သူက မင်းကို အရာအားလုံး ပေးခဲ့လိမ့်မယ်...
Vol. 18 Ch. 177
အားချန်သည် လက်ချောင်းလေးတစ်ချောင်းကို ထုတ်လိုက်ပြီး ထိုအမြုတေကို စမ်းသပ်ထိတွေ့ကြည့်လိုက်သည်နှင့် အမြုတေသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
သူမ အံ့ဩချိန်ပင်မရလိုက်ဘဲ အမြုတေသည် သူမလက်ထဲတွင် ပြန်ပေါ်လာပြန်သည်။ ထိုအရာသည် သူမ၏ ကိုယ်တွင်းတွင် ပုန်းအောင်းနေပြီး သူမအလိုရှိသည်နှင့် ပေါ်ထွက်လာပုံရလေသည်။
အားချန်သည် ထိုအမြုတေကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ယဇ်ပုရောဟိတ်ကြီးကို ကြည့်ကာ မေးလိုက်သည်။ "ဒါက အဖေ ကျွန်မအတွက် ချန်ထားပေးခဲ့တာလား"
ယဇ်ပုရောဟိတ်ကြီးက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "မင်းအတွက် ပေးတာပါ"
"ဒါဆို အားမန် အတွက်ရော"
"အားမန်က မင်းနဲ့မတူဘူး။ သူ သုံးလို့မရဘူး"
အကယ်၍ အားမန်သာ မြေခွေးတစ်ပိုင်း လူတစ်ပိုင်း ဖြစ်နေသေးလျှင် သူမ သေချာပေါက် အသုံးပြုနိုင်ပေလိမ့်မည်။ သူမသည် အားချန်ကဲ့သို့ပင် အခြားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲမသွားခဲ့လျှင်ပေါ့။
ဒါပေမဲ့ အဖေက မဖြစ်ပျက်သေးတဲ့ အနာဂတ်ကို ဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲ။
အားချန်၏ စိတ်ထဲတွင် သံသယများစွာ ဖြစ်ပေါ်နေပြီး ယဇ်ပုရောဟိတ်ကြီးထံမှ အဖြေရှာလိုသော်လည်း ယဇ်ပုရောဟိတ်ကြီးက ပြန်ပြောလေသည်။ "ငါက မင်းအဖေရဲ့ မှာကြားချက်အရ မင်းရောက်လာတဲ့အချိန်ကျရင် အမြုတေကို မင်းလက်ထဲ အပ်ပေးဖို့ပဲ တာဝန်ယူထားတာပါ။ ကျန်တဲ့ကိစ္စတွေကို သူ ငါ့ကို မပြောပြခဲ့ပါဘူး"
"ဒါဆိုရင် ကျွန်မအမေရော ... သူ့ရဲ့သတင်းကို သိလား" အားချန်က ထပ်မေးလိုက်ပြီး မျက်ဝန်းထဲတွင် မသိမသာ မျှော်လင့်ချက်ရောင်ခြည် ပါဝင်နေလေသည်။
ယဇ်ပုရောဟိတ်ကြီးသည် အားချန်ကို ကြည့်လိုက်ပြီး သူမ၏အကြည့်များမှာ နူးညံ့တည်ငြိမ်နေသော်လည်း အားချန်၏ ရင်ထဲတွင် ရုတ်တရက် အေးစက်သွားလေသည်။
သူမက ပြောလိုက်၏။ "အားချန် မင်းအမေနဲ့ ငါက မျိုးနွယ်တူတွေပါ။ ငါတို့ ဝူမျိုးနွယ်မှာ ယဇ်ပုရောဟိတ်ကြီးဆိုတာ တစ်သက်တာ ရာထူးပါ"
အားချန်သည် လက်ကို တင်းနေအောင် ဆုပ်ကိုင်လိုက်မိလေသည်။
"ယခင်ယဇ်ပုရောဟိတ်ကြီး အသက်ရှင်နေသေးသရွေ့ ယဇ်ပုရောဟိတ်ကြီး အသစ်တစ်ယောက် ပေါ်ထွက်လာမှာ မဟုတ်ဘူး"
