← Chapters

ရှန်းဟွေရွှယ်သည် အားချန်ကိုခေါ်ပြီး ...

Vol. 18 Ch. 175

ရှန်းဟွေရွှယ်သည် အားချန်ကိုခေါ်ပြီး ...

Vol. 18 Ch. 175

ရှန်းဟွေရွှယ်သည် အားချန်ကိုခေါ်ပြီး လျဲ့ရှန့်အိမ်သို့ ရောက်ရှိလာ၏။ သူတို့နှစ်ယောက် မဟာယဇ်ပုရောဟိတ်ကြီးဆီကနေ ပြန်လာကြောင်း ကြားလိုက်ရသည်တွင် လျဲ့ရှန့်သည် သူတို့ကို သူ၏အိမ်နောက်ဘက်က လွတ်နေသောခြံဝင်းဆီသို့ တိုက်ရိုက် ခေါ်သွားပေးလေသည်။

သူက အားချန်ကို မိတ်ဆက်ပေးလိုက်၏။ "ဒီနေရာက အစက ကျွန်တော့်ဦးလေးရဲ့အိမ်ပါ။ သူ အိမ်ထောင်ကျသွားပြီးကတည်းက အဒေါ်အိမ်မှာပဲ သွားနေလိုက်တော့ ဒီနေရာက ဟာလာဟင်းလင်း ဖြစ်နေတာ။ အားချန်တို့နှစ်ယောက် ဒီနေရာမှာ စိတ်ချလက်ချ နေလို့ရပါတယ်"

ပြောပြီးသည်နှင့် သူက တံခါးကိုတွန်းဖွင့်လိုက်ပြီး အားချန်တို့ကို အထဲသို့ဝင်ကြည့်ရန် ဖိတ်ခေါ်လိုက်လေသည်။

အခန်းထဲတွင် ပရိဘောဂ အပိုအလိုများ မရှိသော်ငြား သန့်ရှင်းသပ်ရပ်နေပြီး လူတစ်ယောက်ယောက်က ပုံမှန်လာရောက် သန့်ရှင်းရေး လုပ်ပေးထားပုံရသည်။ ကန္တာရလွင်ပြင်တွင် ဒီလိုအနားယူစရာ နေရာမျိုးရှိနေတာနဲ့တင် အားချန်က ကျေနပ်နေပြီ ဖြစ်သည်။

သူမက လျဲ့ရှန့်ကို ကျေးဇူးတင်စကား ပြောလိုက်၏။ "ဒီနေရာက တော်တော်လေး ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ် ကိုကြီးလျဲ့ရှန့်"

"အားချန် အနေနဲ့ ကိုကြီးကို အားနာစရာ မလိုပါဘူး။ ခဏနေ ပိုင်အစ်ကိုကြီး ပြန်လာရင် ကိုကြီးအိမ်မှာ ထမင်းလာစားကြနော်။ ဟွေရွှယ် ညီမလည်း လာခဲ့ဦး"

"သိပါပြီ။ အချိန်မှန် ရောက်လာခဲ့ပါ့မယ်" ရှန်းဟွေရွှယ်ကတော့ လျဲ့ရှန့်ကို နည်းနည်းလေးမှ အားနာဟန် မပြခဲ့ချေ။

ပိုင်ရှိုးမင်သည် မဟာယဇ်ပုရောဟိတ်ကြီး ဆီတွင် အချိန်အကြာကြီး မနေခဲ့ဘဲ အားချန်၏ အငွေ့အသက်ကို ခြေရာခံကာ လိုက်လာခဲ့၏။

သူသည် တံခါးဖွင့်ပြီး အခန်းထဲသို့ ဝင်လာသည်တွင် ရှန်းဟွေရွှယ်က အားချန်ကို အိပ်ရာခင်းပေးနေသည်ကို မြင်လိုက်ရသဖြင့် ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားသည်။

တံခါးဖွင့်သံ ကြားလိုက်ရသည်တွင် လူနှစ်ယောက်က တစ်ပြိုင်နက် ခေါင်းလှည့်ကြည့်လိုက်ကြပြီး ရှန်းဟွေရွှယ်က ထရပ်ကာ ပိုင်ရှိုးမင်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။ "ပိုင်လူကြီးမင်း ရှင့်အခန်းက ဘေးမှာပါ"

ပိုင်ရှိုးမင်သည် မျက်ခုံးပင့်လိုက်ပြီး အားချန်ကို လှမ်းကြည့်လိုက်၏။

အားချန်ကလည်း အလိုက်တသိ ခေါင်းငြိမ့်ပြလိုက်ပြီး ဟန်ဆောင်ကာ ယဉ်ကျေးပြလိုက်လေသည်။ "ဟုတ်တယ် ဘေးခန်းမှာ။ ကျွန်မ ရှင့်ကို အိပ်ရာသွားခင်းပေးရဦးမလား"

"ကောင်းသားပဲ"

သူက သဘောတူလိမ့်မည်ဟု ထင်မထားမိခဲ့သဖြင့် အားချန်သည် မိမိစကားအတွက် တာဝန်ယူရတော့သည်။ ရှန်းဟွေရွှယ်ကို နှုတ်ဆက်လိုက်ပြီး သိပ်ပြီးမသွားချင်သည့် ပုံစံဖြင့် ပိုင်ရှိုးမင်နောက်မှ လိုက်ကာ ဘေးအခန်းသို့ သွားလိုက်လေသည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် ပိုင်ရှိုးမင်၏ အသံသည် သူမအနောက်မှ ထွက်ပေါ်လာခဲ့၏။ "ကိုယ်နဲ့ အတူတူ မအိပ်တော့ဘူးလား"

