လူတိုင်းက သူ့ကို အားချန်လို့ ခေါ်ကြတယ် ...
Vol. 19 Ch. 188
လင်းမိသားစုအိမ်တော်မှ ထွက်ခွာခဲ့ပြီးနောက် အားချန်သည် ချန်းဖိင်ဖန်းသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့လေသည်။
ချန်ဟွေ့က လင်းမိသားစုဝင်များနှင့် ဆက်ဆံရေး အခြေအနေကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် အားချန်က အနောက်ဘက် ခြံဝင်းသို့ တန်းတန်းမတ်မတ် သွားလိုက်ပြီး အခန်းထဲသို့ ဝင်သည်နှင့် ငွေစက္ကူထည့်သည့် သေတ္တာကို စတင်ရှာဖွေနေသည်ကို တွေ့လိုက်ရလေသည်။
အားချန်က ငွေစက္ကူ တစ်ထောင်လျန်ခန့် ယူပြီး ထွက်လာသည်ကို မြင်သောအခါ ချန်ဟွေ့က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ "ငွေတွေ ဒီလောက်အများကြီး ယူပြီး ဘာလုပ်မလို့လဲ။ လင်းမိသားစုက အခု စားဝတ်နေရေး ကျပ်တည်းနေလို့လား"
အားချန်သည် ငွေစက္ကူများကို ပိုက်ဆံအိတ်ထဲ ထည့်လိုက်ပြီး ချန်ဟွေ့ကို ပြောလိုက်၏။ "လင်းမိသားစုက နေထိုင်ရတာ အဆင်ပြေပါတယ်။ ကျွန်မ ခဏနေရင် အနောက်ဘက်ဈေးကို သွားရမယ်"
ချန်ဟွေ့၏ မျက်နှာအမူအရာက တည်သွားလေသည်။ အားချန် အနောက်ဘက်ဈေးကို သွားသည့် အချိန်တိုင်း တစ်စုံတစ်ခု ဖြစ်ပျက်လေ့ ရှိသည်ဟု ဆိုလိုခြင်းပင်။
"လင်းမိသားစုမှာ ပြဿနာရှိလို့လား"
"မသေချာသေးဘူး။ ဒါပေမဲ့ မသန့်ရှင်းတဲ့ အရာတစ်ခုတော့ ရှိနေတာ သေချာတယ်။ ကျွန်မ သံသယရှိတာကတော့ မိစ္ဆာပဲ"
သရဲနှင့် မိစ္ဆာအချို့သည် လူတို့၏ အိပ်မက်များကို လွှမ်းမိုးနိုင်ခြင်း သို့မဟုတ် လူတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်း ရှိကြသည်။ လင်းဝမ်ကျင်း၏ အခြေအနေမှာ သရဲပူးကပ်ခံရသည့် ပုံစံမျိုး မဟုတ်ချေ။ နေ့ခင်းကြောင်တောင်တွင် သာမန်သရဲများအနေဖြင့် ထိုမျှလောက် စွမ်းအားကြီးမားခြင်း မရှိနိုင်သလို အကယ်၍ ရှိခဲ့လျှင်လည်း ယင်ဓာတ်များ ထွက်ပေါ်နေမည် ဖြစ်သည်။ သို့သော် ထိုအချိန်က မည်သည့် ထူးခြားမှုမှ မရှိခဲ့ပေ။
အားချန်သည် ခါးတွင် ချိတ်ဆွဲထားသည့် ပိုင်ကွေ့အခွံပါသော ဆွဲပြားကို ဖြုတ်လိုက်ပြီး ချန်ဟွေ့ကို ပေးလိုက်၏။ ချန်ဟွေ့က လှမ်းယူလိုက်ပြီး မူလက အကောင်းပကတိ ဖြစ်နေသော အဖြူရောင် လိပ်ခွံပေါ်တွင် အက်ရာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုအက်ရာသည် ယခုအခါ ဖြည်းညှင်းစွာ ပြန်လည်ဆက်စပ်နေပြီး ဒီအရှိန်နှုန်းနှင့် ဆိုလျှင် အနည်းဆုံး ညရောက်မှသာ မူလအတိုင်း ပြန်ဖြစ်နိုင်ပေမည်။
"ဒါက ..."
"ကျွန်မ တွေ့ခဲ့တဲ့ အဲဒီအရာက ကျွန်မအပေါ် ရန်လိုစိတ် မနည်းလှဘူး။ ကျွန်မကို ရည်ရွယ်ပြီး လာတာ ဖြစ်လောက်တယ်" တကယ်လို့ သူမအပေါ် ရန်လိုစိတ် မရှိဘူး ဆိုရင် ဒီလိပ်ခွံကလည်း သတိပေးမှာ မဟုတ်ဘူး။ ဟွေ့ညန် ကိုင်တုန်းကဆိုရင် ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူးလေ။
သူမ အရင်ဆုံး အဲဒီအရာရဲ့ ခြေရာနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရမယ်။
ချန်ဟွေ့သည် အားချန်နှင့်အတူ အနောက်ဘက်ဈေးသို့ လိုက်ပါသွားခဲ့လေသည်။ အားချန်သည် မုဆိုးဆိုင်တွင် မီကူသစ်ပင်၏ ပင်ရည်တစ်ပုလင်း၊ တွန်းလင်ဖားပြုတ်၏ အဆိပ်ရည်တစ်တုံးနှင့် ဟေးကျန်း ထင်းရှူးပင်၏ အဆီတစ်တုံးကို ဝယ်ယူခဲ့လေသည်။
မူလက သူမသည် အသက်ရှင်နေသော ချင်းကန်းငှက် တစ်ကောင်ကိုပါ ဝယ်ယူချင်သော်လည်း မုဆိုးဆိုင်ပိုင်ရှင်က ဒီလိုငှက်မျိုးက လိုမှ ချက်ချင်းဖမ်းရမည်ဖြစ်ပြီး အမြန်ဆုံး ၅ ရက်ကြာမှ ရောက်ရှိနိုင်မည်ဟု ပြောသဖြင့် အားချန်သည် စရန်ငွေပေးပြီး ပြန်လာခဲ့ရတော့သည်။
အိမ်ပြန်ရောက်ပြီးနောက် အားချန်သည် စတင်အလုပ်ရှုပ် လေတော့သည်။ မနက်ဖြန် လင်းမိသားစုအိမ်တော်သို့ သွားရဦးမည် ဖြစ်သဖြင့် ဒီညအတွင်း ပစ္စည်းများကို အပြီးလုပ်ရပေမည်။
