အားချန်က မေးလိုက်လေသည် ...
Vol. 20 Ch. 195
အားချန်၏ အကြံပြုချက်ကို လက်ခံလိုက်သော်ငြားလည်း ယာဉ်တန်းကတော့ လမ်းကြောင်း မပြောင်းဘဲ မူလလမ်းကြောင်းအတိုင်း ဆက်လက် ခရီးနှင်နေလေသည်။ ပိုင်ကျန့်ဟွမ်ကသာ သူ့လူယုံ အနည်းငယ်ကို ခေါ်ပြီး ယာဉ်တန်းနှင့် လမ်းခွဲကာ ကွေခူးတောင်သို့ သွားရောက်လေသည်။
ကွေခူးတောင်သည် သူတို့ ယခုရောက်ရှိနေသော နေရာနှင့် သိပ်မဝေးလှသဖြင့် နာရီအနည်းငယ်လောက် ခရီးနှင်ပြီးသည်နှင့် ရောက်ရှိနိုင်လေသည်။ ကွေခူးတောင်ခြေသို့ ရောက်ရှိချိန်တွင် နေဝင်ချိန် ဖြစ်နေလေပြီ။
ညနေဆည်းဆာ ရောင်ခြည်သည် ကောင်းကင်အနှံ့ လွှမ်းခြုံထားပြီး နေဝင်ရီတရော အလင်းရောင်သည် မြေပြင်ကို အလင်းနှင့် အမှောင် ခွဲခြားထားသကဲ့သို့ ဖြစ်နေကာ ကွေခူးတောင်သည် အရိပ်အောက်တွင် ပုန်းကွယ်နေလေသည်။
ဒီနေရာကို နောက်ဆုံး လာရောက်ခဲ့တာ သုံးလတောင် မပြည့်သေးဘူး။ အဲဒီတုန်းက ပိုင်ရှိုးမင် ဘေးနားမှာ ရှိနေခဲ့လို့ ဒီနေရာက တိတ်ဆိတ်တယ်လို့ပဲ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ပြန်ရောက်လာတော့ သရဲလေတွေ တိုက်ခိုက်နေသလို အေးစက်စက် ခံစားနေရတယ်။
မြင်းလှည်းသည် တောင်ခြေသို့ ရောက်ရှိလာပြီး အားချန်နှင့် ပိုင်ကျန့်ဟွမ်တို့ မြင်းလှည်းပေါ်မှ ဆင်းလိုက်ကြသည်။ ဟွမ်ဝူက ရှေ့ဆုံးမှ လမ်းပြပြီး တောင်ပေါ်သို့ ခေါ်ဆောင်သွားလေသည်။
ပိုင်ကျန့်ဟွမ်က အားချန်၏ အရှေ့တွင် လျှောက်လှမ်းနေ၏။ အားချန် သတိထားမိသည်မှာ သူက သူမ၏ လက်စွပ်ကို သူ့ဘေးနားက ပေ့ဟွိုင်ဆီ ပေးထားပြီး ပေ့ဟွိုင်က လက်ထဲတွင် ကိုင်ထားလေသည်။
သူတို့က လက်စွပ်ပေါ်က ချိတ်ပိတ်ထားတာကို ဖြေလိုက်ကြပြီ ထင်တယ်။
ဟွမ်ဝူသည် ရည်ရွယ်ချက် တစ်ခုရှိသကဲ့သို့ သူတို့ကို တောင်ပေါ်သို့ ဦးဆောင် ခေါ်သွားနေလေသည်။ လူအုပ်ထဲတွင် အားချန်၏ ခွန်အားက အနည်းဆုံး ဖြစ်သဖြင့် တောင်တစ်ဝက်လောက် ရောက်သည်နှင့် သူမ၏ အမောဖောက်နေသော အသက်ရှူသံကို ကြားနေရလေပြီ။
ပိုင်ကျန့်ဟွမ်က လှည့်ကြည့်လိုက်ပြီး သူမဆီသို့ လက်ကမ်းပေးလိုက်၏။ "ငါ့လက်ကို ကိုင်ထားမလား"
အရင်တုန်းက အားချန်၏ အင်အားက သူ့ထက် သာလွန်ခဲ့သည်။ ထို့ကြောင့် သူက အခုလက်ရှိ သူမဟာ သာမန်လူသား တစ်ယောက် ဖြစ်နေသည့်အချက်ကို မေ့လျော့နေခဲ့မိခြင်းပင်။
ဒီလို ဖြစ်နေတာလည်း ကောင်းပါတယ်။ အနည်းဆုံးတော့ အခုလက်ရှိ သူမက အရင်လို ဝေဝါးမနေတော့ဘူး။ အချိန်မရွေး သူ့ဘေးနားကနေ ပျောက်ကွယ်သွားနိုင်သလိုမျိုး မဟုတ်တော့ဘူး။
