လွမ်းလို့လေ
Vol. 18 Ch. 179
"ငါက နင့်အမေရဲ့ တပည့်ဖြစ်ပေမယ့် ဉာဏ်မကောင်းခဲ့ပါဘူး။ အရာအားလုံး ပြီးဆုံးသွားမှပဲ နင့်အမေ အဲဒီနှစ်တွေတုန်းက ဘာတွေလုပ်ခဲ့လဲ ဆိုတာကို ရိပ်မိတော့တယ်။ ဆရာမက တကယ်ကို တော်လွန်းပါတယ်" ဝူယန်းသည် ခေါင်းကို အနည်းငယ် မော့လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်လာလေသည်။
အစီအရင်ကို အသုံးပြု၍ ငရဲပြည်နှင့် အတင်းအဓမ္မ ဆက်သွယ်ကာ ကလေးနှစ်ယောက်၏ သွေးသားရင်းမြစ်ကို ခွဲထုတ်ပြီး အသက်ကို အသက်ချင်းလဲလှယ်ကာ သူမတို့ကို နောက်တစ်ဘဝ ဆက်လက် ရှင်သန်စေခဲ့သည်။
ဤလောကရှိ တားမြစ်ချက်များ အားလုံးကို ချိုးဖောက်ခဲ့ခြင်းပင်။
"ဘာဖြစ်လို့လဲ" အားချန်၏ နှုတ်ခမ်းများက တုန်ယင်နေပြီး မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်မှုများ ပေါ်လွင်နေလေသည်။
အမေက သူမကို မချစ်ဘူးဆိုသည့် အမှန်တရားကို သူမ စောစောစီးစီးကတည်းက လက်ခံထားခဲ့ပြီးသားပါ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ အပြန်အလှန် ဖြစ်စရာ မလိုပါဘူး။ သူမက အဖေနဲ့အမေကို ချစ်ရင်ပဲ လုံလောက်ပါပြီ။
သူမသည် အလွယ်တကူ ချော့မော့လို့ရသည့် မြေခွေးမလေး တစ်ကောင်ဖြစ်လေသည်။ တစ်ခါတလေ သူတို့ကို သတိရပြီး ဝမ်းနည်းရင်တောင် သူမဘာသာသူမ ပြန်ချော့သိပ် လိုက်လို့ရသည်။
အဖေနှင့်အမေက သူမနှင့် အားမန်ကို အသက်ဆက်ရှင်စေရန်အတွက် ကိုယ်ပိုင်အသက်များကို ပေးဆပ်ပြီး တိတ်တဆိတ် ပျောက်ကွယ်သွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဘာဖြစ်လို့လဲ။
"ဘာလို့လဲဆိုတော့ နင်က သူတို့သမီး ဖြစ်နေလို့လေ"
"ဒါပေမဲ့ အခုတော့ ကျွန်မက သူတို့နဲ့ သွေးသားတော်စပ်မှု နည်းနည်းလေးတောင် မရှိတော့ဘူး"
သူတို့ အသက်ပေးပြီး ပြန်လဲယူထားခဲ့သည့် သူမသည် အခြားသူတစ်ယောက် ဖြစ်သွားခဲ့ပြီ။ သူစိမ်းတစ်ယောက်၏ ကလေးဖြစ်သွားပြီး သူတို့နှင့် ဘာပတ်သက်မှုမှ မရှိတော့ပေ။
"နင့်အဖေနဲ့ အမေက ဒါတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူတို့က နင့်ကို ကောင်းကောင်းမွန်မွန် အသက်ရှင်စေချင်ရုံပါပဲ"
အားချန်သည် တိတ်ဆိတ်သွား၏။ သူမ၏ စိတ်ထဲတွင် ဒီကိစ္စကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။
ဝူယန်းသည် အားချန်ကို နှစ်သိမ့်ပေးရန် မတတ်နိုင်တော့ချေ။ ဒီကိစ္စကို သူမကိုယ်တိုင် နားလည်သဘောပေါက်မှသာ ရပေလိမ့်မည်။
တစ်ချိန်က သူမသည်လည်း မကြာခဏ တွေးခဲ့ဖူးသည်။ ဆရာမ ဒီလိုလုပ်တာ တကယ်ပဲ တန်ရဲ့လား။
အဲဒီကလေးနှစ်ယောက်က မွေးလာကတည်းက အဝေးကို ပို့ဆောင်ခံခဲ့ရတာ။ သူတို့ကြားမှာ တိုတောင်းလှတဲ့ ရေစက်ကလေးပဲ ရှိခဲ့ပြီး တကယ်တမ်း အတူတူ နေထိုင်ခဲ့ဖူးတာ မဟုတ်ဘူး။
ဒီလောကကြီးမှာ သံယောဇဉ်ဆိုတာ တုံ့ပြန်မှု ရှိဖို့ လိုအပ်တာပေါ့။