နောက်ဆုံးလက်ကျန် မျှော်လင့်ချက်မီးတောက်လေးသည် နောက်ဆုံးတွင် ငြိမ်းသတ်ခံလိုက်ရလေပြီ။
အမေလည်း မရှိတော့ပါလား။
အားချန်သည် ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဒူးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ ခေါင်းကို နက်ရှိုင်းစွာ ငုံ့ထားလိုက်လေသည်။
ယခင်က သူတို့၏ သတင်းအစအနကို မသိရသေးခင်က သူမတွင် အနည်းဆုံးတော့ အဖေနှင့်အမေ ရှိနေသေးသည်ဟု တွေးတောနိုင်ခဲ့သော်လည်း ယခုအခါတွင်တော့ သူမတစ်ယောက်တည်းသာ ကျန်ရစ်တော့လေသည်။
ယဇ်ပုရောဟိတ်ကြီးသည် တိုးညှင်းသော ရှိုက်သံကို ကြားလိုက်ရသဖြင့် မျက်ဝန်းထဲတွင် သနားဂရုဏာသက်သည့် အရိပ်အယောင်များ ပေါ်လာသော်လည်း ရှေ့သို့ တိုးမသွားခဲ့ပေ။
သူမသည် ရှီးကျင်ကို နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူ ပြောခဲ့သော စကားများကို ပြန်သတိရလိုက်မိသည်။
သူက သူ့သမီးလေး အားချန်သည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုများစွာ လိုအပ်သော ကလေးမလေးတစ်ဦး ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် ထိုအရာများကို သူတို့က ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် သူသည် ကြီးမားသော အသက်စွမ်းအင်များ ပါဝင်နေသည့် သူ၏ အမြုတေကို အားချန်အတွက် ချန်ထားခဲ့ပြီး သူမကို ရှည်လျားသော သက်တမ်းတစ်ခု ပိုင်ဆိုင်စေကာ ထိုရှည်လျားသော ဘဝခရီးလမ်းတွင် သူမကို လုံလောက်အောင် ချစ်မြတ်နိုးပြီး ထာဝရ အဖော်ပြုပေးနိုင်မည့်သူကို ရှာဖွေတွေ့ရှိနိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။
အားချန်သည် ခဏသာ ဝမ်းနည်းပူဆွေးလိုက်ပြီး မျက်နှာပေါ်မှ မျက်ရည်စများကို သုတ်ကာ မတ်တပ်ရပ်လိုက်လေသည်။
"ယဇ်ပုရောဟိတ်ကြီး ငါတို့ ပြန်ကြရအောင်"
နှစ်ဦးသား ယဇ်ပလ္လင်မှ ထွက်ခွာလာပြီး အားချန်သည် ယဇ်ပုရောဟိတ်ကြီးနှင့်အတူ စောစောက နေရာရွှေ့ပြောင်းသည့် နေရာသို့ ပြန်လာခဲ့ကြသည်။
ဤနေရာမှ အစီအရင်သည် ရိုးရှင်းသော အစီအရင်ဖြစ်ပြီး နှစ်ကြိမ်သာ အသုံးပြုနိုင်ကာ ထိုနောက်ပိုင်းတွင် အသစ်ပြန်လည် ရေးဆွဲရမည် ဖြစ်လေသည်။
အစီအရင်ပေါ်သို့ မတက်မီ ယဇ်ပုရောဟိတ်ကြီးသည် မျက်ရည်များကို ခိုးသုတ်နေသော အားချန်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။ "မင်းရဲ့ မိဘတွေအကြောင်း ပိုသိချင်ရင် ဟွေရွှယ် ကို မင်းကို ဝူယန်း ဆီ ခေါ်သွားခိုင်းလို့ရတယ်။ သူက မင်းအမေရဲ့ တပည့်ပဲ"
