းပွင့်ဖတ်များ ပေါလောပေါ်နေပြီး တခြားတစ်ဖက်တွင် မိုးမခကိုင်းတစ်ကိုင်းကို ကိုင်ဆောင်ထားလေသည်။

သူက စူးစမ်းလိုစိတ် ပေါ်နေသည့် မျက်နှာကိုမြင်လိုက်ရသောအခါ လျဲ့ရှန့်က ရှင်းပြလိုက်လေသည်။

"ဒါက ကံကောင်းခြင်းတွေ ရလာပြီးဘေးအန္တရာယ် ကင်းဝေးစေဖို့ ဆုတောင်းတဲ့ အခမ်းအနားပါ။ ဘိုးဘေးတွေက ဒီနေ့ ကျွန်တော်တို့ရဲ့ခရီးစဉ် ချောမွေ့အောင် စောင့်ရှောက်ပါလိမ့်မယ်" ဘိုးဘေးများ၏ ကောင်းချီးပေးခြင်းကို ရမည်ဟုကြားလိုက်ရသည်နှင့် အားချန်သည် ချက်ချင်းပင် အလွန်ပူးပေါင်း ဆောင်ရွက်လိုက်တော့သည်။ လျဲ့ရှန့်ကို ယုံကြည်ရသည် မဟုတ်သော်ငြား ဘိုးဘေးများကိုတော့ သေချာပေါက် ယုံကြည်ရပေမည်။

သူမသည် နေရာတွင် ရပ်နေလိုက်ပြီး လျဲ့ရှန့်က မိုးမခကိုင်းကို ပန်းပွင့်ဖက်ရေများထဲ နှစ်လိုက်ကာ သူမ၏ဦးခေါင်းနှင့် ကိုယ်ပေါ်သို့ ပတ်ဖြန်းလိုက်သည်ကို စောင့်ဆိုင်းနေလိုက်၏။

ပိုင်ရှိုးမင်သည် လဲ့ရှန့်၏ ဘိုးဘေးများကို သိပ်ပြီးစိတ်ဝင်စားမှု မရှိသော်ငြား အားချန်၏ ဆွဲခေါ်မှုကို ခံလိုက်ရပြီး ဝူမျိုးနွယ်ဘိုးဘေးများ၏ ကာကွယ်စောင့်ရှောက်မှု အခမ်းအနားကို အတင်းအဓမ္မ ခံယူလိုက်ရလေသည်။

ရိုးရှင်းသည့် အခမ်းအနား ပြီးဆုံးသွားပြီးနောက် လျဲ့ရှန့်သည် နောက်လှည့်ကာ အသံတစ်ချက် အော်ဟစ်လိုက်သည်တွင် ဒုတိယထပ်ကလူများမှာ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြလေ၏။

ထိုလူများ၏ရုပ်ရည်ကို ကြည့်ရှုရုံမျှဖြင့် လျဲ့ရှန့်၏ မျိုးနွယ်တူဖြစ်ကြောင်း သိရှိနိုင်၏။ ကျားမမရွေး အရပ်အမောင်း မြင့်မားကြပြီး မျက်ခုံးနှင့် မျက်လုံးများမှာ နက်ရှိုင်းလှသော်ငြား အမျိုးသမီးများ၏ အသားအရေများမှာ ပိုပြီးဖြူဝင်းကြလေသည်။

မနေ့ကတည်းက အားချန်သည် သူတို့ကို တွေ့ဆုံခဲ့ဖူးသည်ဖြစ်၏။ ထိုလူများသည် သူမကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသော်ငြားလည်း ပိုင်ရှိုးမင်ကိုတော့ လျစ်လျူရှုထားလိုက်ကြသည်။ ထိုနောက် တန်းစီလိုက်ကြကာ လျဲ့ရှန့်၏ မိုးမခကိုင်းဖြင့် ပက်ဖြန်းခြင်းကိုခံယူပြီးမှ တည်းခိုခန်းထဲက ထွက်ခွာသွားကြလေသည်။

ပိုင်ရှိုးမင်နှင့် အားချန်တို့သည် မြင်းလှည်းတစ်စီး ခွဲဝေရရှိခဲ့၏။ နှစ်ဦးသား မြင်းလှည်းပေါ်သို့ တက်ထိုင်လိုက်ပြီးချိန်တွင် မြင်းလှည်းမောင်းသူ မရှိသည်ကို တွေ့လိုက်ရ၏။

လူအားလုံး စုံလင်သွားသည့်အချိန်တွင် ယာဉ်တန်း၏အရှေ့ဆုံးက မြင်းစီးနေသည့် လျဲ့ရှန့်သည် ခါးဘေးကအဖြူရောင် အရိုးပလွေကို ဖြုတ်ယူပြီး ပါးစပ်နားတွင် တေ့ကာ အားဖြင့် မှုတ်လိုက်လေသည်။

ကျယ်ပြောပြီး လွမ်းဆွတ်ဖွယ် ကောင်းလှသည့် ဥဩသံကဲ့သို့အသံ ထွက်ပေါ်လာပြီး ယာဉ်တန်းထဲက မြင်းများသည် ရှေ့ဆုံးက လျဲ့ရှန့်နှင့်အတူ လှုပ်ရှားလာကြတော့သည်။

ယနေ့တွင် မြို့ပြင်ထွက်ကာ အပန်းဖြေကြသည့် ခရီးသွားများ များပြားလှသဖြင့် ယာဉ်တန်းသည် အတန်ကြာအောင်တန်းစီပြီးမှ နောက်ဆုံးတော့ မြို့ပြင်သို့ ထွက်ခွာနိုင်ခဲ့လေသည်။

၁၅မိနစ်ခန့်ဆက်လက် ထွက်ခွာလာပြီးနောက်တွင် မြင့်မားသည့် မြို့ရိုးကြီးသည် အမြင်အာရုံထဲက ပျောက်ကွယ်သွားပြီး အားချန်သည် ထိုဥဩသံကို ထပ်မံကြားလိုက်ရပြန်သည်။

ဒီတစ်ကြိမ်တွင်တော့ အသံသည် ပိုပြီးမြန်ဆန်လာခဲ့၏။ အားချန်က စူးစမ်းလိုစိတ်ဖြင့် ခေါင်းပြူကာ အပြင်သို့ကြည့်ရှုချင်သော်ငြားလည်း လှည်းဆွဲသည့်မြင်းသည် ရုတ်တရက် ဒုန်းစိုင်းတေးလေတော့သည်။ သူမ၏ခန္ဓာကိုယ်လေးသည် နောက်သို့လှန်ကျသွားပြီး လဲကျတော့မလို ဖြစ်သွားသဖြင့် ပိုင်ရှိုးမင်က ခြေမြန်လက်မြန်ဖြင့် ဖမ်းထိန်းထားလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ထည့်ထားလိုက်တော့၏။

ထိုနောက်ပိုင်း လမ်းခရီးတစ်လျှောက်လုံးတွင် အားချန်ကတော့ စိတ်အေးလက်အေးပင်။ သူမ၏လူသား မှီခေါင်းအုံးလေးပေါ်တွင် မှီကာမဖယ်ရှားလိုတော့ချေ။

