ငါက အမြဲတမ်း မင်းဖက်မှာပဲ...
Vol. 18 Ch. 172
မိုးက တဖြည်းဖြည်း သည်းလာလေသည်။ အားချန်သည် ခဏလောက် ဆက်လက်ကြည့်ရှုပြီးနောက် ပိုင်ရှိုးမင်နှင့်အတူ နေအိမ်သို့ ပြန်လာခဲ့လိုက်၏။
မိုးရေစိုစွတ်ခြင်း မရှိသော်ငြားလည်း သူမသည် ဝန်းကျင်တွင် ရေညှီနံ့များ ဝဲပျံနေသလို ခံစားနေရလေသည်။
အားချန်သည် ရေချိုးလိုက်ပြီး အဝတ်အစားများ သေသပ်စွာ ဝတ်ဆင်ကာ ကန့်လန့်ကာနောက်မှ ထွက်လာချိန်တွင် ပိုင်ရှိုးမင်သည် ကုတင်စောင်းတွင် မှီထိုင်ကာ စာဖတ်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် အလိုက်တသိပင် ကုတင်ပေါ်သို့ တက်လိုက်ပြီး သူ့ပေါင်ပေါ်တွင် လှဲအိပ်လိုက်လေသည်။
စိုစွတ်နေသေးသည့် ဆံနွယ်များသည် ပေါင်ပေါ်သို့ တွဲကျနေပြီး အဝတ်စမှတဆင့် နွေးထွေးသည့် စိုစွတ်မှုကို အသားအရေပေါ်တွင် ခံစားလိုက်ရသဖြင့် ပိုင်ရှိုးမင်သည် လက်ထဲက စာအုပ်ကို ချထားလိုက်လေသည်။ သူ၏ လက်ချောင်းများက သူမမေးစေ့အောက်က အသားနုလေးများကို ကုတ်လိုက်ပြီး မှတ်ချက်ပြုလိုက်၏။ "ပျင်းလိုက်တာ"
အားချန်က မျက်လုံးများကို မှိတ်ထားလိုက်ပြီး မကြားချင်ယောင် ဆောင်နေလိုက်တော့သည်။
ပိုင်ရှိုးမင်၏ ရှည်လျားသော လက်ချောင်းများသည် စိုစွတ်နေသည့် ဆံနွယ်များကို သပ်တင်ပေးနေလေသည်။ အခန်းထဲတွင် အလင်းရောင် မှိန်ဖျော့နေပြီး လက်ချောင်းများနှင့် ဆံနွယ်များ ပွတ်တိုက်သံ တိုးတိုးလေးသာ ရံဖန်ရံခါ ထွက်ပေါ်လာ၏။ အားချန်သည် ကိုယ်ကို တစ်စောင်းလှည့်လိုက်ပြီး ပိုသက်သောင့်သက်သာရှိမည့် အနေအထားသို့ ပြောင်းလိုက်ရာ မကြာမီမှာပင် အသက်ရှူသံများ မှန်လာတော့သည်။
အားချန်သည် အိပ်မက်တစ်ခု မက်လေသည်။ အိပ်မက်ထဲတွင် သူမသည် နဂါးတစ်ကောင် ဖြစ်နေပြီး မွေးရာပါ မျက်လုံးကွယ်နေသည့် နဂါးပေါက်လေး ဖြစ်နေလေသည်။
သူမသည် မျိုးနွယ်တူချင်း တိုက်ခိုက်ရာမှ ဒဏ်ရာရရှိခဲ့ပြီး နေထိုင်ရာ ရေကြောကို လုယူခံလိုက်ရသဖြင့် နေစရာအသစ် ရှာဖွေရန် ထွက်လာခဲ့ရခြင်း ဖြစ်၏။
လမ်းမမြင်ရသဖြင့် သူမသည် လမ်းပျောက်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားခြင်းကြောင့် တောင်တစ်လုံးတွင် ရပ်နားခဲ့ရသည်။ ထိုတောင်ခြေတွင် လူသားများ နေထိုင်သည့် ရွာငယ်လေးတစ်ရွာ ရှိလေသည်။
မကြာမီမှာပင် သူမကို ရွာထဲက ကောင်လေးတစ်ယောက်က တွေ့ရှိသွားခဲ့၏။
ထိုကောင်လေးသည် သူမကိုတွေ့သောအခါ လန့်မသွားသည့်အပြင် ပုပ်သိုးနေသည့် ဒဏ်ရာများကို ဖယ်ရှားပေးကာ ဆေးမြီးတိုများဖြင့် သွေးတိတ်အောင် လုပ်ပေးပြီး ခဲယဉ်းစွာ ရှာဖွေထားရသည့် ယုန်သားကိုပင် သူမအား ကျွေးမွေးခဲ့လေသည်။
သူတို့သည် တဖြည်းဖြည်း ရင်းနှီးလာကြပြီး ထိုကောင်လေး၏ နာမည်မှာ ရှရွှင် ဖြစ်ကြောင်း သူမ သိလိုက်ရ၏။
ရှရွှင် ရှာဖွေလာပေးသည့် အစားအစာများသည် သူမ၏ဗိုက်ကို မပြည့်စေနိုင်သလို ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကလည်း လုံးဝပျောက်ကင်းခြင်း မရှိသဖြင့် သူမသည် စတင်အားနည်းလာတော့သည်။
ထိုနောက်တွင်တော့ ရှရွှင်က ရွာထဲကလူများကို ခေါ်ဆောင်လာခဲ့လေသည်။
အစပိုင်းတွင် ရွာသားများသည် သူမကိုတွေ့သောအခါ ကြောက်ရွံ့နေကြသော်ငြား မကြာမီမှာပင် သူတို့၏ သဘောထားများ ပြောင်းလဲသွားကြ၏။
သူတို့သည် အိမ်တွင် မများပြားလှသော စုဆောင်းထားသည့် အစားအစာများကို ထုတ်ယူကာ သူမကို ကျွေးမွေးကြပြီး ဒဏ်ရာကုသဆေး အများအပြားကို ဝယ်ယူကာ သူမကို ကုသပေးကြလေသည်။ နောက်ဆုံးတွင်တော့ သူမ ပြန်လည်သက်သာ လာခဲ့၏။