အားချန်သည် သူမ၏ မျက်စိရှေ့သို့ ရောက်လာသော လက်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို လွှဲလိုက်သည်။
ပိုင်ကျန့်ဟွမ်ကလည်း စိတ်မဆိုးဘဲ ဘေးနားက ပေ့ဟွိုင်ကို မျက်ရိပ်ပြလိုက်ရာ ပေ့ဟွိုင်သည် ဘေးနားက သစ်ပင်ပေါ်မှ လက်နှစ်ချောင်း အရွယ်အစားရှိသော သစ်ကိုင်းခြောက် တစ်ချောင်းကို ချိုးယူလိုက်သည်။ သူက လက်ဖြင့် သစ်ကိုင်းကို သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး အနေတော် အရွယ်အစား ဖြတ်တောက်ကာ အားချန်ကို ကမ်းပေးလိုက်လေသည်။
ဒီတစ်ခါတော့ အားချန် မငြင်းဆန်တော့ပေ။ ဒီ တောင်တက်တုတ်ချောင်း ရှိလာတော့ နောက်ပိုင်း တောင်တက်လမ်းက အများကြီး သက်သာသွားခဲ့သည်။
သို့သော် ရည်မှန်းချက် နေရာသို့ ရောက်ရှိချိန်တွင်တော့ သူမ မောပန်းလွန်းလို့ အသက်ရှူတောင် မဝတော့ပေ။
ဒီအချိန်တွင် သူတို့သည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိနေကြပြီ။ ဒီတောင်က သိပ်မမြင့်လှဘဲ တောင်ထိပ်တွင် သစ်ပင်ပန်းမန် ရှားပါးလေသည်။
နေဝင်ချိန် မရောက်သေးသဖြင့် ပတ်ဝန်းကျင်တွင်လည်း ဒီလိုတောင်မျိုး ရှိနေပြီး တောင်များက အဝိုင်းလိုက် ဝန်းရံထားကာ အလယ်က ချိုင့်ဝှမ်းကို တမင်တကာ ဝိုင်းထားသလို ဖြစ်နေသည်ကို အားချန် မသဲမကွဲ မြင်တွေ့နေရသည်။
သူမ အောက်ဘက်သို့ ငုံ့ကြည့်နေသည်ကို မြင်သောအခါ ပိုင်ကျန့်ဟွမ်က သူမကို ပြောလိုက်၏။ "အောက်မှာ သရဲတံခါး ရှိတယ်"
"ရှန့်မိသားစု ဘိုးဘေးတွေက မိသားစုကို သရဲတံခါးပေါ်မှာ တည်ဆောက်ရဲတယ် ဆိုတော့ တကယ်ပဲ လေးစားဖို့ ကောင်းတာပဲ" အားချန်က သက်ပြင်းချကာ ပြောလိုက်၏။
ပိုင်ကျန့်ဟွမ်သည် အားချန်၏ ဘေးတိုက်မျက်နှာကို ခဏလောက် စိုက်ကြည့်နေပြီး ရုတ်တရက် ပြောလိုက်လေသည်။ "မင်း အရင်တုန်းက ဒီလိုစကားမျိုး မပြောတတ်ပါဘူး"
"ဟင်?" အားချန်မှာ နားမလည်နိုင် ဖြစ်သွားသည်။
"မင်း အရင်တုန်းက လူသားတွေ ဘာလုပ်ခဲ့တယ် ဆိုတာ ဂရုမစိုက်တတ်ဘူး။ သူတို့ လုပ်သမျှ ဘယ်အရာကမှ မင်းရဲ့ စိတ်ကို မလှုပ်ရှားစေနိုင်ဘူး"
လူသားတွေအပေါ် ထားတဲ့ အားချန်ရဲ့ သဘောထားက အရမ်း အေးစက်ခဲ့တယ်။ သူမက လေးစားဖို့ ကောင်းတယ်ဆိုတဲ့ စကားမျိုး ပိုလို့တောင် မပြောတတ်ဘူး။
အခု သူမကတော့ လူနဲ့ ပိုပြီး တူလာပြီ။
သူမက လူဖြစ်သွားလို့ လူစိတ် ဝင်လာတာလား။ နှမြောစရာ ကောင်းတာက သူမ ပြောင်းလဲသွားတဲ့ အချိန်မှာ သူက ဘေးနားမှာ မရှိခဲ့တာပဲ။
"ဟုတ်လား" အားချန် စိတ်နှင့်ကိုယ် မကပ်တော့သလို ဖြစ်သွားတော့သည်။ သူမ၏ပြောင်းလဲမှုက ကျိချန် ဖြစ်လာပြီး နောက်ပိုင်းမှ စတင်ခဲ့ခြင်းပင်။
