← Chapters

ဒီအရာရှိက သိချင်တယ်... အဲဒီမြေခွေးမိစ္ဆာက...

Vol. 19 Ch. 184

ဒီအရာရှိက သိချင်တယ်... အဲဒီမြေခွေးမိစ္ဆာက...

Vol. 19 Ch. 184

လူနှစ်ယောက်သည် အကြည့်ချင်းဆုံကာ တိတ်ဆိတ်စွာပင် တစ်ဖက်လူကို အကဲခတ်နေကြလေသည်။

ရုတ်တရက် လက်တစ်ဖက်သည် ဆန့်ထွက်လာပြီး ပိုင်ရှိုးမင်၏ မြင်ကွင်းကို ကာဆီးလိုက်လေသည်။ အားချန်၏လက်သည် ပိုင်ရှိုးမင်၏ မျက်နှာကို ကိုင်လိုက်ပြီး သူ့မျက်နှာကို ပြန်ဆွဲလှည့်လိုက်ကာ မကျေမနပ် ပြောလိုက်၏။ "ကျွန်မ စကားပြောနေတယ်လေ။ ရှင် ကြားလား"

"ဟင်" ပိုင်ရှိုးမင်သည် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အဝေးကလူကို အာရုံမစိုက်တော့ဘဲ အားချန်၏လက်ကို ဆုပ်ကိုင်ကာ ခေါင်းငုံ့၍ မေးလိုက်လေသည်။ "ဘာပြောလိုက်တာလဲ"

"ခဏနေရင် ကျွန်မကို ချန်းဖိင်ဖန်းကို အရင် ပြန်ပို့ပေးလို့ ပြောတာ"

သူသည် အားချန်၏ လက်ချောင်းများကို ဆွဲညှစ်လိုက်လေသည်။ "တခြားသူနဲ့ အတူနေဖို့ ဒီလောက်တောင် အလျင်လိုနေတာလား"

အားချန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားတော့သည်။ "ပိုင်လူကြီးမင်း၊ သဘောထား မသေးသိမ်ပါနဲ့။ ရှင်ကမှ နောက်မှရောက်လာတဲ့သူလေ။ နောက်ဆိုရင် ဟွေ့ညန်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ မှတ်ထားဦး"

ပိုင်ရှိုးမင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မြင်းဗိုက်ကို ညှပ်လိုက်ရာ အောက်မှမြင်းသည် မြို့တံခါးဘက်သို့ ခွာသံတခွပ်ခွပ်ဖြင့် ပြေးထွက်သွားလေတော့သည်။

ပိုင်ကျန့်ဟွမ်သည် လူနှစ်ဦး၏ ကျောပြင် မြို့တံခါးထဲသို့ ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေခဲ့ပြီး မုလင်းက သူ့ကို စကားပြောနေသည်ကိုပင် ဂရုမစိုက်ခဲ့ပေ။

မုလင်းကလည်း ဒီဝမ်ရယ်သည် စိတ်နဲ့လူနဲ့ မကပ်သည်ကို ရိပ်မိလိုက်သဖြင့် အလိုက်တသိပင် ဆင်ခြေတစ်ခုပေးကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

လူထွက်သွားပြီးနောက် ပိုင်ကျန့်ဟွမ်သည် လှည့်ထွက်ကာ မြင်းလှည်းပေါ်သို့ ပြန်တက်လိုက်၏။ မြင်းလှည်းမောင်းသူက ရိုသေစွာ မေးလိုက်လေသည်။ "ဝမ်ရယ်၊ ဒီနေရာမှာ ဆက်စောင့်နေဦးမှာလား"

ပိုင်ကျန့်ဟွမ်သည် ပြန်မဖြေခဲ့ပေ။ သူသည် ကျယ်ဝန်းသော မြင်းလှည်းအခန်းထဲသို့ ပြန်ဝင်လိုက်ပြီး ခါးကြားမှ သိမ်းဆည်းအိတ်ကို လက်ဖြင့် ပွတ်သပ်လိုက်ရာ တိလင်းချဲ့စာအုပ်သည် သူ့ရှေ့တွင် ပေါ်လာလေတော့သည်။

တိလင်းချဲ့စာအုပ်သည် လေမတိုက်ဘဲ အလိုအလျောက် လှန်သွားပြီး အားချန်၏ နာမည်ရေးထားသော စာမျက်နှာသို့ ရောက်ရှိသွား၏။ အားချန်ဟူသော စာလုံးနှစ်လုံးသည် တက်ကြွတောက်ပသော အနီရောင်အဖြစ် ရှိနေဆဲပင်။

ပိုင်ကျန့်ဟွမ်သည် ထိုနာမည်ကို ခဏလောက် စိုက်ကြည့်နေပြီးနောက် ဘေးနားတွင် ချထားသော လက်ဝါးအရွယ်အစားခန့်သာရှိသည့် ဓားမြှောင်တစ်ချောင်းကို ယူလိုက်လေသည်။ ဘယ်ဘက်လက်ဖဝါးကို ဓားသွားပေါ်တွင် တင်လိုက်ပြီး အားဖြင့် ဆုပ်ကိုင်လိုက်လေသည်။