သူမသည် ရိုးသားဖြူစင်သည့် လူသားများနှင့် တွေ့ဆုံခဲ့ရသော်လည်း သူတို့၏ ပုံပန်းသဏ္ဍာန်ကိုတော့ မသိရှိခဲ့ရပေ။
ဒဏ်ရာပျောက်ကင်းပြီးနောက် သူမသည် ဒီနေရာမှ ထွက်ခွာသွားသင့်သော်ငြား ရွာသားများကို သံယောဇဉ်တွယ်ကာ သူတို့ပေးသည့် နွေးထွေးမှုကို မက်မောမိသဖြင့် တစ်ရက်ပြီးတစ်ရက် အချိန်ဆွဲနေမိခဲ့သည်။
တစ်နေ့တွင်တော့ ရှရွှင်က ရွာထဲက ကျိုးနဉ်ဆိုသည့် ကောင်မလေး သေဆုံးတော့မည်ဖြစ်ကြောင်း ဝမ်းနည်းစွာ လာပြောပြပြီး ထိုမိန်းကလေးကို ကယ်တင်ပေးရန် သူမကို တောင်းဆိုလာခဲ့လေသည်။
သူမသည် လူကို မည်သို့ကယ်တင်ရမည်မသိသော်ငြား သူမ၏သွေးသည် လူသားများအတွက် အလွန်အာနိသင်ရှိကြောင်း သိထားလေသည်။
ထို့ကြောင့် သူမသည် သူမ၏သွေးကို ရှရွှင်အား ပေးလိုက်ပြီး လူသွားကယ်ခိုင်းလိုက်၏။
သို့သော် ထိုမိန်းကလေးသည် အလွန်အားနည်းလွန်းသဖြင့် သူမ၏သွေးကို သောက်သုံးပြီးနောက် သက်သာမလာသည့်အပြင် သတိမေ့မြော သွားလေတော့သည်။
ရွာလူကြီးမိသားစုသည် ထိုမိန်းကလေးကို သယ်ဆောင်လာပြီး သူမကို လာရောက်တွေ့ဆုံကာ တခြားနည်းလမ်း ရှိမရှိ စဉ်းစားပေးရန် တောင်းဆိုကြပြန်သည်။
ထိုမိန်းကလေး၏ ဝိညာဉ်သည် အလွန်အားနည်းနေပြီး ဒီအတိုင်း လွှတ်ထားလိုက်ပါက မကြာမီ သေဆုံးတော့မည်ဖြစ်ကြောင်း သူမ အာရုံခံမိလိုက်၏။
သူမသည် လူကယ်သည့်နည်းလမ်းကို မသိသဖြင့် သူတို့ကို အမှန်အတိုင်း ပြောပြလိုက်လေသည်။
ရွာလူကြီးမိသားစုသည် အလွန်ဝမ်းနည်း ပူဆွေးနေကြ၏။ ဒီအချိန်တွင် ရှရွှင်က ပြောလာသည်မှာ လူ၏ဝိညာဉ်တွင် နဂါးအငွေ့အသက်များ ကပ်ငြိသွားပါက သန်မာလာလိမ့်မည်ဟု ဘိုးဘွားများ ပြောသည်ကို ကြားဖူးကြောင်း ဆိုလေသည်။
သို့သော် ဝိညာဉ်တွင် နဂါးအငွေ့အသက် မည်သို့ ကပ်ငြိစေရပါမည်နည်း။
ရှရွှင်က သူမ၏ဝိညာဉ်ကို ကျိုးနဉ်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းထားပြီး အချိန်တစ်ခုကြာအောင် ထိန်းထားပေးပါက ကျိုးနဉ်သည် လုံလောက်သော နဂါးအငွေ့အသက်များ ရရှိပြီး ဆက်လက် အသက်ရှင်နိုင်လိမ့်မည်ဟု ပြောလာ၏။
သူမသည် ဒီနည်းလမ်းက မဆိုးဟု ထင်မှတ်ကာ စမ်းသပ်ကြည့်လိုက်ရာ အမှန်တကယ်ပင် အနည်းငယ် အာနိသင်ရှိကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် သူမသည် မိမိ၏ဝိညာဉ်ကို ကျိုးနဉ်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်ပြီး ကျိုးနဉ်၏ အားနည်းသော ဝိညာဉ်ကို ကာကွယ်ပေးထားလိုက်လေသည်။
လူသားခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူမ မြင်ကွင်းများ မြင်ရပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ သူမသည် ရှရွှင်ကို မြင်တွေ့ရသလို ရွာလူကြီး မိသားစုကိုလည်း မြင်တွေ့လိုက်ရသည်။
သူမမြင်ရသည့် ကမ္ဘာလောကသည် သာမန်လူများ မြင်ရသည်နှင့် အနည်းငယ် ကွာခြားသော်ငြား မြင်ရခြင်းက သူမအတွက် အလွန်အံ့ဩ ဝမ်းသာစရာ ဖြစ်နေလေသည်။
သူမသည် ကျိုးနဉ်၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ရှရွှင်၊ ကျိုးယင် တို့နှင့်အတူ တောင်ပေါ်တွင် ပြေးလွှားဆော့ကစား ခဲ့ကြ၏။ ရှရွှင်က သူမအတွက် သစ်သီးများ ခူးပေးတတ်ပြီး ကျိုးယင်က လှပသော အဝတ်အစားသစ်များကို သူမအား ပေးတတ်လေသည်။ သူတို့အားလုံး သူမအပေါ် အလွန်ကောင်းကြသဖြင့် သူမအတွက် အပျော်ရွှင်ဆုံးနှင့် အပေါ့ပါးဆုံး နေ့ရက်များဟု ထင်မှတ်ခဲ့မိသည်။