"ဒီမှာ အခန်းတွေ အများကြီးပဲဟာ။ အလကား မဖြစ်စေနဲ့လေ"

"ကောင်းပြီလေ။ မင်းသဘောအတိုင်းပဲ"

ပိုင်ရှိုးမင်ကလည်း အတင်းအကြပ် မတောင်းဆိုတော့ချေ။ သူမနှင့် အတူတူအိပ်လျှင် အိပ်စက်ခြင်း အရည်အသွေးက သိပ်မကောင်းလှသည်ကို သိနေ၍ပင်။

အားချန်သည် အကူအညီ လာပေးသည်ဟု ဆိုသော်ငြား လက်တွေ့တွင်တော့ ပိုင်ရှိုးမင်ကသာ အလုပ်လုပ်နေရပြီး သူမက ဘေးကနေ ရပ်ကြည့်နေရလေသည်။

အိပ်ရာခင်းပြီး မကြာခင်မှာပင် ခြံဝင်းအပြင်ဘက်မှ လျဲ့ရှန့်၏ အော်ခေါ်သံ ထွက်ပေါ်လာခဲ့၏။ "အားချန် ပိုင်အစ်ကိုကြီး ပြန်ရောက်ပြီလား"

အားချန်သည် အခန်းအပြင်ဘက်သို့ အပြေးထွက်သွားပြီး ပြန်ဖြေလိုက်လေသည်။ "ပြန်ရောက်နေပါပြီ"

"ကိုကြီးအိမ်မှာ ထမင်းဟင်းတွေ ပြင်ဆင်ပြီးသွားပြီ။ ထမင်းလာစားကြတော့"

"အခုပဲ လာခဲ့ပါမယ်"

အားချန်သည် ပြန်လှည့်လာပြီး ပိုင်ရှိုးမင်ကို လှမ်းခေါ်လိုက်လေသည်။ "သွားကြစို့။ ကိုကြီးလျဲ့ရှန့်အိမ်မှာ ထမင်းသွားစားကြမယ်"

လျဲ့ရှန့်နှင့် လျဲ့ရှင်းတို့သည် အိမ်ထောင်မကျသေးသဖြင့် သူတို့မိဘများနှင့် ညီမလေးနှစ်ယောက်နှင့် အတူတူနေထိုင်ကြရာ မိသားစုက အလွန် စည်ကားလှသည်။

အားချန်တို့ ဝင်လာသည့်အချိန်တွင် လျဲ့ရှန့်၏ အမေဖြစ်သူက ပြောင်းဖူးကိတ်မုန့် ပန်းကန်ပြားကြီးကို ကိုင်ကာ အခန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရ၏။ သူတို့ကို မြင်လိုက်ရသည်နှင့် တိုက်ရိုက် လှမ်းခေါ်လိုက်လေသည်။ "ထမင်းစားကြမယ်။ မြန်မြန် ဝင်ထိုင်ကြ"

အားချန် မလာခင်ကပင် လျဲ့ရှန့်သည် သူ၏မိဘများကို မိတ်ဆက်ပေးထားပြီးသည်မှာ သိသာလေသည်။ လူတိုင်းက သိပ်ပြီးယဉ်ကျေးမနေကြတော့ဘဲ စားပွဲဝိုင်းတွင် ၀င်ထိုင်လိုက်ကြတော့သည်။

ဝူမျိုးနွယ်၏ အစားအစာများသည် သာ့ရှပြည်လောက် မနုညက်သော်ငြား ထူးခြားသည့် အရသာ ရှိလေသည်။ ထို့အပြင် လျဲ့ရှန့်၏ အဖေဖြစ်သူ လျဲ့ကျန်းသည် လူကို ချီးကျူးရာတွင် အလွန်တော်လေသည်။ နှစ်လုပ်လောက် စားလိုက်လျှင် ချီးကျူးစကား အနည်းငယ် ပြောတတ်ပြီး အားချန်နှင့် ရှန်းဟွေရွှယ်တို့၏ ဆက်ဆံခံရမှုသည် လျဲ့ရှန့်၏ ညီမလေးနှစ်ယောက်နှင့် တန်းတူပင် ဖြစ်လေသည်။ ပုံမှန် အစားရွေးတတ်သည့် အားချန်သည်ပင် မြှောက်ပင့်ခံရသဖြင့် ခေါင်းမူးသွားပြီး ဗိုက်ကားထွက်လာသည်အထိ စားသောက်လိုက်မိလေသည်။

ထမင်းစားပြီးသွားသည့် အခါတွင် လျဲ့ကျန်းသည် အားချန်နှင့် ဒီရက်ပိုင်း အိမ်တွင်သာ ထမင်းလာစားရန် ချိန်းဆိုလိုက်သေးသည်။ အားချန်သည် တစ်ဖက်လူ၏ ဖော်ရွေမှုကို မငြင်းဆန်နိုင်သဖြင့် သဘောတူလိုက်ရပြီး လျဲ့ကျန်းက လျဲ့ရှန့်ကို သူတို့အား ပြန်လိုက်ပို့ခိုင်းလိုက်လေသည်။

ထမင်းစားပြီး အပြင်ထွက်လာချိန်တွင် ညနေ ၅နာရီခန့် ရှိနေပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် ဒီအချိန်၌ နေဝင်တော့မည် ဖြစ်သော်ငြား အပြင်ဘက်တွင် နေရောင်ခြည် တောက်ပနေဆဲပင်။

