← Chapters

ပိုင်ရှိုးမင်သည် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး...

Vol. 19 Ch. 183

ပိုင်ရှိုးမင်သည် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး...

Vol. 19 Ch. 183

ဖန်ချီက ပိုင်လုံရွာကို ပြန်လှည့်ကြည့်လိုက်ပြီး နှမြောတသစွာ ပြောလိုက်သည်။ "ကြည့်ရတာ ရွာတစ်ရွာလုံးကို ချိပ်ပိတ်ထားလိုက်ရတော့မယ် ထင်တယ်။ ဒီနေရာက ဖုန်းရွှေမြေအနေအထားနဲ့ ရှင်သန်နေတဲ့ ရေထွက်ပေါက် ရှိနေတာကို နှမြောစရာပဲ"

နယ်စပ်လို ခြောက်သွေ့ပြီး ရေရှားပါးသည့် နေရာမျိုးတွင် ရှင်သန်နေသော ရေထွက်ပေါက် ရှိနေခြင်းက ဖုန်းရွှေရတနာမြေဟု ဆိုနိုင်ပြီး ရွာတစ်ရွာလုံးကို ကျွေးမွေးစောင့်ရှောက်ရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။

သို့သော် မင်ကျင့်စီး၏ စည်းမျဉ်းစည်းကမ်းများအရ ဤကဲ့သို့သော ထူးဆန်းသည့်နေရာမျိုးကို နယ်မြေမကျယ်ပြန့်လာစေရန် သို့မဟုတ် သာမန်ပြည်သူများ ဝင်ရောက်ပြီး ထိခိုက်မှုမရှိစေရန် မဖြစ်မနေ ပိတ်လှောင်ထားရမည် ဖြစ်သည်။ ပိတ်လှောင်ထားလိုက်ပြီးနောက် သာမန်လူများသည် ထိုနေရာအနီးသို့ ရောက်ရှိလာပါက အလိုအလျောက် ရှောင်ကွင်းသွားကြမည်ဖြစ်ပြီး ဤရွာသည်လည်း လုံးဝ ဖျက်သိမ်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ယခုအချိန်တွင် ကံကောင်းသည်ဟု ဆိုရမည့်အချက်မှာ နောက်ကွယ်မှ လက်မရွံ့အပြစ်ပေးခဲ့သည့် ထိုနဂါးဘုရင်သည် ရက်စက်သော်လည်း အတိုင်းအတာ ရှိသေးသည်ဟု ဆိုရမည်ဖြစ်ပြီး အခြားလူများကိုတော့ ရောနှောအပြစ်ပေးခဲ့ခြင်း မရှိပေ။

"ကျွန်တော် ကူညီပေးရမလား" ပိုင်ရှိုးမင်သည်လည်း မင်ကျင့်စီး၏ ကျန့်ရှီဖူဖြစ်သည်နှင့်အညီ ကြုံတွေ့လာရမှတော့ ဒီအတိုင်း ထွက်သွား၍ မဖြစ်နိုင်ပေ။

ဖန်ချီကလည်း သူ့ကို အားနာမနေတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒါဆို ဒီည ငါ ဒီနေရာကို ပိတ်လှောင်တဲ့အချိန်မှာ နဂါးဘုရင် ဒေါသထွက်မလာအောင် ဘေးကနေ စောင့်ကြည့်ကူညီပေးပါဦး"

"ရပါတယ်" ဖန်ချီကို ကတိပေးပြီးနောက် ပိုင်ရှိုးမင်သည် ခေါင်းငုံ့ကာ အားချန်နှင့် တိုင်ပင်လိုက်သည်။ "ကိုယ်တို့ ဒီနေရာမှာ တစ်ညလောက် နေရလိမ့်မယ်။ ခဏနေ ရွာထဲဝင်ပြီး အရင် နားလိုက်ရအောင်နော်၊ ဟုတ်ပြီလား"

အားချန်က ခေါင်းညိတ်လိုက်ပြီး လိမ္မာရေးခြားရှိကာ စကားနားထောင်သည့်ပုံစံဖြင့် ပြောလိုက်သည်။ "ဟုတ်ပြီလေ"

ပိုင်ရှိုးမင်သည် မျက်လွှာပင့်ကာ ဖန်ချီကို ကြည့်လိုက်သည်။ ဖန်ချီ၏ မျက်နှာသည် တစ်ချက်မဲ့ရွဲ့သွားပြီး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ပါက ဒီလူသည် ပိုင်ရှိုးမင် ဖြစ်ကြောင်း ယုံကြည်ရန် ခက်ခဲလှပေမည်။ သူ့ပုံစံက ဝိညာဉ်ပူးကပ်ခံထားရသူနှင့်ပင် တူနေသေးတော့သည်။

"ငါ လူခေါ်ပြီး မင်းတို့ကို ရွာထဲ လိုက်ပို့ခိုင်းလိုက်မယ်။ ရွာထဲမှာ အိမ်လွတ်တချို့ ရှိနေသေးတယ်။ အနားယူဖို့ ကွက်တိပဲ"

