သူမက အစ်မအားချန် လုံးဝမဟုတ်ဘူး...
Vol. 19 Ch. 187
လမ်းတဝက်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်လေးများသည် အားချန်၏ စိတ်အခြေအနေ ကောင်းမွန်နေသည်ကို မဖျက်စီးနိုင်ခဲ့ချေ။ သူမတို့ ရှေ့လမ်းမဆီသို့ရောက်သွားသည့်အချိန်တွင် မျက်လှည့်အဖွဲ့သည် ပြင်ဆင်နေကြဆဲ ဖြစ်သဖြင့် သူမနှင့် ချန်ဟွေ့တို့သည် လမ်းဘေးဈေးဆိုင်တွင် ဆီကြော်မှုန့်ဝယ်စားကာ ဗိုက်ဖြည့်လိုက်ကြလေသည်။
တစ်ပတ်ပတ်ပြီး ပြန်လှည့်လာချိန်တွင် ယိုအချိန်ရောက်နေပြီဖြစ်ကာ လမ်းပေါ်တွင် လူများကလည်း ပိုပြီးစုဝေးလာကြသည်တွင် မျက်လှည့် ပညာရှင်များကလည်း စတင်ဖျော်ဖြေကြတော့သည်။
ညမထွက်ရအမိန့် မတိုင်ခင် နာရီဝက်အလိုမှ နှစ်ယောက်သားက ယုံနဉ်ဖန်းမှ ထွက်ခွာခဲ့ကြပြီး ပြန်လာချိန်တွင်တော့ ကိုယ်ပေါ်တွင် ကြေးပြားတပြားမှ မကျန်တော့ဘဲ အားလုံးကိုဆုကြေးအဖြစ် ပေးအပ်ခဲ့လိုက်ပြီဖြစ်၏။
အပြန်လမ်းတွင် အားချန်က ချန်ဟွေ့နှင့်နောက်တစ်ခါ ထပ်လာရန် တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ချန်ဟွေ့ကလည်း ဝမ်းသာအားရ သဘောတူခဲ့လေသည်။
အားချန်သည် မြင်းလှည်းအတွင်းခန်း ထဲတွင်ပင် မထိုင်တော့ဘဲ ချန်ဟွေ့၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး မကြာခဏဆိုသလို သူမ ခုနကဆိုင်လေးတွင် ဝယ်လာခဲ့သည့် မြေပဲမုန့်များကို ခွံ့ကျွေးနေ၏။
မြင်းလှည်းသည် ခိုင်မင်ဖန်းကို ဖြတ်သန်းသွားသည့်အချိန်တွင် အားချန်က ခေါင်းလှည်းကာ လမ်းဘေးက ရှည်လျားလှသည့် ခြံစည်းရိုးတံတိုင်းကြီးကို အချိန်အတော်ကြာအောင် ကြည့်နေမိသည်တွင် ချန်ဟွေ့ကလည်း သတိထားမိလိုက်ပြီး မေးလိုက်၏။ "ဘာကြည့်နေတာလဲ"
အားချန်က ထိုလားရာဘက်ကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်၏။ "အဲဒီနေရာက လင်းမိသားစုရဲ့အိမ်တော်ပဲ"
"လင်းမိသားစု" ချန်ဟွေ့သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ သူမပြောသည့် လင်းမိသားစုက ဘယ်မိသားစုဖြစ်သည်ကို သတိရလိုက်တော့သည်။ "ပြောရမယ်ဆိုရင် အရှင်မင်းကြီးက မကြာခင်တုန်းက တစ်တိုင်းပြည်လုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်ဆိုတော့ လင်းမိသားစုလည်း လွတ်ငြိမ်းခွင့် ရသွားပြီလား"
"ဟုတ်တယ် ဘာမတော်တဆမှုမှ မရှိဘူးဆိုရင် သူတို့တွေ အခုချိန် ရှန့်ကျင်းကို ပြန်ရောက်တော့မဲ့အချိန် ဖြစ်နေလောက်ပြီ"
ထိုနောက်တွင် နှစ်ရက်ကြာမြင့်သွားပြီး အားချန်၏ဆိုင်တွင် အနည်းငယ် ရင်းနှီးနေသည့် ဧည့်သည်တစ်ဦး ရောက်လာခဲ့လေသည်။
ထိုလူ ရောက်လာသည့်အချိန်တွင် အားချန်က ဆိုင်ထဲတွင် အမွှေးနံ့သာ ဖော်စပ်နေခဲ့ပြီး ရုတ်တရက်တစ်ဖက်လူက သူမကို "အားချန်" ဟု ခေါ်လိုက်သဖြင့် ချက်ချင်းပြန် မတုံ့ပြန်နိုင်ခဲ့ချေ။
ထိုလူက ဝမ်းသာအားရဖြင့် သူမဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ အားချန်သည် တစ်ဖက်လူ၏ ရုပ်ရည်ကို အကဲခတ်ကြည့်လိုက်ပြီး ရုတ်တရက် မည်သူမည်ဝါဖြစ်သည်ကို သိလိုက်တော့သည်။
ထိုလူသည် အသက်၄၀ကျော်နေပြီ ဖြစ်ပြီး အသားမည်းကာ ပိန်လှီနေသော်ငြား မျက်နှာသွင်ပြင်ကတော့ ပြေပြစ်ပြီး အားချန်၏ မှတ်ဉာဏ်ထဲက လင်းကတော်နှင့် အနည်းငယ် ဆင်တူနေလေသည်။
လင်းကတော်၏ အစ်ကိုကြီးက ဒီလောက်မငယ်ရွယ်သဖြင့် ကျိချန်၏ ဒုတိယဦးလေးဖြစ်ပေလိမ့်မည်။
ကျိချန်သည် ဒုတိယဦးလေးအပေါ်တွင် မှတ်မှတ်ရရ သိပ်မရှိလှချေ။ အကြောင်းမှာပုံမှန်အချိန်များတွင် တွေ့ဆုံသည့်အကြိမ်ရေက သိပ်မများလှ သောကြောင့်ပင်။ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာ လွန်ခဲ့သည့် နှစ်နှစ်ကဖြစ်ပြီး ထိုအချိန်က ဒီဒုတိယဦးလေးသည် စိတ်သဘောထား ပြည့်ဝပြီး ဝဖြိုးသူတစ်ဦးဖြစ်လေသည်။ ယခုအခါတွင်တော့ အများကြီး ပြောင်းလဲသွားခဲ့လေသည်။
အားချန်က ထရပ်လိုက်ချိန်တွင် မျက်နှာပေါ်၌ အပြုံးတစ်ခုကို ဆင်မြန်းထားပြီး တစ်ဖက်လူကို နှုတ်ဆက်လိုက်၏။ "အာ့ရှူး (ဒုတိယဦးလေး)"
