← Chapters

သူ့နာမည်က ရှီးကျင်၊ သူက အဆင့်၅ရှိတဲ့ ...

Vol. 18 Ch. 174

သူ့နာမည်က ရှီးကျင်၊ သူက အဆင့်၅ရှိတဲ့ ...

Vol. 18 Ch. 174

ကျိုးမိသားစုဝင်များသည် မီးတောက်များက သူတို့၏ အသားအရေကို ဆက်တိုက် လောင်ကျွမ်းနေပြီး သေမတတ် နာကျင်နေသော်ငြား သူတို့၏ အသိစိတ်များမှာ ကြည်လင်ပြတ်သား နေဆဲဖြစ်သည်ကို တဖြည်းဖြည်း သတိထားမိလာကြသည်။

သူတို့သည် ကိုယ်ပေါ်မှ ထွက်ပေါ်နေသည့် အနံ့များကို ရရှိနေပြီး မီးလောင်ကျွမ်းနေသည့် အသံများကိုလည်း ကြားနေရလေသည်။ ဒီခံစားချက်သည် အရှင်လတ်လတ် အသားလွှာခံရခြင်းထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ် လှပေသည်။

အစပိုင်းတွင် သူတို့သည် အော်ဟစ်ရန် အားအင်ရှိသေးသော်လည်း နောက်ပိုင်းတွင်တော့ မြေပြင်ပေါ်တွင် အားလျော့စွာ လဲကျသွားပြီး သေဆုံးခွင့် ရရှိရန်သာ ဆုတောင်းနေမိကြတော့သည်။

ကျိုးယင်သည် ခက်ခက်ခဲခဲ ရှေ့သို့ တွားသွားလိုက်ပြီး ကြီးမားလှသည့် နဂါးခေါင်းကြီးကို မော့ကြည့်ကာ စူးရှသည့် အသံဖြင့် ပြောလိုက်လေသည်။ "နဉ်နဉ်၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ အစ်မက နင့်ကို ညီမအရင်းလေးလို ချစ်ခဲ့တာပါ"

"နင်က ငါ့ကိုချစ်လို့ ငါ့သွေးကို သောက်တာလား။ ပြီးတော့ ငါ့သွေးကို နင့်ရဲ့ စေ့စပ်ထားသူကို ဝေပေးခဲ့သေးတယ်။ လူသားတွေက ညီမအရင်းကို ဒီလိုပဲ ဆက်ဆံကြတာလား"

"မဟုတ်ဘူး ... မဟုတ်ပါဘူး ... ဒီလို မဟုတ်ပါဘူး" ကျိုးယင်သည် အဆက်မပြတ် ငြင်းဆန်နေမိသည်။ ယခင်က ကျိုးနဉ်သည် သူမစကားကို အနားထောင်ဆုံး မဟုတ်ပါလား။ ဘာကြောင့် ရုတ်တရက် ဒီလို ပြောင်းလဲသွားရသနည်း။ သူမ နားမလည်နိုင် ဖြစ်နေမိသည်။

သူမသည် နာကျင်လွန်းသဖြင့် ရူးသွပ်လုမတတ် ဖြစ်နေပြီး အဆက်မပြတ် တောင်းပန်နေမိတော့သည်။ "အစ်မ မှားသွားပါတယ်။ အစ်မ မိုက်မဲခဲ့မိတာပါ။ ကျေးဇူးပြုပြီး အစ်မကို လွှတ်ပေးပါ"

"နဉ်နဉ်၊ ငါတို့ နောက်ဆိုရင် မလုပ်ရဲတော့ပါဘူး"

"နဉ်နဉ်"

ကျိုးမိသားစုဝင်များ၏ အသံများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ နဂါးလေး၏ ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွားပြီး ခြံဝင်းထဲက လူများကို အပေါ်စီးမှ ငုံ့ကြည့်လိုက်လေသည်။ "နင်တို့တောင်းပန်တာကို ငါ လက်ခံတယ်"

ကျိုးမိသားစုဝင်များ၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ကျိုးယင်က အလျင်အမြန် ပြောလိုက်၏။ "ဒါဆို မီးကို မြန်မြန်ငြှိမ်းပေးပါ"

နဂါးလေးသည် ခေါင်းခါလိုက်ပြီး သနားစဖွယ် လေသံဖြင့် ပြောလိုက်လေသည်။ "နင်တို့ ငါ့သွေးကို သောက်လိုက်တဲ့ အခိုက်အတန့် ကတည်းက ဒီမီးက ငြှိမ်းသတ်လို့ မရတော့ဘူး။ နင်တို့ခန္ဓာကိုယ်ထဲက နဂါးသွေးတွေ ကုန်စင်အောင် လောင်ကျွမ်းပြီးသွားမှ မီးငြိမ်းသွားလိမ့်မယ်။ သည်းခံလိုက်ပါ"

နဂါးလေးသည် လေထဲသို့ ပျံတက်သွားပြီး သူတို့နှင့် တဖြည်းဖြည်း ဝေးကွာသွားသည်ကို မြင်လိုက်ရသောအခါ ကျိုးမိသားစုဝင်များ၏ အော်ဟစ်သံများသည် ခြံဝင်းအပြင်ဘက်သို့ ထွက်ပေါ်လာတော့သည်။ "ကျိုးနဉ်၊ နင်က တိရစ္ဆာန်ပဲ။ ငါ အစကတည်းက နင့်ရဲ့အရေခွံကို ခွာ၊ အကြောကို ထုတ်ပြီး သတ်ပစ်ခဲ့သင့်တာ။ ငါတို့ နင့်ကို သတ်ပစ်ခဲ့သင့်တာ။ အား ..."