ရှန်းဟွေရွှယ်က လျဲ့ရှန့် လိုက်ပို့သည်ကို လက်မခံဘဲ သူမနှင့် အားချန်တို့ မနက်ဖြန် အတူတူ အပြင်ထွက်လည်ဖို့ ချိန်းဆိုလိုက်ပြီး သူမဘာသာ အိမ်ပြန်သွားလေတော့သည်။

လျဲ့ရှန့်သည် အားချန်နှင့် ပိုင်ရှိုးမင်ကို နေအိမ်သို့ ပြန်ပို့ပေးပြီး ပြန်ထွက်သွားသည့် အချိန်တွင် မူလက လင်းထိန်နေသည့် ကောင်းကင်ကြီးသည် ရုတ်တရက် မည်းမှောင်သွားခဲ့လေသည်။ နေဝင်သွားသည့် ပုံစံမျိုး မှိန်ဖျော့သွားခြင်း မဟုတ်ဘဲ နေ့ဘက်မှ ညဘက်သို့ တိုက်ရိုက် ကူးပြောင်းသွားခြင်း ဖြစ်လေသည်။

နေ့ခင်းဘက်တွင် ခရီးတစ်ဝက်လောက် နှင်လာခဲ့ရပြီး အားချန်သည် ကန္တာရလွင်ပြင်ကို စူးစမ်းချင်စိတ်ဖြင့်သာ တောင့်ခံထားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ မိုးချုပ်သွားပြီ ဖြစ်သဖြင့် သူမသည် ချက်ချင်း အိပ်ချင်လာတော့သည်။

ရေချိုးသန့်စင်ပြီးနောက် အားချန်သည် နူးညံ့သည့် စောင်ထဲသို့ တိုးဝင်လိုက်ပြီး ခဏအကြာမှာပင် ချက်ချင်း အိပ်ပျော်သွားတော့သည်။

ပိုင်ရှိုးမင်သည် သူမကို သွားမနှောင့်ယှက်ခဲ့ချေ။ သူသည် ဘေးအခန်းတွင် စာအုပ် ခဏထိုင်ဖတ်နေပြီး ည ၇နာရီလောက် ရောက်မှ စားပွဲပေါ်က ဆီမီးခွက်ကို ငြှိမ်းသတ်လိုက်ပြီး ကုတင်ပေါ်တွင် လှဲအိပ်လိုက်လေသည်။

အားချန်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ကလေးငိုသံများကြောင့် အိပ်မက်ထဲမှ လန့်နိုးလာခဲ့ရသည်။

သူမက ထထိုင်လိုက်ပြီး နားစွင့်ကြည့်လိုက်ရာ ကလေးတစ်ယောက်တည်း ငိုနေခြင်း မဟုတ်ဘဲ ငိုသံများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကာ နားကွဲလုမတတ်ပင်။

ဒီလို အဆက်မပြတ် ငိုကြွေးနေသည့် အသံသည် ရွာထဲက ကလေးငယ်များ ငိုကြွေးနေခြင်း မဟုတ်ကြောင်း ထင်ရှားနေပြီး အားချန်သည် ရွာအပေါ်ဘက်တွင် ခေါင်းကိုးလုံးငှက်တစ်ကောင် ပျံသန်းနေသည်ဟု သံသယဝင်မိလေသည်။

ဒီနေရာက သာ့ရှပြည် မဟုတ်ဘဲ ထူးဆန်းသည့် သားရဲတိရစ္ဆာန်များကို နေရာအနှံ့ တွေ့မြင်နိုင်သဖြင့် ခေါင်းကိုးလုံးငှက်တစ်ကောင် ပျံဝဲလာသည်မှာ မဖြစ်နိုင်စရာတော့ မရှိချေ။

သူမသည် ကုတင်ပေါ်တွင် ပြန်လှဲလိုက်ပြီး စောင်ကို ခေါင်းမြီးခြုံထားလိုက်ကာ သည်းခံပြီး အိပ်လိုက်မည်ဟု ကြံရွယ်လိုက်သော်ငြား ထိုငှက်သည် ရွာအပေါ်တွင် အိမ်ဆောက်ထားသလို အော်မြည်သံများက ရပ်တန့်မသွားခဲ့ချေ။

အားချန်သည် ၁၅မိနစ်လောက် တောင့်ခံထားပြီးနောက် စိတ်မရှည်တော့ဘဲ စောင်ကို လှန်ပစ်လိုက်ကာ ဒေါသတကြီးဖြင့် ဖိနပ်စီးပြီး တံခါးကိုတွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။ ထိုနောက်တွင်တော့ ဘေးအခန်းတံခါးကို တိုးတိုးတိတ်တိတ် တွန်းဖွင့်လိုက်လေသည်။

ပိုင်ရှိုးမင်၏ အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ အားချန်သည် ပါးလွှာသည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်နားသို့ အမြန်လျှောက်သွားကာ စောင်ကိုလှန်၊ ဖိနပ်ချွတ်ပြီး ကုတင်ပေါ်တက်ခြင်းကို တစ်ဆက်တည်း ပြုလုပ်လိုက်လေသည်။

ပိုင်ရှိုးမင်သည် ဘေးတစ်စောင်း အိပ်နေပြီး အားချန်က သူ၏လက်ကို စမ်းမိလိုက်သဖြင့် လက်မောင်းကို မလိုက်ကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီးမှ လက်ကို ပြန်ချလိုက်လေသည်။