သူမက ကျိချန်ရဲ့ အထောက်အထားကို အသုံးပြုခဲ့တယ်။ ကျိချန်ရဲ့ ကျေးဇူးကို ခံယူခဲ့တယ်။ ရှောင်လင်းရှီကို ဆွေမျိုးသားချင်းအဖြစ် လက်ခံခဲ့တယ်။ ဒါကြောင့် ရှောင်လင်းရှီရဲ့ အဖြစ်အပျက်ကို သိလိုက်ရတဲ့ အချိန်မှာ ဒေါသထွက်ပြီး ကူညီပေးခဲ့တာ။
နောက်ပိုင်းမှာတော့ ဝိညာဉ်ပေါ်က ချည်နှောင်ထားတဲ့ သံကြိုးတွေကို ဖြေလျှော့ဖို့အတွက် လုပ်ဆောင်ခဲ့တာ။
ဒါပေမဲ့ အကြိမ်အရေအတွက် များလာတော့ စိတ်နေစိတ်ထားနဲ့ အတွေးအမြင်တွေက တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ သူမက ဘေးနားက လူတွေနဲ့ ရောနှောလာခဲ့တယ်။ ဟန်ဆောင်ရုံ သက်သက် မဟုတ်တော့ဘဲ သူမကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး။
အားချန်တစ်ယောက် အနည်းငယ် တွေဝေသွားတော့သည်။ အဖေနဲ့အမေက သံကြိုးကို ချန်ထားခဲ့တာ တကယ်တော့ ဘာအတွက်လဲ။
ခဏတာ စိတ်လွတ်သွားပြီးနောက် နေလုံးကြီးသည် လုံးဝ ဝင်သွားခဲ့ပြီ။
အမှောင်ထုသည် ကွေခူးတောင်ကို လွှမ်းခြုံသွားပြီး ဟွမ်ဝူက မြေပြင်ညီသော နေရာလွတ် တစ်နေရာကို ရှာဖွေကာ မီးပုံဖိုလိုက်ပြီး အစားအသောက် အနည်းငယ်ကို မီးကင်လိုက်သည်။
"ဒီလောက် အကြာကြီး လမ်းလျှောက်လာတာ ပင်ပန်းနေရောပေါ့။ ဟိုဘက်မှာ သွားနားလိုက်ဦး" ပိုင်ကျန့်ဟွမ်က ဒီခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ အားချန်ကို ခေါ်ကာ မီးပုံဘေးသို့ ရောက်ရှိသွားသည်။
မီးပုံပေါ်တွင် ကြက်ကင်တစ်ကောင်လုံး တင်ထားပြီး ဟွမ်ဝူက သူတို့ ရောက်လာသည်ကို မြင်သောအခါ နေရာဖယ်ပေးလိုက်ကာ ပေ့ဟွိုင်တို့နှင့်အတူ ဘေးပတ်ဝန်းကျင်ကို သွားရောက် စောင့်ကြပ်နေလိုက်သည်။
အားချန်သည် ဘေးနားက ပြန့်ပြူးသော ကျောက်တုံးပေါ်တွင် ထိုင်လိုက်ပြီး ပိုင်ကျန့်ဟွမ်ကတော့ ဟွမ်ဝူနေရာ ဝင်ယူကာ ကြက်ကင်ကို ဆက်ကင်နေလေသည်။
ကောင်းကင်က ပိုပိုပြီး မှောင်မိုက်လာကာ တောင်ထိပ်ပေါ်က အပူချိန်ကလည်း ပိုပိုပြီး လျော့နည်းလာသဖြင့် အားချန်သည် မီးပုံဘေးတွင် ထိုင်နေသော်ငြား ရံဖန်ရံခါ မသိစိတ်ကနေ တုန်ယင်မိနေတော့သည်။
နာရီဝက်ကျော် ကြာပြီးနောက် ကြက်ကင် ကျက်သွားပြီ ဖြစ်လေသည်။
အားချန်က သူ ကမ်းပေးသော ကြက်တောင်ပံကင်ကို မစောင့်နိုင်တော့ဘဲ လှမ်းယူကာ ခေါင်းငုံ့ပြီး စားသောက်လိုက်တော့သည်။
ပိုင်ကျန့်ဟွမ်ကတော့ တောက်လောင်နေသော မီးတောက်ကို ကျော်လွန်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အားချန်ကို ကြည့်နေလိုက်၏။ ရံဖန်ရံခါ မီးပုံကို မွှေနှောက်လိုက်ပြီး အစားအစာကိုတော့ မစားသောက်ခဲ့ချေ။