သွေးများသည် လက်ချောင်းကြားမှတစ်ဆင့် သူ့ဝတ်ရုံပေါ်သို့ တတောက်တောက် ကျဆင်းလာလေသည်။ ပိုင်ကျန့်ဟွမ်သည် တည်ငြိမ်သော မျက်နှာထားဖြင့် လက်ကို ဖြန့်လိုက်ရာ ဘယ်ဘက်လက်ဖဝါးတွင် ဓားရှကြောင့် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေပြီး သွေးများ အဆက်မပြတ် ထွက်နေလေ၏။

သူသည် ဘယ်ဘက်လက်ကို တစ်ဝက်ဆုပ်လိုက်ပြီး တိလင်းချဲ့စာအုပ်၏ ရွှေရောင်စာမျက်နှာပေါ်တွင် တင်လိုက်လေသည်။ သွေးစက်များသည် အားချန်၏ နာမည်ပေါ်သို့ ကျရောက်သွားပြီး ထိုအနီရောင်နာမည်သည် စာရွက်ပေါ်မှ ခွာထွက်ကာ လေထဲသို့ ပျံဝဲလာတော့သည်။

သို့သော် လေပေါ်သို့ ပျံဝဲလာသော နာမည်၏ အောက်ဘက်တွင် သွေးကြိုးမျှင်တစ်ချောင်း ဆက်သွယ်ထား၏။ ထိုစာလုံးနှစ်လုံးသည် မူလက သွေးကြိုးမျှင်နှင့် ထောင့်မတ်ကျလုနီးပါး ရှိနေသော်လည်း မျက်စိရှေ့မှာပင် အရှေ့မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့လေသည်။ ထိုဘက်သည် မြို့ထဲသို့ ဝင်ရောက်သော လားရာပင်။

သူသည် မိမိ၏သွေးကို အသုံးပြုပြီး အားချန်၏ နာမည်ကို အမှတ်အသား ပြုလုပ်လိုက်ကာ မိမိကိုယ်ကို အစပြုအမှတ်ထား၍ အားချန်၏ ခြေရာကို ရှာဖွေလိုက်ခြင်း ဖြစ်လေသည်။

တိလင်းချဲ့စာအုပ်၏ ပြသချက်အရ ခုနလေးတင် သူနှင့် အားချန်တို့ ပခုံးချင်းယှဉ်၍ ဖြတ်သန်းသွားခဲ့ကြ၏။ သူက နေရာတွင် ကျန်ရစ်နေခဲ့ပြီး အားချန်က မြို့ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ပိုင်ကျန့်ဟွမ်သည် တိလင်းချဲ့စာအုပ်ကို ပိတ်လိုက်ရာ အပေါ်တွင် ပေါ်နေသော စာလုံးများသည် ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။

"မြို့ထဲ ပြန်ကြမယ်" ပိုင်ကျန့်ဟွမ်က အမိန့်ပေးလိုက်၏။ မြင်းလှည်းမောင်းသူသည် အမိန့်ရသည်နှင့် မပေါ့ဆရဲတော့ဘဲ မြို့တံခါးဘက်သို့ မြင်းလှည်းကို ချက်ချင်း မောင်းနှင်လိုက်လေသည်။

ပိုင်ကျန့်ဟွမ်သည် ကျယ်ဝန်းသော ထိုင်ခုံပေါ်တွင် မှီထိုင်လိုက်ပြီး မြင်းလှည်းအခန်း၏ လျှို့ဝှက်အံဝှက်ထဲမှ ရွှေအနာကျက်ဆေး တစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။ သူသည် လက်ဖဝါးပေါ်သို့ ဆေးမှုန့်အလွှာလိုက် လောင်းထည့်လိုက်ပြီး လက်ကိုင်ပဝါကို ထုတ်ကာ ဖြစ်သလို စည်းနှောင်ထားလိုက်၏။

မြင်းလှည်း မြို့ထဲသို့ ဝင်ရောက်သည်နှင့် သွယ်လျသော အရိပ်တစ်ခုသည် မြင်းလှည်းအခန်းထဲတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုသူသည် ဒူးတစ်ဖက်ထောက်လိုက်ပြီး အသံကြည်လင်ပြတ်သားစွာဖြင့် ရိုသေစွာ ပြောလိုက်လေသည်။ "ဝမ်ရယ်၊ ဝမ်ရယ် စုံစမ်းခိုင်းထားတဲ့ ကိစ္စက သဲလွန်စ ရပါပြီ"

"အရင် ထိုင်လိုက်"

ပိုင်ကျန့်ဟွမ်က စကားဆိုလိုက်မှ ထိုအမျိုးသမီးသည် ကိုယ်ကိုမတ်လိုက်ပြီး မြင်းလှည်းအခန်း၏ ဘေးဘက်ရှိ နေရာလွတ်တွင် ဝင်ထိုင်လိုက်လေသည်။

"ပြောပြစမ်း၊ ဘာတွေ စုံစမ်းမိလဲ" ပိုင်ကျန့်ဟွမ်က မျက်လွှာပင့်ကာ သူမကို ကြည့်လိုက်၏။