"ဟင်း" လင်းချန်ဟဲသည် ပြန်ထူးလိုက်ပြီးမျက်လုံးများက နီရဲလာတော့သည်။ "ဒီရက်ပိုင်းမှာ တူမလေး တော်တော်ကို ပင်ပန်းခဲ့ရမှာပဲ"
သူတို့သည် မနေ့က အိမ်ပြန်ရောက်လာခဲ့ကြသည် မူလက မိသားစုတစ်ခုလုံး ဘေးကင်းစွာ ပြန်ရောက်လာနိုင် ခဲ့သည်ကိုပဲ အလွန်ကောင်းမွန်နေပြီဟု ထင်မှတ်ခဲ့ပြီး အများကြီးလည်း မျှော်လင့်မထားခဲ့ချေ။ မထင်မှတ်ထားသည်မှာ အစ်ကိုကြီး၏ အရင်ကလုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးက လာရောက်လည်ပတ်ပြီး ယခင်ကသိမ်းဆည်းထားခဲ့သည့် မိသားစုပိုင်ပစ္စည်းများကို ရုံးတော်တွင် သွားရောက်ပြန်ယူနိုင်ကြောင်း သတိပေးခဲ့လေသည်။
သူတို့သည် စမ်းသပ်သည့် အနေဖြင့်သွားရောက်ခဲ့ကြရာ ထိုပစ္စည်းဥစ္စာများက အမှန်တကယ်ပင် အတိအကျပြန်လည် ပေးအပ်လာခဲ့လေသည်။
အစ်ကိုကြီးက ရုံးတော်က လူများကို မေးမြန်းကြည့်လိုက်မှသာလျှင် သူတို့မိသားစု ဒီလိုအခွင့်ထူရခဲ့သည်မှာ အထက်ကလူတစ်ယောက်က စကားပါးလိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရ၏။
သူတို့သည် အစကကျင့်ယန်မြို့စား အိမ်တော်က စကားပါးလိုက်သည်ဟု ထင်မှတ်ခဲ့သော်ငြားလည်း နောက်ပိုင်းမှ သိလိုက်ရသည်မှာ သူတို့မိသားစု နယ်နှင်ဒဏ်ခံရပြီးနောက် ထိုကျင့်ယန်မြို့စားသည် ယုတ်မာသည့်ကိစ္စများ မရေမတွက်နိုင်အောင် လုပ်ခဲ့သည်ကိုပင်။
အားချန်သည် ဒီဒုတိယဦးလေးက ဘာတွေစုံစမ်းခဲ့သည်ကိုတော့ မသိသော်ငြား သူမကို ကြည့်နေသည့်အကြည့်များက အထူးဂရုဏာ သက်နေလေသည်။
သူမသည် ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရသည်မှာ သိပ်ပြီးအသားမကျသဖြင့် နှစ်သိမ့်ပေးလိုက်ရတော့၏။ "အာ့ရှူး ကျွန်မအတွက် စိတ်မပူပါနဲ့ အစောပိုင်းတုန်းက နည်းနည်းအသားမကျ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း အဒေါ်က ကူညီစောင့်ရှောက်ပေးလို့ ကျွန်မ ကောင်းကောင်း နေခဲ့ရပါတယ်"
အားချန်က ရှောင်လင်းရှီကြောင်းကို ပြောလိုက်သည်တွင် လင်းချန်ဟဲသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ညီမဝမ်းကွဲ၏ အဖြစ်အပျက်များကိုလည်း သိရှိပြီးပုံရလေ၏။
"အားလုံးက ဦးလေးတို့ အသုံးမကျလို့ပါ။ တူမလေးရဲ့ အမေနဲ့အဒေါ်ကိုပါ အသက်ဆုံးရှုံးရအောင် ဒုက္ခပေးသလို ဖြစ်သွားခဲ့ရတယ်"
"အာ့ရှူးက ဘယ်လိုစကားတွေ ပြောနေတာလဲ။ တကယ်လို့ အပြစ်တင်ရမယ် ဆိုရင်လည်း လူ့စိတ်နှလုံးသားရဲ့ ယုတ်မာကောက်ကျစ်မှုကိုပဲ အပြစ်တင်ရမှာပါ"
လင်းချန်ဟဲသည် ခေါင်းတငြိမ့်ငြိမ့် လုပ်နေသော်ငြားလည်း စိတ်ထဲတွင်တော့ သက်ပြင်းချမိပြန်သည်။ သူ့ရဲ့တူမလေးက အရင်တုန်းက စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး လိမ္မာတယ်။ ကိစ္စတိုင်းမှာလည်း သူ့အမေစကားကို နားထောင်ခဲ့တယ်။ အခုလိုမျိုး တည်ငြိမ်ရင့်ကျက်လာဖို့ ဘယ်လောက်တောင်ဒုက္ခတွေခံစားခဲ့ရလဲဆိုတာ မသိနိုင်တော့ဘူး။
အားချန်သည် လူကို ဘေးတစ်ဘက်တွင် ထိုင်ခိုင်းလိုက်ပြီး လင်းချန်ဟဲအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ကာ လင်းမိသားစု၏ အကြောင်းအရာများကိုလည်း မေးမြန်းလိုက်လေသည်။
လင်းချန်ဟဲက သူမကို အကုန်အစင် ပြောပြခဲ့ပြီး မြို့တော်ပြန်လာသည့် လမ်းခရီးတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက် တစ်ခုကိုလည်း ပြောပြလာ၏။
"မြို့တော် ပြန်လာတဲ့လမ်းမှာ ဦးလေးတို့တွေ မိစ္ဆာသားရဲနဲ့ တွေ့ခဲ့သေးတယ်။ ကံကောင်းလို့ လမ်းကြုံသွားတဲ့ လှည့်လည်သွားလာနေတဲ့ တာအိုဆရာတစ်ပါးက ကယ်တင်ပေးခဲ့တာ"
"တကယ်ကို အန္တရာယ်များလိုက်တာ။ အဲဒီ တာအိုဆရာက ဘယ်မှာလဲ မသိဘူး။ ကျေးဇူးတင်စကား သေချာပြောသင့်တယ်"
လင်းချန်ဟဲက ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် "ပြောတော့လဲ ဟုတ်တာပေါ့။ အစတုံးက အဲဒီတာအိုဆရာကလည်း ရှန့်ကျင်းကို မိတ်ဆွေလာရှာတာတဲ့ တူမလေးရဲ့ အစ်ကိုကြီးက သူ့ကိုအိမ်မှာပဲ တည်းခိုဖို့ ဖိတ်ခေါ်လိုက်တယ်။ ဒါဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ရတာပေါ့"