နွေးထွေးသည့် အသက်ရှူသံများသည် အားချန်ကို ချက်ချင်း လွှမ်းခြုံသွားပြီး သူမက ကျေနပ်စွာ ညည်းညူလိုက်ကာ အိမ်အပြင်ဘက်က ငိုသံများပင် အနည်းငယ် တိုးသွားသလို ခံစားလိုက်ရသည်။

ပိုင်ရှိုးမင်သည် ညသန်းခေါင်တွင် နိုးလာခဲ့ပြီး မျက်လုံးပင် မဖွင့်ရသေးဘဲ ရင်ခွင်ထဲသို့ နူးညံ့သည့် အရာတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်တွင် အိပ်မောကျနေသည့် ခန္ဓာကိုယ်သည် ချက်ချင်း နိုးကြားလာတော့သည်။

သူက လက်မောင်းကို ကျုံ့လိုက်ပြီး လူကို သူ့ကိုယ်ပေါ်တွင် ကပ်ထားလိုက်ကာမှ အသံထွက်လာခဲ့၏။ အသံထဲတွင် အိပ်ချင်မူးတူး ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ "တစ်ယောက်တည်း မအိပ်ချင်တော့ဘူးလား"

အားချန်သည် မျက်နှာကို ပိုင်ရှိုးမင်၏ ရင်ခွင်ထဲတွင် မြှုပ်နှံထားလိုက်ပြီး မသဲမကွဲလေသံဖြင့် ပြောလိုက်လေသည်။ "ရှင် မရှုပ်နဲ့။ ကျွန်မ အိပ်ချင်နေတယ်"

ပိုင်ရှိုးမင်က ပျင်းရိစွာ ရယ်မောလိုက်၏။ "ကိုယ်က မရှုပ်ပါဘူး။ မင်းကသာ ကိုယ့်အခန်းထဲ လာရှုပ်နေတာပါ"

အားချန်သည် လိပ်ပြာလုံသွားပြီး အမှားအားလုံးကို ခေါင်းကိုးလုံးငှက်အပေါ် ပုံချရန် ဆုံးဖြတ်လိုက်တော့သည်။ "အားလုံးက အဲဒီငှက်ကြောင့်ပဲ။ ညကြီးမင်းကြီး တကျီကျီနဲ့ အော်နေတာ"

ပြောပြီးသည်နှင့် သူမသည် အနောက်ဘက်သို့ စမ်းလိုက်ပြီး ပိုင်ရှိုးမင်၏လက်ကို စမ်းမိသည်တွင် သူ့လက်ကို မယူလိုက်ကာ သူမ၏ နားရွက်ပေါ်တွင် အုပ်ထားလိုက်လေသည်။ "ကျွန်မ နားရွက်ကို မြန်မြန်ပိတ်ပေးထား။ ဆူညံလွန်းလို့ အိပ်လို့တောင် မရတော့ဘူး"

နားရွက်ကို ပိတ်လိုက်သည်တွင် အသံများ တကယ်ပဲ ပျောက်ကွယ်သွားသဖြင့် အားချန်သည် ကျေနပ်စွာဖြင့် ပိုင်ရှိုးမင်၏ ရင်ဘတ်ကို ပါးဖြင့် ပွတ်သပ်လိုက်ပြီး ဆက်အိပ်လိုက်တော့သည်။

သူမက ခဏအကြာတွင် ပြန်အိပ်ပျော်သွားသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှိုးမင်သည် ရယ်ချင်လာတော့သည်။ သူမက တကယ်ပဲ သူ့ကို အသုံးချတာ ကုန်စင်နေပြီပဲ။

သူက လက်တစ်ဖက်ဖြင့် အားချန်၏ နားရွက်ကို အုပ်ထားပေးပြီး သူမကို ရင်ခွင်ထဲတွင် ဖက်ထားကာ အချိန်အတော်ကြာမှ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားခဲ့လေသည်။

ကန္တာရလွင်ပြင်သို့ ရောက်ရှိလာသည့် ပထမဆုံးညတွင် ညသန်းခေါင်က အဖြစ်အပျက်လေး တစ်ခုမှလွဲလျှင် အားချန်သည် ကောင်းကောင်း အိပ်ပျော်ခဲ့လေသည်။

ပိုင်ရှိုးမင် ကောင်းကောင်း အိပ်ပျော်လား ဆိုတာကတော့ သူမနှင့် မဆိုင်တော့ချေ။

မနက်စောစောထပြီး ရေချိုးသန့်စင် ပြီးနောက် လျဲ့ရှန့်သည် သူတို့ကို အိမ်တွင် ထမင်းလာစားရန် လာခေါ်ပြန်သည်။

ထမင်းစားနေစဉ် အားချန်က မနေ့ညက ကလေးငိုသံအကြောင်း မေးမြန်းလိုက်ရာ သူမ ထင်ထားသည့်အတိုင်း ထိုအရာသည် တကယ်ပဲ ခေါင်းကိုးလုံးငှက် ဖြစ်နေလေသည်။

လျဲ့ရှန့်နှင့် လျဲ့ရှင်းတို့သည် အိမ်ပြန်ရောက်သည်မှာ မကြာသေးသဖြင့် ခေါင်းကိုးလုံးငှက်အကြောင်း မသိကြချေ။ လျဲ့ကျန်းကသာ အားချန်ကို ရှင်းပြလိုက်လေသည်။