ပြောပြီးသည်နှင့် သူသည် လက်အောက်ငယ်သားကို လက်ယပ်ခေါ်လိုက်ပြီး ပိုင်ရှိုးမင်နှင့် အားချန်တို့အား ရွာထဲသို့ ခေါ်ဆောင်သွားခိုင်းလိုက်သည်။ ညဘက်တွင် ပိုင်လုံရွာကို ချိပ်ပိတ်သိမ်းဆည်းသည့်အခါ အမှားအယွင်း မရှိစေရန် သူသည်လည်း ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရဦးမည် ဖြစ်သည်။

လမ်းပြသည့် မင်ကျင့်စီးအစောင့်သည် သူတို့နှစ်ဦးကို ယခင်က တည်းခိုခဲ့ဖူးသော အိမ်များရှေ့သို့ အမှန်တကယ်ပင် ခေါ်ဆောင်သွားခဲ့သည်။ ထွက်ခွာခဲ့သည်မှာ တစ်လပင် မပြည့်သေးသော်လည်း ဤနေရာသည် နေရာတိုင်းတွင် ခြောက်သွေ့ပျက်စီးနေသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီ ဖြစ်သည်။

အားချန်ကတော့ ဝမ်းနည်းပူဆွေးနေရန် စိတ်ကူးမရှိပေ။ အကယ်၍သာ သူမက ရွာထဲက လူများကို ကိုယ်ချင်းစာမိပါက အစကတည်းက ထိုနဂါးလေးကို ကူညီခဲ့မည် မဟုတ်ပေ။

အခန်းကို သန့်ရှင်းရေး လုပ်ပြီးနောက်တွင် အားချန်က ကုတင်ဘေး၌ ဝင်ထိုင်လိုက်သည်နှင့် ပိုင်ရှိုးမင်က သူမကို မေးလာသည်ကို ကြားလိုက်ရသည်။ "မင်းကို ကိုယ် အဖော်လုပ်ပြီး အိပ်ပေးရမလား"

ဒီစကားလုံး အနည်းငယ်သည် ယခုအချိန်တွင် အားချန်၏ နားထဲ၌ တားမြစ်ချက်တစ်ခု ဖြစ်နေသဖြင့် သူမသည် ဘေးသို့ ချက်ချင်း ရွှေ့လိုက်ပြီး ပြောလိုက်သည်။ "မလုပ်နဲ့"

ပြောပြီးသည်နှင့် အခန်းထဲရှိ စားပွဲကို ညွှန်ပြကာ အလွန် အကျိုးအကြောင်းမဆီလျော်စွာ ပြောလိုက်လေသည်။ "ရှင် ဟိုနေရာမှာ သွားထိုင်နေ။ ကျွန်မ အိပ်တာကို လာမနှောင့်ယှက်နဲ့"

"ကိုယ် ဒီနေရာမှာနေပြီး စကားမပြောဘဲ နေမယ်လေ။ မင်းကို မနှောင့်ယှက်ဘူးဆိုရင်ရော ရမလား"

အားချန်က ခေါင်းလှည့်လိုက်ပြီး ပြောလိုက်သည်။ "မရဘူး"

ပိုင်ရှိုးမင်သည် သက်ပြင်းချလိုက်ပြီး သူမ၏ မေးစေ့ကို ကိုင်ကာ မျက်နှာကို ဆွဲလှည့်လိုက်ကာ နှုတ်ခမ်းကို ဖိကပ်နမ်းရှိုက်လိုက်သည်။ "တကယ့်ကို အကျိုးအကြောင်း မသိတတ်ပါလား"

"ဪ" အားချန်က အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ရှင် စွမ်းနေရင် နားမထောင်နဲ့လေ"

ပိုင်ရှိုးမင်သည် စားပွဲနားသို့ လိမ်လိမ်မာမာပင် လျှောက်သွားပြီး ထိုင်နေလိုက်ရသည်။ လူကို မောင်းထုတ်ပြီးနောက်တွင် အားချန်သည် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်ရန် ကြိုးစားသော်လည်း လုံးဝ အိပ်မပျော်နိုင် ဖြစ်နေလေသည်။

သူမသည် မျက်လုံးဖွင့်လိုက်ပြီး ကိုယ်တစ်ဝက် ထလိုက်ကာ စောစောက မောင်းထုတ်ခံလိုက်ရသော အမျိုးသားကို လက်ယပ်ခေါ်လိုက်သည်။ "ပိုင်ရှိုးမင်၊ ရှင် မြန်မြန်လာပြီး ကျွန်မကို ချော့သိပ်ပေး"

ပိုင်ရှိုးမင်သည် ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားသည်။ "မင်းက ကိုယ့်ကို နှိပ်စက်ဖို့ပဲ တတ်တယ်၊ ဟုတ်တယ်မလား"

အားချန်သည် အပြစ်ကင်းစင်သည့် မျက်ဝန်းများဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် ရှင်က ကျွန်မနဲ့ အတူတူ အိပ်ဖို့ အဖော်မလုပ်ပေးချင်တော့ဘူးလား"

