← Chapters

အားချန်က နောက်ဆုံးတော့ လက်လှမ်းပြီး တို့ထိလိုက်လေသည် ...

Vol. 20 Ch. 191

အားချန်က နောက်ဆုံးတော့ လက်လှမ်းပြီး တို့ထိလိုက်လေသည် ...

Vol. 20 Ch. 191

နေတစ်စောင်း အချိန်သို့ ရောက်သည့်အခါ နွေးထွေးသော နေရောင်ခြည်သည် တင်းကျပ်စွာ ပိတ်ထားသော အခန်းတံခါးပေါ်သို့ ကျရောက်နေပြီး ကုတင်ပေါ်တွင် ဖြူဖွေးနုနယ်သော လက်မောင်းလေး တစ်ဖက်က ဟိုဒီ လှမ်းစမ်းနေလေသည်။

ဘာကိုမှ မစမ်းမိသည့်အခါမှ လက်မောင်းပိုင်ရှင်သည် ပျင်းရိလေးတွဲ့စွာ မျက်လုံးဖွင့်လာခဲ့သည်။

ကုတင်ပေါ်တွင် သူမတစ်ယောက်တည်းသာ ရှိပြီး စောင်ပါးလေး၏ ထောင့်စွန်းတစ်နေရာသာ သူမ၏ ကိုယ်ပေါ်တွင် တင်နေကာ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူမသည် ကုတင်ခေါင်းရင်းတွင် ခေါက်ထားသော အဝတ်အစားသစ်များကို လှမ်းယူရန် လက်ဆန့်လိုက်ရာ လက်မောင်းကို အနည်းငယ် ဆန့်လိုက်ရုံဖြင့် အရိုးအဆစ်များကြားထဲက ကိုက်ခဲ နာကျင်မှုကို ခံစားလိုက်ရသည်။

အိပ်ရာထပြီး အဝတ်အစားလဲချိန်တွင် အားချန်သည် သူမ၏ ကိုယ်ပေါ်က အမှတ်အသားများကို ကြည့်ပြီး အံကြိတ်လိုက်မိသည်။

ဒါက ဘာသဘောလဲ။ ကိုယ့်အိမ်မှာကိုယ် ကောင်းကောင်းမွန်မွန် အိပ်နေတာကို ကောင်းကင်က ဘေးအန္တရာယ် ကျရောက်လာတာလား။

ပိုင်ရှိုးမင်က ဘာစိတ်ကူးပေါက်ပြီး ရူးသွပ်သွားတာလဲ။

အချိန်အတော်ကြာအောင် စဉ်းစားသော်ငြား သူ့ကို စိတ်ဆွစေမည့် ကိစ္စကို စဉ်းစားလို့ မရသဖြင့် အားချန်လည်း ဆက်ပြီး မစဉ်းစားတော့ပေ။ အချိန်အတော်ကြာအောင် တရွတ်တိုက် လုပ်နေပြီးမှ နောက်ဆုံးတွင် သူမကိုယ်သူမ သပ်ရပ်အောင် ပြင်ဆင်နိုင်ခဲ့လေသည်။

သူမသည် အနောက်ဘက် ခြံဝင်းမှ ထွက်လာပြီး ရှေ့ဘက်ဆိုင်ခန်းထဲသို့ တိုက်ရိုက် ဝင်လာခဲ့၏။ ချန်ဟွေ့သည် အမွှေးနံ့သာ လာဝယ်သော ဧည့်သည်တစ်ဦးကို ဧည့်ခံနေပြီး လှုပ်ရှားမှု ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်လေသည်။

အားချန်သည် ရင်းနှီးနေသော ဧည့်သည်ကို နှုတ်ဆက်လိုက်ပြီး ချန်ဟွေ့ကို ပြောလိုက်၏။ "ဟွေ့ညန် ကျွန်မ အပြင်ထွက်ပြီး ထမင်းစားလိုက်ဦးမယ်"

ချန်ဟွေ့သည် ကောင်တာအနောက်မှ ငွေစလေးနှစ်တုံးကို ထုတ်ယူကာ သူမကို ကမ်းပေးလိုက်သည်။ "သွားလေ"

အားချန်သည် ဆိုင်ထဲမှ ထွက်လာပြီး လမ်းမကြီးအတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

