ဒီဝမ်ရယ်ကို ပြောပြစမ်းပါ။ မင်းက ဘယ်လိုများ ...
Vol. 20 Ch. 197
ယဲ့ရှီအချိန်တွင် (နံနက်သုံးနာရီမှငါးနာရီ) ကောင်းကင်အနှံ့ လွမ်းခြုံနေသော မနက်ခင်း ဆည်းဆာရောင်ခြည်သည် နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီး မူလက မီးခိုးပြာရောင်သို့ ပြန်လည်ရောက်ရှိ သွားလေသည်။
ပိုင်ရှိုးမင်သည် အားချန်ကို ပွေ့ချီပြီး တစ်ညတာတည်းခိုခဲ့သော တောင်စောင့်နတ် ဘုရားကျောင်းထဲမှ ထွက်ခွာလာခဲ့၏။ ဘုရားကျောင်းတံခါးတွင် စိုက်ထားပြီး အရောင်အဝါပျောက်ဆုံးနေသော ဓားရှည်သည် တိတ်တဆိတ် ကွဲကျေသွားလေတော့သည်။
ဒီအချိန်တွင် ကွေခူးတောင်တွင် သစ်ပင်ပန်းပန်အားလုံး ခြောက်သွေ့သေဆုံးနေပြီ ဖြစ်သော်ငြား လျှောက်လှမ်းနေရင်း အဝေးက ငှက်အော်သံများကို မသဲမကွဲ ကြားနေရ၏။
ပိုင်ရှိုးမင်သည် ခြေလှမ်းအနည်းငယ်ကို တမင်တကာ လှည့်ပတ်လျှောက် လှမ်းလိုက်ပြီး သရဲတံခါး တည်ရှိရာနေရာသို့ သွားရောက်လိုက်၏။ ယခုအချိန်တွင် ထိုနေရာ၌ အောက်ခြေကို မမြင်ရသော တွင်းနက်ကြီးတစ်ခုသာ ကျန်ရှိတော့ပြီး တွင်းထဲက ယင်ဓာတ်များက တစ်စက်လေးမှ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
သူ နိုးလာသည့် အချိန်တွင်အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သော်လည်း အကြောင်းစုံကိုတော့ ခန့်မှန်းရသည်မှာ မခက်ခဲပေ။
အားချန်သည် အဆင့်၅အမြူတေကို အသုံးပြုပြီး သူမ၏အဖေကို ဆင့်ခေါ်ကာ သူ့အသက်ကို ကယ်တင်ခဲ့လေသည်။ ဒီနေရာတွင် ဖိနှိပ်ခံထားရသည့် အဆင့်မြင့် သရဲတစ္ဆေအားလုံး ဝိညာဉ် လွင့်ပါးသွားခဲ့ကြသည်။
ပိုင်ရှိုးမင်သည် ခေါင်းကိုအနည်းငယ် စောင်းလိုက်ပြီး သူ့ပခုံးတွင်မှီကာ အိပ်ပျော်နေဆဲဖြစ်သော အားချန်ကို ငုံ့ကြည့်လိုက်၏။ သူမ၏မျက်နှာပေါ်တွင် မသုတ်ရသေးသော မျက်ရည်စများက ကျန်ရစ်လို့နေလေသည်။
နှုတ်ခမ်းဖြင့် သူမ၏နဖူးကို ညင်သာစွာ ထိတွေ့လိုက်ပြီးနောက် ပိုင်ရှိုးမင်၏ အရိပ်သည် အကြိမ်အနည်းငယ် လှုပ်ရှားသွားကာ ကွေခူးတောင်ထဲမှ ပျောက်ကွယ်သွားတော့သည်။
အဆင့်၅သို့ ရောက်ရှိပြီးနောက်တွင် ကျင့်ကြံသူများသည် အခြားအသက်ဓာတ် အဆင့်တစ်ခုသို့ ဝင်ရောက်သွားကြပြီး ကျင့်ကြံမှုသည်လည်း အဆင့်၄နှင့် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသွားလေသည်။ သူသည် လူကို လျန်ကျိုးမှ ရှန့်ကျင်းသို့ ပြန်လည်ခေါ်ဆောင်လာရာတွင် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး ရှန့်ကျင်၏ ညမထွက်ရအမိန့် ပြီးဆုံးကာစသာ ရှိသေးသည်။
မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် ပိုင်ရှိုးမင်သည် အားချန်ကို မင်းကျင့်စီးသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခဲ့၏။ တာဝန်လဲလှယ်ရန် ပြင်ဆင်နေသော အစောင့်နှစ်ဖွဲ့သည် သူတို့၏ကျန့်ရှီဖူ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် တညီတညွတ်တည်း ဂါရဝပြုလိုက် ကြလေသည်။ "လူကြီးမင်း"
"ဌာနချုပ်မှူး ရုံးတော်မှာရှိလား" ပိုင်ရှိုးမင်က မေးလိုက်၏။
ဒီအချိန်တွင် ပုံမှန်အရာရှိများသည် ရုံးတော်တွင် အနားယူလေ့ မရှိသော်ငြား ချင်ဟန်ကတော့ တစ်ကောင်ကြွက်တည်းဖြစ်ပြီး ရုံးတော်တွင် နေထိုင်ရန်လိုအပ်သည့် အချိန်တိုင်း အိမ်ပြန်လေ့မရှိချေ။
မင်းကျပ်စီး အစောင့်တစ်ဦးက ကမန်းကတမ်း ပြန်ဖြေလိုက်၏။ "ဌာနချုပ်မှူးက မနေ့က ရုံးတော်ကနေ မထွက်ခွာခဲ့ပါဘူး"
"သူ့ကို သွားခေါ်လိုက်။ ငါ ပြန်ရောက်ပြီလို့ ပြောလိုက်"
"ဟုတ်ကဲ့" ထိုမင်ကျင့်စီးအစောင့်သည် ရုံးတော်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားလေသည်။
ပိုင်ရှိုးမင်က အားချန်ကို ပွေ့ချီပြီး ရုံးတော်အတွင်းက သူ့နေအိမ်သို့ ပြန်လာခဲ့လိုက်၏။ သူမကို ကုတင်ပေါ်တွင် ချထားလိုက်ပြီး သန့်ရှင်းသော လက်ကိုင်ပုဝါ တစ်ထည်ကိုယူကာ ရေစွတ်ပြီး သူမ၏မျက်နှာနှင့် လက်များကို သန့်ရှင်းပေးလိုက်သည်။
အစမှအဆုံးအထိ အားချန်ဆီမှ ဘာတုံ့ပြန်မှုမှ မရရှိခဲ့ချေ။
ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး တံခါးခေါက်သံ နှစ်ချက်အပြီးတွင် တံခါးသည် အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရလေသည်။
ချင်ဟန်၏ အသံသြသြကြီးက ထွက်ပေါ်လာခဲ့၏။ "ဘာလို့ဒီလောက် မြန်မြန်ပြန်ရောက်လာတာလဲ။ ချင်းကျိုးဘက်က ..."
သူသည် ခြေတစ်လှမ်း အခန်းထဲသို့ဝင်လာပြီး မော့ကြည့်လိုက်သည်တွင် ပိုင်ရှိုးမင်၏ ကုတင်ပေါ်တွင် လူတစ်ယောက်လဲ နေသည်ကိုတွေ့လိုက်ရ၏။ သူကဒီလောက် အသံအကျယ်ကြီး ပြောနေသည်ကိုပင် ထိုလူက နည်းနည်းလေးမှပင် တုံ့ပြန်မှုမရှိချေ။
သူ့ခြေလှမ်းများက ရပ်တန့်သွားပြီး တံခါးအပြင်ဘက်သို့ ပြန်ဆုတ်လိုက်ကာ အသံကိုနှိမ့်ချပြီး မေးလိုက်၏။ "ဒါက ဘာဖြစ်တာလဲ"
"ကိစ္စမရှိပါဘူး" ပိုင်ရှိုးမင်က ကုတင်ဘေးတွင် အကာအကွယ် အစီအရင်တစ်ခု ချထားလိုက်ပြီး မတ်တပ်ရပ်ကာ တံခါးဝသို့လျှောက်သွား လိုက်လေသည်။
ချင်ဟန်က မျက်မှောင်ကြုတ်ပြီး ပိုင်ရှိုးမင်ကို အကဲခတ်ကာ ကြည့်လိုက်၏။ တစ်ဖက်လူ၏ ကိုယ်ပေါ်က အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး သွေးများ ပေကျန်နေသဖြင့် အပြန်လမ်းတွင် မတော်တဆမှု တစ်ခုခု ဖြစ်ပွားခဲ့သည်မှာ သေချာပေသည်။ သို့ပေသိ ...