သူတို့၏ အသံများသည် လေနှင့်အတူ နဂါးလေး၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။ ရင်ထဲကလာသည့် စကားများမှာ နားထောင်ရ ဆိုးသော်ငြား ဟန်ဆောင်ထားသည့် ဂရုစိုက်မှုများထက်တော့ နားထောင်ရ ပိုကောင်းလေသည်။

သူတို့ကို လက်စားချေလိုက်ခြင်းက သူမကို အရမ်းမပျော်ရွှင်စေသော်လည်း စိတ်ထဲတွင်တော့ ကျေနပ်သွားစေသည်။

သူမသည် သူတို့၏ နောင်တရစကားများကို နားမထောင်ချင်သလို သူတို့တွင် ဘာအခက်အခဲများ ရှိနေသည်ကိုလည်း မသိချင်တော့ပေ။ သူမ လိုအပ်သည်မှာ တရားခံများ သူတို့၏ လုပ်ရပ်အတွက် ပြန်လည်ပေးဆပ် ရမည်သာ။

မီးတောက်များသည် ဆက်လက် လောင်ကျွမ်းနေပြီး ပိုင်လုံရွာက ရွာသားများသည် ငြှိမ်းသတ်မရသော ဖယောင်းတိုင်များကဲ့သို့ ဖြစ်နေကြသည်။ အသားအရေများ လောင်ကျွမ်းကုန်ဆုံးသွားပြီး အရိုးများ ပြာကျသွားသည့် အချိန်အထိပင်။

နဂါးလေးသည် ကောင်းကင်ယံတွင် အချိန်အတော်ကြာအောင် ပျံဝဲနေခဲ့ပြီး နောက်ဆုံး မီးရောင်လေး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည့် အချိန်ကျမှ သူမသည် ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး အဝေးသို့ ပျံသန်းသွားလေတော့သည်။

ရွာအပေါ်ဘက် ကောင်းကင်တွင် မိုးများ တစ်ဖန်ရွာသွန်းလာခဲ့သည်။ ဒဏ်ရာများ ပြည့်နှက်နေသည့် သူမ၏ ခန္ဓာကိုယ်သည် တိမ်တိုက်များကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး နောက်ဆုံးတွင်တော့ အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားလေတော့သည်။

နှစ်ရက်ကြာပြီးနောက် ပိုင်လုံရွာသို့ ပူဇော်ပစ္စည်း လာရောက်တောင်းခံသူများ ရှိလာခဲ့ပြီး ရွာထဲဝင်မှသာ မူလက စည်ကားနေသော ရွာသည် တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုလူများသည် ခရိုင်ရုံးတော်သို့ သွားရောက်တိုင်ကြားခဲ့ကြသည်။ ရုံးတော်မှ လူများ လာရောက်စစ်ဆေးကြသော်လည်း မိုးရေများက ခြေရာလက်ရာ အားလုံးကို ဆေးကြောသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ ကောက်ချက်ချလိုက်သည်မှာ ပိုင်လုံရွာက ရွာသားများသည် အကြောင်းအရင်းမရှိဘဲ တစ်ချိန်တည်း ပျောက်ဆုံးသွားကြသည် ဟူ၍ပင်။

ဒီအမှုသည် ရွာတစ်ရွာလုံးနှင့် ပတ်သက်နေပြီး ထူးဆန်းကာ သံသယဖြစ်ဖွယ် ကောင်းနေသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးသည် လက်အောက်ငယ်သားများကို ဆက်လက်စုံစမ်းခိုင်းရင်း တစ်ဖက်မှလည်း ပြည်နယ်ရုံးသို့ စာတင်ကာ မင်ကျင့်စီးမှ လူများ လာရောက်ဖြေရှင်းပေးရန် စောင့်ဆိုင်းနေရလေတော့သည်။

ပိုင်လုံရွာသည် ခဏတာ ထင်ပေါ်ကျော်ကြားခဲ့ဖူးသော်လည်း ထိုအချိန်မှစ၍ ပျောက်ဆုံးသွားသော ရွာသားများနှင့်အတူ အတိတ်တွင် ကျန်ရစ်ခဲ့ပြီး မည်သူမျှ ထပ်မံပြောဆိုခြင်း မရှိကြတော့ချေ။

သာ့ရှရုံးတော်မှ လူများသည် ပိုင်လုံရွာက ပျောက်ဆုံးသွားသော ရွာသားများ၏ ခြေရာကို အသည်းအသန် လိုက်ရှာနေကြချိန်တွင် ကုန်သည်အဖွဲ့သည် ကန္တာရလွင်ပြင် နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။