ထိုသို့ဖြင့် လဝက်ခန့် ကြာမြင့်သွားပြီးနောက် သူမသည် အနည်းငယ် နှမြောတသ ဖြစ်မိသော်လည်း မိမိခန္ဓာကိုယ်ထဲတွင် နေရသည့် ခံစားချက်ကို လွမ်းဆွတ်လာသဖြင့် ကိုယ့်ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော်ငြား သူမ ပြန်မဝင်နိုင်တော့ချေ။
ထိုနေ့တွင်ပင် သူမသည် ကျိုးနဉ်၏ ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေပြီ ဖြစ်ကြောင်း သိရှိလိုက်ရ၏။
ရှရွှင်က အမှားအယွင်း တစ်ခုခု ရှိလိမ့်မည်ဖြစ်ကြောင်း၊ စိတ်မပူရန်နှင့် အချိန်ကြာလာလျှင် အဆင်ပြေသွားမည် ဖြစ်ကြောင်း နှစ်သိမ့်ပေးလေသည်။
ရွာလူကြီး မိသားစုကလည်း သူမကို စိတ်မပူရန် ပြောဆိုကြပြီး သူတို့အိမ်တွင် ဆက်လက် နေထိုင်နိုင်ကြောင်းနှင့် သူမကို သမီးအရင်းကဲ့သို့ စောင့်ရှောက်မည်ဖြစ်ကြောင်း ပြောကြ၏။
ဤသို့ဖြင့် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့ပြီး သူမသည် မိမိခန္ဓာကိုယ်ထဲသို့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ချေ။
သူမသည် ရွာငယ်လေး၏ နာမည်ကို ပိုင်လုံရွာဟု ပြောင်းလဲလိုက်ကြသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ပိုင်လုံဘုရားကျောင်း တစ်ဆောင်ကိုလည်း တည်ဆောက်ခဲ့ကြကာ နဂါးဖြူကို အမှတ်ရစေရန်ဟု ပြောဆိုကြသော်ငြား ထိုဘုရားကျောင်း၏ မြေအောက်တွင်တော့ သူမ၏ ခန္ဓာကိုယ်ကို ထားရှိထားလေသည်။
ရုတ်တရက် တစ်နေ့တွင် သူမသည် ကြီးမားသော ပူးပေါင်းကြံစည်မှု တစ်ခုထဲသို့ ကျရောက်နေခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ သို့သော် ဒီပူးပေါင်းကြံစည်မှုက ဘယ်အချိန်က စတင်ခဲ့သည်ကိုပင် သူမ မသိရှိခဲ့ချေ။
သူမသည် နဂါးဘဝမှ ကျိုးနဉ်ဆိုသည့် မိန်းကလေး တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရွာလူကြီး မိသားစုက သူမကို မွေးစားကာ အလွန်ကောင်းမွန်စွာ ဆက်ဆံကြလေသည်။
သူတို့သည် သူမအတွက် လှပသော အဝတ်အစားများ၊ ပန်းကုံးများ ပြင်ဆင်ပေးကြပြီး အိမ်တွင် ထမင်းစားတိုင်း အသားဟင်း ပါရှိကာ သူမပန်းကန်ထဲတွင် အသားအများဆုံး ထည့်ပေးလေ့ ရှိကြသည်။
သူမကို ရွာထဲမှ ထွက်ခွာခွင့် မပြုသည်ကလွဲလျှင် သူတို့သည် သူမအလိုရှိသမျှကို ဖြည့်ဆည်းပေးကြ၏။
သို့သော် သူမသည် သူတို့နှင့် ရင်ဆိုင်ရမည်ကို ပို၍ မလိုလားတော့ဘဲ သူတို့နှင့် စကားမပြောတော့ဘဲ အေးစက်စွာသာ ကြည့်နေတတ်တော့သည်။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာသည်နှင့်အမျှ ရွာလူကြီးသည် အိုမင်းလာပြီး ရှရွှင်နှင့် ကျိုးယင် တို့လည်း အရွယ်ရောက် လာကြကာ ရွာကလည်း ပြောင်းလဲလာခဲ့လေသည်။ သူမ ဒီနေရာတွင် ရှိနေသောကြောင့် ရွာဝန်းကျင်တွင် ပုံမှန်ရေအရင်းအမြစ်များ ရရှိလာခဲ့၏။
ရွာလူကြီးက ရွာသားများကို ပြောသည်မှာ ဒါတွေအားလုံးသည် ယခင်က သူတို့ကယ်တင်ခဲ့ဖူးသည့် နဂါးဖြူ ချန်ထားခဲ့သော ကျေးဇူးတရားများ ဖြစ်သည်ဟု ဆိုကာ နှစ်တိုင်း ၃လပိုင်း ၁၈ရက်နေ့ကို နဂါးဖြူနေ့အဖြစ် သတ်မှတ်လိုက်ပြီး ပွဲတော်မတိုင်ခင် ၁၀ရက် အလိုကတည်းက နဂါးဖြူကို ပူဇော်ပသကြလေသည်။
အစပိုင်းတွင် ရိုးရှင်းသော ပူဇော်ပသ လှည့်လည်ပွဲမျှသာ ဖြစ်သော်ငြား နောက်ပိုင်းတွင် သူတို့သည် သူမ၏ အသားကိုလှီးဖြတ်ကာ သွေးအနည်းငယ်ကို ဖောက်ထုတ်ပြီး ပူဇော်ပစ္စည်းများကို သွေးစွန်းစေကာ သူမကိုကိုးကွယ်သည့် ရွာသားများကို ဝေငှပေးကြလေသည်။
ရှရွှင် ပြောသည်မှာ ဒီလိုလုပ်ခြင်းအားဖြင့် ရွာသားများ၏ ယုံကြည်မှုကို ပိုမိုခိုင်မြဲစေသည် ဟူ၏။