ဒီအကြောင်းကို ပြောလိုက်သည်တွင် လင်းချန်ဟဲ၏ မျက်နှာပေါ်တွင် ဖုံးဖိမရနိုင်သည့် အပြုံးများ ပေါ်ထွက်လာတော့သည်။ "ပြီးခဲ့တဲ့နှစ်ရက်တုန်းက တာအိုဆရာက ပြောတယ်။ ဦးလေးရဲ့သား ရှောင်ကျင်းမှာ ကျင့်ကြံနိုင်စွမ်းရှိတယ်တဲ့ သူ့ကိုတပည့်အဖြစ် လက်ခံချင်တယ်တဲ့လေ"
ဒါက တကယ်ကို သတင်းကောင်းပဲ။
အားချန် မှတ်မိနေသည်မှာ ဒုတိယဦးလေး၏အိမ်တွင် သားနှစ်ယောက် သမီးတစ်ယောက်ရှိပြီး ဒုတိယသားနာမည်မှာ လင်းဝမ်ကျင်းဖြစ်ကာ ဒီနှစ်တွင် ရှစ်နှစ်ရှိပြီ ဖြစ်လေသည်။ အကယ်၍ အမှန်တကယ် ကျင့်ကြံနိုင်စွမ်းရှိလျှင်တော့ သတင်းကောင်းတစ်ခုပင် ဖြစ်လေသည်။
အသေးအဖွဲကိစ္စများ ပြောပြီးသွား သည့်နောက်တွင် အားချန်က ထပ်မေးလိုက်၏။ "အိမ်မှာနေရာ ထိုင်ခင်းတွေအဆင်ပြေပြီလား မသိဘူး။ ကျွန်မ အဘိုးကို သွားပြီးဂါရဝပြုချင်လို့"
သူ့အဖေအကြောင်း ပြောလိုက်သည်တွင် လင်းချန်ဟဲ၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာတော့သည်။ "ဦးလေး ဒီနေ့လာတာကလည်း တူမလေးကို ဒီကိစ္စလာပြောတာပါ။ တူမလေးအဘိုးရဲ့ ကျန်းမာရေးက တစ်နည်းထက် တစ်နေ့ပိုဆိုးလာတယ်။ အခု တူမလေး အမေနဲ့အဒေါ်တို့ရဲ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို သိသွားတော့ ကိုယ့်ကိုယ်ကိုအရင်တုန်းက လူကဲခတ်ညံ့လို့ဆိုပြီး အပြစ်တင်နေတယ်။ ဦးလေး တွေးနေတာက တူမလေး အားတဲ့အချိန်ကျရင် သူ့ကိုသွားတွေ့လိုက်ရင် နည်းနည်းလောက် စိတ်သက်သာရာ ရသွားမလားလို့ပါ"
အားချန်ကလည်း ချက်ချင်းပြောလိုက်၏။ "အာ့ရှူး ကျွန်မနဲ့ ဒီလောက်တောင် အားနာနေစရာမလိုပါဘူး။ မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ"
"မနက်ဖြန်လည်း ကောင်းပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန် ကျရင် ဝမ်ကျင်းက တာအိုဆရာလွီကို ဆရာတင်ပွဲ လုပ်မှာဆိုတော့ တူမလေးလည်း လာပြီးပျော်ရွှင်ပွဲ ဆင်နွှဲလို့ရတာပေါ့"
"ကောင်းပါပြီ။ ဒါဆိုရင်လည်း ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့"
အားချန်သည် လင်းချန်ဟဲနှင့် နေ့လယ်ခင်း တနေ့လုံး စကားပြောပြီးမှ လူကို ပြန်လွှတ်လိုက်လေသည်။ မနက်ဖြန် လင်းမိသားစု အိမ်တော်သို့ သွားမည်ဖြစ်သဖြင့် အိမ်တက်လက်ဆောင် အနည်းငယ် ပြင်ဆင်ရဦးမည်။
ကံကောင်းသည်မှာ ချန်ဟွေ့က ဒီကိစ္စများကို နားလည်နေသဖြင့် အားချန်သည် အများကြီး စဉ်းစားစရာ မလိုလိုက် ပေ။
နောက်တနေ့မနက် စောစောထချိန်တွင် အားချန်သည် အရောင်နုနု ဂါဝန်တစ်ထည်ကို အထူးရွေးချယ်လိုက်လေ၏။ ဒါက ကျိချနိ၏ ယခင်ဘဝက ဝတ်စားဆင်ယင် ပုံစံအတိုင်းဖြစ်လေသည်
ချန်အချိန် ကျော်လွန်သွားပြီးနောက် သူမသည် မြင်းလှည်းပေါ်က ဆင်းလိုက်ပြီး လင်းမိသားစု၏တံခါးကို ခေါက်လိုက်လေသည်။
လင်းမိသားစုဝင်များ ရှန့်ကျင်းသို့ ရောက်လာခါစဖြစ်သဖြင့် ယခင်ကအိမ်တော်ထဲရှိ အစေခံများအားလုံး ထွက်ခွာသွားကြပြီဖြစ်၏။ မနေ့ကမှ အသစ်ခေါ်ယူထားသည့် တံခါးစောင့်သည် အားချန်ကို မသိသဖြင့် သခင်များကို လာရောက် တွေ့ဆုံခြင်းဖြစ်သည်ဟု ကြားလိုက်ရသည်တွင် သူမကိုအပြင်ဘက်၌ စောင့်ဆိုင်းခိုင်းထားပြီး ကိုယ်တိုင်ကတော့ အတွင်းသို့ ဝင်ရောက်ကာ သတင်းပို့လိုက်လေသည်။
မကြာခင်မှာပင် လင်းချန်ဟဲက ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုလာသည်။
အားချန်က လက်ဆောင်များ ယူလာသည်ကို မြင်လိုက်ရသောအခါ မကျေနပ်သလို ဟန်ဆောင်လိုက်ပြီး "ဒီကောင်မလေးကတော့လေ ကိုယ့်အိမ်ကိုယ် ပြန်လာတာဘာလို့ အားနာနေရတာလဲ"
အားချန်ကလည်း ရယ်ရယ်မောမော ပြောဆိုလိုက်၏။ "ဒါက အဘိုးအတွက် လက်ဆောင်ပါနော်။ အာ့ရှူးက ကျွန်မရဲ့လက်ဆောင်ကို မောင်ပိုင်မစီးထားပါနဲ့နော်"
