အဒေါ်ကြီးက ကျွန်မတို့နှစ်ယောက် အရမ်းလိုက်ဖက်တယ်တဲ့
Vol. 18 Ch. 171
အားချန်သည် သူမလက်ထဲက ပြောင်းပြန်နဂါးကြေးခွံကို ကြည့်ရင်း သံသယများ ဖြစ်ပေါ်လာတော့သည်။
ဒဏ္ဍာရီများအရ နဂါးများတွင် ပြောင်းပြန်ပေါက်နေသည့် ကြေးခွံများရှိတတ်ကြပြီး ထိုကြေးခွံကို ထိမိလျှင် ဒေါသအမျက် ခြောင်းခြောင်းထွက်တတ်သည်ဟု ဆိုကြလေသည်။ နဂါးမျိုးနွယ်သည် ဘယ်သောအခါမှ ပေါင်းသင်းဆက်ဆံရန် လွယ်ကူသည့် အရာများ မဟုတ်ကြပေ။ နဂါးပေါက်လေး ဖြစ်နေလျှင်ပင် အကြောဆန့်လိုက်သည်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေနိုင်သည်။
ဒီပြောင်းပြန်ကြေးခွံက ဘာဖြစ်လို့ ကျိုးနဉ်လက်ထဲ ရောက်နေရတာလဲ။ ဒီပိုင်လုံရွာမှာ တကယ်ပဲ နဂါးတစ်ကောင် ရှိနေတာများလား။ ကျိုးနဉ်နဲ့ အဲဒီနဂါးကရော ဘာပတ်သက်မှု ရှိနေလို့လဲ။
ခဏတာ ဝင်ရောက်နားခိုရန် ရည်ရွယ်ထားသည့် ရွာငယ်လေးတွင် လူကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေသည့် လျှို့ဝှက်ချက်များ ဖုံးကွယ်ထားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
ပိုင်ရှိုးမင်သည် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး သူမက နဂါးကြေးခွံကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်ကို မြင်သောအခါ မေးလိုက်၏။
"ဘာတွေ စဉ်းစားနေတာလဲ"
အားချန်က ကုတင်ဘေးတွင် ဒူးထောက်ထိုင်လိုက်ကာ "ကျွန်မ စဉ်းစားနေတာ။ ဒီည ကျွန်မတို့နှစ်ယောက် အတူတူ မကောင်းမှု သွားလုပ်ကြမလားလို့"
ပိုင်ရှိုးမင်က ပြုံးစိစိဖြင့် ပြန်မေးလိုက်၏။ "ဘယ်လို မကောင်းမှုမျိုးလဲ ဆိုတာပေါ် မူတည်တာပေါ့"
"နဂါး သွားရှာကြမယ်လေ" အားချန်သည် သူ့ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ကာ တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်၏။
"စိတ်မဝင်စားဘူး"
သူ့မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် အားချန်သည် ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ကာ သူ့လက်မောင်းကို ညင်သာစွာ လှုပ်ယမ်းလိုက်လေသည်။
"ကျွန်မနဲ့ လိုက်ခဲ့ပါနော်။ အဲဒါက နဂါးတစ်ကောင်လေ"
"မင်း နဂါး မမြင်ဖူးလို့လား"
အားချန်သည် လက်ထဲက လက်စွပ်ကို ကြည့်ကာ အလေးအနက် ပြောလိုက်၏။
"ကျွန်မ အသက်ရှင်နေတဲ့ နဂါးကို မမြင်ဖူးဘူး"
"ပြောင်းပြန်ကြေးခွံတောင် အနှုတ်ခံလိုက်ရပြီ ဆိုတော့ သေသွားပြီလား တောင်မသိဘူး
သူမက မကျေမနပ် ညည်းညူလိုက်တော့သည်။ "ပိုင်ရှိုးမင် ရှင် ပြောင်းလဲသွားပြီ"
ပိုင်ရှိုးမင်က မတုန်မလှုပ် နေနေပြီးမှ ပြန်ပြောလိုက်၏။ " လှည်းပေါ်က မဆင်းခင်တုန်းက ကမ္ဘာပျက်တဲ့အထိ ဘယ်သူက အိပ်မယ်။ ငါ့ကို မနှောင့်ယှက်နဲ့လို့ ပြောခဲ့တာလဲ"
အားချန်သည် မျက်လုံးများ ဝေ့ဝဲသွားလေသည်။ သူမ ပြောခဲ့တာပဲ။
သူ့လက်သည် အားချန်၏ ခါးအနောက်ဘက်ကို ညင်သာစွာ ဆွဲညှစ်လိုက်လေသည်။
"ဒီနေရာကနေ ကန္တာရနယ်မြေကို ရောက်ဖို့ နောက်ထပ် ၃ ရက် ခရီးနှင်ရဦးမယ်။ မင်း အခု ခါးမနာ ခြေထောက် မညောင်းတော့ဘူးလား"
အားချန်သည် အသံတိုးတိုးဖြင့် ညည်းညူလိုက်ပြီး ချွဲနွဲ့ကာ ပြောလိုက်၏။ "ညောင်းနေတုန်းပဲ။ မြန်မြန် နှိပ်ပေးပါဦး"
ပိုင်ရှိုးမင်သည် သူမ၏ ခါးကို နှိပ်ပေးရင်း မေးလိုက်သည်။ "နဂါး သွားရှာဦးမလား"
