သူက မင်းအတွက် ပစ္စည်းတစ်ခု ချန်ထားပေးခဲ့ပြီး စောင့်နေခဲ့တယ်...
Vol. 18 Ch. 176
နောက်ဆုံးတွင်တော့ ထိုမြေခွေးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး အနက်ရောင်မြူခိုးများကလည်း တဖြည်းဖြည်း မှေးမှိန်သွားကာ မျက်စိရှေ့မှ မြင်ကွင်းသည်လည်း တွန့်လိမ်ဝေဝါးသွားလေသည်။
အားချန်၏ အကြည့်ကတော့ ဖယ်ခွာရန် ခက်ခဲနေလေသည်။ မြေခွေးမိစ္ဆာ၏ အမြီးအရေအတွက်သည် ကျင့်ကြံမှုနှင့် ဆက်စပ်နေသဖြင့် ဤလောကတွင် အမြီးကိုးချောင်းမြေခွေး မများပြားလှချေ။
ချင်းယွီတောင်ပေါ်က အဘွားမှလွဲလျှင် ... သူမ၏ အဖေသာ ရှိတော့လေသည်။
ယဇ်ပုရောဟိတ်ကြီး၏ အသံက သည်အချိန်တွင် ထွက်ပေါ်လာခဲ့၏။ "ဒီယဇ်ပလ္လင်က နိုးထလာတိုင်း မတူညီတဲ့ မြင်ကွင်းတွေကို ပြသတတ်တယ်"
"အားလုံးက အောက်လောကရဲ့ ပုံရိပ်တွေချည်းပဲလား" ပိုင်ရှိုးမင်သည် ရှားရှားပါးပါးပင် ဤယဇ်ပလ္လင်အပေါ် စိတ်ဝင်စားသွားပြီး စတင်မေးမြန်းလိုက်လေသည်။
ယဇ်ပုရောဟိတ်ကြီးက သက်ပြင်းတစ်ချက် ဖွဖွမှုတ်ထုတ်လိုက်၏။ "ဟုတ်ပါတယ်"
"ဆက်ပြီးတော့ ဘာလုပ်ရဦးမလဲ"
"ဘာမှ လုပ်စရာ မလိုတော့ပါဘူး"
ယဇ်ပလ္လင်ပတ်လည်တွင် လေတစ်ချက် တိုက်ခတ်လာပြီး ထိုလေသည် နွေးထွေးမှုကို သယ်ဆောင်လာလေသည်။ ကိုယ်ပေါ်သို့ တိုက်ခတ်လာချိန်တွင် မမြင်နိုင်သော အရာတစ်ခုက ဘေးနားမှ ဖြတ်သန်းသွားပြီး အမြီးဖြင့် လူကို လာရောက်ပွတ်သပ်သွားသကဲ့သို့ ခံစားရလေသည်။
လေတိုက်သံ ပျောက်ကွယ်သွားသည်နှင့် ကြီးမားသော အရိုးစုပုံရိပ်ယောင်တစ်ခုသည် ယဇ်ပလ္လင်ထဲမှ ပေါ်ထွက်လာပြီး အားချန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့လေသည်။
ထိုအရာသည် အမြီးကိုးချောင်းမြေခွေးမိစ္ဆာ တစ်ကောင်၏ အရိုးစုဖြစ်ပြီး ယခုအချိန်တွင် သူသည် မြေကြီးအောက်တွင် တိတ်ဆိတ်စွာ ဝပ်စင်းနေလေသည်။ သူ၏အချိန်ကာလသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရပ်တန့်နေခဲ့ပြီး ဤလောက၏ ဆူညံမှုများနှင့် ခြောက်သွေ့မှုများက သူနှင့် မသက်ဆိုင်တော့ချေ။
အားချန်၏ အမြင်အာရုံသည် တဖြည်းဖြည်း ဝေဝါးလာတော့သည်။ တကယ်တော့ အဖေက ဘယ်မှမသွားခဲ့ဘဲ သူ့ကိုယ်သူ ဒီနေရာမှာ မြှုပ်နှံထားခဲ့တာပဲ။
ဤအခိုက်အတန့်တွင် အားချန်၏ ဦးနှောက်ထဲတွင် ဗလာကျင်းနေလေသည်။ သူမ၏ အဖေအပေါ်ထားရှိသော အမှတ်တရများမှာ တကယ်တော့ အလွန်မှိန်ဖျော့နေပြီ ဖြစ်သော်လည်း အဖေသည် အလွန်သန်မာပြီး သူမထက် ပိုပြီးအသက်ရှည်ရှည် နေနိုင်မည်ဟု သူမ သိထားခဲ့လေသည်။
