← Chapters

မင်း ပြောကြည့်၊ အားချန်ရဲ့ အစစ်အမှန်ကို သူ သိလား...

Vol. 19 Ch. 185

မင်း ပြောကြည့်၊ အားချန်ရဲ့ အစစ်အမှန်ကို သူ သိလား...

Vol. 19 Ch. 185

ပိုင်ရှိုးမင်သည် မင်ကျင့်စီး ရုံးတော်တွင် မကြာလိုက်ဘဲ မင်ဝမ်အိမ်တော်သို့ သွားခဲ့လေသည်။

အိမ်တော်ထိန်းကုန်းကုန်းသည် ပိုင်ရှိုးမင် ပြန်ရောက်လာပြီဖြစ်ကြောင်း ကြားသိရသဖြင့် အပြေးအလွှား လာရောက်ကြိုဆို၏။

"သခင်လေး ပြန်ရောက်လာပြီပဲ။ သွားလိုက်တာ နှစ်လတောင် ကြာတယ်။ ဝမ်ရယ်က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သခင်လေးကို တဖွဖွ မေးနေတာ" အိမ်တော်ထိန်းကုန်းကုန်းက သူ့ကို စာကြည့်ဆောင်သို့ လမ်းပြခေါ်ဆောင်သွားရင်း ပြောလိုက်လေသည်။

"အိမ်တော်မှာ ဧည့်သည် ရောက်နေတာလား" ပိုင်ရှိုးမင်က မေးလိုက်၏။

သူ့ဖခင်သည် စာကြည့်ဆောင်ကဲ့သို့သော နေရာမျိုးတွင် နေရသည်ကို အမုန်းဆုံးဖြစ်ပြီး မရင်းနှီးသော ဧည့်သည်ရောက်လာမှသာ ထိုနေရာတွင် ဧည့်ခံလေ့ရှိပေသည်။

အိမ်တော်ထိန်းကုန်းကုန်းက အသံနှိမ့်ကာ ပြောပြလေသည်။ "လွန်ခဲ့တဲ့ တစ်နာရီလောက်က ပေဟွမ်ဝမ် ရုတ်တရက် ရောက်လာတာပါ။ တော်ဝင်မျိုးနွယ်က မျိုးဆက်သစ်ပဲလေ၊ ဝမ်ရယ်က စာကြည့်ဆောင်မှာ လက်ခံတွေ့ဆုံနေပါတယ်"

ပိုင်ရှိုးမင်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ပါဝင်နေတော့သည်။ "ဒီ ပေဟွမ်ဝမ်က မြို့တော်ရောက်ပြီးနောက်ပိုင်း တော်တော်လေး လှုပ်ရှားနေတာပဲ"

တစ်ရက်တည်း နှစ်ကြိမ် တွေ့ရသည်မှာ တိုက်ဆိုင်မှု ဟုတ်ပါမည်တဲ့လား။

စာကြည့်ဆောင် အပြင်ဘက်သို့ ရောက်သောအခါ တံခါးစောင့်နေသော အစောင့်များသည် ပိုင်ရှိုးမင် ရောက်လာသည်ကို မြင်သည်နှင့် အချက်ပြစရာမလိုဘဲ တံခါးကို သုံးချက် ခေါက်ပေးလိုက်ကြလေသည်။

စာကြည့်ဆောင်ထဲတွင် ပိုင်ကျန့်ဟွမ်၏ စကားကို နားထောင်နေသော မင်ဝမ်၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး အသံမြှင့်ကာ ပြောလိုက်၏။ "လိမ့်ဝင်လာခဲ့"

အစောင့်များက တံခါးဖွင့်ပေးလိုက်ရာ ပိုင်ရှိုးမင်သည် စာကြည့်ဆောင်ထဲသို့ ဝင်ရောက်သွားလိုက်သည်။