သူမသည် အရင်ဆုံး မီကူသစ်ပင်အရည်ကို ပန်းကန်လုံးအသေးထဲ လောင်းထည့်လိုက်ပြီး ဟေးကျန်းထင်းရှူးဆီကို ထည့်လိုက်လေသည်။ နာရီဝက်ခန့် ကြာပြီးနောက် ထင်းရှူးဆီသည် လုံးဝ အရည်ပျော်သွားပြီး သင်းပျံ့သော ထင်းရှူးနံ့ ခပ်သင်းသင်းလေး ထွက်ပေါ်လာလေသည်။
ဒီအနံ့က အလွန်ထူးခြားပြီး မိစ္ဆာအငွေ့အသက်နှင့် ပေါင်းစပ်သွားပြီးနောက် မိစ္ဆာများ အနံ့မခံနိုင်တော့ပေ။
ဒီအနံ့သည် သူတို့၏ ကိုယ်ပေါ်တွင် လပေါင်းများစွာ ကြာအောင် မပျောက်ကွယ်ဘဲ ရှိနေတတ်သည်။ ချင်းကန်းငှက်သည် ဟေးကျန်းထင်းရှူးပင်၏ အစေ့ကို အကြိုက်ဆုံးဖြစ်ပြီး ဒီအနံ့ကို အလွန် အကဲဆတ်လေသည်။ အထူးသဖြင့် မိစ္ဆာအငွေ့အသက် ပါဝင်နေသည့် ထင်းရှူးဆီအနံ့ကို ပိုပြီး မလွန်ဆန်နိုင်ကြပေ။
ယခင်က ဝူမျိုးနွယ်များသည် ချက်ချင်း မသတ်ဖြတ်နိုင်သည့် သားကောင်များကို အမှတ်အသား ပြုလုပ်ရန် ဟေးကျန်းထင်းရှူးဆီကို အသုံးပြုကြပြီး နောက်ပိုင်းတွင် ချင်းကန်းငှက်ကို အသုံးပြုကာ လမ်းပြစေပြီးမှ သွားရောက် သတ်ဖြတ်လေ့ ရှိကြသည်။
ထိုနောက်တွင် အားချန်သည် ဖားပြုတ်အဆိပ်ရည်ကို ကြိတ်ချေလိုက်ပြီး ထင်းရှူးဆီထဲသို့ လောင်းထည့်လိုက်လေသည်။ မကြာမီမှာပင် ထင်းရှူးဆီသည် ဖားပြုတ်အဆိပ်ရည်ထဲသို့ ပျော်ဝင်သွားပြီး ပန်းကန်လုံးထဲတွင် အနက်ရောင် ရွှံ့စေးတစ်လွှာသာ ကျန်ရစ်တော့သည်။
သူမသည် အနက်ရောင် ရွှံ့စေးများကို ပဲစေ့အရွယ် အလုံးလေးများ လုံးလိုက်ပြီး သန့်ရှင်းသည့် ကြွေပန်းကန်ပြားထဲတွင် ထည့်ကာ လေသလပ်ခံထားလိုက်လေသည်။
ဒီပစ္စည်းက လုပ်နည်းမှာ နည်းနည်းကြမ်းတမ်းသော်ငြား အာနိသင်ကတော့ ကောင်းမွန်လှသည်။ အကယ်၍ လင်းမိသားစု အိမ်တော်ထဲတွင် တကယ်ပဲ မိစ္ဆာပုန်းခိုနေခဲ့လျှင် သူမ မကြာမီ ဖမ်းမိတော့မည် ဖြစ်သည်။
နောက်တစ်နေ့ မနက်စောစောတွင် အားချန်သည် မနေ့က လုပ်ထားသည့် အမွှေးနံ့သာလုံးများကို သူမ အထူးတလည် ပြင်ဆင်ထားသည့် ဇာကွက်ဖော်ထားသော အမွှေးနံ့သာအိတ်ထဲ ထည့်လိုက်ပြီး မူလအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည့် ပိုင်ကွေ့အခွံနှင့်အတူ ခါးတွင် ဘယ်ညာ တစ်ဖက်စီ ချိတ်ဆွဲလိုက်လေသည်။
မနေ့က အချိန်နှင့် မတိမ်းမယိမ်းတွင်ပင် အားချန်သည် လင်းမိသားစုအိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။
အားချန် ဒီနေ့လာမည်ကို သိထားသဖြင့် မနက်စောစောကတည်းက အစေခံမလေး တစ်ယောက်သည် တံခါးဝတွင် စောင့်ဆိုင်းနေခဲ့၏။
ထိုအစေခံမလေးသည် သခင်ကြီး၏ မှာကြားချက်ကို ကြိုတင် ရရှိထားပုံရပြီး လူကို ကြိုဆိုပြီးနောက် အားချန်ကို လင်းအဘိုးကြီး၏ ခြံဝင်းထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့လေသည်။
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် အားချန်သည် လင်းချန်လိ ညီအစ်ကိုနှစ်ယောက် အခန်းတံခါးဝတွင် စောင့်နေကြသည်ကို တွေ့လိုက်ရပြီး မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေလေသည်။
အားချန် လျှောက်လာသည်ကို သတိထားမိလိုက်သောအခါ လင်းချန်ဟဲက ခေါင်းလှည့်ကာ သူမကို နှုတ်ခမ်းအနည်းငယ် တွန့်ရုံ ပြုံးပြလိုက်သော်လည်း မျက်ခုံးများကြားတွင်တော့ စိုးရိမ်ပူပန်မှုများ ပါဝင်နေပြီး အသံမှာ အနည်းငယ် အက်ကွဲနေလေသည်။ "အားချန် ရောက်လာပြီလား"
အားချန်သည် တင်းကျပ်စွာ ပိတ်ထားသည့် တံခါးကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။ "ဒုတိယဦးလေး ဘာဖြစ်လို့လဲ။ အဘိုး တစ်ခုခု ဖြစ်လို့လား"
"တူမလေး အဘိုးက ခုနလေးတင် ရုတ်တရက် မူးလဲသွားလို့ တာအိုဆရာလွီက အထဲမှာ အပ်စိုက်ကုသ ပေးနေတယ်"