သူမသည် သူတို့က သူမကို မချစ်ကြသဖြင့် သူမ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြဟု အမြဲထင်မှတ်ခဲ့သော်လည်း အဖေက မရှိတော့ပြီဟု လုံးဝ မတွေးခဲ့ဖူးချေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမသည် ချင်းယွီတောင်ပေါ်တွင် မိမိကိုယ်ကို လိမ်ညာရင်း အားမန်ကိုပါ ချော့မော့ကာ အဖေက သူမတို့ကို သေချာပေါက် လာရှာလိမ့်မည်ဟု ပြောဆိုနေချိန်ကတည်းက အဖေသည် ဤမြေကြီးထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံခံထားရခြင်းများလား။
သူမ အမြဲတမ်း ပင်ပန်းဆင်းရဲစွာ ရှာဖွေနေခဲ့သော အဖြေသည် နောက်ဆုံးတွင်တော့ အဆုံးသတ်သွားခဲ့လေပြီ။
မျက်ရည်များသည် ပါးပြင်ပေါ်တွင် တိတ်ဆိတ်စွာ ပြည့်နှက်သွားပြီး အားချန်၏ ရင်ဘတ်သည် ခက်ခက်ခဲခဲ နိမ့်ချီမြင့်ချီ ဖြစ်နေကာ အသက်ရှူပင် ရပ်တန့်လုမတတ် ဖြစ်နေလေသည်။
ပိုင်ရှိုးမင်သည် အားချန်၏ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း သတိထားမိလိုက်ပြီး လက်လှမ်းကာ ယိုင်လဲလုမတတ် ဖြစ်နေသော အားချန်ကို တွဲထူလိုက်ပြီး သူ့ကိုယ်ပေါ်တွင် မှီထားစေလိုက်၏။ "ဘာဖြစ်လို့လဲ။ ဘယ်နား နေမကောင်းလို့လဲ"
အားချန်သည် ပိုင်ရှိုးမင်၏ အင်္ကျီလက်ကို ဆုပ်ကိုင်ထားပြီး ပါးစပ်ဟကာ အသက်ရှူရင်း တိုးတိုးလေး ပြောလိုက်၏။ "ပိုင်ရှိုးမင် ... ကျွန်မ ရင်ဘတ်ထဲက နာတယ်"
ပိုင်ရှိုးမင်သည် ခေါင်းမော့ကာ ယဇ်ပုရောဟိတ်ကြီးကို ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်အယောင်များ ယှက်သန်းနေကာ လေသံထဲတွင် မလိုလားမှု အနည်းငယ် ပါဝင်နေလေသည်။ "ယဇ်ပုရောဟိတ်ကြီး"
ယဇ်ပုရောဟိတ်ကြီးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး ပိုင်ရှိုးမင်၏ စိုက်ကြည့်နေမှုအောက်တွင် အားချန်၏ လက်ကောက်ဝတ် ဘယ်ညာနှင့် လည်ပင်းနောက်ဘက်ကို ခဏမျှ ဖွဖွလေး ဖိနှိပ်ပေးလိုက်ရာ အားချန်သည် တစ်ဖက်လူ၏ ကိုယ်ပေါ်မှ သစ်ပင်ပန်းမန်တို့၏ ခါးသက်သက်အနံ့ကို ရလိုက်ပြီး စိတ်ခံစားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
အားချန်က သက်သာသွားသည်ကို တွေ့လိုက်ရမှ ပိုင်ရှိုးမင်က မေးလိုက်၏။ "သူ ဘာဖြစ်သွားတာလဲ"
ယဇ်ပုရောဟိတ်ကြီးသည် နှစ်သိမ့်သကဲ့သို့ အားချန်ကို ပြုံးပြလိုက်ပြီး သူမ၏ နူးညံ့သော ဆံနွယ်များကို ပွတ်သပ်ကာ ပြောလိုက်လေသည်။ "ဘာမှ ကိစ္စမကြီးပါဘူး။ အားချန်က ကိုယ်ခံအားနည်းတော့ ယဇ်ပလ္လင်ထဲက ကျန်နေတဲ့ မိစ္ဆာကြီးရဲ့ အငွေ့အသက်တွေကြောင့် စိတ်ကို ထိခိုက်သွားတာပါ။ ခဏလောက် အနားယူလိုက်ရင် သက်သာသွားမှာပါ"
ယဇ်ပုရောဟိတ်ကြီး၏ ရှင်းပြချက်ကြောင့် အားချန် ပြသခဲ့သော ထူးခြားမှုသည် ပိုပြီး သဘာဝကျသွားလေသည်။
ပိုင်ရှိုးမင်သည် တစ်ဖက်လူ၏ စကားကို သံသယမဝင်ခဲ့ပေ။ သူသည် အားချန်ကို ကြည့်ကာ လေသံတိုးတိုးဖြင့် သူမကို ချော့မော့လိုက်၏။ "ကိုယ် မင်းကို အရင်ဆုံး အပြင်ပြန်ပို့ပေးမယ်နော် ဟုတ်ပြီးလား"