အမျိုးသားသည် ကုတင်နားသို့ ပြန်လျှောက်လာပြီး ကံတရားအတိုင်း သူမကို ချော့သိပ်ပေးရတော့သည်။

အိပ်ပျော်ရန် အချိန်အတော်ကြာ ယူလိုက်ရသဖြင့် အားချန်သည် တစ်နာရီပြည့်အောင် မအိပ်ရသေးခင်မှာပင် နိုးလာရပြန်သည်။

သည်အချိန်တွင် ပြတင်းပေါက် အပြင်ဘက်၌ မိုးချုပ်နေပြီ ဖြစ်သည်။ အားချန်သည် သမ်းဝေရင်း ကုတင်ပေါ်မှ ဆင်းကာ တံခါးဖွင့်လိုက်သည်နှင့် ရွာထဲတွင် နေရာအနှံ့ မီးရောင်များ လင်းထိန်နေသည်ကို တွေ့လိုက်ရ၏။

မီးရောင်များနှင့်အတူ နေ့လယ်က ရွာထဲတွင် ပျောက်ကွယ်နေခဲ့သော လူများလည်း ပေါ်ထွက်လာကြသည်။

စူးရှသော အော်ဟစ်သံများနှင့် ငိုယိုသံများသည် ဆက်တိုက် ထွက်ပေါ်နေပြီး ဤရွာကို လူ့ပြည်ငရဲခန်းကဲ့သို့ ဖြစ်စေတော့သည်။

ပိုင်ရှိုးမင်သည် သူမကို ခေါ်ဆောင်ကာ လမ်းပေါ်ရှိ ရွာသားများကို ရှောင်ကွင်းပြီး ရွာပြင်သို့ ထွက်လာခဲ့လိုက်သည်။ ရွာအဝင်ဝတွင် ဖန်ချီနှင့် သူ့လက်အောက်ငယ်သားများသည် ထိုနေရာ၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

သူတို့ ထွက်လာသည်ကို မြင်သောအခါ ဖန်ချီသည် ဓားရှည်တစ်လက်ကို ယူကာ ပိုင်ရှိုးမင်အား ကမ်းပေးလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ငါ အစီအရင် သွားခင်းတော့မယ်။ အရာအားလုံး မင်းကို အပ်ခဲ့ပြီ"

ပိုင်ရှိုးမင်သည် ခေါင်းညိတ်လိုက်ပြီး ဖန်ချီက လူခေါ်ကာ ရွာထဲဝင်သွားသည်ကို မျက်စိတစ်ဆုံး ကြည့်နေလိုက်သည်။

"ခဏနေရင် ဘာကိစ္စတွေ ဖြစ်လာမှာလဲ" ပိုင်ရှိုးမင်၏ လုပ်ဖော်ကိုင်ဖက်သည် အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို အားချန် ခံစားမိလိုက်သည်။

"မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ"

ညသည် ပိုနက်ရှိုင်းလာပြီး ပတ်ဝန်းကျင် အပူချိန်သည်လည်း ပိုကျဆင်းလာသယောင်ပင်။

ဝိညာဉ်များ စုဝေးရာနေရာ ဖြစ်သဖြင့် အပူချိန် ကျဆင်းခြင်းမှာ ရှောင်လွှဲမရပေ။ အားချန်သည် ကိုယ်ပေါ်မှ ဝတ်ရုံကို ဆွဲစေ့လိုက်ပြီး မလှမ်းမကမ်းရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ဝင်ထိုင်ကာ လက်ဖြင့် ပါးကို လက်ထောက်လျက် ပိုင်ရှိုးမင် ရှိရာဘက်သို့ ကြည့်နေလိုက်သည်။

သူသည် ဓားရှည်ကို ထောက်ကာ ရွာအဝင်ဝတွင် မတ်တပ်ရပ်နေပြီး မလှုပ်မယှက် ရှိနေသည်။

အချိန် မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ရွာထဲတွင် ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ရွာ၏ ထောင့်လေးဖက်သည် တစ်စုံတစ်ခု၏ ဝါးမြိုခြင်း ခံလိုက်ရသကဲ့သို့ လူတို့၏ မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ဖန်ချီသည် အစီအရင် ခင်းကျင်းပြီးနောက် လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ ရွာပြင်သို့ ထွက်ရန် ပြင်လိုက်စဉ် ခေါင်းပေါ်မှ ကြီးမားသော နဂါးဟိန်းသံတစ်ခု ရုတ်တရက် ကြားလိုက်ရပြီး သူ ယခုလေးတင် ခိုင်ခံ့အောင် ပြုလုပ်ထားသော အစီအရင်၏ ထောင့်တစ်နေရာသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။