မူလက သူမသည် လျဲ့ရှန့်ပြောသည့် ခရီးသွားနှုန်းမြန်ဆန်သည် ဆိုသည်မှာ အနည်းငယ်မျှသာ ပိုမြန်မည်ဟု ထင်မှတ်ထားခဲ့သော်ငြားလည်း သူတို့သည် မြေကြီးပေါ်တွင် ပျံသန်းနေကြလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

သည်လိုနှင့် တစ်နေ့လုံး ခရီးနှင်လာခဲ့ကြပြီးနောက် လမ်းခရီးတလျှောက်တွင် ခဏသာ နားခဲ့ကြလေသည်။ အားချန်သည် ထိုအရှိန်ကို မနည်းသည်းခံနေရပြီး ကောင်းကင်ကြီးလုံးဝ မှောင်မိုက်သွားသည့် အချိန်ရောက်မှ ယာဉ်တန်းက တောအုပ်ဘေးက မြေကွက်လပ်တစ်ခုတွင် ရပ်တန့်လိုက်လေ၏။

အားချန်ကို ပိုင်ရှိုးမင်က ပွေ့ချီကာ လှည်းပေါ်က ချပေးခဲ့ရသည်။ သူမသည် ပိုင်ရှိုးမင်၏ ပေါင်ပေါ်တွင်ထိုင်ကာ လိုက်ပါလာခဲ့သဖြင့် သိပ်ပြီးလှုပ်ခါမှုကို မခံစားခဲ့ရသော်ငြား တနေ့လုံး ခရီးနှင်လာခဲ့ရသဖြင့် အမှန်တကယ်ပင် မခံနိုင်တော့ချေ။

ယာဉ်တန်းက ရပ်တန့်သွားပြီးနောက် လူအများက မီးဖိုတည်ကာ ထမင်းချက်ကြလေသည်။ လျဲ့ရှန့်က အထူးတလည် လာရောက်ကာ အားချန်ကို ကြည့်ရှုပြီး သူမကလမ်းပင် မလျှောက်နိုင်တော့သည်ကို မြင်သောအခါ စိုးရိမ်တကြီးမေးလိုက်၏။

"မိန်းကလေးအားချန် အဆင်ပြေရဲ့လား"

"ကျွန်မ အဆင်ပြေပါတယ်။ လျဲ့အစ်ကိုကြီး စိတ်မပူပါနဲ့"

လဲ့ရှန့်သည် တွန့်ဆုတ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သော်ငြား သိပ်ပြီး မယုံကြည်သည့် ပုံစံပေါ်နေ၏။

သူသည် လှည့်ထွက်သွားပြီး မကြာခင်မှာပင် မဲနက်နေသည့် တစ်စုံတစ်ရာ ထည့်ထားသည့်ပန်းကန်ကို ကိုင်ဆောင်လာကာ အားချန်ကို ကမ်းပေးလိုက်လေသည်။

"ဒါက ကျွန်တော်တို့ ဇာတိက ဆေးဖက်ဝင်လက်ဖက်ရည်ပါ။ ခွန်အားကို ပြန်ပြည့်စေတယ်။ တကယ်လို့ မိန်းကလေးက စိတ်ထဲမထားဘူးဆိုရင် ..."

"ကျေးဇူးတင်ပါတယ် လျဲ့အစ်ကိုကြီး"

အားချန်လည်း မငြင်းဆန်ခဲ့ချေ။ သူမသည် ထိုဆေးဖက်ဝင် လက်ဖက်ရည်ပန်းကန်ကို လှမ်းယူလိုက်ရာ သစ်ဖုသစ်ဥများ၏ မွှေးပြန့်သောရနံ့ နှာခေါင်းထဲသို့ချက်ချင်းတိုးဝင်လာခဲ့၏။

သူမက တစ်ငုံလောက် သောက်ကြည့်လိုက်ပြီး အရသာက မဆိုးလှသည်ကို ခံစားကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ ဆေးဖက်ဝင်လက်ဖက်ရည် တစ်ပန်ကန်လုံးကို မော့သောက် လိုက်လေတော့သည်။

လျဲ့ရှန့်သည် ထိုအခြေနေကို မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် အပြုံးတချို့ ပေါ်ထွက်လာခဲ့၏။

"လျဲ့အစ်ကိုကြီး ကျွန်မတို့ အခု ဘယ်နေရာရောက်နေပြီလဲ"

သူမသည် ဒီနေ့ တနေ့လုံးမြင်းလှည်းထဲတွင် သေမလိုရှင်မလို ဖြစ်နေခဲ့ပြီး ခရီးသွားနှုန်းက အလွန်အမြန်ဆန်သည်ကိုသာ သိရှိရာ မိမိသည် မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မသိတော့ချေ။

လျဲ့ရှန့်က ပြောလိုက်၏။ "ကျွန်တော်တို့ အခု လျန်ကျိုးကို ရောက်ပါပြီ။ ဒီနေရာက ကွေခူးတောင် (သရဲငိုတောင်) နယ်နိမိတ် ထဲမှာပါ။ ဒီတောအုပ်က အရမ်းလုံခြုံပါတယ်။ ကျွန်တော်တို့ ဒီနေရာကို ဖြတ်သွားတိုင်း ဒီမှာပဲ နားလေ့ရှိတယ်"

လျဲ့ရှန့်၏ စကားက အားချန်ကို သံသယဖြစ်သွားစေတော့သည်။ ဒီတောအုပ်က အရမ်းလုံခြုံတယ်ဆိုတာ ဘာကို ပြောတာလဲ။

လျဲ့ရှန့်နှင့်စကားအနည်းငယ် ထပ်ပြောပြီးနောက် ဟိုဘက်က လူတစ်ယောက်က သူ့ကို လှမ်းခေါ်သဖြင့် သူကလည်း ကမန်းကတမ်း ထွက်ခွာ သွားလေသည်။

တစ်ဖက်လူ ထွက်သွားပြီးနောက် ပိုင်ရှိုးမင်သည် သူမ၏မေးစေ့ကို ဆွဲညှစ်လိုက်လေ၏။ "ဘာပစ္စည်းမဆို ပါးစပ်ထဲ ထည့်သောက်ရဲတယ်ပေါ့"

အားချန်ကလည်း ပါးစပ်ကို သပ်လိုက်ပြီး အရသာခံ ကြည့်လိုက်ပြီး "အရမ်းသောက်လို့ကောင်းတယ်"

"သူက မင်းကို မေ့ဆေးပေးပြီး ရောင်းစားပစ်မှာကို သတိထား"

"ရှင် ရှိနေတာပဲ မဟုတ်လား"

အမှန်တရားမှာ အားချန်သည် ဆေးဖက်ဝင်လက်ဖက်ရည်ဆိုသည်မှာ မည်သို့သောအရာဖြစ်သည်ကို သိရှိထားခြင်းကြောင့်ပင်။

ဆေးဖက်ဝင်လက်ဖက်ရည်ကို ဆေးဖက်ဝင်အသီးဖြင့်ပြုလုပ်ထားပြီး ထိုအသီးသည် လူသူ အရောက်အပေါက် နည်းပါးသည့် ကွင်းပြင်များတွင် ပေါက်ရောက်ကာ အလွန်ရှားပါးပြီး ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်ကြောင်း သူမက သိထားလေသည်။

သူ့မျက်နှာက တင်းမာနေသည်ကို မြင်ရသောအခါ အားချန်က နှုတ်ခမ်းကို ဆူထားလိုက်ပြီး သူ့မျက်နှာနားသို့ တိုးကပ်သွားလိုက်၏။ "ရှင့်ကို မြည်းကြည့်ခိုင်းမလို့လေ"