အချိန်အတော်ကြာ စိုက်ကြည့်လိုက်ပြီးမှ သူက ချီတုံချတုံဖြင့် မေးလိုက်တော့သည်။ "မင်း အရပ်ပိုရှည် လာတာလား"
အရပ်နည်းနည်းလေး ရှည်လာရုံသက်သက်မဟုတ်ဘဲ ခန္ဓာကိုယ် အချိုးအစားပါ အနည်းငယ် ပြောင်းလဲသွားသလို ဖြစ်နေသည်။ သိပ်မသိသာသော်ငြား သူ့မျက်လုံးကိုတော့ ရှောင်လွှဲလို့မရနိုင်ချေ။
ပြောပြီးသည်နှင့် ချင်ဟန်သည် တစ်စုံတစ်ခုကို သတိရသွားပြီး စုပ်သံတစ်ချက်ပြုကာ မျက်လုံးများ ပြူးကျယ်သွားတော့၏။ "အဆင့်၅ကို ဖောက်ထွက်သွားတာ မင်းလား"
ကျင့်ကြံသူများ အဆင့်၅သို့ ထိုးဖောက်ပြီးသွားသည့်အချိန်တွင် ခန္ဓာကိုယ်သည် ဝိညာဉ်နှင့် တစ်ထပ်တည်း ဖြစ်သွားအောင် ပြန်လည်တည်ဆောက်ရပြီး ခန္ဓာကိုယ်ကို ပြီးပြည့်စုံသော အနေအထားသို့ ရောက်ရှိရစေသည်။ ပိုင်ရှိုးမင်၏ ခန္ဓာကိုယ်ပြောင်းလဲမှုသည် ထိုအကြောင်းကြောင့် ဖြစ်ပေမည်။
ကောင်းကင်နှင့်မြေကြီး၏ ထူးခြားဖြစ်စဉ်ကို ချင်ဟန်သည် မြင်တွေ့ခဲ့သော်ငြား ပိုင်ရှိုးမင် ဖြစ်နေလိမ့်မည်ဟုတော့ တစ်ခါမှ မထင်မှတ်ခဲ့မိချေ။ မည်သို့ဆိုစေ သူက အလွန်ငယ်ရွယ်သေးသည်ပင်။
ပိုင်ရှိုးမင်က ခေါင်းငြိမ့်ပြလိုက်၏။ "ကံကောင်းသွားတာပါ"
"အဆင့်တက်ပြီးတာတောင် ဝမ်ရယ်ကို သွားမတွေ့ဘဲ ရုံးတော်ကိုလာပြီး ဘာလုပ်တာလဲ" ချင်ဟန်က ပြောရင်းဆိုရင်း မေးငေါ့ပြလိုက်၏။ "မိန်းကလေး တစ်ယောက်ကိုတောင် ပြန်ခေါ်လာသေးတယ်"
"ကျွန်တော့်မှာ လုပ်စရာကိစ္စ ရှိသေးတယ်။ လူကို ဒီမှာထားခဲ့တာ ခင်ဗျားရှိနေတော့ ပိုပြီးစိတ်ချရလို့ပါ"
အားချန်မြို့ တော်ကနေ ထွက်ခွာသွားတာက ပိုင်ကျန့်ဟွမ်ရဲ့ ခြိမ်းခြောက်မှု မကင်းဘူးဆိုတာ သေချာတယ်။
ပိုင်ကျန့်ဟွမ်၏ လက်ထဲတွင် အဆင့်၄နယ်ပယ်ပညာရှင် အများကြီးမရှိ တော့သော်ငြား ပိုင်ရှိုးမင်ကတော့ စိတ်မချနိုင်သေးပေ။
ဖုဟွမ်နဲ့ ကိစ္စကတော့ ဒီကိစ္စမပြီးမချင်း မတွေ့တာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။
"ကောင်းပြီလေ" ချင်ဟန်ကလည်း အလွယ်တကူ သဘောတူလိုက်၏။ "ဘယ်တော့ ပြန်လာမှာလဲ"
ပိုင်ရှိုးမင်သည် အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်ပြီး "နောက်အကျဆုံး မနက်ဖြန်ပေါ့"