ဒီနေရာသည် နာမည်နှင့်လိုက်ဖက်စွာပင် တစ်ဆုံးကြည့်လိုက်လျှင် လွင်ပြင်ကြီးသာ ဖြစ်လေသည်။

အရောင်အသွေး စုံလင်လှသည့် မြက်ခင်းပြင်ကြီးသည် အဝေးတစ်နေရာတွင် ဆက်စပ်နေသကဲ့သို့ ရှိပြီး နိမ့်ချီမြင့်ချီဖြင့် အဆုံးမရှိ ဖြစ်နေလေသည်။

အဝေးတစ်နေရာ ကောင်းကင်နှင့် မြက်ခင်းပြင် ထိစပ်နေသည့် နေရာတွင် ကျယ်ပြောလှသည့် သစ်တောအုပ်ကြီး ရှိနေပြီး မှောင်မိုက်နက်ရှိုင်းနေလေသည်။ ထိုအနောက်တွင်တော့ မိုးထိအောင် မြင့်မားသော နှင်းတောင်တန်းကြီး ရှိနေကာ တိမ်တိုက်များ ကွဲသွားချိန်တွင် နေရောင်ခြည်သည် နှင်းတောင်ပေါ်သို့ ကျရောက်ပြီး ရွှေရောင်များ တောက်ပနေသကဲ့သို့ ဖြစ်နေလေသည်။

ကျယ်ပြန့်သော ငွေရောင်မြစ်တစ်စင်းသည် နှင်းတောင်ခြေရင်းမှ ကွေ့ကောက်စီးဆင်းလာပြီး မြစ်ဝှမ်းတွင် လမ်းခွဲကာ နေရာအနှံ့သို့ စီးဆင်းသွားကြသည်။

မရေမတွက်နိုင်သော သားငှက်တိရစ္ဆာန်များသည် ဒီကြွယ်ဝသော မြေပေါ်တွင် နေထိုင်ကျက်စားကြသည်။ အားချန်သည် မြင်းလှည်းပြတင်းပေါက်ကို ဖွင့်လိုက်သည်တွင် ကန္တာရလွင်ပြင်မှ လေညင်းသည် သူမ၏ လက်ချောင်းများကြားမှ ဖြတ်သန်းသွားပြီး နွေးထွေးမှုကိုသာ ချန်ရစ်ခဲ့လေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမသည် ဒီနေရာတွင် မွေးဖွားခဲ့သည်။ အဖေနှင့်အမေ၏ အိမ်သည်လည်း ဒီနေရာတွင် ရှိခဲ့ဖူးသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူမသည် အိမ်ပြန်လမ်းကို မသိတော့ခြင်းပင်။

ကုန်သည်အဖွဲ့၏ ရှေ့ဆုံးတွင် လျဲ့ရှန့်သည် အဖြူရောင် အရိုးပုလွေကို ကိုင်ဆောင်ကာ ဆွေးမြေ့ဖွယ်ကောင်းပြီး အထီးကျန်ဆန်သော တေးသွားကို မှုတ်နေလေသည်။ လှည်းဆွဲသော မြင်းများသည် အရှိန်မြှင့်လိုက်ကြပြီး သခင်ဖြစ်သူ၏ အိမ်ပြန်ချင်စိတ်ကို ခံစားမိလိုက်သကဲ့သို့ပင်။

ယာဉ်တန်းသည် မြက်ခင်းပြင်ကို ဖြတ်ကျော်ကာ ရိုးရှင်းသည့် သစ်သားတံတားကို ဖြတ်သန်းပြီးနောက် သစ်တောအုပ် အနီးရှိ ရွာတစ်ရွာ၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။

ဒီရွာတွင် မြင့်မားသော တံတိုင်းများ ကာရံထားခြင်း မရှိဘဲ ပတ်လည်တွင် သစ်သားခြံစည်းရိုးများသာ ကာရံထားလေသည်။ ခြံစည်းရိုးပေါ်တွင် အစိမ်းရောင် နွယ်ပင်များ ပေါက်ရောက်နေပြီး အရောင်အသွေး စုံလင်လှသည့် ငှက်အချို့သည် အပေါ်တွင် နားနေကာ တစ်စုံတစ်ခုကို ခေါင်းငုံ့ပြီး စားသောက်နေကြလေသည်။

မြင်းလှည်း ရပ်တန့်သွားသည်နှင့် ရွာထဲမှ လူတစ်စု ပြေးထွက်လာကြသည်။ တချို့က ကုန်သည်အဖွဲ့မှ လူများကို နှုတ်ဆက်ကြပြီး တချို့က ကုန်ပစ္စည်းများကို ကူညီချပေးကြသည်။ ဝတ်စားဆင်ယင်မှု မတူညီကြသည့် ကလေးတစ်စုကတော့ လျဲ့ရှန့်၏ ဘေးတွင် ဝိုင်းရံနေကြလေသည်။