နဂါးဟိန်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နဂါးဖြူလေး၏ ခေါင်းထက် ဆယ်ဆမက ကြီးမားသော နဂါးဖြူခေါင်းကြီးတစ်ခုသည် ပိုင်လုံရွာ၏ ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။ ထိုအရာသည် မျက်လုံးကို ဖွင့်လိုက်ရာ မျက်ဝန်းများသည် ရွှေရောင်ဖြစ်ပြီး ရွေ့လျားနေသော ရွှေရည်များကဲ့သို့ တောက်ပနေကာ အရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ကြည့်ရသည်မှာ အလွန် လှပနေလေသည်။

အားချန်သည် ခေါင်းမော့ကာ ထိုနဂါးကို ကြည့်လိုက်၏။ ပိုင်ရှိုးမင်သည်လည်း မျက်လုံးဖွင့်လိုက်ပြီး လက်ထဲမှ ဓားရှည်ကို ဓားအိမ်မှ ဆွဲထုတ်ကာ တွန့်ဆုတ်ခြင်း မရှိဘဲ ကောင်းကင်ယံသို့ ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"ဝုန်း..." နားကွဲလုမတတ် နဂါးဟိန်းသံနှင့်အတူ ထိုနဂါးအရိပ်ကြီးသည် အောက်သို့ ထိုးဆင်းလာခဲ့သည်။

ပိုင်ရှိုးမင်၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး အမှောင်ထုထဲတွင် လေထဲ၌ လက်ခနဲ ဖြစ်သွားသော ဓားရောင်ကိုသာ မြင်တွေ့လိုက်ရသည်။

နှစ်ဖက် တိုက်ခိုက်မှုသည် အလွန် တိုတောင်းလှပြီး မကြာမီမှာပင် ထိုနဂါးဖြူ၏ ပုံရိပ်သည် တံလက်ကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ မပျောက်ကွယ်မီတွင် ရွှေရောင် မျက်လုံးများသည် ပိုင်ရှိုးမင်ကို သေချာ စိုက်ကြည့်နေပြီး သူ့ပုံစံကို မှတ်သားထားလိုသယောင်ပင်။

ပိုင်ရှိုးမင် မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် ဖန်ချီသည်လည်း စောစောက ပျက်စီးသွားသော အစီအရင်ကို ပြန်လည် ပြုပြင်ပြီးသွားပြီ ဖြစ်သည်။ ရွာ၏ ထောင့်လေးဖက်မှ အစီအရင်များသည် တဖြည်းဖြည်း ပိတ်သွားပြီး ဖန်ချီသည် လက်အောက်ငယ်သားများနှင့်အတူ ထွက်လာချိန်တွင် နောက်ဘက်ရှိ ရွာတစ်ရွာလုံးတွင် အိမ်အနည်းငယ်ကိုသာ မြင်တွေ့ရတော့သည်။

ခဏအကြာတွင် ထိုအိမ်အနည်းငယ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီး ပိုင်လုံရွာသည် ဤနေရာ၌ ချိတ်ပိတ်ခံလိုက်ရကာ အခြားသူများ၏ မျက်လုံးထဲတွင် ဤရွာသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

ဖန်ချီသည် ထွက်လာပြီးနောက် နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ကာ သက်ပြင်းတစ်ချက်ချပြီး ပိုင်ရှိုးမင်ထံသို့ လျှောက်လာကာ ပြောလိုက်သည်။ "ဒီတစ်ခေါက် မင်းကို ကျေးဇူးတင်ရမယ်"

အကယ်၍သာ ပိုင်ရှိုးမင် ခုခံမထားပါက နဂါးဘုရင်၏ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်း ရုတ်တရက် တိုက်ခိုက်လာခြင်းကို သူ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

"ရပါတယ်"

ပိုင်ရှိုးမင်သည် ဓားရှည်ကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ဖန်ချီကို ပေးလိုက်ရာ သူက ပြောလာသည်ကို ကြားလိုက်ရသည်။ "ဒီနဂါးဘုရင်က ဒီဘက်ကို အမြဲတမ်း စောင့်ကြည့်နေပုံပဲ။ ခုနက မင်းက သူနဲ့ လက်ရည်ချင်း ယှဉ်လိုက်တော့ သူ မင်းကို ပစ်မှတ်ထားမှာ မဟုတ်ဘူးလား။ မင်း သတိထားမှ ရမယ်"

ဖန်ချီက သတိပေးလိုက်သည်။

ပိုင်ရှိုးမင်သည် ကြားလိုက်ရသောအခါ ရယ်မောလိုက်သည်။ "ငါ့အတွက် စိတ်ပူနေစရာ မလိုပါဘူး။ နဂါးမျိုးနွယ်တွေက အစကတည်းက ငါ့အပေါ် အမြင်ကြည်တာမှ မဟုတ်တာ"

ပြီးတော့... ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေသော စွမ်းအင်နှင့် သွေးများကို ခံစားရင်း သူ စိတ်ထဲမှ တွေးလိုက်သည်။ ငါ့ကို ပစ်မှတ်ထားလာရင်တောင် နောက်ပိုင်းကျရင် ယှဉ်တိုက်နိုင်မှာ မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။