သို့သော် ယနေ့ အားချန် ဒီနေရာသို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဆရာမနှင့် ရှီကျင်းသခင်တို့သည် တန်သလား၊ မတန်ဘူးလား ဟူသည့်ကိစ္စကို တစ်ခါမှ မတွေးခဲ့ဖူးလောက်ဘူးဟု သူမ တွေးမိလိုက်သည်။
သူတို့ လုပ်ခဲ့သမျှ အရာအားလုံးက မိဘတို့၏ ဗီဇစိတ်ကြောင့်သာ ဖြစ်လေသည်။ သားသမီးကို ချစ်မြတ်နိုးသည့် ဗီဇစိတ်ကြောင့်ပင်။
တစ်နေ့ကျရင် အားချန် နားလည်လာမှာပါ။
"နင့်အဖေနဲ့ အမေက အရင်တုန်းက ဘေးက အိမ်မှာ နေခဲ့ကြတာ။ နင် သွားကြည့်ချင်လား" အားချန်ကို ဝမ်းနည်းမှုထဲတွင် ဆက်လက်နစ်မြောမနေစေချင်သဖြင့် ဝူယန်းက ရုတ်တရက် မေးလိုက်လေသည်။
အားချန်က တုံ့ဆိုင်းစွာဖြင့် ခေါင်းငြိမ့်လိုက်၏။ "ဟုတ်ကဲ့"
ဝူယန်းက ထရပ်လိုက်ပြီး သူမကို ဘေးအိမ်သို့ ခေါ်ဆောင်သွားလေသည်။
သစ်သားအိမ်၏ တံခါးကို သော့ခတ်မထားပေ။ ဝူယန်းက တံခါးဖွင့်လိုက်သည့် အချိန်တွင် တံခါးဝ၌ ရပ်နေသော အားချန်၏ ဦးနှောက်ထဲ၌ မှတ်ဉာဏ်တစ်ခု ရုတ်တရက် လက်ခနဲ ပေါ်လာခဲ့သည်။
သူမ ဒီနေရာကို မှတ်မိတယ်။
သူမသည် တံခါးပေါက်မှ ဝင်ရောက်လာခဲ့ပြီး မည်သူ့လမ်းညွှန်မှုမှ မပါဘဲ ဘယ်ဘက်လက်ရှိ တံခါးတစ်ချပ်ကို ဖွင့်လိုက်လေသည်။
တံခါးပွင့်သွားသောအခါ အတွင်း၌ စာကြည့်ခန်းတစ်ခု ရှိနေသည်။ စာကြည့်စားပွဲပေါ်တွင် စာအုပ်အနည်းငယ် တင်ထားပြီး အနောက်ဘက် နံရံတစ်ခုလုံးတွင် စာအုပ်စင် ရှိလေသည်။ အပေါ်တွင် စာအုပ်များ၊ ဝါးပေလွှာများနှင့် ပိုးစများဖြင့် ပြည့်နှက်နေ၏။
ဒီစာကြည့်ခန်းက အခုကြည့်လိုက်လျှင် သိပ်မကျယ်ဝန်းလှသော်လည်း ယခင်က အားချန်အတွက်တော့ အလွန် ကျယ်ဝန်းခဲ့ဖူးသည်။
သူမသည် အဖမ်းမခံရစေရန်၊ အခေါ်မခံရစေရန်အတွက် ဒီနေရာတွင် ပုန်းအောင်းဖူးခဲ့သည်။
သို့သော် သူမသည် မကြာခင်မှာပင် အဖမ်းခံခဲ့ရပြီး စားပွဲပေါ်က စာအုပ်တစ်အုပ်ကိုသာ အလျင်အမြန် ဆွဲယူနိုင်ခဲ့ကာ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့သည်။ နောက်ပိုင်းတွင် ထိုစာအုပ်သည် သူမ၏ ရတနာ ဖြစ်လာခဲ့သည်။
အားချန်သည် စာကြည့်စားပွဲရှေ့သို့ လျှောက်လာပြီး စားပွဲမျက်နှာပြင်ပေါ်တွင် လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။ အဲဒီစာအုပ်က အရင်တုန်းက ဒီနေရာမှာ ရှိနေခဲ့တာ။
သူမသည် ခေါင်းလှည့်ကာ ဝူယန်းကို ပြောလိုက်၏။ "ကျွန်မ အရင်တုန်းက အမေ့ဆီက စာအုပ်တစ်အုပ် ယူသွားခဲ့ဖူးတယ်"
အနောက်မှ လိုက်ပါလာသော ဝူယန်းသည် ခဏမျှ စဉ်းစားလိုက်ပြီး ရယ်မောကာ ပြောလေသည်။ "ငါ မှတ်မိတယ်။ အဲဒါက အမွှေးနံ့သာ ပြုလုပ်နည်း စာအုပ်ပဲ။ နင့်အမေက မျိုးနွယ်စုရဲ့ မှတ်တမ်းတွေကို အခြေခံပြီး ပြုစုထားတာ။ အဲဒီထဲက တချို့အကြောင်းအရာတွေက သူကိုယ်တိုင် ဖြည့်စွက်ထားတာတွေလေ။ အထဲက ဆေးနည်းတွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်"
