← Chapters

ပိုင်ရှိုးမင်က တကယ်ပဲ ဘယ်နေရာမှာများ ကောင်းနေလို့လဲ ...

Vol. 20 Ch. 194

ပိုင်ရှိုးမင်က တကယ်ပဲ ဘယ်နေရာမှာများ ကောင်းနေလို့လဲ ...

Vol. 20 Ch. 194

စစ် (နံနက် ၉ နာရီမှ ၁၁ နာရီ) အချိန်တွင် အပြင်ဘက်ကောင်းကင်မှာ အုံ့မှိုင်းနေပြီး မိုးသားတိမ်လိပ်ကြီးများကြောင့် ဖိအားများ ပြည့်နှက်နေသလို ရံဖန်ရံခါတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ မကြာမီ မိုးကြီးလေကြီး ရောက်ရှိလာတော့မည်။

ချန်ဟွေ့သည် ရှေ့ဘက်ဆိုင်ခန်းကို စောင့်ကြည့်နေပြီး အားချန်ကတော့ အနောက်ဘက်ခြံဝင်းထဲက ပန်းအိုးများကို အမိုးအောက်သို့ ရွှေ့ပြောင်းပေးနေသည်။ မိုးသည်းထန်စွာ ရွာသွန်းလျှင် ပန်းခက်များ ကျိုးပဲ့ပျက်စီးသွားမည်ကို စိုးရိမ်မိသောကြောင့်ပင်။

ပန်းအိုးများ ရွှေ့ပြောင်းပြီးသွားသည့် အခါတွင် သူမသည် ရေတွင်းနားသို့ သွားပြီး ရေတစ်ပုံး ဆွဲတင်ကာ လက်ဆေးနေစဉ် အနောက်ဘက်မှ ခြေသံများကို ကြားလိုက်ရလေသည်။

ဒီခြေသံက ဟွေ့ညန်ရဲ့ ခြေသံ မဟုတ်ဘူး။

အားချန်သည် ကိုယ်ကို လှည့်လိုက်ပြီး ပိုင်ကျန့်ဟွမ်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် လက်ပေါ်က လက်စွပ်ကို အသက်သွင်းလိုက်သည်။ သို့သော် သူမ၏ တုံ့ပြန်မှုက နှေးကွေးနေဆဲ ဖြစ်ပြီး တစ္ဆေကဲ့သို့သော အရိပ်နှစ်ခုက သူမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တိတ်တဆိတ် ပေါ်ထွက်လာကာ တစ်ယောက်တစ်ဖက်စီ သူမ၏ ပခုံးပေါ်တွင် လက်တင်လိုက်ကြသည်။

လက်စွပ်ထဲက နဂါးဝိညာဉ်၏ မကျေမနပ် ဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် အသံတိတ်သွားလေသည်။ လက်စွပ်သည် လူနှစ်ယောက်၏ ပိတ်ဆို့မှုကို ခံလိုက်ရပုံပင်။

ဒီအချိန်တွင် ပိုင်ကျန့်ဟွမ်၏ အနောက်တွင် လူတစ်ယောက် ထပ်မံ ရပ်နေလေသည်။

အဆင့် ၄ သုံးယောက် ဖြစ်နေသဖြင့် အားချန်သည် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဆက်လက် မခုခံတော့ချေ။

ပိုင်ကျန့်ဟွမ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး "သတိရှိလိုက်တာ"

အားချန်က သူနှင့် ဟန်ဆောင်ပန်ဆောင် မနေချင်တော့ဘဲ တိုက်ရိုက် မေးလိုက်၏။ "ဟွေ့ညန်ရော"

"ဟွေ့ညန်?။ ဪ ... အရှေ့က အဲဒီ အသက်ရှင်နေတဲ့ အလောင်းကောင်ကို ပြောတာလား"

သူမ၏ အေးစက်စက် အကြည့်ကို မြင်လိုက်ရသောအခါ ပိုင်ကျန့်ဟွမ်က သူမကို ဆက်လက် မစနောက်တော့ဘဲ ပြောလိုက်၏။ "စိတ်ချပါ။ သူ့ကို ခဏလောက် အိပ်ပျော်စေရုံပါပဲ။ ငါတို့ကို လာမနှောင့်ယှက်စေချင်လို့"

