ကိစ္စမရှိဘူး အဆင်ပြေသွားမှာပါ ...
Vol. 20 Ch. 192
ခန္ဓာကိုယ်၏ သက်သောင့်သက်သာ မဖြစ်နေမှုက အားချန်ကို ရပ်တန့်မသွားစေချေ။ မိစ္ဆာစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထဲသို့ တရစပ် စိမ့်ဝင်နေပြီး လက်ဖက်မိုးပေါ်က သွေးကြောများသည် ထူးဆန်းစွာ အပြာရောင်သမ်းလာကာ လက်မောင်းဆီသို့ တဖြည်းဖြည်း ပြန့်နှံ့သွားလေသည်။
လက်မောင်းပေါ်က အပူချိန်သည် တဖြည်းဖြည်း ကျဆင်းလာပြီး သွေးကြောထဲက သွေးများသည် ရေခဲအဖြစ် ပြောင်းလဲသွားသကဲ့သို့ သူမ၏လက်သည် အာရုံခံစားမှုပျောက်ဆုံလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် နွေးထွေးသော လေတချက်တိုက်ခတ်လာခဲ့၏။ သာမန် ညလေညင်းဖြစ်သော်ငြား သူမ၏အေးစက်နေသော လက်မောင်းပေါ်သို့ ကျရောက်လာချိန်တွင် ထူးထူးခြားခြား နွေးထွေးနေသယောင် ခံစားနေရသည်။
ဒါပေမဲ့ အခန်းထဲမှာ ဘာဖြစ်လို့ လေတိုက်နေရတာလဲ။
ဒီအတွေးဝင်ရောက် လာသည်နှင့် အားချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားလေ၏။ သူမသည် လက်ကို ချထားလိုက်ပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ မည်သည့်အချိန်က မှန်းမသိ ပွင့်နေသော အခန်းတံခါးအပြင်ဘက်တွင် ခံစားချက်မဲ့စွာ ရပ်နေသော ပိုင်ရှိုးမင်ကို တွေ့လိုက်ရလေသည်။
ဒီလိုပိုင်ရှိုးမင်က သူမကို ရင်းနှီးမှုရော စိမ်းသက်မှုပါ ပေးစွမ်းနေ၏။ သူတို့ ပထမဦးဆုံး တွေ့ဆုံစဉ်က သူသည် သူမကို ကြည့်သည့်အကြည့်နှင့် ယခုအကြည့်က အလွန်တူညီလို့နေသည်။
ဖုံးကွယ်ထားသော လျှို့ဝှက်ချက်သည် ဒီလိုနှင့်ပင် ပေါ်ပေါက်သွားခဲ့လေသည်။ အားချန်သည် ဒီအချိန်တွင် သူမ မျှော်လင့်ထားသည်ထက် ပိုပြီးတည်ငြိမ်နေခဲ့၏။
သူမသည် ထိုနေရာတွင်ထိုင်ကာ ပိုင်ရှိုးမင်အခန်းထဲသို့ ဝင်လာသည်ကို ကြည့်နေပြီး အခန်းတံခါးက သူ့အနောက်တွင် အသံမထွက်ဘဲ ပိတ်သွားလေ၏။
သူမ၏စိတ်အာရုံ လွင့်ပါးစွာဖြင့် တွေးနေမိလေသည်။ ဒီအခန်းက အခုအချိန်မှ အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ခံလိုက်ရပြီ ထင်တယ်။ ဟွေ့ညန်ကတော့ ဘာထူးခြားမှုမှ သတိထားမိမှာ မဟုတ်ဘူး။
ပိုင်ရှိုးမင်သည် အားချန်၏ရှေ့တွင် ရပ်လိုက်ပြီး လေထဲတွင် လည်ပတ်နေဆဲဖြစ်သော ရွှေရောင်အမြုတေကို ငုံ့ကြည့်လိုက်၏။