အားချန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းကို အားပါးတရ ညိတ်လိုက်လေသည်။ "ကောင်းပါပြီ"
ယဇ်ပုရောဟိတ်ကြီးက သူမထံသို့ လက်ကမ်းပေးလိုက်ပြီး အားချန်က တစ်ဖက်လူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်တွင် အစီအရင်မှ အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး သူမတို့သည် သစ်သားအိမ်သို့ ပြန်ရောက်သွားကြလေသည်။
ပြန်ရောက်ပြီးနောက်တွင် အားချန်၏ စိတ်ခံစားမှုသည် များစွာ တည်ငြိမ်သွားပြီ ဖြစ်သည်။ သူမသည် မျက်နှာသစ်လိုက်ပြီးနောက် ယဇ်ပုရောဟိတ်ကြီး ခေါ်သဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
နှစ်ယောက်သား ခြံဝင်းထဲသို့ ရောက်သွားကြပြီး ယဇ်ပုရောဟိတ်ကြီးက ခြံဝင်းတစ်ဝက်ကျော် နေရာယူထားသော ထူးဆန်းသည့် တိရစ္ဆာန်များကို ညွှန်ပြကာ ပြောလိုက်၏။ "နောက်ရက်နည်းနည်းကြာရင် ရွာထဲမှာ ပူဇော်ပွဲ ကျင်းပဖို့ရှိတယ်။ ဒါတွေက ရွာသားတွေ လာပို့ထားတဲ့ ပူဇော်သက္ကာတွေပဲ။ ငါနဲ့အတူတူ ကူပြီး လုပ်ပေးပါဦး"
အားချန်က ခေါင်းညိတ်လိုက်သည်။ သူမသည် အမေချန်ထားခဲ့သော စာအုပ်ထဲတွင် ပူဇော်သက္ကာများကို စီမံခန့်ခွဲနည်းများစွာကို လေ့လာခဲ့ဖူးလေသည်။
ယဇ်ပုရောဟိတ်ကြီး၏ နည်းလမ်းမှာ ပိုမိုရိုးရှင်းပြီး ကြမ်းတမ်းလေသည်။ သူမသည် အားချန်ကို ပြင်ဆင်ထားသော ပစ္စည်းများကို ခြံဝင်းအတွင်းရှိ ကျောက်တွင်းတစ်ခုထဲသို့ ထည့်ခိုင်းလိုက်ပြီး အောက်ဆုံးအလွှာရှိ မီးလောင်လွယ်သော သစ်သားများကို မီးရှို့ခိုင်းလိုက်သည်။
မီးခိုးများ ထွက်ပေါ်လာသောအခါ ယဇ်ပုရောဟိတ်ကြီးသည် သားကောင်များကို ကျောက်တွင်းဘေးသို့ ဆွဲယူလာခဲ့ပြီး အားချန်က သေဆုံးနေသော ထိုပူဇော်သက္ကာများကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ အမွေးဖြီးပေးခြင်း၊ အရိုးများကို တည့်မတ်ပေးခြင်းတို့ ပြုလုပ်ပေးရပြီး ဘိုးဘေးများ မြင်တွေ့ရသောအခါ စိတ်ပျက်မသွားရအောင် သူတို့၏ သေဆုံးပုံကို ကြောက်မက်ဖွယ် မကောင်းစေရန် ပြုပြင်ပေးရလေသည်။
အားချန် လုပ်ကိုင်နေသည်မှာ ပုံစံကျနေသည်ကို တွေ့ရသဖြင့် ယဇ်ပုရောဟိတ်ကြီးသည် သူမကို အာရုံမစိုက်တော့ဘဲ နှစ်ဦးသား အပြန်အလှန် ပူးပေါင်းကာ မိမိလက်ထဲရှိ အလုပ်များကိုသာ အာရုံစိုက် လုပ်ကိုင်နေကြတော့သည်။