"ရှင် ဘာလုပ်ချင်တာလဲ"

"ငါ ပေဟွမ်ကို ပြန်တော့မယ်။ မနေ့ညက သေချာ စဉ်းစားကြည့်ပြီး မင်းကိုပါ အတူတူ ခေါ်သွားချင်တယ်။ ငါ ထင်တာတော့ ရှန့်ကျင်းထက်စာရင် မင်းက ပေဟွမ်နဲ့ ပိုပြီး အသားကျနေလောက်ပြီလို့ ထင်တယ်"

"ရှင်က ကျွန်မ ငြင်းတာကို နားထောင်ဖို့ အစီအစဉ် မရှိဘူးထင်တယ်"

ပိုင်ကျန့်ဟွမ်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး "မင်း သိသားပဲ။ ငါက အငြင်းခံရတာကို မကြိုက်ဘူး"

"ကောင်းပြီလေ။ အခု သွားကြမလား" အားချန်က လွယ်လွယ်ကူကူ သဘောတူလိုက်၏။ မူလကတည်းက သူမမှာ ငြင်းဆန်ပိုင်ခွင့်မှ မရှိတာပဲလေ။

ဒီနေရာကနေ ပေဟွမ်အထိ မိုင်ပေါင်း သောင်းချီ ဝေးကွာတယ်။ မတော်တဆမှုတွေ ဖြစ်လာနိုင်တဲ့ အခွင့်အရေး အများကြီး ရှိတာပဲ။

"အခုပဲ သွားကြတာပေါ့။ ငါ မင်းအတွက် သီးသန့် မြင်းလှည်း ပြင်ဆင်ထားတယ်" ပိုင်ကျန့်ဟွမ်က ဘေးသို့ ရွှေ့ပေးလိုက်ပြီး ဖိတ်ခေါ်သည့် လက်ဟန် ပြုလိုက်၏။

သူ့ဘေးနားက ဖြတ်သွားသည့် အချိန်တွင် ပိုင်ကျန့်ဟွမ်က အားချန်၏ ဘယ်ဘက်လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။ သူက သူမ၏လက်ကို ကိုင်မြှောက်လိုက်ပြီး လက်ခလယ်တွင် ဝတ်ဆင်ထားသော အနက်ရောင် လက်စွပ်ကို ငုံ့ကြည့်လိုက်သည်။

"ကြားတာတော့ ပိုင်ရှိုးမင်က ဝေ့ရွှေမြစ်ကမ်းနားမှာ နဂါးတစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်ဆို။ ဒီလက်စွပ်ထဲမှာ ချိတ်ပိတ်ထားတာက အဲဒီနဂါးရဲ့ ဝိညာဉ်လား"

အားချန်၏ ရင်ထဲတွင် လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်သွားပြီး မျက်တောင်ရှည်များကို ချထားလိုက်ကာ မျက်လုံးထဲက ထူးခြားမှုကို ဖုံးကွယ်လိုက်သည်။ ပိုင်ကျန့်ဟွမ်က သူမနှင့် ပိုင်ရှိုးမင် လမ်းခွဲလိုက်တာကို မသိဘူး။ ဒါကြောင့် သူမရှေ့မှာ ပိုင်ရှိုးမင်အကြောင်း တမင်တကာ ထုတ်ပြောနေတာ။

"ဟုတ်တယ်။ အဲဒီနဂါးပဲ။ သူက အသုံးဝင်တယ်"

ပိုင်ကျန့်ဟွမ်သည် အားချန်၏ လက်မှ ထိုလက်စွပ်ကို ချွတ်ယူလိုက်သည်။ ချိတ်ပိတ်ခံလိုက်ရပြီးနောက် ထိုလက်စွပ်သည် သာမန်လက်စွပ် တစ်ကွင်းသာ ဖြစ်သွားခဲ့သည်။

သူသည် အနက်ရောင် လက်စွပ်ကို ခဏလောက် စိုက်ကြည့်လိုက်ပြီးမှ ပြောလိုက်၏။ "တကယ်ပဲ အသုံးဝင်တာပဲ။ ဟွမ်လင်း သေဆုံးရတာ မမှားဘူး"