"မမြည်းဘူး"

ပိုင်ရှိုးမင်သည် ခေါင်းကို စောင်းကာ သူမက အနာတိုးကပ်လာသည်ကို ရှောင်ရှားလိုက်သော်လည်း အားချန်ကတော့ ဇွဲမလျော့ဘဲ သူ့ကို အချိန်အတော်ကြာအောင် ဖက်တွယ်ထားပြီး နောက်ဆုံးတွင်တော့ သူ့နှုတ်ခမ်းဘေးကို နမ်းလိုက်လေ၏။

"အရသာ ဘယ်လိုနေလဲ" အားချန်က သူ့ကိုမေးလိုက်၏။

ပိုင်ရှိုးမင်က ခေါင်းကို ငုံ့ချလိုက်လေသည်။

"မခံစားမိလိုက်ဘူး။ နောက်တစ်ခေါက် မြည်းကြည့်လိုက်မယ်"

နှစ်ဦးသားသည် ထိုနေရာတွင် ပူးကပ်နေသည်မှာ လေးလံသော ချောင်းဟန့်သံကြီး ထွက်ပေါ်လာသည်အထိပင်။ အားချန်သည် ပိုင်ရှိုးမင်ကို တွန်းထုတ်လိုက်ပြီး ခေါင်းကို စောင်းကာ အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ လျဲ့ရှင်းက မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

"ထမင်းရပြီ။ ထမင်းလာစားကြတော့"

လျဲ့ရှင်းက သူတို့နှစ်ယောက်ကို မီးပုံဘေးသို့ ခေါ်ဆောင်လာခဲ့၏။ အားချန်နှင့် ပိုင်ရှိုးမင်တို့က တစ်ယောက်လျှင် ဟင်းရည်တစ်ပန်းကန်စီ ရရှိကြပြီး မီးကင်ထားသောဂျုံမုန့်ပြားကို ဇလုံထဲတွင်ထည့်က စားနိုင်သလောက် ယူနိုင်လေသည်။

အားချန်သည် ဂျုံမုန့်ပြားတစ်ချက် စားလိုက်ပြီး ဟင်းရည် တစ်ပန်းကန်လုံးကို ကုန်အောင်စားလိုက်၏။

စားသောက်ပြီးနောက်တွင် အားချန်က ဝမ်းနည်းပက်လက် သက်ပြင်းချလိုက်လေသည်။ သူမ၏ဝမ်းနည်းပူဆွေးသည့် အငွေ့အသက်များက ထူပြောလွန်းလှသဖြင့် ပိုင်ရှိုးမင်က ရယ်မောကာ မေးလိုက်မိ၏။ "ဘာဖြစ်လို့လဲ"

"ကျွန်မ ဟွေ့ညန်ကို လွမ်းလို့"

ခွဲခွာခဲ့သည်မှာ တစ်ရက်သာ ရှိသေးသော်ငြားလည်း ရှန့်ကျင်းနှင့် အလွန်ဝေးကွာနေပြီ ဖြစ်လေသည်။ သူမသည် ဟွေ့ညန်ကို အတူတူမခေါ်လာခဲ့မိသည့်အတွက် ယခုအချိန်တွင်တော့ နောင်တရနေပြီ ဖြစ်၏။

"တကယ်လို့ ဟွေ့ညန်နဲ့သာ မခွဲခွာခဲ့ရဘူးဆိုရင် ကျွန်မရဲ့ဒီညစာမှာ ကြက်ကင်တစ်ကောင်လောက်တော့ ပါမှာသေချာတယ်" ပိုင်ရှိုးမင်းသည် ခဏလောက် တိတ်ဆိတ်သွားပြီး ချက်ချင်းသဘောပေါက် သွားတော့သည်။ ဒါက သွားရည်ကျနေတာပဲ။

"ဒီညတော့မရဘူး။ မနက်ဖြန်ကျမှ ကိုယ် တောကြက် ဖမ်းပြီးကင်ကျွေးမယ်"

"ဘာဖြစ်လို့ ဒီညမရတာလဲ"

"ခုနက လျဲ့ရှန့်က မင်းကိုပြောတယ် မဟုတ်လား။ ဒီနေရာက ကွေခူးတောင်လေ"

"ဒီနေရာမှာ ဘာပြဿနာရှိလို့လဲ" အားချန်ကတော့ နားမလည်သေးပေ။

ပိုင်ရှိုးမင်သည် ပိုပြီးအသေးစိတ် ရှင်းပြရန်သာ တတ်နိုင်တော့၏။ "ဒီတောင်ထဲမှာ သရဲတံခါးတစ်ခုကို ချိတ်ပိတ်ထားတယ်။ ရှန့်ယင်က မင်းကို မပြောပြဘူးလား။ အစတုန်းက ရှန့်မိသားစုအိမ်တော်က ဒီနေရာမှာ တည်ဆောက်ခဲ့တာလေ"

ရှန့်ယင်က အမှန်တကယ် မပြောပြခဲ့ဘူးချေ။ အားချန် ခန့်မှန်းရသည်မှာ သူသည်လည်း သိရှိလိမ့်မည် မဟုတ်ပေ။ မည်သို့ဆိုစေ သူက အသိစိတ်ဝင်လာသည့်အချိန်တွင် ရှန့်မိသားစုက မရှိတော့ပြီ မဟုတ်ပါလား။

သို့သော်ငြား လျဲ့ရှန့်ကတော့ ဘာကြောင့်ဒီနေရာကို လုံခြုံသည်ဟု ပြောရသည်ကိုတော့ နောက်ဆုံးတွင် သူမ နားလည်သွားခဲ့လေသည်။ သရဲတံခါးရှိနေမှတော့ ပတ်ဝန်းကျင်တွင် မည်သည့်မိစ္ဆာသရဲသစ္စေကမှ ချဉ်းကပ်ရဲမည် မဟုတ်ချေ။ တကယ်ကို လုံခြုံသည် မဟုတ်ပါလား။

မအိပ်စက်ခင်တွင် အားချန်သည် ပိုင်ရှိုးမင်ကို အနီးတစ်ဝိုက် လိုက်ပို့ခိုင်းခဲ့သေးသည်။ ဒီနေရာတွင် အမှန်တကယ်ပင် ဘာခြေရာလက်ရာမှ မကျန်ရစ်တော့ချေ။

သူသည် အားချန်ကို သရဲတံခါးရှိသည့်နေရာကို လက်ညှိုးထိုးပြရုံသာ ပြခဲ့ပြီး သူမကို ပြန်ခေါ်လာခဲ့လေ၏။

တစ်ညတာ အနားယူပြီးနောက် ဒုတိယနေ့တွင် ဆေးဖက်ဝင်လက်ဖက်ရည် သောက်ထားသည့် အားချန်သည် ခွန်အားများ ပြည့်ဝနေလေတော့၏။

မိုးမလင်းခင်မှာပင် လူတစ်စုသည် မြစ်ကမ်းဘေးတွင် မျက်နှာသစ် ကိုယ်လက်သန့်စင်ကြပြီးနောက် ယာဉ်တန်းကြီးက နောက်တစ်ကြိမ် ထွက်ခွာခဲ့ကြပြန်၏။