နောက်ပိုင်းတွင် သူတို့ သွေးလိုအပ်သည့် နေရာများ ပိုများလာပြီး နဂါးဖြူထံ ဆုတောင်းမှုများလည်း ပိုမိုစိတ်လှုပ်ရှားဖွယ် ကောင်းလာတော့သည်။
နေ့စဉ်နေ့တိုင်း သူမသည် ရွာထဲက အရပ်လေးမျက်နှာမှ ဆုတောင်းသံများကို ကြားနေရ၏။ လူကြီးများက မိသားစု သိုက်မြိုက်ဖို့ ဆုတောင်းကြသလို လူလတ်ပိုင်းများက စီးပွားရေးကောင်းဖို့ ဆုတောင်းကြပြီး ကလေးများက မနက်ဖြန် သကြားလုံး စားရဖို့ ဆုတောင်းကြလေသည်။
နေ့စဉ်ရက်ဆက် ကြားနေရသည့် ဆုတောင်းသံများသည် သူမကို ပိုမိုနာကျင်စေတော့သည်။
အချိန်ကြာမြင့်စွာ မိမိ၏ခန္ဓာကိုယ်ထဲသို့ ပြန်မဝင်နိုင်တော့သဖြင့် သူမ၏ဝိညာဉ်သည် အားနည်းလာပြီး ခန္ဓာကိုယ်ကလည်း ယိုယွင်းလာကာ သူမ တောင့်ခံနိုင်တော့မည် မဟုတ်ချေ။
အားချန် နိုးလာခဲ့၏။ သူမသည် အချိန်အကြာကြီး အိပ်ပျော်သွားခြင်း မဟုတ်ပေ။ မျက်လုံးဖွင့်လိုက်ချိန်တွင် ဆံပင်များ ခြောက်သွေ့နေပြီဖြစ်ပြီး ခေါင်းရင်းဘက်မှ စာရွက်လှန်သံများ ထွက်ပေါ်နေလေသည်။
သူမသည် ခါးတွင် ချိတ်ဆွဲထားသည့် ပိုက်ဆံအိတ်လေးကို စမ်းကြည့်လိုက်ပြီး အိတ်ကိုဖွင့်ကာ အတွင်းထဲက အကြေးခွံ အပိုင်းအစလေးကို ထုတ်ယူလိုက်လေသည်။
ငါ အခုသိပြီ။ ဘာလို့ ကျိုးနဉ်က ဒီပြောင်းပြန်အကြေးခွံကို ပေးလိုက်ရတာလဲဆိုတာ...
ကျိုးနဉ်၏ မျက်လုံးများတွင် အမှန်တရားကို ဖောက်ထွင်းမြင်နိုင်သည့် ထူးခြားသော စွမ်းအား ရှိလေသည်။ ဒါသည် နဂါးမျိုးနွယ်၏ တန်ခိုးစွမ်းအား တစ်ခုဖြစ်လောက်ပြီး အလွန်အားကောင်းလွန်းသဖြင့် နဂါးလေးသည် မွေးလာကတည်းက မျက်လုံးကွယ်နေခြင်း ဖြစ်တန်ရာ၏။
သူမသည် ကျိုးနဉ်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးနောက် ဒီတန်ခိုးစွမ်းအား ပါရှိသွားခဲ့ပြီး အများကြီး လျော့နည်းသွားသော်ငြား ပုံမှန်မဟုတ်သည့် အရာများကိုတော့ မြင်တွေ့နိုင်သေးသည်။
မနေ့က တွေ့ဆုံချိန်တွင် သူမသည် အားချန်၏ ဝိညာဉ် သို့မဟုတ် ဝိညာဉ်၏ ပုံရိပ်ယောင်ကို မြင်တွေ့ခဲ့ခြင်း ဖြစ်ပေမည်။
ထို့ကြောင့်လည်း အားချန်က အသက်(၁၉)နှစ်သာ ရှိသေးသည်ဟု ပြောချိန်တွင် ကျိုးနဉ်က မယုံကြည်ခဲ့ခြင်း ဖြစ်လေသည်။ နဂါးလေးသည် အနည်းငယ် တုံးအသော်ငြား အမြီးရှစ်ချောင်း ထွက်နေသည့် မြေခွေးတစ်ကောင်သည် (၁၉)နှစ်သာ ရှိသေးသည် ဆိုတာကိုတော့ မဖြစ်နိုင်ကြောင်း သိရှိပေသည်။
သူမ နဂါးကြေးခွံကို ပေးအပ်လိုက်ခြင်းသည် အားချန်က သူမကို ကယ်တင်နိုင်မည်ဟု မျှော်လင့်နေခြင်း ဖြစ်လေသည်။
အားချန်သည် လက်ထဲက အကြေးခွံလေးကို ကစားရင်း ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "မိုးချုပ်ရင် ပိုင်လုံဘုရားကျောင်းကို သွားကြည့်ရအောင်"
"ကောင်းပြီ"
"ပိုင်ရှိုးမင်... လူတွေက ကိုယ့်အရည်အချင်းနဲ့ နဂါးကို ဖမ်းထားတာ လူတွေရဲ့ ရှုထောင့်ကကြည့်ရင် အပြစ်မရှိဘူး မဟုတ်လား"
ပိုင်ရှိုးမင်သည် လက်ထဲကစာအုပ်ကို ဖယ်လိုက်ပြီး မျက်လွှာချကာ အားချန်ကို ကြည့်လိုက်၏။ "မင်းက အဲဒီနဂါးကို လွှတ်ပေးချင်လို့လား"
သူ သိရှိနေသည်ကို အားချန် မအံ့ဩမိချေ။ အိပ်မက် မမက်ခဲ့လျှင်တောင် ဒီရွာထဲတွင် နဂါးတစ်ကောင် ပိတ်မိနေကြောင်း သူမ ခန့်မှန်းမိပြီးသား ဖြစ်၏။ ပိုင်ရှိုးမင်က ဒီလိုအရာများနှင့် နှစ်ရှည်လများ ထိတွေ့ဆက်ဆံနေရသူ ဖြစ်သဖြင့် သူ၏ အာရုံခံစားမှုနှင့်ဆိုလျှင် ထူးခြားမှုကို စောစောစီးစီး သတိထားမိမှာ သေချာလေသည်။