ဟွမ်ဝူသည် မျက်လွှာချထားပြီး ပေဟွမ်ဝမ်ကို မကြည့်ရဲပေ။ "မိန်းကလေး အားချန် မြို့တော်ထဲ ဝင်ရောက်လာတဲ့အချိန်က မနှစ်က ရှန့်ယွမ်ပွဲတော် ဝန်းကျင်လောက်မှာ ဖြစ်ပါလိမ့်မယ်။ ရှန့်ယွမ်ပွဲတော်ညမှာ ရုတ်တရက် မိုးခြိမ်းသံတွေ ဆက်တိုက်ထွက်ပေါ်လာပြီး ပိုင်ရှိုးမင်က လူခေါ်ပြီး မင်ကျင့်စီးကနေ ထွက်လာပြီး အန်းဖိင်ဖန်းရပ်ကွက်ဘက်ကို သွားခဲ့ပါတယ်"

"အင်း၊ ဆက်ပြော"

ဟွမ်ဝူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်ပြောလိုက်လေသည်။ "ကြားတာတော့ အဲဒီနေ့က မိစ္ဆာကြီးတစ်ကောင် မြို့ထဲဝင်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြင်းထန်လို့ အန်းဖိင်ဖန်းရပ်ကွက်မှာ သေဆုံးသွားခဲ့ပါတယ်။ ကျွန်မ မင်ကျင့်စီးက တပ်စုမှူးတစ်ယောက်ကို လာဘ်ထိုးပြီး စုံစမ်းကြည့်တော့ အဲဒီမိစ္ဆာကြီးကို တွေ့တဲ့နေရာမှာ အဲဒီတုန်းက မိန်းကလေးတစ်ယောက် ရှိနေခဲ့ပါတယ်တဲ့။ ပိုင်ရှိုးမင်က အဲဒီမိန်းကလေးကို မင်ကျင့်စီးကို ခေါ်သွားပြီး ရက်အနည်းငယ်လောက် ချုပ်နှောင်ထားပြီးမှ ပြန်လွှတ်ပေးလိုက်ပါတယ်"

"အဲဒီမိန်းကလေးက ဘယ်သူလဲ"

"အဲဒီမိန်းကလေး နာမည်က ကျိချန်ပါ။ အစက ကျင့်ယန်မြို့စားရဲ့ တရားဝင်သမီး ဖြစ်ပြီး နောက်ပိုင်းမှာ သွေးမစစ်ဘူးဆိုပြီး အိမ်ကနေ နှင်ထုတ်ခံလိုက်ရတာပါ"

"ကျိချန်... ကျိချန်..." ပိုင်ကျန့်ဟွမ်သည် ထိုနာမည်ကို ရေရွတ်လိုက်ပြီး စည်းနှောင်ထားသော ဘယ်ဘက်လက်ကို ကြည့်ကာ လည်ချောင်းထဲမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာလေသည်။ "အားချန်က တကယ်ပဲ ပုန်းတတ်တာပဲ"

သူများရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေတာကိုး။ ဘယ်သူမှ မတွေ့ကြတာ မဆန်းပါဘူးလေ။

မိမိ၏ ဝမ်ရယ်သည် အားချန်ကိုသာ စိတ်ရောက်နေသည်ကို မြင်သောအခါ ဟွမ်ဝူသည် ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။ "နောက်တစ်ကိစ္စ ရှိပါသေးတယ်"

"ပြောလေ"

ဟွမ်ဝူသည် မတတ်သာဘဲ အားတင်းကာ ပြောလိုက်ရလေသည်။ "ကျွန်မ စုံစမ်းမိသလောက် ဝမ်ထိုက်ဖေး လုပ်ကြံခံရတဲ့ အဲဒီခြံဝင်းက ကျိချန်ပိုင်တဲ့ နေရာပါ"

ပိုင်ကျန့်ဟွမ်၏ မျက်နှာတွင် အံ့ဩရိပ် မတွေ့ရဘဲ ပြောလိုက်၏။ "ဒါပဲလား"

"ရှိပါသေးတယ်။ ဟွမ်လင်း ပျောက်သွားတဲ့ညတုန်းက ချန်းဖိင်ဖန်းရပ်ကွက်မှာ နဂါးဟိန်းသံ ထွက်ပေါ်ခဲ့ပါတယ်။ ကျိချန်က တိုက်တိုက်ဆိုင်ဆိုင် ချန်းဖိင်ဖန်းရပ်ကွက်မှာ အမွှေးနံ့သာဆိုင် တစ်ဆိုင် ဖွင့်ထားပါတယ်"

ဤသဲလွန်စ နှစ်ခုနှင့် ဝမ်ရယ်၏ တစ်ဖက်လူ အထောက်အထားအပေါ် ဆုံးဖြတ်ချက်ကို ပေါင်းစပ်လိုက်လျှင် ဤကျိချန် ဆိုသူသည် ယခင်က သူမနှင့် ဟွမ်လင်းတို့ လိုက်လံသတ်ဖြတ်ခဲ့ဖူးသော မြေခွေးမိစ္ဆာ အားချန်ဖြစ်ကြောင်း ထင်ရှားနေလေသည်။

