← Chapters

နိုးထလာတဲ့အခါ ဘဝသစ်တစ်ခု ဖြစ်လာလိမ့်မယ် ...

Vol. 20 Ch. 196

နိုးထလာတဲ့အခါ ဘဝသစ်တစ်ခု ဖြစ်လာလိမ့်မယ် ...

Vol. 20 Ch. 196

အားချန်သည် ပိုင်ရှိုးမင်ကို တွဲပြီး ဘုရားကျောင်းထဲသို့ ဒယိမ်းဒယိုင် ဝင်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရပြီးနောက် သူသည် အောက်သို့ လျှောကျသွားကာ သူမကိုပါ မြေပြင်ပေါ်သို့ ဆွဲချသွားခဲ့ပြီး အပေါ်ပိုင်းကသာ သူမ၏ ရင်ခွင်ထဲတွင် မှီကျန်ရစ်ခဲ့လေသည်။

အမှောင်ထုထဲတွင် အားချန်သည် သူ့မျက်နှာကို စမ်းသပ်မိလိုက်ပြီး အားဖြင့် ပုတ်လိုက်လေသည်။ "သတိထားပါ။ ရှင့်ကိုယ်ပေါ်မှာ ဒဏ်ရာကုဆေး ပါလား"

အချိန်အတော်ကြာမှ သူမ၏ ရင်ခွင်ထဲကလူသည် လက်မောင်းကို လှုပ်ရှားလိုက်ပြီး သူမက စမ်းသပ်ကာ သူ့လက်ကို ဆုပ်ကိုင်လိုက်ရာ လက်ထဲတွင် ဆေးပုလင်း တစ်လုံးနှင့် ကျောက်စိမ်းပြား တစ်ချပ် ရှိနေလေသည်။

အားချန်က ကျောက်စိမ်းပြားကို ဘာပစ္စည်းမှန်း မသိသဖြင့် ဘေးတွင် အရင် ချထားလိုက်ပြီး ဆေးပုလင်းကို ဖွင့်ကာ အထဲက တစ်လုံးတည်းသော ဆေးလုံးကို ထုတ်ယူလိုက်ပြီး ပိုင်ရှိုးမင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။

ဆေးတိုက်ပြီးမှ သူမသည် စိတ်သက်သာရာ ရသွားပြီး လက်ချောင်းများဖြင့် သူ့ပါးပြင်ကို ညင်သာစွာ ထိတွေ့လိုက်သည်။ ထိုနောက် ဖြည်းဖြည်းချင်း အောက်သို့ ရွေ့လျားသွားပြီး လည်ပင်းဘေးတွင် ခဏလောက် ဖိနှိပ်လိုက်ကာ ရင်ဘတ်ဆီသို့ ရွေ့လျားသွားလေသည်။

ထိုနေရာတွင် နက်ရှိုင်းပြီး မညီမညာ ဖြစ်နေသော ဒဏ်ရာတစ်ခု ရှိနေလေသည်။ ဟွမ်ဝူ၏ သရဲက သူ့နှလုံးသားကို တူးထုတ်ဖို့ ကြိုးစားခဲ့ခြင်းပင်။

အားချန်သည် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ပိုင်ရှိုးမင်၏ အသားအရေနှင့် ထိတွေ့နေသော သူမ၏ လက်ချောင်းများကတော့ ထိန်းချုပ်မရဘဲ တုန်ယင်နေလေသည်။

ကွေခူးတောင်ကို ရွေးချယ်ခဲ့တာ ဟွမ်ဝူရဲ့ သရဲကြောင့်ပဲ။

ဟွမ်ဝူရဲ့ အသက်သွေးကြော နေရာကို သူမ သိတယ်။ သရဲတံခါးဘေးမှာ သရဲရဲ့ စွမ်းအားက ပိုပြီး ကြီးမားလာလိမ့်မယ်။ တစ်ခါ ပြန်လည် တိုက်ခိုက်ခံရတာနဲ့ ဟွမ်ဝူ သေချာပေါက် သေဆုံးရမှာ။

ဟွမ်ဝူ မရှိတော့ရင် ဒဏ်ရာအပြင်းအထန် ရနေတဲ့ ပေ့ယန်နဲ့ ပုံမှန်အဆင့်လောက်ပဲ ရှိတဲ့ ပေ့ဟွိုင်က ကြောက်စရာ မလိုတော့ဘူး။ သူတို့က ပိုင်ရှိုးမင်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။

သူမ အရာအားလုံးကို တွက်ချက်ထားခဲ့ပေမဲ့ ပိုင်ရှိုးမင်က ဒဏ်ရာအပြင်းအထန် ရထားလျက်နဲ့ ရောက်လာခဲ့တာကို မတွက်ချက်မိခဲ့ဘူး။ ပြီးတော့ ဟွမ်ဝူ သေဆုံးပြီးနောက် သရဲက သရဲတံခါးရဲ့ အစီအရင်ကို ဖျက်ဆီးလိုက်မှာကိုလည်း မတွက်ချက်မိခဲ့ဘူး။

သူမသည် အလွန် နောင်တရမိတော့၏။ ပိုင်ရှိုးမင်ကို လောင်းကြေးထပ် မသုံးခဲ့သင့်ဘူး။ သူ့ကို စွန့်လွှတ်ဖို့ ရွေးချယ်လိုက်ကတည်းက သူ့ကို လွှတ်ပေးလိုက်သင့်တာ။