"အဲဒီစာအုပ်က နောက်ပိုင်းမှာ ပျက်စီးသွားတယ်။ ဒီနေရာမှာ မိတ္တူပွားထားတာ ရှိလား" အားချန်က မေးလိုက်၏။
အဲဒီတုန်းက သူမ ချင်းယွီတောင်ပေါ်မှာ တခြားမြေခွေးပေါက်စတွေနဲ့ ရန်ဖြစ်ခဲ့တာ။ သူမ နိုင်သွားတော့ အဲဒီမြေခွေးပေါက်စက အပေါင်းအပါတွေ ခေါ်ပြီး လက်စားလာချေတယ်။
သူမ မရှိတုန်း အားမန်ကို အနိုင်ကျင့်ပြီး အားမန်လက်ထဲက စာအုပ်ကို လုယူပြီး စုတ်ဖြဲပစ်လိုက်ကြတယ်။ သူမ ပြန်ရောက်တဲ့အချိန်မှာ သူမရဲ့ မျက်စိရှေ့မှာတင် အဲဒီ စာရွက်အပိုင်းအစတွေကို မီးရှို့ပြီး ပြာချပစ်လိုက်ကြတယ်။
ကံကောင်းသည်မှာ သူမသည် အကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့ဖူးသဖြင့် ထိုစာအုပ်ထဲက အကြောင်းအရာများကို အကုန်လုံးနီးပါး မှတ်မိနေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က အားချန် ပထမဆုံးအကြိမ် မျိုးနွယ်တူချင်းကို သေလောက်အောင် ရိုက်နှက်ခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ တောင်ပေါ်က အကြီးအကဲများက တွေ့ပြီး မတားဆီးခဲ့လျှင် သူမနှင့် အားမန်တို့ ချင်းယွီတောင်ပေါ်မှ မောင်းချခံရလောက်သည်။
ဒါပေမဲ့ သူမ အပြစ်ပေး ခံခဲ့ရသေးတယ်။ ရန်ဖြစ်တုန်းက ရခဲ့တဲ့ ဒဏ်ရာရယ်၊ အပြစ်ပေးခံရလို့ ရခဲ့တဲ့ ဒဏ်ရာရယ် ပေါင်းပြီး သူမ ရက်အတော်ကြာအောင် သတိမကောင်း ဖြစ်နေခဲ့တယ်။ အားမန်က သူမနားမှာ တစ်ချိန်လုံး ငိုနေခဲ့တာကို သူမ မှတ်မိသေးတယ်။ သူမ အိပ်ပျော်နေတဲ့ အချိန်ဆို ပိုပြီးတော့တောင် ကျယ်ကျယ်လောင်လောင် ငိုသေးတယ်။
အဲဒီနေ့က စပြီးတော့ထင်တတာပဲ။ အားမန်က သူမရှေ့မှာ မိဘအကြောင်း ဘယ်တော့မှ ထပ်မပြောတော့ဘူး။
"မရှိဘူး" ဝူယန်း၏ အသံကြောင့် အားချန်၏ လွင့်ပါးနေသော အတွေးများ ပြန်ရောက်လာခဲ့သည်။
သူမ၏ မျက်နှာတွင် အံ့ဩသွားသည့် အမူအရာ ပေါ်လာသည်ကို မြင်သောအခါ ဝူယန်းက ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "အဲဒီစာအုပ်က မူလက ဝူရင်းအတွက် ပေးမလို့ လုပ်ထားတာ။ နောက်ပိုင်း စာအုပ်ကို နင် ယူသွားပြီလို့ ဆရာမ ကြားတဲ့အခါ အဲဒီစာအုပ်ကို ပြန်မကူးတော့တာ"
"ဘာဖြစ်လို့လဲ" အားချန်က နားမလည်ပေ။
"အဲဒါက တန်ဖိုးကြီးတဲ့ လက်ဆောင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာမက အဲဒါကို တစ်ခုတည်းသော အရာဖြစ်စေချင်ခဲ့မယ်လို့ ငါ ထင်တယ်"
အဲဒီစာအုပ်က သူတို့သားအမိကြားက တစ်ခုတည်းသော ဆက်သွယ်မှုပဲလေ။
အားချန်သည် မှင်သက်အံ့ဩသွားတော့သည်။ သူမသည် ဝူယန်းကို ကျောပေးကာ ဖြည်းညှင်းစွာ ကိုယ်ကို လှည့်လိုက်၏။ အတော်ကြာမှ တိုးညှင်းစွာ ပြောလိုက်လေသည်။ "ယန်းဘွားဘွား ကျွန်မကို ဒီမှာ တစ်ယောက်တည်း ခဏလောက် နေခွင့်ပေးလို့ရမလား"