ဟွမ်ဝူ၏ စိတ်ထဲတွင် အလွန် ရှုပ်ထွေးနေမိ၏။ သည်ရက်ပိုင်းတွင် အရှင်မင်းကြီးက စောင့်ကြည့်နေသဖြင့် ဝမ်ရယ်သည် မဆင်မခြင် မလုပ်ဆောင်ရဲဘဲ ဝမ်ထိုက်ဖေး သေဆုံးမှု၏ အကြောင်းရင်းကို တိတ်တဆိတ် စုံစမ်းခိုင်းခဲ့ခြင်း ဖြစ်လေသည်။

မထင်မှတ်ထားသည်မှာ စုံစမ်းရင်း စုံစမ်းရင်းဖြင့် ထိုမိန်းကလေး အားချန်ထံသို့ ရောက်ရှိသွားခဲ့သည်။

အကယ်၍ ခန့်မှန်းချက်အတိုင်းသာ မှန်ကန်ပါက ဝမ်ထိုက်ဖေး၏ သေဆုံးမှုသည် သူမကို ပစ်မှတ်ထားသော ကြံစည်မှုတစ်ခု ဖြစ်ကြောင်း ထင်ရှားနေလေသည်။

တစ်ဖက်လူသည် ဟွမ်လင်းကို ကြံစည်ခဲ့ရုံသာမက ဝမ်ထိုက်ဖေးကိုလည်း သေဆုံးစေခဲ့သည်။ ကျောက်မျိုးနွယ်စု တစ်ခုလုံးကိုလည်း မျိုးဖြုတ်ခဲ့ပြီး ပေဟွမ်ဝမ်အိမ်တော်ကိုလည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်စေခဲ့လေသည်။

ဤသို့သော လက်ရဲဇက်ရဲ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် မိန်းကလေး အားချန်၏ စိတ်ထဲရှိ နာကြည်းမုန်းတီးမှုသည် မည်မျှ နက်ရှိုင်းကြောင်း သိနိုင်ပြီး ပြေပျောက်ရန် ခက်ခဲပေလိမ့်မည်။

ပိုင်ကျန့်ဟွမ်က ဝမ်ထိုက်ဖေး၏ သေဆုံးမှုကို ဂရုမစိုက်သကဲ့သို့ ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ "မူဖေးက သူ့အသက်ကို လိုချင်တော့ သူက မယ်တော်ရဲ့အသက်ကို ပြန်ယူလိုက်တာပေါ့။ တကယ်ကို အရင်အတိုင်း အငြိုးအတေး ကြီးတာပဲ"

ဟွမ်ဝူသည် စကားမပြောရဲတော့ပေ။

အားချန်ကို အသက်သေမည့်လမ်းသို့ တွန်းပို့ခဲ့သော တရားခံများထဲမှ တစ်ဦးအနေဖြင့် သူမ ကောင်းကောင်း သိထားသည်မှာ အကယ်၍ ထိုစဉ်က သူမသည် ဝမ်ထိုက်ဖေး၏ ဓားတစ်လက်သာ မဖြစ်ခဲ့လျှင်၊ ပြီးတော့ ပေဟွမ်ဝမ်အိမ်တော်က အားစိုက်ပျိုးထောင်ထားသော အဆင့် ၄ သိုင်းပညာရှင် မဟုတ်ခဲ့လျှင် ဝမ်ရယ်သည် သူမကို လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။

ဝမ်ထိုက်ဖေးနှင့် ဝမ်ရယ်တို့၏ သေးငယ်လှသော သားအမိသံယောဇဉ်သည် အားချန်ကြောင့် စောစီးစွာကပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျောက်မိသားစု၏ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများကို ပြန်ယူလာနိုင်ရုံဖြင့် ဝမ်ရယ်နှင့် သားအမိသံယောဇဉ်ကို ပြန်လည်ပြုပြင်နိုင်မည်ဟု ဝမ်ထိုက်ဖေးကသာ ထင်မြင်နေခဲ့ခြင်း ဖြစ်လေသည်။

သူတို့၏ ဝမ်ရယ်သည် ယခင်ဝမ်ရယ်၏ သားသမီးများကြားတွင် အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးဟု ထင်ရပြီး အသက်ငယ်သောကြောင့် မည်သည့်အစ်ကိုကြီးများကမှ အရေးစိုက်ခြင်း မခံခဲ့ရပေ။

နောက်ဆုံးတွင်တော့ သူသည် သူ့အစ်ကိုအရင်းများ၏ အရိုးများကို နင်းဖြတ်ပြီး ပေဟွမ်ဝမ် ရာထူးသို့ တက်လှမ်းခဲ့ခြင်း ဖြစ်၏။

ဝမ်ရယ်၏ မျက်လုံးထဲတွင် သွေးသားရင်းချာ သံယောဇဉ်သည် သူ့စိတ်ကို လှုပ်ရှားစေခဲ့သော မိန်းကလေး အားချန်လောက် အရေးမပါသည်မှာ ထင်ရှားလှလေသည်။ ဟွမ်ဝူလည်း စိတ်ထဲတွင် နောင်တရမိသည်။ အကယ်၍ သူမသာ ဤအချက်ကို စောစောကတည်းက သိမြင်ခဲ့လျှင် ကိစ္စများ ဤအခြေအနေထိ ရောက်လာစရာ အကြောင်းမရှိပေ။