အားချန်သည် ရင်ခွင်ထဲက အသံတိတ်နေသော အမျိုးသားကို ဖက်ထားလိုက်လေသည်။ အရင်တုန်းက သူ့ကိုယ်ပေါ်က အပူချိန် မြင့်မားနေခဲ့သော်ငြား ယခုတော့ သူ့ခန္ဓာကိုယ် အပူချိန်က သူမထက်ပင် နိမ့်ကျနေလေပြီ။

ထိုအချိန်တွင် သရဲငိုသံများ ဝေးတစ်လှည့် နီးတစ်လှည့် ထွက်ပေါ်လာပြီး အားချန်၏ လက်မောင်းပေါ်က အမွေးအမျှင်များ ထောင်ထသွားတော့သည်။

အရိုးထဲထိ စိမ့်ဝင်သွားသော အေးစက်မှုသည် ဘုရားကျောင်းထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လာပြီး ဘုရားကျောင်းထဲက လူများကို ဝါးမျိုလုနီးပါး ဖြစ်နေလေသည်။

ရုတ်တရက် မြေပြင်ပေါ်က ကျောက်စိမ်းပြားသည် တဝီဝီ အသံမြည်လာပြီး အလင်းရောင်များ ထွက်ပေါ်လာကာ အေးစက်မှုကို မောင်းထုတ်လိုက်လေသည်။

အားချန်က ကျောက်စိမ်းပြားကို ကြည့်လိုက်၏။ သရဲတံခါး ပွင့်သွားပြီ။ ဒီနေရာက ယင်ဓာတ်က မတရားကို ထူထပ်နေတယ်။ ဒီကျောက်စိမ်းပြားက ယင်ဓာတ်ကို ဒီလောက်ထိ ထိရောက်မှု ရှိနေတာ ပိုင်ရှိုးမင် အထူးတလည် ပြင်ဆင်လာတာ ဖြစ်ရမယ်။

ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသော မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် အားချန်သည် ကျောက်စိမ်းပြားပေါ်က "ရှန့်" ဆိုသော စာလုံးကို မြင်တွေ့လိုက်ရသည်။ ဒါက သရဲထိန်းချုပ်တဲ့ တံဆိပ်ပြားတစ်ခု ဖြစ်ဖို့များတယ်။

ပိုင်ရှိုးမင်နဲ့ သူမနဲ့ အကြံအစည် တူညီနေကြပုံ ရတယ်။ တကယ်လို့ သူမသာ ဟွမ်ဝူရဲ့ အသက်သွေးကြော နေရာကို ထောက်ပြမပေးခဲ့ရင် သရဲကို ကိုင်တွယ်ဖို့က ဒီကျောက်စိမ်းပြား ဖြစ်လောက်တယ်။

သရဲထိန်းချုပ်တဲ့ တံဆိပ်ပြားနဲ့ တံခါးဝက ဓားရှိနေတော့ ဒီည ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်လောက်မယ် ထင်တယ်။

ဒီအတွေး ဝင်လာပြီး မကြာခင်မှာပင် သရဲထိန်းချုပ် တံဆိပ်ပြားပေါ်မှ တဂျွတ်ဂျွတ် အက်ကွဲသံများ ထွက်ပေါ်လာပြီး အားချန်က ဖြစ်ပျက်သွားသည့် အခြေအနေကို သေချာ မစဉ်းစားရသေးခင် ဘုရားကျောင်း အပြင်ဘက်က သရဲငိုသံများ ပျောက်ကွယ်သွားတော့သည်။

သရဲထိန်းချုပ် တံဆိပ်ပြား လုံးဝ ကွဲကြေသွားသည့် အချိန်တွင် သံကြိုး တရွတ်တိုက် ဆွဲသံနှင့် မြင်းခွာသံများကို အားချန် ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။

သရဲတွေ အများကြီး ဒီဘက်ကို လာနေကြပြီ။

သူမသည် ဘုရားကျောင်း တံခါးဝတွင် မီးခိုးရောင် အရိပ်တစ်ခုကိုပင် မြင်တွေ့နေရသည်။

ထိုအရိပ်သည် လူပုံစံ ဖြစ်သော်လည်း လူနှင့်မတူဘဲ အရပ် နှစ်မီတာကျော် မြင့်မားကာ လက်မောင်းများ သေးသွယ်ရှည်လျားပြီး ခြေမျက်စိထိ ရောက်နေလေသည်။ သေးသွယ်သော ခြေထောက်များသည် ရှစ်ဂဏန်းပုံစံ လမ်းလျှောက်ပြီး ဘုရားကျောင်းပျက်ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေလေသည်။

ထိုအရာက ဘုရားကျောင်းထဲသို့ လက်လှမ်းလိုက်သည့် အချိန်တွင် ပိုင်ရှိုးမင် တံခါးဝ၌ စိုက်ထားသော ဓားသည် တိတ်တဆိတ် လက်ခနဲ ဖြစ်သွားပြီး ထိုအရိပ်သည် အလယ်မှ ပြတ်တောက်သွားကာ ပျောက်ကွယ်သွားတော့သည်။

သို့သော် ဒါက အဆုံးသတ် မဟုတ်ဘဲ အစပျိုးခြင်းသာ ဖြစ်လေသည်။

ပိုများလာသည့် မီးခိုးရောင် အရိပ်များက အားချန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာကြ၏။ ဒါတွေ အားလုံးက သရဲတံခါးထဲကနေ တွားသွားထွက်လာကြတဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ သရဲတစ္ဆေတွေပဲ။