အားချန်သည် ထိုလက်စွပ်ကို ကြည့်ပြီး တမင်တကာ သတိပေးလိုက်သလို ပြောလိုက်၏။ "လက်စွပ် ချိတ်ပိတ်ခံလိုက်ရတာကို သူ ချက်ချင်း သိသွားမှာ"

ပိုင်ကျန့်ဟွမ်က ဂရုမစိုက်ဘဲ "ဟုတ်တယ်။ ဒါပေမဲ့ သူ ချက်ချင်း ရောက်လာနိုင်မှာ မဟုတ်ဘူး"

အားချန် နားလည်သွားပြီ။ ပိုင်ရှိုးမင်က ရှန့်ကျင်းမှာ မရှိဘူး။ ပိုင်ကျန့်ဟွမ်က သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကောင်းကောင်း သိနေတယ်။ ဒီလူရဲ့ ယုံကြည်မှု ရှိနေတဲ့ပုံစံကို ကြည့်ရတာ ပိုင်ရှိုးမင် လိုက်လာမှာကိုတောင် စောင့်ဆိုင်းနေပုံ ရတယ်။

သူက လက်စွပ်ကို သိမ်းဆည်းလိုက်သည်ကို မြင်လိုက်ရသောအခါ သည်အတွေးက ပိုပြီး ခိုင်မာလာခဲ့သည်။

ဦးနှောက်ထဲက အတွေးများက တရိပ်ရိပ် ဖြတ်သန်းသွားပြီး အားချန်သည် ဒီအကြောင်းအရာကို ဆက်မပြောတော့ဘဲ ပိုင်ကျန့်ဟွမ်၏ လက်ထဲကနေ လက်ကို ပြန်ဆွဲထုတ်လိုက်ကာ အပြင်သို့ လှမ်းထွက်သွားလိုက်သည်။

ဆိုင်ခန်းကို ဖြတ်သန်းသွားသည့် အချိန်တွင် အားချန်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး အသက်ရှူသံ မကြားရသော ချန်ဟွေ့ကို တွေ့လိုက်ရလေသည်။

ပိုင်ကျန့်ဟွမ်က သူမ အနောက်မှ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "သူ မင်းကို အမြဲတမ်း ပြုစုစောင့်ရှောက် ပေးခဲ့တာ။ ငါ သူ့ကို ဒုက္ခမပေးပါဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ အားချန်သည် ချန်ဟွေ့၏ ကိုယ်ပေါ်မှ အကြည့်ကို လွှဲဖယ်လိုက်ပြီး သတိပေးလိုက်သေးသည်။ "ထွက်သွားရင် ဆိုင်တံခါးကို သေချာပိတ်ခဲ့ဖို့ မမေ့နဲ့"

"ကောင်းပြီ"

ဆိုင်ခန်းထဲမှ ထွက်လာသည့်အခါ အပြင်ဘက်တွင် မြင်းလှည်းနှစ်စီး ရပ်နားထားသည်ကို တွေ့လိုက်ရသည်။ ဟွမ်ဝူက အားချန်ကို အနောက်ဘက် မြင်းလှည်းပေါ်သို့ လိုက်ပို့ပေးပြီး ပိုင်ကျန့်ဟွမ်ကတော့ ရှေ့ဘက် မြင်းလှည်းပေါ်သို့ တက်ရောက်သွားလေသည်။

မကြာမီ မြင်းလှည်းနှစ်စီးသည် ချန်းဖိင်ဖန်းမှ ထွက်ခွာသွားပြီး မြို့တံခါးဆီသို့ ဦးတည်သွားတော့သည်။

မြင်းလှည်းသည် မြို့တံခါးဝသို့ မရောက်ခင်မှာပင် ကျန်ရှိနေသော အဖွဲ့နှင့် ပေါင်းဆုံမိသွားခဲ့သည်။ ဒီအချိန်တွင် ကောင်းကင်မှ မိုးစက်များ ကျဆင်းလာပြီး ကြီးမားသော မိုးရေစက်များသည် မြင်းလှည်းအမိုးပေါ်သို့ ကျရောက်ကာ တဖြောက်ဖြောက် အသံများ ထွက်ပေါ်နေလေသည်။