သူတို့သည် လျဲ့ရှန့်ကို ဒီတစ်ခေါက် ဘယ်နေရာတွေ သွားခဲ့သလဲ၊ ပျော်စရာကောင်းသည့် ပစ္စည်းများ ပါလာသလားဟု အလုအယက် မေးမြန်းနေကြသည်။ လျဲ့ရှန့်ကဲ့သို့ ပုံစံတူ ကလေးငယ် တစ်ဦးကတော့ ဇွဲကောင်းကောင်းဖြင့် သူ့ကိုယ်ပေါ်သို့ တက်ရန် ကြိုးစားနေလေသည်။

လျဲ့ရှန့်သည် သူတို့၏ မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေကြားပေးပြီးနောက် ငြိမ်ငြိမ်မနေသည့် အမည်းရောင် အလုံးလေးကို ကုန်းပိုးလိုက်ကာ ပခုံးပေါ် တင်ထားလိုက်လေသည်။

ကလေးများ၏ စူးစမ်းလိုစိတ် ပြည့်ဝသွားသည့် အခါမှ နောက်မြင်းလှည်းပေါ်မှ ဆင်းလာသည့် အားချန်နှင့် ပိုင်ရှိုးမင်ကို မြင်တွေ့လိုက်ကြသည်။

"ကိုကြီးလျဲ့ရှန့်၊ သူတို့က လူသားတွေလား" တစ်ယောက်က အသံတိုးတိုးဖြင့် မေးလိုက်၏။ ဒီနေရာတွင် လူသားများကို တွေ့ရခဲလေသည်။

"ဟုတ်တယ်။ သူတို့က မင်းတို့ရဲ့ အစ်မဟွေရွှယ်ရဲ့ ဧည့်သည်တွေလေ။ လူသွားခေါ်လိုက်ဦး" လျဲ့ရှန့်က ဘေးက ကောင်လေး၏ ပခုံးကို ပုတ်လိုက်လေသည်။

"အခုပဲ သွားလိုက်မယ်" ထိုကောင်လေးသည် ရွာထဲသို့ လှည့်ပြေးသွားပြီး အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။

ထိုကောင်လေး ရှာတွေ့သည့်အချိန်တွင် ရှန်းဟွေရွှယ်သည် ခြံဝင်းထဲ၌ ထိုင်နေပြီး သူမ၏ ရှေ့တွင် သေဆုံးနေသော သားရဲကောင် တစ်တန်းကို ချထားကာ မျက်မှောင်ကြုတ်လျက် အခက်တွေ့နေပုံ ရလေသည်။

"အစ်မဟွေရွှယ်" ကောင်လေးက တံခါးဝမှ အော်လိုက်ပြီး ခေါင်းပြူကြည့်ကာ မြေပြင်ပေါ်မှ သားကောင်များကို တွေ့လိုက်ရသည်တွင် အာမေဋိတ်သံ ထွက်ပေါ်လာတော့သည်။ "အစ်မဟွေရွှယ်က တကယ်တော်တာပဲ။ သားကောင်တွေ ဒီလောက်တောင် ရထားတာလား"

ရှန်းဟွေရွှယ်သည် လှည့်ကြည့်လိုက်ပြီး သူ့ကို ပြုံးပြလိုက်လေသည်။ "ဒီတစ်ခေါက် နည်းနည်းဝေးတဲ့နေရာကို သွားလိုက်တာ။ ပထမဦးဆုံးအကြိမ် ယဇ်ပူဇော်ပွဲ တက်ရောက်မှာဆိုတော့ ကြည့်ပျော်ရှုပျော် ဖြစ်မယ့် ပူဇော်ပစ္စည်းတွေ ပြင်ဆင်ထားမှ ဖြစ်မှာလေ။ နင် ဘယ်ဟာ ကောင်းမယ် ထင်လဲ။ ခဏနေရင် ငါ မဟာယဇ်ပုရောဟိတ်ဆီ သွားပို့မလို့"

ကောင်လေးက ခေါင်းနှစ်လုံးပါသည့် မျောက်ဝံကို လက်ညှိုးထိုးပြလိုက်ပြီး "ဒါပဲ။ ဒီကောင်ရဲ့ သားမွေးက ကောင်းတယ်။ ဘိုးဘေးတွေ သေချာပေါက် ကြိုက်မှာ"

"ကောင်းပြီ။ ဒါဆို ဒါပဲ ယူလိုက်တော့မယ်" ရှန်းဟွေရွှယ်ကလည်း မဆိုးဘူးဟု ထင်မှတ်လိုက်ပြီးနောက် သံသယဖြင့် မေးလိုက်၏။ "ဒါနဲ့ နင် ငါ့ကိုလာရှာတာ ဘာကိစ္စရှိလို့လဲ"

ကောင်လေးက ခေါင်းကိုပုတ်လိုက်ပြီး "အရေးကြီးကိစ္စ မေ့တော့မလို့ပဲ။ ကိုကြီးလျဲ့ရှန့် ပြန်ရောက်လာပြီ။ သူက လူသားတွေကိုပါ ခေါ်လာတယ်။ အစ်မရဲ့ ဧည့်သည်တွေတဲ့"