ကွင်းပြင်ကျယ်မြေမှ ပြန်ရောက်လာပြီးကတည်းက သူ့စွမ်းအင်နှင့် သွေးများသည် အမြဲတမ်း ပြည့်လျှံနေသည့် အခြေအနေတွင် ရှိနေသည်။ ပိုပြီး အတိအကျပြောရလျှင် ခန္ဓာကိုယ် ပြောင်းလဲမှုသည် ထိုပူဇော်ပသမှု ပြီးဆုံးပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။

အခု ပြန်ကြည့်လိုက်တော့ သူ အဲဒီရက်ပိုင်း လုပ်ပေးခဲ့တဲ့ အလုပ်တွေက အလကား မဖြစ်ခဲ့သလို ပူဇော်သက္ကာတွေကလည်း အလဟဿ မဖြစ်ခဲ့ဘူးပဲ။ ဝူမျိုးနွယ်ရဲ့ ဘိုးဘေးတွေက သူ့ကို အကျိုးကျေးဇူး မနည်း ပေးခဲ့တာပဲ။ တစ်ခုတည်းသော အားနည်းချက်ကတော့ စွမ်းအင်နဲ့သွေးတွေ အရမ်း ပြည့်ဝလွန်းနေလို့ လွယ်လွယ်ကူကူ ထိန်းချုပ်မရ ဖြစ်သွားနိုင်တာပဲ။

ဖန်ချီသည် ပိုင်ရှိုးမင် နာမည်ကျော်ကြားစေခဲ့သည့် တိုက်ပွဲကို သတိရလိုက်ပြီး ရုတ်တရက် စိတ်သက်သာရာ ရသွားလေသည်။ နဂါးနက်ကို သတ်ဖြတ်စဉ်ကတည်းက သူသည် နဂါးမျိုးနွယ်ကို အသေအလဲ ရန်စခဲ့ပြီးဖြစ်ရာ ယခုအခါ သွေးကြွေးများလွန်းသဖြင့် စိတ်ပူစရာ မလိုတော့သည့် သဘောမျိုး ဖြစ်နေပြီ။

ပိုင်လုံရွာကိစ္စ ပြီးစီးသွားပြီးနောက် ပတ်ဝန်းကျင်တွင်လည်း နားခိုစရာနေရာ မရှိသဖြင့် ဖန်ချီသည် သူတို့နှင့်အတူ ခရိုင်မြို့လေးသို့ ပြန်လာခဲ့သည်။

သည်အချိန်တွင် ခရိုင်မြို့လေး၏ မြို့တံခါး ပိတ်နေပြီ ဖြစ်သော်လည်း မင်ကျင့်စီး ကျန့်ရှီဖူ ဝင်ရောက်လာသည်ကို မြို့စောင့်တပ်သားများက မပေါ့ဆရဲကြပေ။

ခရိုင်မြို့လေးထဲရှိ မင်ကျင့်စီး ရုံးစိုက်ရာနေရာသည် မကြီးမားလှသဖြင့် မြို့ထဲဝင်ပြီးနောက် ဖန်ချီသည် သူတို့ကို စခန်းသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခဲ့သည်။

စခန်းသို့ သွားရာလမ်းတွင် လူနှစ်ယောက်သည် မြင်းပေါ်တွင် စကားစမြည် ပြောဆိုရင်း ပေဟွမ်ဝမ်အကြောင်း ထပ်မံ ပြောဖြစ်ကြသည်။

စကားစကို ပိုင်ရှိုးမင်ကပင် စတင်လိုက်ခြင်း ဖြစ်ပြီး သူက ဖန်ချီကို မေးလိုက်သည်။ "ပေဟွမ်ဝမ် မြို့တော်ဝင်တာကို မင်းက ဘာလို့ ကိုယ်တိုင် လိုက်ပို့ပေးရတာလဲ"

ဖန်ချီက အားချန်ကို တစ်ချက် ကြည့်လိုက်ပြီး သူမက မျက်လုံးမှိတ်ကာ အိပ်ပျော်နေပုံရသည်ကို တွေ့မှ အသံနှိမ့်ကာ ပြောလိုက်သည်။ "ဒါက မင်းကြောင့်လေ။ မင်းက မြို့တော်မှာ ပေဟွမ်ဝမ်ကို ဒီလောက်ကြီးတဲ့ ပြစ်မှုကြီး တပ်ပေးလိုက်တာကိုး။ ပေဟွမ်ဝမ်က ဒီတစ်ခေါက် မြို့တော်ဝင်လာတာ ရိုးသားကြောင်း ပြသဖို့အတွက် ပေဟွမ်ဝမ်အိမ်တော်ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်လောက်ကို ယူလာခဲ့ရတာ"

ထိုပစ္စည်းဥစ္စာများသည် အရှင်မင်းကြီးထံ ဆက်သကာ ပေဟွမ်ဝမ်၏ အမှားဝန်ခံမှု ရိုးသားကြောင်းနှင့် ပုန်ကန်လိုစိတ် လုံးဝ မရှိကြောင်း သက်သေပြရန်အတွက် ဖြစ်ကြောင်း ထင်ရှားလှသည်။