"တကယ်လို့ ကျွန်မက လွှတ်ပေးချင်ရင်ရော" အားချန်၏ လေသံထဲတွင် စမ်းသပ်လိုသည့် သဘောများ ပါဝင်နေလေသည်။ သူမက လူသားမျိုးနွယ် ဖြစ်သည့် ပိုင်ရှိုးမင်က သူတို့ကို ကူညီမလား ဆိုတာကို မသေချာ ဖြစ်နေမိသည်။
"မင်းသဘောပဲ"
"ဒီလိုလုပ်လိုက်ရင် အဲဒီရွာသားတွေရဲ့ ဇာတ်သိမ်းက အရမ်းဆိုးရွား သွားနိုင်တယ်"
"ဘယ်လို ရွေးချယ်မှုမျိုး လုပ်ခဲ့လုပ်ခဲ့၊ အကျိုးဆက်ကိုတော့ ခံနိုင်ရည် ရှိရမှာပေါ့" ပိုင်ရှိုးမင်၏ လေသံက အလွန်အေးစက် နေလေသည်။
"တကယ်လို့ ကျွန်မက နဂါးကို မလွှတ်ပေးဘူး ဆိုရင်တော့ ဘာကိစ္စမှ ဖြစ်လာမှာ မဟုတ်ဘူး" ဒီရှုထောင့်မှ ကြည့်လိုက်လျှင် သူ့မေးရိုးအချိုးအစား ပေါ်လွင်နေသည်ကို တွေ့ရသဖြင့် သူမ လက်ကိုမြှောက်ကာ သူ့မျက်နှာကို ကိုင်လိုက်သော်ငြား ပိုင်ရှိုးမင်က မတားဆီးခဲ့ချေ။
"သူတို့က ကိုယ်တိုင် လောဘကြီးတာကိုပဲ အပြစ်တင်ရမယ်။ ကိုယ်တိုင် စိတ်မပြတ်သားတာ၊ အရည်အချင်း မရှိတာကိုပဲ အပြစ်တင်ရမယ်။ မင်းက နဂါးကို လွှတ်ပေးလိုက်လို့ ဆိုပြီးတော့ မင်းကို အပြစ်မတင်သင့်ဘူး" ပြောရင်းနှင့် သူက ခဏရပ်လိုက်ပြီး "ပြီးတော့ မင်းက သူတို့ကို မုန်းတယ်လေ"
နောက်ဆုံး အကြောင်းပြချက် တစ်ခုတည်းနှင့်ပင် လုံလောက်နေပါပြီ။
အားချန်က ထောက်ပြလိုက်၏။ "ကျွန်မက ဟန်ဆောင်ကောင်းပြီး လောဘကြီးတဲ့ လူတွေအားလုံးကို မုန်းတာ"
ပိုင်ရှိုးမင်က တစ်ချက်ပြုံးလိုက်ကာ "မင်း ကို့ကို အဖြေမေးစရာ မလိုပါဘူး"
သူက ပြောလေသည်။ "ကျွန်တော်က အမြဲတမ်း မင်း ဘက်မှာပဲ"
အားချန်၏ လက်က သူ့နှုတ်ခမ်းပေါ် ရောက်သွားပြီး လက်ချောင်းထိပ်လေးများက အောက်နှုတ်ခမ်းကို ထိတွေ့လိုက်ကာ "ဒါဆိုရင် မှတ်ထားနော်။ နောက်ဆိုရင် ပြောင်းလဲလို့ မရဘူး"
ညရောက်သောအခါ အိမ်အပြင်ဘက်တွင် မိုးဖွဲဖွဲ ကျနေဆဲပင်။ စောစောက လျဲ့ရှန့် ရောက်လာပြီး ခရီးဆောင်အိတ်များ ပြင်ဆင်ပြီးပြီ ဖြစ်ကြောင်း၊ ထုံးစံအရ မနက်ဖြန် မိုးတိတ်သွားမည် ဖြစ်ပြီး ကုန်သည်အဖွဲ့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း ပြောလာခဲ့၏။
အားချန်က သိပြီဖြစ်ကြောင်း ပြောပြီး လူကို ပြန်လွှတ်လိုက်လေသည်။
လျဲ့ရှန့် ထွက်သွားပြီးနောက် ပိုင်ရှိုးမင်သည် အားချန်ကို ခေါ်ဆောင်ကာ အခန်းထဲမှ ထွက်ခွာလာခဲ့လိုက်၏။
ညအချိန် ပိုင်လုံရွာသည် အလွန် စည်ကားနေဆဲပင်။ မိုးရွာနေသော်ငြား ရွာသားများ၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေပြီး ရင်းနှီးသူများ အိမ်လည်ကာ စုဝေးစကားပြောနေကြသည်။ ယနေ့ညစာသည် နှစ်သစ်ကူးထက်ပင် ပိုမိုခမ်းနားလေသည်။
သူတို့သည် ယခုနှစ် ရာသီဥတု ကောင်းမွန်ပြီး နေထိုင်မှုဘဝ ပိုမိုကောင်းမွန် လာသည်ကို ကျင်းပနေကြခြင်း ဖြစ်၏။
လူနှစ်ယောက်၏ အရိပ်သည် ညအမှောင်ထဲတွင် လျှပ်တပြက် ဖြတ်သန်းသွားပြီး တောင်ပေါ်သို့ ရောက်ရှိလာကာ ပြင်ပလူ ဝင်ခွင့်မရှိသည့် ပိုင်လုံဘုရားကျောင်း အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
ပိုင်လုံဘုရားကျောင်းသည် သာမန်အတိုင်းပင် ဖြစ်နေ၏။ တံခါးမှ ဝင်လိုက်သည်နှင့် ခန်းမဆောင်ကြီး ဖြစ်ပြီး အထက်တွင် ခန်းမဆောင် တစ်ဝက်ခန့် နေရာယူထားသည့် ရွှံ့ဖြင့်ပြုလုပ်ထားသော နဂါးဖြူရုပ်တု ရှိကာ ရုပ်တုရှေ့တွင် ပူဇော်ပွဲ စားပွဲနှင့် ဖျာသုံးချပ် ရှိလေသည်။
ပူဇော်ပွဲ စားပွဲပေါ်တွင် ပူဇော်ပစ္စည်းများ အပြည့်ရှိပြီး အမွှေးတိုင်အိုးထဲမှ အမွှေးတိုင်များမှာ မကုန်ဆုံးသေးချေ။