ယဇ်ပုရောဟိတ်ကြီးက ရပြီဟု ပြောလိုက်သည့်အချိန်တွင် အားချန်သည် ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ဖင်ထိုင်ချလိုက်တော့သည်။ ခုနက အလုပ်လုပ်နေစဉ်တွင် မခံစားရသော်လည်း ယခုအခါ ခါးပင် မဆန့်နိုင်တော့သလို ခံစားနေရလေသည်။
သူမသည် အလုပ်အများကြီး မလုပ်ရသည်မှာ ကြာပြီဖြစ်သော်လည်း အလွန် စိတ်ဝင်စားဖို့ ကောင်းလေသည်။
အမေက စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများကို ယခုအခါ သူမ ကိုယ်တိုင် တွေ့ကြုံခံစားနေရပြီ ဖြစ်သည်။
ယဇ်ပုရောဟိတ်ကြီးသည် အားချန် ပြုလုပ်ထားသော ပူဇော်သက္ကာများကို တစ်ဖန် စစ်ဆေးကြည့်လိုက်ပြီး ကျေနပ်စွာ ချီးကျူးလိုက်လေသည်။ "မင်း လုပ်တာ အရမ်းကောင်းတယ်။ အရင်က သင်ဖူးလား"
"စာအုပ်ထဲမှာ လုပ်နည်းအဆင့်ဆင့်ကို တွေ့ဖူးတာပါ"
"ပါရမီ ရှိတာပဲ"
အားချန်က ပြုံးလိုက်လေသည်။
ယဇ်ပုရောဟိတ်ကြီးက ထပ်မေးလိုက်၏။ "ပူဇော်ပွဲအကကို ကတတ်လား"
အားချန်သည် အနည်းငယ် တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်၏။ "တစ်ခါပဲ ကဖူးတာ။ မှားနေလား မသိဘူး"
"ကတတ်ရင် ပြီးတာပါပဲ" ယဇ်ပုရောဟိတ်ကြီးက သူမကို ပြောလိုက်သည်။ "ငါတို့ ဝူမျိုးနွယ် က ကလေးတွေ အရွယ်ရောက်ပြီး ပထမဆုံးအကြိမ် ဘိုးဘေးတွေကို ပူဇော်ကန်တော့ရင် ဘိုးဘေးတွေအတွက် အကနဲ့ ပူဇော်ရတယ်။ မင်းလည်း ချွင်းချက် မရှိဘူး"
ယခုအခါ အားချန်တွင် ဝူမျိုးနွယ် သွေးသား မရှိတော့သော်လည်း သူမကို ဝူမျိုးနွယ် အဖြစ် အသိအမှတ်ပြုထားဆဲဖြစ်ပြီး ဝူမျိုးနွယ် ၏ ဘိုးဘေးများကလည်း သူမကို အမြဲ စောင့်ရှောက်နေမည် ဖြစ်လေသည်။
"ပူဇော်ပွဲမှာ ကရမှာလား" အားချန်မှာ မျက်လုံးပြူးသွားတော့သည်။ ဘိုးဘေးတွေက ဘာဖြစ်လို့ လူတွေအများကြီးရှေ့မှာ အကကို ကြည့်ချင်ရတာလဲ။ သီးသန့် ကြည့်လို့ မရဘူးလား။
ယဇ်ပုရောဟိတ်ကြီးက ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ "ဟုတ်တယ်။ သေချာပေါက် ကရမှာ"
"ကောင်းပါပြီ" ဒါက ဘိုးဘေးတွေ ကြည့်ချင်တာပဲလေ။ ဘိုးဘေးတွေကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူးဟု တွေးကာ အားချန် သဘောတူလိုက်ပြီး မေးလိုက်၏။ "ဒါဆို ဒီနှစ် ကျွန်မနဲ့အတူ ဘယ်နှစ်ယောက် ကမှာလဲ"
အဖော်ရှိရင် ပိုအဆင်ပြေမှာပဲဟု သူမက ခံစားရသည်။