အချိန်အတော်ကြာမှ နောက်ဆုံး စကားပြောလာခဲ့လေသည်။ "အဆင့်၅ အမြုတေ"
အားချန်၏ မျက်တောင်များက အနည်းငယ် တုန်ခါသွားသော်ငြားလည်း ဘာစကားမှ ပြန်မပြောလိုက် ချေ။
"မင်း ကန္တာရနယ်မြေကို သွားခဲ့တာ ဒီအမြုတေအတွက်လား"
ပိုင်ရှိုးမင်ကလည်း လုံလောက်အောင် ပါးနပ်လေသည်။ သူက အားချန်ဆီမှ အတည်ပြုချက် တောင်းစရာမလိုဘဲ အမြုတေ၏ ဇစ်မြစ်ကို ခန့်မှန်းပြီးသား ဖြစ်နေလေ၏။
သူ မေ့လုနီးပါး ဖြစ်သွားခဲ့တာပဲ။ အရင်တုန်းက ဖုဟွမ်က အားချန်ရဲ့ အလောင်းကို တောင်းခဲ့တုန်းက မိတ်ဆွေဟောင်းရဲ့သမီးလို့ ပြောခဲ့ဖူးတယ်။ ပြီးတော့ သူ့ဖုဟွမ်ရဲ့ မိတ်ဆွေဟောင်းထဲမှာ တိုက်တိုက်ဆိုင်ဆိုင် အဆင့်၅မိစ္ဆာမြေခွေး တစ်ကောင်ရှိနေတယ်။ မကြာသေးခင်က သူတောင်မှ သွားပြီးတော့ ကန်တော့ခဲ့သေးတယ်။
ကန္တာရနယ်မြေမှ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ့မျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ပြန်ပေါ်လာလေသည်။ အနောက်ဘက် ရှုခင်းကို သွားရောက်ပူဇော်စဥ်က သူမ၏ထူးခြားမှု ဝူမျိုးနွယ် ပုရောဟိတ်ကြီးက သူမအပေါ် အထူးတလည် မျက်နှာသာပေးခဲ့ခြင်းများကို ယခုတော့ အဖြေပေါ်သွားခဲ့လေသည်။
"မဟုတ်ပါဘူး။ ကျွန်မက အစတုန်းက အဖေနဲ့အမေရဲ့သဲလွန်စကို သွားရှာတာပါ။ သူတို့မရှိတော့ဘူးလို့ ကျွန်မ ထင်မထားခဲ့မိဘူး" ကိစ္စများက ဒီအခြေအနေအထိ ရောက်လာသဖြင့် ဖုံးကွယ်ထားဖို့ရန်လည်း အဓိပ္ပါယ်မရှိလှတော့ချေ။ အားချန်ကလည်း ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်တော့သည်။
အဖေနှင့်အမေ အကြောင်းပြောသည့် အချိန်တွင် အသံက အနည်းငယ် တုန်ယင်သွားလေသည်။
ပိုင်ရှိုးမင်၏ နှလုံးသားမှာ တုန်ခါသွားသော်ငြား သူ၏စိတ်ခံစားချက်ကို အတင်းအကြပ် ဖိနှိပ်ထားလိုက်၏။ "ယဇ်ပုရောဟိတ်ကြီးက အမြုတေကို မင်းဆီ ပေးခဲ့တာလား"
အားချန်က ခေါင်းငြိမ့်ပြလိုက်ကာ "ဟုတ်တယ်"
"အဲဒါနဲ့ ဘာလုပ်ချင်လို့လဲ"
အားချန်သည် ခေါင်းကိုလှည့်လိုက်ပြီး သူ၏စူးရှလှသော အကြည့်ကို ရှောင်ရှားလိုက်၏။
ပိုင်ရှိုးမင်သည် သူမ၏သေးငယ်လှသော မေးစေ့လေးကို ဆွဲကိုင်လိုက်ပြီး အတင်းအကြပ် မျက်နှာချင်းဆိုင်ကာ တစ်လုံးချင်း မေးလိုက်၏။ "ငါ့ကိုပြော။ အဲ့ဒါနဲ့ ဘာလုပ်ချင်တာလဲ"