ခန်းမဆောင်ကို ဖြတ်ကျော်လိုက်လျှင် ဘေးဘက် အဆောင်မှာ အိပ်ခန်းဖြစ်ပြီး ကုတင်ကို သေသပ်စွာ ပြင်ဆင်ထားသည်။ အတွင်းဘက်တွင်တော့ စတိုခန်းဖြစ်ကာ ဆန်၊ ဂျုံ၊ ဟင်းသီးဟင်းရွက်များနှင့် ထုပ်တန်းပေါ်တွင် ချိတ်ဆွဲထားသည့် အသားခြောက်များ ရှိလေသည်။
ကြည့်ရသည်မှာ မည်သည့်ထူးခြားမှုမှ မရှိသယောင်ပင်။
အားချန်သည် လိုက်လံရှာဖွေရန် စိတ်မကူးဘဲ ပိုင်ရှိုးမင်၏ အင်္ကျီလက်စကို ဆွဲကာ တိုးတိုးလေး မေးလိုက်၏။ "လူကရော"
ပိုင်ရှိုးမင်သည် သူမကို ခေါ်ဆောင်ကာ ခန်းမဆောင်ကြီးထဲသို့ ပြန်လာပြီး နဂါးဖြူရုပ်တု အနောက်ဘက်သို့ ပတ်သွားလိုက်ရာ ထိုနေရာတွင် မည်းမှောင်နေသော ဝင်ပေါက်တစ်ခု ရှိနေလေသည်။
အားချန်သည် အလိုက်တသိပင် လက်ကိုဆန့်ကာ သူ့လည်ပင်းကို ဖက်တွယ်လိုက်ပြီး ပိုင်ရှိုးမင် ခေါ်ဆောင်ရာ မြေအောက်ထဲသို့ လိုက်ပါသွားလေသည်။
သူတို့သည် အသံမထွက်စေဘဲ ဝင်ရောက်သွားသဖြင့် မြေအောက်တွင် ရှိနှင့်နေပြီးသား လူကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ နှစ်ယောက်သားသည် မှောင်ရိပ်ထဲတွင် ရပ်နေကြပြီး အသက်ရှူသံနှင့် အရိပ်များကို ဖုံးကွယ်ထားလိုက်ကြသည်။
ဘုရားကျောင်း အောက်ဘက်တွင် မြေအောက်နန်းတော် တစ်ခုရှိလေသည်။ ဘယ်ညာ နှစ်ဖက်လုံးတွင် ဆီမီးအိမ် တစ်လုံးစီ ချိတ်ဆွဲထားပြီး မြေအောက်နန်းတော် နေရာအများစုကို လင်းထိန်စေသည်။
ဒီမြေအောက်နန်းတော်သည် ရွာသားများ တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဘုရားကျောင်းထက်ပင် သက်တမ်းကြာမြင့်ပုံ ရလေသည်။ မြေအောက်နန်းတော် ပတ်ဝန်းကျင်ရှိ လမ်းကြောင်းများကို ပိတ်ဆို့ထားပြီး ယခုရှင်းလင်း ထားသည့် နေရာလွတ် တစ်ခုသာ ကျန်ရှိတော့၏။
သိပ်မကြီးမားလှသည့် နဂါးဖြူတစ်ကောင်သည် အလယ်တွင် ခွေနေလေသည်။
ထိုနဂါး၏ ကိုယ်ပေါ်တွင် အကြေးခွံများ ကွာကျနေပြီး နေရာလပ်များ ဖြစ်နေကာ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေပြီး မည်းနက်နေသည့် ဆေးမြီးတိုများဖြင့် အုံကပ်ထားသဖြင့် နေ့ခင်းက အားချန်မြင်တွေ့ခဲ့ရသည့် မီးရှို့ခံထားရသော နဂါးရုပ်တုနှင့် တူနေလေသည်။
ထိုအပြင် ဒီနဂါး၏ ကိုယ်ပေါ်တွင် ကြိုးနီများစွာ ရစ်ပတ်ထားပြီး ထိုကြိုးနီများသည် စုစည်းသွားကာ နဂါးခန္ဓာကိုယ်၏ လေးဖက်လေးတန်တွင် ရှိနေသည့် ကျောက်တိုင် လေးတိုင်၏ အောက်တွင် ဖိနှိပ်ထားလေသည်။
ကျောက်တိုင်တိုင်းတွင် '鎮' (ဖိနှိပ်/ထိန်းချုပ်) ဆိုသည့် စာလုံးကို ထွင်းထုထားပြီး စာလုံးပေါ်တွင် ဆေးများ အကြိမ်ကြိမ် သုတ်လိမ်းထားပုံ ရကာ တချို့နေရာများတွင် ဆေးများ လျှံကျနေသော်လည်း စာလုံးကတော့ ထင်ရှားနေဆဲပင်။
နေ့ခင်းက ပိုင်လုံဘုရားကျောင်းထဲသို့ ဝင်ရောက်သွားပြီး ပြန်မထွက်လာတော့သည့် ကျိုးနဉ်သည် ယခုအချိန်တွင် နဂါး၏ကိုယ်ဘေးတွင် မှီထိုင်နေပြီး သူမသည် မလှုပ်မယှက် ရှိနေကာ ရှရွှင်က သူမဘေးတွင် ထိုင်လျက် သူမ၏ ဆံပင်များကို တချက်ချင်း ပွတ်သပ်ပေးနေလေသည်။
ရှရွှင်၏ အပြုအမူကြောင့် အားချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။
များများစားစား မစဉ်းစားရသေးခင်မှာပင် ရှရွှင်က တိုးတိုးလေး ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "နဉ်နဉ်... နင် ဒီနှစ် အရွယ်ရောက်ပြီနော်"
ကျိုးနဉ်ထံမှ တုံ့ပြန်မှု မရှိသော်လည်း သူက ဆက်ပြောနေလေသည်။ "ကျိုးယင် လက်ထပ်ပြီးသွားရင် ရွာလူကြီးက ငါတို့အတွက် မင်္ဂလာပွဲ ကျင်းပပေးမယ်လို့ ပြောတယ်။ အဲဒီကျရင် ငါတို့က မိသားစု တစ်ခုတည်း ဖြစ်သွားကြပြီ။ နင် ပျော်လား"