အားချန်၏ မျက်လုံးများ လှုပ်ရှားသွားလေသည်။ "တာအိုဆရာလွီက ဆေးပညာလည်း တတ်တာလား"
"ဟုတ်တယ်။ ကံကောင်းလို့ တာအိုဆရာလွီ ရှိနေလို့ပေါ့"
သုံးယောက်သား အပြင်ဘက်တွင် နာရီဝက်နီးပါး စောင့်ဆိုင်းပြီးနောက် အခန်းတံခါး ပွင့်လာပြီး တာအိုဆရာလွီ ထွက်လာခဲ့လေသည်။
အားချန် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူက အားချန်ကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီးနောက် လင်းညီအစ်ကို နှစ်ယောက်ကို ပြောလိုက်၏။ "အဘိုးကြီးက သတိရလာပါပြီ။ ဒါပေမဲ့ အသိစိတ်က သိပ်မကြည်လင်သေးဘူး။ ခဏလောက် အနားယူဖို့ လိုလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် တာအိုဆရာလွီ" လင်းချန်လိက ကျေးဇူးတင်ကြောင်း ပြောကာ တစ်ဖက်လူကို ဂါရဝပြုလိုက်လေသည်။
သူ ခါးမညွှတ်ရသေးခင်မှာပင် တာအိုဆရာလွီက လက်ကာပြပြီး တားဆီးလိုက်လေသည်။ "ကူညီသင့်တာ ကူညီတာပါ။ အားနာစရာ မလိုပါဘူး။ ကျွန်တော် အဘိုးကြီးအတွက် ဆေးသွားကျိုလိုက်ဦးမယ်။ ခင်ဗျားတို့ အရင် ဝင်သွားလိုက်ကြပါ"
"ဒုက္ခပေးရပါပြီ" လင်းချန်လိနှင့် လင်းချန်ဟဲတို့သည် လင်းအဘိုးကြီး၏ ကျန်းမာရေးကို စိုးရိမ်သဖြင့် အခန်းထဲသို့ အလျင်အမြန် ဝင်သွားကြပြီး အားချန်ကလည်း အနောက်မှ လိုက်ပါသွားခဲ့လေသည်။
တာအိုဆရာလွီသည် အားချန်၏ ကျောပြင်ကို ခဏလောက် စိုက်ကြည့်နေပြီးမှ လှည့်ထွက်သွားခဲ့လေသည်။
လင်းအဘိုးကြီး ရုတ်တရက် ရောဂါဖောက်လာသဖြင့် အခန်းထဲက ပြတင်းပေါက်များကို ပိတ်ထားလိုက်ရာ အခန်းထဲတွင် အနည်းငယ် မွန်းကျပ်နေပြီး အလင်းရောင်လည်း အနည်းငယ် မှောင်နေလေသည်။
အားချန် ကုတင်ဘေးသို့ လျှောက်သွားလိုက်ရာ လင်းအဘိုးကြီးက မျက်လုံးများကို မှေးစင်းထားသည်ကို တွေ့လိုက်ရ၏။
လင်းချန်လိက သူ့ကို ခေါ်လိုက်သည်ကို ကြားလိုက်ရမှ သူ၏ မျက်လုံးများ လှုပ်ရှားသွားပြီး မျက်ခွံများ ပွင့်လာခဲ့လေသည်။
သူက ကုတင်ဘေးက သားနှစ်ယောက်ကို ကြည့်လိုက်သော်လည်း မျက်လုံးများက အနည်းငယ် ဝေဝါးနေပြီး သူတို့ဘယ်သူလဲ ဆိုတာကို မမှတ်မိသေးသလိုပင်။ သူတို့ကို ကြည့်ရင်း အာ ... အာ ... ဟု အသံပြုကာ တုံ့ပြန်နေသလိုပင်။
တာအိုဆရာလွီ၏ မှာကြားချက် ရှိထားသဖြင့် လင်းညီအစ်ကို နှစ်ယောက်က သိပ်ပြီး စိတ်လှုပ်ရှားမနေဘဲ သူ့နားတွင် နေကာ စကားပြောပေး နေကြလေသည်။
လင်းချန်ဟဲက ကိုယ်ကိုစောင်းလိုက်ပြီး ဘေးတွင် ရပ်နေသည့် အားချန်ကို နေရာဖယ်ပေးလိုက်ကာ သူ့ကို ပြောလိုက်၏။ "အဖေ ကြည့်ပါဦး။ အားချန်က ဒီနေ့ အဖေ့ကို အထူးတလည် လာကြည့်တာလေ"
လင်းအဘိုးကြီးသည် ခေါင်းမော့လိုက်ပြီး အားချန်ကို ကြည့်လိုက်လေသည်။
"အဘိုး" အားချန်က သူ့ကို တစ်ချက် ခေါ်လိုက်၏။
လင်းဟုန်ရှင်းသည် အားချန်ကို တွေ့လိုက်ရပြီးနောက် သူမကို တောက်လျှောက် စိုက်ကြည့်နေပြီး အတန်ကြာမှ သူမဆီသို့ တုန်တုန်ယင်ယင်ဖြင့် လက်လှမ်းလိုက်လေသည်။
လင်းချန်ဟဲက မြင်လိုက်သည်တွင် နေရာဖယ်ပေးလိုက်သဖြင့် အားချန် ရှေ့သို့တိုးကာ တစ်ဖက်လူ၏ ခြောက်သွေ့ကြမ်းတမ်းသော လက်ကို ဆုပ်ကိုင်လိုက်ရတော့သည်။
"ယွဲ့ညန် ..." သူ့အသံက မပီမသ ဖြစ်နေသော်လည်း အားချန်က သူ လင်းကတော်၏ နာမည်ကို ခေါ်နေခြင်း ဖြစ်ကြောင်း နားလည်လိုက်လေသည်။
"ရှိပါတယ်"
"သမီး အဖေ့ကို လာကြည့်ပြန်ပြီလား။ အဖေက သမီးအပေါ် အပြစ်ရှိပါတယ်" လင်းအဘိုးကြီးသည် အားချန်၏လက်ကို အားကုန်ဆုပ်ကိုင်ထားပြီး ရှိုက်ကြီးတငင် ပြောလိုက်လေသည်။
"အဖေ သမီးအပေါ် အပြစ်မရှိပါဘူး။ အဖေ့ကို အပြစ်မတင်ပါဘူး" အားချန်က သူ့စကားအတိုင်း လိုက်ပြောလိုက်လေသည်။