သူမ၏ အာရုံစိုက်မှု အားလုံး အပြင်ဘက်သို့ ရောက်ရှိနေချိန်တွင် ရင်ခွင်ထဲက ပိုင်ရှိုးမင်၏ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် မြင့်တက်လာသည်။ အားချန် အစပိုင်းတွင် သတိမထားမိသော်လည်း တဖြည်းဖြည်းနှင့် သူ့အသားအရေပေါ်က အပူချိန်က ပူလောင်လာတော့သည်။

အုပ်စုလိုက် တိုးဝင်လာကြသော သရဲတစ္ဆေများသည် ဓားရောင်များ၏ မွှေနှောက်မှုကို ခံလိုက်ရပြီး ငွေရောင် ဓားရောင်များက ဘုရားကျောင်းပျက် တစ်ခုလုံးကို လွှမ်းခြုံထားကာ တစ်ကောင်မှ ဝင်ခွင့် မပေးတော့ချေ။

ရုတ်တရက် အပြင်ဘက်မှ ဂီတသံများ ထွက်ပေါ်လာလေသည်။ ပျော်ရွှင်ဖွယ်ရာ ရိုးရာတေးသွားများနှင့်အတူ ရှုပ်ထွေးသော ခြေသံများ၊ ရယ်မောသံများ ပါဝင်လာပြီး ဘုရားကျောင်း တံခါးဝသို့ မမောမပန်း တိုးဝင်နေကြသော သရဲတစ္ဆေများသည် အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြတော့သည်။

အားချန် မမြင်ရသော ဘုရားကျောင်း ထောင့်တစ်နေရာနှင့် ထုပ်တန်းများပေါ်တွင် ထူထဲသော နှင်းဖြူများ ဖုံးလွှမ်းနေလေသည်။ သူမ မမြင်ရသော်ငြား ယခုအချိန်တွင် ယင်ဓာတ်သည် အလွန်အမင်း ထူထပ်နေပြီး ဆောင်းရာသီ ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိနေသကဲ့သို့ ခံစားနေရ၏။

သည်လို ယင်ဓာတ်က ခုနက ဟွမ်ဝူ၏ သရဲ ယူဆောင်လာသည့် ယင်ဓာတ်ထက် ပိုပြီး ထူထပ်နေကာ အပူချိန် အားလုံးကို ချက်ချင်း ယူဆောင်သွားတော့သည်။

အားချန်၏ စိတ်နှလုံးသည် အောက်ဆုံးထိ ပြုတ်ကျသွားသလို ဖြစ်သွားတော့သည်။ ဒီသရဲတံခါးထဲမှာ ဟွမ်ဝူရဲ့ သရဲထက် ပိုပြီး စွမ်းအားကြီးတဲ့ သရဲတစ္ဆေတွေ ဖိနှိပ်ခံထားရတာပဲ။ တစ်ကောင်တည်း မဟုတ်လောက်ဘူး။

သရဲအရိပ်အချို့ ဘုရားကျောင်း တံခါးဝတွင် တိတ်တဆိတ် ပေါ်ထွက်လာကြသည်။ အားချန် မော့ကြည့်လိုက်ရာ ပထမဆုံး မြင်လိုက်ရသည်မှာ စာပေသမား ဝတ်စုံ ဝတ်ဆင်ထားသော သရဲတစ်ကောင် ဖြစ်လေသည်။

ထိုသရဲ၏ ကိုယ်ပေါ်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး သာမန်လူနှင့် မခြားနားချေ။ သူ့ကျောပေါ်တွင် ရှေးဟောင်း စောင်းတစ်လက် လွယ်ထားပြီး အားချန်ကို ပြုံးပြနေလေသည်။

စာပေသမား၏ လက်ထဲတွင် ငါးနှစ် ခြောက်နှစ် အရွယ် ကလေးငယ် တစ်ယောက်ကို ဆွဲထားသည်။ ကလေးငယ်သည် ရင်စည်း အင်္ကျီလေးသာ ဝတ်ဆင်ထားပြီး ခြေလက် ဗလာဖြင့် ရှိနေလေသည်။

ထိုကလေးငယ်၏ လက်ထဲတွင် အရာဝတ္ထု တစ်ခုကို ကိုင်ဆောင်ကာ ကိုက်စားနေပြီး အားချန်က သေချာ ကြည့်လိုက်သည့် အခါမှ အစိမ်းရောင် သရဲလက်မောင်း တစ်ဖက် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

စာပေသမား၏ ဘယ်ဘက်တွင်လည်း အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော သရဲမတစ်ကောင် ရပ်နေသည်။ မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် အနီရောင် ခေါင်းမြီးခြုံထားလေသည်။

သူတို့ အနောက်တွင် သရဲအရိပ် အများအပြား ရှိနေသေးပြီး လည်ပင်းကို ဆန့်ကာ အားချန် ရှိရာဘက်ကို လောဘတကြီး စိုက်ကြည့်နေကြ၏။

သရဲမသည် စာပေသမား၏ နားနား ကပ်သွားပြီး သရဲဘာသာစကားဖြင့် ပြောဆိုနေပုံ ရသော်ငြား အားချန် ကြားရသည်မှာ စူးရှသော အော်ဟစ်သံနှင့် ရယ်မောသံများ ရောနှောနေခြင်းသာ ဖြစ်လေသည်။

သရဲမ စကားပြော ရပ်သွားသည့် အခါတွင် စာပေသမားက စကားပြောလာ၏။ "ပိုင်ရှိုးမင် ... ပိုင်ရှိုးမင် ..."