"ဒါပေါ့ ရတာပေါ့" ဝူယန်းက ခေါင်းငြိမ့်လိုက်၏။ "ခဏနေရင် နင် အခန်းထဲမှာ တစ်ရေးလောက် အိပ်လိုက်ဦး။ နင် နိုးလာတဲ့အချိန်ကျရင် ဟွေရွှယ်က ဝူဖုန့်ငှက်တွေ ယူပြီး ပြန်ရောက်လာလောက်ပြီ။ အဲဒီကျရင် ဘွားဘွားက နင်တို့အတွက် ဟင်းချို ချက်ပေးမယ်"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ယန်းဘွားဘွား"
ဝူယန်းသည် သစ်သားအိမ်ထဲမှ ထွက်လာပြီး တံခါးပြန်ပိတ်လိုက်ချိန်တွင် တံခါးနှစ်ချပ်ကြားမှတဆင့် ထိုနေရာတွင် အထီးကျန်စွာ ရပ်နေဆဲဖြစ်သော အားချန်ကို မြင်လိုက်ရသည်။
သူမ ဒီနေရာကို စောင့်ရှောက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ထွက်ခွာသွားတဲ့လူတွေ ပြန်မလာနိုင်တော့ဘူး ဆိုတာ သိပေမယ့် တချို့သော စိတ်ကူးယဉ် အခိုက်အတန့်တွေမှာ တံခါးဖွင့်လိုက်တာနဲ့ ဆရာမနဲ့ ရှီကျင်းသခင်တို့ရဲ့ ပုံရိပ်ကို တွေ့ရမယ်လို့ သူမ အမြဲ ထင်နေမိတယ်။
ဒီကလေးရဲ့ လက်ရှိရုပ်ရည်က ဆရာမနဲ့ ရှီကျင်းသခင်တို့နဲ့ နည်းနည်းလေးမှ မတူတော့ပေမယ့် သူမကတော့ ဟိုးယခင် အချိန်တွေတုန်းက ရှီကျင်းသခင်ကို မြင်တွေ့လိုက်ရသလိုပင်။
ခန္ဓာကိုယ် ရုပ်သွင်ပြင်က ဘယ်လိုပဲ ပြောင်းလဲသွားပါစေ၊ တချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။
အခန်းတံခါး ပိတ်သံ ထွက်ပေါ်လာပြီးနောက် အားချန်သည် အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ရပ်နေပြီးမှ စာကြည့်စားပွဲကို ပတ်သွားကာ စားပွဲနောက်က ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
အရင်တုန်းက အမေ ဒီနေရာမှာ မကြာခဏ ထိုင်ခဲ့မှာပဲလို့ဟု သူမ တွေးမိလိုက်သည်။ ဖြစ်နိုင်တာက အဖေလည်း ဒီနေရာမှာ အမေ့ကို အဖော်ပြုပေးခဲ့မှာပဲ။
အဖေက ဘယ်နေရာကို ကြိုက်လောက်မလဲ။
အားချန်၏ အကြည့်များသည် စာကြည့်ခန်းအတွင်း တစ်လက်မချင်း လိုက်လံ ကြည့်ရှုနေပြီး နောက်ဆုံးတွင် အနောက်ဘက် ပြတင်းပေါက်အောက်ရှိ အနည်းငယ် ဟောင်းနွမ်းနေသော ဖျာလေးတစ်ချပ် ပေါ်တွင် ရပ်တန့်သွားသည်။ အဖေက အဲဒီနေရာမှာ ရှိနေလောက်တယ်။
မြေခွေးတစ်ကောင်အဖြစ် ပြောင်းလဲပြီး အဲဒီမှာ ဝပ်နေရင် အမေ့ရဲ့ မျက်နှာဘေးလေးကို ကောင်းကောင်း မြင်ရနိုင်တယ်။ အမေ ပင်ပန်းလို့ ခေါင်းလှည့်လိုက်ရင်လည်း အဖေ့ကို မြင်နိုင်တယ်။
အားချန်သည် သူမ၏ စိတ်ကူးကြောင့် အသံမထွက်ဘဲ ပြုံးလိုက်မိသည်။
ခဏကြာအောင် ထိုင်နေပြီးနောက် သူမသည် ထရပ်ကာ အနောက်ဘက်က စာအုပ်စင်ကို သွားကြည့်လိုက်သည်။
စာအုပ်စင် အောက်ဆုံးထောင့်တွင် ပန်းအိုးတင်သည့် သစ်သားစင်တစ်ခုဖြင့် ကွယ်နေပြီး ထိုနေရာတွင် သေတ္တာတစ်လုံး ရှိနေပုံရသည်။
အားချန်သည် ပန်းအိုးကို မထုတ်လိုက်ပြီး သစ်သားစင်ကို ရွှေ့လိုက်ကာ အထဲမှ သစ်သားသေတ္တာကို ဆွဲထုတ်လိုက်လေသည်။