အားချန်မှာ မတတ်သာဘဲ သူ့ကိုမော့ကြည့် လိုက်ရတော့သည်။ သူ့မျက်လုံးများသည် မည်းနက်နေပြီး လူကို မျိုချနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ တည်ငြိမ် နေသယောင်ထင်ရသော်ငြား အောက်ခြေတွင်တော့ သွေးပင်လယ်ကြီး ဖုံးလွမ်းလို့နေသည်။
သူ ဒေါသထွက်နေတယ်။ အရမ်းကို ဒေါသထွက်နေတာပဲ။
အားချန်၏ နှလုံးခုန်သံများမှာ မြန်ဆန်လာပြီး ခန္ဓာကိုယ်က မျက်စိရှေ့ကလူသည် အန္တရာယ်များကြောင်း ပြောပြနေသော်ငြား သူမ၏စိတ်ထဲတွင်တော့ ဝေးဝေးသို့မသွားချင်ဘဲ သူ့ကို ချော့မြူချင်စိတ်ပင် ဖြစ်ပေါ်နေသေးသည်။
သူမက ထိုသို့မလုပ်ဘဲ သူ့မေးခွန်းကိုသာ တည်ငြိမ်စွာ ပြန်ဖြေလိုက်တော့၏။ "ရှင် မြင်တဲ့အတိုင်းပဲလေ။ ကျွန်မက မူလပုံစံအတိုင်း ပြန်ပြောင်းချင်လို့ပါ"
ပိုင်ရှိုးမင်က အံကြိတ်လိုက်ပြီး "ဒါပေမဲ့ မင်းက အခု လူသားပဲလေ။ မိစ္ဆာစွမ်းအင်ကို အတင်းအဓမ္မစုပ်ယူရင် ဘာဖြစ်မလဲဆိုတာ မင်း သိရဲ့လား"
"သိပါတယ်။ အောင်မြင်ရင် လူကနေမိစ္ဆာ ဖြစ်သွားမယ်။ မအောင်မြင်ရင်တော့ သေသွားမယ်" သူ့လက်ပေါ်ကအားက အနည်းငယ် များနေသဖြင့် အားချန်မှာ မျက်မှောင်ကြုတ်မိလေသည်။
ပိုင်ရှိုးမင်က လက်ကိုလွှတ်လိုက်ပြီး အားချန်ကို စိုက်ကြည့်ကာ လည်ချောင်းထဲမှ အသံထွက်ပေါ်လာ၏။ "မိစ္ဆာဖြစ်ပြီးရင်ကော"
သူက အားချန်ကို ပြောလိုက်၏။ "မင်း သိပါတယ်။ အဆင့်သုံးအထက် မိစ္ဆာတွေ ရှန့်ကျင်းကို ဝင်လာရင် နိဂုံးတစ်ခုပဲ ရှိတယ်ဆိုတာ။ အဲဒါက သေလမ်းပဲ"
အားချန်ကလည်း သိပေသည်။ သာ့ရှပြည်ရဲ့ ရှန့်ကျင်းမြို့တော်က မိစ္ဆာတွေအတွက်တားမြစ်နယ်မြေ ဖြစ်နေတယ်ဆိုတာကိုပေါ့။
"ဒါပေါ့။ ချွင်းချက်တော့ ရှိနိုင်ပါတယ်။ အဲဒါက မင်းကိုယ်ပေါ်မှာ စာချုပ်အမှတ်အသား ထားခဲ့ရမယ်။ မင်း လိုလားရဲ့လား"
အားချန်က ပြန်ဖြေစရာမလိုချေ။ ဒီရွေးချယ်မှုက သူမ၏စဉ်းစားထားသည့် အရာထဲတွင် တစ်ခါမှ မပါဝင်ခဲ့ချေ။ သူမသည် ဘယ်တော့မှ လိုလားမှာ မဟုတ်ဘူး ဆိုတာကိုလည်း ပိုင်ရှိုးမင်က သိလေသည်။
သူမ၏ တိတ်ဆိတ်နေမှုက အကောင်းဆုံးအဖြေတစ်ခုပင် ဖြစ်နေလေ၏။
ပိုင်ရှိုးမင်သည် ဒူးတစ်ဖက်ထောက်လိုက်ပြီး သူမရှေ့တွင် တစ်တန်းထဲဖြစ်အောင် ထိုင်ချလိုက်ကာ "မင်း ငါ့ကို လက်မထပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါနဲ့အနာဂတ်ရှိမယ်လို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး ဟုတ်တယ်မလား"