သူမသည် လေးလေးနက်နက် စဉ်းစားလိုက်ပြီး အလယ်အလတ်လမ်းကို ရွေးချယ်လိုက်တော့သည်။ "ဒါဆိုရင် ကျွန်မ ဒီည ကောင်းကောင်း အနားယူလိုက်မယ်။ မနက်ဖြန်ကျမှ ရှင် ကျွန်မကို နဂါးလိုက်ရှာပေးနော်"
သေချာတာပေါ့။ သူမက အလွယ်တကူ လက်လျှော့တတ်သူ မဟုတ်ပေ။
အားချန်သည် သူ့အင်္ကျီရင်ဘတ်ကို ဆွဲကာ ဟိုဘက်ဒီဘက် လှုပ်ယမ်းလိုက်၏။ "လိုက်ပို့ပေးမှာလားလို့"
ပိုင်ရှိုးမင်သည် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်ပြီး မတတ်သာသည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။ "ကောင်းပြီလေ"
အားချန်သည် အားအင်များ ပြည့်ဝနေပုံ ရသော်ငြား ညနေစောင်း (ညနေ ၃ နာရီမှ ၅ နာရီ) ရောက်သည်နှင့် မျက်လုံးပင် မဖွင့်နိုင်လောက်အောင် အိပ်ချင်လာတော့သည်။
သူမ အိပ်ပျော်သွားသည်ကို စောင့်ဆိုင်းပြီးမှ ပိုင်ရှိုးမင်သည် ထရပ်ကာ အခန်းထဲက ထွက်လာခဲ့လေသည်။
ဒီအချိန်တွင် ယာဉ်တန်းအဖွဲ့သည် ထမင်းချက်နေပြီ ဖြစ်သည်။ လျဲ့ရှန့်တို့ လူအုပ်စုသည် အိမ်ရှေ့က မြေကွက်လပ်တွင် ဝိုင်းဖွဲ့ထိုင်နေကြပြီး ထမင်းစားရန် စောင့်ဆိုင်းရင်း စစ်တုရင် ကစားနေကြသည်။
အဝေးမှ ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် ပိုင်ရှိုးမင် လျှောက်လာသည်ကို မြင်လိုက်ရသောအခါ လျဲ့ရှင်းက နှုတ်ဆက်လိုက်၏။
"ပိုင်အစ်ကိုကြီး ဘာဖြစ်လို့ တစ်ယောက်တည်း ထွက်လာတာလဲ။ အားချန် မိန်းကလေးရော"
"သူ နည်းနည်း ပင်ပန်းနေလို့ အနားယူနေတယ်"
"ဪ။ ဒါဆို ပိုင်အစ်ကိုကြီး ဒီဘက်လာထိုင်လေ"
လျဲ့ရှင်းက ပိုင်ရှိုးမင်ကို နေရာဖယ်ပေးရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ လူတစ်စု လျှောက်လာသည်ကို တွေ့လိုက်ရ၏။ ထိုလူများသည် တောက်ပြောင်သော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ရွာသားများနှင့် မတူပေ။
အနားရောက်လာသောအခါ ဦးဆောင်လာသည့် သက်လတ်ပိုင်း အမျိုးသမီးက မေးမြန်းလိုက်၏။
"ရှင်တို့ ယာဉ်တန်းအဖွဲ့က ရှန့်ကျင်းကနေ အခုမှ ပြန်ရောက်လာတာ ဆို။ မြို့တော်က အထည်စတွေ အများကြီး ပါလာတယ်လို့ ကြားတယ်"
လျဲ့ရှန့်က အလျင်အမြန် ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်။ အထည်စတွေရော လက်ဝတ်ရတနာတွေရော အကုန်ရှိပါတယ်။ ဖူးရန် ဒီဘက်ကို ကြွပါ"
လျဲ့ရှန့်နှင့် ယာဉ်တန်းအဖွဲ့မှ နောက်တစ်ယောက်သည် သူတို့ကို ကုန်ပစ္စည်းများ ထားရှိရာ အခန်းသို့ ဖိတ်ခေါ်သွားခဲ့သည်။ ပိုင်ရှိုးမင်က ထိုလူများကို ကြည့်နေသည်ကို မြင်သောအခါ လျဲ့ရှင်းက ရှင်းပြလိုက်၏။
"သူတို့က ဒီနားတဝိုက် နယ်တွေက လာတဲ့လူတွေ ဖြစ်လောက်တယ်"
"ခင်ဗျားတို့ ယာဉ်တန်းအဖွဲ့က ဒီလောက်တောင် နာမည်ကြီးတာလား" ပိုင်ရှိုးမင်က အံ့ဩသွားလေသည်။
လျဲ့ရှင်းက မနေနိုင်ဘဲ ရယ်မောလိုက်၏။
"ဘယ်ဟုတ်ပါ့မလဲ။ သူတို့က ပိုင်လုံပွဲတော် (နဂါးဖြူပွဲတော်) ကို လာဆင်နွှဲကြတာပါ။ ကျိုးအစ်ကိုကြီး ပြောလို့ ကျွန်တော်တို့ ယာဉ်တန်း ရောက်နေတာကို သိပြီး လာကြည့်ကြတာ ဖြစ်လောက်တယ်"
"ပိုင်လုံပွဲတော်"