အားချန်က ခေါင်းခါပြလိုက်သည်။ "ကျွန်မ ဒီနေရာမှာပဲ နေခဲ့ချင်တယ်"
"စကားနားထောင်လေ"
အားချန်သည် ခေါင်းကိုသာ ဆက်ခါနေပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ သူမ၏ မျက်တောင်များမှာ စိုစွတ်နေဆဲဖြစ်ပြီး မျက်ဝန်းအိမ်များ နီရဲနေကာ သူ့ကို တောင်းပန်တိုးလျှိုးစွာ ကြည့်နေသည့် အကြည့်များမှာ နူးညံ့ပြီး ဝမ်းနည်းဖွယ် ကောင်းလှ၏။
သည်လို အကြည့်များအောက်တွင် သူမ မည်သည်ကိုပင် လုပ်ချင်သည်ဖြစ်စေ ပိုင်ရှိုးမင်သည် ငြင်းဆန်ရက်မည် မဟုတ်ချေ။
နောက်ဆုံးတွင် သူသည် အလျှော့ပေးလိုက်ရတော့သည်။ "ကောင်းပါပြီ။ မင်း ဒီနေရာမှာ နေခဲ့လို့ရတယ်။ တကယ်လို့ နေလို့မကောင်းတာ ရှိရင် ကိုယ့်ကို သေချာပေါက် ပြောရမယ်နော်"
"ကောင်းပါပြီ" အားချန်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ပိုင်ရှိုးမင်၏ အာရုံစိုက်မှုအားလုံး အားချန်အပေါ်သို့ ရောက်နေချိန်တွင် ထိုကြီးမားသော အရိုးစုပုံရိပ်ယောင်သည် တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင် ယဇ်ပလ္လင်အလယ်၌သာ မျောလွင့်ကာ ပေါ်နေလေသည်။
ယဇ်ပုရောဟိတ်ကြီးသည် ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "အခု ရှီးကျင်ကို ပူဇော်ကန်တော့လို့ ရပါပြီ။ အားချန်ကို ကျွန်မဆီ ပေးလိုက်ပါ"
ပိုင်ရှိုးမင်သည် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် လက်ကို လွှတ်ပေးလိုက်ပြီး ယဇ်ပုရောဟိတ်ကြီးကို အားချန်အား တွဲူထူခိုင်းလိုက်သည်။
ယဇ်ပုရောဟိတ်ကြီးသည် အားချန်၏ သွယ်လျသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ လက်သည် အနည်းငယ် ကြမ်းတမ်းသော်လည်း အလွန် နွေးထွေးလေသည်။
ပိုင်ရှိုးမင်က ရှေ့သို့တိုးသွားပြီး ယဇ်ပလ္လင်အစွန်းသို့ ရောက်သောအခါ သေရည်အိုးတစ်လုံးနှင့် သေရည်ခွက်နှစ်ခွက်ကို ထုတ်ယူလိုက်လေသည်။
သေရည်ခွက်များကို မြေကြီးပေါ်တွင် ဘယ်တစ်လုံး ညာတစ်လုံး ချထားလိုက်ပြီး သူသည် သေရည်အိုးကို ကိုင်ကာ အတွင်းမှ သေရည်များကို လောင်းထည့်လိုက်ရာ သေရည်ခွက်များ ပြည့်သွားပြီး ပြင်းရှသော သေရည်နံ့များ ပျံ့လွင့်လာလေသည်။
ပိုင်ရှိုးမင်သည် ညာဘက်မှ သေရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး လက်ထဲမှ ခွက်ကို အနည်းငယ် စောင်းငှဲ့လိုက်ရာ သေရည်များသည် မြေကြီးပေါ်သို့ ဖိတ်စင်ကျသွားလေသည်။
"ကျွန်တော်မျိုး ပိုင်ရှိုးမင်က ဖခင် ပိုင်ယွီ ကိုယ်စား အကြီးအကဲကို လာရောက် ပို့ဆောင်ပေးတာပါ"
သူသည် သေရည်သုံးခွက် ဂါရဝပြုပြီးမှ လက်ကျန်မရှိတော့သော သေရည်ခွက်ကို မူလနေရာသို့ ပြန်ထားလိုက်သည်။ အခြားတစ်ဖက်မှ သေရည်ခွက်ထဲတွင် သေရည်များသည် ကောင်းကင်ယံကို ထင်ဟပ်လျက် ငြိမ့်ညောင်းစွာ လှုပ်ခါနေလေသည်။