သူ့လက်သည် အားချန်၏ပါးပြင်ကို ပွတ်သပ်လိုက်ပြီး လက်ချောင်းများက ဆံနွယ်ကြားထဲသို့ တိုးသွားကာ အနည်းငယ် အားစိုက်လိုက်ရုံဖြင့် အားချန်သည် သူ့ဘက်သို့ ယိုင်ကြလာလေသည်။
သူတို့နှစ်ဦး အလွန်နီးကပ်နေပြီး ပိုင်ရှိုးမင်၏ အသက်ရှူသံကိုပင် သူမမှာကြားရလုနီးပါး ဖြစ်နေ၏။
"ပြောလေ"
"မစဉ်းစားဖူးဘူး"
ဒီအဖြေက ပိုင်ရှိုးမင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသော်ငြား အားချန်၏ ပါးစပ်မှထွက်လာသည့် အချိန်တွင်တော့ သူ့ဒေါသကို အောင်မြင်စွာ နိုးဆွလိုက်နိုင်လေ၏။
"ငါက ဘာလဲ။ မင်းရဲ့အပျင်းပြေ သဘောလား"
အားချန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ "မဟုတ်ပါဘူး"
သူက သူမရင်ခုန်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော သူပါ။ သတိရလိုက်တိုင်း စိတ်ထဲကနေ ပျော်ရွှင်စေမိတဲ့ လူတစ်ယောက်ပါ။
ပိုင်ရှိုးမင်က ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိတော့သည်။ "မဟုတ်ဘူး။ မင်းရဲ့အနာဂတ်မှာ ငါ့နေရာမရှိတာပဲ။ တကယ်လို့ ငါသာ မတွေ့ခဲ့ရင် မင်းက ငါ့ကို ပြောပြဖို့ အစီအစဉ်တောင်မရှိဘဲ တစ်နေ့ကျရင် ငါ့ဘဝထဲက ရုတ်တရက် ပျောက်ကွယ်သွားတော့မှာ မဟုတ်လား"
အားချန်သည် အမှန်တွင်တော့ ထိုအခြေအနေအထိ မစဉ်းစားရသည်ချေ။ သို့သော်ငြား အကယ်၍ ဒီအခြေအနေ ရောက်လာလျှင် သူမသည် အမှန်တကယ် ထိုသို့ပင် ရွေးချယ်မိပေလိမ့်မည်။
သူမ၏ မသိမသာ အမူအရာ ပြောင်းလဲသွားသည်ကို ကြည့်ရုံဖြင့် ပိုင်ရှိုးမင်သည် အဖြေကို သိလိုက်လေသည်။
"အားချန် မင်းမှာ နှလုံးသားရှိရဲ့လား"
ဒီလို မေးခွန်းထုတ်လာသည့် အချိန်တွင်အားချန်သည် စကားတစ်ခွန်းသာ ပြန်ပြောမိတော့သည်။ "တောင်းပန်ပါတယ်"
"ငါ တောင်းပန်ပါတယ်ဆိုတဲ့ စကားကို မကြားချင်ဘူး"
ဒါပေမဲ့ သို့သော်ငြား သူ ကြားချင်သည့် စကားကိုလည်း အားချန်က ပြောပြလို့မရနိုင်ပေ။ လူနှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြီး ပိုင်ရှိုးမင်သည် နောက်ဆုံးတော့ သူလိုချင်သည့်အဖြေကို မရရှိနိုင်ခဲ့ချေ။
သူက မျက်လုံးများကို မှိတ်လိုက်ပြီး အားချန်၏ နောက်စေ့ကို ကိုင်ထားသော လက်ကိုအနည်းငယ် အားစိုက်လိုက်ရာ သူတို့နှစ်ဦး၏ နှုတ်ခမ်းများ ထိတွေ့သွားကြလေ၏။ သူက သူမကို ထိကပ်ထားပြီး နောက်ဆုတ်ခွင့်မပေးဘဲ အတင်းအဓမ္မ ပါးစပ်ဖွင့်ဟခိုင်းကာ ကိုက်ခဲနမ်းရှိုက်လေတော့သည်။