အားချန်သည် မြင်းလှည်းထဲတွင် ခဏလောက် ထိုင်လိုက်ရုံဖြင့် ပျင်းရိလာတော့သည်။ သူမက အနောက်က ခေါင်းအုံးကို ပြတင်းပေါက်ဘက်က ထိုင်ခုံရှည်ပေါ်တွင် တင်လိုက်ပြီး ဘေးတိုက် လှဲလျောင်းလိုက်သည်။

မြင်းလှည်းအတွင်းခန်း နေရာကျယ်ဝန်းပြီး ထိုင်ခုံလည်း ကျယ်ဝန်းသဖြင့် လှဲလျောင်းရန် အဆင်ပြေနေလေသည်။

"စောင် ပါလား။ ကျွန်မ အိပ်ချင်လာပြီ" အားချန်သည် ခေါင်းကို မော့လိုက်ပြီး ပျင်းရိလေးတွဲ့သော လေသံဖြင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဟွမ်ဝူကို မေးလိုက်၏။

ဟွမ်ဝူသည် ထိုင်ခုံအောက်က အံဆွဲကို ဖွင့်လိုက်ပြီး အထဲက စောင်ပါးလေးကို ထုတ်ယူကာ အားချန်ကို ကမ်းပေးလိုက်သည်။

အားချန် လက်ခံယူလိုက်ပြီး ကိုယ်ပေါ်တွင် လွှမ်းခြုံလိုက်ကာ မျက်လုံးမှိတ်လိုက်ရာ တကယ် အိပ်တော့မည့်ပုံ ပေါက်နေလေသည်။

ဟွမ်ဝူသည် အားချန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး ရုတ်တရက် အသံထွက်လာခဲ့၏။ "မင်း နည်းနည်းလေးမှ မကြောက်ဘူးလား"

အားချန် မျက်ခွံကို ပင့်လိုက်ပြီး "ဘာကို ကြောက်ရမှာလဲ။ ပိုင်ကျန့်ဟွမ် ငါ့ကို သတ်မှာကို ကြောက်ရမှာလား"

"မင်း ထိုက်ဖေးကို သတ်ခဲ့တယ်။ ဟွမ်လင်းက မင်းကြောင့် မင်ကျင့်စီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ မြေအောက်အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့တယ်"

ဟွမ်ဝူနှင့် ဟွမ်လင်းတို့ ရင်းနှီးမှု သိပ်မရှိသော်ငြား နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ကြသည်။ မူလက ဝမ်ရယ်က အရှင်မင်းကြီးကို ပြောဆိုပြီး ဟွမ်လင်းကို မြေအောက်အကျဉ်းထောင်ထဲကနေ အရှင် ခေါ်ထုတ်လာနိုင်မယ်လို့ ထင်ထားခဲ့ပေမဲ့ လူက မရေမရာ သေဆုံးသွားခဲ့ရတယ်။ မသေခင်မှာ ရက်စက်ကြမ်းကြုတ်ပြီး ထောင်ဖောက်ပြေးဖို့ ကြံစည်ကာ လူသတ်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ နာမည်ဆိုးနဲ့ အသေခံလိုက်ရတယ်။

ဝမ်ရယ်အကြောင်း မပြောနဲ့။ သူမတောင်မှ ပိုင်ရှိုးမင်ကို မုန်းတီးလွန်းလို့ အံကြိတ်မိတယ်။

ဒီလောက် ရဲရင့်ပြီး ဥပဒေမဲ့တဲ့လူ ရှိသေးတာပဲ။

အားချန် သမ်းဝေလိုက်ပြီး "လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရတယ်။ ထိုက်ဖေး သေရတာက သေချာပေါက် သူ့အမှားပဲ။ ဘယ်သူကများ သူ့သားအရင်းကို ဒီလောက် ရက်စက်ကြမ်းကြုတ်အောင် မွေးမြူထားခဲ့ခိုင်းလို့လဲ။ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ သတ်တာမှ မဟုတ်တာ"