သို့သော် လင်းအဘိုးကြီးသည် အားချန်၏ စကားကို နားမဝင်ဘဲ မိမိ၏ စိတ်ကူးယဉ် ကမ္ဘာထဲတွင် နစ်မြောနေသကဲ့သို့ တစ်ကိုယ်တည်း ပြောနေလေတော့သည်။ "အားလုံးက ကျိကျွမ်းဆိုတဲ့ တိရစ္ဆာန်ကောင်ကြောင့် သမီး သေဆုံးခဲ့ရတာ။ သူက အားချန်ကိုပါ သတ်ခဲ့သေးတယ်။ အဖေ သေချာပေါက် သမီးနဲ့ အားချန်အတွက် လက်စားချေပေးမယ်"
ဒီစကားကို ကြားလိုက်ရသော လင်းချန်လိ ညီအစ်ကိုနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အားချန်ကို ကြည့်လိုက်ကြလေသည်။
"အဘိုး" အားချန်၏ မျက်နှာပေါ်တွင် သံသယနှင့် နားမလည်နိုင်မှုများ ရှိနေသော်ငြား သူမ မျက်လွှာချလိုက်ပြီး ခါးဘေးတွင် တွဲကျနေသည့် လိပ်ခွံကို ကြည့်လိုက်ရာ အပေါ်တွင် အက်ရာတစ်ခု တိတ်တဆိတ် ပေါ်လာခဲ့လေသည်။
စကားနည်းနည်း ပြောပြီးနောက် လင်းအဘိုးကြီးသည် အားကုန်သွားသကဲ့သို့ မျက်လုံးများ ပြန်မှိတ်သွားလေသည်။
အားချန်၏ ကိုယ်ပေါ်က ဇာကွက်ဖော် အမွှေးနံ့သာအိတ်ထဲမှ ပျံ့လွင့်လာသော ထင်းရှူးနံ့ ခပ်သင်းသင်းလေးသည် သူ့ဆီသို့ ပျံ့လွင့်သွားပြီး မူလက စိတ်မကြည်လင်ဘဲ စိတ်လှုပ်ရှားနေသော လင်းအဘိုးကြီးကို ဖြည်းညှင်းစွာ ငြိမ်သက်သွားစေလေသည်။
အခန်းထဲက လူများသည် ခုနက လင်းအဘိုးကြီး ပြောခဲ့သည့် စကားများကို မည်သူကမျှ ထုတ်မပြောကြချေ။ ခဏကြာပြီးနောက် တာအိုဆရာလွီသည် ကျိုထားသည့် ဆေးရည်ပန်းကန်ကို ကိုင်ကာ ဝင်ရောက်လာလေသည်။
လင်းချန်လိက လင်းအဘိုးကြီးကို ထူပေးလိုက်ပြီး သူ့ကိုယ်ပေါ်တွင် မှီထားစေကာ တစ်ဖက်မှ လင်းချန်ဟဲက ဆေးပန်းကန်ကို ယူလိုက်ပြီး ဆေးရည်တစ်ဇွန်း ခပ်ကာ မှုတ်လိုက်ပြီးမှ လင်းအဘိုးကြီးကို တိုက်လိုက်လေသည်။
တာအိုဆရာလွီက အားချန် ထိုနေရာတွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် သူမကို တိုးတိုးလေး ပြောလိုက်၏။ "ကျိမိန်းကလေး ထိုင်ပြီး နားလိုက်ပါဦး"
အားချန်က ခေါင်းခါပြလိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် "တာအိုဆရာလွီ အဘိုးက တကယ်တော့ ဘာဖြစ်တာလဲဟင်။ ခုနတုန်းက သူက ကျွန်မကို ကျွန်မအမေလို့ မှတ်ပြီးတော့ ကျွန်မက တစ်ယောက်ယောက် လုပ်ကြံလို့ သေသွားပြီလို့တောင် ပြောနေတယ်"
တာအိုဆရာလွီက အားချန်ကို ကြည့်လိုက်ရာ သူမ၏ အကြည့်များက ကြည်လင်နေပြီး မျက်လုံးထဲတွင် သံသယနှင့် နားမလည်နိုင်မှုများသာ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ အကြည့်လွှဲလိုက်ပြီး ပြောလိုက်လေသည်။ "ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ မကြာခင် ပြန်ကောင်းသွားမှာပါ။ ကျိမိန်းကလေး စိတ်မပူပါနဲ့"
သူက အားချန်ကို စိတ်မပူဖို့သာ ပြောပြီး လင်းအဘိုးကြီး တကယ်တမ်း ဘာရောဂါ ဖြစ်နေသလဲ ဆိုတာကိုတော့ မပြောပြခဲ့ချေ။
အားချန်က ယခုအခါ လင်းမိသားစုတွင် သူမ ကြုံတွေ့ခဲ့ရသည့် ဒီကိစ္စနှစ်ခုသည် ဒီတာအိုဆရာလွီနှင့် မကင်းကြောင်း သေချာသလောက် ရှိနေပြီ ဖြစ်သည်။
တာအိုဆရာလွီက မပြောသဖြင့် အားချန်လည်း ဆက်မမေးတော့ပေ။ သူမ လင်းအဘိုးကြီးကို ခဏလောက် စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်လေသည်။
ဆေးတစ်ပန်းကန်လုံး တိုက်ပြီးသွားသည့် အခါတွင် လင်းချန်လိတို့ ညီအစ်ကိုနှစ်ယောက်၏ နဖူးပေါ်တွင် ချွေးများ ထွက်လာကြလေသည်။ သူတို့က အဘိုးကြီးကို ကုတင်ပေါ်တွင် ပြန်ချပေးလိုက်ပြီး အသက်ရှူသံ ပုံမှန်ဖြစ်နေကာ ပြန်အိပ်ပျော်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားကြတော့သည်။
"လင်းအဘိုး နိုးလာရင် အဆင်ပြေသွားလောက်ပါပြီ။ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး" တာအိုဆရာလွီက လင်းချန်လိကို ပြောလိုက်လေသည်။