နှပ်ထားသည့် ကြက်ကင်ကို ကြိုတင် ပြင်ဆင်ထားပြီး ပိုင်ကျန့်ဟွမ်၏ အသားကင်လက်ရာက မဆိုးလှသဖြင့် အားချန် ကျေနပ်အားရစွာ စားသောက်လိုက်သည်။
သူမသည် ကြက်တောင်ပံ တစ်ခုလုံး၊ ကြက်ပေါင် တစ်ချောင်းနှင့် မုန့်ပြား တစ်ချပ် စားပြီးမှ ပိုင်ကျန့်ဟွမ် ကမ်းပေးသော လက်ကိုင်ပဝါကို လှမ်းယူလိုက်သည်။
လက်ကိုင်ပဝါဖြင့် လက်သုတ်ပြီးမှ အားချန်သည် သူမကလွဲပြီး တခြားသူများ အစားစားရန် အစီအစဉ် မရှိကြသည်ကို သတိထားမိလိုက်ပြီး မေးလိုက်၏။ "ရှင်တို့ ဗိုက်မဆာဘူးလား"
"မလောပါဘူး။ တောင်အောက် ဆင်းပြီးမှ သူတို့ ဗိုက်ဆာရင် စားကြလိမ့်မယ်"
အသုံးပြုပြီးသား လက်ကိုင်ပဝါကို ရှေ့က မီးပုံထဲ ပစ်ထည့်လိုက်ရာ မီးတောက်များ အပေါ်သို့ ထိုးတက်သွားပြီး တောက်လောင်နေသော မီးရောင်သည် အားချန်၏ မျက်လုံးများကို လင်းလက်သွားစေသည်။ သူမက ပိုင်ကျန့်ဟွမ်ကို ကြည့်ပြီး "သူတို့ တောင်အောက်ကို ပြန်ဆင်းနိုင်ဦးမယ်လို့ ရှင် ဘယ်လို သေချာနေတာလဲ"
ပိုင်ကျန့်ဟွမ်က အားချန်၏ စကားကြောင့် စိတ်မဆိုးဘဲ "ဘာလို့လဲဆိုတော့ ငါက မသေချာတဲ့ စစ်ပွဲကို ဘယ်တော့မှ မတိုက်ဘူး"
ခဏလောက် ရပ်တန့်လိုက်ပြီး သူက မေးလိုက်၏။ "တကယ်လို့ ပိုင်ရှိုးမင် ဒီနေရာမှာ သေသွားရင် မင်း သူ့အတွက် ဝမ်းနည်းမှာလား"
"တကယ်လို့ ရှင် လုပ်နိုင်ခဲ့ရင် ကျွန်မ ရှင့်ကို အဖြေပေးမယ်"
ပိုင်ကျန့်ဟွမ်သည် လက်ထဲက သစ်ကိုင်းကို မီးထဲ ပစ်ထည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "ကြည့်ရတာ ငါ ဒီညတင် မင်းရဲ့ အဖြေကို သိရတော့မယ် ထင်တယ်"
အားချန်က မှတ်ချက်မပေးဘဲ "ရှင်က ဒီလောက်တောင် အပြည့်အစုံ ပြင်ဆင်ထားတာ သူ မလာမှာကို မစဉ်းစားမိဘူးလား"
ပိုင်ကျန့်ဟွမ်က အားချန်၏ စကားထဲက ထူးခြားမှုကို အာရုံခံမိသွားပြီး "ဘာသဘောလဲ"
"ကျွန်မ ပြောမပြဖူးဘူးလား။ ကျွန်မတို့ လမ်းခွဲလိုက်ကြပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းကလေ"
ပိုင်ကျန့်ဟွမ်၏ မျက်နှာတွင် အံ့သြသော အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ ဒီအဖြေက သူ့မျှော်လင့်ချက် ပြင်ပ ရောက်နေသည်မှာ ထင်ရှားလေသည်။
"ဒါပေမဲ့ ရှင် စိတ်ချပါ။ ရှင့်ရဲ့ ပြင်ဆင်မှုတွေ အလဟဿ မဖြစ်ပါဘူး။ သူ သေချာပေါက် လာမှာပါ" အားချန်က နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ရုတ်တရက် ပြောလိုက်၏။ "သူ ဘယ်နေရာမှာ တော်လဲလို့ ရှင် အမြဲတမ်း မေးနေတယ် မဟုတ်လား"
သူမ ညကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ "သူ့ရဲ့ ကောင်းကွက်က ကျွန်မနဲ့ သူနဲ့ လမ်းခွဲပြီးသွားရင်တောင် သူ ကျွန်မကို လာရှာမယ်လို့ ကျွန်မ ယုံကြည်နေတာပဲ"
