← Chapters

ကိုယ့်ကိုယ်ကိုယ် လှည့်စားတာ မကောင်းပါဘူး

Vol. 19 Ch. 186

ကိုယ့်ကိုယ်ကိုယ် လှည့်စားတာ မကောင်းပါဘူး

Vol. 19 Ch. 186

ဟွမ်ဝူက ခန့်မှန်းလိုက်သည်။ "မသိတာ ဖြစ်လောက်တယ်နော်"

"သူ လုံးဝ မသိဘူး။ အားချန်က ဒီလျှို့ဝှက်ချက်ကို သူ့ကို လုံးဝ ပြောပြမှာ မဟုတ်ဘူး" ပိုင်ကျန့်ဟွမ်က အတည်ပြု ပြောဆိုလိုက်၏။ အားချန်၏ လျှို့ဝှက်ချက်ကို သူသာလျှင် သိရှိပြီး သူတစ်ယောက်တည်းသာ အားချန်၏ မူလအထောက်အထားကို ဘာမှ စိုးရိမ်ပူပန်မှု မရှိဘဲ လက်ခံနိုင်ခြင်း ဖြစ်သည်။

ဟွမ်ဝူသည် ပိုင်ကျန့်ဟွမ်၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်လိုက်ပြီး အကဲခတ်ကာ မေးလိုက်၏။ "ဝမ်ရယ်၊ ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"

ပိုင်ကျန့်ဟွမ်သည် လက်ထဲမှ အဖြူရောင် စစ်တုရင်အရုပ်ကို ကစားနေပြီး ဖြန့်ချထားသော ဆံနွယ်များသည် ခေါင်းငုံ့လိုက်သည့် အချိန်တွင် ပခုံးပေါ်သို့ ဝဲကျလာကာ မျက်နှာပေါ်သို့ ကျရောက်နေသည့် ဖယောင်းတိုင်မီးရောင်ကို ကွယ်ဝှက်ထားလိုက်လေသည်။

အရိပ်ထဲတွင် ပုန်းကွယ်နေသော ထိုချောမောသည့် မျက်နှာပေါ်တွင် ပုံမှန်နေ့ရက်များနှင့် လုံးဝ ကွဲပြားခြားနားသည့် အေးစက်မှုများ ရှိနေသော်ငြား အသံထဲတွင်တော့ ရယ်မောသံ အနည်းငယ် ပါဝင်နေလေသည်။ "သင့်တော်တဲ့ အချိန်တစ်ခုကို ရှာပြီးတော့ အမှန်တရားကို သူ့ဘာသာ ရှာတွေ့သွားအောင် လုပ်ရမှာပေါ့"

"ပိုင်ရှိုးမင်က အစပိုင်းတုန်းက အားချန်ရဲ့ အထောက်အထားကို စုံစမ်းဖူးမှာပဲ။ ကြည့်ရတာ သူ့ရဲ့ ဟန်ဆောင်ပုံက အရမ်း ပြည့်စုံလွန်းနေတယ် ထင်တယ်" သူမတောင်မှ သိချင်နေမိသည်။ အားချန်က ရှန့်ကျင်းတွင် မည်သို့ ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး ရှောင်တိမ်းနိုင်ခဲ့သည် ဆိုတာကိုပင်။

"ပြည့်စုံတယ် ဟုတ်လား။ အဲဒါတော့ မသေချာဘူး။ သူ့လို စိတ်နေစိတ်ထားမျိုးနဲ့က တခြားလူတစ်ယောက် အဖြစ် အချိန်အကြာကြီး ဟန်ဆောင်နေရတာကို ဘယ်လိုလုပ် လိုလားမှာလဲ။ သံသယ ဝင်လာတာနဲ့ သေချာပေါက် ..."

စကားက ဒီနေရာအရောက်တွင် သူ ရုတ်တရက် အသံတိတ်သွားခဲ့လေသည်။

တကယ်လို့သာ ငါ ပြောသလိုမျိုး ဖြစ်ခဲ့ရင် ပိုင်ရှိုးမင်က ဘာဖြစ်လို့ အတွင်းကျကျ မစုံစမ်းခဲ့တာလဲ။

ငါ သိထားတဲ့ ပိုင်ရှိုးမင်က လှည့်စားရ လွယ်တဲ့လူမျိုး မဟုတ်ဘူး။ တစ်ဖက်လူက အတွင်းကျကျ စုံစမ်းဖို့ ဆန္ဒမရှိတာကလွဲရင်ပေါ့။

ပိုင်ကျန့်ဟွမ်၏ နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားပြီး မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။

ကိစ္စမရှိပါဘူး။ ဒီကိစ္စက ပိုင်ရှိုးမင် ဆန္ဒရှိ မရှိနဲ့ ဆုံးဖြတ်လို့ရတာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် လှည့်စားတာ မကောင်းပါဘူးလေ။ ကိစ္စတော်တော်များများက အဖြူအမည်း သဲကွဲနေမှ ဖြစ်မှာ။

အရာအားလုံးက သူ့ရှေ့မှာ ပေါ်လာတဲ့ အချိန်ကျရင် သူက ဘာမှ မဖြစ်သလိုမျိုး ဆက်ပြီး ဟန်ဆောင်နေနိုင် ဦးမှာတဲ့လား။