ခေါ်လိုက်သည်မှာ ပိုင်ရှိုးမင်၏ နာမည်ပင် ဖြစ်လေသည်။

ဒီစွမ်းအားကြီးတဲ့ သရဲတစ္ဆေတွေက သူတို့ကို အနှစ်သက်ဆုံး သွေးအစာအဖြစ် သတ်မှတ်ပြီး ရောက်လာကြတာပဲ။

အသံထွက်ပေါ်လာသည်နှင့် ဘုရားကျောင်း တံခါးဝက ဓားသည် လင်းလက်သွားပြီး တဝီဝီ မြည်သံများ မရပ်မနား ထွက်ပေါ်လာကာ ဓားသွားသည် ငွေရောင်များ တောက်ပနေပြီး ထိုသရဲတစ္ဆေများကို ခေါင်းဖြတ်သတ်ရန် အချိန်မရွေး အဆင်သင့် ဖြစ်နေသယောင်ပင်။

စာပေသမား လက်က ဆွဲထားသော ကလေးသရဲသည် ဓားကြောင့် ဒေါသထွက်သွားပုံရပြီး ဓားရိုးကို လှမ်းဆွဲရန် ပြင်လိုက်သော်ငြား လက်မထိရသေးခင်မှာပင် သရဲလက်သည်းများ အပိုင်းပိုင်း ပြတ်တောက်သွားကာ စူးရှစွာ ငိုကြွေးအော်ဟစ် လိုက်လေသည်။

စာပေသမား နောက်က သရဲများသည် တစ်ကောင်ပြီးတစ်ကောင် ရှေ့တိုးလာကာ ဓားကို နုတ်ယူပြီး ဝင်ရောက်ရန် ကြိုးစားကြသော်လည်း အားလုံး မအောင်မြင်ခဲ့ကြချေ။ သို့သော် အရင် သရဲတစ္ဆေများကဲ့သို့ ဝိညာဉ်လွင့်ပါးသွားခြင်း မရှိဘဲ ခန္ဓာကိုယ်ပေါ်က ပြတ်တောက်သွားသော အစိတ်အပိုင်းများ လျင်မြန်စွာ ပြန်လည် စုစည်းလာကြသည်။

ကြိုးစားမှုများ အကြိမ်ကြိမ် မအောင်မြင် ဖြစ်လာသောအခါ သရဲမသည် စိတ်မရှည်တော့ပုံ ရလေသည်။ သူမ ရှေ့တစ်လှမ်း တိုးလိုက်ပြီး ဘုရားကျောင်း တံခါးဝကို လှမ်းဆွဲလိုက်လေသည်။

ဘုရားကျောင်း တံခါးဝတွင် လှိုင်းဂယက်များ ထွက်ပေါ်လာပြီး ဘုရားကျောင်းပျက်ကို မသဲမကွဲ လွှမ်းခြုံထားလိုက်သည်။ အဲဒါက ပိုင်ရှိုးမင်ရဲ့ ဓားက ထောက်ပံ့ထားတဲ့ အကာအကွယ် အစီအရင်ပဲ။

အကာအကွယ် အစီအရင် ပေါ်လာခြင်းက သရဲမနဲ့ စာပေသမားကို တားဆီးနိုင်ခြင်း မရှိဘဲ သူတို့ ပိုပြီး စိတ်လှုပ်ရှားလာပုံ ရလေသည်။ တိုးတိုးတိတ်တိတ် ပြောဆိုရင်း ဘုရားကျောင်းထဲက လူတွေကို ကြည့်လိုက်၊ အပေါ်ဘက်ကို သတိထားပြီး ကြည့်လိုက် လုပ်နေကြသည်။

သူတို့က အတင်းအဓမ္မ ဝင်ရောက်ဖို့ မလောဘဲ အကာအကွယ် အစီအရင်ကို ပုံမှန် တိုက်ခိုက်နေတာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံ ရသည်။

ဒီအချိန်တွင် အားချန်သည် ပိုင်ရှိုးမင်၏ ထူးခြားမှုကို နောက်ဆုံးတော့ သတိထားမိလိုက်သည်။

သူ့ခန္ဓာကိုယ် အပူချိန်က ဆက်လက် မြင့်တက်နေပြီး အပူငွေ့များ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်က ယင်ဓာတ်များကို မောင်းထုတ်ပေးနေသည်။ သူမ၏ လက်ချောင်းများအောက်တွင် သူ့ကိုယ်ပေါ်က ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာနေသည်။

ပိုင်ရှိုးမင် အဆင့်တက်နေခြင်း ဖြစ်နိုင်ခြေကို အားချန် ရုတ်တရက် သဘောပေါက်သွားသည်။

သူမ တစ်ယောက်တည်း မဟုတ်ဘဲ ဝန်းရံနေကြသော သရဲတစ္ဆေများလည်း စောစီးစွာ သတိထားမိနေကြပြီ ဖြစ်လေသည်။

သူတို့၏ တိုက်ခိုက်နှုန်း မြန်ဆန်လာသည်။ ဓားက ထောက်ပံ့ထားသော အကာအကွယ် အစီအရင်သည် ခိုင်မြဲနေဆဲ ဖြစ်သော်ငြား အားချန် တွေ့ရှိလိုက်သည်မှာ ရင်ခွင်ထဲကလူ၏ ခန္ဓာကိုယ် အပူချိန် ကျဆင်းလာခြင်းပင်။ ဆိုလိုသည်မှာ သူ့သွေးဓာတ်များ ကျဆင်းလာပြီး အတွင်းအားများ ကုန်ဆုံးလာနေပြီ ဖြစ်သည်။