ထိုအချိန်တွင် မလှမ်းမကမ်း၌ စောင့်ကြပ်နေသော ပေ့ယန်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။ "ဝမ်ရယ် သတိထား"
နောက်တစ်စက္ကန့်တွင် သူသည် ရင်ဘတ်ကို ဖိလျက် ပိုင်ကျန့်ဟွမ်၏ ဘေးတွင် ပေါ်လာခဲ့ပြီး ကိုယ်ပေါ်တွင် သွေးညှီနံ့များ ပြင်းထန်နေလေသည်။ တစ်စုံတစ်ယောက်က အမှောင်ထဲကနေ ပေ့ယန်ကို တိုက်ခိုက်လိုက်သော်လည်း သူ့အသက်ကိုတော့ မယူနိုင်ခဲ့ချေ။
အားချန် သူ့ကို တစ်ချက်ကြည့်လိုက်ရုံ ရှိသေးသည်။ အတင်းအကြပ် ဆွဲထူခံလိုက်ရပြီး ပိုင်ကျန့်ဟွမ်၏ ဘေးနားသို့ တွန်းပို့ခံလိုက်ရသည်။
ပိုင်ကျန့်ဟွမ်က မတ်တပ်ရပ်လိုက်ပြီး အားချန်၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားကာ စူးရှသော အကြည့်ဖြင့် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သော တောင်ထိပ်ကို ဝေ့ကြည့်လိုက်၏။
ထိုအချိန်တွင် မလှမ်းမကမ်းမှ တရှပ်ရှပ် အသံများ ကြားလိုက်ရပြီး ဟွမ်ဝူ ရှေ့တိုးရန် ပြင်လိုက်သော်လည်း ပိုင်ကျန့်ဟွမ်က တည်ငြိမ်သော အသံဖြင့် အမိန့်ပေးလိုက်၏။ "ပြန်လာခဲ့။ သူက အာရုံလွဲတဲ့ပရိယာယ်ကို သုံးနေတာ"
ပိုင်ရှိုးမင်ရဲ့ ပစ်မှတ်က အားချန်ပဲ။
ဟွမ်ဝူနှင့် ပေ့ဟွိုင်တို့ ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို သတိထားကာ ကြည့်နေကြလေသည်။ လေထုက အေးခဲသွားသကဲ့သို့ ဖြစ်နေပြီး အားချန်သည် သူမ၏ ကိုယ်ပိုင် အသက်ရှူသံနှင့် ပေ့ယန်၏ ကိုယ်ပေါ်မှ သွေးစက်များ မြေကြီးပေါ်သို့ ကျဆင်းနေသော တတောက်တောက် အသံကိုသာ ကြားနေရလေသည်။
ပိုင်ကျန့်ဟွမ်က စကားပြောလိုက်ပြီး တင်းမာနေသော လေထုကို ဖြိုခွင်းလိုက်၏။ "ပိုင်ရှိုးမင် ရောက်လာမှတော့ ထွက်လာပြီး တွေ့လိုက်ပါဦး။ တိုက်တိုက်ဆိုင်ဆိုင် အားချန်ကလည်း မင်းကို လွမ်းနေတာ"
တောင်ထိပ်တွင် လေတိုက်ခတ်၍ သစ်ပင်များ လှုပ်ခတ်သံမှလွဲလျှင် မည်သည့် တုံ့ပြန်သံမှ မရှိချေ။
ကြိုတင် နိမိတ်ပြခြင်း မရှိဘဲ ဟွမ်ဝူနှင့် ပေ့ဟွိုင်တို့သည် ဦးတည်ချက် တစ်ခုတည်းသို့ ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။ ဟွမ်ဝူ၏ အရိပ် လှုပ်ရှားသွားသည့် အချိန်တွင် သူမ၏ မျက်လုံးများသည် တောက်ပသော အစိမ်းရောင် အဖြစ် ပြောင်းလဲသွားပြီး အမှောင်ထဲတွင် လင်းလက်နေသည်ကို အားချန် သတိထားမိလိုက်သည်။
သူမ ဘယ်အချိန်ကတည်းက သရဲကို လွှတ်လိုက်လဲ မသိဘူး။