"ဟုတ်တယ်။ မနက်ဖြန်ဆိုရင် ပိုင်လုံရွာရဲ့ ထူးခြားတဲ့ ပွဲတော်ဖြစ်တဲ့ ပိုင်လုံပွဲတော် စတော့မှာပါ။ ပွဲတော်က ရက် ၂၀ လောက် ကြာတတ်တယ်။ ပထမ ၃ ရက်က အစည်ကားဆုံးပဲ။ အရင်တုန်းကဆိုရင် ဒီနားတဝိုက် မြို့နယ်တွေက သူဌေးတွေက ရွာထဲမှာ ရက်အနည်းငယ်လောက် လာနေပြီး ပိုင်လုံ (နဂါးဖြူ) ကို အတူတူ ပူဇော်ကြတယ်"
ပိုင်ရှိုးမင်က စဉ်းစားဟန် ပြုလိုက်ပြီး "လူအများကြီးကို ဆွဲဆောင်နိုင်မှတော့ ဒီပိုင်လုံပွဲတော်က တော်တော် ထူးခြားမှာပဲနော်"
"ဒီလူတွေက လှည့်လည်ပွဲ ပြီးသွားရင် ဝေငှပေးမယ့် ပူဇော်ပစ္စည်းတွေကို လိုချင်လို့ လာကြတာပါ။ သူတို့ ပြောကြတာတော့ ပိုင်လုံရွာက ပူဇော်ပစ္စည်းတွေကို စားလိုက်ရင် ကျန်းမာရေး ကောင်းတယ်တဲ့"
"သူတို့ ပြောကြတာလား"
လျဲ့ရှင်းက ပခုံးတွန့်ပြလိုက်ပြီး "ဒီပူဇော်ပစ္စည်းတွေကို ရွာသားတွေကိုပဲ ဝေငှပေးလေ့ ရှိတယ်။ အပြင်လူတွေ စားချင်ရင်တော့ ငွေအများကြီး ပေးပြီး ဝယ်ရတယ်"
"ဟုတ်လား"
အားချန်သည် နောက်တစ်နေ့ မနက်ရောက်သည်အထိ အိပ်မောကျသွားခဲ့သည်။ သူမ နိုးလာသည့် အချိန်တွင် အခန်းထဲ၌ လူမရှိတော့ဘဲ စားပွဲပေါ်တွင် ရိုးရှင်းသည့် မနက်စာကို ပြင်ဆင်ပေးထားပြီး နွေးနေသေးသည်ကို တွေ့လိုက်ရ၏။
သူမသည် မျက်နှာသစ်ပြီးနောက် စားပွဲတွင် ထိုင်ကာ ထမင်းစားလိုက်သည်။ ထမင်း မကုန်သေးခင်မှာပင် ရုတ်တရက် အိမ်အပြင်ဘက်မှ ဗုံသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
နောက်ဆုံး ကျန်နေသည့် ထမင်းလုပ်များကို စားသောက်ပြီးနောက် သူမသည် တံခါးဖွင့်ကာ အပြင်သို့ ထွက်ကြည့်လိုက်ရာ ယနေ့ ပိုင်လုံရွာသည် အထူးတလည် စည်ကားနေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။
ရွာသားများသည် အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်ထားကြပြီး မျက်နှာများမှာလည်း ပျော်ရွှင်ကြည်နူးနေကြသည်။ ရွာထဲတွင် သူမတို့ကဲ့သို့ ပြင်ပမှ လာရောက်သူများလည်း မနည်းမနော ရောက်ရှိနေကြသည်ကို တွေ့ရလေသည်။
ရွာလယ်က ကွင်းပြင်ကျယ်တွင် လူအများအပြား စုရုံးနေကြသည်ကို တွေ့ရသဖြင့် သူမလည်း ဝင်ရောက် စပ်စုလိုက်တော့သည်။
ထိုကွင်းပြင်ကျယ်တွင် စားပွဲ ၁၀ လုံးခန့် ချထားပြီး ရွာထဲက အမျိုးသမီး အချို့သည် ဘေးတွင်ထိုင်ကာ ဂျုံနယ်နေကြသည်။ ခါးကိုင်းနေပြီ ဖြစ်သော အဘိုးအို နှစ်ဦးက နယ်ထားသော ဂျုံများဖြင့် နဂါးရုပ်များကို ပုံဖော်နေကြပြီး သူတို့ရှေ့က စားပွဲပေါ်တွင် ဂျုံဖြင့် ပြုလုပ်ထားသော နဂါးရုပ် ၁၀ ရုပ်ကျော်ခန့် ရှိနေလေပြီ။
ဂျုံနဂါးရုပ် လုပ်နေသူများ အပြင် ကျန်ရှိသော ကွင်းပြင်တွင် ရွာထဲက သန်မာထွားကြိုင်းသည့် အမျိုးသား ၇ ယောက် ၈ ယောက်ခန့် စုရုံးနေကြပြီး သူတို့သည် သစ်သားဖြင့် ထွင်းထုထားသော နဂါးကိုယ်ထည် အပိုင်းအစများကို တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်။ နောက်ဆုံးတွင် ကြီးမားသော နဂါးခေါင်းကြီးကို လူ ၃ ဦးက အတူတကွ ပူးပေါင်းကာ နဂါးကိုယ်ထည်ပေါ်တွင် တပ်ဆင်လိုက်ပြီး နဂါးခေါင်း အောက်ဘက်တွင် သစ်သားတိုင် အကြီးကြီး တစ်တိုင်ဖြင့် ထောက်ထားလိုက်သည်။
အားချန်သည် ဘေးနားက ရွာထဲက အဒေါ်ကြီး တစ်ဦးကို မနေနိုင်ဘဲ မေးလိုက်၏။ "အဒေါ်ကြီး ဒါက ဘာလုပ်နေကြတာလဲ"
ထိုအမျိုးသမီးက အားချန်ကို လှည့်ကြည့်လိုက်ပြီး ရွာထဲကလူ မဟုတ်မှန်း သိလိုက်ရသဖြင့် သဘောကောင်းစွာ ရှင်းပြလိုက်သည်။