ဒီလောက် အကြောင်းပြချက် ခိုင်လုံနေသော ပုံစံကြောင့် ဟွမ်ဝူ တိတ်ဆိတ်သွားတော့သည်။

သူမ စိတ်ထဲတွင် တွေးလိုက်မိသည်။ ကံကောင်းလို့ ထိုက်ဖေးက ကျောက်မိသားစုဝင်တွေနဲ့အတူ မြို့ပြင်မှာ မြှုပ်နှံပြီးသွားလို့။ မဟုတ်ရင် ဒီစကားတွေကို ကြားပြီး ဒေါသထွက်ပြီး ပြန်သေသွားနိုင်တယ်။

မျက်စိရှေ့က အားချန်ရဲ့ ရုပ်ရည် ပြောင်းလဲသွားပြီ ဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ အမှတ်ရနေစေမယ့် ရုပ်ရည်မျိုး မဟုတ်တော့ပေမဲ့ အတွင်းစိတ်ကတော့ အရင်အတိုင်းပဲ ထင်ရာစိုင်းပြီး နည်းနည်းလေးမှ မပြောင်းလဲဘူး။

ဟွမ်ဝူ ဆက်မမေးတော့သည်ကို မြင်လိုက်ရသောအခါ အားချန်က ပြန်မေးလိုက်လေသည်။ "ငါ အမြဲတမ်း သိချင်နေခဲ့တာ။ နင့်ခန္ဓာကိုယ်ထဲက သရဲက ဒီလောက် ကြမ်းတမ်းတာ။ နင် မကြောက်ဘူးလား။ အိပ်တဲ့အချိန်ကျရင် သူ ထွက်လာပြီး နင့်ကို သတ်မှာ ကြောက်လို့ အမြဲ သတိထားနေရသလား"

ဟွမ်ဝူက ရှန်းမိသားစုရဲ့ သရဲမွေးမြူနည်းကို လေ့ကျင့်ထားပြီး ခန္ဓာကိုယ်ထဲက အဆင့် ၄ သရဲရဲ့ စွမ်းအားက သာမန် မဟုတ်ဘူးလေ။

"ကျင့်သားရနေပါပြီ" သူမ အားချန်ကို ဖုံးကွယ်မထားခဲ့ချေ။ သူတို့နှစ်ယောက်က အရင်တုန်းက အကြိမ်ကြိမ် တိုက်ခိုက်ဖူးကြတော့ အားချန် စူးစမ်းချင်တာလည်း မဆန်းပါဘူး။

"အင်အားကြီးမားတဲ့ စွမ်းအားက သေစေနိုင်တဲ့ အန္တရာယ်နဲ့ တွဲနေတတ်တယ်။ နင် သတိထားနော်။ တစ်နေ့ကျရင် သရဲ စားတာ ခံနေရဦးမယ်"

အားချန် မျက်လုံးမမှိတ်ခင် ခြိမ်းခြောက်သလိုလို သတိပေးသလိုလို သူမကို ပြောလိုက်လေသည်။

"အဲဒီနေ့ ရောက်လာမှာ မဟုတ်ဘူး"

ပိုင်ကျန့်ဟွမ် မြို့တော်မှ မထွက်ခွာခင် အရှင်မင်းကြီး၏ လက်ရေးစာကို ရရှိထားခဲ့သည်။ ဒီလက်ရေးစာ ရဖို့အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်မှာ အသေအချာပင်။

မြို့စောင့်စစ်သူကြီးက ပေဟွမ်ဝမ် မြို့တော်မှ ထွက်ခွာမည့် အဖွဲ့ကို တားဆီးရန် မဝံ့ရဲဘဲ မြို့တံခါးကို ဖွင့်ပေးပြီး လေးစားစွာ နှုတ်ဆက်လိုက်လေသည်။

အားချန်သည် ဒီလိုနှင့်ပင် တိတ်တဆိတ် ရှန့်ကျင်းမှ ထွက်ခွာသွားခဲ့ရလေသည်။

ယာဉ်တန်း၏ ခရီးနှင်နှုန်းမှာ မမြန်ဆန်လှဘဲ နေ့စဉ် ချန်အချိန် အတိအကျတွင် ထွက်ခွာပြီး ရှင်းအချိန် အကုန်တွင် နားခိုစရာ နေရာ ရှာဖွေလေသည်။