ဒီသေတ္တာတွင် အဖုံးမပါဘဲ အတွင်းက ပစ္စည်းများအပေါ်တွင် ဖုန်များ ထူပိန်းစွာ တင်နေသည်။ ယန်းဘွားဘွား အခန်းသန့်ရှင်းရေး လုပ်တုန်းက ဒီနေရာကို မေ့ကျန်ခဲ့ပုံရသည်။
အားချန်သည် အထဲမှ ပလုတ်တုတ် ကလေးကစားစရာ နှစ်ခု၊ ဝါးလုံးလေးတစ်လုံး၊ ဘောင်သာ ကျန်တော့သည့် လေရဟတ်တစ်ခုနှင့် အဖြူရောင် အရိုးခရာတစ်ခုတို့ကို ရှာဖွေတွေ့ရှိလိုက်သည်။
အောက်ဆုံးထိ စမ်းကြည့်လိုက်ရာ သေတ္တာ၏ အောက်ခြေဆုံးမှ သစ်သားရုပ်တု အသေးလေးနှစ်ခုကို စမ်းမိလိုက်သည်။
မြေကြီးပေါ်တွင် ဝပ်ပြီး အမြီးထောင်နေသော မြေခွေးပေါက်စလေး တစ်ကောင်နှင့် လက်ချောင်း စုပ်နေသော ဝဝကစ်ကစ် ကလေးပေါက်စလေး တစ်ရုပ်။
အားချန်သည် လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ပြီး သစ်သားရုပ်တုလေး နှစ်ခုကို သေချာစွာ သုတ်သင်လိုက်ကာ စာကြည့်စားပွဲပေါ်တွင် တင်ထားလိုက်သည်။
သေတ္တာကို သေချာပြန်သိမ်းကာ မူလနေရာတွင် ပြန်ထားလိုက်ပြီးနောက် အားချန်သည် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်လေသည်။
သူမသည် စာကြည့်စားပွဲပေါ်တွင် မှောက်လိုက်ပြီး မေးစေ့ကို လက်မောင်းပေါ် တင်ကာ ထိုသစ်သားရုပ်တုလေး နှစ်ခုကို မော့ကြည့်နေမိသည်။ အဲဒီသေတ္တာထဲက ကစားစရာလေးတွေကို ဘယ်သူ လုပ်ပေးထားတာလဲ။ သစ်သားရုပ်တုတွေကို အဖေ ထုလုပ်ခဲ့တာလား၊ ဒါမှမဟုတ် အမေ ထုလုပ်ခဲ့တာလား။
အားချန်သည် အဖြေကို မသိချင်တော့ပေ။
သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး ခေါင်းကိုစောင်းကာ လက်မောင်းပေါ် အိပ်ရင်း တိတ်ဆိတ်ငြိမ်သက်နေသော စာကြည့်ခန်းထဲတွင် အိပ်ပျော်သွားလေတော့သည်။
အားချန်သည် မွှေးပျံ့သော အနံ့တစ်ခုကြောင့် နိုးလာခဲ့၏။ သူမ မျက်လုံး မဖွင့်ရသေးခင်မှာပင် ဗိုက်က တဂွီဂွီ မြည်နေလေပြီ။
အိပ်မှုန်စုံမွှားဖြင့် ထလိုက်ပြီး မျက်လုံးဖွင့်လိုက်သည်နှင့် စားပွဲတစ်ဖက်တွင် ဟွေရွှယ်က ပန်းကန်လုံးအသေး တစ်လုံးကို ကိုင်ကာ လက်တစ်ဖက်ဖြင့် ပန်းကန်ဝကို မရပ်မနား ယပ်ခတ်ပေးနေသည်ကို တွေ့လိုက်ရသည်။
"ဟွေရွှယ် နင် ပြန်ရောက်လာပြီပဲ" အိပ်ရာနိုးခါစမို့ အားချန်၏ အသံမှာ အားနည်းနေလေသည်။
ဟွေရွှယ်က အားချန်ကို ကြည့်လိုက်၏။ အားချန်၏ မျက်လုံးများ အနည်းငယ် ရောင်ရမ်းနေပြီး အိပ်နေရင်း ငိုထားပုံရသည်။ သို့သော် သူမက မမေးမြန်းဘဲ ဝူဖုန့်ဟင်းချို ထည့်ထားသော ပန်းကန်လုံးကို စားပွဲပေါ်တင်ကာ အားချန်၏ လက်နားသို့ တွန်းပို့ပေးလိုက်သည်။
"ငါ ဝူဖုန့်ငှက် လေးကောင် ဖမ်းလာခဲ့တယ်။ ယန်းဘွားဘွားက နှစ်ကောင်ကို ဟင်းချိုလုပ်လိုက်ပြီး ကျန်တဲ့ နှစ်ကောင်ကိုတော့ ညကျရင် ကင်စားကြမယ်။ ဟင်းချိုအရသာ ဘယ်လိုနေလဲ အရင်မြည်းကြည့်ပါဦး"
အားချန်က မငြင်းဆန်ပေ။ သူမသည် ပန်းကန်လုံးကို ကိုင်ကာ မှုတ်လိုက်ပြီး ဟင်းချို အနည်းငယ်ကို သောက်လိုက်သည်။