"ဖုဟွမ်" ပိုင်ရှိုးမင်က မင်ဝမ်ကို အရိုအသေပြုလိုက်၏။

"အင်း" မင်ဝမ်က ထူးလိုက်ပြီး သူ့ကို အထက်အောက် ကြည့်လိုက်ကာ သူ့ခါးပတ်ပေါ်မှ ပန်းခက်များပေါ်တွင် အကြည့်တစ်ချက် ရပ်တန့်သွားပြီးမှ ပြန်လွှဲလိုက်လေသည်။

မင်ဝမ်သည် လူငယ်နှစ်ဦးကို မိတ်ဆက်ပေးရန် ဆန္ဒမရှိသော်လည်း ပိုင်ကျန့်ဟွမ်ကမူ မတ်တပ်ထရပ်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြောလာ၏။ "ပိုင်လူကြီးမင်း၊ တွေ့ရတာ ဝမ်းသာပါတယ်"

"ပေဟွမ်ဝမ်၊ ပြန်တွေ့ကြပြန်ပြီပဲ"

စာကြည့်ဆောင်သည် ကျယ်ဝန်းသော်လည်း အရပ်ရှည်သော လူငယ်နှစ်ဦး ရပ်နေသဖြင့် အနည်းငယ် ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားရစေ၏။

မင်ဝမ်သည် စကားတစ်ခွန်းသာ ပြောရသေးသော်လည်း လေထုအခြေအနေ မကောင်းသော လူနှစ်ဦးကို စိတ်ဝင်တစား ကြည့်နေမိလေသည်။ ဒီလူနှစ်ယောက်ကြားမှာ သူ မသိသေးတဲ့ ကိစ္စတစ်ခုခု ရှိနေပုံရတယ် ဟု တွေးနေမိတော့သည်။

နောက်ဆုံးတွင် ပိုင်ကျန့်ဟွမ်ကပင် စတင်ပြောဆိုလာသည်။ "ဦးရီးတော် ကိစ္စရှိနေသေးရင် တူတော်မောင် ပြန်လိုက်ပါဦးမယ်။ နောက်မှ အချိန်ရရင် လာရောက် ဂါရဝပြုပါဦးမယ်"

"ကောင်းပြီ" မင်ဝမ်က ခေါင်းညိတ်လိုက်၏။

ပိုင်ကျန့်ဟွမ်သည် မင်ဝမ်ကို အရိုအသေပြုပြီးနောက် စာကြည့်ဆောင် အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။ ပိုင်ရှိုးမင်သည် သူ့ကို တံခါးဝအထိ လိုက်ပို့ပေးလိုက်ရာ ပိုင်ကျန့်ဟွမ်က ပြောလာ၏။ "ပိုင်လူကြီးမင်း ပြန်ဝင်ပါတော့"

ပိုင်ရှိုးမင်သည် ချက်ချင်း ရပ်တန့်လိုက်ပြီး ယဉ်ကျေးမှု မရှိဘဲ ပြောလိုက်လေသည်။ "ပေဟွမ်ဝမ် လမ်းခရီး ဂရုစိုက်ပါ"

အိမ်တော်ထိန်းကုန်းကုန်းသည် ထိုလူနှစ်ယောက်ကြားမှ အခြေအနေ ပိုပြီး ထူးဆန်းလာသည်ကို မြင်သောအခါ အလျင်အမြန် ရှေ့တိုးကာ လမ်းပြလိုက်တော့သည်။ "ပေဟွမ်ဝမ် ဒီဘက်က ကြွပါ"

ပိုင်ကျန့်ဟွမ် ဥယျာဉ်ထဲမှ ထွက်သွားပြီးမှ ပိုင်ရှိုးမင်သည် စာကြည့်ဆောင်ထဲသို့ ပြန်ဝင်လိုက်၏။ စာကြည့်ဆောင် တံခါးပိတ်လိုက်သည်နှင့် သူသည် ခေါင်းကို ရုတ်တရက် စောင်းလိုက်ပြီး ပစ်လွှတ်လိုက်သော စုတ်တံကို လက်ဖြင့် ဖမ်းယူလိုက်လေသည်။