ပိုင်ကျန့်ဟွမ်သည် ဝမ်ရယ်ဖြစ်သဖြင့် အပြင်သွားလာရာတွင် စည်းကမ်းများစွာ ရှိပြီး ရံဖန်ရံခါ တည်းခိုခန်းများတွင် တည်းခိုသည့်အခါ ဒေသခံ အရာရှိများ လာရောက် တွေ့ဆုံကြသေးသည်။

ဒီလိုနှင့် သုံးရက်ကြာပြီးနောက် သူတို့သည် လျန်ကျိုးနယ်မြေထဲသို့ ရောက်ရှိလာခဲ့ကြသည်။

မနက်စောစော ထွက်ခွာသည့် အချိန်တွင် ပိုင်ကျန့်ဟွမ်က အားချန်ကို သူ့မြင်းလှည်းပေါ်သို့ လာထိုင်ရန် ဖိတ်ခေါ်သဖြင့် အားချန်လည်း သွားလိုက်လေသည်။

ပိုင်ကျန့်ဟွမ်၏ မြင်းလှည်းထဲတွင် နေရာအနှံ့ နူးညံ့သော ထိုင်ဖုံများ ရှိနေပြီး ဘေးတွင် သေသပ်လှပသော မုန့်များလည်း ထားရှိထားသည်။ အားချန်သည် ထိုင်ဖုံပေါ်တွင် မှီထိုင်ရင်း မုန့်ကို ပါးစပ်ထဲ ထည့်စားလိုက်၊ ပျင်းရိစွာ စစ်တုရင်ခုံပေါ်တွင် အရုပ်များ ရွှေ့လိုက် လုပ်နေလေသည်။

သူမ၏ စစ်တုရင် ကစားနည်းမှာ တော်တော်လေး ညံ့ဖျင်းသော်ငြား နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ ပိုင်ကျန့်ဟွမ်သည် သူမ အနိုင်ရစေရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ရလေသည်။

သုံးပွဲမြောက် စတင်ပြီး အားချန် အရုပ်ရွှေ့လိုက်သည်ကို ကြည့်ကာ ပိုင်ကျန့်ဟွမ်က ရုတ်တရက် မေးလိုက်၏။ "ပိုင်ရှိုးမင်က တကယ်ပဲ ဘယ်နေရာမှာများ ကောင်းနေလို့လဲ"

အားချန်သည် စစ်တုရင်အိုးထဲမှ ဒုတိယအရုပ်ကို ယူလိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်၏။ အရုပ်သည် အေးစက်နေပြီး ထိတွေ့ရသည်မှာ ချောမွေ့နေသည်။ သူမ ခဏလောက် ကိုင်တွယ် ကစားလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်၏။ "သူက ရုပ်ရည်ချောမောပြီး ကျွန်မအပေါ် အရာရာ လိုက်လျောတယ်လေ"

ဒီအဖြေကို ပိုင်ကျန့်ဟွမ် လက်ခံရန် ခက်ခဲနေပုံ ရလေသည်။ သူ့လက်ထဲက အရုပ်သည် အချိန်အတော်ကြာအောင် မချနိုင်ခဲ့ချေ။ "ငါက မင်းအပေါ် မကောင်းလို့လား"

အားချန် ပြန်မဖြေခင် သူက ထပ်မေးလိုက်၏။ "ငါ မင်းအတွက် မင်းညီမလေးကို ရှာမပေးခဲ့လို့ မင်း ငါ့ကို စိတ်ဆိုးနေတာလား"

အားချန် အမှန်အတိုင်း ပြောလိုက်၏။ "စိတ်မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက အကူအညီ တောင်းခဲ့တာပဲလေ။ ပြီးတော့ အဲဒီတုန်းက ကျွန်မအတွက် သုံးနှစ်ဆိုတာ မျက်စိတစ်မှိတ် အတွင်းပါပဲ။ ဘာမှ မဟုတ်ပါဘူး"