ဒီဝူဖုန့်ဟင်းချိုထဲတွင် ဆားအနည်းငယ်သာ ခတ်ထားသော်လည်း အရသာမှာ အလွန် ရှိလေသည်။ အားချန် ဟင်းချိုပန်းကန်လုံးသေး တစ်လုံး သောက်လိုက်ပြီးမှ ပိုပြီး ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။
"ကောင်းလား" ဟွေရွှယ်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပါဝင်နေသည်။
"အရမ်းကောင်းတယ်"
ဟွေရွှယ်က ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "သွားကြစို့၊ ထမင်းသွားစားရအောင်၊ ယန်းဘွားဘွားက ဟင်းချိုတစ်အိုးကြီး ချက်ထားတယ်"
"ကောင်းပြီ" အားချန်သည် သူမနောက်မှ လိုက်ကာ စာကြည့်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
နေ့လယ်တွင် သူမတို့သည် ဂျုံမုန့်ပြားများနှင့် ဝူဖုန့်ဟင်းချို အိုးကြီးတစ်အိုးကို စားသောက်ကြပြီး ညဘက်ရောက်မှ ကျန်ရှိနေသော ဝူဖုန့်ငှက် နှစ်ကောင်ကို ကင်စားနိုင်ခဲ့ကြသည်။
ယန်းဘွားဘွား၏ သစ်သားအိမ် ခေါင်မိုးစွန်းတွင် အတိုအရှည် မညီညာသော နွယ်ပင်များ တွဲလောင်းကျနေပြီး ထိုနွယ်ပင်များပေါ်တွင် လက်သီးဆုပ်အရွယ် အသီးများ သီးနေသည်။ ထိုအသီးများသည် ညဘက်တွင် အဖြူရောင် အလင်းအေးများကို ထုတ်လွှတ်ပေးပြီး အိမ်ရှေ့က ကွင်းပြင်တစ်ခုလုံးကို လင်းထိန်နေစေသည်။
အလင်းရောင်ကို အမှီပြု၍ သုံးယောက်သားသည် သစ်သားအိမ်ရှေ့ ကွင်းပြင်တွင် ဝိုင်းဖွဲ့ထိုင်ကာ ယနေ့ညစာကို စားသောက်ကြလေသည်။
ထမင်းစားရင်း စကားစမြည် ပြောကြရာ အားချန်က နောက်ရက်အနည်းငယ် အကြာတွင် ကျင်းပမည့် ယဇ်ပူဇော်ပွဲ၌ ယဇ်ပုရောဟိတ်ကြီးက သူမကို ယဇ်ပူဇော်သည့် အက ကခိုင်းကြောင်း ပြောပြလိုက်သည်တွင် ယန်းဘွားဘွားက သူမကို အနည်းငယ် သင်ကြားပြသ ပေးလိုက်သည်။
နောက်ပိုင်းတွင် သူမနှင့် ဟွေရွှယ်တို့၏ မြှောက်ပင့်မှုကြောင့် ယန်းဘွားဘွားသည် ယဇ်ပူဇော်သည့် အကကို ကိုယ်တိုင် သရုပ်ပြ ကပြခဲ့လေသည်။ အားချန်သည် ခဏလောက် ကြည့်ရှုအားပေးပြီးနောက် လေးလေးနက်နက် သင်ကြားပေးနေသော ယန်းဘွားဘွား၏ ခေါ်ဆောင်မှုဖြင့် အတူတူ လိုက်လေ့ကျင့်ခဲ့ရပြီး ဟွေရွှယ်ကတော့ ဘေးမှနေ၍ စည်းဝါး လိုက်တီးပေးနေလေသည်။
အကကွက် အနည်းငယ်ကို ပြုပြင်ပေးပြီး နှစ်ကြိမ်လောက် လေ့ကျင့်ပြီးနောက် အားချန်သည် ယဇ်ပူဇော်သည့် အကတစ်ခုလုံးကို အမှားအယွင်းမရှိ ကပြနိုင်ခဲ့လေသည်။
ဟွေရွှယ်က လက်ခုပ်တီးရင်း ပြောလိုက်၏။ "အားချန် ယဇ်ပူဇော်တဲ့နေ့ ရောက်ရင် ငါ နင့်ကို အလှဆုံး ပန်းကုံး ပေးမယ်"
ယဇ်ပူဇော်ပွဲတွင် ကပြသော ဝူမျိုးနွယ် လူငယ်များကို ပန်းကုံးပေးခြင်းသည် ဓလေ့ထုံးစံတစ်ခု ဖြစ်ပြီး ပန်းကုံးအများဆုံး ရရှိသူသည် အကအကောင်းဆုံး ဖြစ်လေသည်။