"ကျိချန်မှာ ရင်းနှီးတဲ့ ဆွေမျိုးတွေ ရှိသေးလား" ပိုင်ကျန့်ဟွမ်က မေးလိုက်၏။

ဟွမ်ဝူက ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ဖြေလေသည်။ "သူနဲ့ ကျင့်ယန်မြို့စားက သွေးသားတော်စပ်မှု ရှိမရှိ ဆိုတာက မသိရသေးပါဘူး။ ဒါ့အပြင် သူက ရှန့်ကျင်းမှာ တခြားဆွေမျိုး မရှိပါဘူး။ ဒါပေမဲ့ ကြားတာတော့ သူ အဝေးရောက်နေတဲ့ အဘိုးဘက်က မိသားစုက အရှင်မင်းကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရထားပြီးတော့ မကြာခင် မြို့တော်ကို ပြန်ရောက်လာတော့မယ်လို့ ကြားပါတယ်"

"အဘိုးဘက်က မိသားစုလား ... ကြည့်ရတာ ကျိချန်နဲ့ ဆက်ဆံရေး တော်တော်လေး ရင်းနှီးပုံရတယ်"

"ဝမ်ရယ်က အဲဒီမိသားစုကို အသုံးချချင်လို့လား"

ပိုင်ကျန့်ဟွမ်က မငြင်းဆန်ခဲ့ပေ။ "တချို့ အမှန်တရားတွေက ရင်းနှီးတဲ့ မိသားစုဝင်တွေရဲ့ ပါးစပ်ကနေ ပြောထွက်လာမှ ပိုပြီး ယုံကြည်လက်ခံနိုင်စရာ ရှိတာလေ။ အဲဒီမိသားစုကို ရှာ၊ သူတို့ကို ပြဿနာတချို့ ဖန်တီးပေးပြီးတော့ မြို့တော်ကို ပြန်ပို့ပေးလိုက်"

မှာကြားပြီးသွားသည့်နောက် ပိုင်ကျန့်ဟွမ်သည် မလုံလောက်သေးဟု ခံစားလိုက်ရပြီး မေးလိုက်၏။ "ရွှယ်ယောင်မင်းသမီးရဲ့ လူတွေက ဒီဝမ်ရယ်ကို ဆက်သွယ်ဖို့ ကြိုးစားနေတုန်းပဲလား"

"ဟုတ်ပါတယ်။ ရှီးလင်ဝမ်က သေဆုံးသွားပြီဖြစ်ပြီး တုန်းဖျင်ဝမ်ကလည်း သတ္တိနည်းလို့ မိစ္ဆာမျိုးနွယ်တွေနဲ့ မပတ်သက်ရဲပါဘူး။ အခုဆိုရင် ပေဟွမ်ကသာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပါ။ ဒီနှစ်ဝက် အတွင်းမှာ သူတို့က ဝမ်ရယ်ကို တွေ့ဆုံဖို့ လုံးဝ လက်မလျှော့ခဲ့ကြပါဘူး"

"သူတို့ကို ပြောလိုက်ပါ။ ဒီဝမ်ရယ်က ရွှယ်ယောင်မင်းသမီးနဲ့ အပေးအယူ တစ်ခုလုပ်ချင်တယ်လို့။ သာ့ရှရဲ့ နောက်ထပ် မင်ဝမ်နေရာ ဆက်ခံမယ့်သူနဲ့ ပတ်သက်နေတယ်။ သူ့ကို ပါးနပ်တဲ့လူတစ်ယောက် ရှန့်ကျင်းကို လွှတ်ခိုင်းလိုက်"

ဟွမ်ဝူသည် ပိုင်ကျန့်ဟွမ်၏ သဘောထားကို ချက်ချင်း နားလည်သွားတော့သည်။ "ဝမ်ရယ်က မိစ္ဆာမျိုးနွယ်ရဲ့ လက်ကိုငှားပြီး ပိုင်ရှိုးမင်ကို ရှင်းပစ်ချင်တာလား။ အဲဒီ ရွှယ်ယောင်မင်းသမီးက သဘောတူပါ့မလား။ ရှန့်ကျင်းက သူတို့အတွက် ဝင်လို့သာရပြီး ပြန်ထွက်လို့မရတဲ့ နေရာလေ"

"သဘောတူမှာပါ" ပိုင်ကျန့်ဟွမ်က တိုးညှင်းစွာ ပြန်ဖြေလိုက်၏။ "သူက ရှီးလင်မှာ အများကြီး ဆုံးရှုံးခဲ့ရတာ။ သေချာပေါက် ပြန်ပြီး လက်တုံ့ပြန်ချင်မှာပဲ။ မင်ဝမ် တစ်ယောက်တည်းနဲ့တင် မိစ္ဆာမျိုးနွယ်တွေကို ခေါင်းမမော်နိုင်အောင် ဖိနှိပ်ထားတာ။ တကယ်လို့သာ မင်ဝမ်ရဲ့ မွေးစားသားကပါ အဆင့် (၅) နယ်ပယ်ကို ရောက်ရှိသွားရင် မိစ္ဆာမျိုးနွယ်တွေအတွက် သတင်းကောင်း မဟုတ်ဘူးလေ"

ပိုင်ကျန့်ဟွမ်သည် မျက်လုံးများကို အနည်းငယ် မှေးစင်းထားလိုက်ပြီး အမှောင်ထဲတွင် ပုန်းကွယ်နေသည့် မုဆိုးတစ်ယောက်က သားကောင်ကို တစ်ချက်တည်းနှင့် အသေဖမ်းနိုင်မည့် အခွင့်အရေးကို ရှာဖွေနေသကဲ့သို့ပင်။