ရှန်းဟွေရွှယ်၏ မျက်လုံးများ တောက်ပသွားပြီး သူမ၏ ပုံရိပ်သည် ကောင်လေး၏ ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။

"ဘာဧည့်သည်မို့လို့ ဒီလောက်တောင် ပျော်နေရတာလဲ" ကောင်လေးက တံခါးပိတ်လိုက်ပြီး ရွာအ၀င်သို့ ပြေးသွားလိုက်လေသည်။

"အားချန်" အားချန်သည် မတုံ့ပြန်နိုင်သေးခင်မှာပင် ရုတ်တရက် ဖက်လဲတကင်း ကြိုဆိုခြင်း ခံလိုက်ရပြီး နားထဲတွင် ရင်းနှီးနေသော အသံကို ကြားလိုက်ရမှ သတိပြန်ဝင်လာတော့သည်။

"ဟွေရွှယ်" အားချန်၏ မျက်လုံးများ ကွေးညွတ်သွားလေသည်။ မျက်စိရှေ့က လူထံတွင် စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်များ လုံးဝ မတွေ့ရတော့ပေ။ သူမ၏ မျက်နှာတွင် လွတ်လပ်ပေါ့ပါးမှုများ ပြည့်နှက်နေပြီး ဒီနေရာက ဘဝသည် သူမကို စိတ်ချမ်းသာစေသည်မှာ ထင်ရှားလေသည်။

ရှန်းဟွေရွှယ်သည် အားချန်၏ လက်ကိုဆွဲကာ ဒီကာလအတွင်း သူမ၏ အတွေ့အကြုံများကို ပြောပြရန် ပြင်လိုက်စဉ် အားချန်၏ ဘေးတွင် လူတစ်ယောက် ရှိနေသေးသည်ကို သတိထားမိလိုက်သည်။

ဒီပိုင်လူကြီးမင်းကို နောက်တစ်ကြိမ် ပြန်တွေ့ရချိန်တွင် သူမ၏ မျက်နှာပေါ်က အပြုံးများ အနည်းငယ် လျော့ပါးသွားပြီး ခန္ဓာကိုယ် တောင့်တင်းသွားသော်လည်း လေသံကတော့ ယဉ်ကျေးနေဆဲပင်။ "ပိုင်လူကြီးမင်း၊ မတွေ့တာ ကြာပြီနော်"

ပိုင်ရှိုးမင်၏ အကြည့်သည် ရှန်းဟွေရွှယ်၏ မျက်နှာပေါ်မှ ဖြတ်သန်းသွားလေသည်။ ရှန်းဟွေရွှယ်သည် မိစ္ဆာတစ်ပိုင်း ဖြစ်သည်ကို သူမှတ်မိသော်ငြား ယခုအချိန်တွင် သူမသည် သာမန်လူတစ်ယောက်နှင့် ဘာမှမခြားနားတော့ချေ။ အားချန်ကတော့ ဒီအပြောင်းအလဲကို လုံးဝ စိတ်ဝင်စားပုံ မရပေ။

ပိုင်ရှိုးမင်သည် အကြည့်လွှဲလိုက်ပြီး တစ်ဖက်လူကို ခေါင်းငြိမ့်ပြလိုက်၏။ "အနှောင့်အယှက် ပေးမိပါပြီ"

ဒီအချိန်တွင် လျဲ့ရှန့်သည် ရှန်းဟွေရွှယ်ကို မြင်လိုက်ရသဖြင့် လက်ဝှေ့ယမ်းပြလိုက်လေသည်။ "ဟွေရွှယ်၊ မိန်းကလေးအားချန်ကိုတော့ ငါ ဘေးကင်းကင်းနဲ့ ပို့ပေးလိုက်ပြီနော်"

"ကျေးဇူးတင်ပါတယ် ကိုကြီးလျဲ့ရှန့်"

"ရပါတယ်။ အားနာစရာ မလိုပါဘူး။ ဒါနဲ့ ခဏနေရင် ညီမက မိန်းကလေးအားချန်နဲ့ ပိုင်အစ်ကိုကြီးကို ခေါ်ပြီး မဟာယဇ်ပုရောဟိတ်ဆီ အရင်သွားလိုက်ဦး"

ရှန်းဟွေရွှယ်က ခေါင်းငြိမ့်လိုက်ပြီးနောက် အားချန်ကို လေသံတိုးတိုးဖြင့် ရှင်းပြလိုက်လေသည်။ "တကယ်လို့ ဧည့်သည်က ရွာထဲမှာ ခဏတည်းခိုမယ်ဆိုရင် မဟာယဇ်ပုရောဟိတ်ကို အရင်သွားတွေ့ရတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သူက သဘောကောင်းပါတယ်"

"ဒါဆို ကျွန်မတို့ အခုသွားကြမလား" အားချန်သည် ဝူမျိုးနွယ်၏ မဟာယဇ်ပုရောဟိတ် အပေါ် အလွန်သိချင်နေမိသည်။

"ကောင်းပြီ။ သွားကြတာပေါ့"