လူနှစ်ယောက်နှင့် အဆင့် ၄ သရဲတစ်ကောင်၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ပိုင်ရှိုးမင်သည် နောက်ဆုံးတော့ ကိုယ်ထင်ပြလာခဲ့ရသည်။
ရှေ့တွင် ဟွမ်ဝူနှင့် ပေ့ဟွိုင်တို့က တစ်လက်မမှ အလျှော့မပေးဘဲ ရှိနေပြီး နောက်တွင် သရဲက ချောင်းမြောင်းနေသဖြင့် ပိုင်ရှိုးမင်သည် ကိုယ်ထင်ပြလိုက်သည်နှင့် အရေးနိမ့်သွားတော့သည်။
အားချန်သည် အမှောင်ထဲတွင် တိုက်ခိုက်နေကြသူများကို သေချာ မမြင်ရသော်ငြား သုံးယောက် တစ်ယောက် တိုက်ခိုက်ခြင်းက မည်မျှ အန္တရာယ်များသည်ကိုတော့ ရှင်းရှင်းလင်းလင်း သိနေလေသည်။
ညည်းညူသံ တစ်ချက် ထွက်ပေါ်လာပြီး အားချန်၏ ရင်ထဲတွင် လှုပ်ရှားသွားကာ ဖမ်းဆုပ်ခံထားရသော လက်ကို နောက်သို့ ဆွဲလိုက်မိသော်လည်း ပိုင်ကျန့်ဟွမ်၏ ပိုပြီး တင်းကျပ်သော ဖမ်းဆုပ်မှုကိုသာ ရရှိလိုက်လေသည်။
ပိုင်ကျန့်ဟွမ်သည် သူမဘေးတွင် ရပ်နေပြီး အေးအေးလူလူ ပြောလိုက်၏။ "မင်း ပြောသလိုပဲ။ သူ တကယ် ရောက်လာခဲ့တယ်။ နှမြောစရာ ကောင်းတာက သူ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
အားချန်က ပြန်မပြောခဲ့ချေ။
ပိုင်ကျန့်ဟွမ်က စကားပြောချင်စိတ် ပြင်းပြနေပုံရပြီး အားချန်ဘက်သို့ ခေါင်းလှည့်ကာ "သူ ချင်းကျိုးမှာ ဝိုင်းဝန်းတိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်ဆိုတာ ငါ မင်းကို မပြောပြခဲ့ဘူးလား"
အားချန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး သူ့အပြုံးအောက်တွင် ပြောလိုက်၏။ "ဒီနေရာက အေးလာသလိုပဲ။ သရဲတံခါးရဲ့ ချိတ်ပိတ်ထားတာတွေ စတင် လျော့ရဲလာပြီလား"
"ဖြစ်နိုင်တာပဲ"
"ကျွန်မ ဘာဖြစ်လို့ ဒီနေရာကို ရွေးချယ်ခဲ့လဲဆိုတာ ရှင် ခန့်မှန်းကြည့်ပါလား"
"ဘာဖြစ်လို့လဲ" ပိုင်ကျန့်ဟွမ်က စိတ်ဝင်တစား မေးလိုက်၏။
"ပိုင်ရှိုးမင်" အားချန် ရုတ်တရက် အော်ခေါ်လိုက်သည်။
လူများနှင့် တိုက်ခိုက်နေသော ပိုင်ရှိုးမင်က အာရုံလွှဲပြီး သူမကို တစ်ချက် ကြည့်လိုက်သည်။
အားချန် ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးနားက ပေ့ယန်က တွန့်ဆုတ်ခြင်း မရှိဘဲ သူမကို တိုက်ခိုက်လိုက်ပြီး သူမကို ဖမ်းချုပ်ရန် ကြိုးစားလိုက်သော်လည်း အားချန်၏ ကိုယ်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသော မိစ္ဆာစွမ်းအင်ကြောင့် နောက်ပြန် လွင့်စင်သွားခဲ့ရသည်။
သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော ပိုင်ကျန့်ဟွမ်၏ လက်သည်လည်း လွင့်စင်သွားခဲ့လေသည်။
သူတို့၏ မှင်သက်နေသော အကြည့်များအောက်တွင် အားချန် အော်ဟစ်လိုက်၏။ "ဟွမ်ဝူရဲ့ ညာဘက်ပခုံး!"