အားချန်က ဘာအကြောင်းကြောင့်ပဲ ပိုင်ရှိုးမင်ကို ရွေးချယ်ခဲ့ပါစေ။ သူ့ရဲ့ ဒီတစ်ကြိမ် ရွေးချယ်မှုက မှားယွင်းကြောင်း ငါ သက်သေပြရမယ်။

"ဒါပေမဲ့ အရင်တုန်းက ဝမ်ရယ်ပဲ ပြောခဲ့တာလေ။ အဲဒီ မိစ္ဆာမင်းသမီးက အပေါ်ယံပဲ ကြည့်ကောင်းပြီး သွေးမျိုးရင်းကလွဲရင် ဘာအားသာချက်မှ မရှိဘူးဆို။ ဘာဖြစ်လို့ သူနဲ့လက်တွဲပြီး အားနည်းချက် ဖြစ်အောင်လုပ်မှာလဲ။ ကျွန်မတို့ သုံးယောက် ပူးပေါင်းလိုက်ရင် ပိုင်ရှိုးမင်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" ဟွမ်ဝူက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

ပေဟွမ်ဝမ် အိမ်တော်တွင် ဟွမ်းလင် အပြင် သူမအပါအဝင် အဆင့် (၄) နယ်ပယ် သုံးယောက် ကျန်ရှိသေးရာ ဝမ်ရယ်၏ ရည်မှန်းချက်ကို ပြည့်မြောက်စေရန် လုံလောက်နေပြီ ဖြစ်သည်။

"မင်းတို့ လှုပ်ရှားရမယ့်အချိန် မရောက်သေးဘူး။ ဒီဝမ်ရယ် ကြားတာတော့ သူ့ဘေးနားက လူတစ်ယောက်က အဆင့် (၅) နယ်ပယ်ကို ရောက်သွားပြီး အခုဆိုရင် သူက မိစ္ဆာမျိုးနွယ်ထဲမှာလည်း ပြောရေးဆိုခွင့် ရှိလာပြီတဲ့။ တကယ်လို့ ဒီတစ်ခေါက် အပေးအယူက ဒီဝမ်ရယ်ကို ကျေနပ်စေတယ်ဆိုရင် နောက်ပိုင်းကျမှ အဆက်အသွယ် ပိုလုပ်တာပေါ့"

ဟွမ်ဝူက နားလည်လိုက်လေသည်။ ဝမ်ရယ်က တစ်ဖက်လူရဲ့ အရည်အချင်းကို စမ်းသပ်ချင်တာကိုး။

ပိုင်ရှိုးမင်က စမ်းသပ်ဖို့အတွက် အကောင်းဆုံး ပစ်မှတ်ပဲ။

သူမသည် ဆက်ပြီး မတွေးတော့ဘဲ ရိုသေစွာ ပြန်ပြောလိုက်၏။ "လက်အောက်ငယ်သား အခုပဲ သူတို့ကို သွားဆက်သွယ် လိုက်ပါမယ်"

ဝမ်ရယ်ရဲ့ လုပ်ရပ်တွေက သာ့ရှကို သစ္စာဖောက်ရာ ရောက်မရောက် ဆိုတာကို ငါ ဂရုမစိုက်ဘူး။ ဝမ်ရယ်က သာ့ရှအတွက် ပေဟွမ်မှာ တာဝန်ထမ်းဆောင် ပေးခဲ့ပေမဲ့ အရှင်မင်းကြီးရဲ့ သံသယကိုပဲ ပြန်ရခဲ့တယ်။ ထိုက်ဖေး သေဆုံးသွားတော့ ငါတို့ ပေဟွမ်ဝမ် အိမ်တော်က ပိုင်ဆိုင်မှု တစ်ဝက်လောက်ကို ဆက်သလိုက်ရတယ်။ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ။ အခုလို အခြေအနေ ဖြစ်လာတာက အရှင်မင်းကြီးက အနိုင်ကျင့် လွန်းလို့ပဲ။

၅လပိုင်းသို့ ရောက်ရှိလာသည်တွင် ရှန့်ကျင်း၏ ရာသီဥတုမှာ တစ်ရက်ထက် တစ်ရက် ပိုကောင်းလာခဲ့၏။ အားချန်သည် အိမ်ပြန်ရောက်ပြီးနောက် ရက်အတော်ကြာ နားနေလိုက်ရပြီးမှ နောက်ဆုံးတွင် ပြန်လည်သက်သာလာခဲ့သည်။

ဘေးလူများ အမြင်တွင် သူမသည် ထွက်ခွာသွားစဉ်ကနှင့် မည်သို့မျှ ကွာခြားမှု မရှိချေ။ တချို့လူများက သူမ ဒီရက်ပိုင်း ဘာကြောင့် မရှိသနည်းဟု မေးမြန်းကြလျှင်လည်း ဆွေမျိုးများထံ အလည်သွားသည်ဟုသာ ပြောဆိုကြသည်။