"မင်းကတော့လေ" လင်းချန်ဟဲသည်လည်း မရယ်ဘဲ မနေနိုင်တော့ချေ။ မနေ့က အိမ်ပြန်ရောက်ပြီးနောက် သူက မိသားစုဝင်များကို အားချန်၏ စိတ်နေသဘောထား ပြောင်းလဲသွားသည့်အကြောင်း ပြောပြခဲ့သေးသည်။ ထိုအချိန်က မိသားစုဝင်များက မယုံကြည်ကြဘဲ သူကနှစ်သိမ့် ပေးနေသည်ဟုသာ ထင်မှတ်ခဲ့ကြသည်။ သူတို့ကို ဒီကလေးနှင့် တွေ့ဆုံခွင့်ပေးလိုက်မှသာ အားချန်က ယခုအဆင်ပြေနေပြီဟူသည့် အခြေအနေကို ယုံကြည်ကြပေတော့သည်။
လင်းချန်ဟဲသည် အားချန်ကို လင်းမိသားစု၏ ပင်မအိပ်ဆောင်သို့ ခေါ်ဆောင်သွားခဲ့၏။ ယခုအခါ ကျိချန်၏ အမေဘက်က ဦးလေးဖြစ်သူ လင်းချန်လိက အိမ်မှုကိစ္စများကို တာဝန်ယူထားပြီး ပင်မအိပ်ဆောင်တွင် သူတို့မိသားစု နေထိုင်ကြလေသည်။
သူက လမ်းလျှောက်လာရင်း အားချန်ကို ပြောလိုက်၏။ "တူမလေး လာတာကွက်တိပဲ။ ဆရာတင်ပွဲက ခဏနေစတော့မှာ တူမလေး အဘိုးလည်း ရှိတယ်"
ပင်မအဆောင်သို့ ဝင်လိုက်သည်နှင့် အားချန်သည် အဓိကနေရာတွင် ထိုင်နေသည့် အဘိုးကြီးကို တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရလေသည်။ ထိုသူသည် ကျိချန်၏အဘိုး လင်းဟုန်ရှင်းဖြစ်ပြီး ယခုအခါပိန်လှီကာ အရိုးပေါ်အရေတင်ဖြစ်နေပြီး မျက်နှာကလည်း နွမ်းလျကာ အရမ်းပိန်လွန်းနေသဖြင့် ဝတ်ဆင်ထားသည့် အဝတ်အစားများကပင် ကိုယ်နှင့်မတော်သလို ဖြစ်နေတော့သည်။
လင်းချန်ဟဲက အားချန်ကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ လင်းဟုန်ရှင်း၏ မျက်နှာသည် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ သူသည် ကုလားထိုင်လက်တန်းကို ထောက်ကာထရပ်လိုက်ပြီး နှစ်ခါလောက် ကြိုးစားလိုက်ပြီးမှ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်နိုင်ကာ ရှေ့သို့ခြေနှစ်လှမ်း တိုးလာခဲ့၏။
သူ၏ဘယ်ဘက် အောက်ဘက်တန်းအခြမ်းတွင် ထိုင်နေသည့် လင်းမိသားစု သားအကြီးဆုံး လင်းချန်လိက အလျင်အမြန် ရှေ့သို့တိုးလာပြီး ဖခင်ဖြစ်သူကို တွဲထူပေးလိုက်လေသည်။
"ရှောင်ချန်လား"
"အဘိုး" အားချန်က တဖက်လူကို ဂါရဝပြုလိုက်ပြီးနောက် လင်းချန်လိကိုလည်းနှုတ်ဆက်လိုက်လေသည်။ "သာ့ရှူး(ဦးကြီး)"
လင်းဟုန်ရှင်းသည် အားချန်ကို ခေါင်းအစခြေဆုံး အကဲခတ် ကြည့်ရှုလိုက်ပြီး သူမ ယခုပုံစံကိုကြည့်ရသည်မှာ မဆိုးလှကြောင်း တွေ့လိုက်ရသဖြင့် သမီးဖြစ်သူအပေါ် အပြစ်ရှိစိတ်များ အနည်းငယ် လျော့ပါးသွားတော့သည်။ "ကောင်းတယ်။ မြေးလေးဘာမှ မဖြစ်လို့တော်ပါသေးတယ်"
လင်းချန်လိသည် လင်းဟုန်ရှင်းကို ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ခိုင်းလိုက်ပြီး အားချန်ကိုလည်း ထိုင်ခိုင်းလိုက်ကာ အဘိုးနင့်အတူ လက်ရှိအခြေအနေများကို ပြောဆိုခိုင်းလိုက်လေသည်။
အားချန်က သူမသည် ကျင့်ယန်မြို့စား အိမ်တော်က မိခင်ဖြစ်သူ၏ လက်ဖွဲ့ပစ္စည်းများကို ယူဆောင်သွားခဲ့ပြီး ချန်းဖိင်ဖန်းတွင် ဆိုင်တစ်ဆိုင် ဖွင့်ထားကြောင်း ပြောပြလိုက်သည်။ သူမကကျင့်ယန်မြို့စား အိမ်တော်အကြောင်း ထည့်ပြောလိုက်သည်တွင် လင်းဟုန်ရှင်းသည် သူ့တရားဝင်သမီးကို သတိရသွားပြန်သည်။ သူက တုန်တုန်ယင်ယင်အသံဖြင့် ပြောလိုက်၏။ "စောစောကတည်းက ... စောစောကတည်းက ကျိကျွမ်းက ဒီလောက် ကျေးဇူးကန်းတဲ့ကောင်မှန်းသာ သိခဲ့ရင် ငါကဘယ်လိုလုပ်ပြီး ရွှဲညန်ကို သူ့ဆီထည့်ပေးမှာလဲ"
လင်းချန်လိတို့ ညီကိုနှစ်ယောက်က အဘိုးကြီး၏ကျောကို အလျင်အမြန် ပွတ်သပ်ပေးကာ အသက်ရှူမှန်အောင် လုပ်ပေးရင်း တစ်ဖက်မှလည်း နှစ်သိမ့်ပေးလိုက်၏။ "အဖေဒါကလည်း အဖေအပြစ် မဟုတ်ပါဘူး။ လူ့စိတ်ဆိုတာ ပြောင်းလဲတတ်တာပဲလေ"
"ပြောင်းလဲတာ မဟုတ်ဘူး။ သူကအစကတည်းက လူကောင်းမဟုတ်တာ။ လက်ထပ်တုန်းကတောင် ယွဲ့ညန်ကို တသက်လုံး ပေါင်းပါ့မယ် ပြောပြီးတော့ အခုကျတော့ရော မယားငယ်ကို အိမ်ထဲသွင်းဖို့အတွက် ယုတ်မာတဲ့ဆင်ခြေတွေ ပေးပြီး ယွဲ့ညန်ကို အသရေဖျက်တယ်။ သူတို့ရဲ့ သွေးသားအရင်းသမီးကိုတောင်မှ မလိုချင်တော့ဘူး။ သူ့လိုလူမျိုးက သားသမီးမျိုးဆက် ပြတ်သွားမှ အေးမှာ !"