လမ်းတစ်ဖက်တွင် ရပ်နားထားသော မြင်းလှည်းတစ်စီးသည် အချိန်အတော်ကြာ ရပ်တန့်နေခဲ့ပြီး အတွင်းကလူသည် သူမ၏ အရိပ်ကို မြင်လိုက်ရမှ မြင်းလှည်းက စတင် လှုပ်ရှားလာတော့သည်။

အားချန်သည် သိပ်ဝေးဝေး မသွားဘဲ လမ်းထောင့်က ခေါက်ဆွဲဆိုင်ရှေ့တွင် ရပ်လိုက်သည်။ ဒီဆိုင်က သိုးသားခေါက်ဆွဲ အရသာက မဆိုးလှသဖြင့် ရံဖန်ရံခါ လာရောက် စားသောက်လေ့ရှိသည်။

ဒီအချိန်သည် ထမင်းစားချိန် ကျော်လွန်နေပြီ ဖြစ်သဖြင့် ခေါက်ဆွဲဆိုင်ထဲတွင် လူအနည်းငယ်သာ ရှိတော့သည်။ အားချန်သည် ပြတင်းပေါက်နားက နေရာလွတ် တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး ခေါက်ဆွဲတစ်ပွဲနှင့် အမြည်းဟင်းတစ်ပွဲ မှာလိုက်လေသည်။

မကြာမီ ဆိုင်ရှင်က ခေါက်ဆွဲ လာချပေးပြီး အားချန်လည်း တူကိုကောက်ကိုင်ကာ ခေါင်းငုံ့ပြီး စားသောက်လိုက်သည်။

ဒီအချိန်တွင် သူမသည် ဆိုင်ရှင်၏ ဖော်ရွေသော နှုတ်ဆက်သံကို ကြားလိုက်ရပြီး အပြင်ဘက်မှ ဧည့်သည်များ ထပ်ရောက်လာပုံ ရသော်ငြား သူမကတော့ ခေါင်းမော့မကြည့်ဘဲ စိတ်မဝင်စားသလို နေလိုက်သည်။

ခဏအကြာတွင် အားချန်သည် လူအရိပ်တစ်ခု စားပွဲနားသို့ ရောက်ရှိလာပြီး သူမ၏ မျက်နှာချင်းဆိုင် ခုံတွင် တိုက်ရိုက် ဝင်ထိုင်လိုက်သည်ကို ဘေးတိုက်မြင်ကွင်းမှ မြင်လိုက်ရလေသည်။

သူမ၏ တူကိုင်ထားသော လက်မှာ ရပ်တန့်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ နူးညံ့သိမ်မွေ့သော မျက်လုံးတစ်စုံနှင့် အကြည့်ချင်း ဆုံလိုက်ရသည်။

ပိုင်ကျန့်ဟွမ်။

"မိန်းကလေး ခုံမျှထိုင်လို့ ရမလား" သူက မေးလိုက်၏။

အားချန်သည် ခုံလွတ်များ ပြည့်နေသော ခေါက်ဆွဲဆိုင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ စိတ်ထဲတွင် လေးလံသွားတော့သည်။ ကြည့်ရတာ ဒါက တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး။

သူက ကျိချန်ဆိုတဲ့ နာမည်ကြောင့် ရောက်လာတာလား။ ဒါမှမဟုတ် ငါ့အတွက် သက်သက် ရောက်လာတာလား ဆိုတာတော့ မသိဘူး။

"ထိုင်လေ"

အေးစက်စက် စကားနှစ်လုံး ပြန်ပြောလိုက်ပြီးနောက် သူမသည် ခေါင်းငုံ့ကာ ခေါက်ဆွဲကို ဆက်စားနေပြီး အကြည့်တစ်ချက်လေးပင် ထပ်မပေးတော့ချေ။

ပိုင်ကျန့်ဟွမ်ကလည်း စိတ်ထဲမထားဘဲ အားချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူမကို ကြည့်နေလိုက်သည်။

ခဏအကြာတွင် ဆိုင်ရှင်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါက်ဆွဲတစ်ပွဲ လာချပေးပြီး တခြားမှာစရာ ရှိသေးလားဟု မေးရန် ပြင်လိုက်သော်ငြား ပိုင်ကျန့်ဟွမ်၏ အကြည့်တစ်ချက်ကြောင့် ဆိုင်ရှင်မှာ တုန်လှုပ်သွားပြီး ကမန်းကတန်း ပြန်ဆုတ်ခွာသွားတော့သည်။