ချန်ဟွေ့ တစ်ယောက်တည်းသာ အားချန်၏ ထူးခြားမှုကို သတိပြုမိလေသည်။ မြို့တော်သို့ ပြန်ရောက်လာပြီး ကတည်းက သူမတွင် စိတ်နှလုံး မသာမယာ ဖြစ်စရာ ကိစ္စတစ်ခုခု ရှိနေသလိုမျိုး မကြာခဏဆိုသလို တစ်ယောက်တည်း ငေးငိုင်နေတတ်ပြီး အရေးကြီးသည့် ကိစ္စတစ်ခုခုကို စဉ်းစားနေသကဲ့သို့ပင်။

ဒီတစ်ကြိမ်တွင် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ထိခိုက်မှု မရှိသည်ကို တွေ့ရသဖြင့် ချန်ဟွေ့လည်း အတွင်းကျကျ မမေးမြန်းတော့ပေ။

ဒီနေ့ မွန်းလွဲပိုင်းတွင် အားချန်နှင့် ချန်ဟွေ့တို့သည် ယုံနင်ဖန်းသို့ အတူတူ သွားခဲ့ကြသည်။ ဘေးအိမ်က သူဌေးရွှီ ပြောပြချက်အရ မကြာသေးခင်က ချင်းကျိုးမှ လာသည့် မျက်လှည့်အဖွဲ့သည် ယုံနင်ဖန်းတွင် ဖျော်ဖြေနေကြသည်ဟု ဆိုသည်။ လွန်ခဲ့သည့် နှစ်ရက်က သူဌေးရွှီသည် ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်ကာ သွားရောက် ကြည့်ရှုခဲ့ပြီး ဖျော်ဖြေမှုမှာ အလွန်ကောင်းမွန်ကြောင်း ပြောပြခဲ့သည်။

ဒီနေ့ ဧည့်သည် မများသည်နှင့် ကြုံကြိုက်နေသဖြင့် အားချန်နှင့် ချန်ဟွေ့တို့ တိုင်ပင်ကာ ဆိုင်ကို စောစောပိတ်လိုက်ပြီး ယုံနင်ဖန်းသို့ ပွဲသွားကြည့်ကြခြင်း ဖြစ်လေသည်။

သူတို့သည် မူလက မြင်းလှည်းမောင်းနှင်ကာ လာခဲ့ကြသော်လည်း လမ်းနှစ်လမ်း အကျော်တွင်ပင် ကင်းလှည့်နေသော ရဲမက်များက တားဆီးလိုက်ပြီး ရှေ့တွင် လူများလွန်းသဖြင့် မြင်းလှည်း မောင်းဝင်၍ မရကြောင်း၊ အနီးနားရှိ တည်းခိုခန်းတွင်သာ မြင်းလှည်းကို အပ်နှံထားခဲ့ရန် ပြောဆိုခဲ့သည်။

ချန်ဟွေ့သည် ရှေ့လမ်းမပေါ်တွင် အမှန်တကယ်ပင် စည်ကားနေသည်ကို တွေ့လိုက်ရသဖြင့် ရဲမက်များနှင့် အငြင်းအခုံ မလုပ်တော့ဘဲ ဝမ်ငွေအနည်းငယ် ပေးကာ အနီးနားရှိ ဆိုင်တစ်ဆိုင်တွင် မြင်းလှည်းကို ခေတ္တအပ်နှံလိုက်ပြီးမှ အားချန်နှင့်အတူ လမ်းထဲသို့ လျှောက်ဝင်လာခဲ့သည်။

ယခုအချိန်သည် ရှန်းအချိန်သာ ရှိသေးသဖြင့် စောနေသေးသော်ငြား လမ်းပေါ်တွင် လမ်းသွားလမ်းလာများ မနည်းတော့ပေ။ တွန်းလှည်းများကို တွန်းကာ ရှေ့လမ်းမဆီသို့ သွားနေကြသည့် ဈေးသည်များလည်း အများအပြား ရှိနေကြသည်။

ရှေ့လမ်းမက စည်ကားမှုနှင့် ယှဉ်လိုက်လျှင် ယခုသူတို့ ရောက်ရှိနေသည့် လမ်းကတော့ အနည်းငယ် တိတ်ဆိတ်နေလေသည်။ သိပ်မဝေးသည့် ခရီးကို လျှောက်လာပြီးနောက် အားချန်သည် ရှေ့တွင် စာသင်ကျောင်း တစ်ကျောင်း ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

ရှန့်ကျင်းတွင် ကြီးငယ်မဟူ စာသင်ကျောင်း ပေါင်းများစွာ ရှိသဖြင့် ဒါကတော့ ထူးဆန်းသည်ဟု မဆိုနိုင်ချေ။

ထူးဆန်းသည်မှာ သူမသည် စာသင်ကျောင်း တံခါးဝတွင် ရင်းနှီးနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရခြင်းပင်။

အရင်တုန်းက သူမသည် ပိုင်ရှိုးမင်ကို တိုက်တွန်းပြီး ရွှဲရှီအား မြေအောက်အကျဉ်းထောင်ထဲသို့ ဖမ်းထည့်ခိုင်းခဲ့သည်။ ထိုနောက်တွင် ကျင့်ယန်မြို့စားက မိုက်မဲသည့် အကြံတစ်ခုကို တွေးမိခဲ့ပြီး သူမကို ပြန်လည်အသိအမှတ်ပြုလိုက်လျှင် ရွှဲရှီကို ကယ်ထုတ်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သူက လူတစ်ယောက်ကို စကားပြောရန် လွှတ်လိုက်သေးသော်လည်း အားချန်က ခြိမ်းခြောက်ပြီး မောင်းထုတ်လိုက်လေသည်။