"ဝမ်ရယ်၊ မိန်းကလေး အားချန်ရဲ့ အထောက်အထားကို အတည်ပြုပြီးပြီဆိုတော့... သူနဲ့ သွားတွေ့မလို့လား" ဟွမ်ဝူက အကဲခတ်သည့်အနေဖြင့် မေးလိုက်၏။

"မတွေ့ဘူး၊ အချိန်မကျသေးဘူး"

ပိုင်ကျန့်ဟွမ်သည် မြင်းလှည်းပြတင်းပေါက်မှ ခန်းဆီးကို မလိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်လေသည်။ လမ်းပေါ်တွင် လူသွားလူလာများနေပြီး ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် စည်ကားနေသည်။

သူ့လက်သည် ရုတ်တရက် တင်းကျပ်သွားပြီး အသံမှာမူ အလွန် ဖြည်းညှင်းနေလေသည်။ "ရှန့်ကျင်းက တကယ် စည်ကားတာပဲ။ လူကို အလွယ်တကူ မျက်စိမှောက်မှားသွားစေတာ မဆန်းပါဘူး"

ဟွမ်ဝူသည် အသက်အောင့်ထားလိုက်ပြီး ဝမ်ရယ်က ဘယ်သူ့ကို ရည်ရွယ်ပြောနေသည်ကို သူမ မသိပေ။ သူမ ထပ်မတွေးအားဘဲ ဝမ်ရယ်၏ နောက်ထပ်အမိန့်ကိုသာ စောင့်ဆိုင်းနေလိုက်၏။

"ပိုင်ရှိုးမင်ကို သွားစုံစမ်း။ ဒီဝမ်ရယ်က သူ့ရဲ့ အကြိုက်နဲ့ အမုန်း၊ အားနည်းချက်၊ ပြီးတော့ သူနဲ့... ကျိချန်ရဲ့ ဆက်ဆံရေးကို သိချင်တယ်"

"ဟုတ်ကဲ့၊ ကျွန်မ အခုပဲ သွားစုံစမ်းလိုက်ပါ့မယ်"

ဟွမ်ဝူ၏ အရိပ်သည် မြင်းလှည်းအခန်းထဲမှ ပျောက်ကွယ်သွားသော်လည်း ပိုင်ကျန့်ဟွမ်၏ အကြည့်ကတော့ မြင်းလှည်းအပြင်ဘက်ကိုသာ စိုက်ကြည့်နေဆဲပင်။

မူလက သွေးတိတ်သွားပြီဖြစ်သော ဘယ်ဘက်လက်သည် ရုတ်တရက် အားစိုက်လိုက်မိသဖြင့် ဒဏ်ရာ ပြန်ပွင့်သွားပြီး လက်တွင် စည်းထားသော လက်ကိုင်ပဝါကိုပင် သွေးများ စွန်းထင်းသွားစေခဲ့သော်လည်း သူကတော့ ဘာမှ မဖြစ်သကဲ့သို့ပင်။

ချန်းဖိင်ဖန်းရပ်ကွက်။

ချန်ဟွေ့သည် နေ့တိုင်းလိုလို ဆိုင်တွင် စောင့်နေစဉ် ဆိုင်အပြင်ဘက်မှ မြင်းခွာသံကို ရုတ်တရက် ကြားလိုက်ရလေသည်။ သူမ မတ်တပ်ထရပ်လိုက်သည်နှင့် အားချန်သည် လျင်မြန်သော စာကလေးတစ်ကောင်ကဲ့သို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ "ဟွေ့ညန်၊ ကျွန်မ ပြန်ရောက်ပြီ"

ချန်ဟွေ့၏ မျက်နှာတွင် အပြုံးများ ပေါ်လာပြီး ကောင်တာအပြင်ဘက်သို့ ထွက်ကာ အားချန်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်၏။

သူမ ကြည့်ရသည်မှာ အနည်းငယ် ပိန်သွားပုံရသော်လည်း မျက်နှာသွေးရောင် လွှမ်းနေပြီး ကြည့်ကောင်းနေသဖြင့် ပိုင်ရှိုးမင်က သူမကို ကောင်းကောင်း ဂရုစိုက်ခဲ့ပုံရလေသည်။

သို့သော် မျက်လုံးနှင့် မျက်ခုံးကြားတွင် မသိမသာ ထွက်ပေါ်နေသော ဆွဲဆောင်မှုရှိသည့် အငွေ့အသက်များက သူမကို ပိုလို့ပင် လှပနေစေသော်လည်း ချန်ဟွေ့ကိုတော့ အံကြိတ်သွားရစေသည်။

အတွေ့အကြုံရှိသူ တစ်ယောက်အနေဖြင့် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူမ မသိဘဲ နေပါမည်လား။

အားချန်၏ နောက်မှ ပိုင်ရှိုးမင် ဝင်လာသည်ကို မြင်သောအခါ ချန်ဟွေ့၏ အကြည့်များတွင် စူးရှမှုအချို့ ပါဝင်နေတော့သည်။