အားချန်သည် နာကျင်မှုကို ခံစားလိုက်ရသော်ငြား မျက်လုံးကို မှိတ်ထားလိုက်ပြီး သူဒေါသကို လက်ခံလိုက်လေသည်။ ပိုင်ရှိုးမင်းကိုယ်တိုင် ရပ်တန့်သွားသည့် အချိန်အထိပင်။
သူသည် သူမ၏မျက်နှာကို အုပ်လိုက်ပြီး နဖူးခြင်း ထိကပ်ထားကာ ပြင်းပြင်းထန်ထန် အသက်ရှူနေလေ၏။
အားချန်၏ ပါးစပ်ထဲတွင် သံချေးနံ့များရနေပြီး သူတို့နှစ်ဦး၏သွေးများက ရောနှောသွားကြလေသည်။
"အားချန်" ပိုင်ရှိုးမင်၏အသံသည် အက်ကွဲနေပြီး တုန်ယင်မှု အနည်းငယ် ပါဝင်လို့နေ၏။ "မင်း ငါ့ကိုချော့ပါဦး"
သူမက ပါးစပ်ဟလိုက်ရုံနဲ့ သူ့ကို လိမ်ညာတာ ဖြစ်နေရင်တောင်မှ လက်ခံနိုင်မှာပဲ။
အားချန်က သူ့ကိုချောတဲ့နေရာမှာ တော်ပါတယ်။ အရင်တုန်းက အကြိမ်တိုင်းမှာ သူ့ကို သဘောကျမှန်း သတိမထားမိခင် ကတည်းက သူ မငြင်းဆန်နိုင်ခဲ့ဘူးလေ။
သို့သော်ငြား ဒီတစ်ကြိမ်မှာတော့ သူမသည် တိတ်တဆိတ် ငြင်းပယ်လိုက်လေသည်။
ကြွေသားကဲ့သို့ ဖြူဖွေးနေသော မျက်နှာလေးပေါ်တွင် ဝမ်းနည်းခြင်း ဝမ်းသာခြင်း မရှိဘဲ သူမက သူ့ကို ဒီအတိုင်းကြည့်နေပြီး ရှင်းပြခြင်းလည်း မရှိသလို တားဆီးခြင်းလည်းမရှိချေ။
သူမက သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြနေသည့်အရာမှာ သူမ၏ရွေးချယ်မှုထဲတွင် ‘သူ ပါဝင်မှာ မဟုတ်ဘူး’ ဟူသည့်အချက်ပင်။
"နည်းနည်းလေးတောင် ဖြစ်နိုင်ခြေ မရှိဘူးလား" သူကမျှော်လင့်ချက် မကုန်သေးပေ။
"...မရှိဘူး "
"မင်း တကယ် ရက်စက်တာပဲ" သူ ထိုစကားကို ပြောလိုက်ပြီးနောက် ချက်ချင်းခွာလိုက်လေသည်။
ပိုင်ရှိုးမင်က မတ်တပ်ရပ်လိုက်ပြီး အားချန်ကို လေးလေးနက်နက် စူးရှစွာ စိုက်ကြည့်လိုက်ကာ လှည့်ထွက်သွား လိုက်တော့သည်။
မထွက်ခွာခင် သူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ပိုင်ကျန့်ဟွမ်က မင်းကို မှတ်မိသွားပြီ။ ကိုယ့်ဟာကိုယ် ဂရုစိုက်"
ပြောပြီးသည်နှင့် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားပြီး နည်းနည်းလေးမှ တွန်းဆုတ်ခြင်းမရှိတော့ချေ။
တံခါးဖွင့်သွားပြီး ပြန်ပိတ်သွားကာ အားချန်တစ်ယောက်တည်း အခန်းထဲတွင် ကျန်ရစ်ခဲ့တော့သည်။