သူ့စကားကို ကြားလိုက်ရသောအခါ ကျိုးနဉ်သည် ဖြည်းညှင်းစွာ ခေါင်းလှည့်လာပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်လေသည်။
ရှရွှင်၏ လေသံသည် ရိုးသားဟန် ရှိနေ၏။ သူက ပြောလေသည်။ “ဟိုးအရင်ကတည်းက ငါ နင့်ကို လက်ထပ်ပြီး အိမ်ခေါ်ဝင်ချင်ခဲ့တာ"
ယခု ရှရွှင်သည် ငယ်စဉ်ကနှင့် သိပ်မတူတော့ချေ။
ငယ်စဉ်က သူသည် ပိန်လှီနေသော်လည်း ယခုအခါတွင်တော့ သန်မာထွားကြိုင်း နေလေပြီ။ အကြောင်းမှာ သူလည်း သူမ၏သွေးကို သောက်သုံးခဲ့သောကြောင့် ဖြစ်လေသည်။
"ရှရွှင်... ငါ အဲဒီအချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး" ကျိုးနဉ်က ဖွင့်ပြောလာ၏။ "ငါ ငါ့ခန္ဓာကိုယ်ထဲ ပြန်မရောက်ရင် သေတော့မှာ"
ရှရွှင်သည် ခဏလောက် တိတ်ဆိတ်သွားပြီး ရုတ်တရက် သူမခန္ဓာကိုယ်ကို ဖက်လိုက်ကာ "မဖြစ်နိုင်ပါဘူး။ နဉ်နဉ်... နင်က နဂါးလေ။ ဘယ်လိုလုပ်ပြီး သေမှာလဲ"
ကျိုးနဉ်သည် ရုန်းကန်ခြင်း မရှိပေ။ သူမ၏ အကြည့်သည် ရှရွှင်၏ ပခုံးကိုကျော်ကာ ဆီမီးအိမ်မှ ထွက်ပေါ်နေသော အလင်းရောင်ကို ကြည့်နေသော်လည်း စိတ်ထဲတွင်တော့ အဆုံးမရှိသော အမှောင်ထုသာ ရှိနေလေသည်။
တော်တော်ကြာမှ ရှရွှင်သည် မူမမှန်မှုကို သတိထားမိပုံရပြီး ကျိုးနဉ်ကို လွှတ်ပေးလိုက်ကာ သူမ၏ နဖူးကို စမ်းကြည့်လိုက်လေသည်။
"နဉ်နဉ်... နင် ဘာလို့ ကိုယ်ပူနေတာလဲ"
ဒီမေးခွန်းက အလွန် ထူးဆန်းနေသဖြင့် ကျိုးနဉ်သည် ရယ်ချင်စိတ်ပင် ဖြစ်သွားတော့သည်။
"နင်ပဲ ငါ့ရဲ့ဝိညာဉ်နဲ့ သစ်သားရုပ်တုကို ချိတ်ဆက်ထားတာ မဟုတ်ဘူးလား။ နင်တို့က မီးနဲ့ရှို့တော့ ငါ့ကိုရှို့နေသလိုပဲလေ။ ငါ့ခန္ဓာကိုယ် ပူလာတာ ပုံမှန်ပဲ မဟုတ်လား"
"ဒါပေမဲ့ အရင်တုန်းက မိုးရွာလိုက်တာနဲ့ နင့်ခန္ဓာကိုယ်က ပုံမှန် ပြန်ဖြစ်သွားတာပဲလေ" ရှရွှင်က သူမကို မေးခွန်းထုတ်လိုက်၏။ "နင် တမင်သက်သက် လုပ်နေတာမလား။ ငါ စိတ်ပူအောင် တမင်လုပ်တာမလား"
ထိုအချိန်မှာပင် ရင်းနှီးနေသည့် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"အစ်ကိုရွှင် ရှိလား"
ရှရွှင်က ခေါင်းလှည့်ကာ ပြန်ထူးလိုက်၏။ "ငါ အောက်မှာ ရှိတယ်"
မကြာမီမှာပင် ကျိုးယင်နှင့် သူမအမေ ဝူရှီတို့သည် လှေကားမှ ဆင်းလာကြလေသည်။
ရှရွှင်သည် ထရပ်ကာ ကြိုဆိုလိုက်ပြီး ရင်းရင်းနှီးနှီး မေးလိုက်၏။ "အဒေါ်ကြီးနဲ့ ကျိုးယင်... ဘာကိစ္စ ရှိလို့လဲ"
ကျိုးယင်သည် နဂါးခန္ဓာကိုယ် ရှိရာဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။ "တကယ်တော့ ကျွန်မ ရှင်နဲ့ ကိစ္စလေးတစ်ချို့ ရှိလို့ပါ။ အမေက ကျွန်မနဲ့ အဖော်လိုက်လာပေးတာ"
"ဘာကိစ္စလဲ"
ကျိုးယင်သည် ချီတုံချတုံ ဖြစ်နေပြီးမှ သူမ၏ ရည်ရွယ်ချက်ကို ပြောပြလာ၏။ သူမသည် နဂါးသွေး လာတောင်းခြင်း ဖြစ်လေသည်။
သူမ စေ့စပ်ထားသည့် မိသားစုသည် ပိုင်လုံရွာသား မဟုတ်ကြပေ။ ဒီတစ်ခေါက် နဂါးဖြူနေ့တွင် စေ့စပ်ထားသည့် အမျိုးသား၏ မိသားစုသည်လည်း ပူဇော်ပစ္စည်းများ ရရှိခဲ့သော်ငြား ပူဇော်ပစ္စည်း တစ်ခုတည်းနှင့် မလုံလောက်ပေ။
သူတို့ရွာထဲက အမျိုးသားများ အားလုံးသည် နဂါးသွေး သောက်ဖူးကြသည်။ နဂါးသွေး သောက်ပြီးပါက ရောဂါဘယ ကင်းရှင်းပြီး ခန္ဓာကိုယ် သန်မာလာမည် ဖြစ်လေသည်။
ကျိုးယင်သည် သူမ၏ စေ့စပ်ထားသူအတွက် နဂါးသွေး တစ်ပန်းကန် လိုချင်နေခြင်း ဖြစ်၏။