"ဒီနှစ် မင်းနဲ့အတူ ကမယ့်လူ လေးယောက် ရှိတယ်။ လျဲ့ရှင်း လည်း ပါတယ်။ မင်း နောက်ကျရင် သူနဲ့အတူ လေ့ကျင့်လို့ ရတယ်"
အားချန် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် အံ့ဩသွားလေသည်။ "လျဲ့ရှင်း က ဒီနှစ်မှ အရွယ်ရောက်တာလား"
"ဟုတ်တယ်"
ဝူမျိုးနွယ်သည် ၁၈ နှစ်တွင် အရွယ်ရောက်ကြသည်။ လျဲ့ရှင်း ကြည့်ရသည်မှာ အရပ်ရှည်ပြီး သန်မာသော်လည်း ရလဒ်ကတော့ ယခု သူမထက်ပင် တစ်နှစ် ငယ်နေသေးသည်။
သူက ကြီးတာ နည်းနည်း မြန်တာပဲဟု အားချန်တစ်ယောက် တွေးလိုက်မိ၏။
ညစာကို သူမသည် ယဇ်ပုရောဟိတ်ကြီးနှင့် အတူစားခဲ့သည်။ ယဇ်ပုရောဟိတ်ကြီး ကိုယ်တိုင် ချက်ပြုတ်ထားသော ထမင်းဟင်းများမှာ ရိုးရှင်းသော်လည်း အလွန် အရသာရှိပြီး ဟွေ့ညန် ၏ လက်ရာနှင့် မတိမ်းမယိမ်း ကောင်းမွန်လေသည်။
ယဇ်ပုရောဟိတ်ကြီးကို ရှန့်ကျင်း သို့ ပြန်ပေးဆွဲသွားချင်စိတ်ပင် ပေါက်လာမိတော့သည်။
ထမင်းစားပြီးနောက် အပြင်ဘက်တွင် လင်းနေဆဲဖြစ်ပြီး မိုးချုပ်ရန် နှစ်နာရီကျော်ခန့် လိုသေးသဖြင့် အားချန်သည် ယဇ်ပုရောဟိတ်ကြီးထံမှ ရှန်းဟွေရွှယ် ၏ နေရပ်လိပ်စာကို မေးမြန်းပြီး သွားရှာလိုက်လေသည်။
ရှန်းဟွေရွှယ်၏ အိမ်တွင် ယခုအခါ သူမတစ်ယောက်တည်းသာ ရှိလေသည်။ ရှန်းချင်းဝူက ရွာထဲမှ အဖွဲ့နှင့်အတူ နှင်းတောင်ပေါ်သို့ သွားရောက်ခဲ့ပြီး နောက်ထပ် နှစ်ရက်ခန့်ကြာမှ ပြန်ရောက်မည်ဟု မနေ့က သူမက ပြောပြခဲ့သည်။
အားချန် ရောက်သွားချိန်တွင် ရှန်းဟွေရွှယ်သည် ထမင်းစားပြီးခါစဖြစ်ပြီး ကုလားထိုင်ပေါ်တွင် မူလခန္ဓာကိုယ်ပုံစံဖြင့် မှေးစက်အနားယူနေကာ အမြီးခြောက်ချောင်းမှာ တစ်ခါတစ်ရံ လှုပ်ရမ်းနေလေသည်။
"ဟွေရွှယ်" အားချန်က သူမကို လှမ်းခေါ်လိုက်သည်။
"အင်း" ရှန်းဟွေရွှယ်က ထူးလိုက်ပြီးမှ လူစကား ပြောင်းပြောလိုက်ကာ လေသံမှာ ပျော်ရွှင်နေပြီး အမြီးလှုပ်ရှားမှုနှုန်းပင် ပိုမြန်လာလေသည်။ "နင် ပြန်ရောက်ပြီလား"
အားချန်သည် ကုလားထိုင်နားသို့ လျှောက်သွားပြီး ဟွေရွှယ်၏ အမွေးပွပွ အမြီးများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
မြေခွေး၏ အမြီးကို မည်သူမဆို ကိုင်တွယ်ခွင့်ရှိသည်တော့ မဟုတ်ပေ။ သို့သော် အားချန်ကတော့ မတူချေ။ ရှန်းဟွေရွှယ်သည် အမြီးသုံးချောင်းကို အားချန်အတွက် ခွဲပေးလိုက်ပြီး သူမကိုယ်တိုင်ကတော့ လက်သည်းကို မြှောက်ကာ ကျန်ရှိသော အမြီးသုံးချောင်းကို ဖက်ထားပြီး အမွေးများကို လျှာဖြင့် သပ်နေလိုက်သည်။