ပိုင်ကျန့်ဟွမ်သည် တူကို မကိုင်ဘဲ အားချန် စားသောက်နေသည်ကိုသာ ကြည့်နေလိုက်သည်။ သူ့အကြည့်သည် အားချန်၏ ဖြူဖွေးသော လက်မှတစ်ဆင့် သေးငယ်သော နားရွက်ဖျားလေး ဆီသို့ ရွေ့လျားသွားလေသည်။

ဒီနေ့ အားချန်သည် ပတ္တမြား မက်မွန်ပွင့် နားဆွဲတစ်ရံကို ဝတ်ဆင်ထားပြီး လက်ရာမှာ အလွန် သေသပ်လှပကာ သာမန်ရွှေဆိုင်များက လက်ရာနှင့် မတူညီချေ။

ပိုင်ကျန့်ဟွမ်သည် ဒီလက်ရာက နန်းတွင်းလက်ရာ ဖြစ်ကြောင်း မှတ်မိနေလေသည်။

သူသည် ယခင်က သူမကို ရတနာလက်ဝတ်ရတနာများ ပေးဖူးသော်ငြား သူမက လက်ခံရုံသာ လက်ခံပြီး ဘယ်သောအခါမှ ဝတ်ဆင်လေ့ မရှိခဲ့ချေ။

ထိုစဉ်က သူမ၏ ရုပ်ရည်နှင့်ဆိုလျှင် အပိုဆောင်း ရတနာများ မလိုအပ်ဘူးဟု သူထင်မှတ်ခဲ့ပြီး သူမ မကြိုက်ဘူးဟု ယူဆကာ နောက်ထပ် ထပ်မပေးဖြစ်ခဲ့တော့ချေ။

တကယ်တော့ မကြိုက်တာ မဟုတ်ခဲ့ပါလား။

အားချန်သည် ပန်းကန်ထဲက ခေါက်ဆွဲကို တစ်ဝက်ကျော်လောက် စားပြီးမှ တူကို ချလိုက်လေသည်။ သူမသည် လက်ကိုင်ပဝါဖြင့် ပါးစပ်သုတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲမှ ကြေးပြားအနည်းငယ်ကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

တောက်လျှောက် တိတ်ဆိတ်နေသော ပိုင်ကျန့်ဟွမ်သည် နောက်ဆုံးတော့ အသံထွက်လာခဲ့၏။ "မိန်းကလေး စကားပြောရအောင်"

ဒီအချိန်ကျမှ အားချန်သည် သူ့ကို တည့်တည့်ကြည့်လိုက်ပြီး နှစ်ဦးသား အကြည့်ချင်း ဆုံလိုက်ကြသည်။ သူစိမ်းတစ်ယောက်၏ ခန္ဓာကိုယ်ကို ခြားနားထားသော်ငြား သူက သူမကို မြင်နေရသလို ခံစားလိုက်ရသည်။

"ကျွန်မ ကုန်းဇီကို သိလို့လား"

ပိုင်ကျန့်ဟွမ်က ပြုံးလိုက်ကာ "ကျွန်တော်က ပိုင်ကျန့်ဟွမ်ပါ"

အားချန်က အံ့သြချင်ယောင် ဆောင်လိုက်ပြီး "ပေဟွမ်ဝမ်ကိုး။ ကျွန်မ ဂါရဝပြုပါတယ်"

ပိုင်ကျန့်ဟွမ်က ဖိတ်ခေါ်သည့် လက်ဟန် ပြုလိုက်ပြီး "ထိုင်ပါ"

အားချန်သည် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး "ဝမ်ရယ်က ကျွန်မနဲ့ ဘာများ ပြောစရာရှိလို့လဲ"

"မင်းရဲ့ခြံဝင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စအကြောင်း ပြောကြတာပေါ့"

"ဒါပေမဲ့ မင်ကျင့်စီးက လူကြီးမင်းတွေက ကျွန်မကို သတိပေးထားတယ်။ အဲဒီနေ့က ကိစ္စကို လျှောက်မပြောနဲ့တဲ့" အားချန်သည် ထိုနေ့က ကိစ္စကို ပြန်စဉ်းစားကြည့်လိုက်သည်။ ပိုင်ရှိုးမင်က လူတိုင်းရဲ့ ပါးစပ်ကို ပိတ်ထားလို့ မရနိုင်သလို ပိုင်ကျန့်ဟွမ် စုံစမ်းလို့ ရသွားတာကလည်း မဆန်းပါဘူး။