အားချန်သည် ပိတ်သွားသည့်တံခါးကို ကြည့်နေမိ၏။ ပိုင်ရှိုးမင်က သူမကို အနာဂတ်အတွက် မစဉ်းစားခဲ့ဖူးဘူးလားဟု မေးခဲ့စဉ်က သူမသည် စဉ်းစားခဲ့ဖူးလေသည်။
ညဉ့်နက်သန်းခေါင်အချိန်များတွင် သူမသည် အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားခဲ့ဖူးလေသည်။ သို့သော်ငြား သူမ၏ချိန်ခွင်လျှာ တစ်ဖက်တွင် အဖေနှင့်အမေ ရှိနေ၏။ သူတို့ကို ရှာဖွေလာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သဖြင့် သူတို့ကို တောင်းတသည့်စိတ်က အရိုးထဲထိ စွဲလို့နေသည်။ လက်လွှတ်ပြီး ပိုင်ရှိုးမင်ကို ရွေးချယ်ဖို့ရာ မဖြစ်နိုင်ပေ။
ထိုကြောင့်ပင် သူ့ကို အသိမပေး လိုက်သည်က ပိုကောင်းပေလိမ့်မည်။
ဒီနေ့ညတွင် အားချန်သည် တစ်ညလုံး အိပ်မပျော်ခဲ့ချေ။ သူမက ကုတင်ပေါ်တွင် ကွေးကွေးလေးထိုင်နေပြီး ခန္ဓာကိုယ်က အေးစက်နေသည်ကိုသာ ခံစားနေရ၏။
ရွေးချယ်မှု လုပ်ပြီးသွားပြီပဲလေ။ နောက်လှည့်ကြည့်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပိုင်ရှိုးမင်ကို တွေးမိလိုက်တာနဲ့ အသက်ရှူရပ်သွားတော့မလို ရင်ဘတ်ထဲကနေ အောင့်သက်သက် နာကျင်လာပြီး မျက်ရည်တွေက ထိန်းချုပ်မရဘဲ စီးကျလာတာပဲ။
သူမ တကယ်ပဲ မငိုချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ်လည်း ထိန်းချုပ်လို့ မရနေဘူး။
နောက်တစ်နေ့ မနက်ခင်းအစောတွင် အားချန်သည် ပုံမှန်ထနေကျ အချိန်ရောက်သော်လည်း အခန်းထဲက လှုပ်ရှားသံမကြားရသဖြင့် ချန်ဟွေ့က တံခါးသွားခေါက်လိုက်တော့၏။ "အားချန် နိုးပြီလား"
"နိုးပြီ" အတွင်းဘက်က အားချန်၏ အသံထွက်ပေါ်လာပြီး အသံမှာ အက်ကွဲနေကာ ပုံပျက်နေသဖြင့် ချန်ဟွေ့မှာ လန့်ဖျန့်သွားပြီး တံခါးကိုတွန်းဖွင့် လိုက်တော့သည်။
သူမက အခန်းထဲဝင်လာသည်နှင့် ကုတင်ပေါ်တွင်ထိုင်းကာ မျက်လုံးများ ယောင်ယမ်းနေသော အားချန်ကိုတွေ့လိုက်ရ၏။
"ရှင် ဘာဖြစ်တာလဲ" ချန်ဟွေ့က ကုတင်နားသို့ မြန်မြန်လျှောက်လာလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။
အားချန်က ခေါင်းမော့လိုက်ပြီး နှာခေါင်းကိုရှုံ့လိုက်ကာ "ပိုင်ရှိုးမင် သိသွားပြီ"
"သိ ..." ချန်ဟွေ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မေးလိုက်လေသည်။ "သူ ရှင့်ရဲ့သရုပ်မှန်ကို သိသွားတာလား"
"အင်း" အားချန်က ခေါင်းငြိမ့်ပြလိုက်သည်။