အားချန်သည် ချန်ဟွေ့၏ ရှုပ်ထွေးနေသော စိတ်ခံစားမှုကို လုံးဝ မခံစားမိပေ။ လမ်းခရီးမှ အတွေ့အကြုံများကို ဝေမျှပြောပြနေပြီး စကားနည်းနည်း ပြောပြီးနောက် အနောက်မှ ပိုင်ရှိုးမင်ကို မြင်သောအခါ အလျင်အမြန် ပြောလိုက်လေသည်။ "ဟွေ့ညန်၊ ဟွေရွှယ်ကလည်း ရှင့်အတွက် လက်ဆောင်ပေးလိုက်သေးတယ်။ ကျွန်မလည်း အပြန်လမ်းမှာ ရှင့်အတွက် လက်ဆောင်တွေ အများကြီး ဝယ်လာတယ်"

သူမသည် ပြောရင်းဆိုရင်း ပိုင်ရှိုးမင်ကို လက်ယပ်ခေါ်လိုက်၏။ "ပစ္စည်းတွေ မြန်မြန် ထုတ်ပေးလိုက်"

ပိုင်ရှိုးမင် စကားမပြောရသေးမီ ချန်ဟွေ့က လှမ်းတားလိုက်လေသည်။ "မလောပါဘူး။ ရှင်က ပိုင်လူကြီးမင်းကို ခေါ်ပြီး ရှင့်အခန်းထဲက အထုပ်အပိုးတွေ အရင်သွားယူလိုက်။ ကျွန်မ ရှင့်အတွက် စားစရာ သွားလုပ်ပေးမယ်။ ဗိုက်ဆာနေပြီလား"

အားချန်က တွန့်ဆုတ်ခြင်း မရှိဘဲ ဖြေလိုက်၏။ "ဆာနေပြီ"

ရှန့်ကျင်းမှ ထွက်ခွာခဲ့သည်မှာ နှစ်လနီးပါး ရှိပြီဖြစ်ရာ ထမင်းစားတိုင်း သူမသည် ဟွေ့ညန်ကို လွမ်းဆွတ်နေမိသည်။ နောက်တစ်ခေါက် အပြင်ထွက်ရင် ဘာပဲဖြစ်ဖြစ် ဟွေ့ညန်ကိုပါ ထုပ်ပိုးပြီး ခေါ်သွားရမည်။

ချန်ဟွေ့သည် ဆိုင်တံခါးပိတ်လိုက်ပြီး မီးဖိုချောင်တွင် အားချန်အတွက် ဖက်ထုပ်လုပ်ပေးနေလေသည်။ ရေနွေးတည်နေစဉ် ပိုင်ရှိုးမင်သည် အားချန်အခန်းထဲမှ ထွက်လာပြီး ရေတွင်းဘက်သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။

"ပိုင်လူကြီးမင်း" ချန်ဟွေ့က လှမ်းခေါ်လိုက်၏။

ပိုင်ရှိုးမင်သည် ခြေလှမ်းရပ်တန့်လိုက်ပြီး ကိုယ်ကို လှည့်လိုက်လေသည်။ "ကိစ္စရှိလို့လား"

ချန်ဟွေ့သည် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။ "အားချန်က သံယောဇဉ်ကိစ္စတွေမှာ သိပ်ပြီး စည်းကမ်းကြီးတာ မဟုတ်ပေမယ့် ပိုင်လူကြီးမင်းကတော့ ဘာမှ မဖြစ်ခဲ့သလိုမျိုး လုပ်လို့ မရဘူးနော်"

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အားချန်နဲ့ သီးသန့် တိုင်ပင်ပါ့မယ်"

ချန်ဟွေ့က ခေါင်းညိတ်လိုက်လေသည်။ သူမသည် ပိုင်ရှိုးမင်၏ အပြုအမူများမှာ စည်းကမ်းဘောင် ကျော်လွန်းသည်ဟု ထင်သော်လည်း အနည်းဆုံးတော့ ဒီလိုကိစ္စမျိုးမှာ သူမကို လိမ်ညာမည် မဟုတ်ပေ။

သို့သော် ဤကိစ္စသည် ပိုင်ရှိုးမင်အပေါ် အပြစ်ပုံချ၍ မရကြောင်း သူမ မသိခဲ့ပေ။

အမှန်တကယ်တော့ ပြန်လာသည့် လမ်းခရီးတွင် မြို့တော်ရောက်လျှင် လာရောက် တောင်းရမ်းမည့်အကြောင်း သူ ပြောခဲ့ဖူးသည်။ ထိုစဉ်က အားချန်သည် ထိုခေါင်းစဉ်ကို ရှောင်လွှဲသွားခဲ့ပြီး နောက်ပိုင်းတွင်လည်း ထပ်မပြောတော့ပေ။

သူတို့နှစ်ဦးကြားတွင် တရားဝင်အမည်နာမ လိုချင်နေသူမှာ သူသာလျှင် ဖြစ်နေလေသည်။

သူတို့နှစ်ဦး ပြောဆိုသည်ကို အားချန် မသိခဲ့ပေ။ သူမသည် လမ်းခရီးမှ သယ်လာသော ပစ္စည်းများကို နေရာချပြီးနောက် ရေမိုးချိုးလိုက်၏။ အပြင်ထွက်လာသည်နှင့် ချန်ဟွေ့ လာချပေးသော ဖက်ထုပ်ကို စားရတော့သည်။