ချင်ဟန်က ထပ်မေးလိုက်သည်။ "ဒီမိန်းကလေးက ဘယ်လိုအခြေအနေလဲ။ တကယ်လို့ နိုးလာရင် ဘယ်လိုပြောလိုက်ရမလဲ"
ပိုင်ရှိုးမင်သည် အခန်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး "စိတ်မပူပါနဲ့။ သူ ဒီနေ့ နိုးလာမှာ မဟုတ်ဘူး"
အားချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော အသက်ဓာတ်များသည် လုံလောက်အောင် နူးညံ့သိမ်မွေ့သော်ငြား ပမာဏ ကြီးမားလွန်းလှသဖြင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါင်းစပ်ရန် အချိန်တစ်ခု လိုအပ်လေသည်။ မနက်ဖြန် ဒီအချိန်လောက်အထိ သူမသည် နိုးလာ နိုင်ဦးမည်မဟုတ်ချေ။
"ဒါဆိုရင်တော့ ပြီးတာပါပဲ" ချင်ဟန်က စိတ်သက်သာ ရာရသွား၏။ သူက မိန်းကလေးနဲ့ဆက်ဆံရတာကို မကျွမ်းကျင်ဘူးလေ။
သူက ပြန်ထွက်တော့မည် ပြန်လိုက်စဉ်မှာပင် ပိုင်ရှိုးမင်က ပြောလိုက်ပြန်သည်။ "ဓားတစ်လက် လာပို့ခိုင်းလိုက်ပါဦး"
"ကောင်းပြီ" ချင်ဟန်က သူ့အရင်ဓား ဘယ်ရောက်သွားလဲဟု မမေးတော့ဘဲ လက်ဝှေ့ယမ်းပြကာ ထွက်ခွာသွားတော့သည်။
ပိုင်ရှိုးမင်က အခန်းထဲသို့ ပြန်ဝင်ပြီးသန့်ရှင်းသည့် အဝတ်တစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်၏။ အဝတ်အစားလဲပြီး ထွက်လာသည့်အချိန်တွင် ဓားလာပို့သူက ရောက်ရှိနေပြီ ဖြစ်လေသည်။
သူက အနက်ရောင် ဓားရှည်ကို လှမ်းယူလိုက်ပြီး ဓားကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်ပြီး လက်ချောင်းထိပ်ဖြင့် ဓားသွားကို ပုတ်လိုက်ရာ တစီစီမြည်သံ ထွက်ပေါ်လာလေသည်။
ဓားကောင်းတစ်လက်ပဲ။ သူက ပြုံးရယ်ကာ ပြောလိုက်ပြီး ဓားကို ပြန်သိမ်းလိုက်ကာ ဓားကို ပြန်ကိုင်ဆောင်ပြီး မင်ကျင့်စီးမှ ထွက်ခွာသွားတော့သည်။
ပိုပြီးအတိအကျ ပြောရမယ်ဆိုရင်တော့ ရှန့်ကျင်းမှ ထွက်ခွာသွားခြင်းပင်။ ဒီအချိန်တွင် လျန်ကျိုးနှင့် ထုန်ကျိုးနယ်စပ်ရှိ တရားဝင်လမ်းမကြီးပေါ်တွင် အရိပ်နှစ်ခု ပေါ်ထွက်လာခဲ့သည်။ ပိုင်ကျန့်ဟွမ်နှင့် ပေ့ဟွိုင်တို့ပင်။