ပိုင်ကျန့်ဟွမ် သက်ပြင်းချလိုက်ပြီး "ငါ တကယ်တော့ ရှာဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တိလင်းချဲ့စာအုပ်မှာ တုံ့ပြန်မှု မရှိခဲ့ဘူး"

အားချန်မှာ အံ့သြသွားတော့သည်။ တိလင်းချဲ့စာအုပ်ပေါ်မှာ အသက်ရှင်သည် ဖြစ်စေ၊ သေဆုံးသည် ဖြစ်စေ ပေါ်လာသင့်သည်။ တုံ့ပြန်မှု မရှိဘူး ဆိုတာက အားမြန် အသက်ရှင်နေသေးကြောင်း သက်သေပြနေခြင်းပင်။

တိလင်းချဲ့စာအုပ်ရဲ့ ခြေရာခံမှုကို ဖြတ်တောက်နိုင်တာက ထူးခြားတဲ့ နေရာဒေသမှာ ရှိနေလို့ဖြစ်ဖြစ် အနီးအနားမှာ အဆင့် ၅ တစ်ယောက်ယောက်က ဖုံးကွယ်ပေးထားလို့ ဖြစ်ဖြစ်။ ဖြစ်နိုင်တယ်။

"ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်မအတွက် သတင်းကောင်း တစ်ခုပါပဲ" အားချန်၏ ကျေးဇူးတင်စကားက ရိုးသားလေသည်။

ပိုင်ကျန့်ဟွမ်က သူမကို ကြည့်ပြီး "အဲဒီတုန်းက ငါ ဝမ်အိမ်တော်ကနေ ထွက်ခွာခဲ့တာ ကြွက်မိစ္ဆာမျိုးနွယ်ရဲ့ ခြေရာကို တွေ့ခဲ့လို့ပါ။ ကြွက်မိစ္ဆာမျိုးနွယ်က တိလင်းချဲ့စာအုပ်ကို နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့ကြတာ။ သူတို့က ငါ့ကို နည်းလမ်း ရှာပေးနိုင်မယ်လို့ ထင်ခဲ့တာ"

နောက်ဆက်တွဲ စကားများကို သူ ဆက်မပြောတော့ချေ။ ကြွက်မိစ္ဆာက သူ့အတွက် နည်းလမ်း ရှာပေးခဲ့သော်ငြား သူ ပြန်ရောက်လာသည့် အချိန်တွင် ကိစ္စတွေက ပြန်ပြင်ဆင်လို့ မရတော့ချေ။

အဲဒီတုန်းက မင်ကျင့်စီးက ဒီကိစ္စကို ဖိနှိပ်ထားလိုက်တယ်။ သူ အားချန်ရဲ့ ခြေရာကို မရှာတွေ့ခဲ့ဘူး။ ဒါကြောင့် သူမ အသက်ရှင်နေသေးတယ်လို့ အမြဲတမ်း စိတ်ကူးယဉ်နေခဲ့တာ။

"အားချန်၊ ငါ မင်းအပေါ် မကောင်းလို့လား" သူက ထပ်မေးလိုက်ပြန်သည်။ "ဒါမှမဟုတ် ငါ့ရုပ်ရည်က မင်းစိတ်တိုင်းမကျ ဖြစ်နေလို့လား"

အားချန်ကတော့ သူတို့နှစ်ယောက်ရဲ့ ရုပ်ရည်ကို နှိုင်းယှဉ်ဖို့ မစဉ်းစားခဲ့ဖူးသော်လည်း ပိုင်ကျန့်ဟွမ်၏ရုပ်ရည်က ကြည့်လို့ကောင်းတာတော့ သေချာသည်။ သို့ပေသိ စိတ်ဆိုသည့်အရာက တစ်ဖက်သတ် ဖြစ်နေတတ်သည်။ သူမ၏စိတ်က ပိုင်ရှိုးမင်ဘက်ကို ယိမ်းယိုင်သွားပြီ ဖြစ်သဖြင့် တခြားသူအတွက် နေရာနည်းနည်းလေးတောင် မကျန်တော့ချေ။