"အဲဒီ ခေါင်းကိုးလုံးငှက်က လွန်ခဲ့တဲ့ နှစ်လလောက်ကမှ အနီးနားက တောအုပ်ထဲ ပြောင်းလာတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ရွာထဲက ကလေးတွေကိုတောင် မျက်စိကျနေသေးတယ်။ ကံကောင်းလို့ လူတွေက အမြဲစောင့်ကြည့်နေလို့သာ ကလေးတွေကို ချီမသွားနိုင်ခဲ့တာ။ ဒါပေမဲ့ ညရောက်တိုင်း ရွာအပေါ်ဘက်မှာ အမြဲတမ်း လာအော်နေတော့တာပဲ"

အားချန်က မေးလိုက်၏။ "အဲဒီလိုပဲ အော်ခိုင်းထားတော့မှာလား။ မောင်းထုတ်လို့ မရဘူးလား။ သူက လွယ်လွယ်နဲ့ လက်လျှော့မယ့်ပုံ မပေါ်ဘူး"

"ဒါကတော့ စိတ်ပူစရာ မလိုပါဘူး" လျဲ့ကျန်းက ပြုံးလိုက်၏။ "ရွာသားတွေ အလုပ်ရှုပ်နေကြလို့သာ သူ့ကို ဖြေရှင်းဖို့ အချိန်မရကြသေးတာ။ နောက်ရက်နည်းနည်း ကြာရင် မဟာယဇ်ပုရောဟိတ်ကြီးက ဘိုးဘေးတွေကို ပူဇော်ပွဲ လုပ်ပေးလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီခေါင်းကိုးလုံးငှက်က အနီးနားမှာတောင် နေရဲတော့မှာ မဟုတ်ဘူး"

မဟာယဇ်ပုရောဟိတ်ကြီးသည် လျဲ့ကျန်း၏ မိခင်ဖြစ်သော်ငြား အားချန် သတိထားမိသည်မှာ သူတို့အားလုံးက သူမကို မဟာယဇ်ပုရောဟိတ်ဟု ခေါ်ဝေါ်ကြပြီး အလွန်ရိုသေ လေးစားကြလေသည်။

မဟာယဇ်ပုရောဟိတ် အကြောင်း ပြောပြီး မကြာခင်မှာပင် မနေ့က တွေ့ခဲ့ရသည့် မဟာယဇ်ပုရောဟိတ်ကြီးသည် လျဲ့ရှန့်အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့လေသည်။

လျဲ့ရှန့် တစ်မိသားစုလုံး အိမ်အပြင်ထွက်ကာ ကြိုဆိုကြပြီး လျဲ့ကျန်းက ရှေ့တိုးကာ ပြောလိုက်၏။ "အမေ ဒီနေ့ကြည့်ရတာ နေလို့ထိုင်လို့ ကောင်းတဲ့ပုံပဲ။ ဒီအင်္ကျီအသစ်က အမေနဲ့ တော်တော်လိုက်တယ်။ သားက ရှောင်ရှန့်ကို အမေ့အတွက် ဆံထိုးအသစ် ဝယ်ခိုင်းလိုက်သေးတယ်။ ခဏနေ သွားပို့ပေးလိုက်မယ်။ အမေ့ရဲ့ အင်္ကျီအသစ်နဲ့ လိုက်ဖက်မှာ သေချာတယ်"

မဟာယဇ်ပုရောဟိတ်ကြီးသည် သားဖြစ်သူ တွဲကူပေးမှုဖြင့် အိမ်ထဲသို့ ဝင်လာပြီး လမ်းတလျှောက်လုံး ပြောလာသည်ကို နားထောင်ရင်း မျက်နှာပေါ်တွင် အပြုံးများ မပျောက်ခဲ့ချေ။ သူမက ပြန်ချီးကျူးလိုက်သေးသည်။ "ငါ့သားလေးက လိမ္မာပြီးတော့ သိတတ်လိုက်တာ"

အနောက်က လိုက်လာသည့် လျဲ့ရှန့်နှင့် လျဲ့ရှင်းတို့သည် မျက်နှာသေ ဖြစ်နေကြလေသည်။ ငယ်ငယ်ကတည်းက သူတို့သည် အဖွားရှေ့တွင် အဖေလောက် မျက်နှာရအောင် မယူနိုင်ခဲ့ကြချေ။

အားချန်သည် ရုတ်တရက် ခံစားလိုက်ရသည်။ မနေ့က သူမ လျဲ့ကျန်းဦးလေး၏ မြှောက်ပင့်မှုကြောင့် ခေါင်းမူးသွားရခြင်းမှာ သူမ၏ ပြဿနာ မဟုတ်ချေ။ မဟာယဇ်ပုရောဟိတ်ကြီးတောင်မှ လျဲ့ကျန်းဦးလေး၏ ပါးစပ်ကို မလွန်ဆန်နိုင်ခဲ့ပေ။ တကယ် တော်ပါပေတယ်။

အခန်းထဲ ဝင်သွားပြီးနောက် မဟာယဇ်ပုရောဟိတ်ကြီးကို လျဲ့ကျန်းက အဓိက ခုံတွင် ထိုင်ခိုင်းလိုက်ပြီးမှ လူတိုင်း ဝင်ထိုင်လိုက်ကြသည်။

လျဲ့ကျန်းက မဟာယဇ်ပုရောဟိတ်ကြီး အတွက် ရေတစ်ခွက် သွားယူပေးပြန်သည်။ မဟာယဇ်ပုရောဟိတ်ကြီးက လှမ်းယူပြီး တစ်ငုံသောက်လိုက်ကာ ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "အချိန် နီးနေပြီ။ ထွက်လို့ရပြီ"