"ဟွေရွှယ် နင် အရင်တုန်းက ငါ့ကို လိုက်ပို့ပေးမယ်ဆိုတဲ့ ယဇ်ပုရောဟိတ် နာမည်က ဘယ်သူလဲ" အားချန်သည် လက်ချောင်းများဖြင့် ဟွေရွှယ်၏ အမြီးပေါ်က အမွေးများကို ဖြီးပေးရင်း မေးလိုက်သည်။
ရှန်းဟွေရွှယ်၏ နားရွက်များ လှုပ်ရှားသွားလေသည်။ "ဝူယန်း လို့ ခေါ်တယ် ထင်တာပဲ"
"ဒါဆို မနက်ဖြန် ငါ့ကို သူနဲ့ သွားတွေ့ပေးနော်"
"ရတာပေါ့" ရှန်းဟွေရွှယ်က သဘောတူလိုက်သည်။ မူလကတည်းက သူမသည် အားချန်ကို ထိုယဇ်ပုရောဟိတ်နှင့် တွေ့ပေးရန် ရည်ရွယ်ထားပြီးသား ဖြစ်သည်။
အမွေးများကို ခဏလောက် ထပ်ဖြီးပေးပြီးနောက် အားချန်က ရုတ်တရက် မေးလိုက်၏။ "ဟွေရွှယ် နင် အမြုတေထဲက မိစ္ဆာစွမ်းအင်တွေကို စုပ်ယူပြီးတဲ့နောက် ထူးခြားတာ တစ်ခုခု ဖြစ်သေးလား"
"ထူးခြားတာလား" ရှန်းဟွေရွှယ်က ခေါင်းစောင်းကာ စဉ်းစားလိုက်သည်။ "ထူးခြားတယ်လို့ ပြောလို့ရမလားတော့ မသိဘူး။ ဒီနေရာကို ရောက်ပြီးတဲ့နောက် ငါ တစ်ခါတလေ အိပ်မက်မက်တယ်"
သူမသည် ယခုအခါ အဆင့်သုံး မြေခွေးမိစ္ဆာ ဖြစ်နေပြီဖြစ်ရာ ပုံမှန်အားဖြင့် အလွယ်တကူ အိပ်မက်မက်လေ့ မရှိပေ။ သာမန်အိပ်မက်များသည် နိမိတ်ပြသည့် သဘောသဘာဝ အနည်းငယ် ပါဝင်လေ့ရှိသည်။
သို့သော် သူမ၏ အိပ်မက်မှာ မတူညီဘဲ သူမ အဖေကိုသာ အိပ်မက်မက်လေသည်။
"အိပ်မက်မက်တာလား"
"အင်း။ ငါ တစ်ခါတလေ အဖေ့ကို အိပ်မက်မက်တယ်။" ရှန်းဟွေရွှယ်၏ အကြည့်များ နူးညံ့သွားလေသည်။ "သူက အိပ်မက်ထဲမှာ ငါနဲ့ စကားပြောတယ်။ တစ်ခါတုန်းက ငါ အမဲလိုက်တုန်း မတော်တဆ ဒဏ်ရာရသွားတယ်။ အဲဒီညက သူ ငါ့ကို အမဲလိုက်နည်းတချို့ သင်ပေးခဲ့တယ်။ ငါ တတ်သွားပြီးတဲ့နောက် ဘယ်တော့မှ ဒဏ်ရာ ထပ်မရတော့ဘူး"
"အိပ်မက်ထဲမှာ ပေါ်လာတာပေါ့ ..." အားချန် တိုးတိုးလေး ရေရွတ်လိုက်ပြီး အကြည့်များက ဝေးလွင့်နေလေသည်။
ရှန်းဟွေရွှယ်သည် အားချန်၏ ထူးခြားမှုကို သတိထားမိလိုက်ပြီး မေးလိုက်၏။ "ဘာဖြစ်လို့ ရုတ်တရက် ဒါကို မေးတာလဲ"
သူမက အသာအယာ ခေါင်းခါပြလိုက်ကာ "ဘာမှ မဟုတ်ပါဘူး။ ငါက မိစ္ဆာဖြစ်ရတာ ကောင်းတယ်လို့ ထင်မိလို့ပါ"
"တကယ် ကောင်းပါတယ်" ရှန်းဟွေရွှယ်က ထောက်ခံလိုက်လေသည်။ မိစ္ဆာဖြစ်လာပြီးနောက် သူမသည် ကြီးမားသော စွမ်းအားနှင့် ပိုမိုရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်လာခဲ့ရသည်။ သူမသည် လူ့လောကတွင် မရှိတော့သော အဖေဖြစ်သူကိုပင် အိပ်မက်ထဲတွင် မြင်တွေ့ခွင့် ရရှိခဲ့သည်။