သည်လိုနှင့် ၅ရက်ဆက်တိုက် ခရီးနှင်လာခဲ့ကြပြီးနောက် သူတို့၏ယာဥ်တန်းသည် သာ့ရှနယ်စပ်သို့ ရောက်ရှိသွားခဲ့လေသည်။

ဒီခရီးနှုန်းထားသည် အမှန်တကယ်ပင် အနည်းငယ် ချဲ့ကားလွန်းပေ၏။ ပိုင်ရှိုးမင်သည် ရက်အနည်းငယ်ကြာ လေ့လာခဲ့ပြီးနောက် လျဲ့ရှန့်နှင့် လျန်ငွေ သောင်းချီတန်ဖိုးရှိသည့် မြင်းအရောင်းအဝယ်တစ်ခုကို ဆွေးနွေးခဲ့သည်။

ဒီမြင်းများသည် ကျီလျန့် (ဒဏ္ဍာရီလာမြင်း) သွေးပါဝင်ပြီး သူတို့က သာ့ရှသို့ ကုန်သည်အဖြစ် လာရောက်ရန်အတွက် အထူးတလည် မွေးမြူထားခြင်း ဖြစ်လေသည်။

လူသူအရောက်အပေါက် နည်းပါးလှသည့် ကွင်းပြင်ကျယ်များတွင် မြင်းများသည် သိပ်ပြီး အရာမဝင်လှသော်ငြားလည်း သာ့ရှသို့ ဝင်ရောက်လာပါက စီးနင်းစရာ တိရစ္ဆာန်မှန်သမျှသည် မြင်းပုံစံဖြစ်နေမှသာ ရပေသည်။ သူတို့သည်လည်း ဒေသဓလေ့နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခဲ့သော်ငြား မထင်မှတ်ဘဲ မမျှော်လင့်ထားသည့် အကျိုးကျေးဇူးကို ရရှိခဲ့ခြင်းဖြစ်လေသည်။

ဒီနေ့တွင် ကောင်းကင်ကြီး မမှောင်သေးခင်မှာပင် ယာဥ်တန်းသည် ရပ်တန့်လိုက်လေ၏။

အားချန်က လှည်းပေါ်က ဆင်းလာသည့်အချိန်တွင် ယာဉ်တန်းသည် ရွာတစ်ရွာ၏အပြင်ဘက်တွင် ရပ်တန့်နေကြောင်းသိလိုက်လေသည်။ ထိုရွာ၏ဝင်ပေါက်တွင် ကျောက်တိုင်တစ်ခု စိုက်ထူထားပြီး အပေါ်တွင် ပိုင်လုံရွာ(နဂါးဖြူရွာ) ဟူသည့်စာလုံးသုံးလုံးကို ရေးသားထားလေသည်။

နယ်စပ်နှင့် နီးကပ်လာလေလေ အားချန်သည် ဒီနေရာ၏ခြောက်ကပ်မှုကို ခံစားမိလာလေလေပင်။ ရာသီဥတု ခြောက်သွေ့ခြင်းသာမက လမ်းတလျှောက် နေရာတော်တော်များများတွင် ရေအရင်းအမြစ်ကိုပင် မတွေ့ရဘဲ မြစ်ကြောင်းအများစုသည်လည်း ခမ်းခြောက်နေခဲ့လေသည်။

သို့သော် ဒီရွာလေးကတော့ ကွဲပြားနေပုံရ၏။ သူတို့ရွာကို မြစ်ငယ်လေးတစ်စင်းက ဝန်းရံထားပြီး ကလေးငယ် အများအပြားသည် မြစ်ကမ်းဘေးတွင် ဆော့ကစားနေကြကာ အလွန်စည်ကားလို့ နေလေသည်။

လျဲ့ရှန့်၏ ယာဉ်တန်းသည် ဒီရွာကိုမကြာခဏ ဖြတ်သန်းသွားလာပုံရ၏။ သူတို့၏ယာဥ်တန်းက ရပ်တန့်လိုက်သည်နှင့် ရွာထဲက လူတစ်ယောက်က ထွက်လာကာကြိုဆိုပြီး သူတို့ကိုရွာထဲသို့ ဝင်ကာအနားယူရန် ဖိတ်ခေါ်လိုက်လေသည်။

သူတို့ကို လာကြိုသူမှာ သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နာမည်မှာ ကျိုးဟွိုင်ဖြစ်ကာ ပိုင်လုံရွာသူကြီး၏သားဖြစ်သည်ဟု ကြားသိရသည်။

ဒီလူသည် ကျင့်ကြံခြင်း မရှိဖူးကြောင်း သိသာသော်ငြား ကိုယ်ခန္ဓာသန်မာ ထွားကြိုင်းပြီး ကြွက်သားများမှာ ကျစ်လစ်နေကာ ကြည့်ရသည်မှာ လျဲ့ရှင်းတို့ထက် အနည်းငယ်မျှသာ လျော့နည်းလေသည်။ အားချန်သည် စူးစမ်းလိုစိတ်ဖြင့် တစ်ဖက်လူကို အကြိမ်အနည်း ငယ်ကြည့်လိုက်မိ၏။

ကျိုးဟွိုင်သည် အားချန်၏အကြည့်ကို သတိမထားမိဘဲ လျဲ့ရှန့်ကို ပြောလိုက်၏။ "အစ်ကိုရှောင်ရှန့် မင်းတို့ နေမဲ့အိမ်ကို စောစောစီးစီး ကတည်းက သန့်ရှင်းရေး လုပ်ထားပြီးပါပြီ။ ဒီတစ်ခေါက်ရွာထဲမှာ ဘယ်လောက်ကြာကြာ နေမှာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းတို့ ရှန့်ကျင်းကနေ ယူလာခဲ့တဲ့ အထည်စတွေက အရမ်းလှတာပဲ။ ကျွန်တော့မိန်းမကတောင် ပြောနေသေးတယ်။ ကျွန်တော်တို့အိမ်က ယင်ယင် လက်ထပ်တဲ့အခါ ဝတ်ဖို့အတွက် နောက်ထပ်အထည်စ ထပ်ဝယ်ပေးဦးမယ်တဲ့"

"မလောပါနဲ့။ ကျွန်တော်တို့ ဒီတစ်ခေါက် သုံးရက်လောက်လာပြီးမှ ပြန်ထွက်ကြမှာပါ။ နေ့လယ်ကျရင် အစ်ကိုကြီးကျိုးက အစ်မကြီးနဲ့ ညီမလေးကိုခေါ်ပြီးတော့ အထည်စ လာရွေးလို့ရပါတယ်။ အကောင်းဆုံးတွေချည်းပဲဆိုတာ အာမခံပါတယ်" ဒီအချိန်တွင် လျဲ့ရှန့်သည် ကုန်သည်တစ်ယောက်နှင့် တူနေလေတော့သည်။

ကျိုးဟွိုင်၏ မျက်နှာတွင် ဝမ်းသာသည့်ာအရိပ်အယောင် ပေါ်ထွက်လာခဲ့၏။ "ဒါဆိုရင်တော့ အစ်ကိုရှောင်ရှန့်ကို ကျေးဇူးတင်ရမှာပဲ။ နေ့လယ်စာ စားပြီးတာနဲ့ ကျွန်တော် သူတို့ကို ခေါ်လာခဲ့မယ်"