အားချန်သည် ပိုင်ရှိုးမင်၏ ကျောပြင်ကို စိုက်ကြည့်နေမိ၏။ ပိုင်ရှိုးမင်က မင်ဝမ် ကိုယ်စား မိတ်ဆွေတစ်ဦးကို လာရောက်ပူဇော်သည်ဟု သူမ စောစောစီးစီးကတည်းက သိထားသော်လည်း မင်ဝမ်၏ မိတ်ဆွေသည် သူမနှင့် ပတ်သက်နေလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။
တကယ်တော့ ထိုနေ့က ရှန့်ကျင်းတွင် လူတိုင်းပြောနေကြသော ညတစ်ဝက်ကျော်ကြာ ထစ်ချုန်းခဲ့သည့် မိုးခြိမ်းသံများသည် အဖေ့ကြောင့်ဖြစ်ပြီး သူမနှင့် မသက်ဆိုင်ဟု ထင်မှတ်ခဲ့သော ကြွေလွင့်သွားသည့် အဆင့်၅ နယ်ပယ်ပညာရှင်မှာ အဖေ ဖြစ်နေခဲ့သည်။
ထိုအချိန်က သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သဖြင့် ဘာကိုမျှ မကြားခဲ့ရပေ။
သူမနှင့် အဖေသည် တကယ်ပဲ သားအဖရေစက် မပါခဲ့ဘူးလားဟု အားချန် မနေနိုင်ဘဲ တွေးမိတော့သည်။ သူ ကွယ်လွန်သွားချိန်တွင် သူမနဲ့ အားမန်ကို သတိရခဲ့သေးရဲ့လား။ သူ့သတင်းကို သူ့သမီးတွေကို ပြောပြဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူးလား။
ဟုတ်မှာပါ။ တကယ်လို့ သူမကိုယ်တိုင် လာမရှာခဲ့ရင် ဒီသတင်းကို ဘယ်တော့မှ သိရတော့မှာ မဟုတ်ဘူး။
တကယ်လို့ အဖေက မရှိတော့ဘူးဆိုရင် အမေကရော ... သူ ရှိသေးရဲ့လား။
အားချန်သည် သူမ၏ အတွေးများထဲတွင် နစ်မြောနေခဲ့ပြီး ပိုင်ရှိုးမင်က ရိုးရှင်းသော ပူဇော်ပသမှုကို အဆုံးသတ်ကာ သူမထံသို့ လျှောက်လာချိန်ကျမှ သူမ၏ မျက်လုံးများထဲတွင် သက်ဝင်လှုပ်ရှားမှု အနည်းငယ် ပေါ်ထွက်လာလေသည်။
ပိုင်ရှိုးမင်သည် ယဇ်ပုရောဟိတ်ကြီး၏ လက်ထဲမှ အားချန်ကို ပြန်လည်လွှဲပြောင်းယူလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် သူမကို ပွေ့ချီလိုက်ကာ သူ့လက်မောင်းပေါ်တွင် ထိုင်ခိုင်းလိုက်လေသည်။
အားချန်သည် သူ့လည်ပင်းကို သိုင်းဖက်ထားပြီး ယဇ်ပလ္လင်ရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
ထိုအရိုးစုပုံရိပ်ယောင်သည် အလွန် မှိန်ဖျော့သွားပြီဖြစ်ကာ မကြာမီတွင် မြေကြီးအောက်၌ နောက်တစ်ကြိမ် နက်ရှိုင်းစွာ မြှုပ်နှံခံရတော့မည်ဖြစ်ပြီး နေရောင်ကို မြင်တွေ့ရတော့မည် မဟုတ်ပေ။
"ငါတို့ ပြန်ကြမလား" ပိုင်ရှိုးမင်သည် ခေါင်းကို အနည်းငယ်မော့ကာ အားချန်ကို ကြည့်လိုက်၏။
အားချန်သည် သံယောဇဉ်မပြတ်နိုင်သော အကြည့်များကို ပုံရိပ်ယောင်ထံမှ ရုပ်သိမ်းလိုက်သည်။ ယဇ်ပုရောဟိတ်ကြီးက ရှေ့မှလျှောက်ပြီး ပိုင်ရှိုးမင်က သူမကို ပွေ့ချီလျက် နောက်မှ လိုက်ပါလာခဲ့သည်။
အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း အားချန်သည် နောက်လှည့်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေရလေသည်။