ဝူမျိုးနွယ် မဟုတ်တဲ့ အားချန်ကို ယဇ်ပုရောဟိတ်ကြီးက ဘာဖြစ်လို့ ယဇ်ပူဇော်ပွဲမှာ ကပြဖို့ ဖိတ်ခေါ်ရတာလဲ ဆိုတာကို မသိပေမယ့် တခြားသူတွေ ရတာကို အားချန်လည်း ရကိုရစေရမယ်။ ဟွေရွှယ်က ပန်းကုံးအကြီးကြီး တစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အရေအတွက်မှာ မနိုင်ရင်တောင် အရွယ်အစားမှာတော့ ရှုံးလို့ မဖြစ်ဘူးလေ။
"ဒါဆိုရင် နင် မေ့လို့မဖြစ်ဘူးနော်" အားချန်က သူမ၏ ကပြမှုကို သိပ်ပြီး ယုံကြည်မှု မရှိလှပေ။ ဟွေရွှယ် တစ်ယောက်တည်းကသာ ပန်းကုံးပေးမည့်သူ ဖြစ်ကောင်းဖြစ်နိုင်သဖြင့် လက်လွှတ်ခံလို့ မဖြစ်ပေ။
"ကဲပါ၊ မိုးချုပ်နေပြီ၊ အနားယူကြတော့" ယန်းဘွားဘွားသည် သူမတို့နှင့်အတူ နေ့တစ်ဝက်လောက် အလုပ်ရှုပ်ခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနေပုံရကာ ဟွေရွှယ်ကို လက်ယမ်းပြလိုက်သည်။ "ဟွေရွှယ် နင်က ငါ့ဆီမှာအိပ်၊ အားချန်က ဘေးအိမ်မှာ သွားအိပ်"
နှစ်ယောက်သားသည် ယန်းဘွားဘွား၏ စီစဉ်မှုကို သဘောထားကွဲလွဲခြင်း မရှိကြပေ။ အားချန်သည် သူမအမေ၏ သစ်သားအိမ်သို့ ပြန်လာခဲ့ပြီး ကိုယ်လက်သန့်စင်ပြီးနောက် တစ်ချိန်က အမေပိုင်ဆိုင်ခဲ့သော ကုတင်ပေါ်တွင် ထိုင်နေလိုက်သည်။ ဒီနေရာတွင် ယန်းဘွားဘွား ပြင်ဆင်ပေးထားသော စောင်အသစ်များ ရှိနေလေသည်။
ခုနက အက ကလိုက်သောကြောင့် ဖြစ်မည်။ အချိန်လွန်နေပြီ ဖြစ်သော်လည်း အားချန်သည် အိပ်ချင်စိတ် လုံးဝ မရှိပေ။
သူမ တစ်ယောက်တည်း မှောင်မည်းနေသော အခန်းထဲတွင် ရှိနေပြီး နေ့ခင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများက မီးအိမ်လည်သကဲ့သို့ ခေါင်းထဲတွင် တစ်ဖန် ပြန်လည် ပေါ်လာပြန်သည်။
အားချန်၏ စိတ်အခြေအနေမှာ ပြန်လည် ကျဆင်းလာပြန်သည်။
သူမသည် ရုတ်တရက် ကိစ္စတစ်ခုကို သတိရလိုက်၏။ ခန္ဓာကိုယ် လဲလှယ်ပြီးနောက် သူမ၏ ဝိညာဉ်ပေါ်တွင် နားမလည်နိုင်သော သံကြိုးများ ပေါ်လာခဲ့သည်။ ပထမအကြိမ်က မတော်တဆ ဖြစ်ခဲ့သော်လည်း သံကြိုး၏ အာနိသင်ကို သူမ စမ်းသပ်တွေ့ရှိခဲ့သည်။ သံကြိုးကို ဖြေလျော့ရန်အတွက် သူမသည် လူသားများနှင့် တဖြည်းဖြည်း နီးကပ်လာအောင် နေထိုင်ပြီး သူတို့၏ အချစ်၊ အမုန်း၊ အလို၊ ဆန္ဒများကို နားလည်အောင် ကြိုးစားခဲ့ရသည်။
အမေက သူမ လူသားတစ်ယောက် ဖြစ်လာမယ်ဆိုတာကို ကြိုသိနေခဲ့တာလား။
ဒါကြောင့်မလို့ အဲဒီ သံကြိုးတွေကို ချန်ထားခဲ့ပြီး သူမကို လူတစ်ယောက်နဲ့ ပိုတူလာအောင် လုပ်ခဲ့တာလား။ သူမကလည်း အမေ မျှော်လင့်ထားသလိုပဲ လူသားတွေရဲ့ ဘဝကို တဖြည်းဖြည်း ကျင့်သားရလာပြီး မိတ်ဆွေတွေ ရှိလာတယ်... သဘောကျရတဲ့သူ ရှိလာတယ်။
ဒါပေမဲ့ သူမက အဖေနဲ့အမေရဲ့ သမီးပဲ ဆက်ဖြစ်ချင်နေတုန်းပဲ။ ဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်ကို ပြန်မရနိုင်တော့ရင်တောင် အဖေ့ရဲ့ အမြုတေကို သုံးပြီး ခန္ဓာကိုယ်ကို မိစ္ဆာအဖြစ် ပြောင်းလဲပစ်လို့ ရနိုင်တယ်။