ယခုအချိန်တွင် လင်းမိသားစုဝင်များသည် တည်ငြိမ်နိုင်သေးသည်မှာ ကျင့်ယန်မြို့စား၏ ဒီနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သိရှိသွားသောကြောင့်ပင်။
"ဒီကိစ္စကို ဒီအတိုင်းထား လိုက်လို့မရဘူး။ ယွဲ့ညန် မရှိတော့ရင် ရှောင်ချန်နောက်ပိုင်း အိမ်ထောင်ပြုရင် ဂုဏ်သိက္ခာရှိဖို့ လိုသေးတယ်။ အခု ငါတို့ ပြန်ရောက်လာပြီ။ ရှောင်ချန်မှာ ကျောထောက်နောက်ခံ ရှိသွားပြီ။ ငါတို့ကျိမိသားစုနဲ့ ဒီစာရင်းကိုရှင်းရမယ်"
အားချန် သတိထားမိလိုက်သည်က အဘိုးပြောသွားသည့်နောက်တွင် ဦးကြီးဖြစ်သူ လင်းချန်လိက တောက်လျှောက် နှုတ်ဆိတ်နေခြင်းပင်။
စဉ်းစားကြည့်တော့လည်း ဟုတ်တာပါပဲ။ အခု လင်းမိသားစုက မြို့တော်ကို ပြန်ရောက်ခါစပဲရှိသေးတယ်။ ရာထူးဂုဏ်သိမ်တွေက မရှိတော့ဘူး။ ကျင့်ယန်မြို့စားက ဘယ်လောက်ပဲ အဆင်မပြေနေပါစေ။ သူက မြို့စားတစ်ယောက်ပဲလေ။ အခု လင်းမိသားစုက မြို့စားအိမ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်မှာလဲ။
"အဘိုး ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့" အားချန်ကလည်း ဂုဏ်သိက္ခာဆိုသည်များးကို ဂရုမစိုက်သလို ကျိမိသားစုနှင့်လည်း မပတ်သက်ချင်တော့ပေ။ သို့မဟုတ်လျှင် ထိုနေ့က ကျိကျွမ်းလာရှာကတည်းက သူမက သဘောတူလိုက်ပြီးသားပင်။
လင်းဟုန်ရှင်းက တစ်စုံတစ်ခုကို ထပ်ပြောချင်သေးသော်ငြား အားချန်က စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ "ကြားတာတော့ ဒီနေ့ ဝမ်ကျင်းက ဆရာတင်ပွဲလုပ်မှာဆို။ ဝမ်ကျင်းနဲ့ အဲဒီတာအိုဆရာကိုရော ဘာဖြစ်လို့မတွေ့တာလဲ"
လင်းချန်ဟဲက အလျင်အမြန် ဝင်ပြောလိုက်၏။ "ငါသွားကြည့် လိုက်ဦးမယ်"
ခဏလောက် စောင့်ဆိုင်းပြီးနောက်တွင် လင်းချန်ဟဲသည် အသက်၃၀ဝန်းကျင်ခန့်ရှိသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုဆရာ လူငယ်တစ်ယောက်ကို ခေါ်ဆောင်ကာ ဝင်ရောက်လာခဲ့၏။
ထိုတာအိုဆရာ၏ စိတ်နေသဘောထားမှာ ထူးခြားပြီး မျက်လုံးများက တောက်ပနေကာ လမ်းလျှောက်သည့် အခါတွင်လည်း ခြေသံလုံးဝမကြားရသဖြင့် သေချာပေါက် ကျင့်ကြံခြင်းစွမ်းအားရှိသူ တစ်ဦးဖြစ်ကြောင်း ထင်ရှားလေသည်။
တာအိုဆရာက အခန်းတွင်းသို့ ဝင်ရောက်လာပြီးနောက် လင်းအဘိုးအိုက တစ်ဖက်လူကို အထက်တန်းနေရာတွင် ထိုင်ခိုင်းလိုက်ပြီး အားချန်ကိုလည်း တစ်ဖက်လူနှင့် မိတ်ဆက်ပေးလိုက်၏။
"ဒါက ကျုပ်ရဲ့မြေးမလေးပါ။ နာမည်က ကျိချန်လို့ခေါ်တယ်။ ဒါကတော့ တာအိုဆရာလွီပါ။ အဘိုးတို့ရဲ့ လင်းမိသားစုရဲ့ အသက်သခင်ကျေးဇူးရှင်ပါ"
ထိုတာအိုဆရာလွီက ကြည့်လာသည်ကို တွေ့လိုက်ရသောအခါ အားချန်ကလည်း တစ်ဖက်လူကို ခေါင်းငြိမ့်ပြလိုက်လေသည်။ "တာအိုဆရာလွီ"
တာအိုဆရာလွီ၏ အကြည့်သည် အားချန်၏ မျက်နှာပေါ်မှ ဖြတ်သန်းသွားပြီး မသိမသာ ခေါင်းငြိမ့်ပြလိုက်လေသည်။
လူတချို့က ထိုင်လိုက်ကြပြီး မကြာခင်မှာပင် လူငယ်လေးတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ လက်ကိုတွဲကာ ဝင်ရောက်လာခဲ့၏။ ဝင်လာသူမှာ လင်းချန်လိ၏ဇနီးနှင့် သားငယ်ဝမ်ကျင်းတို့ ဖြစ်လေသည်။
အားချန်သည် ထိုဒုတိယအဒေါ်နှင့် နှုတ်ဆက်ပြီး ခေါင်လှည့်လိုက်သည်တွင် လင်းဝမ်ကျင်းက သူမကိုစိမ်းကားသည့် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ဝမ်ကျင်း" အားချန်က သူ့ကို အရင်ဆုံးလက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်လေသည်။
လင်းဝမ်ကျင်းကတော့ သူ့အမေနောက်တွင် ပုန်းနေပြီး ပြန်မထူးခဲ့ချေ။
ဒုတိယအဒေါ်လင်းက အားနာစွာဖြင့် အားချန်ကို ရှင်းပြလိုက်၏။ "ဒီကလေး ဟိုတလောက လန့်သွားတာ အခုထိ ပြန်မကောင်းသေးဘူးလေ"
အားချန်ကလည်း သတိမထားမိလိုက်ချေ။ ကလေးဆိုတာ မှတ်ဉာဏ် သိပ်မကောင်းတတ်ဘူးလေ။ နှစ်နှစ်ကျော်လောက် မတွေ့ရတော့တာ ကျိချန်ဆိုတဲ့ဒီအစ်မကို သူ မမှတ်မိတော့တာဖြစ်မှာပါ။