သူမသည် သွားချင်ရာနေရာကို သွားနိုင်ပြီး သူမကို မည်သူမျှ ချုပ်နှောင်ထားနိုင်ခြင်း မရှိတော့ပေ။
သာ့ရှ မှ မထွက်ခွာမီက သူမ၏ ဘဝသည် သည်လောက် လွတ်လပ်နိုင်မည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးချေ။
နှစ်ဦးသားသည် ကိုယ်စီ အတွေးများထဲတွင် နစ်မြောနေကြပြီး အရပ်ရှည်သော ပုံရိပ်တစ်ခုသည် မည်သည့်အချိန်ကတည်းက တံခါးဝတွင် ရောက်နေမှန်း မည်သူမျှ သတိမထားမိကြချေ။
ပုံမှန် တံခါးခေါက်သံ ကြားလိုက်ရမှ လူတစ်ယောက်နှင့် မြေခွေးတစ်ကောင် ပြိုင်တူ လှည့်ကြည့်လိုက်ကြရာ တံခါးတစ်ဝက်ပွင့်နေသော နေရာတွင် ပိုင်ရှိုးမင် ရပ်နေပြီး အားချန်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
"ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ" အားချန်သည် ပိုင်ရှိုးမင်ကို တွေ့လိုက်ရသောအခါ ဟွေရွှယ်၏ အမွေးပွပွ အမြီးများကို လွှတ်လိုက်ပြီး သူ့ထံသို့ ပြေးသွားကာ သူမ၏ စကတ်အနားစများသည် လေတိုက်ခတ်မှုကြောင့် လွင့်ပျံနေပြီး လှပသော လိပ်ပြာလေးတစ်ကောင် သူ့ကိုယ်ပေါ်သို့ ပျံသန်းလာသကဲ့သို့ ဖြစ်နေလေသည်။
ပိုင်ရှိုးမင်က သူမကို တွဲထူလိုက်ပြီး ပြောလိုက်သည်။ "မိုးချုပ်တော့မယ်။ ယဇ်ပုရောဟိတ်ကြီးက မင်း ဒီမှာ ရှိတယ်လို့ ပြောလို့ လာကြိုတာ"
အားချန်သည် အမွေးပွပွ ဟွေရွှယ်ကို နှမြောတသ ကြည့်လိုက်ပြီး "ဒီည ကျွန်မ ဟွေရွှယ် အိမ်မှာ အိပ်လိုက်ရင် ဘယ်လိုလဲ" ဟု အကဲခတ် မေးမြန်းလိုက်သည်။
ပိုင်ရှိုးမင်က မသိမသာပင် ပြောလိုက်၏။ "ညဘက် ဆူညံတာကို မကြောက်တော့ဘူးလား"
"သူများတွေလည်း အိပ်ရမှာပဲလေ"
"သူက ..." အားချန်က သူမ အသံလုံတဲ့ အစီအရင်တစ်ခု လုပ်ထားလို့ ရတာပဲဟု ပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးခင်မှာပင် ပိုင်ရှိုးမင် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေသည်။
ထွက်ခွာသွားချိန်တွင် သူသည် အလိုက်တသိပင် ရှန်းဟွေရွှယ်၏ အိမ်တံခါးကို ပိတ်ပေးခဲ့ပြီး "အနှောင့်အယှက် ပေးမိပါပြီ" ဟု ပြောလိုက်သေးသည်။
အပြန်လမ်းတွင် အားချန်က မေးလိုက်၏။ "ရှင် ဘယ်တုန်းက ရောက်တာလဲ”