အဲဒီလိုလုပ်တာက အရမ်း အန္တရာယ်များတယ် ဆိုပေမယ့်၊ မိစ္ဆာအဖြစ် ပြောင်းလဲတာ မအောင်မြင်ရင် တစ်ပိုင်းတစ်စ မိစ္ဆာဖြစ်ပြီး အသိစိတ် လွတ်သွားတဲ့ သတ္တဝါအဖြစ် ရောက်သွားနိုင်တယ် ဆိုပေမယ့်၊ တကယ်လို့သာ အောင်မြင်ခဲ့ရင် သူမက အဖေ့ရဲ့ မိစ္ဆာစွမ်းအင် တစ်စိတ်တစ်ပိုင်းနဲ့ မှတ်ဉာဏ်တွေကို ဆက်ခံရရှိမှာ ဖြစ်ပြီး အဲဒါဆိုရင် သူမနဲ့ အဖေ၊ အမေတို့ကြားမှာ ဖျောက်ဖျက်လို့ မရတဲ့ သံယောဇဉ်ကြိုးတွေ ရှိလာမှာပဲ။
ထိုအမြုတေသည် သူမ၏ အတွေးကို အာရုံခံမိသကဲ့သို့ အားချန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။
ရွှေရောင် အမြုတေသည် တလည်လည် လှည့်ပတ်နေပြီး သူမအတွက် အမှောင်ထုကို မောင်းထုတ်ပေးနေသည့် ပုလဲလုံးလေး တစ်လုံးကဲ့သို့ပင်။
အားချန် လက်လှမ်းလိုက်ရာ သူမ၏ လက်ချောင်းများက ထိုအရာကို ထိလုနီးပါး ဖြစ်သွားသည်။
ထိတွေ့မိခါနီး အချိန်တွင် သူမ၏ လက်ချောင်းများ အနည်းငယ် ကွေးသွားပြီး သူမ တုံ့ဆိုင်းသွားလေသည်။
မူလက ထိုနေရာတွင် ရပ်တန့်နေသော အမြုတေသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ တစ်ချက် လက်ခနဲ ဖြစ်သွားပြီး အားချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
အခန်းသည် တစ်ဖန် အမှောင်ထု ဖုံးလွှမ်းသွားပြီး အားချန်သည် ဆန့်ထုတ်ထားသော လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်လေသည်။
ထိုအချိန်တွင် စည်းချက်ကျသော တံခါးခေါက်သံသည် တိတ်ဆိတ်သော ညအချိန်၌ ရုတ်တရက် ထွက်ပေါ်လာသည်။
အားချန်မှာ လန့်သွားပြီး အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ အခန်းထဲတွင် မှောင်မည်းနေသဖြင့် သူမ ဘာမှမမြင်ရသော်လည်း ထိုနေရာသည် ပြတင်းပေါက် ရှိရာဘက်မှန်း သူမ သိလိုက်သည်။
တံခါးခေါက်သံ ပျောက်ကွယ်သွားပြီးနောက် သူမသည် အသက်အောင့်ကာ ခဏတာ နားစွင့်နေလိုက်ရာ တံခါးခေါက်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဘယ်သူလဲ"
တင်းကျပ်စွာ ပိတ်ထားသော ပြတင်းပေါက်သည် အသံမမြည်ဘဲ ပွင့်သွားပြီး မူလက ရွာထဲတွင် ကျန်ရစ်ခဲ့သော လူသည် အားချန်၏ မျက်စိရှေ့တွင် သည်အတိုင်း ပေါ်လာလေသည်။
ပြတင်းပေါက် အပြင်ဘက်မှ လေများ တိုးဝင်လာပြီး ကုတင်ခန်းဆီးစွန်းကို လွင့်ပါးစေသလို အားချန်၏ စိတ်ကိုလည်း လေထဲသို့ လွင့်ပါသွားစေသည်။
သူမသည် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ခြေဗလာဖြင့် ပြတင်းပေါက်နားသို့ ပြေးသွားကာ မျက်လုံးဝိုင်းလေးများဖြင့် သူမနှင့် ပြတင်းပေါက် တစ်ချပ်သာ ခြားထားသော လူကို စိုက်ကြည့်ရင်း ကိုယ်တိုင်ပင် သတိမထားမိလိုက်သော ဝမ်းသာအားရ အသံဖြင့် မေးလိုက်လေသည်။ "ရှင် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"လွမ်းလို့လေ"
...