"မိန်းကလေးက တကယ် စကားနားထောင်တာပဲ။ တကယ်လို့ ဒီဝမ်ရယ်က မင်းကို ပြောခိုင်းရင်ရော"

"ကျွန်မက မလွန်ဆန်ရဲပါဘူး။ ဝမ်ရယ်က ဘယ်အပိုင်းကနေ စနားထောင်ချင်တာလဲ" အားချန်က အလိုက်သင့် ပြန်မေးလိုက်၏။

"ငါ့အမေ သေတုန်းက မိန်းကလေး ကိုယ်တိုင် မြင်ခဲ့လား"

အားချန်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ မျက်လုံးဖွင့်ပြီး လိမ်ပြောလိုက်တော့သည်။ "မမြင်ဖူးပါဘူး။ အဲဒီတုန်းက ကျွန်မ အခန်းထဲမှာ အပိတ်ခံထားရတာပါ"

ပိုင်ကျန့်ဟွမ်က ရုတ်တရက် ပြောလာ၏။ "သူ သေသွားတာ အရမ်း သနားစရာ ကောင်းတယ်"

"စိတ်မကောင်းဖြစ်ရပါတယ် ဝမ်ရယ်"

သူသည် အားချန်ကို စိုက်ကြည့်နေပြီး သူမ မျက်နှာပေါ်တွင် မည်သည့် ထပ်ဆောင်း ခံစားချက်မျှ မတွေ့ရချေ။ နာကြည်းမုန်းတီးမှု၊ ကျေနပ်အားရမှု၊ ထိတ်လန့်တုန်လှုပ်မှု တစ်ခုမှ မရှိချေ။

တကယ်ပဲ အားချန် ဖြစ်နေတာကိုး။

"ကြားတာတော့ အဲဒီနေ့က ပြန်ပေးဆွဲတဲ့ လူတွေက မိန်းကလေးကို ဒုက္ခမပေးခဲ့ဘူးဆို"

"ကျွန်မ ကံကောင်းလို့ပါ။ မင်ကျင့်စီးက လူကြီးမင်းတွေ အချိန်မီ ရောက်လာပြီး ကျွန်မအသက်ကို ကယ်ခဲ့တာပါ"

"မင်ကျင့်စီးရဲ့ ... ပိုင်ရှိုးမင်လား"

"ဟုတ်ပါတယ်"

ပိုင်ကျန့်ဟွမ်သည် ပိုင်ရှိုးမင်၏ နာမည်ကို ထုတ်ပြောလိုက်သည့် အချိန်တွင် အားချန်၏ နှုတ်ခမ်းထောင့်များ မသိမသာ ကွေးတက်သွားသည်ကို သတိထားမိလိုက်သည်။

သူသည် အားချန်၏ မျက်နှာပေါ်မှ အကြည့်ကို လွှဲဖယ်လိုက်သည်။

"ဝမ်ရယ် တခြားမေးစရာ ရှိသေးလား။ မရှိရင် ကျွန်မ ပြန်တော့မယ်"

"... မိန်းကလေး ကောင်းကောင်းပြန်ပါ"

အားချန်သည် သူ့ကို အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီး မတ်တပ်ရပ်ကာ တွယ်တာမှု မရှိဘဲ အပြင်သို့ ထွက်ခွာသွားလေသည်။

သူမ၏ အရိပ်သည် ပြတင်းပေါက်ရှေ့မှ ဖြတ်သန်းသွားပြီး ပိုင်ကျန့်ဟွမ်၏ မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ပိုင်ကျန့်ဟွမ်သည် လူသွားလူလာများသော လမ်းမကြီးကို ငေးကြည့်ရင်း တွေးလိုက်မိသည်။ ကိစ္စမရှိပါဘူး။ သူတို့ သိကျွမ်းခဲ့တာ တစ်နှစ်လောက်ပဲ ရှိသေးတာ။ အားချန်က ခဏတာ စိတ်ဝင်စားရုံ သက်သက်ပါပဲ။