နူးညံ့သော စုတ်တံထိပ်ဖျားသည် ပစ်လွှတ်လိုက်ချိန်တွင် အပ်ဖျားကဲ့သို့ စူးရှထက်မြက်နေပေသည်။

"တုံ့ပြန်မှု မြန်သားပဲ။ ကျင့်ကြံမှု တိုးတက်လာပုံရတယ်" မရင်းနှီးသော လူငယ်ထွက်သွားပြီးနောက် မင်ဝမ်သည် စောစောကကဲ့သို့ တိတ်ဆိတ်မနေတော့ပေ။

"ဝူမျိုးနွယ်ရဲ့ ပူဇော်ပွဲတစ်ခုမှာ ပါဝင်ခဲ့ရလို့ အကျိုးကျေးဇူး နည်းနည်း ရလိုက်တာပါ"

မင်ဝမ်သည် အနည်းငယ် အံ့ဩသွားလေသည်။ "ကြည့်ရတာ ဝူမျိုးနွယ်ရဲ့ ယဇ်ပုရောဟိတ်အကြီးကဲက မင်းအပေါ် အမြင်မဆိုးဘူးပဲ။ ပြင်ပလူဖြစ်တဲ့ မင်းကိုတောင် ပူဇော်ပွဲမှာ ပါဝင်ခွင့်ပေးတယ်ဆိုတော့"

"တိုက်ဆိုင်သွားလို့ပါ"

ဒီကောင်လေး သူ့ကို ဟန်ဆောင်ပြောနေမှန်း သိသော်လည်း မင်ဝမ် ဆက်မမေးတော့ချေ။ ကလေးတွေ ကြီးလာရင် ကိစ္စတိုင်း ဝင်ပါလို့ မရတော့ဘူးလေ။ ထို့ကြောင့် မင်ဝမ်က မေးလိုက်၏။ "မင်းရဲ့ ခါးပတ်က ဘယ်က ရလာတာလဲ"

ပိုင်ရှိုးမင်က ငုံ့ကြည့်လိုက်လေသည်။ "သူများ ပေးတာ"

"ကြည့်ကောင်းသားပဲ"

"ကျွန်တော်လည်း အဲလို ထင်တယ်"

ပိုင်ရှိုးမင်သည် ကုလားထိုင်တွင် ထိုင်လိုက်ပြီး ဘေးမှ လက်ဖက်ရည်ကရားကို ယူကာ မင်ဝမ်အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်တော့သည်။ "ပိုင်ကျန့်ဟွမ်က ဖုဟွမ်ဆီ ဘာလာလုပ်တာလဲ"

မင်ဝမ်သည် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး စားပွဲပေါ်ရှိ စာအုပ်ပုံကို လက်ညှိုးထိုးပြလိုက်၏။ "ဒီပစ္စည်းတွေ လာပို့တာ။ ပေဟွမ်ဝမ်အိမ်တော်က စုဆောင်းထားတဲ့ စာအုပ်တွေနဲ့ အရင်တုန်းက ရှန့်မိသားစုဆီကနေ လုယူထားတဲ့ လျှို့ဝှက်ကျမ်းစာတွေတဲ့"

ပိုင်ရှိုးမင်သည် အပေါ်ဆုံးမှ စာအုပ်တစ်အုပ်ကို ယူပြီး လှန်လှောကြည့်လိုက်ရာ ကျောက်မိသားစု၏ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲတွင် ကျန်ရစ်ခဲ့သော လျှို့ဝှက်ကျမ်းစာများနှင့် ဆက်စပ်မှု ရှိနေပုံရလေသည်။

"သူက တော်တော် ပွင့်လင်းသားပဲ"