ချန်ဟွေ့သည် ပိုင်ရှိုးမင်အပေါ် မကျေနပ်သော်လည်း ယဉ်ကျေးမှုကို ငဲ့ကွက်သောအားဖြင့် ဖက်ထုပ်ကျွေးပြီးမှ လူကို ပြန်လွှတ်လိုက်လေသည်။

အားချန်သည် အိမ်ပြန်ရောက်သည်နှင့် ကျေးဇူးကန်းသော ဝံပုလွေပေါက်လေး တစ်ကောင်ကဲ့သို့ အိမ်တံခါးဝမှပင် မထွက်တော့ဘဲ တံခါးဝတွင် ရပ်ကာ လက်ဝှေ့ယမ်းပြလိုက်၏။ "ပိုင်လူကြီးမင်း လမ်းခရီး ဖြောင့်ဖြူးပါစေ"

ပိုင်ရှိုးမင်က သူမကို ပြုံးသလိုလို မပြုံးသလိုလို အကြည့်ဖြင့် ကြည့်လိုက်ရာ အားချန်၏ လည်ပင်းအေးစက်သွားပြီး ကိုယ်ကို အလျင်အမြန် ပြန်သွင်းကာ တမင်တကာ ထပ်ပြီး မစနောက်ရဲတော့ပေ။

ချန်းဖိင်ဖန်းရပ်ကွက်မှ ထွက်ခွာလာပြီးနောက် ပိုင်ရှိုးမင်သည် မင်ဝမ်အိမ်တော်သို့ မပြန်ဘဲ မင်ကျင့်စီးသို့ အရင် ဝင်လိုက်လေသည်။

မင်ကျင့်စီး ရုံးတော်သို့ ရောက်သောအခါ ချင်ဟန်နှင့် အရင်တွေ့ပြီး မကြာသေးမီက မင်ကျင့်စီး ကိုင်တွယ်ခဲ့သော အမှုများကို လွှဲပြောင်းရယူလိုက်သည်။ ထို့နောက် ဖုန်းယန်နှင့် ကျန်းခိုင်ကို ခေါ်လိုက်လေသည်။

ပိုင်ရှိုးမင်ကို မြင်သောအခါ နှစ်ယောက်သား ရှေ့တိုးလာပြီး အရိုအသေပေးကြကာ စိတ်လှုပ်ရှားနေကြ၏။

"လူကြီးမင်း၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ" ကျန်းခိုင်က မဲ့မဲ့ရွဲ့ရွဲ့ဖြင့် တိုင်တောလေသည်။ "တပ်မှူးချုပ်က ကျွန်တော်တို့ကို လူလို့တောင် မသတ်မှတ်ဘူး"

မထွက်ခွာမီက ပိုင်ရှိုးမင်သည် လက်အောက်ငယ်သား နှစ်ဦးကို ချင်ဟန်ထံ အပ်နှံခဲ့ပြီး ကိစ္စရှိလျှင် ခိုင်းစေနိုင်ကြောင်း ပြောခဲ့လေသည်။

အခြားရုံးများတွင် အချင်းချင်း အကောက်ကြံကာ သတိထားနေကြရသော်လည်း မင်ကျင့်စီး အလှည့်ရောက်တော့ ချင်ဟန်က ရှိသမျှအလုပ်အားလုံး သူတို့နှစ်ဦးကို လွှဲပေးချင်နေသည်။

သူတို့မှာ တပ်စုမှူး လစာယူပြီး တပ်မှူးချုပ် အလုပ်ကို လုပ်နေရကာ နေ့တိုင်း အမှုစစ်လိုက်၊ အမှုစစ်ဖို့ သွားလိုက်နှင့် အသက်တစ်ဝက်လောက် ပါသွားမတတ် ပင်ပန်းနေရလေသည်။

"မင်း ဆက်ပြီး အပိုတွေ ပြောနေမယ်ဆိုရင် ဒီအရာရှိက မင်းကို ထုပ်ပိုးပြီး တပ်မှူးချုပ်ဆီ ပို့လိုက်မယ်" ပိုင်ရှိုးမင်၏ လေသံမှာ ပြေပြစ်နေ၏။

ကျန်းခိုင်သည် ချက်ချင်း သတိဝင်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "လူကြီးမင်း၊ လူကြီးမင်း မသွားခင် မှာခဲ့တဲ့အတိုင်း သတင်းတွေ လွှတ်ပေးထားပြီးပါပြီ။ ပေဟွမ်ဝမ် မြို့တော်ထဲ ရောက်ပြီး မကြာခင်မှာပဲ တစ်ယောက်ယောက်က မင်ကျင့်စီးရဲ့ လမ်းကြောင်းကို နေရာအနှံ့ လိုက်ရှာနေလို့ ဒီနေ့ပဲ ကျွန်တော်တို့လူတွေက တစ်ဖက်လူကို သတင်းပေးလိုက်ပါတယ်"

"ဘာသတင်းတွေ ဝယ်သွားတာလဲ"