ကျိုးဟွိုင်က ယာဉ်တန်းအတွက် စီစဉ်ပေးသည့် အိမ်သည် ရွာ၏အစွန်ဘက်တွင် ရှိလေတယ်။ ပြတင်းပေါက် ဖွင့်လိုက်သည်နှင့် ပိုင်လုံရွာကို ဝန်းရံထားသည့်မြစ်ကို တွေ့ရလေ၏။ ဒီအိမ်တန်းသည် အသစ်ဆောက်လုပ်ထားပုံရပြီး အိမ်ရှေ့က မြေကွက်လက်တွင် ရေတွင်းတစ်တွင်း ရှိနေသည်။

အားချန်နှင် ပိုင်ရှိုးမင်တို့က အိမ်ထဲသို့ ဝင်ရောက်သွားကာ အတွင်းဘက်တွင် ဟာလာဟင်းလင်းဖြစ်နေပြီး ကုတင်နှင့် စားပွဲကုလားထိုင် များသာရှိကာ တခြား အပြင်အဆင်များ မရှိချေ။

အိမ်ထဲရောက်သည်နှင့် အားချန်က ပိုင်ရှိုးမင်ကို ပြောလိုက်တော့သည်။

"ကျွန်မ ရေချိုးချင်တယ်"

ရက်ဆက်တိုက် ခရီးနှင်ခဲ့ရသဖြင့် သူမသည် ရွှံ့ရုပ်လေးတစ်ရုပ်လို ဖြစ်နေပြီဟု ခံစားနေရ၏။ ဒီရက်ပိုင်းအတွင်းတွင် သူမသည် ပိုင်ရှိုးမင်ကို ပွေ့ဖက်ခွင့်ပင် မပေးတော့ချေ။

"ကောင်းပြီလေ" ပိုင်ရှိုးမင်းသည် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်လိုက်ပြီး သိုလှောင်အိတ်ထဲက အားချန်၏ရေချိုးကန်ကို ထုတ်ကာ နေရာချပေးလိုက်၏။ ထိုနောက်တွင်တော့ စောင်နှင့် မွေ့ယာများကိုပါ ထုတ်ယူကာ ခင်းကျင်းပေးလိုက်လေသည်။

ခရီးမထွက်ခင်ကတည်းက ချန်ဟွေ့သည် အားချန် နေ့စဉ်အသုံးပြုနေကျ ပစ္စည်းများ၊ စောင်မွေ့ယာ၊ ရေချိုးကန် အပါအဝင် အားလုံးကို သူမအတွက် ထည့်ပေးလိုက်ခြင်းဖြစ်သည်။

မည်သို့ဆိုစေ အားချန်သည် ပိုင်ရှိုးမင်က အတူတူ သယ်ဆောင်သွားနိုင်သည်ဟု ပြောသဖြင့် သူမကလည်း အထူးစုံလင်စွာ ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် အားချန်သည် လမ်းတစ်လျှောက်လုံး အသုံးပြုရန် အခွင့်အရေမရခဲ့ချေ။

ရေတွင်းထဲက ရေခပ်ပြီးနောက် ပိုင်ရှိုးမင်သည် အတွင်းအားကို အသုံးပြုကာ ရေကို အပူပေးလိုက်ပြီးမှ အပြင်သို့ထွက်သွားလိုက်၏။

သူသည် အပြင်သို့ တပတ်လောက် လျှောက်သွားလိုက်ပြီး ပြန်လာသည့်အချိန်တွင် လက်ထဲတွင်တော့ တောကြက်နှစ်ကောင် ကိုင်ဆောင်လာခဲ့လေသည်။

လမ်းတလျှောက်တွင် ရွာသားတချို့က သူ့ကိုမြင်တွေ့ရာ ပြုံးရွှင်စွာဖြင့် လာရောက်နှုတ်ဆက်ကြပြီး စိမ်းကားနေကြသည့်ပုံတော့ မပေါ်ကြချေ။

ပိုင်ရှိုးမင်ကတော့ အနည်းငယ် အေးစက်နေပြီး သူတို့နှင့် စကားမပြောသဖြင့် တဖြည်းဖြည်းနှင့် ဘယ်သူမှ ရှေ့တိုးမလာကြတော့ချေ။

မလှမ်းမကမ်းနေရာသို့ ဆက်လျှောက်လာရာ လျဲ့ရှင်းသည် အဒေါ်ကြီးတချို့၏ ဝိုင်းရံထားခြင်းကို ခံနေရသည်ကို တွေ့လိုက်ရ၏။ လက်ထဲတွင် ခြင်းတောင်းတစ်လုံးကို ကိုင်ထားပြီး အတွင်းက လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက် အစုံအလင်ထည့်ထားကာ တခြားတစ်ဘက်တွင်တော့ ဆူဖြိုးနေသည့် ငါးအနည်းငယ်ကို ကိုင်ဆောင်ထားလေသည်။ ထိုငါးများသည် လှုပ်ရှားနေဆဲဖြစ်သဖြင့် ရေထဲက ဖမ်းလာသည်မှာ မကြာသေးကြောင်း သိသာထင်ရှားလှသည်။ မြစ်ထဲက ဖမ်းလာခြင်း ဖြစ်တန်ရာ၏။

လျဲ့ရှင်းသည် ပိုင်ရှိုးမင်ကို မြင်လိုက်သောအခါ လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏။ "ပိုင်အစ်ကိုကြီး။ ခင်ဗျား အမဲလိုက် ထွက်လာတာလား"

ယခုအချိန်တွင် ပိုင်ရှိုးမင်းသည်လည်း ယာဉ်တန်း၏ အဓိကဖောက်သည်ကြီး ဖြစ်နေပြီဖြစ်သဖြင့် လျဲ့ရှင်း၏ သူ့အပေါ်ထားသည့် သဘောထားမှာ လျင်လျင်မြန်မြန် ပြောင်းလဲသွားခဲ့လေသည်။

လျန်ငွေ သောင်းချီဆိုသည်မှာ သူတို့နှစ်ပေါင်းများစွာ ကုန်သည် လုပ်နိုင်သည်အထိ လုံလောက်လေသည်။ ထိုအပြင် ရှန့်ကျင်းတွင် မြင်းများကို ဝယ်ယူနိုင်သဖြင့် ဒီပိုင်အစ်ကိုကြီး၏ အဆင့်အတန်းမှာ မနိမ့်ကျနိုင်ရာ အရာရှိတစ်ဦးဖြစ်ကြောင်းလည်း ခန့်မှန်းမိကြသည်။

လျဲ့ရှင်းတို့သည် ပိုင်ရှိုးမင်နှင့် လေးလေးနက်နက် မိတ်ဖွဲ့ရန် ရည်ရွယ်ချက် မရှိကြသော်ငြား မိတ်ဆွေများလေလေ လမ်းကြောင်းများလေလေ ဆိုသကဲ့သို့ လူကို အပြစ်မပြုမိရင်တော့ လိုအပ်ပေသည်။

ပိုင်ရှိုးမင်ကသူ့ကို ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲက တောကြက်နှစ်ကောင်ကို ကမ်းပေးလိုက်၏။ "အားချန်က ကြက်သားစားချင်လို့တဲ့။ တစ်ကောင်လောက် ကူညီပြီးတော့ ချက်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်။ ကျန်တဲ့တစ်ကောင်ကတော့ မင်းတို့အတွက်ပါ"