ဘယ်အချိန်ပဲဖြစ်ဖြစ် ချန်ဟွေ့ကတော့ အားချန်ဘက်ပင် ရှိနေပေလိမ့်မည်။ သူမက ပြောလိုက်၏။ "သိသွားတော့ရော ဘာဖြစ်လဲ။ တကယ်လို့ သူ လက်မခံနိုင်ဘူး ဆိုရင်လည်း ရှင်တို့နှစ်ယောက်က အစကတည်းက မလိုက်ဖက်ဘူး ဆိုတဲ့သဘောပဲ"
အားချန်က မေးစေ့ကို ဒူးပေါ်တင်ထားလိုက်ပြီး ကွဲအက်နေသည့် အသံဖြင့်ပြောလိုက်၏။ "သူ လက်ခံပါတယ်"
တကယ်တော့ သူ မသိလိုက်ရတာက သူမရဲ့အထောက်အထား အမှန်က ပိုင်ရှိုးမင်းကို အရမ်းကြီးအံ့သြသွား စေတာမျိုးမရှိခဲ့ဘူး ဆိုတာပဲ။ သူ တကယ် ဂရုစိုက်တာကလည်း အစအဆုံး တခြားကိစ္စတစ်ခုပဲ။
သူ ထွက်မသွားခင်က ပိုင်ကျန့်ဟွမ် အကြောင်းကိုတောင် အထူးတလည် ပြောပြခဲ့သေးတယ်။ ကြည့်ရတာ သူမ မသိလိုက်တဲ့အချိန်မှာ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ခဲ့ကြပုံရတယ်။
ဒီတစ်ခေါက်တွင်တော့ ချန်ဟွေ့ပါ ကြောင်အ သွားတော့သည်။
"ဒါဆို ရှင်က ဘာဖြစ်နေတာလဲ"
"မနေ့ညက ကျွန်မအမြုတေထဲက မိစ္ဆာစွမ်းအင်ကို စုပ်ယူနေတာ သူ မြင်သွားတယ်။ ကျွန်မ မိစ္ဆာ ပြန်ဖြစ်ချင်နေတာကို သူ သိသွားပြီ"
ချန်ဟွေ့၏ မျက်လုံးများက ပထမတော့ နားမလည်နိုင် ဖြစ်သွားပြီး နောက်ပိုင်းမှ သဘောပေါက်သွားတော့သည်။
အားချန် မိစ္ဆာပြန်ဖြစ်သွားရင် သူ့အတွက်တော့ ဘာမှထိခိုက်မှုမှ ရှိမှာ မဟုတ်ဘူး။ ရှန့်ကျင်းမှာ မနေရရင် တခြားကြိုက်တဲ့နေရာကို သွားလို့ရတာပဲ။
ဒါပေမဲ့ ပိုင်ရှိုးမင်ကတော့ ဒီလိုဆုံးဖြတ်ချက်မျိုး ချလို့ရနိုင်မှာ မဟုတ်ဘူး။
အသက်ရှင်နေတဲ့ လူတစ်ယောက်မှာ အမျိုးမျိုးသော သံယောဇဉ်တွေနဲ့ တာဝန်တွေရှိတတ်ကြတယ်။ ပိုင်ရှိုးမင်ရဲ့အထောက်အထားက အရာအားလုံးကို စွန့်လွှတ်ပြီး အားချန်နဲ့လိုက်သွားဖို့ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားပြီးသား။
ဒါကြောင့် အားချန်က ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ဟာ သူ စွန့်ပစ်ခံရမယ့် အချိန်ပဲ။
ဒါတွေကို ကြိုသိလိုက်ရတာက ပဋိပက္ခတွေကို စောစောစီးစီး ပေါက်ကွဲစေရုံပဲရှိတယ်။ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
အားချန်မှာ ကိုယ်ပိုင်ရွေးချယ်မှု ရှိသလို တစ်ဖက်လူမှာလည်း ကိုယ်ပိုင်ရပ်တည်ချက် ရှိနေတယ်။ ဒီကိစ္စက အဖြေ မရှိဖြစ်နေတာပဲ။