အားချန် မှတ်မိနေသေးသည်။ ထိုလူက သူ့နာမည် ကျိကျွမ်း ဟု ပြောခဲ့သည်ကိုပင်။

တစ်ခါသာ တွေ့ဆုံဖူးသော်လည်း ကျိမိသားစုက သူမကို လာရှာခိုင်းသည့်လူ ဖြစ်သဖြင့် အားချန်က ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ဒီနေ့ စာသင်ကျောင်း တံခါးဝတွင် ကျိကျွမ်းကို ရုတ်တရက် တွေ့လိုက်ရသဖြင့် သူမလည်း အနည်းငယ် အံ့သြသွားမိသည်။

တစ်ဖက်လူ၏ ပုံစံမှာ သိပ်မကောင်းလှချေ။ မူလက သူသည် အနည်းငယ် ဝဖြိုးသော်လည်း ယခုအခါ ပါးများ ချောင်ကျကာ မျက်နှာသည်လည်း အတော်လေး နွမ်းနယ်နေပြီး မကောင်းသည့် အပြောင်းအလဲ တစ်ခုခု ကြုံတွေ့ထားရပုံ ပေါ်လေသည်။

အားချန်သည် လမ်းလျှောက်နေရင်း ရပ်တန့်သွားသည်ကို မြင်သောအခါ ချန်ဟွေ့က သံသယဖြင့် လှည့်ကြည့်လာသည်။ "ဘာဖြစ်လို့လဲ"

အားချန်က ကျိကျွမ်းကို ညွှန်ပြကာ သူမကို တိုးတိုးလေး ပြောလိုက်၏။ "ဟိုတစ်ယောက်က ကျင့်ယန်မြို့စားရဲ့ ဆွေမျိုးပဲ။ ပွဲကြည့်လိုက်ရအောင်"

ချန်ဟွေ့က မတတ်သာဘဲ ပြုံးလိုက်ပြီး အားချန်နှင့်အတူ ရပ်ကာ ပွဲကြည့်လိုက်တော့သည်။

ဒီအချိန်တွင် ကျိကျွမ်းသည် စာသင်ကျောင်းထဲက လူများနှင့် ရန်ဖြစ်နေပုံရပြီး သူ့နောက်တွင်လည်း အစောင့်များ ပါလာကာ ရန်ရှာလိုသည့် ပုံစံဖြစ်နေသည်ကို တွေ့ရလေသည်။ ရှေ့လမ်းမဆီသို့ သွားလိုသည့် လူအများအပြားသည်လည်း အားချန်တို့လိုပင် ဒီနေရာ၌ စုဝေးကာ မသွားတော့ဘဲ ကြည့်နေကြတော့သည်။

ကျိကျွမ်းသည် လူများရောက်လာသည်ကို မြင်သော်လည်း နောက်မဆုတ်ဘဲ စာသင်ကျောင်း ကျောင်းအုပ်ဟု ထင်ရသည့် လူကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "ငါ့သားက စာသင်ကျောင်းကို မလာခင်တုန်းက အကောင်းကြီး ရှိသေးတာ။ တမြန်နေ့က စာသင်ကျောင်း ရောက်မှ လူက ရုတ်တရက် သေသွားရတာ။ ခင်ဗျားက မတော်တဆမှုလို့ ပြောရဲသေးတယ်ပေါ့။ ဒါက သက်သက်မဲ့ တစ်ယောက်ယောက်က ငါ့သားကို သတ်လိုက်တာပဲ !"

"ငါ့သားရဲ့ အသက်ကို ပြန်ပေး !"

ကျိကျွမ်းသည် ပိန်လှီသော စာသင်ကျောင်း ကျောင်းအုပ်ထံသို့ ခုန်အုပ်လိုက်လေသည်။

ထိုကျောင်းအုပ်သည် ပိန်လှီသော်ငြား လူကတော့ ဖျတ်လတ်နေဆဲပင်။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သဖြင့် အဖမ်းမခံလိုက်ရဘဲ ထိုနောက်တွင်တော့ ကျိကျွမ်းသည် စာသင်ကျောင်းက လူများ၏ တားဆီးခြင်းကို ခံလိုက်ရတော့သည်။

ကျိကျွမ်း ခေါ်လာသည့် အစောင့်များကလည်း အသုံးမကျသည့် သူများ မဟုတ်သော်ငြား စာသင်ကျောင်းက လူအင်အားလောက် မများသဖြင့် နှစ်ဖက်အဖွဲ့သည် တံခါးဝတွင် အပြန်အလှန် တင်းခံနေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနိုင်ကြချေ။

ထိုကျောင်းအုပ်သည် အခွင့်ကောင်းယူကာ အသံကျယ်ကြီးဖြင့် ပြန်ပြောလိုက်၏။ "ကျိသခင်ကြီး သခင်လေးက မတော်တဆ ဖြစ်တဲ့နေ့မှာပဲ ကျုပ်က ရုံးတော်ကို တိုင်ကြားခဲ့ပြီးပြီလေ။ မြို့တော်အုပ်ချုပ်ရေးမှူး ရုံးကလည်း လာစစ်ဆေးပြီးပြီ။ ရလဒ်က သခင်လေးက အရက်အလွန်အကျွံ သောက်ပြီးတော့ စာသင်ကျောင်းထဲက ရေကန်ထဲကို ချော်ကျပြီး ရေနစ်သေဆုံးသွားတာတဲ့။ ကျုပ် ဝန်ခံပါတယ်။ စာသင်ကျောင်းမှာ ကြီးကြပ်မှု ညံ့ဖျင်းတဲ့ တာဝန်ရှိတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ကို သတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြီးကိုတော့ ကျုပ်တို့ စာသင်ကျောင်းက လက်မခံနိုင်ပါဘူး"