လင်းချန်လိက ထပ်မံ ထရပ်ကာ ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် အားချန်ကို ကြည့်ကာ မျက်နှာပေါ်တွင် အားနာသည့် အမူအရာ ပေါ်လာတော့သည်။ "ဒီနေ့ ဒီလိုမတော်တဆ ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး။ တူမလေးအဘိုးက အခု လူမကွာဘဲ စောင့်ရှောက်ဖို့ လိုနေတယ်။ ဦးလေးနဲ့ ဒုတိယဦးလေးတို့ သူ့ကို စောင့်နေရမှာမလို့ အားချန် အရင် ပြန်လိုက်ပါလား။ နောက်ရက် တူမလေးအဘိုး ကျန်းမာရေး ပြန်ကောင်းလာမှ လာကြည့်ရင်ကော ဘယ်လိုလဲ"
အားချန်က ချက်ချင်း သဘောမတူသေးဘဲ လင်းဟုန်ရှင်းကို ကြည့်ကာ လေသံတုံ့ဆိုင်းစွာဖြင့် "ဒါပေမဲ့ အဘိုးက ..."
"စိတ်ချပါ။ တူမလေးအဘိုး ဘာမှမဖြစ်ပါဘူး။ အရင်ပြန်လိုက်ပါ"
တစ်ဖက်လူက ဒီလိုပြောလာမှတော့ အားချန်လည်း ဆက်ပြီး မငြင်းဆန်တော့ဘဲ ခေါင်းငြိမ့်ကာ သဘောတူလိုက်လေသည်။
လင်းချန်ဟဲက အားချန်ကို ပြန်ပို့လိုက်ပြီး ပြန်လာသည့် အချိန်တွင် အစ်ကိုကြီးဖြစ်သူက ကုတင်ဘေးက ကုလားထိုင်ပေါ်တွင် မျက်နှာထား တည်တည်ဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူ ရှေ့သို့တိုးသွားပြီး အစ်ကိုကြီး၏ ပခုံးကို ဖြည်းညှင်းစွာ ပုတ်လိုက်ကာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
လင်းချန်လိက ညီဖြစ်သူကို မြင်လိုက်ရသောအခါ လက်ယပ်ခေါ်ပြီး ထိုင်ခိုင်းလိုက်ကာ သက်ပြင်းချလိုက်လေသည်။ "အဖေ ခုနက ပြောလိုက်တဲ့ စကားတွေကို မင်း ကြားလိုက်တယ်မလား"
လင်းချန်ဟဲက ခေါင်းငြိမ့်ပြလိုက်ပြီး "အဖေက ယောင်ယမ်းပြီး ပြောနေတာပါ"
လင်းချန်လိကတော့ သဘောထား ကွဲလွဲနေလေသည်။ "တကယ်လို့ ယောင်ယမ်းပြီး ပြောတာဆိုရင် ညီမလေးက ကျိကျွမ်းကြောင့် သေဆုံးသွားရတယ် ဆိုတာကို ဘယ်လိုလုပ်ပြီး အဲဒီလောက် ရှင်းရှင်းလင်းလင်း ပြောနိုင်မှာလဲ"
"အဖေက ညီမလေးရဲ့ ကိစ္စကို စိတ်ထဲမှာ အမြဲမှတ်ထားလို့ နေမှာပါ" လင်းချန်ဟဲက ဒီအကြောင်းပြချက်က အနည်းငယ် မျှော်လင့်ချက် မရှိမှန်း ခံစားနေရဆဲပင်။
"မနေ့က ကိစ္စတွေကို ငါတို့ အဖေ့ကို မပြောပြခဲ့ဘူးလေ။ ညီမလေးကို သတိရနေရင်တောင်မှ အားချန်ဆီကို ဆက်စပ်မိစရာ အကြောင်းမရှိဘူး" လင်းချန်လိက ခဏလောက် ရပ်တန့်သွားပြီး ထပ်ပြောလိုက်၏။ "မနေ့က ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားတဲ့ သတင်းက ဒီနေ့ ပြန်ကြားလာပြီ"
"ဘယ်လိုလဲ" လင်းချန်ဟဲက ခန္ဓာကိုယ်ကို မတ်လိုက်လေသည်။
မနေ့က တာအိုဆရာလွီ၏ စကားကို ကြားပြီးနောက် သူ့အစ်ကိုကြီးက လူလွှတ်ပြီး အားချန်၏ ဒီတစ်နှစ်အတွင်း ပြောင်းလဲမှုများကို စုံစမ်းခိုင်းခဲ့သည်မှာ အမှန်ပင်။
စုံစမ်းမှု ရလဒ်များက သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။ ယခုလက်ရှိ အားချန်နှင့် သူတို့၏ မှတ်ဉာဏ်ထဲက တူမလေးသည် လုံးဝ ကွဲပြားခြားနားသော လူနှစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
စိတ်နေသဘောထား ဖြစ်စေ၊ လူမှုဆက်ဆံရေး ဖြစ်စေ၊ ယခု အားချန်၏ ပြုမူပုံများသည် အိမ်တွင်းပုန်း နေခဲ့ရသည့် အမျိုးသမီး တစ်ယောက်နှင့် လုံးဝ မတူတော့ချေ။ စိတ်ဒဏ်ရာ ရပြီးနောက် တစ်ညတည်းနှင့် ရင့်ကျက်သွားသည် ဆိုလျှင်တောင်မှ သူမ ဒီလောက်ထိ ပြောင်းလဲသွားစရာ အကြောင်းမရှိပေ။
တာအိုဆရာလွီ၏ သတိပေးချက်ကြောင့် သူ့အစ်ကိုကြီးက လူလွှတ်ပြီး အားချန် မတော်တဆမှု တစ်ခုခု ဖြစ်ပွားခဲ့ခြင်း ရှိမရှိကို အထူးတလည် စုံစမ်းခိုင်းခဲ့လေသည်။
ညီဖြစ်သူ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်သောအခါ လင်းချန်လိက လေးနက်စွာ ပြောလိုက်လေသည်။ "စာထဲမှာ ပြောထားတာက အားချန်က မနှစ်တုန်းက မိစ္ဆာဘေးအန္တရာယ် တစ်ခုနဲ့ ကြုံတွေ့ခဲ့ဖူးတယ်တဲ့။ ဒါပေမဲ့ အမှုကို မင်ကျင့်စီးက ဖိနှိပ်ထားလိုက်တယ်။ မင်းပြောကြည့်။ ဖြစ်နိုင်မလား ..."