ရှရွှင်သည် အနည်းငယ် တုံ့ဆိုင်းနေပြီး ကျိုးနဉ်ကို လှည့်ကြည့်ကာ ကျိုးယင်ကို ပြောလိုက်၏။ "ဒီနေ့ သွေးအများကြီး ဖောက်ထားပြီးပြီ။ နဉ်နဉ်က အားနည်းနေတယ်။ ပြီးတော့ သူက ဖျားနေသေးတယ်"
ကျိုးယင်က မျက်မှောင်ကြုတ်လိုက်ကာ "ကိစ္စမရှိပါဘူး။ နဉ်နဉ်က ပြန်ကောင်းတာ မြန်ပါတယ်။ မနက်ဖြန်ဆို ကောင်းသွားမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ သွေးအများကြီး ဖောက်ပြီးပြီပဲ။ ဒီတစ်ပန်းကန်လောက်နဲ့ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ဒဏ်ရာကျက်သွားမှ ပြန်ခွဲရင် နောက်တစ်ခါ ထပ်နာရဦးမှာလေ"
ဘေးက ဝူရှီကလည်း ဝင်ထောက်ခံ ပြောဆိုလေသည်။ "ကျိုးယင် ပြောတာ ဟုတ်တယ်။ အစ်ကိုရွှင်ရယ် လိုက်လျောပေးလိုက်ပါကွယ်။ ဘာပဲဖြစ်ဖြစ် နဉ်နဉ်က တစ်နှစ်မှ ဒီရက်ပိုင်းလေးပဲ ခံစားရတာပါ။ ဘာမှမဖြစ်ပါဘူး"
ရှရွှင်သည် အတော်ကြာအောင် တွေဝေနေပြီးမှ နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်လေသည်။
ဝူရှီသည် အသင့်ပြင်ဆင်လာသော ပန်းကန်လုံးကို ရှရွှင်ထံ အလျင်အမြန် ကမ်းပေးလိုက်သည်။ ရှရွှင်သည် ပန်းကန်လုံးကို ယူပြီး နဂါးခန္ဓာကိုယ် နားသို့ လျှောက်သွားကာ ဒဏ်ရာတစ်ခုပေါ်တွင် အုံထားသည့် ဆေးမြီးတိုကို ခွာလိုက်သည်။ အတွင်းမှ အသားများ ပြန်လည်ပြည့်ဖြိုး လာသည်ကို တွေ့ရသောအခါ ဓားမြှောင်ကို ထုတ်၍ အသားပေါ်တွင် ဓားရာတစ်ခု ပေးလိုက်ရာ ပျစ်ချွဲသော နဂါးသွေးများ တတောက်တောက်နှင့် ပန်းကန်လုံးထဲသို့ ကျဆင်းလာတော့သည်။
ရှရွှင် သွေးဖောက်နေစဉ်တွင် ဝူရှီနှင့် ကျိုးယင်တို့သည် ကျိုးနဉ်နားသို့ ရောက်လာပြီး စိုးရိမ်ပူပန်ဟန်ဖြင့် မေးမြန်းကြလေသည်။ "နဉ်နဉ်... သမီး ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား"
ကျိုးနဉ်က ပြန်မဖြေခဲ့ချေ။ ကျိုးယင်က ထပ်ပြောပြန်သည်။ "နဉ်နဉ်... မကြောက်ပါနဲ့။ ဒီမှာ ၃ရက်လောက် နေပြီးရင် အိမ်ပြန်ရပါပြီ။ အဲဒီကျရင် နင်ဘာစားချင်လဲ အမေ့ကိုပြောလိုက်။ နင့်ကို သေချာ အားရှိအောင် ကျွေးလိမ့်မယ်"
ဝူရှီကလည်း ခေါင်းငြိမ့်ထောက်ခံကာ "ဟုတ်တာပေါ့။ မကြာခင် အိမ်ပြန်ရတော့မှာပါ။ နည်းနည်း သည်းခံလိုက်နော်"
မျက်စိရှေ့က မြင်ကွင်းသည် သာမန်လူများလည်း ကြက်သီးထဖွယ် ကောင်းလောက်အောင် ကြောက်စရာ ကောင်းနိုင်ကြောင်း အားချန် ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။ သူတို့သည် တကယ်ကို ကြောက်စရာ ကောင်းကြသည်ပင်။
မကြာမီမှာပင် ရှရွှင်သည် နဂါးသွေး တစ်ပန်းကန်ကို ကျိုးယင်အား ပေးလိုက်သည်။ ကျိုးယင်နှင့် ရှရွှင်တို့ ကျေးဇူးတင်စကား ပြောဆိုပြီးနောက် လျှို့ဝှက်ထားပေးရန် ပြောကာ သူမအမေနှင့်အတူ မြေအောက်နန်းတော်မှ ထွက်ခွာသွားကြလေသည်။
ညဉ့်နက်လာသောအခါ ရှရွှင်သည် ကျိုးနဉ်ကို မြေအောက်နန်းတော်တွင် ထားရစ်ခဲ့ပြီး တစ်ယောက်တည်း အပေါ်သို့ ပြန်တက်သွားခဲ့လေသည်။
သူသည် ကျိုးနဉ်က ဒီနေရာရှိ အစီအရင်များကို ဖျက်ဆီးပစ်မည်ကို မစိုးရိမ်ပေ။ ဒီကြိုးနီများသည် နဂါးဝိညာဉ်ကို ထိခိုက်စေနိုင်ပြီး သူမသည် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။
ရှရွှင် အပေါ်ရောက်သွားပြီးနောက် မြေအောက်နန်းတော် ဝင်ပေါက် ပိတ်သွားပြီး သော့ခတ်သံ ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် သစ်တုံးတစ်တုံးလို ဖြစ်နေသည့် ကျိုးနဉ်သည် အားချန်ရှိရာ ဘက်သို့ ခေါင်းလှည့်လာလေသည်။ သူမက ပါးစပ်ဟကာ စကားတစ်ခွန်း ပြောလိုက်၏။
"နင် ရောက်လာပြီပဲ..."
...