အားချန်၏ အသံကို ကြားလိုက်ရသောအခါ ပိုင်ရှိုးမင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ သရဲနှင့် ပေ့ဟွိုင်တို့၏ ကြားညှပ်တိုက်ခိုက်မှု အောက်တွင် သရဲ၏ ကုတ်ချက်ကို အောင့်ခံလိုက်ပြီး လက်ထဲက ဓားရှည်ဖြင့် ဟွမ်ဝူ၏ ညာဘက်ပခုံးကို တည့်တည့် ထိုးစိုက်လိုက်ကာ အားကုန် မွှေနှောက်လိုက်လေသည်။
အရာအားလုံးက လျင်မြန်လွန်းလှသဖြင့် ဟွမ်ဝူသည် သူမ၏ ပခုံးပေါ်က သရဲမျက်လုံး ထိုးဖောက်ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် သူမ၏ သရဲသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ခေါင်းလှည့်ကာ သူမဆီသို့ ပြန်လည် ခုန်အုပ်လာလေတော့သည်။
နှစ်ပေါင်းများစွာ ထိန်းချုပ်ခံခဲ့ရပြီးနောက် ထိန်းချုပ်ခံရပြီး လူသတ်ရသည်ထက် သူ့ကို ထိန်းချုပ်ထားသည့် လူသားကို အရေခွံခွာ၊ အကြောထုတ်၊ အရိုးမကျန်အောင် လုပ်ပစ်ချင်သည်က ပိုပြီး သဘာဝကျပေသည်။
မူလက သုံးယောက် တစ်ယောက် တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ယောက်ချင်း တိုက်ခိုက်မှု ဖြစ်သွားခဲ့သည်။ ဟွမ်ဝူသည် သရဲ၏ ပြန်လည်တိုက်ခိုက်ခြင်း ခံနေရသည်ကို မြင်သောအခါ ပေ့ဟွိုင်သည် ပိုင်ရှိုးမင်ကို အစွမ်းကုန် ရင်ဆိုင်ရတော့ပြီး အာရုံအနည်းငယ်မျှပင် လွှဲဖယ်၍ မရတော့ချေ။
ပိုင်ကျန့်ဟွမ်၏ ဘေးတွင် ကာကွယ်နေသော ပေ့ယန်သည် ပထမဆုံး အချိန်မှာပင် ရှေ့တက်ပြီး ပေ့ဟွိုင်ကို ကူညီရန် ကြိုးစားလိုက်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ပိုင်ရှိုးမင်ကို လျှော့တွက်ခဲ့မိခြင်းပင်။
သူတို့အားလုံး ဒဏ်ရာရထားကြသော်လည်း အင်အားချင်း တူညီသည်ဟု မဆိုလိုချေ။
သတိထားမိရန် ခက်ခဲသော ဟာကွက်တစ်ခု ပေါ်လာသည်နှင့် ပေ့ယန်သည် ခန္ဓာကိုယ်ဘေးမှ အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီး ဓားသွားသည် နူးညံ့သော အသားအရေပေါ်မှ ဖြတ်သန်းသွားကာ အေးစက်မှုများ ပျံ့နှံ့သွားလေတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အနိုင်အရှုံး ပြောင်းလဲသွားခဲ့လေသည်။
ပေ့ယန်၏ ခေါင်းသည် ခန္ဓာကိုယ်မှ ပြတ်ထွက်သွားချိန်တွင် တောင်ပေါ်၌ မြူခိုးများ ရုတ်တရက် ထူထပ်လာခဲ့သည်။ ဟွမ်ဝူ၏ ကိုယ်ပေါ်တွင် တက်ခွပြီး ကိုက်စားနေသော သရဲသည် မသိလိုက်သည့် အချိန်တွင် ပျောက်ကွယ်သွားပြီး မျက်လုံးမမှိတ်နိုင်သေးသော သူမ၏ စုတ်ပြတ်သတ်နေသော အလောင်းသာ ကျန်ရစ်ခဲ့တော့သည်။
အားချန်က သူမ၏ အသက်သွေးကြော နေရာကို ဘယ်လို သိသွားသည်ကိုတော့ သူမ ဘယ်တော့မှ သိခွင့်ရတော့မှာ မဟုတ်ချေ။
မြူခိုးများ ပျံ့နှံ့မှုက အလွန် လျင်မြန်လှသည်။ ပိုင်ရှိုးမင်သည် ပေ့ဟွိုင်ကို လိုက်လံ မသတ်ဖြတ်ဘဲ အားချန် ရှိရာသို့ တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့သည်။