ပိုင်ရှိုးမင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "အခုလေးတင် ရောက်တာ။ ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး" အားချန်သည် ဘေးနားရှိ ယောက်ျား၏ ရှင်းလင်းပြတ်သားသော ဘေးတိုက်မျက်နှာကို အကြည့်ဖြင့် ပုံဖော်ကြည့်လိုက်ပြီး သူသည် သူမနှင့် ဟွေရွှယ်တို့၏ ပြောစကားများကို ကြားသွားလေသလားဟု တွေးမိလိုက်သည်။
ထင်သည့်အတိုင်းပင် နောက်တစ်ခဏ၌ ပိုင်ရှိုးမင်က မေးလာလေသည်။ "ရှန်းဟွေရွှယ် မိစ္ဆာဖြစ်သွားတာ မင်းနဲ့ ပတ်သက်နေလား"
အားချန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး ပြောလိုက်၏။ "ကျွန်မ သူ့ကို မကူညီပါဘူး။ သူက သူ့အဖေရဲ့ အမြုတေကို ရခဲ့လို့ပါ"
သူမသည် ဟွေရွှယ်ကို နည်းလမ်း ပြောပြလိုက်ရုံသာ ရှိလေသည်။
"သူ့ကို အားကျနေတာလား"
သူ တကယ်ပဲ သူမ ပြောသည့် စကားများကို ကြားသွားခဲ့တာပဲ။
"သူက သွားချင်တဲ့နေရာကို သွားလို့ရတယ်။ အန္တရာယ်ကိုလည်း စိုးရိမ်စရာ မလိုဘူး။ သူက အသက်လည်း ရှည်ရှည်နေရပြီး လုပ်ချင်တာတွေ အကုန်လုပ်လို့ရတယ်" အားချန်သည် သူမ၏ စကားထဲတွင် ပါဝင်သော အားကျမှုကို ဖုံးကွယ်မထားခဲ့ပေ။
ပိုင်ရှိုးမင်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူက ကိုယ်ကို လှည့်လိုက်ပြီး လက်ဖြင့် အားချန်၏ မျက်နှာကို ကိုင်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။ "ဒါတွေအားလုံး မင်း ရစေရမယ်"
အားချန်၏ မျက်တောင်များ ဖွဖွလေး လှုပ်ခတ်သွားသည်။ ပိုင်ရှိုးမင်က ဒီလိုပြောလာမှတော့ သူမကို လိမ်ညာလိမ့်မည် မဟုတ်ကြောင်း သူမ သိလေသည်။
သို့သော် သူမ ပိုလိုချင်သည်မှာ အဖေကို တွေ့မြင်ရဖို့ပင် ဖြစ်သည်။ ထိုအရာသည် အဖေအရင်း မဟုတ်ဘဲ သူ၏ အမှတ်တရ တစ်ခုသာ ဖြစ်လျှင်ပင် ကျေနပ်ပေသည်။
ဟွေရွှယ်သည် ဦးလေး၆ ၏ အမြုတေကို စုပ်ယူလိုက်ပြီး သူ့စွမ်းအင်များကို ရရှိခဲ့သည်။ ထိုစွမ်းအင်များထဲတွင် ဦးလေး၆ ၏ အမှတ်တရများ ပါဝင်နေသဖြင့် သူမသည် မကြာခဏ ဦးလေး၆ ကို အိပ်မက်မက်နေခြင်း ဖြစ်သည်။
အကယ်၍ သူမသည် အမြုတေထဲက မိစ္ဆာစွမ်းအင်ကို စွန့်လွှတ်လိုက်ပြီး အသက်စွမ်းအင်ကိုသာ ယူလိုက်မည်ဆိုလျှင် သူမသည် ရှည်လျားသော အသက်တမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သော်လည်း အဖေကိုတော့ ဘယ်တော့မှ တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။
...