လျဲ့ရှင်းကလည်း သွတ်သွက်လက်လက် သဘောတူလိုက်၏။ "ရပါတယ်။ ပိုင်အကိုကြီးကို ကျေးဇူးပါတယ်"

ထိုသို့ပြောလိုက်သည်နောက် သူသည် မြက်ကြိုးဖြင့် သီထားသော ငါးများကို မြောက်ပြလိုက်ပြီး မေးလိုက်၏။ "အားချန်မိန်းကလေးက ငါးစားရတာ ကြိုက်လား"

ပိုင်ရှိုးမင်း၏အကြည့်သည် ထိုငါးများပေါ်သို့ ဖြတ်သန်းသွားပြီး ငြင်းဆန်လိုက်လေသည်။ "သူ ငါးမစားဘူး"

"ကောင်းပါပြီ” လျဲ့ရှင်းကလည်း ခပ်တိုးတိုးရေရွတ်လိုက်၏။ "မိန်းကလေးအားချန်က အစာနည်းနည်းရွေးတာပဲ"

ပိုင်ရှိုးမင်းကလည်း ခပ်ဖွဖွ ရယ်မောလိုက်ပြီး ထောက်ခံလိုက်၏။ "တကယ်ပဲ အစားအရမ်းရွေးတယ်"

အားချန်က ရေချိုးပြီးမကြာခင်မှာပင် ပိုင်ရှိုးမင်သည် တံခါးကိုတွန်းကာ ဝင်လာလေသည်။

ဒီအချိန်တွင် အားချန်သည် ပြတင်းပေါက် ဘေးတွင်ရပ်နေပြီး မြစ်ကမ်းဘေးသို့ လှမ်းကြည့်နေလေသည်။

ပိုင်ရှိုးမင်က လျှောက်သွားလိုက်ပြီး သူမ၏နောက်တွင်ရက်က ရေစက်လက်ကျနေသည့် ဆံနွယ်လေးများကို စုစည်းပေးရင်း မေးလိုက်၏။ "ဘာကြည့်နေတာလဲ"

"ဟိုကလေးတွေကို ကြည့်နေတာပါ" အားချန်က မေးစေ့ကို အနည်းငယ် ပင့်ပြလိုက်ပြီး အပြင်ဘက်သို့ကြည့်ရန် ပိုင်ရှိုးမင်ကို အမူအရာပြလိုက်လေသည်။

ပိုင်ရှိုးမင်၏လက်ချောင်းများသည် ဆံနွယ်တွေများကြား တိုးဝင်ပြီး သူမအတွက် ဆံပင်အခြောက်ခံ ပေးရင်း အချိန်လုကာ ခေါင်းမော့ပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်၏။ "ဘာဖြစ်လို့လဲ"

"သူတို့ကိုကြည့်ရတာ ၇နှစ်၊ ၈နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်တွေကတော့အရမ်းသန်မာကြတယ်"

ကလေးအနည်းငယ်သည် ဘောင်းဘီတိုအင်္ကျီတို့ များကို ဝတ်ဆင်ထားကြလေသည်။ သုံးလပိုင်း ဖြစ်သော်ငြားလည်း ကလေးများက အပူအပင်များသဖြင့် နည်းနည်းပါးပါး ဝတ်ဆင်ကြသည်မှာ ဖြစ်သင့်သော်ငြား အသက်အနည်းငယ်သာ ရှိသေးသည့် ကလေးများ၏ကိုယ်ပေါ်တွင် ကြွက်သားများ ရှိနေသေးးကြသည်မှာတော့ အနည်းငယ်ထူးဆန်းနေလေသည်။

ပိုင်ရှိုးမင်က တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး အကြည်ကို ပြန်လည်ရုပ်သိမ်းကာ တည်ငြိမ်စွာ ပြောလိုက်၏။ "သူတို့တွေ ငယ်ငယ်ကတည်းက ကောင်းကောင်းစားသောက်ခဲ့ရလို့ဖြစ်မှာပါ"

"ဘာတွေစားရင် ဒီလိုဖြစ်လာနိုင်မှာလဲ"

"ဒီက ငါးတွေက အရမ်းဆူဖြိုးတယ်လေ"

"ဟုတ်လား" အားချန်သည် ယခုအချိန်တွင် ငါးကိုသိပ်ပြီး စိတ်ဝင်စားမှု မရှိသောချေ။

နဂါးငါးကြင်းကို စားပြီး ကတည်းက တခြားငါးများသည် သူမအတွက် အဆင့်မမှီတော့ပေ။

နေ့လယ်တွင် ကြက်ပေါင်းဟင်း စားလိုက်ရသဖြင့် အားချန်သည် စိတ်ပျော်ရွှင်နေလေ၏။ ကျိုးဟွိုင်က ဇနီးနှင့်သမီးကို ခေါ်ဆောင်ကာ လျဲ့ရှန့်ထဲ့သို့ အထည်ရွေးရန် သွားသည့်အချိန်တွင် သူမကလည်း ဝင်ပြီးတော့ စပ်စုလိုက်သေးသည်။

ကျိုးဟွိုင်နှင့်အတူတူ ရောက်လာသူမှာ သူ့ဇနီးဖြစ်သူ ဝူရှီနှင် လူငယ်အမျိုးသမီးနှစ်ယောက်တို့ ဖြစ်ကြသည်။

ထိုအထဲက အရပ်အနည်းငယ်ပုသည့် အမျိုးသမီးသည် ဝူရှီနှင့် အလွန်တူညီပြီး ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်လေသည်။ ကျန်သည့် အရပ်ရှည်ရှည်နှင့် အမျိုးသမီးသည် အသားအရေ ဖြူဝင်း ပြီး အလွန်လှပလေသည်။

ဝူရှီ၏ မိတ်ဆက်ပေးချက်အရ အရပ်ပုသည့် အမျိုးသမီးမှာ သူမ၏သမီးဖြစ်ပြီး ကျိုးယင်ဟု ခေါ်ကာ အရပ်ရှည်သည့် အမျိုးသမီးကတော့ သူတို့၏မွေးစားသမီးဖြစ်ကာ ကျိုးနဉ်ဟု ခေါ်လေသည်။

မိန်းကလေးနှစ်ယောက်စလုံးသည် အရွယ်ရောက်ပြီးဖြစ်ကာ ကျိုးယင်သည် မကြာသေးခင်ကားမှ စေ့စပ်ထားပြီးဖြစ်သည်။

ကျိုးယင်၏ စိတ်နေစိတ်ထားမှာ အလွန်ပွင့်လင်းရိုးသားပြီး အိမ်ထောင်ပြုမည့် ကိစ္စကို ပြောဆိုရာတွင်လည်း ရှက်ရွံခြင်းမရှိချေ။ သူမနှင့် လျဲ့ရှင်းတို့သည် အလွန်ရင်းနှီးပုံရပြီး မြို့တော်က ဗဟုသုတများကို မေးမြန်းကာ မျက်ဝန်းထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

ကျိုးယင်နှင့် ယှဉ်ကြည့်လျှင် ကျိုးနဉ်သည် ပိုပြီးစကားနည်းလေသည်။

သူမ၏ရုပ်ရည်က ပိုပြီးထင်ရှားသော်ငြား အခန်းထဲ ဝင်လာကတည်းက စကားတစ်ခွန်းမှ မပြောဘဲ ထောင့်တစ်နေရာတွင်သာ ရပ်နေခဲ့ပြီး ကျိုးယင်က လှမ်းခေါ်မှသာ ရှေ့သို့တိုးလာခဲ့၏!