ပိုင်ရှိုးမင်က ထရပ်လိုက်၏။ "ကောင်းပါပြီ"

မဟာယဇ်ပုရောဟိတ်ကြီးက အားချန်ကို ကြည့်လိုက်ပြီး လေသံက ပိုပြီးနူးညံ့သွားလေသည်။ "အားချန်မိန်းကလေးလည်း အတူတူ လိုက်ခဲ့လေ"

အားချန်က သံသယဖြင့် မေးလိုက်၏။ "ဘယ်သွားမလို့လဲ"

"ကျွန်မ ပိုင်ကုန်းဇီကို ခေါ်ပြီး လူကြီးတစ်ယောက်ကို သွားကန်တော့မလို့။ ဒီနေရာနဲ့ သိပ်မဝေးပါဘူး"

အားချန်၏ စိတ်နှလုံး လှုပ်ရှားသွားလေသည်။ ပိုင်ရှိုးမင် ဒီတစ်ခေါက် လာရသည်မှာ မင်ဝမ်ကိုယ်စား မိတ်ဆွေဟောင်းကို လာကန်တော့ခြင်း ဖြစ်သည်ကို သူမ သိထားသည်။ ဒီလောက်မြန်မြန် ရှာတွေ့လိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

"ကောင်းပြီ။ အတူတူ သွားကြတာပေါ့" အားချန်က သဘောတူလိုက်လေသည်။ မဟာယဇ်ပုရောဟိတ်ကြီး၏ ဖိတ်ခေါ်မှုတွင် မေးမြန်းသည့် သဘောထား မပါဝင်သည်ကို သူမ သတိမထားမိခဲ့ပေ။

လျဲ့ရှန့်အိမ်မှ မထွက်ခွာခင်တွင် အားချန်က သူ့ကို အကူအညီတောင်းကာ ရှန်းဟွေရွှယ်ကို စကားပါးခိုင်းလိုက်သည်။ သူမနှင့် မဟာယဇ်ပုရောဟိတ်ကြီး အပြင်ထွက်သွားပြီး ညနေစောင်းမှ သူမကို လာရှာမည်ဟု ပြောခိုင်းလိုက်လေသည်။

လျဲ့ရှန့် သဘောတူပြီးနောက် အားချန်နှင့် ပိုင်ရှိုးမင်တို့သည် မဟာယဇ်ပုရောဟိတ်ကြီးနှင့်အတူ ထွက်ခွာလာခဲ့ကြသည်။

ဒီခရီးစဉ်၏ ဦးတည်ရာကို ရွာအပြင်ဘက်ကနေပင် လှမ်းမြင်နေရသည်။ မဟာယဇ်ပုရောဟိတ်ကြီးက အဝေးက တောအုပ်တစ်ခုကို လက်ညှိုးထိုးပြကာ သူတို့ကို ပြောပြလိုက်၏။ "အဲဒီလူကြီးက အစက အဲဒီမှာ နေထိုင်တယ်။ အခုလည်း အဲဒီမှာပဲ အရိုးမြှုပ်နှံထားတယ်"

အားချန်သည် စူးစမ်းချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာ၏။ မဟာယဇ်ပုရောဟိတ်ကြီးက လူကြီးဟု ခေါ်ဝေါ်ရသည့် သူသည် ဘယ်လိုလူမျိုးများ ဖြစ်မလဲ။

ဒီလိုတွေးမိရင်း သူမက မေးမြန်းလိုက်လေသည်။

မဟာယဇ်ပုရောဟိတ်ကြီးက အားချန်ကို ကြည့်ကာ ပြောလိုက်၏။ "ရောက်သွားရင် သိရမှာပါ"

ဦးတည်ရာ နေရာသည် အလွန်နီးကပ်ပြီး မျက်စိဖြင့် လှမ်းမြင်နေရသော်ငြား တကယ်တမ်း သွားသည့်အခါတွင်တော့ အားချန်သည် ကိစ္စများက ထင်သလောက် မရိုးရှင်းကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့သည် ရွာထဲတွင် မွေးမြူထားသည့် လုရှူမြင်းကို စီးကာ သွားကြသော်ငြား နာရီဝက်ကျော် ကြာမှ ရောက်ရှိခဲ့လေသည်။

လုရှူမြင်းနှစ်ကောင်ကို တောအုပ်အပြင်ဘက်တွင် ထားခဲ့ပြီး မဟာယဇ်ပုရောဟိတ်ကြီးသည် သူတို့ကိုခေါ်ကာ တောအုပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

အတွင်းသို့ ဝင်ရောက်သွားပြီးမှ အားချန်သည် အဝေးကကြည့်လျှင် စိမ်းလန်းစိုပြည်နေသည့် တောအုပ်သည် လက်တွေ့တွင်တော့ တိတ်ဆိတ်ငြိမ်သက်နေကြောင်း တွေ့ရှိလိုက်ရသည်။

ဒီနေရာက သစ်ပင်များသည် သက်ရှိဓာတ် လုံးဝ မရှိကြချေ။ သစ်ကိုင်းများသည် မီးခိုးဖြူရောင် ဖြစ်နေပြီး သစ်ရွက်များကတော့ စိမ်းလန်းနေဆဲဖြစ်ကာ မူလပုံစံအတိုင်း ထိန်းသိမ်းထားသကဲ့သို့ ဖြစ်နေလေသည်။