"ဒါက ပိုင်လုံပွဲတော်မှာ ပူဇော်ဖို့အတွက် လုပ်ထားတဲ့ နဂါးရုပ်တုလေ"
"ဒီလောက်တောင် ကြီးတဲ့ နဂါးလား"
"ဒါက ဘယ်လောက်မှ မကြီးပါဘူး။ နဂါးအစစ်နဲ့ ယှဉ်လိုက်ရင် အများကြီး ကွာခြားပါသေးတယ်"
အားချန်က အံ့ဩဟန်ဆောင်ကာ မေးလိုက်၏။ "ဒါဆိုရင် အဒေါ်ကြီးက နဂါးအစစ်ကို မြင်ဖူးလို့လား"
အဒေါ်ကြီးသည် အားချန်၏ တုံ့ပြန်မှုကို အလွန် သဘောကျသွားပြီး သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "မြင်ဖူးရုံတင် ဘယ်ကမလဲ။ ကျွန်မ ကိုယ်တိုင်တောင် သူ့ကို ထိတွေ့ဖူးသေးတယ်။ တကိုယ်လုံးမှာ လက်ဖဝါးလောက်ရှိတဲ့ ကြေးခွံတွေနဲ့ ပြည့်နေတာ။ အရမ်း လှတာပဲ"
"တကယ်လား။ ဘယ်တုန်းကလဲ"
"တကယ်ပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကပေါ့။ အဲဒီတုန်းက နဂါးက ဒဏ်ရာရထားပြီး သွေးတွေ အများကြီး ထွက်နေတာ။ ကျွန်မတို့ ရွာသားတွေကပဲ သူ့ကို ကယ်တင်ပေးခဲ့တာလေ"
"အဲဒီနောက်ရော" အားချန်က ဆက်မေးလိုက်သည်။
"အဲဒီနဂါးက ဘယ်ရောက်သွားလဲ။ ရွာထဲမှာ ကျန်ခဲ့တာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နဂါးက ဒဏ်ရာ သက်သာသွားတာနဲ့ ပျံထွက်သွားတာပေါ့။ ဒါပေမဲ့ သူက ကျွန်မတို့ ရွာကို ရာသီဥတု မျှတပြီး သီးနှံတွေ ဖြစ်ထွန်းအောင် အမြဲတမ်း ကာကွယ်စောင့်ရှောက် ပေးတယ်လေ"
"ဒါကြောင့်မလို့ ပိုင်လုံရွာက ထူးခြားပြီး နေချင်စဖွယ် ကောင်းနေတာပဲ။ တကယ်ပဲ နဂါးက ကာကွယ် စောင့်ရှောက်ပေးထားတာကိုး" အားချန်က နားလည်သွားသည့် ပုံစံဖြင့် ပြောလိုက်လေသည်။
"ဒါပေါ့။ မိန်းကလေး မယုံရင် စောင့်ကြည့်နေလိုက်။ လှည့်လည်ပွဲ ပြီးတာနဲ့ မိုးရွာလိမ့်မယ်။ နှစ်တိုင်း ဒီလိုပဲ"
"ဒီလောက်တောင် စွမ်းတာလား။ ဒါဆိုရင်တော့ ကျွန်မ သေချာပေါက် ကြည့်ရမှာပဲ" အားချန်သည် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ယနေ့ နေသာနေပြီး မိုးရွာမည့် ပုံစံနှင့် မတူပေ။
အားချန်သည် ခဏလောက် ဆက်ကြည့်နေပြီး ရွာလူကြီး အိမ်က ကျိုးနဉ် အကြောင်းကို မသိမသာ မေးမြန်းလိုက်၏။
ဒီအကြောင်းအရာများကို ရွာထဲကလူတိုင်း သိရှိကြသဖြင့် အဒေါ်ကြီးက သံသယ မဖြစ်ဘဲ သူမကို အကုန်ပြောပြ လိုက်လေသည်။
"ရွာလူကြီး အိမ်က နဉ်နဉ် အကြောင်း ပြောတာလား။ အဲဒီကလေးက ကံဆိုးရှာပါတယ်။ သူ ၅ နှစ် သမီးတုန်းက ရွာမှာ မိုးခေါင်ရေရှား ဖြစ်ခဲ့တယ်။ သူ့မိဘတွေက စားစရာရှာဖို့ တောင်ပေါ်တက်ရင်း တောင်ပေါ်မှာပဲ ဆုံးပါးသွားကြတယ်။ နောက်ပိုင်း ရွာလူကြီးက သူ့ကို သနားလို့ အိမ်ကို ခေါ်ထားလိုက်တာ"
"ရွာမှာ မိုးခေါင်ရေရှား ဖြစ်နေတာတောင် ရွာလူကြီးအိမ်မှာ စားစရာ ပိုနေသေးတာလား။ သူ့စိတ်ထားက တကယ် ကောင်းတာပဲနော်" အားချန်က ချီးကျူးလိုက်လေသည်။
"ဒါပေါ့။ လူကောင်းဆိုတာ ကောင်းကျိုး ခံစားရတာပဲလေ။ အဲဒီနောက် မကြာခင်မှာပဲ ရွာမှာ မိုးစရွာတော့တာပဲ။ နောက်ပိုင်း မိုးခေါင်ရေရှားတာမျိုး တခါမှ ထပ်မဖြစ်တော့ဘူး။ ရွာလူကြီး မိသားစုက ပြောကြတယ်။ ဒီမိုးရေတွေက နဉ်နဉ် ယူဆောင်လာပေးတာတဲ့။ ဒါကြောင့် နဉ်နဉ်အပေါ် အရမ်း ကောင်းကြတယ်။ အိမ်မှာရှိတဲ့ စားစရာ၊ သုံးစရာတွေကို နဉ်နဉ်ကိုပဲ ဦးစားပေးကြတယ်"
"ဟုတ်လား။ ကျွန်မ မနေ့က နဉ်နဉ်ကို တွေ့လိုက်တယ်။ သူက စကား သိပ်ပြောပုံ မရဘူးနော်"