ကျိုးယင်သည် အစိမ်းရောင်ဖျောဖျော့ အထည်စတစ်ခုကို အရင်ဆုံး ရွေးချယ်လိုက်ပြီး ကျိုးနဉ်၏ ကိုယ်ပေါ်တွင် တိုင်းတာကြည့်လိုက်ကာ သူမကို မေးလိုက်၏။ "နဉ်နဉ် ဒီအရောင်ကို ကြိုက်လား"

ကျိုးနဉ်က တွန့်ဆုတ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ "ဒါဆိုရင် ဒီအထည်စကို ယူလိုက်မယ်။ နဉ်နဉ်အတွက် အဝတ်အစားအသစ် ချုပ်ပေးရမယ်”

သူမသည် ဝူရှီဘက်သို့ လှည့်ကြည့်လိုက်ပြီး တစ်ဖက်လူ၏ သဘောထားကို တောင်းခံနေသယောင်ပင်။ မည်သို့ဆိုစေ အထည်စတစ်ခုကလည်း ဈေးမပေါချေ။

ဝူရှီကတော့ စဉ်းစားမနေဘဲ ခေါင်းငြိမ့်လိုက်၏။ "ကောင်းပြီ။ ဒီအရောင်က နဉ်နဉ်နဲ့ တအားလိုက်ဖက်တယ်"

တို့နောက်တွင်တော့ လဲ့ရှန်တို့က လက်ဝတ်ရတနာတချို့ကို ထုတ်ပြလိုက်ပြန်သည်။ ဝူရှီသည် ငွေလက်ကောက်တစ်စုံကို ရွေးချယ်လိုက်ပြီး သမီးတစ်ယောက်လည်း တစ်ကွင်းစီ ဝတ်ဆင်ပေးလိုက်၏။

,

အားချန်သည် ခဏလောက် ကြည့်လိုက်ပြီးသည်နှင့် စိတ်ဝင်စားမှု မရှိတော့ချေ။ ဒီတစ်ခေါက် လဲ့ရှန့်တို့က တခြားနေရာများသို့ သွားရောက်ကာ ကုန်ပစ္စည်းမယူခဲ့ဘဲ ယူဆောင်လာသည့် ပစ္စည်းအများစုက မြို့တော်ကမှဖြစ်သဖြင့် အားချန်အတွက်တော့ ဘာမှ အသစ်အဆန်း မဖြစ်မနေချေ။

သူမသည် တံခါးအပြင်ဘက်သို့ ထွက်လာရာ နံရံ‌ ဘေးတွင် ထိုင်ခုံနှစ်လုံး ချထားသည်ကို တွေ့လိုက်ရသဖြင့် တစ်လုံးကို ရွေးချယ်ပြီး ထိုင်လိုက်လေသည်။

မကြာခင်မှာပင် ကျိုးနဉ်ဟု ခေါ်သည်မိန်းကလေးလည်း ထွက်လာခဲ့သည်။ သူမသည် အားချန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး လျှောက်လာခဲ့ကာ သူမ၏ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

ဘာကြောင့်မှန်းမသိ။ ဒီမိန်းကလေး လျှောက်လာပြီးနောက် အားချန်သည် ပတ်ဝန်းကျင်က အနည်းငယ် အေးမြသွားသလို ခံစားလိုက်ရ၏။

"ကျွန်မနာမည်က အားချန်ပါ။ ရှင်က ဘယ်လိုခေါ်လဲ" အားချန်က မေးလိုက်၏။

"ကျွန်မနာမည်က နဉ်နဉ်ပါ".ကျိုးနဉ်သည် စကားသိပ်ပြောလေ့ မရှိပုံ ရပြီး အသံက အနည်းငယ် ကွဲရှလို့နေသည်။ သူမသည် မိမိ၏လက်ချောင်းများကို ကစားနေပြီး မကြာခဏဆိုသလို အားချန်ကို လှမ်းကြည့်နေလေသည်

"နဉ်နဉ်က ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ"

"၁၆နှစ်ပါ" အားချန်၏ မေးခွန်းကို ဖြေကြားပြီးနောက် ကျိုးနဉ်ကလည်း သူမကို ပြန်မေးလိုက်၏။ "ရှင်ကရော အသက်ဘယ်လောက်ရှိပြီလဲ"

"ကျွန်မက ဒီနှစ်၁၉နှစ်ပါ"

ကျိူးနဉ်သည် အနည်းငယ် သံသယဖြစ်နေပုံရကာ သူမက အသက်၁၉နှစ် ဟုပြောနေသည်ကို မယုံကြည်သလိုပင်။

သို့သော်ငြား ကျိူနဉ်သည် ဘာမှမပြောလာချေ။ သူမသည် အင်္ကျီလက်ထဲတွင် ခဏလောက် စမ်းသပ်ပြီး အတွင်းက လက်ဖဝါးတစ်ဝက်စာခန့် အဝိုင်းပြားလေးတစ်ခုကို ထုတ်ယူလာခဲ့၏။

ထိုအဝိုင်းပြားလေးသည် အဖြူရောင်ဖြစ်ပြီး ခရုခွံကို သွေးထားသကဲ့သို့ ဖြစ်ကာ နေရောင်အောက်တွင် ငွေရောင်အလင်းတန်းများ ဖြာထွက်နေသေးသည်။

ကျုးနဉ်က အဝိုင်းပြားလေးကို အားချန်ဘက်သို့ တိုးပေးလိုက်၏။

"ကျွန်မကို ပေးတာလား" အားချန်က မေးလိုက်၏။

ကျိုးနဉ်က ခေါင်းငြိမ့်ပြလာသည်။

အားချန်သည် အဝိုင်းပြားကို လှမ်းယူလိုက်ရာ ကိုင်ထားလိုက်သည်နှင့် အေးစက်သော အငွေ့အသက်တစ်ခုက ကိုယ်ပေါ်သို့ လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။

စိမ့်ပြီးအေးသော ခံစားမှုမျိုးမဟုတ်ဘဲ စိုစွတ်အေးမြမှုမျိုးဖြစ်ကာ နွေရာသီတွင် ဒီပစ္စည်းလေးကို ကိုင်ထားလျှင် အလွန်နေလို့ ကောင်းပေလိမ့်မည်။

အားချန်က တအံ့ဩဖြင့် အဝိုင်းပြားကို ငုံ့ကြည့်လိုက်မိ၏။ ဒီပစ္စည်းက နောက်ခံရာဇဝင် အနည်းငယ် ရှိလောက်သော်ငြား သူမက ခဏတာ မမှတ်မိနိုင် ဖြစ်နေလေသည်။

ထိုအချိန်မှာပင် ကျိုးယင်၏ အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေသောအသံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ "နဉ်နဉ် ဘယ်မှာလဲ"

အသံမဆုံးခင်မှာပင် ကျိုးယင်သည် အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။

သူမသည် ကျိုးနဉ်နှင့် အားချန်တို့ အတူထိုင်နေသည်ကို မြင်လိုက်ရသောအခါ အားချန်ကို ကြည့်သည့်အကြည့်များတွင် ရန်လိုမှုနှင့် သတိထားမှုများ ပါဝင်နေတော့သည်။