အားချန်သည် ပိုင်ကျန့်ဟွမ်နှင့် ထိပ်တိုက် တွေ့နေချိန်တွင် အရိပ်နှစ်ခု ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ပိုင်ကျန့်ဟွမ်က အားချန်ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်ချိန်တွင် ဓားရောင် တစ်ချက် ဖြတ်သန်းလာပြီး သူ့လက်မောင်းကို တည့်တည့် ချိန်ရွယ်လိုက်သည်။
ပေ့ဟွိုင်၏ အရိပ် လှုပ်ရှားသွားပြီး ပိုင်ကျန့်ဟွမ်ကို အချိန်မီ ခေါ်ဆောင်သွားနိုင်ခဲ့သဖြင့် လက်မောင်းပြတ်မည့် ကံကြမ္မာမှ လွတ်မြောက်သွားခဲ့ရသည်။ ပိုင်ရှိုးမင်ကတော့ အားချန်၏ ခါးကို ဖက်လိုက်ပြီး နောက်သို့ ဆုတ်ခွာသွားခဲ့သည်။
အားချန်သည် ပိုင်ရှိုးမင်၏ ရွေးချယ်မှုကို မအံ့သြခဲ့ချေ။ အကြောင်းမှာ ပတ်ဝန်းကျင် အခြေအနေသည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့်ပင်။
မူလက ထူထပ်သော မြူဖြူများထဲတွင် အနီရောင်များ တဖြည်းဖြည်း စိမ့်ထွက်လာပြီး အောက်ဘက် သရဲတံခါး တည်ရှိရာ နေရာမှ အသံများ မသဲမကွဲ ထွက်ပေါ်လာနေလေသည်။
အစပိုင်းတွင် အသံမှာ ဝေးကွာပြီး ဝေဝါးနေသော်လည်း အားချန်သည် ထိုစူးရှသော အော်ဟစ်သံများက နားဘေးတွင် ရှိနေသကဲ့သို့ တဖြည်းဖြည်း ခံစားလာရလေသည်။
အဒါက သရဲတစ်ကောင်တည်းရဲ့ အသံ မဟုတ်ဘူး။ သရဲ အများကြီးရဲ့ အသံပဲ။
သူမ၏ အပြင်ဘက်သို့ ရောက်နေသော မျက်နှာနှင့် လက်များပေါ်တွင် စိုစွတ်မှုကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်က စိမ်းလန်းစိုပြည်နေသော သစ်ပင်ပန်းမန်များသည် ချက်ချင်း ခြောက်သွေ့သွားကာ မြေပြင်သည်လည်း စိုစွတ်လာလေသည်။ ဒါက ယင်ဓာတ် အစွန်းရောက်အောင် များပြားလာသည့် လက္ခဏာ။
ပိုင်ရှိုးမင်သည် အားချန်ကို ခေါ်ဆောင်ပြီး တောအုပ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေသော်လည်း မြူခိုးများ၏ အကွာအဝေးကနေ လွတ်မြောက်အောင် ဘယ်လိုမှ မသွားနိုင်ခဲ့ချေ။ သူတို့ ကွေခူးတောင်ထဲတွင် ပိတ်မိနေကြပြီ။
နောက်ဆုံးတွင် သူ လမ်းကြောင်းပြောင်းလိုက်ပြီး အားချန်ကို ခေါ်ဆောင်ကာ တခြားတောင်တစ်လုံးဆီသို့ သွားလိုက်လေသည်။ ထိုနေရာတွင် ပျက်စီးနေသော တောင်စောင့်နတ် ဘုရားကျောင်း တစ်ခု ရှိလေသည်။
ဘုရားကျောင်း တံခါးဝသို့ ဝင်ရောက်ချိန်တွင် ပိုင်ရှိုးမင် ခြေခေါက်လဲလုနီးပါး ဖြစ်သွားခဲ့သည်။ အားချန်၏ လက်က သူ့ရင်ဘတ်ကို ထိမိလိုက်ရာ စိုစွတ်ပူနွေးမှုကို ခံစားလိုက်ရပြီး သူမ၏ လက်ပေါ်တွင် သူ့သွေးများ ပေကျံနေလေသည်။
ဘယ်အချိန်ကတည်းကမှန်း မသိဘဲ သူ့ကိုယ်ပေါ်က အဝတ်အစားများကို သွေးများဖြင့် စိုရွှဲနေပြီ ဖြစ်လေသည်။
"ပိုင်ရှိုးမင်"
အားချန်၏ အသံတွင် တုန်ယင်မှု အနည်းငယ် ပါဝင်လာတော့သည်။ သူက တောက်လျှောက် စကားမပြောခဲ့ဘဲ အသက်ရှူသံများသာ ပိုပိုပြီး ပြင်းထန်လာခဲ့သည်။
ပိုင်ရှိုးမင်သည် လက်ထဲက ဓားရှည်ကို တောင်စောင့်နတ် ဘုရားကျောင်း တံခါးဝတွင် စိုက်ချလိုက်၏။ သူ့ခန္ဓာကိုယ် အလေးချိန်ကို အားချန်၏ ကိုယ်ပေါ်တွင် မှီထားလိုက်ပြီး သူမ၏ နားနားကပ်ကာ ပြောလိုက်၏။ "မကြောက်နဲ့။ ကိုယ် မင်းကို ဘာမှမဖြစ်စေရဘူး"
...