ထိုနေရာတွင် စောစောက အရိုးစုပုံရိပ်ယောင်ကို မမြင်ရတော့ဘဲ ခြောက်သွေ့ဆွေးမြေ့နေသော ဟာလာဟင်းလင်း ဖြစ်နေသည့် ယဇ်ပလ္လင်သာ ကျန်ရစ်တော့သည်။
ထိုနေရာတွင် လွန်လေပြီးသော အချိန်ကာလများကို မြှုပ်နှံထားလေသည်။
အပြန်လမ်းခရီးတွင် အားချန်သည် ညှိုးငယ်နေပြီး စိတ်အားထက်သန်မှု မရှိတော့ချေ။
သူမသည် ပိုင်ရှိုးမင်၏ ရင်ခွင်ထဲတွင် မှီနေပြီး လှုပ်ခါမှုများကြားတွင် အိပ်ပျော်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူမသည် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ပြီး နိုးလာသောအခါ မနေ့က အနားယူခဲ့သော အခန်းထဲတွင် မဟုတ်ဘဲ ဝိုင်းစက်သော သစ်သားကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ဘေးပတ်လည်တွင် တွဲကျနေသော ခြင်ထောင်များသည် ဝူမျိုးနွယ် ၏ ဟန်ပန်ကို ထင်ရှားစွာ ပြသနေလေသည်။
သူမသည် ကုတင်ပေါ်မှ ထထိုင်လိုက်ရာ ခန္ဓာကိုယ်အောက်တွင် ခင်းထားသည်မှာ အနက်ရောင် သားရေဖြစ်ပြီး ယခင်က ယဇ်ပုရောဟိတ်ကြီးထံတွင် တွေ့ခဲ့သည်နှင့် အတူတူပင် ဖြစ်ကြောင်း သတိထားမိလိုက်သည်။
"မင်း နိုးပြီလား" အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခြေသံများလည်း ထွက်ပေါ်လာခဲ့သည်။
ယဇ်ပုရောဟိတ်ကြီးသည် အောက်ထပ်မှ လျှောက်တက်လာပြီး လက်ထဲတွင် ဆေးရည်တစ်ခွက်ကို ကိုင်ဆောင်ထားလေသည်။
သူမသည် ကုတင်ဘေးသို့ လျှောက်လာပြီး ဆေးရည်ကို အားချန်လက်ထဲသို့ ထည့်ပေးလိုက်၏။ "မင်းရဲ့ စိတ်ခံစားချက် အတက်အကျက အရမ်းများနေတယ်။ အဲဒါက ခန္ဓာကိုယ်အတွက် မကောင်းဘူး။ ဒါက စိတ်ငြိမ်ဆေးရည်ပဲ။ ပူတုန်းလေး သောက်လိုက်"
အားချန်က ဆေးခွက်ကို လှမ်းယူလိုက်၏။ ဆေးရည်သည် ခဏလောက် အအေးခံထားပုံရပြီး အပူချိန်မှာ အနေတော်လေး ဖြစ်နေသည်။ သူမသည် ခေါင်းမော့ကာ အသက်အောင့်ထားပြီး ဆေးရည်တစ်ခွက်လုံးကို သောက်ချလိုက်သည်။
ဆေးသောက်ပြီးနောက် ပန်းကန်လုံးကို ယဇ်ပုရောဟိတ်ကြီးထံ ပြန်ပေးလိုက်သည်တွင် အစိမ်းရောင် အသီးတစ်လုံးနှင့် ပြန်လည် လဲလှယ်ရရှိလိုက်သည်။
ယဇ်ပုရောဟိတ်ကြီးက သူမကို ပြောလိုက်၏။ "ငါတို့ ဝူမျိုးနွယ် က ကလေးတွေ နေမကောင်းဖြစ်တိုင်း အိမ်က လူကြီးတွေက အသီးတွေ ရှာပြီး ကျွေးလေ့ရှိတယ်။ မြန်မြန် မြည်းကြည့်လိုက်ပါဦး။ အရမ်း ချိုတယ်"
အားချန်သည် အသီးကို ယူလိုက်ပြီး တစ်ကိုက် ကိုက်ကြည့်လိုက်သည်တွင် အမှန်တကယ်ပင် ချိုမြိန်နေလေသည်။
အသီးသည် မကြီးသဖြင့် တစ်ကိုက် နှစ်ကိုက်လေး ကိုက်ရုံဖြင့် ကုန်သွားပြီး ပါးစပ်ထဲမှ ဆေးရည်၏ ခါးသက်သက် အရသာလည်း ပျောက်ကွယ်သွားလေသည်။
ထိုအချိန်ကျမှ အားချန်က မေးလိုက်၏။ "ယဇ်ပုရောဟိတ်ကြီး ... ပိုင်ရှိုးမင်ရော"