"ငါ့ညီမလေးက စကားပြောတာ မကြိုက်ဘူး။ နင် သူ့ကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူးနော်"

"ယင်ယင် ဘယ်လိုပြောလိုက်တာလဲ" ဝူရှီ၏ အသံ ကထပ်မံထွက်ပေါ်လာသည်။ သူမသည် အပြင်သို့ထွက်လာပြီး အားချန်ကို တောင်းပန်သည့်အကြည့်ဖြင့် ပြုံးကာပြောလိုက်၏။ "စိတ်မရှိပါနဲ့နော် မိန်းကလေး။ ကျွန်မသမီး ယင်ယင်က တမင်တကာပြောတာ မဟုတ်ပါဘူး။ သူက နဉ်နဉ်ကို စိတ်ပူလို့ပါ"

"ကိစ္စမရှိပါဘူး။ သူတို့ညီမဆက်ဆံရေးက တကယ် ကောင်းတာပဲနော်"

ထိုအချိန်တွင် ကျိုးယင်သည် အားချန်၏လက်ထဲက အဝိုင်းပြားကို တွေ့မြင်သွားပြီး ယဉ်ကျေးမှုမရှိစွာဖြင့် မေးလိုက်တော့၏။ "နင့်လက်ထဲကပစ္စည်းက ဘယ်ကရတာလဲ။ အဲဒါ နဉ်နဉ်ဟာ မဟုတ်ဘူးလား"

ဒီအချိန်တွင် အားချန်၏မျက်နှာထားမှာ အေးစက်သွားလေတော့သည်။ သူမသည် မျက်လုံးကိုပင့်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်လေသည်။ "ဘာလဲ။ ငါ့ပစ္စည်းကို ငါက နင့်ကိုလာပြီး ရှင်းပြနေရဦးမှာလား"

အားချန်က သိပ်ပြီး ရန်စလို့ကောင်းမည့်ပုံ မပေါ်သည်ကို ခံစားမိသဖြင့် ဝူရှီသည် ကျိုးယင်ကို တစ်ချက် လှမ်းရိုက်လိုက်လေသည်။ "ဘယ်လိုပြောလိုက်တာလဲ။ မြန်မြန်တောင်းပန်လိုက်စမ်း"

ကျိုးယင်ကတော့ ပါးစပ်ကိုလှုပ်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။ "တောင်းပန်ပါတယ်"

ထို့နောက် သူမသည် ကျိုးနဉ်ကို ဆွဲကာ အပြင်သို့ မြန်မြန်ထွက်ခွာသွားတော့သည်။

"တကယ်ကို တောင်းပန်ပါတယ်ကွယ်။ ကျွန်မသမီး ယင်ယင်က နည်းနည်းတော့ ဇီဇာကြောင်လွန်းပါတယ်" ဝူရှီသည် အားချန်ကို နောက်တစ်ကြိမ် ထပ်မံ တောင်းပန်လိုက်သော်လည်း အကြည့်ကတော့ သူမ၏လက်ထဲက အဝိုင်းပြားပေါ်တွင် ရပ်တန့်နေလေ၏။

အားချန်ကလည်း တည်တည်ငြိမ်ငြိမ်ဖြင့် အဝိုင်းပြားလေးကို သိမ်းဆည်းထားလိုက်ပြီး မထောက်မညှာ ပြောလိုက်တော့သည်။ "ဒါဆိုရင်တော့ အဒေါ်ကြီးက သူ့ကို စည်းကမ်း သေချာသင်ပေးသင့်တယ်"

ပြောပြီးသည်နှင့် သူမသည် ထရပ်က ထွက်ခွာသွားတော့သည်။ ဝူရှီ၏ မျက်နှာအမူအရာကို ဂရုမစိုက်တော့ချေ။

အားချန်သည် မိမိအခန်းသို့ ပြန်ရောက်လာပြီး တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲတွင် တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် ကုတင်ဘေးသို့ အသာအယာ လျှောက်သွားလိုက်ကာ ပိုင်ရှိုးမင်က ကုတင်ပေါ်တွင် လဲလျောင်းပြီး အိပ်မောကျနေဟန်တူသည်ကို တွေ့လိုက်ရ၏။

သူမက ခါးကိုကိုင်းလိုက်ပြီး လက်ကိုဆန့်ကာ သူ့နှာခေါင်းထိပ်လေးကို တို့ထိလိုက်သော်လည်း သူက ဘာတုံ့ပြန်မှုမှ ဖြစ်မလာချေ။

ထို့ကြောင့် လက်ချောင်းများကို သူ့နှုတ်ခမ်းပေါ်သို့ ရွှေ့လိုက်ကာ မလှုပ်ရှားရသေးခင်မှာပင် သူက ရုတ်တရက် ပါးစပ်ကို ဟလိုက်ပြီး သူမ၏လက်ချောင်းထိပ်ကို ဖွဖွလေးကိုက်လိုက်သည်ကို တွေ့လိုက်ရ၏။

အားချန်မှာ လန့်ဖျန့်သွားပြီး ထခုန်လုမတတ်ဖြစ်သွားကာ ဒေါသတကြီးဖြင့် စွပ်စွဲလေတော့သည်။ "ရှင် ဘယ်လိုလုပ်ပြီး အိပ်ချင်ယောင်ဆောင်နေရတာလဲ"

"အိပ်ချင်ယောင်ဆောင်တာ မဟုတ်ပါဘူး။ မင်းကြောင့် လန့်နိုးသွားတာပါ"

"မဟုတ်တာပဲ။ ကျွန်မ လှုပ်ရှားတာ အရမ်းညင်သာတယ်နော်"

"မင်း အသံကျယ်တယ်လို့ ပြောတာမဟုတ်ပါဘူး။ မင်း ဘာပစ္စည်းယူလာခဲ့တာလဲ" ပိုင်ရှိုးမင်က မေးလိုက်၏။

အားချန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ခုနက ကျိုးနဉ်ပေးလိုက်သည့် အဝိုင်းပြားကို ထုတ်ယူလာခဲ့သည်။

ပိုင်ရှိုးမင်သည် ထိုအရာကို ကြည့်လိုက်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ "နဂါးကြေးခွံလား"

"ဒါက နဂါးကြေးခွံလား။ ဒါပေမဲ့ ကျွန်မ မြင်ဖူးတဲ့ နဂါးကြေးခွံကတော့ ဒီလိုပုံစံမဟုတ်ပါဘူး"

အားချန်သည် အနည်းငယ်သံသယ ဖြစ်သွားပြီး မိမိ၏မှတ်ဉာဏ်များ မှားယွင်းနေသလားဟု သံသယဝင်မိသွားတော့သည်။

ပိုင်ရှိုးမင်ကထိုအဝိုင်းပြားကို ယူလိုက်ပြီး ဟိုဖက်ဒီဖက်လှည့်ကာ ခဏလောက် ကြည့်ရှုလိုက်ပြီးမှ အားချန်ကို ပြန်ပေးလိုက်လေသည်။ "နဂါးပေါက်လေးရဲ့ကြေးခွံပဲ။ ပြီးတော့ ... ဒါက လည်ပင်းအောက်မှာ ပြောင်းပြန်ပေါက်နေတဲ့ ကြေးခွံ"

...

All Chapters