"ပါးနပ်တဲ့သူတစ်ယောက်ပါ။ မြို့တော်ရောက်ပြီးတာနဲ့ နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးဆီမှာ အပြစ်ဝန်ခံတယ်။ အရင်တုန်းက ရှန့်မိသားစုဆီကနေ လုယူထားတဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို ပြန်ပေးရုံတင်မကဘဲ စစ်တပ်အတွက် ငွေကြေးအမြောက်အမြားကိုလည်း လှူဒါန်းလိုက်သေးတယ်"

အရှင်မင်းကြီးသည် ပေဟွမ်ဝမ်အိမ်တော်အပေါ် သံသယရှိသော်လည်း ပိုင်ကျန့်ဟွမ်၏ လုပ်ရပ်ကြောင့် စိတ်ကျေနပ်သွားခဲ့လေသည်။

ပိုင်ရှိုးမင်သည် ဖန်ချီးထံမှ သတင်းရရှိပြီးဖြစ်၍ မအံ့ဩပေ။ "သူ လာတာ စာအုပ်လာပို့ရုံ သက်သက်ပဲလား"

မင်ဝမ်က ပြုံးလိုက်၏။ "သူက ငါ့ကို ပြောတယ်။ ဟွမ်လင်းက အစက ပေဟွမ်ဝမ်အိမ်တော်ရဲ့ အစောင့်အရှောက်တဲ့၊ အခု အပြစ်ကြီးကျူးလွန်ပြီး မြေအောက်အကျဉ်းထောင်မှာ အဖမ်းခံထားရလို့ တစ်ခေါက်လောက် တွေ့ခွင့်တောင်းပြီး အမှန်အတိုင်း ဝန်ခံဖို့ ဖျောင်းဖျချင်တယ်တဲ့"

မင်ဝမ်၏ ရှေ့မှောက်တွင် မည်သည့်လိမ်ညာမှုမှ အရာမရောက်နိုင်သဖြင့် ပိုင်ကျန့်ဟွမ်သည် အပွင့်လင်းဆုံး ဆက်ဆံရေးနည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

မင်ဝမ်သည် သူ့အပေါ် အမြင်မကြည်သော်လည်း မုန်းတီးခြင်းတော့ မရှိချေ။

"ဖုဟွမ် သဘောတူလိုက်လား"

"အင်း"

"တွေ့ဆုံတာလည်း ကောင်းပါတယ်။ ကျွန်တော်လည်း သိချင်တယ်။ ဟွမ်လင်းက ဘာတွေ ပြောပြနိုင်မလဲဆိုတာ" ပိုင်ကျန့်ဟွမ်က ဟွမ်လင်းကို တွေ့ချင်သည်မှာ စုံစမ်းစစ်ဆေးရေးကို ကူညီရန်အတွက်ဟု ပိုင်ရှိုးမင် မယုံကြည်ပေ။ ဟွမ်လင်းက ပိုင်ကျန့်ဟွမ်အတွက် ဘာအကျိုးကျေးဇူးတွေ ပေးနိုင်မလဲဆိုတာ သူ သိချင်နေမိသည်။

ပိုင်ကျန့်ဟွမ်သည် အိမ်တော်ထိန်းကုန်းကုန်း လိုက်ပို့ပေးပြီးနောက် အပြင်တွင် ရပ်ထားသော မြင်းလှည်းပေါ်သို့ တက်လိုက်လေသည်။

မြင်းလှည်းသည် မင်ဝမ်အိမ်တော်၏ နယ်နိမိတ်မှ ထွက်ခွာလာပြီး နာရီဝက်နီးပါး မောင်းနှင်ပြီးနောက် အိမ်တော်တစ်ခုရှေ့တွင် ရပ်တန့်သွား၏။

ပေဟွမ်ဝမ်သည် မြို့တော်သို့ မလာရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ မြို့တော်တွင် ကိုယ်ပိုင်အိမ်တော် မရှိဘဲ ယခုနေထိုင်သော နေရာသည် ယာယီတည်းခိုရာ နေရာသာ ဖြစ်ပေသည်။