ယဇ်ပုရောဟိတ်ကြီးက ပြုံးလိုက်သည်။ "ပြန်လာတဲ့လမ်းမှာ မင်းကြည့်ရတာ သိပ်နေလို့မကောင်းဘူးဆိုပြီး သူက မင်းကို ငါ့ဆီ ပွေ့ချီလာခဲ့တာ။ အစက မင်းဘေးနားမှာ တောက်လျှောက် စောင့်နေခဲ့တာပဲ။ ငါက သူ မျက်စိနောက်စရာ ကောင်းတယ်ဆိုပြီး လျဲ့ကျန်း ကို ခေါ်ခိုင်းပြီး ယဇ်ပလ္လင် ပြင်ဆင်တဲ့နေရာမှာ သွားကူခိုင်းလိုက်ပြီ"
ပိုင်ရှိုးမင်သည် အစက အားချန်အနားမှ မခွာချင်သော်လည်း ယဇ်ပုရောဟိတ်ကြီးက အားချန်အတွက် ဆုတောင်းပေးရမည်ဖြစ်ပြီး လူများကို အနှောင့်အယှက် ပေးခွင့်မပြုနိုင်ကြောင်း၊ ဆုတောင်းပြီးပါက အားချန်၏ ကျန်းမာရေးသည် ယခင်ကထက် ပိုကောင်းလာမည်ဖြစ်ကြောင်း ပြောလိုက်သည်။
သူသည် အစကတည်းက အားချန်၏ ကျန်းမာရေးကို အမြဲဂရုစိုက်ခဲ့ပြီး မကြာသေးမီက ကောင်းမွန်လာသည်ကို တွေ့ရသော်လည်း ယနေ့ သူမ၏ ပုံစံက သူ့ကို စိုးရိမ်စေခဲ့သည်။
ဝူမျိုးနွယ်၏ နည်းလမ်းများစွာသည် ဆန်းကြယ်သော်လည်း အလွန်ထိရောက်မှု ရှိလေသည်။ အားချန်၏ ကျန်းမာရေးကို တကယ်ပဲ ကောင်းမွန်လာစေနိုင်သည်ဟု ဆိုသဖြင့် သူလည်း သဘောတူလိုက်ရတော့သည်။
အားချန်သည် လူတစ်ယောက်က ပိုင်ရှိုးမင်ကို မျက်စိနောက်စရာ ကောင်းသည်ဟု ပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်နေသည်။ တကယ်ကို ရှင်းရှင်းလင်းလင်းကြီး ရွံရှာနေတာပဲ။
ပိုင်ရှိုးမင် မရှိတော့သဖြင့် အားချန်သည် နောက်ဆုံးတွင် စိတ်ထဲရှိ သံသယကို ထုတ်မေးလိုက်တော့သည်။ "ယဇ်ပုရောဟိတ်ကြီး ... ရှင် ကျွန်မကို အစောကြီးကတည်းက သိနေတာလား"
သူမသည် မနေ့က ယဇ်ပုရောဟိတ်ကြီးနှင့် တွေ့ဆုံစဉ်က သူမနာမည် ကျိချန် ဟု ပြောခဲ့သော်လည်း ယဇ်ပုရောဟိတ်ကြီးက ကျိချန် ဆိုသည့် နာမည်ကောင်းသည်ဟု မပြောဘဲ အားချန် ဆိုသည့် နာမည်က ကောင်းသည်ဟု ပြောခဲ့သည်ကို မှတ်မိနေသေးသည်။
ပြီးတော့ ဒီနေ့ ယဇ်ပလ္လင်နားမှာ သူမကိုယ်စား ပိုင်ရှိုးမင်ကို လှည့်ဖြားပေးခဲ့ပြီး သူမ စိတ်ထိန်းမရ ဖြစ်သွားခဲ့သည့် ကိစ္စကို ဖုံးဖိပေးခဲ့သေးသည်။
အားချန်သည် သူမ၏ ခံစားချက် မမှားယွင်းကြောင်း ထင်မြင်မိသည်။ ယဇ်ပုရောဟိတ်ကြီးသည် သူမနှင့် ရင်ဆိုင်ရသည့်အခါ အခြားသူများထက် ပိုပြီး နူးညံ့သိမ်မွေ့လေသည်။
ယဇ်ပုရောဟိတ်ကြီးက ပြုံးလိုက်၏။ "ဟုတ်တယ်။ ဟိုးအရင်ကတည်းက မင်းနဲ့ အားမန် ရဲ့ နာမည်ကို ငါ သိခဲ့ပါတယ်"
အားချန်၏ မျက်ဝန်းအိမ်များသည် ချက်ချင်း စိုစွတ်သွားတော့သည်။ "အဖေက ရှင့်ကို ပြောပြခဲ့တာလား"
မျက်စိရှေ့က လူသည် သူမ၏ အဖေ အရိုးမြှုပ်နှံရာနေရာကို သိရှိနေသဖြင့် အဖေနှင့် အမေကို သိကျွမ်းလိမ့်မည် မဟုတ်ပါလား။