"ဟုတ်တယ်။ သူက ပုံမှန်ဆိုရင် အိမ်ပြင် သိပ်မထွက်ဘူး။ လူတွေနဲ့ တွေ့ရင်လည်း စကားမပြောဘူး" အဒေါ်ကြီးက နှမြောတသစွာဖြင့် ပြောလိုက်လေသည်။
"သူ့စိတ်သဘောထားသာ မထူးဆန်းရင် ရွာလူကြီးအိမ်က တံခါးခုံတောင် ကမ်းလှမ်းလာတဲ့ လူတွေကြောင့် ပါးသွားလောက်ပြီ"
အားချန်က ရယ်မောလိုက်လေသည်။ အဒေါ်ကြီးသည် အားချန်၏ ရယ်မောသံကြောင့် စိတ်လွင့်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။
"မိန်းကလေးက ဒီနှစ် အသက် ဘယ်လောက် ရှိပြီလဲ။ အိမ်ထောင်ကျပြီးပြီလား"
အားချန်က ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် လူအုပ်ထဲက ပိုင်ရှိုးမင်ကို လှမ်းမြင်လိုက်ရသဖြင့် သူ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"အိမ်ထောင် ကျပြီးပါပြီ။ ဟိုမှာလေ"
အဒေါ်ကြီးက သူမ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ရာ လူအုပ်ကြားထဲတွင် ထူးခြား ထင်ရှားနေသည့် ပိုင်ရှိုးမင်ကို တွေ့လိုက်ရပြီး ခေါင်းငြိမ့်ကာ ချီးကျူးလိုက်လေသည်။
"မိန်းကလေးနဲ့ တကယ်ပဲ လိုက်ဖက်ပါပေတယ်"
ပိုင်ရှိုးမင်က အကြည့်ချင်း ဆုံသွားပြီး အားချန်က သူ့ကို ပြုံးပြနေသည်ကို မြင်သောအခါ လူအုပ်ကို ဖြတ်ကျော်ကာ သူမရှိရာသို့ လျှောက်လာခဲ့သည်။
အားချန်က သွားရန် ပြင်လိုက်စဉ်မှာပင် အဒေါ်ကြီးက သတိပေးလိုက်၏။
"လှည့်လည်ပွဲက ဝေ့အချိန် (နေ့လယ် ၁ နာရီမှ ၃ နာရီ) မှာ စမှာနော်။ မိန်းကလေး လာကြည့်ဖို့ မမေ့နဲ့ဦး"
"မှတ်ထားပါ့မယ်။ သတိပေးတာ ကျေးဇူးပါ အဒေါ်ကြီး"
ပိုင်ရှိုးမင်သည် အားချန်၏ အနားသို့ ရောက်လာပြီး သူမကို လူအုပ်ထဲမှ ခေါ်ထုတ်သွားကာ မေးလိုက်၏။
"ခုနက ဘာတွေ ပြောနေကြတာလဲ။ ဒီလောက်တောင် ပျော်နေပုံရတယ်"
"အဒေါ်ကြီးက ပြောတယ်။ ကျွန်မတို့ နှစ်ယောက် အရမ်း လိုက်ဖက်တယ်တဲ့"
"အမြင် ရှိသားပဲ"
အားချန်က ပြုံးလိုက်ပြီး လူပိုများလာသည်ကို ကြည့်ကာ ပြောလိုက်၏။
"အဒေါ်ကြီးက ပြောသေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဒဏ်ရာရနေတဲ့ နဂါးတစ်ကောင် ရွာထဲ ရောက်လာတယ်။ ရွာသားတွေက ကယ်တင်ပေးခဲ့တယ်။ ဒီနှစ်တွေမှာ အဲဒီနဂါးက ရွာကို ရာသီဥတု မျှတအောင် အမြဲတမ်း ကာကွယ်စောင့်ရှောက် ပေးနေတာတဲ့"
"ကြားရတာတော့ ကျေးဇူးတရား သိတတ်တဲ့ နဂါးတစ်ကောင်ပဲ"
ဝေ့အချိန် (နေ့လယ် ၁ နာရီမှ ၃ နာရီ) ရောက်သည်နှင့် အားချန်သည် ပိုင်ရှိုးမင်ကို ဆွဲကာ ရွာလယ်သို့ အတူတူ သွားရောက်ပြီး လှည့်လည်ပွဲ စတင်သည်ကို စောင့်ဆိုင်းနေလိုက်သည်။
ဒီအချိန်တွင် မူလက မြေကြီးပေါ်တွင် တင်ထားသည့် သစ်သားနဂါးရုပ်ကို သန်မာထွားကြိုင်းသည့် အမျိုးသား ၁၀ ယောက်ကျော်က ထမ်းထားကြပြီ ဖြစ်သည်။ နဂါးခေါင်းကို ထမ်းထားသူမှာ အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် ခန္ဓာကိုယ် သန်မာထွားကြိုင်းသူ ဖြစ်လေသည်။
အားချန်က ဘေးနားက လူများက သူ့ကို အစ်ကိုရွှင်ဟု ခေါ်သည်ကို ကြားလိုက်သဖြင့် မေးမြန်းကြည့်လိုက်ရာ ထိုလူ၏ နာမည်မှာ ရှရွှင် ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ဘိုးဘေးများက ပိုင်လုံရွာသို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြပြီး အခြေချ နေထိုင်ခဲ့ကြကာ အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်ဟု ဆိုသည်။