သူက အဖြေကို ဇွတ်အတင်း လိုချင်နေသည်ကို မြင်သောအခါ အားချန် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။ "ကျွန်မ ရှင့်ကို အသုံးချနေတယ် ဆိုတာကို ရှင် ကောင်းကောင်း သိမယ်လို့ ထင်ပါတယ်"

"ငါ သိပါတယ်။ ငါ မင်းရဲ့ အသုံးချတာကို လိုလိုလားလား ခံယူနေတာပါ"

"ဒါက ရှင်နဲ့ ပိုင်ရှိုးမင် မတူညီတဲ့ အချက် ဖြစ်လောက်တယ်" အားချန်၏ မျက်လုံးထဲတွင် သတိထားမိရန် ခက်ခဲသော လွမ်းဆွတ်မှုများ ပေါ်ထွက်လာပြီး လေသံက ညည်းညူနေသလို ဖြစ်နေလေသည်။ "သူ့ကို အကူအညီ တောင်းတိုင်း ကျွန်မက ချော့လိုက် မြှူလိုက် လုပ်ရတယ်"

ပိုင်ကျန့်ဟွမ်က ဒီလို အားချန်ကို ကြည့်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်လေသည်။ သူ့ စိတ်ထဲတွင် သိနေသည်။ သူက ပိုင်ရှိုးမင်ကို ရှုံးနိမ့်သွားတာ မဟုတ်ဘူး။ အားချန်ရဲ့ မျက်နှာသာ ပေးမှုကို ရှုံးနိမ့်သွားတာ။

"အရင်တုန်းက လျန်ကျိုးကို ရောက်ဖူးလား" ပိုင်ကျန့်ဟွမ် ခေါင်းစဉ် ရုတ်တရက် ပြောင်းလိုက်၏။

"အပြင်ထွက်တုန်းက ဖြတ်သွားဖူးတယ်။ ဘာဖြစ်လို့လဲ"

"ကြိုက်နှစ်သက်တဲ့ နေရာရှိရင် ငါ့ကို ပြောပြလို့ ရတယ်။ အဲဒီကျရင် ငါတို့ သွားလည်ကြတာပေါ့"

အားချန်ကတော့ လျန်ကျိုးတွင် ပိုင်ကျန့်ဟွမ်အတွက် အချိန်ဖြုန်းရန် ထိုက်တန်သည့် နေရာရှိမည် မထင်ချေ။ ရက်တွက်ကြည့်လိုက်လျှင် ပိုင်ရှိုးမင် အရင်က ဘယ်နေရာကို သွားခဲ့သည် ဖြစ်စေ၊ ယခု သူ ပြန်လာနေပြီ ဆိုလျှင် လျန်ကျိုးနှင့် သိပ်ဝေးတော့မည် မဟုတ်ပေ။

"ကျွန်မ လျန်ကျိုးအကြောင်း သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ နေရာတစ်နေရာကိုတော့ အမြဲတမ်း သွားကြည့်ချင်နေတာ"

"ဪ ... ဘယ်နေရာလဲ"

"ကွေခူူတောင် (သရဲငိုတောင်)" အားချန်က စကားသုံးလုံး ပြောလိုက်၏။ "ကြားတာတော့ အဲဒီမှာ သရဲတံခါး တစ်ခုကို ဖိနှိပ်ထားတယ်တဲ့။ ရှန့်ယင်က ကျွန်မကို ပြောဖူးတယ်"

ပိုင်ကျန့်ဟွမ်က ပြုံးလိုက်သည်။ အားချန်က ဘယ်တော့မဆို မထင်မှတ်ထားတာတွေ လုပ်တတ်တယ်။ သူမက သူ့အကြံအစည်ကို ရိပ်မိနေတာ သေချာတယ်။ ဒါပေမဲ့ သူမရဲ့ ချစ်သူအတွက် ကွေခူးတောင်ကို သင်္ချိုင်းမြေအဖြစ် ရွေးချယ်ပေးလိုက်တာပဲ။

"ကောင်းပြီ။ ဒါဆို ကွေခူးတောင်ကို သွားကြတာပေါ့"

...

All Chapters