အားချန်သည် ဘုရားကျောင်း တံခါးဝက ဓားကို ကြည့်လိုက်၏။ အကာအကွယ် အစီအရင်ကို ထောက်ပံ့ထားသည်က ဓား မဟုတ်ဘဲ ဓားနှင့် ဆက်သွယ်ထားသည့် ပိုင်ရှိုးမင်ရဲ့ အတွင်းအားပင်။

ဒီလိုလုပ်တာ ရလဒ်တစ်ခုပဲ ရှိတယ်။ သူ့အတွင်းအား မကုန်ဆုံးခင် ဘယ်အရာကမှ ဝင်လာလို့ မရဘူး။

ဒါပေမဲ့ သူကတော့ အဆင့်တက်တာ မအောင်မြင်ရုံသာမက ဒီနေရာမှာတင် အားကုန်ပြီး သေဆုံးသွားနိုင်တယ်။ သူမအတွက်တဲ့။

မျက်ရည်ပေါက်ကြီးများ ပိုင်ရှိုးမင်၏ မျက်နှာပေါ်သို့ ကျဆင်းလာတော့သည်။ အားချန်သည် ခေါင်းငုံ့ပြီး သူ့မျက်နှာပေါ်က မျက်ရည်များကို သုတ်ပေးလိုက်သည့် အချိန်တွင် ရွှေရောင် အမြုတေသည် တိတ်တဆိတ် ပေါ်ထွက်လာခဲ့လေသည်။

အားချန်က မော့ကြည့်လိုက်ရာ တောက်ပနေဆဲ ဖြစ်သော အမြုတေကို တွေ့လိုက်ရသည်။

အဲဒီထဲမှာ အဖေရဲ့ မိစ္ဆာစွမ်းအင်၊ အသက်ဓာတ်နဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေ ပါဝင်နေတယ်။

သူမက အဲဒီ မှတ်ဉာဏ်တွေအတွက် လူသားခန္ဓာကိုယ်နဲ့ အဖေရဲ့ မိစ္ဆာစွမ်းအင်ကို ဆက်ခံဖို့ ဆုံးဖြတ်ခဲ့တာ။

အားချန်မှာ ကိုယ့်ရွေးချယ်မှုအတွက် ဘယ်တော့မှ နောင်တမရတတ်ပေ။ ဆုံးဖြတ်ပြီးလျှင် နောက်လှည့်မကြည့်တတ်ချေ။

သူမ၏ ခန္ဓာကိုယ်သည် မိစ္ဆာစွမ်းအင်နှင့် စတင် အသားကျနေပြီ ဖြစ်သည်။ မတော်တဆမှု မဖြစ်ခဲ့လျှင် သူမသည် မိစ္ဆာစွမ်းအင်ကို ကိုယ်တွင်းကလီစာများဆီသို့ ပို့ဆောင်ပြီး ခန္ဓာကိုယ်ကို မိစ္ဆာအသွင် ပြောင်းလဲရန် ကြိုးစားနေလောက်ပြီ။

ဒါက အချိန်အကြာကြီး ယူရနိုင်သည် ဖြစ်နိုင်သော်လည်း သူမကတော့ အောင်မြင်မည်ဟု ယုံကြည်သည်။

မိစ္ဆာအသွင် ပြောင်းလဲမှု မအောင်မြင်ခင် သူမက ရင်းနှီးသည့် လူများကို နှုတ်ဆက်ပြီး ဟွေ့ညန်ကို ခေါ်ကာ ရှန့်ကျင်းကနေ၊ သာ့ရှကနေ ထွက်ခွာသွားမည်။ ကန္တရနယ်မြေဆီ အရင်သွားပြီး အားမန်၏ သဲလွန်စကို ဆက်ရှာမည်။

သူမ ကိုယ့်အနာဂတ်ကို စဉ်းစားထားပြီးသားပင်။ ပိုင်ရှိုးမင် မပါဝင်သည့် အနာဂတ်။

ပိုင်ရှိုးမင်က သူမ ရှေ့မှောက်တွင် သေဆုံးသွားနိုင်သည့်အချက်ကိုသာ မစဉ်းစားခဲ့မိခြင်းပင်။

သူမက ပိုင်ရှိုးမင်ကို စွန့်လွှတ်ခဲ့ပေမဲ့ ပိုင်ရှိုးမင်ကတော့ သူမကို အသက်နဲ့ရင်းပြီး ရွေးချယ်ခဲ့တယ်။ သူမက အမြဲတမ်း သူ့ချစ်ရသူဖြစ်ခဲ့တာပဲ။

ဒီအခိုက်အတန့်တွင် အားချန်တစ်ယောက် ရှင်းရှင်းလင်းလင်း သိလိုက်ရတော့သည်။ အစီအစဉ်များ အားလုံးက မျက်စိရှေ့ကလူ အသက်ရှင်ဖို့လောက် အရေးမကြီးနေတော့ခြင်း။

သူမက လက်လှမ်းပြီး အမြုတေကို ဆုပ်ကိုင်လိုက်၏။ မျက်လုံးမှိတ်လိုက်ပြီး အာရုံစူးစိုက်မှု အားလုံးကို စုစည်းလိုက်၏။ "အဖေ"

"အဖေ ..."