စကားကို တစ်ဝက်လောက်နှင့် လင်းချန်လိက ဆက်မပြောနိုင်တော့ချေ။
အားချန်က ညီမလေး ကမ္ဘာပေါ်မှာ ထားရစ်ခဲ့တဲ့ တစ်ခုတည်းသော သွေးသားပဲလေ။ ဒါတွေအားလုံးက ခန့်မှန်းချက်တွေပဲ။ သူ တကယ် မယုံကြည်ချင်ဘူး။
လင်းချန်ဟဲလည်း တိတ်ဆိတ်သွားပြီး စကားမပြောတော့ချေ။
အချိန်မည်မျှ ကြာသွားသည် မသိ။ နှစ်ခြိုက်စွာ အိပ်ပျော်နေသော လင်းဟုန်ရှင်း နိုးလာခဲ့လေသည်။
မျက်လုံးဖွင့်လိုက်ပြီး ကုတင်ရှေ့တွင် ထိုင်နေသည့် သားနှစ်ယောက်ကို မြင်လိုက်ရသောအခါ သူက ဖွင့်ဟကာ တိုးတိုးလေး မေးလိုက်၏။ "ငါ ဘာဖြစ်သွားတာလဲ"
"အဖေ မနက်တုန်းက ရုတ်တရက် မူးလဲသွားတာပါ" လင်းချန်လိက အလျင်အမြန် ပြန်ဖြေလိုက်ပြီး ထပ်မေးလိုက်၏။ "အဖေ အခု ဘယ်လိုနေလဲ"
"ဘာမှမဖြစ်တော့ပါဘူး" လင်းအဘိုးကြီးသည် မျက်ခုံးများ အနည်းငယ် ကြုတ်ထားပြီး မူးမလဲခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည်စဉ်းစားနေသကဲ့သို့ ရှိပြီး အတန်ကြာမှ သားနှစ်ယောက်ကို ပြောလိုက်လေသည်။ "ငါ မှတ်မိပြီ။ မနေ့ညက မင်းတို့ညီမလေး ငါ့ကို အိပ်မက်လာပေးတယ်"
"ဘာပြောတယ်" နှစ်ယောက်စလုံး အံ့သြသွားကြလေသည်။
"ယွဲ့ညန်က ငါ့ကိုပြောတယ်။ သူက ကျိကျွမ်းနဲ့ သူ့မယားငယ် လက်ချက်နဲ့ သေသွားရတာတဲ့။ ပြီးတော့ ... အားချန်လည်း သူတို့လက်ချက်နဲ့ သေသွားပြီးတော့ အထောက်အထား အလုခံလိုက်ရတယ်တဲ့" မနက်အစောပိုင်းတွင် ဒီအိပ်မက်ကို ရုတ်တရက် သတိရလိုက်ခြင်းကြောင့် သူ စိတ်လှုပ်ရှားမှုကို မခံနိုင်ဘဲ မူးလဲသွားခဲ့ရခြင်း ဖြစ်လေသည်။
"ဒါက တိုက်ဆိုင်မှု တစ်ခုများ ဖြစ်မလား" လင်းချန်ဟဲ၏ လေသံသည် မသေချာတော့ချေ။
တကယ်ရော ဒီလိုတိုက်ဆိုင်မှု ရှိလို့လား။
ညီမလေးက မိသားစုဝင်တွေ လက်ရှိအားချန်ဆီမှာ အလိမ်ခံရမှာ စိုးလို့ အဖေ့ကို အထူးတလည် အိပ်မက်လာပေးတာများလား။
သားနှစ်ယောက်လုံး တိတ်ဆိတ်နေပြီး စကားမပြောကြသည်ကို မြင်သောအခါ လင်းဟုန်ရှင်းက ပြောလိုက်၏။ "ဘာလို့ ဒီလိုမျက်နှာထားတွေ ဖြစ်နေကြတာလဲ။ မင်းတို့ ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခု ရှိနေလို့လား"
လင်းချန်လိက ခဏလောက် တုံ့ဆိုင်းနေပြီးမှ မနေ့က လင်းဝမ်ကျင်း၏ ကိစ္စကို ပြောပြလိုက်ပြီး စုံစမ်းထားသည့် ကိစ္စများကိုပါ အကုန်ပြောပြလိုက်လေသည်။
နားထောင်ပြီးသွားသည့် နောက်တွင် လင်းဟုန်ရှင်းသည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြောလိုက်လေသည်။ "ငါ ပြောသားပဲ။ နှစ်နှစ်လောက် မတွေ့ရရုံနဲ့ အဲဒီကောင်မလေးက ဘာလို့ ရုတ်တရက် အဲဒီလောက် အေးစက်ပြီး ယဉ်ကျေးသွားရတာလဲလို့"
"အဖေ ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ" လင်းချန်လိလည်း ဆုံးဖြတ်ချက် မချနိုင်တော့ချေ။
လင်းချန်ဟဲက ရုတ်တရက် ပြောလိုက်၏။ "ကျွန်တော် ကြည့်ရသလောက်တော့ သူက ကျွန်တော်တို့အပေါ် မကောင်းတဲ့စိတ် ရှိပုံမရပါဘူး"
"အားချန်ရဲ့ ခန္ဓာကိုယ်ထဲမှာ တကယ်တမ်း ဘာကောင် ပုန်းနေလဲဆိုတာ မင်းက ဘယ်လိုလုပ် သိမှာလဲ။ ကျွန်တော်တို့အပေါ် မကောင်းတဲ့စိတ် မရှိဘူး ဆိုတာက သူ့ရဲ့အထောက်အထား အမှန်ကို ဖုံးကွယ်ဖို့အတွက်လည်း ဖြစ်နိုင်တာပဲ"
သားနှစ်ယောက် ငြင်းခုံနေသည်ကို နားထောင်ပြီးနောက် လင်းဟုန်ရှင်းက ပြောလိုက်လေသည်။ "တာအိုဆရာလွီကို ဖိတ်လိုက်ပါ"