"ငါ့သားက အရက်အရမ်းသောက်နိုင်တာ။ မူးရင်တောင်မှ အိပ်ပျော်သွားရုံပဲ။ ရေကန်နားကို သွားစရာ အကြောင်းကို မရှိဘူး။ သေချာပေါက် တစ်ယောက်ယောက်က သူ့ကို တမင်တကာ မျှားခေါ်သွားတာပဲ ဖြစ်ရမယ်" ကျိကျွမ်းကတော့ တစ်ဖက်လူ၏ စကားကို လုံးဝ မယုံကြည်ချေ။

"ကျိသခင်ကြီး ချစ်ရတဲ့သား ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းဒေါသထွက်နေတာကို ကျုပ်နားလည်ပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆန္ဒရှိပါတယ်။ မနေ့တုန်းကလည်း ခင်ဗျား လူခေါ်လာပြီးပြီပဲ။ သခင်လေးနဲ့ အခန်းတူနေတဲ့ သူငယ်ချင်းတွေကို ခေါ်မေးပြီးပြီလေ။ သူတို့သုံးယောက်စလုံးက သက်သေပြနိုင်ပါတယ်။ သခင်လေး ကိုယ်တိုင် အပြင်ထွက်သွားတာပါ။ ဘယ်သူမှ မျှားခေါ်တာ မရှိပါဘူး"

"သူတို့သုံးယောက် ပေါင်းပြီး လိမ်ပြောနေတာလည်း ဖြစ်နိုင်တာပဲ"

"ကျိသခင်ကြီး မယုံရင်တော့ ရုံးတော်ကို ထပ်ပြီး တိုင်ကြားလို့ ရတာပဲ။ ရုံးတော်ကလူတွေ လာစစ်ဆေးရင် ကျုပ်က လုံးဝ တားဆီးမှာ မဟုတ်ဘူး"

နှစ်ဖက်စလုံးက ကိုယ့်စကားနဲ့ကိုယ် ဆိုသလို နားထောင်ကြည့်လျှင် အကျိုးအကြောင်း ဆီလျော်နေကြသည်။ သို့သော် ကျောင်းအုပ်၏ စကားကို နားထောင်ပြီးနောက် လူအများစုကတော့ စာသင်ကျောင်းဘက်သို့ ပိုပြီးပါသွားကြသည်။

ဘာပဲဖြစ်ဖြစ် ရုံးတော်ကလည်း လူလွှတ်ပြီး စစ်ဆေးပြီးပြီပဲလေ။ ကျိကျွမ်းက လက်မလျှော့ဘဲ ဆက်လုပ်နေတာက နည်းနည်းတော့ ယုတ္တိမရှိဘူး ဖြစ်နေတာပဲ။

ကျိကျွမ်းသည် စာသင်ကျောင်း ကျောင်းအုပ်ကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။ မနေ့က သူ မြို့တော်အုပ်ချုပ်ရေးမှူး ရုံးကို သွားခဲ့သော်လည်း ဒီနေရာက ရှန့်ကျင်း ဖြစ်လေသည်။ မြို့တော်အုပ်ချုပ်ရေးမှူး ဆိုသည်မှာ သူ အလွယ်တကူ တွေ့ဆုံနိုင်သည့်သူ မဟုတ်ချေ။ ရုံးတော်က လူများက အမှုကို သေချာစစ်ဆေး ပေးမယ်ဟုသာ ပြောပြီး သူ့ကို ပြန်လွှတ်လိုက်ကြသည်။

စာသင်ကျောင်း တံခါးဝက အငြင်းအခုံသည် မကြာမီ ကင်းလှည့်နေသည့် ရဲမက်များ၏ အာရုံကို ဆွဲ‌ဆောင်မိသွားတော့သည်။ ရဲမက် လေးဦး အလျင်အမြန် ရောက်ရှိလာပြီး အသံကျယ်ကြီးဖြင့် ဟိန်းဟောက်ကာ ဘေးက ဝိုင်းကြည့်နေသူများကို မောင်းထုတ်လိုက်ပြီး ပြဿနာ ရှာနေသည့် ကျိကျွမ်းကိုလည်း တားဆီးလိုက်လေသည်။

ကျိကျွမ်းသည် မူလက ပြန်မသွားချင်သော်လည်း ရဲမက်များက ဓားဆွဲထုတ်ရန် ပြင်လိုက်သည်ကို မြင်သောအခါ သူ့ဘေးက အစောင့်များက သူ့ကို မတတ်သာဘဲ တွဲကာ စာသင်ကျောင်းနှင့် ဝေးရာသို့ ခေါ်ဆောင်သွားရတော့သည်။

တိုက်ဆိုင်စွာပင် သူတို့သည် အားချန်ရှိရာ ဘက်သို့ ဆုတ်ခွာလာခဲ့ကြသည်။ ကျိကျွမ်းသည် မူလက စာသင်ကျောင်းရှိရာ ဘက်သို့ စိုက်ကြည့်ကာ ရုန်းကန်နေသော်လည်း ဘေးနားတွင် ရပ်နေသည့် အားချန်ကို မြင်လိုက်ရသည့် အချိန်ကျမှ အနည်းငယ် တည်ငြိမ်သွားတော့သည်။