ဖန်ချီ၏ စကားကို ကြားသောအခါ ပိုင်ရှိုးမင်သည် သူ့ရင်ခွင်ထဲတွင် ကွေးနေသော အားချန်ကို ငုံ့ကြည့်လိုက်လေသည်။ သူ့တွင် ပေဟွမ်ဝမ်အိမ်တော်၏ ပိုင်ဆိုင်မှု တစ်ဝက်ကို လိမ်ယူနိုင်လောက်သည့် အရည်အချင်း မရှိပေ။

"ကြည့်ရတာ ပေဟွမ်ဝမ်က လူလည်တစ်ယောက်ပဲ" ပိုင်ရှိုးမင်သည် တစ်ခါမှ မတွေ့ဖူးသော ထိုပေဟွမ်ဝမ်အပေါ် အနည်းငယ် စိတ်ဝင်စားသွားသည်။

ဖန်ချီက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ "ငါ သူနဲ့ ထိတွေ့ဆက်ဆံတာ သိပ်မများပါဘူး။ ဒါပေမဲ့ ဒီဝမ်ရယ်က အသက်ငယ်ပေမယ့် အတွေးနက်တယ်။ သူက လူမှုဆက်ဆံရေးမှာ ဘက်စုံပြည့်စုံပြီး သူ့နားက လူတွေကလည်း သစ္စာရှိကြတယ်။ ပြီးတော့ သိုင်းပညာရှင် အစောင့်အရှောက်တွေလည်း အများကြီးပဲ၊ ကိုင်တွယ်ရ လွယ်တဲ့လူတော့ မဟုတ်ဘူး။ သူ့အမေဖက်က အမျိုးတွေ ရှန့်ကျင်းမှာ သေဆုံးကုန်တာရယ်၊ မင်းရဲ့ လှည့်စားခံလိုက်ရတာရယ်ကြောင့် မင်း သတိထားမှ ရမယ်"

ပြောပြီးသည်နှင့် ဖန်ချီသည် တူညီသော စကားကို ဒီည ဒုတိယအကြိမ် ပြောမိကြောင်း သတိပြုမိလိုက်သည်။

ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်ကို ကွေးလိုက်သည်။ "ဆွေမျိုးတွေပဲဟာ၊ ဖန်လူကြီးမင်းရဲ့ စကားက နည်းနည်းတော့ ခြိမ်းခြောက်လွန်းရာ မကျဘူးလား"

ဖန်ချီသည် ပိုင်ရှိုးမင်ကို တစ်ချက် စောင်းကြည့်လိုက်သည်။ ဒီကောင်လေးအကြောင်း သူ မသိဘဲ နေမလား။ ပါးစပ်ကသာ ကောင်းတာတွေ ပြောနေတာ။ အခု စိတ်ထဲမှာ သူ့ဆွေမျိုးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ တွက်ချက်နေလောက်ပြီ။

အားချန်သည် မျက်လုံးမှိတ်ထားပြီး သူတို့နှစ်ဦး၏ စကားကို နားထောင်ရင်း ဝတ်ရုံထဲမှ လက်ချောင်းလေးများ လှုပ်ရှားသွားသည်။

ပိုင်ကျန့်ဟွမ်က ကိုင်တွယ်ရ မလွယ်ဘူးဆိုတာ စောစောကတည်းက သိသားပဲ။ ပေဟွမ်ဝမ်အိမ်တော်ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ရဲတယ်ဆိုတော့ ငါ့မျှော်လင့်ချက်တွေ အလကား ဖြစ်သွားတော့မယ် ထင်တယ်။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ လူအသက်ရှင်နေသရွေ့တော့ ဟာကွက်ကို ရှာတွေ့နိုင်မှာပါပဲ။

သူတို့နှစ်ဦး စခန်းတွင် တစ်ညအိပ်ပြီး ဒုတိယနေ့တွင် ရှန့်ကျင်းသို့ ခရီးဆက်ခဲ့ကြသည်။

၁၀ ရက်ကျော် ကြာမြင့်ပြီးနောက် လျန်ကျိုးသို့ ရောက်ရှိခဲ့ရာ မြို့တော်နှင့် မဝေးတော့ပေ။

လမ်းခရီးတွင် လျန်ကျိုးမြို့ကို ဖြတ်သန်းစဉ် အားချန်သည် သတင်းတစ်ခု ကြားလိုက်ရလေသည်။

လွန်ခဲ့သော သုံးရက်က အိမ်ရှေ့စံမင်းသမီး မီးဖွားပြီး တော်ဝင်မြေးတော်တစ်ပါး ဖွားမြင်သဖြင့် အရှင်မင်းကြီး ဝမ်းမြောက်ကာ ဒုတိယနေ့တွင် တိုင်းပြည်အနှံ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး မြေးတော်လေးအတွက် ဆုတောင်းပေးခဲ့သည်။