သူ့လက်ထက် ရောက်သောအခါ မိသားစုဝင်များ မရှိတော့ဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် အမဲလိုက်ကာ မိမိကိုယ်ကို ရပ်တည်နိုင်ခဲ့သည်။
သူက နဂါးခေါင်းကို ထမ်းခွင့်ရသည့် အကြောင်းအရင်းကတော့ ပိုင်လုံရွာသားများ၏ ပြောကြားချက်အရ ထိုဒဏ်ရာရနေသော နဂါးကို ရှရွှင်က ကယ်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြလေသည်။
ယခုအခါ ရှရွှင်သည် တောင်ပေါ်က ပိုင်လုံဘုရားကျောင်းတွင် အမြဲတမ်း နေထိုင်လေ့ရှိပြီး ရွာတစ်ခုလုံး အတွက် ပိုင်လုံ (နဂါးဖြူ) ထံ ဆုတောင်းပေးနေသည်ဟု ဆိုကာ ရွာသားများကလည်း သူ့ကို အလွန် ယုံကြည်လေးစား ကြလေသည်။
လှည့်လည်ပွဲသည် မကြာခင် စတင်တော့သည်။ ဗုံသံ၊ မောင်းသံများ ထွက်ပေါ်လာပြီး ရှရွှင်က နဂါးခေါင်းကို ထမ်းကာ ရှေ့ဆုံးမှ သွားလေသည်။ ထို့နောက်တွင် ပူဇော်ပစ္စည်းများကို ထမ်းထားသည့် စင်များ တစ်ခုပြီးတစ်ခု လိုက်ပါလာပြီး ထို့နောက်တွင်တော့ ရွာလူကြီး မိသားစုများ လိုက်ပါလာကြသည်။
အားချန်သည် ကျိုးဟွိုင်က အဘိုးအို တစ်ဦးကို တွဲကူထားသည်ကို တွေ့လိုက်ရပြီး ထိုလူမှာ ပိုင်လုံရွာ၏ ရွာလူကြီး ဖြစ်ဟန်တူသည်။
ကျိုးဟွိုင်၏ အနောက်တွင် ကျိုးယင်နှင့် ကျိုးနဉ်တို့ လိုက်ပါလာကြသည်။ ကျိုးနဉ်သည် ရှေ့သို့ မသွားချင်ပုံ ရသော်ငြား ကျိုးယင်နှင့် ဝူရှီတို့က သူမ၏ လက်မောင်း ဘယ်ညာကို တွဲထားပြီး သူမကို အတင်းအဓမ္မ ရှေ့သို့ ဆွဲခေါ်သွားကြလေသည်။
ကြားသိရသည်မှာ ယခင်နှစ်များက လမ်းကြောင်းအတိုင်း လှည့်လည်ပွဲ ယာဉ်တန်းသည် ရွာထဲမှ ထွက်ခွာပြီး သစ်သားနဂါးရုပ်ကို ထမ်းကာ တောင်ပေါ်က ပိုင်လုံဘုရားကျောင်းသို့ သွားရောက်ရမည်။ ပြီးမှ ရွာထဲသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။
သာမန်လူများ အနေဖြင့် ပိုင်လုံဘုရားကျောင်းထဲသို့ ဝင်ရောက်ခွင့် မရှိပေ။ အားချန်သည် လှည့်လည်ပွဲ ယာဉ်တန်းနောက်သို့ လိုက်ပါသွားသော်ငြား တောင်ခြေ ရောက်သည်နှင့် ရွာသားများက အလိုအလျောက် တားဆီးလိုက်သဖြင့် ရွာလူကြီး မိသားစုနှင့် သစ်သားနဂါးရုပ် ထမ်းထားသည့် ယာဉ်တန်းက ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ထိုအချိန် အတွင်း ဗုံသံ၊ မောင်းသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ဘုရားကျောင်းထဲမှ အော်ဟစ်သံများ မကြာခဏ ထွက်ပေါ်လာကာ လူတိုင်းက ခြေဖျားထောက်ပြီး လည်ပင်းဆန့်ကာ ပိုင်လုံဘုရားကျောင်း ရှိရာဘက်သို့ လှမ်းမျှော် ကြည့်ရှုနေကြလေသည်။
လူအုပ်ကြီးသည် တောင်ခြေတွင် တစ်နာရီကျော်ခန့် စောင့်ဆိုင်းနေပြီးနောက် ထိုကြီးမားသော သစ်သားနဂါးခေါင်းကြီးသည် အမြင်အာရုံထဲသို့ ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ယခင်နှင့် မတူသည်မှာ ဒီတစ်ကြိမ်တွင် သစ်သားနဂါးရုပ်၏ ကိုယ်ပေါ်တွင် အရောင်များ ခြယ်သထားခြင်း ဖြစ်သည်။ နဂါးခေါင်းပေါ်က မျက်လုံးနေရာတွင် အနီရောင်နှင့် ရွှေရောင်ကို အသုံးပြုကာ မျက်လုံးအိမ် ရေးဆွဲထားပြီး နဂါးကိုယ်ထည်ပေါ်တွင်လည်း အနီရောင်ဖြင့် ကြေးခွံများကို ရေးဆွဲထားသဖြင့် အဝေးက ကြည့်လျှင် အသက်ဝင်နေသယောင် ပင်။