ပိုင်ကျန့်ဟွမ်က ချန်းဖိင်ဖန်းရပ်ကွက်သို့ သွားရောက်ပြီး အားချန်နှင့် တွေ့ဆုံခဲ့သော သတင်းသည် နာရီဝက် ကြာပြီးနောက် ပိုင်ရှိုးမင်၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် ဖုန်းယန်သည် ပိုင်ရှိုးမင်ကို သတင်းပို့နေပြီး သူသည် လင်းမိသားစုထံ သွားရောက်ခဲ့ကာ လင်းမိသားစုဝင်များ၏ ပါးစပ်မှ တာအိုဆရာလွီ၏ သတင်းအစအနကို မေးမြန်းနိုင်ခဲ့သော်လည်း တာအိုဆရာလွီ ကိုယ်တိုင်ကတော့ ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း သိရသည်။

ပိုင်ရှိုးမင်ကတော့ ဒီကိစ္စကို သိပ်အံ့သြပုံ မရချေ။ လင်းမိသားစုဘက်ကနေ စလှုပ်ရှားတာ ပိုင်ကျန့်ဟွမ်ကလွဲပြီး တခြားဘယ်သူမှ မရှိနိုင်ဘူး။ ဒီလူက အလုပ်လုပ်ရင် အရမ်း သတိကြီးတယ်။ အလွယ်တကူ သဲလွန်စ ချန်ထားခဲ့မှာ မဟုတ်ဘူး။

တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ အားချန်၏ အထောက်အထား အစစ်အမှန်ကို သူ့မျက်စိရှေ့ ရောက်လာအောင် လုပ်ဆောင်ခြင်းသာ ဖြစ်လေသည်။

"တကယ်ပဲ မရိုးသားတဲ့ စိတ်ဓာတ်တွေ မကုန်သေးဘူးပဲ" ပိုင်ရှိုးမင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

"ဘာပြောလိုက်တာလဲ" ဖုန်းယန်က နားမလည်နိုင်စွာ မေးလိုက်သည်။

ပိုင်ရှိုးမင်က သူ့ကို ဂရုမစိုက်ဘဲ မေးလိုက်၏။ "အဲဒီ တာအိုဆရာက လင်းမိသားစုကို ဘယ်လို ဖြားယောင်းခဲ့တာလဲ"

ဖုန်းယန်က ပြန်ဖြေလိုက်၏။ "လင်းမိသားစုက ပြောတာတော့ သူတို့အိမ်က ကလေးနဲ့ သခင်ကြီးလင်းက ဆက်တိုက် အိပ်မက်ဆိုးတွေ မက်ကြတယ်။ အိပ်မက်တွေက ကျိမိန်းကလေးနဲ့ ပတ်သက်နေတယ်။ အဲဒီ တာအိုဆရာက ဘေးကနေ သွေးထိုးပေးတော့ သူတို့က ကျိမိန်းကလေးရဲ့ အထောက်အထားကို သံသယ ဝင်လာကြတာပါ"

"တခြားလူ ပြောတာနဲ့ သူတို့က ယုံလိုက်တာပဲလား"

"လင်းမိသားစုက မြို့တော်ပြန်လာတဲ့ လမ်းမှာ မိစ္ဆာဘေးအန္တရာယ်နဲ့ ကြုံရပြီး အဲဒီ တာအိုဆရာက တိုက်ဆိုင်စွာနဲ့ သူတို့မိသားစုကို ကယ်တင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့က တစ်ဖက်လူကို အရမ်း ယုံကြည်နေကြတာပါ" ဖုန်းယန်က ခဏရပ်လိုက်ပြီး ဆက်ပြောသည်။ "ကျွန်တော်မျိုး ထင်တာကတော့ အဲဒီ မိစ္ဆာဘေးအန္တရာယ် ဆိုတာကလည်း လင်းမိသားစုရဲ့ ယုံကြည်မှုကို ရယူဖို့ ဖန်တီးထားတဲ့ အစီအစဉ် တစ်ခုပါပဲ"

ပိုင်ရှိုးမင်က မှတ်ချက်မပေးဘဲ အမိန့်ပေးလိုက်၏။ "လင်းမိသားစုကို တစ်ခေါက်လောက် စစ်ဆေးကြည့်လိုက်။ မသန့်ရှင်းတဲ့အရာတွေ မရှိကြောင်း သေချာအောင်လုပ်ပြီး လူနှစ်ယောက်လောက် စောင့်ကြည့်ခိုင်းထားလိုက်"