ဆိုလိုသည်မှာ နယ်နှင်ဒဏ် ခံထားရသော လင်းမျိုးနွယ်ဝင်များသည်လည်း မြို့တော်သို့ ပြန်လာရတော့မည် ဖြစ်သည်။

ကျိချန်၏ ဆွေမျိုးများသည် သူမ၏ မှတ်ဉာဏ်ထဲကအတိုင်း အမှန်တကယ် ပေါင်းသင်းရ လွယ်ကူပါစေဟု မျှော်လင့်မိသည်။

လေးရက်အကြာတွင် ရှန့်ကျင်းမြို့တော်၏ မြို့တံခါးသည် အားချန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။

ရှန့်ကျင်းမှ ထွက်ခွာစဉ်က ၃ လပိုင်း ၃ ရက်နေ့ ဖြစ်ပြီး ထိုအချိန်က ရာသီဥတု အနည်းငယ် အေးသေးသည်။ ယခုအခါ ၄ လပိုင်းကုန်တော့မည် ဖြစ်သဖြင့် အားချန် ဝတ်ဆင်ထားသော ဂါဝန်သည်လည်း ပိုပြီး ပါးလွှာလာခဲ့ပြီ။

ယနေ့ သူမ ဝတ်ဆင်ထားသော ဂါဝန်မှာ ခရမ်းဖျော့ရောင်ဖြစ်ပြီး လျန်ကျိုးမြို့တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဂါဝန်အနားတွင် ပန်းခိုင်များ ပန်းထိုးထားပြီး လက်ရာသေသပ်ကာ အသက်ဝင်နေသဖြင့် သူမ အလွန် သဘောကျနေလေသည်။

သေချာ ပြင်ဆင်ဝတ်စားထားသော အားချန်နှင့် ယှဉ်လျှင် ပိုင်ရှိုးမင်၏ ဝတ်စားဆင်ယင်မှုမှာ များစွာ ရိုးရှင်းနေပြီး အဖြူရောင် လည်ဝိုင်း လက်ကျဉ်း ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ခါးပတ်ပေါ်တွင်သာ သူနှင့် သိပ်မလိုက်ဖက်သော ပန်းနှစ်ခိုင် ပန်းထိုးထားပြီး အားချန်က ယနေ့နံနက်က ကိုယ်တိုင်ကိုယ်ကျ စည်းပေးထားခြင်း ဖြစ်သည်။

သူတို့နှစ်ဦးသည် မြင်းတစ်ကောင်တည်းကို အတူစီးကာ လမ်းတစ်လျှောက်လုံး လာခဲ့ကြခြင်းဖြစ်ပြီး အားချန်က မသင့်လျော်ဘူးဟု မထင်သော်လည်း အခြားသူများ၏ မျက်လုံးထဲတွင်တော့ ထင်ရှားပေါ်လွင်နေသည်မှာ အမှန်ပင်။

ပတ်ဝန်းကျင်မှ လူများက သူတို့ကို ကြည့်နေကြသည်ကို ခံစားမိသော်လည်း သူမကတော့ ဂရုမစိုက်ပေ။ သို့သော် အဝေးတွင် ရပ်ထားသော မြင်းလှည်းနှစ်စီးရှေ့မှ လူတစ်ယောက်က သူမကို မျက်တောင်မခတ် ကြည့်နေသည်ကိုတော့ သတိမထားမိလိုက်ပေ။

"ဝမ်ရယ် ဘာကြည့်နေတာလဲ"

နားထဲတွင် ဆူညံသံကို ကြားလိုက်ရသဖြင့် ပိုင်ကျန့်ဟွမ်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ့ကို စကားပြောနေသော လူငယ်ကို ပြုံးကာ ကြည့်လိုက်သည်။

သူ အမှတ်မမှားလျှင် ရှေ့ကလူက အခမ်းနားရေးရာဝန်ကြီးဌာန အမတ်ကြီး၏ ဒုတိယသား မုလင်း ဆိုသူပင်။

သည်ရက်ပိုင်းအတွင်း ပိုင်ကျန့်ဟွမ်သည် ပျော်ပွဲရွှင်ပွဲ နေရာအတော်များများတွင် သူ့ကို တွေ့ဖူးသည်။ ယနေ့ သူ့မြင်းလှည်း ဒီနေရာတွင် ရပ်ထားသည်ကို တွေ့ရသဖြင့် မုလင်းက သူ့မြင်းလှည်း ပျက်နေသည်ထင်ကာ ကူညီရန် တမင် ရပ်တန့်ပေးလိုက်ခြင်း ဖြစ်သည်။

သိပ်မထက်မြက်သော လူဂုဏ်တန်လေး တစ်ယောက် ဆိုသော်ငြား စိတ်သဘောထား ကောင်းမွန်ပြီး မြို့တော်တွင် မိတ်ဆွေအပေါင်းအသင်း များလေသည်။

"ကျွန်တော် ဟိုမြင်းပေါ်က လူကို ကြည့်နေတာ။ ဒုတိယသခင်လေးမုက အဲဒီလူ ဘယ်သူလဲဆိုတာ သိလား" ပိုင်ကျန့်ဟွမ်က မေးငေါ့ပြလိုက်ပြီး မုလင်းကို ကြည့်ခိုင်းလိုက်သည်။