ပတ်ဝန်းကျင်တွင် ပိုးမွှားအော်သံ ငှက်မြည်သံများပင် မကြားရချေ။

ဒီနေရာသည် တိတ်ဆိတ်လွန်းသဖြင့် စိတ်လှုပ်ရှားဖွယ် ကောင်းနေပြီး လူသုံးယောက်၏ ခြေသံများသာ ခြောက်သွေ့နေသည့် သစ်ရွက်များပေါ် နင်းလျှောက်သံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

၁၅ မိနစ်ခန့် လမ်းလျှောက်လာပြီးနောက် မျက်စိရှေ့က သစ်ပင်များသည် တဖြည်းဖြည်း ကျဲပါးသွားပြီး ပျက်စီးနေသော ယဇ်ပလ္လင်တစ်ခု သူတို့၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့၏။

ဒီယဇ်ပလ္လင်သည် မည်မျှကြာအောင် တည်ရှိနေခဲ့ပြီလဲ မသိနိုင်ချေ။ အလယ်တွင် စိုက်ထူထားသည့် ကျောက်တိုင်များမှာ တချို့က ပျောက်ဆုံးနေပြီး တချို့က တစ်ပိုင်းတစ်စသာ ကျန်ရစ်တော့သည်။

မူလက မြေပြင်ပေါ်တွင် ခင်းထားပြီး ဝူမျိုးနွယ်၏ အမှတ်အသားများ ရေးထွင်းထားသည့် ကျောက်ပြားများသည် အနည်းငယ်သာ ကျန်ရစ်တော့ပြီး အပေါ်က အမှတ်အသားများလည်း မသဲကွဲတော့ချေ။

မဟာယဇ်ပုရောဟိတ်ကြီးသည် ပျက်စီးနေသော ယဇ်ပလ္လင်ရှေ့တွင် ရပ်ကာ ကိုယ်ကိုလှည့်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "အဲဒီလူကြီးရဲ့ နောက်ဆုံး အငွေ့အသက်က ဒီနေရာမှာ ပျောက်ကွယ်သွားခဲ့တာ"

ပိုင်ရှိုးမင်သည် မျက်စိရှေ့က ယဇ်ပလ္လင်ကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ "သူ မသေခင်က ယဇ်ပူဇော်ပွဲ တစ်ခုမှာ ပါဝင်ခဲ့တာလား"

စောစောက ဝင်လာစဉ် ကတည်းက သူသတိထားမိသည်မှာ ယဇ်ပလ္လင် ပတ်ဝန်းကျင်ရှိ သက်ရှိဓာတ်များသည် စုပ်ယူခံထားရသလို ဖြစ်နေခြင်းပင်။ ဒီတောအုပ်ထဲတွင် မြက်တစ်ပင်တောင် ရှင်သန်ကြီးထွားခြင်း မရှိပေ။

အကယ်၍ သူသည် ယဇ်ပူဇော်ပွဲ တစ်ခုကြောင့် သေဆုံးသွားခဲ့သည် ဆိုလျှင် မည်သို့သော ယဇ်ပူဇော်ပွဲက ဒီလောက်ကြာရှည်စွာ သက်ရောက်မှု ရှိနေနိုင်သနည်း။

မဟာယဇ်ပုရောဟိတ်ကြီးကလည်း ယဇ်ပလ္လင်ကို လှမ်းကြည့်လိုက်၏။ "ဟုတ်လောက်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ငယ်သေးတော့ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မသိလိုက်ဘူး"

ပြောပြီးသည်နှင့် သူမသည် ခါးကိုကုန်းကာ ပတ်ဝန်းကျင်က ကျောက်တုံးအနည်းငယ် ကောက်ယူလိုက်ပြီး စုပုံလိုက်ကာ သဘာဝကျကျပင် အားချန်ကို ပြောလိုက်လေသည်။ "အားချန် သစ်ကိုင်းသုံးချောင်းလောက် သွားချိုးလာခဲ့ပါ"

အားချန်သည် ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး အနီးနားက ခြောက်သွေ့နေသည့် သစ်ပင်ပေါ်မှ သစ်ကိုင်းသုံးချောင်း ချိုးယူလိုက်ကာ သစ်ကိုင်းပေါ်က အကိုင်းအခက်များကို ရှင်းလင်းပြီး မဟာယဇ်ပုရောဟိတ်ကြီးကို ကမ်းပေးလိုက်လေသည်။

မဟာယဇ်ပုရောဟိတ်ကြီးက လှမ်းမယူဘဲ အားချန်ကို ကိုင်ခိုင်းထားလိုက်ပြီး ကျောက်တုံးများဖြင့် ဝိုင်းထားသည့် အဝိုင်းထဲတွင် သစ်ကိုင်းသုံးချောင်း စိုက်ခိုင်းလိုက်လေသည်။

အားချန် လုပ်ပြီးသွားသည့် အခါတွင် သူမ၏ လက်သည် သစ်ကိုင်းပေါ်မှ ဖြတ်သန်းသွားပြီး သစ်ကိုင်းပေါ်တွင် အနီရောင် အလင်းစက်လေးများ လင်းလက်လာကာ မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့၏။

ပိုင်ရှိုးမင်သည် ဘေးကနေ လူနှစ်ယောက် အလုပ်ရှုပ်နေသည်ကို ရပ်ကြည့်နေပြီး ဝင်ရောက် မနှောင့်ယှက်ခဲ့ချေ။ သို့သော် မဟာယဇ်ပုရောဟိတ်ကြီးကို ကြည့်သည့်အခါ မျက်လုံးထဲတွင် သံသယများ ပါဝင်နေလေသည်။