ချန်ဟွေ့သည် သက်ပြင်းချလိုက်မိလေသည်။ ပိုင်ရှိုးမင်က သူမအမြင်တွင် မကောင်းမှုအများကြီး ရှိခဲ့သော်ငြား အားချန်အပေါ်တွင်တော့ လုံလောက်အောင် ကောင်းမွန်လေသည်။
သို့သော်ငြား အချစ်ဆိုသည်မှာ ဘဝ၏အရာအားလုံး မဟုတ်ချေ။
သူမက မည်သူမှားသည် မည်သူကမှန်သည်ဟု ဝေဖန်လို့မရပေ။ အားချန်၏ ကျောကိုသာ ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်ပြီး ပြောလိုက်တော့သည်။ "ကျွန်မ ရှင့်ကို ကြက်သားဖက်ထုပ် ပြုတ်ပေးမယ်လေ။ စားပြီးရင် တရေးလောက် ပြန်အိပ်လိုက်။ နိုးမှပဲ ဒီကိစ္စတွေကို ဆက်စဉ်းစားပေါ့"
"ကောင်းပါပြီ" အားချန်ကလည်း နာနာခံခံဖြင့် ခေါင်းငြိမ့်လိုက်၏။
ပထမဦးဆုံး အငြင်းပွားမှုက ဒီလောက်အထိ နာကျင်စရာ ကောင်းနေတာပဲ။ တကယ်တော့ အငြင်းပွားတယ်လို့ မခေါ်နိုင်ပေမယ့် တကယ်ပဲ စိတ်ရောကိုယ်ပါ နာကျင်ရပါတယ်။
ရက်အနည်းငယ် ကြာမြင့်သွားသော်ငြားလည်း ပိုင်ရှိုးမင်သည် ထပ်ပေါ်မလာတော့ချေ။ အားချန်သည် ဒီဇာတ်သိမ်းကို စတင်လက်ခံနေပြီဖြစ်သော်ငြား စိတ်ဓာတ်ကတော့ တက်ကြွမလာခဲ့ချေ။
ကံကောင်းသည်မှာ ချန်ဟွေ့၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ကျန်းမာရေးက မထိခိုက်ခဲ့ခြင်းပင်။
တစ်ဖက်တွင်တော့ မနက်ခင်းညီလာခံကို သူံရက်တိုင်တိုင်တိုင် ပျက်ကွက်ခဲ့ပြီးနောက် မင်ဝမ်သည် ပိုင်ရှိုးမင်း၏အိမ်သို့ ရောက်ရှိလာခဲ့လေသည်။
သူ အိမ်တော်ထဲတွင် တစ်ပတ်လောက် လိုက်ရှာပြီးနောက် ရေကန်ဘေးက ဇရပ်ဆောင်ထဲတွင် လူကို တွေ့ရှိခဲ့လေသည်။
ပိုင်ရှိုးမင်သည် ခြေထောက်တစ်ဖက် ထောင်ထားပြီး ဇရပ်ဆောင်၏ တိုင်လုံးကိုမှီကာ ကြမ်းပြင်ပေါ်တွင် ထိုင်နေလေ၏။ သူ့လက်မောင်းကို ထောင်ထားသော ခြေထောက်ပေါ်တွင် တင်ထားပြီး လက်ထဲတွင်လည်း အရက်တစ်အိုး ကိုင်ဆောင်ထားလေသည်။
သူ့ဘေးနားက ကြမ်းပြင်ပေါ်တွင်တော့ အရက်အိုးအလွတ်များက ဟိုတစ်လုံးဒီတစ်လုံး ပြန့်ကျဲလို့နေ၏။
မင်ဝမ် ရောက်လာသည်ကို တွေ့ရသောအခါ သူက ခေါင်းကိုအနောက်သို့ အနည်းငယ်မော့လိုက်ပြီး ပြန်နှုတ်ဆက် လိုက်လေသည်။
"ဖုဟွမ်"
မင်ဝမ်သည် သူ၏ စုတ်ပြတ်သတ်နေသော ပုံစံကိုကြည့်ပြီး ဆူပူကျိန်းမောင်းခြင်း မပြုဘဲမေးလိုက်၏။ "ဘာကိစ္စဖြစ်လို့လဲ"
ပိုင်ရှိုးမင်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက် လေတော့သည်။ "ကိစ္စမရှိပါဘူး။ အဆင်ပြေသွားမှာပါ"
...