မုလင်းသည် ပိုင်ရှိုးမင်၏ ဘေးတိုက်မျက်နှာကို မြင်ရုံဖြင့် မှတ်မိလိုက်ပြီး အံ့ဩတကြီး ပြောလိုက်သည်။ "အဲဒါ မင်ကျင့်စီးက ပိုင်လူကြီးမင်း မဟုတ်လား။ သူ မြို့တော်ကို ပြန်ရောက်လာပြီပဲ"

"ပိုင်လူကြီးမင်း ဟုတ်လား"

"ဪ၊ ပိုင်လူကြီးမင်း နာမည်က ပိုင်ရှိုးမင်ပါ၊ သူက..."

ပိုင်ကျန့်ဟွမ်က ရုတ်တရက် တစ်ချက်ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ "ရှီးလင်ဝမ်ရဲ့ တရားဝင်သား၊ မင်ဝမ်ရဲ့ မွေးစားသား မဟုတ်လား"

"ဟုတ်တယ်၊ ဝမ်ရယ်ကလည်း ပိုင်လူကြီးမင်းကို သိတာလား"

"လူတွေ ပြောတာ ကြားဖူးတယ်၊ သူ့ရဲ့ ကျင့်ကြံမှု ပါရမီက အံ့မခန်းပဲဆို"

မုလင်းက ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့၊ ကြားတာတော့ ပိုင်လူကြီးမင်းက ငယ်ငယ်လေးနဲ့ အဆင့် (၄) ရောက်နေပြီတဲ့"

"အဆင့် (၄) တဲ့လား... တကယ့်ကို မခေပါလား" ပိုင်ကျန့်ဟွမ်၏ စကားသည် အဓိပ္ပာယ် နက်ရှိုင်းနေပြီး ထပ်မံ မေးလိုက်သည်။ "ဒါဆို မုသခင်လေးက သူနဲ့အတူပါလာတဲ့ မိန်းကလေးကိုရော သိလား"

မုလင်းသည် ခုနက ပိုင်ရှိုးမင် ရှေ့တွင် လူတစ်ယောက် ထိုင်နေသည်ကို သတိမထားမိခဲ့ဘဲ ပိုင်ကျန့်ဟွမ် မေးလိုက်မှ သေချာကြည့်လိုက်ရာ တစ်ချက်တည်းနှင့် အားချန်ကို မှတ်မိလိုက်သည်။

သူသည် စားသောက်ဆိုင်တွင် အားချန်နှင့် တစ်ကြိမ် တွေ့ဆုံဖူးပြီး စိတ်ထဲတွင် စွဲလမ်းနေခဲ့သည်။

"အဲဒါ မိန်းကလေးကျိ မဟုတ်လား..."

အဲဒီတုန်းက သူက မိန်းကလေးကျိကို ပိုင်လူကြီးမင်းရဲ့ နောက်ကြောင်းအကြောင်း ပြောပြဖူးတာကို မှတ်မိတယ်၊ သူတို့နှစ်ယောက်က သိနေကြတာကိုး။

မုလင်း အနည်းငယ် ငေးငိုင်နေသည်ကို မြင်သောအခါ ပိုင်ကျန့်ဟွမ်က မေးလိုက်သည်။ "ဒီမိန်းကလေးကျိကရော ဘယ်ကလဲ"

မုလင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။ "မိန်းကလေးကျိက အစက ကျင့်ယန်မြို့စားရဲ့ တရားဝင်သမီးပါ။ နောက်ပိုင်း အမေ ဆုံးပါးသွားပြီး အမေဘက်က ဆွေမျိုးတွေ နယ်နှင်ဒဏ် ခံရတော့ သူက သွေးမစစ်ဘူးဆိုပြီး မြို့စားအိမ်တော်ကနေ မောင်းထုတ်ခံလိုက်ရတာ။ အဆင့်အတန်းလည်း မရှိတော့ပါဘူး"

သူ နောက်ပိုင်း ဒီမိန်းကလေးကျိနဲ့ ထပ်မဆက်သွယ်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ အဆင့်အတန်းက အရမ်း ထိလွယ်ရှလွယ် ဖြစ်နေလို့ပဲ။ တကယ်လို့ အိမ်က သိသွားရင် အဖေက သူ့ကို အလွတ်ပေးမှာ မဟုတ်လို့လေ။

ပိုင်ကျန့်ဟွမ်သည် မုလင်း၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာထားကို သတိမထားမိပေ။ သူသည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ကျင့်ယန်မြို့စားရဲ့ တရားဝင်သမီးတဲ့လား"

ထိုအချိန်တွင်ပင် ပိုင်ရှိုးမင်သည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ပိုင်ကျန့်ဟွမ်နှင့် အဝေးမှနေ၍ အကြည့်ချင်း ဆုံလိုက်တော့သည်။

...

All Chapters