"အဲဒီလူက ပေဟွမ်ဝမ်ထိုက်ဖေး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဝယ်သွားပါတယ်။ သူက ဝမ်ထိုက်ဖေး အသတ်ခံရတဲ့နေရာနဲ့ ခြံဝင်းပိုင်ရှင်အကြောင်း အထူးတလည် မေးမြန်းခဲ့လို့ ကျွန်တော်တို့ ဘာမှ ဖုံးကွယ်မထားပါဘူး"

ထို့နောက် ကျန်းခိုင်က ဆက်ပြောလေသည်။ "သူက ဟွမ်လင်းရဲ့ သတင်းကိုလည်း စုံစမ်းပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အများကြီး မပြောဘဲ ဟွမ်လင်းက ချန်းဖိင်ဖန်းရပ်ကွက်မှာ ပျောက်သွားတယ်လို့ပဲ ပြောလိုက်ပါတယ်"

"ဒါပဲလား"

"ရှိပါသေးတယ်" ကျန်းခိုင်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြော၏။ "အဲဒီလူက မနှစ်က ရှန့်ယွမ်ပွဲတော်ညတုန်းက မြို့ထဲဝင်လာတဲ့ မြေခွေးမိစ္ဆာ သတင်းကိုလည်း စုံစမ်းပါတယ်။ ကျွန်တော်တို့က အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးကို အဲဒီလူကို အမှန်အတိုင်း ပြောပြလိုက်ပါတယ်"

ပိုင်ရှိုးမင်က မျက်လွှာပင့်လိုက်လေသည်။ "မြေခွေးမိစ္ဆာ ဟုတ်လား"

"ဟုတ်ပါတယ်"

"အဲဒီမြေခွေးမိစ္ဆာရဲ့ နောက်ကြောင်းကို ဒီအချိန်ထိ စုံစမ်းလို့ မရသေးဘူး မဟုတ်လား"

"ကျွန်တော်တို့ ညံ့ဖျင်းလို့ပါ" ကျန်းခိုင်နှင့် ဖုန်းယန်တို့ နှစ်ယောက်စလုံး ဆင်ခြေမပေးဘဲ အမှားဝန်ခံလိုက်ကြ၏။

"ဒါဆိုရင် ပေဟွမ်ဝမ်အိမ်တော်ဘက်ကို လိုက်စုံစမ်း။ ဒီအရာရှိက အဲဒီမြေခွေးမိစ္ဆာနဲ့ ပေဟွမ်ဝမ် ဘာပတ်သက်မှု ရှိလဲ။ ပြီးတော့ အဲဒီအကောင်က ဘာလို့ ရှန့်ကျင်းကို ရောက်လာတာလဲဆိုတာ သိချင်တယ်"

"ဟုတ်ကဲ့ပါ" အမိန့်ကို လက်ခံပြီးနောက် ကျန်းခိုင် အရင် ထွက်သွားလေသည်။

ဖုန်းယန်က နောက်မှ လိုက်သွားရင်း အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။ "လူကြီးမင်း၊ ရောင်းလိုက်တဲ့ သတင်းတွေထဲမှာ မိန်းကလေးကျိရဲ့ အရိပ်အယောင်တွေ ပါနေသလိုပဲ"

ယခင်ကတော့ တိုက်ဆိုင်မှုဟုသာ ထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် မသက်ဆိုင်သော ကိစ္စများပင်။

သို့သော် ယခုအခါ တစ်စုံတစ်ယောက်က လွန်ခဲ့သော တစ်နှစ်က မြေခွေးမိစ္ဆာအမှုနှင့် ဝမ်ထိုက်ဖေးအမှုကို ပေါင်းစပ်ပြီး သူတို့ရှေ့သို့ ပို့ဆောင်လာသောအခါ ဤကိစ္စသည် ရုတ်တရက် ထူးခြားလာတော့သည်။ လူကြီးမင်းက မိန်းကလေးကျိ၏ အထောက်အထားကို သံသယဝင်ခဲ့ဖူးသည်ကို သူ မှတ်မိနေသေးသည်။

ပိုင်ရှိုးမင်သည် ဖုန်းယန်ကို ဂရုမစိုက်ဘဲ မျက်လွှာချထားကာ အိပ်ပျော်နေသကဲ့သို့ပင်။ ဖုန်းယန်သည် အခြေအနေကို မြင်သောအခါ ဆက်မပြောတော့ဘဲ တိတ်တဆိတ် ပြန်ထွက်သွားလေတော့သည်။

ဖုန်းယန် ထွက်သွားပြီးနောက် ပိုင်ရှိုးမင်သည် မျက်လုံးဖွင့်လိုက်ပြီး စားပွဲပေါ်တွင် စီစီရီရီ တင်ထားသော အမှုတွဲများကို တစ်ချက် ဝေ့ကြည့်လိုက်၏။

သူသည် အမှုတွဲတစ်ခုကို ကောက်ယူလိုက်သော်လည်း ဖွင့်မကြည့်ခဲ့ပေ။

ရှုပ်ထွေးသော အတွေးများကို ဦးနှောက်ထဲ ရောက်လာခဲ့လေသည်။ ပေဟွမ်ဝမ်၊ မြေခွေးမိစ္ဆာ၊ သေဆုံးသွားသော ဝမ်ထိုက်ဖေး၊ ပြီးတော့... အားချန်။

...

All Chapters