"ကျွန်တော်မျိုး နားလည်ပါပြီ"

ဖုန်းယန် အမိန့်ကို လက်ခံပြီး ထွက်ခွာသွားပြီး မကြာမီမှာပင် မင်ကျင့်စီး အစောင့်တစ်ဦး ဝင်ရောက်လာပြီး သတင်းပို့လေသည်။

"လူကြီးမင်း ပေဟွမ်ဝမ် ချန်းဖိင်ဖန်းရပ်ကွက်မှာ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ကျိမိန်းကလေး အပြင်ထွက် ထမင်းစားတဲ့အချိန် ပေဟွမ်ဝမ်က ကျိမိန်းကလေးနဲ့ စားပွဲဝိုင်း အတူထိုင်ပြီး စကားနည်းနည်းပါးပါး ပြောနေတာကို တွေ့လိုက်ရပါတယ်"

ဒီမင်ကျင့်စီး အစောင့်သည် ပိုင်ရှိုးမင်က ပိုင်ကျန့်ဟွမ်ကို စောင့်ကြည့်ရန် လွှတ်ထားသူ ဖြစ်ပြီး ပုန်းကွယ်သည့် ပညာရပ်တွင် ထိပ်တန်းအဆင့် ရှိလေသည်။

"သိပြီ။ ဆက်စောင့်ကြည့်ထား" ပိုင်ရှိုးမင်၏ အသံတွင် ဝမ်းသာခြင်း ဝမ်းနည်းခြင်းကို ခွဲခြား၍ မရနိုင်ဘဲ ပိုင်ကျန့်ဟွမ်က အားချန်ကို သွားတွေ့သည်ကို သိရှိသော်ငြား မည်သည့် စိတ်ခံစားချက်မှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။

သူသည် ရုံးတော်တွင် အလုပ်ကိစ္စများကို ညဉ့်နက်သည်အထိ ကိုင်တွယ်ဖြေရှင်းနေပြီး လက်ထဲက အမှုတွဲများကို အားလုံး စစ်ဆေးပြီးစီးမှသာ စုတ်တံကို ချလိုက်ပြီး မင်ကျင့်စီးမှ ထွက်ခွာလာခဲ့လေသည်။

ဒီအချိန်တွင် အားချန်သည် ရေချိုးပြီးစီးကာစသာ ရှိသေးသည်။

ဒီနေ့တွင် သူမသည် နေ့စဉ်ရက်များကဲ့သို့ အိပ်ရာမဝင်ခင် ဝတ္ထုစာအုပ် ဖတ်ခြင်း မပြုဘဲ မှန်တင်ခုံရှေ့တွင် ထိုင်ကာ ဒီနေ့ ပိုင်ကျန့်ဟွမ်နှင့် တွေ့ဆုံခဲ့သည့် ကိစ္စကို စဉ်းစားနေမိသည်။

နေ့လယ်က ပိုင်ကျန့်ဟွမ်၏ အပြုအမူသည် အားချန်၏ စိတ်ထဲက သတိထားမှုကို လျော့နည်းသွားစေခြင်း မရှိခဲ့ချေ။ ဒီလူက ထိုက်ဖေး မဟုတ်ဘူး။ တကယ်လို့ ဒီလောက် လွယ်လွယ်ကူကူ လှည့်စားလို့ရရင် အရင်တုန်းက ပေဟွမ်ဝမ်ရဲ့ သားတော်တွေက တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။

ဒီလူက ပေဟွမ်မှာ ရှိတုန်းက ပြည်သူတွေကို ချစ်ခင်တတ်တဲ့ ပုံစံမျိုးနဲ့ အမြဲနေလေ့ရှိတယ်။ ထုတ်ပြန်တဲ့ အမိန့်တွေကလည်း ပြည်သူအကျိုးပြု လုပ်ငန်းတွေ များတယ်။

ဒါပေမဲ့ သူ့ရဲ့ အတွင်းစိတ်က အရမ်း အေးစက်တယ်။ သာမန် ပြည်သူလူထုအပေါ် ဘာမှမလုပ်ပေမဲ့ ဒီလောက်ကြီး နူးညံ့သိမ်မွေ့နေမှာလည်း မဟုတ်ဘူး။