ပိုင်ကျန့်ဟွမ် အိမ်ထဲသို့ ဝင်ရောက်လာရာ အိမ်တော်တွင် အစေခံများက မများဘဲ အားလုံးသည် ပေဟွမ်မှ သူ့နောက်သို့ လိုက်ပါလာသူများသာ ဖြစ်ကြသည်။

အိမ်တော်ထိန်းက သူ ပြန်လာသည်ကို မြင်သောအခါ ကြိုဆိုလိုက်လေသည်။ "ဝမ်ရယ်၊ ညစာ ပြင်ဆင်ပြီးပါပြီ၊ အခု သုံးဆောင်မလား"

ပိုင်ကျန့်ဟွမ်က ခေါင်းညိတ်လိုက်ပြီး သူ့ခြံဝင်းဘက်သို့ လှမ်းသွားရင်း လှည့်မေးလိုက်၏။ "ဟွမ်ဝူ ပြန်ရောက်ပြီလား"

"မရောက်သေးပါဘူး"

"သူ ပြန်ရောက်ရင် ငါ့ဆီ တန်းလာခဲ့ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ"

ပိုင်ကျန့်ဟွမ်သည် ထမင်းစားပြီးနောက် သက်တောင့်သက်သာရှိသော အိမ်နေရင်း ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်လေသည်။ ကုတင်ပေါ်တွင် ထိုင်ကာ စစ်တုရင်ခုံကို ခင်းကျင်းပြီး မိမိဘာသာ ကစားနေလိုက်၏။

စစ်တုရင် နှစ်ပွဲ ကစားပြီးနောက် ဟွမ်ဝူ၏ အရိပ်သည် နောက်ဆုံးတွင် ပေါ်ထွက်လာတော့သည်။

"ဝမ်ရယ်၊ ကျွန်မ ပြန်ရောက်ပါပြီ"

ပိုင်ကျန့်ဟွမ်၏ အာရုံသည် စစ်တုရင်ခုံပေါ်တွင်သာ ရှိနေဆဲပင်။ "ပြော"

"ပိုင်ရှိုးမင်နဲ့ ကျိချန်က မနှစ်က ရှန့်ယွမ်ပွဲတော်မှာ စတင်သိကျွမ်းခဲ့တာပါ။ သူက ကျိချန်ကို မြေအောက်အကျဉ်းထောင်ကို ပို့လိုက်ပြီး နှိပ်စက်ခဲ့ပုံရပါတယ်။ ပြီးတော့မှ ပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ကျိချန်ရဲ့ အဒေါ် ရှောင်လင်းရှီရဲ့ အမှုကြောင့် နှစ်ယောက်သား ပြန်လည် ဆက်နွယ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ကျိချန် နေမကောင်းဖြစ်တော့ ပိုင်ရှိုးမင်က မင်ဝမ်ရဲ့ အမိန့်တော်တံဆိပ်ပြားနဲ့ နန်းတော်တံခါးကို ဖွင့်ခိုင်းပြီး သမားတော် ခေါ်ကုပေးခဲ့ပါတယ်..."

ဟွမ်ဝူ စကားမဆုံးသေးမီ ဘေးတွင် ချထားသော စစ်တုရင်အိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အထဲမှ အနက်ရောင် ကျောက်လေးများ ပြန့်ကျဲသွားလေသည်။

ဟွမ်ဝူသည် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သော်လည်း ခေါင်းပေါ်မှ ပိုင်ကျန့်ဟွမ်၏ အေးစက်သော အသံကို ကြားလိုက်ရ၏။ "ဆက်ပြော"

ဟွမ်ဝူသည် မတတ်သာဘဲ သူတို့နှစ်ဦးနှင့် ပတ်သက်ပြီး စုံစမ်းသိရှိသမျှ အားလုံးကို အသေးစိတ် ပြောပြရတော့သည်။