အမြုတေသည် အားချန်၏ ခေါ်သံအောက်တွင် တဒုန်းဒုန်း ခုန်လှုပ်လာပြီး သူမ၏ နှလုံးခုန်နှုန်းနှင့် တစ်ထပ်တည်း ဖြစ်နေလေသည်။

လက်ထဲက အမြုတေ တုန်ခါမှု ပိုပိုပြီး ပြင်းထန်လာကာ ဆုပ်ကိုင်ထားလို့ မရတော့သည့် အချိန်တွင် အမြုတေသည် ရွှေရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး ကြီးမားသော မိစ္ဆာစွမ်းအင်များ ဘုရားကျောင်းပျက်ထဲတွင် ပေါက်ကွဲထွက်လာကာ ကြီးမားသော အမြီး၉ချောင်းမြေခွေး တစ်ကောင်သည် မိစ္ဆာစွမ်းအင်ထဲမှ စုစည်းပေါ်ထွက်လာပြီး ဘုရားကျောင်း တံခါးဝသို့ ပြေးထွက်သွားတော့သည်။

ဒီအချိန်တွင် တောင်စောင့်နတ် ဘုရားကျောင်း အပြင်ဘက်၊ အားချန် မမြင်ရသော နေရာအနှံ့တွင် သရဲတစ္ဆေများ ပြည့်နှက်နေပြီး အစိမ်းရောင် အလင်းတန်း ထွက်ပေါ်နေသော သရဲတစ္ဆေများမှာ ဘုရားကျောင်း တံခါးဝက နှစ်ကောင်တည်း မဟုတ်ချေ။

သရဲတံခါးထဲက သရဲတစ္ဆေ အားလုံးလိုလို ဒီနေရာမှာ စုဝေးနေကြပြီး သမိုင်းတစ်လျှောက် မကြုံဖူးသော စားသောက်ပွဲကြီးကို စောင့်ဆိုင်းနေကြလေသည်။

အမြည်း၉ချောင်းမြေခွေး ပေါ်လာသည့် အချိန်အထိ ထိုကြီးမားသော ခန္ဓာကိုယ်သည် ထူထပ်သော မိစ္ဆာစွမ်းအင်များနှင့်အတူ လှိမ့်ဝင်လာပြီး ပတ်ဝန်းကျင်က သရဲတစ္ဆေများ အရပ်လေးမျက်နှာသို့ ထွက်ပြေးကြကာ လှုပ်ရှားမှု နှေးကွေးသူများမှာ ချက်ချင်းဆိုသလို မိစ္ဆာစွမ်းအင်၏ လောင်ကျွမ်းမှုကို ခံလိုက်ရပြီး ပြာကျသွားကြသည်။

အဆင့် ၄ သရဲများ အနည်းငယ်သာ ကျန်ရစ်ပြီး လက်မလျှော့နိုင်ဘဲ ရှိနေကာ အမြည်း၉ချောင်းမြေခွေးနှင့် လှည့်ပတ် တိုက်ခိုက်နေကြပြီး သူ၏ မိစ္ဆာစွမ်းအင်ကို ကုန်ဆုံးစေသလို ကိုယ့်ရဲ့ သရဲစွမ်းအင်ကိုလည်း ကုန်ဆုံးစေနေကြသည်။

အားချန်သည် မြေပြင်ပေါ်တွင် ထိုင်ကာ ပိုင်ရှိုးမင်၏ ခန္ဓာကိုယ်ကို ဖက်ထားပြီး ဘုရားကျောင်း တံခါးဝကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ထိုနေရာတွင် အမြည်း၉ချောင်းမြေခွေး၏ အရိပ် ရံဖန်ရံခါ ပေါ်လာတတ်သည်။ သူက အင်မတန် ကြီးမားလွန်းသဖြင့် သူမသည် သူ့ကိုယ်ပေါ်က ရွှေရောင် တောက်ပနေတဲ့ အမွေးတွေကိုသာ မြင်ရပြီး ရံဖန်ရံခါ အမြီးအချို့ ဖြတ်သန်းသွားတာကို တွေ့နေသည်။

ထိုသရဲတစ္ဆေများ ဘုရားကျောင်း တံခါးဝတွင် ထပ်မပေါ်လာတော့ဘဲ ပိုင်ရှိုးမင်၏ ခန္ဓာကိုယ် အပူချိန် ပြန်တက်လာကာ သွေးဓာတ်များ ဆူပွက်လာပြီး အတွင်းအားများ လှိမ့်ဝင်လာလေသည်။ အထွတ်အထိပ် ရောက်သည့်အခါ သူ့အရိုးများ တဂျွတ်ဂျွတ် အသံမြည်လာပြီး အဝတ်အစားလွတ်နေသော အသားအရေသည် ကွဲအက်သွားသော ကြွေထည်ကဲ့သို့ အက်ကြောင်းများစွာ ပေါ်လာပြီး လျင်မြန်စွာ ပြန်လည် ကောင်းမွန်သွားလေသည်။

သူ့နှလုံးခုန်သံသည် စည်တီးသံကဲ့သို့ တဒုန်းဒုန်း မြည်နေပြီး ပိုပိုပြီး ကျယ်လောင်လာကာ ပိုပိုပြီး အားကောင်းလာခဲ့သည်။

ဘုရားကျောင်း အပြင်ဘက်တွင် သရဲတစ္ဆေများ၏ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာပြီး မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော သရဲမသည် တစ်ကိုယ်လုံး ရွှေရောင် မီးတောက်များ လောင်ကျွမ်းလျက် မြေပြင်ပေါ်သို့ လဲကျသွားကာ သရဲခန္ဓာကိုယ်သည် မီးတောက်ထဲတွင် တွန့်လိမ် ရုန်းကန်နေပြီးနောက် အခိုးအငွေ့ အဖြစ် ပြောင်းလဲသွားတော့သည်။

ထို့နောက် ဒုတိယတစ်ကောင်၊ တတိယတစ်ကောင် ...