လျဲ့ရှန့်ကို နှုတ်ဆက်ပြီးနောက် ရှန်းဟွေရွှယ်သည် လူနှစ်ယောက်ကို ခေါ်ဆောင်ကာ ရွာထဲဝင်ပြီး မဟာယဇ်ပုရောဟိတ်၏ နေအိမ်သို့ သွားလိုက်ကြသည်။

မဟာယဇ်ပုရောဟိတ်သည် ရွာ၏ နောက်ဆုံးတွင် နေထိုင်ပြီး ကြီးမားသော ခြံဝင်းတစ်ခု ရှိလေသည်။ ခြံဝင်းထဲတွင် အားချန် မြင်ဖူးသည့်ပစ္စည်းများ၊ မမြင်ဖူးသည့် ပစ္စည်းများနှင့် သားကောင်များစွာ စုပုံထားလေသည်။

တချို့သားကောင်များသည် စီမံပြီးသားဖြစ်ပုံရပြီး သားမွေးများသည် ပြောင်လက်တောက်ပနေကာ အသက်ရှင်စဉ်ကအတိုင်း ဖြစ်နေသည်။ တချို့ကတော့ စီမံရခြင်း မရှိသေးပေ။

ခြံဝင်းထဲတွင် သစ်သားအိမ် တစ်လုံးသာ ရှိပြီး မဟာယဇ်ပုရောဟိတ်၏ နေအိမ်ဖြစ်လေသည်။

တံခါးရှေ့သို့ ရောက်သောအခါ ရှန်းဟွေရွှယ်က အထဲသို့ လှမ်းအော်လိုက်၏။ "မဟာယဇ်ပုရောဟိတ်ကြီး၊ အိမ်မှာ ရှိလား။ ကျွန်မ ဧည့်သည် ခေါ်လာပါတယ်"

"ဟွေရွှယ်လား၊ ဝင်ခဲ့လေ" အိုမင်းသော်လည်း နူးညံ့သိမ်မွေ့သော အသံတစ်ခု အထဲမှ ထွက်ပေါ်လာခဲ့သည်။

ရှန်းဟွေရွှယ်သည် အားချန်နှင့် ပိုင်ရှိုးမင်ကို ခေါ်ဆောင်ကာ တံခါးဖွင့် ဝင်လိုက်ကြသည်။ ဒီနေရာသည် အလွန်ကျယ်ဝန်းပြီး အခန်းကန့်ထားခြင်း မရှိသဖြင့် တစ်ချက်ကြည့်ရုံဖြင့် အဆုံးထိ မြင်နိုင်လေသည်။

အခန်းထဲတွင် ပရိဘောဂများ မရှိဘဲ အနည်းငယ် မြင့်သော စင်မြင့်ကြီးတစ်ခုသာ ရှိပြီး အပေါ်တွင် အမည်းရောင် သားရေတစ်ချပ် ခင်းထားကာ ဘေးတွင် ဝါးစာလိပ်များ၊ အရိုးစာအုပ်များနှင့် ပိုးစာလိပ်များ စုပုံထားလေသည်။

ဆံပင်ဖြူနေသော အဘွားအိုတစ်ဦးသည် သားရေပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ရှေ့တွင် အရိုးစာအုပ် တစ်မျက်နှာကို ဖြန့်ထားကာ စာလုံးများ ထွင်းထုထားပြီး သူမသည် တစ်စုံတစ်ခုကို တွက်ချက်နေပုံရသည်။

လူသုံးယောက်လုံး အခန်းထဲသို့ ဝင်ရောက်လာသည့် အချိန်ကျမှ မဟာယဇ်ပုရောဟိတ်သည် မျက်လုံးများကို ပင့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများသည် နက်ရှိုင်းပြီး လူ့စိတ်ကို ထိုးဖောက်မြင်နိုင်သကဲ့သို့ပင်။

သူမ၏ အကြည့်သည် လူသုံးယောက်လုံး အပေါ်မှ တစ်ယောက်ချင်း ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် အားချန်၏ ကိုယ်ပေါ်၌ ရပ်တန့်သွားလေသည်။

အားချန်သည်လည်း ဒီမဟာယဇ်ပုရောဟိတ်ကြီးကို စူးစမ်းစွာ ကြည့်နေမိသည်။ တစ်ဖက်လူက သူမကို ပြုံးပြလိုက်သည်ကို မြင်သောအခါ သူမကလည်း ချက်ချင်းပင် တောက်ပစွာ ပြုံးပြလိုက်လေသည်။

မဟာယဇ်ပုရောဟိတ်၏ မျက်လုံးများသည် ပိုမိုနူးညံ့လာပြီး ဟိတ်ဟန်မထုတ်ဘဲ ကိုယ့်ဟာကိုယ် မိတ်ဆက်လိုက်လေသည်။ "ငါ့နာမည်က ဝူယင်း ပါ။ ဝူမျိုးနွယ်ရဲ့ မဟာယဇ်ပုရောဟိတ်ပါ"

ယခင်က ဝူမျိုးနွယ်စုတွင် ယဇ်ပုရောဟိတ် အများအပြား ရှိနိုင်သော်လည်း မဟာယဇ်ပုရောဟိတ်ကတော့ တစ်ဦးတည်းသာ ရှိလေသည်။