တစ်နှစ်တာ ကာလတိုလေးသာ ရှိသေးသော်လည်း နှစ်ဦးသား၏ ဆက်ဆံရေးသည် မနည်းလှပေ။ သူမသည် အချစ်ရေးကိစ္စများကို သိပ်နားမလည်သော်လည်း နှစ်ဦးသား၏ ဆက်ဆံရေးသည် ပိုမို ရင်းနှီးလာပြီး ပိုင်ရှိုးမင်က ကျိချန်အပေါ် တဖြည်းဖြည်း လိုက်လျောလာသည်ကို မြင်တွေ့နိုင်လေသည်။

မကြာသေးမီက နှစ်ဦးသား ရှန့်ကျင်းမှ အတူတူ ထွက်ခွာသွားကြပြီး ဘယ်သွားမှန်း မသိရသော်လည်း သာ့ရှပြည် နယ်နိမိတ်အပြင်ဘက်သို့ ရောက်ရှိသွားပုံရကာ နှစ်လအကြာမှ အတူတူ ပြန်ရောက်လာကြ၏။

လူပျိုအပျို နှစ်ဦး အတူတူ ခရီးသွားကြသည်မှာ ဘာမှ မဖြစ်ဘဲ နေပါမည်လား။

ဟွမ်ဝူသည် စုံစမ်းရရှိသော သတင်းများကို ပြောပြပြီးနောက် သူမ၏ ဝမ်ရယ် မျက်နှာထားကိုပင် မမော့ကြည့်ရဲတော့ချေ။

အသက်ရှူကျပ်လောက်အောင် တိတ်ဆိတ်နေပြီးမှ ပိုင်ကျန့်ဟွမ်၏ အသံ ထပ်မံ ထွက်ပေါ်လာလေသည်။ "ပိုင်ရှိုးမင်ကရော၊ ဘာတွေ စုံစမ်းမိလဲ"

သည်တစ်ခေါက်တွင် ဟွမ်ဝူ အနည်းငယ် အခက်တွေ့သွား၏။ "ကျွန်မ ညံ့ဖျင်းလို့ပါ၊ ပိုင်ရှိုးမင်ရဲ့ သတင်းက အရမ်း နည်းပါတယ်။ သူက အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံတို့ရဲ့ အလေးပေးခြင်းကို ခံရပြီး ပုံမှန်အချိန်တွေမှာ တခြားအမတ်တွေနဲ့ အဆက်အဆံ မလုပ်ပါဘူး။ အားနည်းချက် သိပ်မရှိပါဘူး၊ ပြောစရာဆိုလို့ သူ ကိုယ်တိုင် ရှီးလင်ဝမ်အိမ်တော်ကို ဖြိုခွင်းခဲ့တဲ့ ကိစ္စတစ်ခုပဲ ရှိပါတယ်"

"ပိုင်ရှိုးမင်နဲ့ ရှီးလင်ဝမ်တို့ရဲ့ ရန်ငြိုးက ရှီးလင်ဝမ်ဖေးဆီက မြစ်ဖျားခံလာတာလို့ ငါ မှတ်မိတယ်"

"ဟုတ်ပါတယ်။ ရှီးလင်ဝမ်က မိစ္ဆာမျိုးနွယ်ကို သုံးပြီး ရှီးလင်ဝမ်ဖေးကို သတ်ခဲ့တာပါ။ ပိုင်ရှိုးမင်က မိစ္ဆာမျိုးနွယ်တွေကို အရမ်း မုန်းတီးပုံရပါတယ်။ သူ ရှန့်ကျင်းမှာ တာဝန်ယူပြီးကတည်းက မြို့ထဲမှာ မွေးမြူထားတဲ့ မိစ္ဆာအတော်များများကို ရှင်းလင်းပစ်ခဲ့ပါတယ်"

ပိုင်ကျန့်ဟွမ် ရုတ်တရက် ရယ်မောလိုက်လေသည်။ "မင်း ပြောကြည့်၊ အားချန်ရဲ့ အစစ်အမှန်ကို သူ သိလား..."

All Chapters