ဒီနေ့ သူ့ရဲ့ သဘောထားက ပုံမှန် မဟုတ်ဘူး။

ဒီနေရာက ရှန့်ကျင်း ဖြစ်နေရင်တောင် သူက ငါနဲ့ ပိုင်ရှိုးမင်ရဲ့ ဆက်ဆံရေးကို နည်းနည်း သိနေရင်တောင် သူ့အမေ သေဆုံးတာကို မျက်မြင်တွေ့ခဲ့တဲ့ လူတစ်ယောက်အပေါ် ဒီလို နူးညံ့တဲ့ သဘောထားမျိုးနဲ့ ဆက်ဆံမှာ မဟုတ်ဘူး။

ပြီးတော့ သူ ငါ့ကို မေးတဲ့ မေးခွန်းတွေက သိပ်အဓိပ္ပာယ် မရှိဘူး။ အသေးစိတ် သိချင်ရင် ရုံးတော်မှာ ပိုပြီး ပြည့်စုံတဲ့ မှတ်တမ်းတွေ ရှိတယ်။ ရုံးတော်က မပူးပေါင်းရင်တောင် သူ ကြည့်ချင်ရင် မခက်ခဲပါဘူး။

သူ့ရည်ရွယ်ချက်က ထိုက်ဖေးအတွက် မဟုတ်ဘဲ ငါ့အတွက် သက်သက် ဖြစ်နေရင်တော့ မပြောတတ်ဘူး။

ပိုင်ကျန့်ဟွမ်က သူမရဲ့ အထောက်အထားကို သိသွားပြီလား။

အားချန် မသေချာသေးသော်ငြား စိတ်ထဲတွင်တော့ သတိထားမှုများ ပြည့်နှက်နေလေပြီ။

ပိုင်ကျန့်ဟွမ်က ကိုင်တွယ်ရ လွယ်ကူတဲ့လူ မဟုတ်ဘူး။ သူက ပေဟွမ်ဝမ်ထိုက်ဖေးနဲ့ မတူဘူး။ ဒီလူက နေရာတိုင်းမှာ သတိကြီးတယ်။ ပုံမှန် အပြင်ထွက်ရင်တောင် ဘေးမှာ အဆင့် ၄ သက်တော်စောင့် နှစ်ယောက် ခေါ်လာတတ်တယ်။

စိတ်ကူးတွေ နက်ရှိုင်းပြီး နည်းလမ်းတွေကလည်း အဆုံးမရှိဘူး။ အနည်းဆုံးတော့ အခုအချိန်မှာ သူ့ကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းကို မစဉ်းစားမိသေးဘူး။ ပိုင်ရှိုးမင်က စိတ်ဖောက်ပြန်ပြီး သူမအတွက် ပိုင်ကျန့်ဟွမ်ကို သတ်ပေးမယ် ဆိုရင်တော့ တစ်မျိုးပေါ့။

ဒါက သေချာပေါက် မဖြစ်နိုင်ဘူး။ သူမကလည်း စိတ်ကူးယဉ်ကြည့်ရုံ သက်သက်ပါပဲ။

သူမက အမှောင်ထဲမှာ ပုန်းကွယ်နေပြီး တန်ပြန်မယ့် နည်းလမ်းကို စဉ်းစားဖို့ အချိန်အလုံအလောက် ရှိမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်လို့ သူက အထောက်အထားကိုသာ သိသွားခဲ့ရင် သူမအတွက် ကျန်တဲ့အချိန်က သိပ်မရှိတော့ဘူး။

အကြွင်းမဲ့ အင်အားရဲ့ ရှေ့မှောက်မှာ အကြံအစည်တွေက အသုံးမဝင်ဘူး။ သူမက ကြီးမားတဲ့ စွမ်းအားကို ရယူဖို့ လိုအပ်တယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင်ပေါ့။

ဒီအတွေး ပေါ်လာသည်နှင့် ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော အမြုတေသည် အားချန်၏ စိတ်ဆန္ဒကို ခံစားမိလိုက်သကဲ့သို့ တိတ်တဆိတ် သူမ၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။