နောက်ပိုင်းတွင် ဝူမျိုးနွယ် ကိစ္စဖြစ်ပွားခဲ့ပြီး သူတို့မျိုးဆက် တစ်ဆက်တည်းသာ ကျန်ရစ်ခဲ့သဖြင့် သူမသည် ယခုအခါ ဝူမျိုးနွယ်၏ တစ်ဦးတည်းသော မဟာယဇ်ပုရောဟိတ် ဖြစ်လာခဲ့လေသည်။

"ပိုင်ရှိုးမင်ပါ"

"ကျွန်မနာမည်က ကျိချန်ပါ။ မဟာယဇ်ပုရောဟိတ်ကြီးက ကျွန်မကို အားချန်လို့ ခေါ်လို့ရပါတယ်" အားချန်က ပေါ့ပါးစွာ ပြောလိုက်၏။

မဟာယဇ်ပုရောဟိတ်ကြီးက ရယ်မောလိုက်ပြီး "အားချန်၊ တကယ် နာမည်ကောင်းလေးပဲ"

အားချန်သည် မဟာယဇ်ပုရောဟိတ်ကြီးကို စတင် သဘောကျလာပြီ ဖြစ်သည်။ စကားပြောတာ တကယ် နားထောင်လို့ ကောင်းတာပဲ။

"အားချန် ကန္တာရလွင်ပြင်ကို လာတာ အရေးကြီးကိစ္စ ရှိလို့လား" မဟာယဇ်ပုရောဟိတ်ကြီးက မေးလိုက်၏။

အားချန်သည် မျက်လုံးထောင့်မှ ပိုင်ရှိုးမင်ကို ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ ခေါင်းခါလိုက်လေသည်။ "ဘာကိစ္စမှ မရှိပါဘူး။ ကျွန်မနဲ့ ဟွေရွှယ်က သူငယ်ချင်းတွေလေ။ ကျွန်မက သူ့ကို သက်သက် လာကြည့်တာပါ"

"ဒီလိုကိုး" မဟာယဇ်ပုရောဟိတ်ကြီးက ခေါင်းငြိမ့်လိုက်သည်။ "ဒီလိုဆိုရင် ဟွေရွှယ်က အားချန်ကိုခေါ်ပြီး လျဲ့ရှန့်ဆီ အရင်သွားလိုက်လေ။ နေစရာ စီစဉ်ပေးခိုင်းလိုက်။ နောက်ရက် အားတဲ့အချိန်ကျမှ အားချန် ငါ့ဆီ လာလည်ပေါ့"

"ကောင်းပါပြီ" အားချန်သည် မူလက ဒီမဟာယဇ်ပုရောဟိတ်ကြီးကို သီးသန့်လာရှာပြီး စကားပြောချင်နေခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက တက်ကြွစွာ ဖိတ်ခေါ်လိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

ရှန်းဟွေရွှယ်သည် အားချန်ကို ခေါ်ပြီး အရင်ထွက်ခွာသွားလေသည်။ အကယ်၍ အားချန် တစ်ယောက်တည်းသာဆိုလျှင် သူမအိမ်တွင် ခေါ်ထားလို့ ရသော်လည်း ယခု ပိုင်ရှိုးမင် တစ်ယောက် ပိုလာသဖြင့် အိမ်တွင် ခေါ်ထားလို့ မဖြစ်တော့ချေ။

သို့သော် ရွာထဲတွင် လူမနေသော အိမ်လွတ်များ ရှိသဖြင့် နေထိုင်လို့ ရလေသည်။

မဟာယဇ်ပုရောဟိတ်ကြီးသည် အားချန် ထွက်သွားသည်ကို ကြည့်နေပြီး လူထွက်သွားမှ ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "ဧည့်သည်တော်က ဝေးလံတဲ့ သာ့ရှကနေ ရောက်လာတာဆိုတော့ ကျွန်မ ကူညီပေးနိုင်တာ ဘာများ ရှိမလဲ"

အားချန် ထွက်သွားပြီးနောက် ပိုင်ရှိုးမင်သည် ဒီမဟာယဇ်ပုရောဟိတ်ကြီး၏ စိမ်းကားပြီး အေးစက်မှုကို ခံစားလိုက်ရသဖြင့် သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလိုက်လေသည်။ "ကျွန်တော် ဒီတစ်ခေါက် လာရတာက အဖေ့ရဲ့ မိတ်ဆွေဟောင်းကို ဂါရဝပြုချင်လို့ပါ။ တကယ်လို့ မဟာယဇ်ပုရောဟိတ်ကြီးက သဲလွန်စ ပေးနိုင်မယ်ဆိုရင် ကျွန်တော် ကျေးဇူးအများကြီး တင်မိမှာပါ"

"ရှင့်အဖေရဲ့ မိတ်ဆွေဟောင်း နာမည်က ဘယ်သူလဲ မသိဘူး"

"သူ့နာမည်က ရှီးကျင်၊ အဆင့်ငါးရှိတဲ့ မြေခွေးမိစ္ဆာပါ"

"ရှင့်အဖေက ..."