ဖခင်ဖြစ်သူ စကားပြောလာသဖြင့် လင်းချန်ဟဲက ကိုယ်တိုင်သွားရောက် ဖိတ်ခေါ်လိုက်ပြီး မကြာမီမှာပင် တာအိုဆရာလွီက သူနှင့်အတူ ပါလာခဲ့လေသည်။
နိုးလာသည့် လင်းအဘိုးကြီးကို မြင်သောအခါ တာအိုဆရာလွီက သူ့ကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်လေသည်။
လင်းဟုန်ရှင်းက သူနှင့် စကားအများကြီး မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်၏။ "တာအိုဆရာလွီ ကျုပ်ရဲ့မြေးမလေး ကိစ္စက တကယ်ပဲလား"
တာအိုဆရာလွီက ပြောလိုက်လေသည်။ "ကျွန်တော် ဖုံးကွယ်မထားရဲပါဘူး။ ဒီကျိမိန်းကလေးရဲ့ ကိုယ်ပေါ်မှာ တကယ်ပဲ ပြဿနာရှိပါတယ်။ ဒါပေမဲ့ ဘာပြဿနာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ တကယ်လို့ သေချာစုံစမ်းချင်ရင် တစ်ဖက်လူကို သေချာပေါက် အသိပေးမိမှာပဲ။ အဲဒီကျရင် အခြေအနေကို ထိန်းချုပ်ရ ခက်ခဲသွားလိမ့်မယ်"
"တာအိုဆရာလွီမှာ အကြံဉာဏ် တစ်ခုခုရှိလား" လင်းဟုန်ရှင်းက ထပ်မေးလိုက်၏။
တာအိုဆရာလွီက ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။ "ဒီကိစ္စက အရေးကြီးလွန်းလို့ ကျွန်တော် ဝင်ပါဖို့ သိပ်မကောင်းလှဘူး"
လင်းမိသားစု သားအဖသုံးယောက် စိတ်ပျက်သွားသည့် ပုံစံကို မြင်လိုက်ရသောအခါ သူက ဆက်ပြောလိုက်လေသည်။ "ကျွန်တော် ကြားတာတော့ မင်ကျင့်စီးက ဥပဒေ စိုးမိုးရေးမှာ တင်းကျပ်ပြီး အဲဒီ ပိုင်လူကြီးမင်းကလည်း မကောင်းမှုဟူသမျှကို ရွံရှာမုန်းတီးပြီး မိစ္ဆာ သရဲတစ္ဆေတွေကို ဘယ်တော့မှ ညှာတာလေ့ မရှိဘူးတဲ့။ ဒီကိစ္စကို မင်ကျင့်စီးကို တိုင်ကြားပြီး မင်ကျင့်စီးက လူကြီးမင်းတွေကို စုံစမ်းခိုင်းလိုက်ရင် ကောင်းမလား။ အဲဒီကျရင် စုံစမ်းမှုရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည် စိတ်ချရတယ်လေ"
တာအိုဆရာလွီ၏ အကြံပြုချက်က အမှန်တကယ်ပင် စိတ်ချရသဖြင့် သားအဖသုံးယောက် အချိန်အကြာကြီး ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် လင်းချန်လိ ကိုယ်တိုင် မင်ကျင့်စီးသို့ သွားရောက် တိုင်ကြားရန် ဆုံးဖြတ်လိုက်ကြသည်။
မင်ကျင့်စီးသည် နေ့စဉ်နှင့်အမျှ ဒီလိုတိုင်ကြားမှုမျိုး အများအပြား လက်ခံရရှိလေ့ ရှိသဖြင့် ဒါသည် ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် အောက်ခြေလူများက ခွဲခြားစစ်ဆေးပြီးနောက် လျစ်လျူရှုလိုက်ခြင်း သို့မဟုတ် လူလွှတ်ပြီး စုံစမ်းခိုင်းခြင်းများ ပြုလုပ်လေ့ရှိသည်။
သို့သော် တိုင်ကြားသူ ပြောဆိုသည့် သံသယရှိဖွယ် ခန္ဓာကိုယ် အသိမ်းပိုက်ခံရသည့် အိမ်တော်က မျိုးဆက်သစ်လူငယ် နာမည်မှာ ကျိချန် ဖြစ်နေခြင်းက ကိစ္စကြီး ဖြစ်သွားစေသည်။
ဒီကိစ္စကို ဒီနေ့တာဝန်ကျနေသည့် ဖုန်းယန်ဆီသို့ အမြန်ရောက်ရှိသွားခဲ့ပြီး ဖုန်းယန်သည် ဒီတိုင်ကြားစာ မှတ်တမ်းကို ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ပိုင်ရှိုးမင်ကို သွားရှာလိုက်တော့သည်။
ဒီအချိန်တွင် ပိုင်ရှိုးမင်သည် ပေဟွမ်မှ ပေးပို့လိုက်သည့် လျှို့ဝှက်စာ တစ်စောင်ကို ဖတ်ရှုနေခဲ့လေသည်။
သူက စာရွက်ကို ဖြန့်လိုက်စဉ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရ၏။