လူတွေ့ဆုံပြီးနောက် ဆရာတင်ပွဲကလည်း တရားဝင် စတင်လေသည်။
အခမ်းအနားက သိပ်ပြီးမရှုပ်ထွေးလှချေ။ တာအိုဆရာလွီက တရားဝင် အခမ်းအနားနှင့် အချိန်တစ်ခုကို ရွေးချယ်ပြီး လင်းမိသားစုများ၏ ရှေ့မှောက်တွင် လင်းဝမ်ကျင်းကို တပည့်အဖြစ်လက်ခံရန် တောင်းဆိုခြင်းသာဖြစ်၏။
ဆရာကန်တော့ လဘက်ရည်ကို သောက်ပြီးနောက် တာအိုဆရာလွီသည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ လင်းဝမ်ကျင်းကို ပေးလိုက်ပြီး သူ့ကိုပြောလိုက်၏။ "ဒါကဂိုဏ်းရဲ့ တံဆိပ်ပြားပဲ သေချာသိမ်းထားပါ။ နောက်ပိုင်း မင်းကျင့်ကြံလို့ အောင်မြင်သွားတဲ့ အခါကျရင် ဆရာက မင်းကို ဂိုဏ်းထဲ ပြန်ခေါ်သွားမယ်"
"တပည့်မှတ်သားထားပါ့မယ်" လင်းဝမ်ကျင်းသည် တံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်ပြီး တာအိုဆရာလွီကို ဦးခိုက်လိုက်လေသည်။
မိသားစုတစ်ခုလုံးက ဒီမြင်ကွင်းကို ကျေနပ်စွာကြည့်နေကြ၏။
အားချန်က ထိုတံဆိပ်ပြားကို တစ်ချက်လောက် ကြည့်လိုက်ပြီး ရှေးဟောင်းပစ္စည်း တစ်ခုနှင့်တူနေသဖြင့် ဒီတာအိုဆရာသည် နောက်ခံအနည်းငယ် တစ်ခုရှိသူဖြစ်ကြောင်း ထင်ရှားနေလေသည်။
ဆရာတင်ပွဲ ပြီးဆုံးသွားပြီးနောက် လင်းအဘိုးက အားအင်နည်းပါး လာသော်ငြား အားချန်နှင့် စကားပြောချင်နေသေးသဖြင့် အားချန်ကလည်း သူ့ကိုနှစ်သိမ့်ပေးလိုက်ပြီး မနက်ဖြန် လာရောက်လည်ပတ် ဦးမည်ဖြစ်ကြောင်း သူ့ကို အရင်ဆုံးပြန်နားခိုင်းလိုက်မှ လူကိုချော့မော့ပြီး ပြန်လွှတ်လိုက်နိုင်တော့သည်။
အားချန်သည် နေ့လယ်အထိ လင်းမိသားစုအိမ်တွင် နေထိုင်ခဲ့ပြီး ထမင်းစားပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အစေခံလေးတစ်ယောက်က အပြေးအလွှားဝင်လာပြီး စိုးရိမ်တကြီး မျက်နှာဖြင့် ဒုတိယအဒေါ်လင်းကို ပြောလိုက်လေသည်။ "ဒုတိယသခင်မ မကောင်းတော့ဘူး။ သခင်လေးက အိပ်မက်ဆိုးမက်ပြီးတော့ ပြန်မနိုးလာတော့ဘူး"
ဒုတိယအဒေါ်လင်းသည် လက်ထဲကတူကို ချထားပြီး အပြင်သို့ပြေးထွက် သွားလေသည်။ လင်းချန်ဟဲကလည်း သူ့သားကို စိတ်ပူနေပြီး ခေါင်းလှည့်ကာ တာအိုဆရာလွီကို ကြည့်လိုက်၏။
ဟိုတလောက မိစ္ဆာသားရဲနဲ့တွေ့တုန်းက သူ့သားငယ်လေးက လန့်ဖျပ်ပြီး လိပ်ပြာလွင့်သွားတာကို တာအိုဆရာလွီက ကုသပေးခဲ့တာလေ။
တာအိုဆရာလွီက အလျင်မလိုဘဲ ထရပ်လိုက်ပြီး သူတို့ကိုပြောလိုက်၏။ "အတူတူသွားကြည့်ကြတာပေါ့"
သူ ပြောသည့် အတူတူဆိုသည်မှာ အားချန်အပါအဝင်ဖြစ်သဖြင့် အားချန်ကလည်း ဒီအချိန်တွင် မပြန်နိုင်တော့ဘဲ ဒုတိယအဆောင်သို့ လိုက်ပါသွားခဲ့တော့သည်။
ဒီအချိန်တွင် ဒုတိယအဒေါ်လင်းက အရင်ရောက်နေပြီဖြစ်ပြီး သူမက သားငယ်ကို ပွေ့ဖက်ထားကာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလေတော့သည်။
လင်းဝမ်ကျင်းသည် ယခုအခါမျက်လုံးများကို တင်းကြပ်စွာပိတ်ထားပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်ထားကာ နဖူးပေါ်တွင်လည်း ချွေးသီးချွေးပေါက်များ ပြည့်နက်နေပြီး မည်သို့ပင်ခေါ်ပါစေ မျက်လုံးက မဖွင့်လာပေ။ ထိုအစေခံမလေး ပြောသကဲ့သို့ပင် အိပ်မက်ဆိုးမက်နေသလို ဖြစ်နေလေသည်။
တာအိုဆရာလွီက ထိုအခြေအနေကို မြင်လိုက်သည်တွင် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး အသံပြုလိုက်၏။ "ထုတ်စမ်း"
လင်းဝမ်ကျင်း၏ နဖူးပေါ်တွင် လျင်မြန်စွာတချက်နှိပ်လိုက်သည်တွင် မှိန်ဖျော့နေသော ငွေရောင်အလင်းတန်း တစ်ချက်လက်သွားပြီး ကလေးငယ်လေးသည်နောက်ဆုံးတော့မျက်လုံးပွင့်လာခဲ့လေသည်။
သူက အရင်ဆုံး ကြောင်အမ်းအမ်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အကြည့်က အားချန်၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်တွင် အမေဖြစ်သူ၏ လက်ကိုဆွဲကိုင်ကာ စူးရှစွာ အော်ဟစ်လိုက်လေသည်။ "အမေ။ မိစ္ဆာ။ သူက ဝမ်းကွဲအစ်မ မဟုတ်ဘူး။ သူကမိစ္ဆာပဲ !"