"ကျွန်တော့်အဖေက ပိုင်ယွီ ပါ" ပိုင်ရှိုးမင်သည် မင်ဝမ်၏ နာမည်အရင်းကို ပြောပြလိုက်သော်လည်း တစ်ဖက်လူ သိရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

မထင်မှတ်ထားသည်မှာ ဒီမဟာယဇ်ပုရောဟိတ်ကြီး၏ မျက်နှာပေါ်တွင် အံ့ဩသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး "အဲဒီအချိန်တုန်းက ရှီးကျင်နဲ့အတူ မိစ္ဆာဧကရာဇ်ကို နှိမ်နင်းခဲ့တဲ့ သာ့ရှမင်ဝမ်လား"

"... ဟုတ်ပါတယ်"

မဟာယဇ်ပုရောဟိတ်ကြီး၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာပြီး လေသံကလည်း များစွာ လျော့ကျသွားလေသည်။ " မင်ဝမ် ဖြစ်နေတာကိုး။ သူနဲ့ ရှီးကျင်တို့ရဲ့ ဆက်ဆံရေးနဲ့ဆိုရင် ဧည့်သည်တော်က ဒီခရီးကို သီးသန့် လာခဲ့ရတာ မဆန်းတော့ပါဘူး"

ပိုင်ရှိုးမင်က ထပ်မေးလိုက်၏။ "မဟာယဇ်ပုရောဟိတ်ကြီး အနေနဲ့ အဖေ့မိတ်ဆွေဟောင်းရဲ့ အရိုးမြှုပ်နှံထားတဲ့ နေရာကို သိပါသလား"

"သိပါတယ်" မဟာယဇ်ပုရောဟိတ်ကြီးက သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်လေသည်။ "ရှီးကျင် ဆုံးပါးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ရှာမတွေ့ခဲ့ရတဲ့ အကြောင်းရင်းက သူ့ရဲ့အရိုးတွေကို အစီအရင်နဲ့ ဖိနှိပ်ထားလို့ပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းက အဲဒီအစီအရင် လှုပ်ခတ်သွားလို့ သူ့ရဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့တာပါ"

ပိုင်ရှိုးမင် စကားမပြောရသေးခင်မှာပင် သူမက အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "အချိန်လည်း မစောတော့ဘူး။ ဧည့်သည်တော် ဒီည ကောင်းကောင်း အနားယူလိုက်ပါ။ မနက်ဖြန်ကျရင် ကျွန်မ ရှင်တို့ကို အစီအရင်ရှိတဲ့ နေရာကို ခေါ်သွားပေးပါ့မယ်"

ပိုင်ရှိုးမင်သည် တစ်ဖက်လူကို နားချရန် စကားအများကြီး ပြောရဦးမည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမက ဒီလောက် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု ထင်မထားခဲ့မိချေ။

သူက မဟာယဇ်ပုရောဟိတ်ကြီးကို လက်ယှက်ကာ အရိုအသေ ပေးလိုက်၏။ "ကျေးဇူးတင်ပါတယ်"

တစ်ဖက်တွင် ရှန်းဟွေရွှယ်သည် အားချန်ကို ခေါ်ပြီး လျဲ့ရှန့်ကို သွားရှာနေကာ လမ်းတွင် သူမ စုံစမ်းရရှိထားသော သတင်းများကို ပြောပြရန် မမေ့ခဲ့ချေ။

"ရှင် ကျွန်မကို စုံစမ်းခိုင်းထားတဲ့လူက နာမည်မရှိလို့ ကျွန်မက အပေါ်ယံလောက်ပဲ မေးခဲ့ရတာ။ တကယ်လို့ တိကျတဲ့နာမည် ရှိမယ်ဆိုရင် စုံစမ်းရတဲ့ သတင်းက ပိုပြီး တိကျနိုင်လိမ့်မယ်"

အားချန်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်လေသည်။ "အဲဒီမြေခွေးမိစ္ဆာ နာမည်က ရှီးကျင် ပါ"

အဲဒါက သူမအဖေ၏ နာမည်ပင်။

"ရှီးကျင်" ရှန်းဟွေရွှယ်က နာမည်ကို နှစ်ခေါက်လောက် ရေရွတ်လိုက်ပြီး မှတ်သားထားလိုက်ကာ အားချန်ကို ပြောလိုက်၏။ "ကျွန်မ သတင်းစုံစမ်းခဲ့တဲ့ အဲဒီယဇ်ပုရောဟိတ် အိုကြီးက ရွာအပြင်ဘက်မှာ နေလေ့ရှိတယ်။ ဒီနေရာနဲ့ သိပ်မဝေးဘူး။ မနက်ဖြန် အချိန်ရရင် ကျွန်မ ရှင့်ကိုခေါ်ပြီး သူ့ကို သွားရှာကြတာပေါ့။ သူက ဒီနာမည်ကို မှတ်မိကောင်း မှတ်မိနေလိမ့်မယ်"

"ကောင်းပြီ" အားချန်သည် မျှော်လင့်ချက် အပြည့်ဖြင့် သဘောတူလိုက်လေတော့သည်။

...

All Chapters