တတိယ မီးတောက် လောင်ကျွမ်းပြီးသွားချိန်တွင် အပြင်ဘက် ကောင်းကင် ရုတ်တရက် လင်းလာခဲ့သည်။

အနီရောင် မနက်ခင်း ဆည်းဆာရောင်ခြည်သည် ကောင်းကင်အနှံ့ ချက်ချင်း ပျံ့နှံ့သွားပြီး ရှင်သန်မှု အားကောင်းသော အသက်ဓာတ်နှင့်အတူ ကွေခူးတောင်တွင် လွှမ်းခြုံထားသော မြူခိုးများကို မောင်းထုတ်လိုက်လေသည်။

အလင်းရောင်သည် မည်းမှောင်နေသော တောင်စောင့်နတ် ဘုရားကျောင်းထဲသို့ ဝင်ရောက်လာပြီး အားချန်က ငုံ့ကြည့်လိုက်သည်တွင် ရင်ခွင်ထဲက အမျိုးသား၏ ကိုယ်ပေါ်နှင့် မျက်နှာပေါ်တွင် သွေးစများ ရှိနေသော်လည်း သွေးစများအောက်တွင် ချောမွေ့ ဖြူဖွေးသော အသားအရေ ရှိနေပြီး အမာရွတ်ပင် မကျန်ရစ်ခဲ့ချေ။

မိုးလင်းချိန် မရောက်သေးသော်ငြား ထိုအရာက ပိုင်ရှိုးမင် အဆင့်တက်ပြီးနောက် ဖြစ်ပေါ်လာသော ကောင်းကင်နှင့် မြေကြီး၏ ထူးခြားဖြစ်စဉ်ပင်။

ဘုရားကျောင်း တံခါးဝတွင် စတုတ္ထနှင့် ပဉ္စမ မီးတောက်များ ဆက်တိုက် လဲကျသွားပြီးနောက် မည်သည့် အသံမှ ထပ်မကြားရတော့ဘဲ ထူထပ်သော ယင်ဓာတ်များသည် မသိလိုက်သည့် အချိန်တွင် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

နောက်ဆုံး မီးတောက် ငြိမ်းသွားသည့် အချိန်တွင် အရွယ်အစား အများကြီး သေးငယ်သွားပြီး ရွှေရောင် အလင်းဝါများ ထွက်ပေါ်နေသော အမြည်း၉ချောင်း တစ်ကောင်သည် အားချန်၏ အကြည့်အောက်တွင် ကျက်သရေရှိသော ခြေလှမ်းများဖြင့် ဘုရားကျောင်း တံခါးဝသို့ ဝင်ရောက်လာခဲ့၏။

သူသည် အားချန်၏ ရှေ့တွင် လာထိုင်လိုက်ပြီး အမြီးကိုးချောင်းသည် သူ့အနောက်တွင် ညင်သာစွာ လှုပ်ရှားနေလေသည်။

အားချန်၏ အကြည့်သည် သူ့နောက်သို့ အမြဲ လိုက်ပါနေပြီး စမ်းသပ်သည့် အနေဖြင့် လက်လှမ်းလိုက်သော်လည်း လက်သည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့လေသည်။

"အဖေ" အားချန်က တိုးတိုးလေး ခေါ်လိုက်သည်။

သူက မထူးဘဲ ရုတ်တရက် မျက်ရည်များ စီးကျလာသော အားချန်ကို နူးညံ့သော အကြည့်ဖြင့် ကြည့်နေလေသည်။

"အဖေ" အားချန်၏ အမြင်အာရုံ ဝေဝါးလာပြီး အသံမှာ ဆို့နင့်ကာ ကွဲအက်လုနီးပါး ဖြစ်နေ၏။ "တောင်းပန်ပါတယ် အဖေ"

သမီး အဖေ့ကို မရွေးချယ်ခဲ့ဘူး။ သမီးကို အရမ်း ချစ်တဲ့ လူတစ်ယောက်ကို ရွေးချယ်ခဲ့မိတယ်။

အမြည်း၉ချောင်းမြေခွေးသည် အားချန်၏ စကားကို နားလည်သလား မသိသော်ငြား ခေါင်းကို စောင်းလိုက်ပြီး ရှေ့တိုးကာ အားချန်၏ မျက်နှာကို လျှာဖြင့် လျက်ပေးလိုက်လေသည်။

သူ့ခန္ဓာကိုယ်က မိစ္ဆာစွမ်းအင်နဲ့ စုစည်းထားခြင်း ဖြစ်ပြီး အကောင်အထည် မရှိသော်ငြား အားချန်ကတော့ နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရသလိုပါပင်။

သူမ ငယ်ငယ်တုန်းက ချင်းယွီတောင်ပေါ်မှာ တခြား မြေခွေးပေါက်စလေးတွေ မိဘတွေရဲ့ အမွေးလျက်ပေးတာ ခံရတာကို မြင်ပြီး စိတ်ထဲမှာ အရမ်း အားကျခဲ့ဖူးတယ်။ တစ်နေ့ကျရင် အဖေက သူမကို လာရှာပြီး အမွေးလျက်ပေးမယ်လို့ အမြဲ တွေးခဲ့ဖူးတယ်။

သူမမှာ လှပတဲ့ အမွေးတွေ မရှိတော့ပေမဲ့ အဖေလည်း မရှိတော့ပေမဲ့ ဆန္ဒတစ်ခု ပြည့်ဝသွားပြီလို့ ဆိုရမှာပေါ့။