တစ်ချိန်တည်းမှာပင် အားချန်သည် အလွန်တိုးညင်းသော အက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး သူမက မျက်လွှာချလိုက်ကာ ခါးဘေးတွင် ချိတ်ဆွဲထားသည့် လိပ်ခွံကိုကြည့်လိုက်လေသည်။
ထိုကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော လိပ်ခွံပေါ်တွင် မထင်မရှား အက်ရာတစ်ခု ပေါ်လာခဲ့၏
ယဇ်ပုရောဟိတ်ကြီးက လိပ်ခွံကိုပေးစဉ်က သူမကိုပြောခဲ့သည့် စကားကို မှတ်မိသေးသည်။ သည် ပိုင်ကွေ့ရဲ့အခွံက ကိုယ့်ဘေးနားမှာထားရင် ကြိုတင်သတိပေးတဲ့အနေနဲ့ သုံးလို့ရတယ်တဲ့။
ခုနက ဝင်လာတုန်းကတော့ လိပ်ခွံကသတိမပေးခဲ့ဘူး။ တာအိုဆရာလွီက လှုပ်ရှားလိုက်မှပဲ သတိပေးလာတယ်။ ဒီတာအိုဆရာလွီက လင်းဝမ်ကျင်းရဲ့ ကိုယ်ပေါ်က ဘယ်လိုအရာမျိုးကို မောင်းထုတ်လိုက်တာလဲ။
ပြီးတော့ လင်းဝမ်ကျင်းက ဘယ်လိုအိပ်မက်မျိုးကိုမက်လို့ သူမကို လက်ညှိုးထိုးပြီး မိစ္ဆာလို့ ပြောနေရတာလဲ။
မူလကတော့ ဆွေမျိုးဆီသို့ ရိုးရှင်းသည့် အလည်အပတ်သွားခြင်းဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်ငြားလည်း ယခုကြည့်ရသည်မှာတော့ ကိစ္စများက ထင်သလောက် ရိုးရှင်းသည့်ပုံ မပေါ်တော့ချေ။
လင်းဝမ်ကျင်း၏ စကားကိုတော့ လင်းမိသားစုဝင်များက ဂရုမစိုက်ကြချေ။ လန့်ဖြန့်သွားပြီးနောက် တစ်စိမ်းဖြစ်သည့် အားချန်ကို အိပ်မက်ထဲက မိစ္ဆာအဖြစ် မှားယွင်းမှတ်ယူလိုက်သည်ဟုသာ ထင်မှတ်ခဲ့ကြသည်။
ဒုတိယအဒေါ်လင်းက သားဖြစ်သူကို ချော့မော့ရင်း အားနာစွာဖြင့် အားချန်ကို ကြည့်ကာ ရှင်းပြရန်ကြိုးစားလိုက်၏။ "ဝမ်ကျင်း ဒီကလေးက ..."
သူမ စကားမဆုံးခင်မှာပင် လင်းဝမ်ကျင်းက ငိုယိုအော်ဟစ်ပြီး သူမသည် မိစ္ဆာဖြစ်ကြောင်း ဆရာကို မောင်းထုတ် ပေးရန်ပြောဆိုနေလေသည်။
ကလေးငယ်၏ စူးရှသည့်အော်သံသည် အမှန်တကယ်ပင် နားငြီးစရာကောင်းလှသဖြင့် ထိုတာအိုဆရာလွီသည် ခေါင်းလှည့်ကာ အားချန်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။ "မိန်းကလေးကျိ အရင်ဆုံး ရှောင်ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်"
အားချန်က မျက်လုံးများကိုပင့်ကာ တစ်ဖက်လူကို ကြည့်လိုက်၏။ ထိုတာအိုဆရာလွီ၏ အကြည့်သည် ရှောင်ဖယ်သွားခြင်းမရှိဘဲ မျက်လုံးထဲတွင် စူးစမ်းစစ်ဆေး လိုသည့် အရိပ်အယောင်များ ပါဝင်နေလေသည်။
လက်ရှိ အခြေအနေကလည်း အကြာကြီးနေဖို့ရန် မသင့်လျော်သဖြင့် အားချန်ကလည်း ဘေးတွင်ရှိနေသည့် လင်းချန်လိကို ပြောလိုက်၏။ "ဦးကြီး အရင်ဆုံး ဝမ်ကျင်းကို ဂရုစိုက်လိုက်ပါ။ ကျွန်မအရင် ပြန်လိုက်ပါဦးမယ်။ မနက်ဖြန်မှပဲ အဘိုးကို လာကြည့်တော့မယ်"
"ကောင်းပြီလေ။ ငါ လိုက်ပို့ပေးမယ်" လင်းချန်လိကလည်း တူဖြစ်သူ၏ ငိုသံကြောင့် ခေါင်းများကိုက်ခဲနေပြီ ဖြစ်သော်ငြား တူလေးမှာလည်း အသက်ကြီးကြီးမားမား မရှိသေးသဖြင့် ကလေးနဲ့ အပြစ်မယူသာလေရာ ဒီနေ့တော့သူမကိုပဲ အနစ်နာခံခိုင်း ရတော့မည်။
လင်းချန်လိသည် အားချန်ကို တံခါးဝထိလိုက်ပို့ပြီးနောက် အားချန် ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးမှ သူသည် ဒုတိယတံခါးသို့ ပြန်သွားသည့်အချိန်တွင် ငိုသံများတိတ်ဆိတ် သွားပြီဖြစ်၏။
အခန်းထဲသို့ ဝင်လိုက်ပြီး လင်းဝမ်ကျင်း၏ ရှိုက်ကြီးတငင် ငိုကြွေးနေသည့်ပုံစံကို မြင်လိုက်ရသောအခါ သူကနောက်ပြောင်ကာ ပြောလိုက်လေသည်။ "ဘယ်လောက်တောင် ကြီးနေပြီလဲ။ ငိုနေတုန်းပဲလား"
"ဦးကြီး။ သူက မိစ္ဆာ ။သူက အစ်မအားချန် လုံးဝမဟုတ်ဘူး"
လင်းချန်လိသည် တူဖြစ်သူ၏စကားကို စိတ်ထဲမထားဘဲ ပြောလိုက်၏။ "မင်းကတော့လေ နောက်တစ်ခါကျရင် အစ်မရှေ့မှာ အဲဒီလို လျှောက်မပြောနဲ့။ သူ စိတ်မကောင်း ဖြစ်သွားလိမ့်မယ်"