ဒီမဟာယဇ်ပုရောဟိတ်ကြီးက အားချန်အပေါ်ထားတဲ့ သဘောထားက ပုံမှန်မဟုတ်ဘူး။

မဟာယဇ်ပုရောဟိတ်ကြီးသည် အားချန်၏ တွဲကူပေးမှုဖြင့် မတ်တပ်ထရပ်လိုက်ပြီး သူမ လှည့်လာသည့် အချိန်ကျမှ ပိုင်ရှိုးမင်က မေးလိုက်လေသည်။ "မဟာယဇ်ပုရောဟိတ်ကြီး ဒါက ဘာလုပ်နေတာလဲ"

မဟာယဇ်ပုရောဟိတ်ကြီးက ရှင်းပြလိုက်၏။ "သေဆုံးသူကို ပူဇော်ကန်တော့ နေတာပါ"

"ဒီလောက် ရိုးရှင်းတာလား။ အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေ မလိုဘူးလား"

မဟာယဇ်ပုရောဟိတ်ကြီးက ခေါင်းခါလိုက်သည်။ "အဲလောက် အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ စေတနာပါရင် ရပါပြီ။ ဒီလူကြီးက စိတ်သဘောထား ပွင့်လင်းပြီး ရိုးရှင်းသူမို့လို့ သူက ဂရုစိုက်မှာ မဟုတ်ပါဘူး"

လူသုံးယောက် ဘေးတွင် ရပ်နေကြပြီး သစ်ကိုင်း၏ နောက်ဆုံးတစ်ပိုင်း ကုန်ဆုံးသွားသည် အထိ စောင့်ဆိုင်းလိုက်ပြီးမှ မဟာယဇ်ပုရောဟိတ်ကြီးက ထပ်ပြောလာခဲ့၏။ "လာပြီ"

စကားဆုံးသည်နှင့် ယဇ်ပလ္လင်ထဲတွင် မြူခိုးများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ မြူခိုးများသည် အဖြူရောင်မှ အမည်းရောင်သို့ ပြောင်းလဲသွားပြီး အဲဒီအမည်းရောင် မြူခိုးများသည် ချွန်ထက်သော ဓားသွားများအဖြစ် ပြောင်းလဲသွားကာ တချို့က မြေကြီးထဲမှ တိုးထွက်လာပြီး တချို့က ကောင်းကင်မှ ကျဆင်းလာကာ အသံမထွက်သော်ငြား အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သားရဲကောင်ကြီး၏ ပါးစပ်ပေါက်ကြီးနှင့် တူနေလေသည်။

ထိုအခါမှ အားချန် သဘောပေါက်လိုက်သည်မှာ ထိုမြူခိုးများသည် အမှန်တကယ် တည်ရှိနေခြင်း မဟုတ်ဘဲ ဒီယဇ်ပလ္လင်က ယခင်ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြသနေခြင်း ဖြစ်ကြောင်းပင်။

ဒီလိုမြင်ကွင်းမျိုးသည် သူမကို ဒဏ္ဍာရီများကို ပြန်လည် သတိရစေခဲ့သည်။

ဒဏ္ဍာရီထဲတွင် ငရဲပြည်၌ ငရဲ ၁၈ ထပ် ရှိပြီး လူ့ပြည်တွင် အမှားကြီးများ ကျူးလွန်ခဲ့သူများသည် ငရဲပြည်သို့ ရောက်ရှိသွားပါက ထိုအထဲသို့ ကျရောက်သွားပြီး နေ့ညမပြတ် အပြစ်ဒဏ် ခံရကာ အပြစ်ကြွေး ကုန်ဆုံးသည်အထိ ပေးဆပ်ရသည်ဟု ဆိုလေသည်။

အမည်းရောင် မြူခိုးများ ဖန်တီးထားသည့် မြင်ကွင်းသည် သူမကို ဒဏ္ဍာရီထဲတွင်သာ ကြားဖူးသည့် ဓားတောင်ငရဲကို သတိရစေခဲ့သည်။

ဒီယဇ်ပလ္လင်က အရင်တုန်းက ငရဲပြည်နဲ့ ဆက်သွယ်ဖို့ သုံးခဲ့တာလား။ ယဇ်ပူဇော်ပွဲကို ဦးဆောင်တဲ့သူက ဘာလုပ်ချင်တာလဲ။ အားချန်၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေတော့သည်။

သူမ မဟာယဇ်ပုရောဟိတ်ကြီးကို မမေးမြန်းရသေးခင်မှာပင် အမည်းရောင် မြူခိုးများသည် အရိပ်တစ်ခုကို ဖန်တီးပြလိုက်ပြန်သည်။ ထိုအရိပ်ကို မြင်လိုက်ရသည်တွင် အားချန်တစ်ကိုယ်လုံး တောင့်တင်းသွားတော့၏။

မြေခွေးတစ်ကောင် ဖြစ်နေသည်။ သူသည် ဓားသွားများပေါ်တွင် နင်းကာ တစ်လှမ်းချင်း လျှောက်လှမ်းသွားနေသည်။ မြေကြီးအောက်က ဓားသွားများသည် သူ့ခြေသည်းများကို ဖောက်ထွင်းသွားပြီး ကောင်းကင်ပေါ်က ဓားများသည် မိုးရွာသလို ကျဆင်းလာကာ သူ့ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသော်ငြား သူသည် ရပ်တန့်မသွားဘဲ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။

ထိုမြေခွေးတွင် အမြီးကိုးချောင်း ရှိလေတော့သည်။

...

All Chapters