အားချန်၏ မျက်နှာပေါ်က မျက်ရည်များ ပျောက်ကွယ်မသွားဘဲ ပိုမို များပြားလာသဖြင့် အမြည်း၉ချောင်းမြေခွေးသည် မတ်တပ်ရပ်လိုက်ပြီး စိတ်ပူစွာဖြင့် သူမကို နှစ်ပတ်လောက် ပတ်လိုက်ကာ သူမနှင့် ပိုင်ရှိုးမင်ကို ခန္ဓာကိုယ်ဖြင့် ဝိုင်းထားလိုက်ပြီး အမြီးကိုးချောင်းဖြင့် အားချန်၏ ကိုယ်ပေါ်နှင့် ခေါင်းပေါ်ကို ဖြည်းဖြည်းချင်း ပုတ်ပေးနေကာ သူမကို မငိုဖို့ ချော့မြှူနေသကဲ့သို့ပင်။

ဘုရားကျောင်း အပြင်ဘက်တွင် မနက်ခင်း ဆည်းဆာရောင်ခြည်ထဲ၌ ပုန်းကွယ်နေသော နေလုံးနီကြီးသည် ချည်နှောင်မှုများကို ရုန်းထွက်လိုက်ပြီး ပုံသဏ္ဌာန် တစ်ခု ပေါ်လာခဲ့သည်။

ဒါက ထူးခြားသည့် နိမိတ်တစ်ခုပင်။ ချက်ချင်းဆိုသလို ရောင်ခြည်တန်းပေါင်းများစွာ ကောင်းကင်ယံကို ထိုးဖောက်သွားပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ရွှေရောင် လွှမ်းသွားတော့သည်။

သံသရာအသစ် တစ်ခု စတင်တော့မည့် အလားပင်။

အားချန်၏ ကိုယ်ပေါ်တွင်လည်း ဆည်းဆာရောင်ခြည်ကြောင့် ရွှေရောင် တစ်လွှာ လွှမ်းခြုံသွားပြီး သူမ ရင်ခွင်ထဲက လူ၏ မျက်တောင်များ အနည်းငယ် တုန်ခါသွားကာ မျက်လုံး ပွင့်လာတော့သည်။

ပိုင်ရှိုးမင် မျက်လုံးပွင့်လာသည့် အချိန်တွင် အမြည်း၉ချောင်းမြေခွေးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

သူက ခေါင်းငုံ့လိုက်ပြီး မျက်နှာကို အားချန်၏ မျက်နှာဖြင့် မခွဲခွာရက်သလို ပွတ်သပ်လိုက်ပြီးနောက် ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဝေဝါးလာတော့သည်။

အားချန် သိလိုက်၏။ မိစ္ဆာစွမ်းအင် ကုန်ဆုံးတော့မည်။ ဒါက ဒီဘဝတွင် အဖေ့ကို မြင်ရတဲ့ နောက်ဆုံးအကြိမ်ပင်။

သူမသည် ထိုအရိပ်ကို မခွဲရက်နိုင်စွာ ကြည့်နေပြီး မျက်တောင်ပင် မခတ်ရဲချေ။

အမြည်း၉ချောင်းမြေခွေးက လှုပ်ရှားလိုက်ပြီး ခေါင်းငုံ့ကာ အားချန်နှင့် နဖူးချင်း ထိကပ်လိုက်လေသည်။ ထိုအရိပ် မပျောက်ကွယ်မီ အားချန်သည် အမျိုးသားတစ်ဦး၏ အသံကို ဦးနှောက်ထဲတွင် ရုတ်တရက် ကြားလိုက်ရ၏။ "ငါ့ရဲ့ အားချန်လေး ကြီးပြင်းလာပြီပဲ"

သူ့ရဲ့ အားချန်လေး၊ ရှည်လျားတဲ့ နှစ်ကာလတွေကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီ။ မိဘတွေကို ခွဲခွာပြီး ကိုယ်ပိုင် ဘဝတစ်ခုကို ဖြတ်သန်းနိုင်ပြီ။

အသံ ပျောက်ကွယ်သွားပြီး အမြည်း၉ချောင်းမြေခွေး၏ အရိပ်လည်း ပျောက်ကွယ်သွားကာ နောက်တစ်စက္ကန့်တွင် ကြီးမားသော အသက်ဓာတ်များသည် အားချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာတော့သည်။

မိစ္ဆာစွမ်းအင် ကုန်ဆုံးသွားပြီးနောက် အမြုတေထဲက အသက်ဓာတ်များသည် ရှီးကျင်က သမီးဖြစ်သူအတွက် ချန်ထားခဲ့သော နောက်ဆုံး လက်ဆောင်ပင် ဖြစ်လေသည်။

သည်လို ရိုက်ခတ်မှုကြောင့် အားချန် ချက်ချင်း သတိလစ်သွားခဲ့သည်။ သူမ၏ စိတ်ဝိညာဉ် ကမ္ဘာထဲတွင်လည်း သတိလစ်နေသော အမြီးရှစ်ချောင်း မြေခွေးသည် မူလခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး မြေခွေးအသွင်မှ အားချန် လူအသွင်ပြောင်းထားသော ပုံစံသို့ ပြောင်းလဲသွားတော့သည်။

သူမသည် မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ အိပ်ပျော်နေလေသည်။ နိုးထလာသည့်အခါ ဘဝသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

...

All Chapters