အလင်းရောင် မှိန်ဖျော့နေသော အခန်းထဲတွင် ရွှေရောင် တောက်ပနေသော အမြုတေသည် အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသယောင် ရှိလေသည်။

အားချန်သည် ဒီအမြုတေကို စိုက်ကြည့်နေမိသည်။ ကန္တာရနယ်မြေကနေ ပြန်ရောက်လာတာ ရက်အနည်းငယ် ကြာခဲ့ပြီ။ အမြုတေကို ရရှိပြီး ဆုံးဖြတ်ချက် ချခဲ့တာလည်း ကြာပြီဖြစ်သော်ငြား သူမကတော့ ဒီအရာကို တစ်ခါမှ အသုံးမပြုခဲ့သေးချေ။

ဘာဖြစ်လို့လဲ။

ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာအသွင်ပြောင်းတာက အန္တရာယ်များလို့လေ။ လူကနေ မိစ္ဆာပြောင်းတာက မသေချာ မရေရာမှုတွေ အများကြီး ရှိတယ်။ အောင်မြင်တဲ့ ဖြစ်ရပ်က လက်ချောင်းနဲ့ ရေတွက်လို့ ရတယ်။ သူမက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ဖြည်းဖြည်းချင်း လုပ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရှန့်ကျင်းမှာ ဟွေ့ညန်နဲ့ သူငယ်ချင်းတွေ ရှိသေးတယ်။ သူမက ဂရုမစိုက်ဘဲ နေလို့မရဘူး။ အရာအားလုံးကို သေချာ စီစဉ်ရဦးမယ်။

ဘာဖြစ်လို့လဲဆိုတော့ ...

သူမ ကိုယ့်ကိုယ်ကိုယ် အကြောင်းပြချက်တွေ အများကြီး ပေးခဲ့ပေမဲ့ တကယ်တော့ ဒါတွေက အဓိက အကြောင်းပြချက် မဟုတ်ဘူး။

သူမ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလို့ မရဘူး။ တကယ်တမ်း သူမကို တုံ့ဆိုင်းစေတဲ့ အရာက ပိုင်ရှိုးမင်ပဲ။

အမြုတေကို အသုံးပြုပြီး မိစ္ဆာအသွင် ပြောင်းတာ အောင်မြင်သွားရင် ကျင့်ကြံမှုက အနည်းဆုံးတော့ အရင်အဆင့်ကို ပြန်ရောက်သွားမှာ။

သာ့ရှပြည် နယ်နိမိတ်ထဲမှာ မိစ္ဆာကြီးတွေ စိတ်ကြိုက် သွားလာတာကို ဘယ်လိုလုပ် ခွင့်ပြုမှာလဲ။ သူမ ရွေးချယ်လိုက်ပြီ ဆိုတာနဲ့ ဒီနေရာကနေ ထွက်ခွာသွားရတော့မှာ။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အားချန်က နောက်ဆုံးတော့ လက်လှမ်းပြီး အမြုတေကို တို့ထိလိုက်လေသည်။

သူမ၏ စိတ်ဆန္ဒ လှုပ်ရှားလိုက်သည်နှင့် အမြုတေထဲမှ မိစ္ဆာစွမ်းအင် တစ်မျှင် ထွက်ပေါ်လာပြီး သူမ၏ လက်ပေါ်တွင် ရစ်ပတ်ကာ လက်ချောင်းထိပ်များမှ တစ်ဆင့် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားလေသည်။

သေးငယ်သော မိစ္ဆာစွမ်းအင် တစ်မျှင်သာ ဖြစ်သော်ငြား အားချန်၏ ခန္ဓာကိုယ်ကတော့ ပြင်းပြင်းထန်ထန် ငြင်းဆန်နေလေသည်။

မျိုးနွယ် မတူညီသဖြင့် မိစ္ဆာစွမ်းအင်ကို လက်မခံနိုင်ခြင်း တစ်ခုတည်း မဟုတ်ဘဲ သူမ စိတ်ထဲက မသေချာမှုကြောင့်လည်း ပါဝင်လေသည်။

အားချန်၏ အာရုံစိုက်မှု အားလုံးသည် အမြုတေပေါ်တွင် ရောက်ရှိနေပြီး သူမအနောက်က အခန်းတံခါး တိတ်တဆိတ် ပွင့်သွားသည်ကို သတိမပြုမိလိုက်ပေ။

...

All Chapters