ထိုအစောင့်များကလည်း မိမိတို့ သခင်ကြီး နောက်ဆုံးတော့ တည်ငြိမ်သွားသည်ကို မြင်လိုက်ရမှ ရပ်တန့်လိုက်ကြတော့သည်။

"မင်း ပါလား" ကျိကျွမ်းသည် သူ့အစောင့်များ လက်ထဲမှ ရုန်းထွက်လိုက်ပြီး အဝတ်အစားများကို အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်လိုက်ကာ အားချန်ကို မှတ်မိလိုက်လေသည်။

"မတွေ့တာ ကြာပြီနော်" အားချန်သည် ကျိမိသားစုကို အတော်လေး မုန်းတီးသော်ငြား ကျိကျွမ်းနှင့်တော့ သူမတွင် ရန်ငြိုးရန်စ မရှိချေ။ တစ်ဖက်လူက သူမကို မှတ်မိနေမှတော့ သူမလည်း မသိချင်ယောင် ဆောင်မနေတော့ပေ။

ကျိကျွမ်းက သူမကို ခေါင်းငြိမ့်ပြလိုက်သည်။ ဒီအချိန်တွင် ယဉ်ကျေးမှု စကားများလည်း မပြောနိုင်တော့ဘဲ စာသင်ကျောင်းဘက်သို့ လှမ်းကြည့်လိုက်သည့် အချိန်တွင် မျက်နှာပေါ်က ဝမ်းနည်းပူဆွေးမှုများက ပိုပြီး နက်ရှိုင်းလာတော့သည်။

အားချန်သည် သူနှင့် စာသင်ကျောင်း ကျောင်းအုပ်တို့၏ စကားအသွားအလာကို နားထောင်ပြီးနောက် စိတ်ထဲတွင် သံသယ အနည်းငယ် ဝင်လာသဖြင့် သူ့ကို မေးလိုက်၏။ "ခုနတုန်းက ရှင်နဲ့ ဟိုလူ ပြောတဲ့စကားတွေကို ကျွန်မ ကြားလိုက်တယ်။ ရှင့်သား ဖြစ်သွားတာက လူလုပ်တာလို့ ရှင် သံသယရှိနေမှတော့ ဘာဖြစ်လို့ ကျင့်ယန်မြို့စားကို အကူအညီ မတောင်းတာလဲ"

ကျင့်ယန်မြို့စား အိမ်တော်သည် ယခုအချိန်တွင် နေဝင်ချိန် ရောက်နေပြီ ဖြစ်သော်ငြား ပိန်လီနေသည့် ကုလားအုတ်က မြင်းထက်တော့ ကြီးနေသေးသည် မဟုတ်ပါလား။ စကားတစ်ခွန်း ပြောလိုက်ရုံနှင့် မြို့တော် အုပ်ချုပ်ရေးမှူးက မျက်နှာသာ မပေးဘဲ နေမည်မဟုတ်ပေ။

ကျိကျွမ်း၏ မျက်နှာထား ပြောင်းလဲသွားလေသည်။ သူက အားချန်ကို ကြည့်လိုက်ပြီး လေသံမှာ အနည်းငယ် ခက်ခဲနေပုံရ၏။ "တမြန်နေ့က ကျင့်ယန်မြို့စားက မယားငယ်ယူတဲ့ ကိစ္စရှိနေလို့ ဧည့်သည်တွေ့ဖို့ အချိန်မရှိဘူး"

သားဖြစ်သူ ကိစ္စဖြစ်ပြီး ယခုအချိန်အထိ သူသည် ကျင့်ယန်မြို့စား အိမ်တော်ထဲသို့ ဝင်ခွင့်မရသေးချေ။

အားချန်သည် မျက်တောင် အနည်းငယ် ခတ်လိုက်မိသည်။ သူမ မထင်ထားမိခဲ့ချေ။ ပေါ့ပေါ့ပါးပါး မေးလိုက်သည့် မေးခွန်းနှစ်ခုကနေ ဒီလောက်တောင် အံ့သြစရာကောင်းသည့် သတင်းကို ကြားလိုက်ရလိမ့်မည်ဟုပင်။

သူမ အမြဲတမ်း ထင်မှတ်ထားခဲ့သည်မှာ ကျင့်ယန်မြို့စားက ရွှဲရှီအပေါ် စစ်မှန်သည့် အချစ်ရှိသည် ဟူ၍ပင်။ လူကို မြေအောက်အကျဉ်းထောင်ထဲ ဖမ်းထည့်ခံထားရတာတောင် သူက ကွာရှင်းဖို့ မရွေးချယ်ခဲ့ဘူး။ အခု လမ်းတဝက်ကျမှ မယားငယ် ယူလိုက်တာက ဘယ်လိုဖြစ်ရတာလဲ။

အရင်နှစ်တွေတုန်းက သူက ရွှဲရှီကို အပြင်မှာ ထားခဲ့တုန်းက အိမ်တော်ထဲမှာ မယားငယ် မရှိခဲ့ပါဘူး။ အခုမှ အထီးကျန်တာကို မခံနိုင်တော့တာလား။