ယဇ်ပုရောဟိတ်ကြီးသည် အတိတ်ကို ပြန်ပြောင်းသတိရနေပုံရပြီး အသံမှာ ပေါ့ပါးနေလေသည်။ "မင်းအဖေက ငါတို့ကို အမြဲပြောလေ့ရှိတယ်။ သူ့မှာ လိမ္မာပြီး ချစ်ဖို့ကောင်းတဲ့ သမီးနှစ်ယောက် ရှိတယ်တဲ့။ သမီးကြီးက သူ့နဲ့ ပိုတူပြီး အားချန် လို့ ခေါ်တယ်တဲ့။ ပြီးတော့ သူ့သမီးတွေ ကြီးလာရင် ဒီလောကမှာ အလှပဆုံး မြေခွေးလေးတွေ ဖြစ်လာမှာတဲ့"
အားချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေပြီး အသံထဲတွင် ရှိုက်သံများ ပါဝင်နေသည်။ "ဒါပေမဲ့ ကျွန်မက အခု မြေခွေး မဟုတ်တော့ဘူးလေ။ ရှင်က ဘာလို့ ကျွန်မကို ရှာတွေ့နိုင်သေးတာလဲ"
သူမသည် ဟွေရွှယ် ၏ စာကို သတိရလိုက်သည်။ ထိုစာသည်လည်း သူမကိုယ်ထဲက သံကြိုးပြတ်ပြီး နှစ်ရက်မကြာမီမှာပင် သူမလက်ထဲသို့ ရောက်ရှိလာခဲ့သည်။ သူမသည် ယဇ်ပုရောဟိတ်ကြီးထံတွင် အရိုးစာရွက်ကို မြင်တွေ့ခဲ့ဖူးသည်။ ဟွေရွှယ်သာ သူမကို စာရေးလျှင် ဤကဲ့သို့ ထူးခြားသော ပစ္စည်းဖြင့် ပြုလုပ်ထားသည့် စာရွက်ကို အသုံးပြုလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဟွေရွှယ်၏ စာသည် ယဇ်ပုရောဟိတ်ကြီး၏ တိုက်တွန်းမှုအောက်တွင် ရေးသားခဲ့ခြင်း ဖြစ်နိုင်ပြီး ထူးခြားသော နည်းလမ်းကို အသုံးပြုခဲ့သဖြင့် သူမလက်ထဲသို့ အချိန်မီ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။
"မင်းကို ကျွန်မ ရှာတွေ့တာ မဟုတ်ပါဘူး။ မင်းအဖေက မင်းကို ရှာတွေ့ခဲ့တာပါ" ယဇ်ပုရောဟိတ်ကြီးသည် အားချန်၏ ကျောကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ "မင်း တစ်ခါမှ မစဉ်းစားမိဘူးလား။ ယဇ်ပလ္လင်က အဲဒီနေရာမှာ ရှိနေတာ နှစ်ပေါင်းရာချီနေပြီ။ ဘာဖြစ်လို့ ရုတ်တရက် မင်းအဖေရဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာရတာလဲ ဆိုတာကိုလေ"
အားချန်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ထိုနေ့က စိတ်အာရုံထဲတွင် သူမ၏ ဝိညာဉ်ကို ချည်နှောင်ထားသော သံကြိုးခြောက်ချောင်း လုံးဝ ပြတ်တောက်သွားခဲ့သည်။
သူမသည် ဘာမှ မဖြစ်ခဲ့ဘူးဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတော့ မဟုတ်ခဲ့ပေ။
"မင်းအဖေက မင်း လာရှာမယ်ဆိုတာ သိနေတယ်။ သူက မင်းအတွက် ပစ္စည်းတစ်ခု ချန်ထားခဲ့ပြီး မင်းလာယူမှာကို စောင့်နေခဲ့တာ"
"ဘာပစ္စည်းလဲ"
ယဇ်ပုရောဟိတ်ကြီးက ခေါင်းခါလိုက်သည်။ "ငါလည်း မသိဘူး။ ဒါပေမဲ့ အဲဒီပစ္စည်းက ယဇ်ပလ္လင်အောက်မှာ ရှိနေတုန်းပဲ။ မင်းတစ်ယောက်တည်းပဲ ယူလို့ရမှာ"
အားချန်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။ "ကျွန်မတို့ ဘယ်အချိန် သွားယူကြမလဲ"
သူမ သိချင်လှပြီ။ အဖေက သူမအတွက် တကယ်တမ်း ဘာများ ချန်ထားခဲ့သနည်း။
"အခု သွားလို့ရပြီ"
အားချန်သည် ချက်ချင်း ကုတင်ပေါ်မှ ဆင်းကာ အပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်သော်လည်း လက်ကောက်ဝတ် အဆွဲခံလိုက်ရပြီး ယဇ်ပုရောဟိတ်ကြီးက သူမကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