လင်းဝမ်ကျင်းကတော့ ခေါင်းကို အဆက်မပြတ် ခါယမ်းနေလေသည်။ "ဦးကြီး။ ကျွန်တော် ဦးကြီးကို မလိမ်ပါဘူး။ သူက တကယ်မိစ္ဆာပါ။ သားတွေ့လိုက်တယ် သူ့မှာ အမြီးပါတယ်"
"မင်း အိပ်မက် မက်နေတာပါ "
"မဟုတ်ဘူး။ သားမက်တာက သူက အစ်မအားချန်ကိုသတ်ပြီး သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာ။ ခုနက နိုးလာတဲ့အချိန်တုန်းက သူ့မှာ အမြီးပါနေတာကို ကျွန်တော် တွေ့လိုက်တယ်"
လင်းဝမ်ကျင်း ပြောသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသကဲ့သို့ ဖြစ်နေသဖြင့် လင်းချန်လိမှာ မျက်မှောင်ကြုတ်ကာ ဘေးက ညီဖြစ်သူနှင့် ခယ်မတို့ကို ကြည့်လိုက်ပြီး ဘာပြောရမည်ပင် မသိတော့ချေ။
ဒီအချိန်တွင် တာအိုဆရာလွီက စကားပြောလာလေသည်။ "ဝမ်ကျင်းကို အနားယူခိုင်းလိုက်ပါ။ ကျွန်တော်တို့ အရင်ဆုံး ထွက်သွားရအောင်"
တာအိုဆရာလွီက အခန်းထဲက အရင်ထွက်လာပြီး နောက်တွင် လင်းချန်လိတို့ ညီကိုနှစ်ယောက်ကလည်း ထွက်လာခဲ့ကြ၏။
တံခါးပိတ်လိုက်ပြီးနောက် လင်းချန်ဟဲသည် သားဖြစ်သူ၏ ကျန်းမာရေးကို စိုးရိမ်သဖြင့် လေသံအနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။ "တာအိုဆရာကြီးလွီ ဝမ်ကျင်းက ဘာဖြစ်တာလဲမသိဘူး"
တာအိုဆရာလွီက မျက်မှောင်ကြုတ်လိုက်ပြီး အခက်အခဲတွေ့နေသည့် ပုံစံဖြစ်နေလေသည်။
သူက ဒီလိုပုံစံဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လင်းချန်ဟဲက ပိုပြီးစိတ်ပူလာကာ သူ့တွင် ပြောမထွက်သည့် ကိစ္စတစ်ခုခုရှိနေသည်ဟု ထင်မှတ်သွားပြီး ပိုပြီးစိုးရိမ်တကြီးဖြင့် ထပ်မံမေးမြန်း လိုက်တော့၏။ "တာအိုဆရာကြီးလွီ ကျွန်တော့်ကို အမှန်အတိုင်း ပြောပြပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လက်ခံနိုင်ပါတယ်"
တာအိုဆရာလွီက ပြန်မဖြေဘဲ နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်၏။ "လူကြီးမင်းတို့ ခင်ဗျားတို့ရဲ့ဒီတူမလေးကို နားလည်ကြရဲ့လား"
ညီအစ်ကို နှစ်ယောက်သည် အချင်းချင်းအကြည့်ခြင်း ဖလှယ်လိုက်ကြပြီး လင်းချန်ဟဲက တုံ့ဆိုင်းစွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။ "လင်းမိသားစု ကိစ္စမဖြစ်ခင်တုန်းက အားချန်က ရံဖန်ရံခါ သူ့အမေနဲ့အတူ ပြန်လာတတ်တယ်။ သူက အရမ်းလိမ္မာတဲ့ ကလေးမလေးပါ။ ဝမ်ကျင်းနဲ့လည်း ဆက်ဆံရေး မဆိုးပါဘူး"
"အဲဒါက ပြဿနာပဲ" တာအိုဆရာလွီက လေးနက်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။ "ကျွန်တော် ဝမ်းကျင်းကို တပည့်အဖြစ်လက်ခံတာက သူက ကျင့်ကြံနိုင်စွမ်း ရှိလို့တင် မဟုတ်ပါဘူး။ ဒီကလေးမှာ ဝိညာဉ်ပိုင်းဆိုင်ရာ ဉာဏ်ရည်လည်းပဲ ရှိတယ်။ ဝိညာဉ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ရှိတဲ့သူတွေက သာမာန်လူတွေ မမြင်နိုင်တဲ့ တချို့အရာတွေကို မြင်နိုင်ကြတယ်"
"တာအိုဆရာလွီ ဒါက ဘာအဓိပ္ပာယ်လဲ"
လင်းချန်လိက လေးနက်စွာ မေးလိုက်၏။
တာအိုဆရာလွီက ပြောလာလေသည်။ "ဒီကိစ္စက ကြားရတာ ယုတ္တိမရှိဘူးလို့ ထင်ရပေမယ့် လူကြီးမင်းတို့ နှစ်ယောက်အနေနဲ့ စစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။ အခုဒီမိန်းကလေးကျိနဲ့ ခင်ဗျားတို့ရင်းနှီးတဲ့ အဲဒီမိန်းကလေးကျိက စိတ်နေသဘောထားခြင်း ပြောင်းလဲသွားတာ ရှိမရှိဆိုတာကိုလေ"
လင်းချန်လိတို့ ညီအစ်ကိုနှစ်ယောက်သည် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြလေသည်။
သူတို့ကမိမိတို့၏ တူမလေးကို သံသယမဝင်ချင် ကြသည်မှာလည်း သဘာဝပင်။ သို့သော် တာအိုဆရာလွီက သူတို့မိသားစုတစ်ခုလုံး၏ အသက်ကို ကယ်တင်ခဲ့သူ ဖြစ်လေသည်။ အစွမ်းအစရှိသည့် လူတစ်ယောက်လည်း ဖြစ်သည်။ သူက ကျိချန်နှင့် ရန်ငြိုးရန်စမရှိဘဲ မည်သို့များလုပ်ကြံ ပြောဆိုပါမည်နည်း။
...