သစ်သားနဂါး ကိုယ်ပေါ်က ဆေးရောင်များ မခြောက်သေးသဖြင့် အနီရောင် အရည်များ တစက်စက် စီးကျနေလေသည်။
လှည့်လည်ပွဲ ယာဉ်တန်းသည် တောင်အောက်သို့ ဆင်းလာပြီး ရွာထဲသို့ ပြန်ဝင်သွားရာ လူတိုင်းက နောက်မှ လိုက်ပါသွားကြသော်ငြား အားချန်ကတော့ အနောက်တွင် ကျန်ရစ်ခဲ့လေသည်။
သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ လာတုန်းက ယာဉ်တန်းထဲတွင် ကျိုးနဉ် ပါဝင်သော်ငြား တောင်အောက် ပြန်ဆင်းလာသည့် အချိန်တွင်တော့ ရွာလူကြီး မိသားစုသာ ပါလာပြီး ကျိုးနဉ် ပျောက်ဆုံးနေခြင်း ဖြစ်ပင်။
ပိုင်လုံဘုရားကျောင်းထဲမှာ ကျန်ရစ်ခဲ့တာလား။
အားချန်တို့က လှည့်လည်ပွဲ ယာဉ်တန်းနောက်သို့ မလိုက်ဘဲ တောင်ခြေတွင် ဆက်လက် ရှိနေသည်ကို မြင်သောအခါ တောင်ခြေတွင် စောင့်ကြပ်နေသည့် ရွာသား ၄ ဦးသည် သတိထားသည့် ပုံစံဖြင့် သူတို့ကို စိုက်ကြည့်နေကြသည်။
အားချန်က သူတို့ကို ဂရုမစိုက်ဘဲ မြေကြီးပေါ်သို့ စီးကျနေသည့် သစ်သားနဂါးရုပ် ကိုယ်ပေါ်မှ စီးကျလာသော အနီရောင် အရည်များကို ငုံ့ကြည့်လိုက်ရာ ဘယ်လိုကြည့်ကြည့် လတ်ဆတ်သော နဂါးသွေးများနှင့် တူနေသည်ဟု ထင်မိလေသည်။
သူမသည် မိမိ၏ သံသယကို ဖြေရှင်းရန် အလျင်မလိုခဲ့ပေ။ လှည့်လည်ပွဲက မပြီးဆုံးသေးသဖြင့် သူမသည် ယခုအချိန်တွင် မိုးဘယ်လို ရွာမလဲ ဆိုတာကို ပိုပြီး ကြည့်ချင်နေမိသည်။
သူတို့သည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြပြီး ရွာထဲသို့ ပြန်ရောက်သည့် အချိန်တွင် ရွာလယ်တွင် လူများ ပြည့်နှက်နေပြီ ဖြစ်၏။
အလယ်က ကွင်းပြင်ကျယ်တွင် ထင်းပုံအများအပြား ပုံထားပြီး ထိုကြီးမားသော သစ်သားနဂါးရုပ်ကို ထင်းပုံပေါ်တွင် တင်ထားလေသည်။ အနီရောင် ဆိုးထားသည့် ဂျုံမှုန့်ဖြင့် ပြုလုပ်ထားသော နဂါးရုပ်များကိုလည်း ကြီးမားသော သစ်သားနဂါးရုပ်ကို ဝန်းရံကာ ပတ်ပတ်လည်တွင် ချထားလေသည်။
ဒီအချိန်တွင် ဗုံသံများ ပိုမို မြန်ဆန်လာပြီး ရွာသားများနှင့် အပြင်လူများ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်ကို အားချန်လည်း သတိပြုမိလိုက်သည်။
ဗုံသံ တစ်ကျော့ ပြီးဆုံးသွားသည့် အချိန်တွင် ရွာလူကြီးသည် မီးရှူးတိုင်များကို သစ်သားနဂါးရုပ် ထမ်းခဲ့သည့် သန်မာထွားကြိုင်းသော အမျိုးသားများ၏ လက်ထဲသို့ တစ်ချောင်းချင်း ထည့်ပေးလိုက်သည်။ ပထမဆုံး မီးရှူးတိုင်ကို ရှရွှင်ကို ပေးလိုက်၏။
လူတိုင်း၏ လက်ထဲတွင် မီးရှူးတိုင်များ ရောက်ရှိသွားပြီးနောက် ရွာလူကြီးက "မီးရှို့" ဟု အော်လိုက်သည်နှင့် သူတို့သည် လက်ထဲက မီးရှူးတိုင်များဖြင့် ထင်းပုံကို မီးရှို့လိုက်ကြသည်။
ထင်းပုံသည် လျင်မြန်စွာ မီးတောက်လောင်လာပြီး တဖျစ်ဖျစ် အသံများ ထွက်ပေါ်လာသည်။ မီးတောက်များက သစ်သားနဂါးရုပ်ကို ဝါးမျိုသွားသည့် အချိန်တွင် ကောင်းကင်ယံ၌ မည်းနက်သော တိမ်တိုက်များ ရုတ်တရက် စုဝေးလာခဲ့သည်။
ခုနက နေသာနေသော ကောင်းကင်ကြီးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် မှောင်မိုက်သွားလေသည်။
သစ်သားနဂါးရုပ် ကိုယ်ပေါ်တွင် တခြားအရာများ သုတ်လိမ်းထားခြင်း ရှိမရှိ မသိရသော်ငြား မီးတောက်များ ထိတွေ့လိုက်သည်နှင့် ပိုမို တောက်လောင်လာပြီး မကြာခင်မှာပင် ထိုကြီးမားသော သစ်သားနဂါးရုပ်၏ ကိုယ်ပေါ်တွင် မီးခိုးရောင် အကွက်များ ပေါ်လာကာ ပုပ်သိုးနေသော အနာများကဲ့သို့ ဖြစ်သွားလေသည်။