ပြီးတော့ ... တမြန်နေ့က ဟုတ်လား။

"တမြန်နေ့က ရှင်နဲ့ ရှင့်သား ကျင့်ယန်မြို့စား အိမ်တော်ကို သွားခဲ့ကြတာလား"

"မင်း ဘယ်လိုလုပ် သိတာလဲ" ကျိကျွမ်းက ပြန်မေးလိုက်၏။

"ကျင့်ယန်မြို့စား အိမ်တော်မှာ မင်္ဂလာကိစ္စ ရှိနေတာပဲ။ ရှင်က ကျိမိသားစုဝင် အနေနဲ့ ဒီအပျော်အပါးကို သွားပြီး ပါဝင်ဆင်နွှဲခဲ့မှာပေါ့" အားချန်က ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းလိုက်၏။ "ဒါကြောင့်မလို့ ရှင့်သားက ကျင့်ယန်မြို့စား အိမ်တော်မှာ အရက်သောက်ခဲ့တာလား"

ကျိကျွမ်းက ခေါင်းငြိမ့်ပြလိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြီး အလေးအနက် ပြောလိုက်သည်။ "ဟုတ်တယ်။ ဒါပေမဲ့ ငါ့သားရဲ့ အရက်သောက်နိုင်စွမ်းက အရမ်းကောင်းတယ်။ အဲဒီအရက် ခွက်နည်းနည်းနဲ့တော့ သူ မူးမသွားသင့်ဘူး"

"မူးမသွားသင့်ဘူး ဆိုမှတော့ အရက်မှာ ပြဿနာရှိတယ်လို့ ရှင် မစဉ်းစားမိဘူးလား"

ကျိကျွမ်း၏ မျက်နှာထား ပြောင်းလဲသွားတော့သည်။ "မဖြစ်နိုင်ဘူး !"

"အမှုကို စစ်ဆေးမယ် ဆိုရင်တောင်မှ အကြောင်းရင်းနဲ့ အကျိုးဆက်ကို ရှင်းရှင်းလင်းလင်း စစ်ဆေးရမှာပဲ။ စာသင်ကျောင်း တစ်ခုတည်းကိုပဲ စစ်ဆေးပြီးတော့ ကျင့်ယန်မြို့စား အိမ်တော်ကို မစစ်ဆေးရဘူးဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါမှမဟုတ် ရှင်က တကယ်ပဲ ထင်နေတာလား။ ကျင့်ယန်မြို့စားက သန့်ရှင်းစင်ကြယ်တဲ့ လူတစ်ယောက်လို့လေ။ ရှင့်သားက မမြင်သင့်တဲ့ အရာတစ်ခုခုကို မြင်သွားလို့ နှုတ်ပိတ် အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ" အားချန် ဝန်ခံပါသည်။ သူမ တမင်သက်သက် ပြောလိုက်ခြင်းပင်။

ဒါပေမဲ့ သူမရဲ့ ခန့်မှန်းချက်ကလည်း ဘာပြဿနာမှ မရှိပါဘူး။ ကျင့်ယန်မြို့စား အိမ်တော်ကနေ အရက်သောက်ပြီး ပြန်လာတယ်။ စာသင်ကျောင်းကို ရောက်တော့ ရုတ်တရက် ရေကန်ထဲ ပြုတ်ကျပြီး ရေနစ်သေသွားတယ်။ တကယ်လို့ ကျိကျွမ်းက မတော်တဆမှုကို မယုံကြည်ဘူး ဆိုရင် သံသယဖြစ်စရာ ရှိတဲ့နေရာ အားလုံးကို စစ်ဆေးသင့်တာပဲလေ။ ကျင့်ယန်မြို့စား အိမ်တော်မှာ ပြဿနာ မရှိဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။

အားချန်က ပြောရဲသော်လည်း ကျိကျွမ်းကတော့ မတွေးရဲပေ။

သူ့မျက်နှာ ပြောင်းလဲနေသည်ကို မြင်သောအခါ အားချန်က နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်လေသည်။ "ကျိသခင်ကြီး အနေနဲ့ မျက်နှာလိုက်ပြီး စာသင်ကျောင်းကိုပဲ ပြဿနာ မရှာသင့်ပါဘူး။ တကယ်လို့ စာသင်ကျောင်းက လူတွေကသာ အပြစ်ကင်းနေမယ်ဆိုရင် ရှင့်သားက သေတာတောင်မှ မျက်လုံးမှိတ်နိုင်မှာ မဟုတ်ဘူး"

ပြောပြီးသည်နှင့် အားချန်သည် သူ့မျက်နှာကို မကြည့်တော့ဘဲ "ဝမ်းနည်းပါတယ်" ဟု စကားတစ်ခွန်း ပြောလိုက်ကာ ချန်ဟွေ့နှင့်အတူ ရှေ့လမ်းမဆီသို့ လျှောက်သွားလိုက်တော့သည်။

ကျိကျွမ်းသည် အနောက်မှနေ၍ အားချန် ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ကာ အစောင့်များကို အေးစက်စွာ ပြောလိုက်တော့သည်။ "ခုနက ကြားလိုက်တဲ့ စကားတွေကို အကုန်မေ့ပစ်လိုက်ကြ"

အစောင့်များက အလျင်အမြန် ခေါင်းငုံ့လိုက်ကြတော့၏။ "ဟုတ်ကဲ့ပါ"

...

All Chapters