သုံးထပ်မြောက် အခန်းလွတ်သည် ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။ မြေပြင်ပေါ်တွင် ရှုပ်ထွေးသော အစီအရင်များကို ဝူအမှတ်အသားများဖြင့် ရေးဆွဲထားပြီး ပတ်လည်နံရံများတွင် အရွယ်အစားနှင့် အရောင်အမျိုးမျိုးရှိသော ကျောက်တုံးများ မြှုပ်နှံထားလေသည်။ အားချန် စိတ်ထဲတွင် ခန့်မှန်းမိလိုက်ပြီး မေးလိုက်၏။ "ဒါက ဝူမျိုးနွယ် ရဲ့ အစီအရင်လား"
ယဇ်ပုရောဟိတ်ကြီးက ခေါင်းညိတ်ပြလိုက်သည်။ "ဒါက နေရာရွှေ့ပြောင်းတဲ့ အစီအရင်ပဲ။ တို့တွေ မြန်မြန်သွားပြီး မြန်မြန်ပြန်လာကြမယ်။ ဟိုကောင်လေး မသိစေနဲ့"
"ကောင်းပါပြီ" အားချန်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးရိပ်အနည်းငယ် ပေါ်ထွက်လာသည်။
ယဇ်ပုရောဟိတ်ကြီးသည် အားချန်၏ လက်ကို ဆုပ်ကိုင်ထားပြီး နှစ်ယောက်သား အစီအရင်အလယ်တွင် ရပ်လိုက်ကြသည်။ ယဇ်ပုရောဟိတ်ကြီး၏ ရွတ်ဖတ်သံနှင့်အတူ မကြာမီ ထိုကျောက်တုံးများမှ နူးညံ့သော အလင်းရောင်များ ထွက်ပေါ်လာပြီး သူမတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမတို့သည် ယဇ်ပလ္လင်ရှိရာ တောအုပ်သို့ ပြန်လည် ရောက်ရှိလာကြသည်။
နှစ်ယောက်သား ယဇ်ပလ္လင်ဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားကြပြီး ယဇ်ပလ္လင်ဘေးသို့ ရောက်သောအခါ ယဇ်ပုရောဟိတ်ကြီးက သူမကို ပြောလိုက်လေသည်။ "ယဇ်ပလ္လင်ထဲမှာ ရပ်ပြီး မင်းအဖေကို ခေါ်လိုက်"
အားချန်သည် ရှုပ်ထွေးသော အဆင့်များ ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပြီး ဤမျှ ရိုးရှင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီလောက်ပဲလား" သူမက ထပ်မံ အတည်ပြုလိုက်သည်။
"ဒါဆို လုံလောက်ပါပြီ။ ကျွန်မကို ယုံပါ။ ခန္ဓာကိုယ် ပြောင်းလဲသွားရင်တောင် မင်းအဖေက မင်းကို မှတ်မိနေဦးမှာပါ"
အားချန်သည် ယဇ်ပလ္လင်အလယ်သို့ လျှောက်သွားပြီး တိုးတိုးလေး ခေါ်လိုက်၏။ "အဖေ"
ထို့နောက် နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ "အဖေ ..."
အဖေဟု တစ်ခွန်းပြီး တစ်ခွန်း ခေါ်လိုက်တိုင်း စိတ်ထဲရှိ ဝမ်းနည်းမှုများစွာသည် ထိုခေါ်သံများနှင့်အတူ ပေါက်ကွဲထွက်ကျလာသကဲ့သို့ပင်။
ဝုန်းခနဲ အသံတစ်သံနှင့်အတူ ယဇ်ပလ္လင်ထဲမှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအလင်းတန်း တဖြည်းဖြည်း ငြိမ်းသွားချိန်တွင် ဝိုင်းစက်နေသော ရွှေရောင်ပုလဲလုံးလေး တစ်လုံးသည် အားချန်၏ ရှေ့တွင် လွင့်မျောနေလေသည်။
ဒါက အမြုတေ ပဲ။
အဖေက သူ့ရဲ့ အမြုတေ ကို သူမအတွက် ချန်ထားပေးခဲ့တာပဲ။
...