မီးတောက်များ မြင့်တက်လာသည်နှင့် အမျှ မိုးခြိမ်းသံလိုလို အော်ဟစ်သံလိုလို အသံတစ်ခု ထွက်ပေါ်လာပြီး သိပ်သည်းသော မိုးစက်များ နောက်ဆုံးတွင် ရွာသွန်းလာခဲ့လေသည်။
"မိုးရွာပြီ။ ပိုင်လုံ တန်ခိုးပြပြီ"
ဘယ်သူက အရင် စအော်လိုက်မှန်း မသိဘဲ ထို့နောက်တွင် လူတိုင်းက အော်ဟစ် ကြွေးကြော်ကြတော့သည်။ ရုတ်တရက် ရွာသွန်းလာသော မိုးရေများသည် လှည့်လည်ပွဲကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့သည်။
ဗုံသံ၊ မောင်းသံများ တဖန် ပြန်လည် ထွက်ပေါ်လာပြီး လူအများ၏ ပျော်ရွှင်မှုအတွက် တီးမှုတ်ပေးနေသလိုပင်။
အားချန်နှင့် ပိုင်ရှိုးမင်တို့သည် လူအုပ်၏ အနောက်တွင် ရပ်နေကြပြီး ကောင်းကင်မှ ကျဆင်းလာသော မိုးရေများသည် သူတို့နှစ်ဦး၏ ကိုယ်ပေါ်သို့ လုံးဝ မကျရောက်ခဲ့ချေ။
အသက် အတော်ကြီးနေပြီဖြစ်သော ရွာလူကြီးသည် ရွာသားများကို ပူဇော်ပစ္စည်းများ ဝေငှပေးနေသည်။ ဘယ်သူမှ လုယက်ခြင်း မရှိကြဘဲ ရွာလူကြီးက သူတို့လက်ထဲသို့ ပူဇော်ပစ္စည်းများ ထည့်ပေးမည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
မိုးက ပိုမို သည်းထန်စွာ ရွာသွန်းလာပြီး မီးလောင်နေသော ထင်းပုံကို ငြှိမ်းသတ်လိုက်သော်ငြား ဘယ်သူမှ ဂရုမစိုက်ကြချေ။
ပူဇော်ပစ္စည်း ရရှိပြီးသော ရွာသားများသည် ပူဇော်ပစ္စည်းများကို ပွေ့ပိုက်ကာ အိမ်ပြန်သွားကြသည်။ ရွာလယ်တွင် စုရုံးနေသော လူများ တဖြည်းဖြည်း နည်းပါးသွားပြီး ကျန်ရစ်သူ အများစုမှာ ရွာပြင်ပမှ လာရောက်ကြသူများ ဖြစ်တော့သည်။
အားချန်သည် သူတို့က ပြင်ဆင်ထားသည့် ငွေတုံးများကို ငွေသေတ္တာထဲသို့ ထည့်လိုက်ပြီး ရွာလူကြီး လက်ထဲမှ ဂျုံမှုန့်နဂါးရုပ် တစ်ရုပ်ကို ယူသွားကြသည်ကို ကြည့်နေလိုက်သည်။
အားချန်က ဟိုဘက်ကိုပဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ ပိုင်ရှိုးမင်က သူမကို မေးလိုက်၏။
"မင်းလည်း ပူဇော်ပစ္စည်း အရသာကို မြည်းစမ်းချင်လို့လား"
အားချန်က ရွံရှာသလို နှာခေါင်းရှုံ့လိုက်ပြီး "ဘယ်သူက ဒီလိုအရာမျိုးကို စားမှာလဲ"
အကယ်၍ သူမ၏ ခန့်မှန်းချက်သာ မမှားယွင်းဘူး ဆိုလျှင် ထိုဂျုံမှုန့်ဖြင့် ပြုလုပ်ထားသော ပူဇော်ပစ္စည်းများသည် နဂါးသွေး စိမ်ထားခြင်း ဖြစ်ပေမည်။
နဂါးမျိုးနွယ်သည် အလွန် ရန်ငြိုးထားတတ်သည့် အမျိုးဖြစ်သည်။ အကယ်၍ သူတို့ သေဆုံးသွားလျှင် အရည်အချင်း မရှိလို့သာ ဖြစ်ပြီး ကိစ္စ အားလုံး ပြီးဆုံးသွားပြီ ဖြစ်ကာ သူတို့၏ အရေပြား၊ အသား၊ အရိုးနှင့် သွေးများသည် အလွန် အသုံးဝင်သော ပစ္စည်းများ ဖြစ်လာကြသည်။
သို့သော်ငြား သူတို့ အသက်ရှင်လျက် ရှိနေပါလျက်နှင့် လူသားများက သူတို့၏ သွေးကို စုပ်ယူပြီး အသားကို စားသောက်ကြလျှင် ထိုစားသုံးလိုက်သော သွေးနှင့် အသားများသည် အမှတ်အသားများ အဖြစ် ထိုလူများ၏ ကိုယ်ပေါ်တွင် စွဲကျန်ရစ်နေပေလိမ့်မည်။
ယခုကြည့်ရသည်မှာ ထိုနဂါးသည် ပြန်လည် ခုခံရန် အခွင့်အရေး မရှိတော့ဟု ထင်ရသော်ငြား မတော်တဆမှုများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
...