"ဝင်ခဲ့"
ဖုန်းယန် ဝင်လာပြီးနောက် ပိုင်ရှိုးမင်ကို အရင်ဆုံး ဂါရဝပြုလိုက်ပြီးမှ ပြောလိုက်လေသည်။ "လူကြီးမင်း ဒီနေ့ ရုံးတော်က လင်းချန်လိရဲ့ တိုင်ကြားချက်ကို လက်ခံရရှိပါတယ်။ သူက သူ့တူမလေး တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ် သိမ်းပိုက်ခြင်း ခံလိုက်ရတယ်လို့ ပြောပါတယ်"
"လင်းချန်လိ" ဒီနာမည်က နည်းနည်း ရင်းနှီးနေသလိုပဲ။ ပိုင်ရှိုးမင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး "နယ်နှင်ဒဏ် ခံရတဲ့ လင်းမိသားစုလား"
"ဟုတ်ပါတယ်" ဖုန်းယန်က တံတွေးတစ်ချက် မျိုချလိုက်ပြီး အမှန်အတိုင်း ပြောလိုက်လေသည်။ "လင်းချန်လိက ကျိမိန်းကလေးရဲ့ ဦးကြီးပါ"
ဒါကြောင့် တစ်ဖက်လူ ပြောသည့် ခန္ဓာကိုယ် အသိမ်းပိုက်ခံရသည့် တူမလေး ဆိုသည်မှာ ကျိမိန်းကလေး ဖြစ်ကြောင်း သေချာနေပြီ ဖြစ်သည်။
သူ့လက်ထဲက တိုင်ကြားစာ မှတ်တမ်းပေါ်တွင် လင်းချန်လိ၏ သံသယ အမျိုးမျိုးကို အသေးစိတ် မှတ်တမ်းတင်ထားလေသည်။ အမှန်အတိုင်း ပြောရလျှင် သူ ဖတ်ပြီးသည့်နောက် လင်းချန်လိ ပြောသည့် ကျိချန်နှင့် သူသိသည့် ကျိမိန်းကလေးတို့မှာ လုံးဝ မတူညီသည့် လူနှစ်ယောက် ဖြစ်နေသည်ဟု ခံစားမိလိုက်သည်။
သူ့သခင်က အချိန်အကြာကြီး ဘာတုံ့ပြန်မှုမှ မပေးသည်ကို မြင်သောအခါ ဖုန်းယန်သည် ခေါင်းမာမာဖြင့် ရှေ့တိုးကာ တိုင်ကြားစာ မှတ်တမ်းကို ပေးပို့လိုက်ရတော့သည်။
"မင်း အရင် ထွက်သွားလိုက်တော့"
"ဟုတ်ကဲ့"
ဖုန်းယန် ထွက်ခွာသွားပြီးနောက် ပိုင်ရှိုးမင်သည် ထိုတိုင်ကြားစာ မှတ်တမ်းကို ကောက်ကိုင်လိုက်လေသည်။ လင်းချန်လိက စကားအပို မပြောခဲ့ဘဲ မြို့တော်ပြန်ရောက်ပြီးနောက် တူမလေးက တခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်ဟုသာ ပြောခဲ့သည်။
ပြီးနောက် အောက်တွင် သူမ၏ ပြောင်းလဲမှုများစွာကို စာရင်းပြုစုထားပြီး နောက်ဆုံးတွင် မင်ကျင့်စီး အနေဖြင့် အမှန်တရားကို ဖော်ထုတ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောထားသည်။
လင်းချန်လိ ပြောသည့် ဒီပြောင်းလဲမှုများကို ပိုင်ရှိုးမင်သည် လွန်ခဲ့သည့် အချိန်အကြာကြီး ကတည်းက သိရှိထားပြီး ဖြစ်သည်။ သူက တစ်ချိန်တုန်းက မိမိ၏ သံသယကို သက်သေပြချင်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် သူက အတွင်းကျကျ စုံစမ်းဖို့ လက်လျှော့လိုက်ခဲ့သည်။
ထိုမှတ်တမ်းတင်ထားသည့် စာရွက်ကို ဘေးတစ်ဖက်တွင် ထားလိုက်ပြီး ပိုင်ရှိုးမင်သည် စားပွဲပေါ်က စာရွက်ကို မျက်လွှာချကာ ကြည့်လိုက်ပြန်လေသည်။
စာထဲတွင် ပြောထားသည်မှာ လွန်ခဲ့သည့် လေးနှစ်က အလွန်လှပသည့် အမျိုးသမီးတစ်ဦး ပေဟွမ်ဝမ် အိမ်တော်တွင် ဝင်ရောက် နေထိုင်ခဲ့ပြီး ပေဟွမ်ဝမ်က သူမအပေါ် အလိုလိုက် အကြိုက်ဆောင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်က ထိုအမျိုးသမီး ပျောက်ဆုံးသွားပြီး ပေဟွမ်ဝမ်နှင့် သူ့မိခင်တို့ ဆက်ဆံရေး ရုတ်တရက် ဆိုးရွားသွားကြောင်း ရေးသားထားသည်။
ထိုအမျိုးသမီး၏ အထောက်အထားကို မသိရသလို မျိုးရိုးနာမည်လည်း မရှိပေ။ လူတိုင်းက သူမကို အားချန်ဟု ခေါ်ကြကြောင်းသာ သိရသည်။ သံယောဇဉ်ငြိတွယ်ခြင်း (ချန်) ဆိုသည့် အဓိပ္ပာယ်ပင်။
...