သူတို့နှစ်ဦးသည်လည်း မနေ့ညက ကွေခူးတောင်တွင် ပိတ်မိနေခဲ့သော်ငြား သရဲတံခါးမှ ထွက်ပြေးလာသော အဆင့်မြင့်သရဲတစ္ဆေ အားလုံးသည် ပိုင်ရှိုးမင်း၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသဖြင့် သူတို့ကတော့ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
နောက်ပိုင်း ဖြစ်ပျက်ခဲ့သောကိစ္စများက အလွန်ထိတ်လန့်စရာ ကောင်းနေသဖြင့် ယခုထိတိုင် စိတ်မငြိမ်သက် နိုင်သေးချေ။
ထိုသရဲတစ္ဆေများသည် အမြီး၉ချောင်းမြေခွေး၏ လက်ချက်ဖြင့် သေဆုံးသွားကြပြီး နောက်ပိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏ ထူးခြားဖြစ်စဉ်များက အချိန်အကြာကြီး ပျောက်ကွယ်မသွားခဲ့ပေ။
ဒီအချိန်တွင် ပိုင်ကျန့်ဟွမ်၏ စိတ်ထဲ၌ အလွန်ရှုပ်ထွေးနေလေသည်။ ထိုအမြီး၉ချောင်း မြေခွေးသည် အားချန်၏လက်ချက် ဖြစ်ဖို့များလေသည်။ အကယ်၍ မနေ့ညက ပိုင်ရှိုးမင်သာ ရောက်မလာခဲ့ရင် အားချန်က ဒီနည်းလမ်းကိုသုံးပြီး သူ့ကိုတိုက်ခိုက်လေမလားပင် မသိပေ။
သူက တကယ်ပဲအားချန်ရဲ့အငြိုးအတေးကြီးမှုကို လျော့တွက်မိသွားတာပဲ။ သူက ဘယ်အချိန်တုန်းကများ ဟွမ်ဝူရဲ့ အသက်သွေးကြော နေရာကို သိသွားရတာလဲ။ ပြီးတော့ ဘယ်လောက်ကြာကြာ ကြိုတင်စီစဉ်ထားခဲ့တာများလဲ။
"ဝမ်ရယ် အပြန်ခရီးယာဉ်တန်းက လမ်းမှာရှိနေတုန်းပဲ။ ကျွန်တော်တို့ စောင့်ဦးမလား" ပေ့ဟွိုင်က လူသူကင်းမဲ့နေသော လမ်းမကြီးကို မကြာခဏ လှည့်ကြည့်ပြီး မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေ၏။
မနေ့ညက သေလုမျောပါး ဖြစ်ခဲ့ရတယ်။ သူလည်း ဟွမ်ဝူနဲ့ ပေ့ယန်လိုမျိုး ကွေခူးတောင်မှာ သေသွားတော့မလို ဖြစ်ခဲ့ရတာ။
ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်လာခဲ့ပေမယ့် ခုနက ကောင်းကင်နဲ့မြေကြီး ထူးခြားဖြစ်စဉ်ကြောင့် သူ့စိတ်ထဲမှာ မငြိမ်မသက်ဖြစ်နေတုန်းပဲ။
အဲဒီ ပိုင်ရှိုးမင် ... သူ အဆင့်များ တက်သွားတာလား။
သာမန်အတွေးဆိုလျှင်တော့ ဒီလိုဖြစ်နိုင်ခြေက အလွန်နည်းပါးလှသော်ငြား အချိန်ကိုက်ဖြစ်လွန်းနေသဖြင့် သူသည် သတိမထားမိဘဲ မနေနိုင်တော့ချေ။
"မစောင့်တော့ဘူး။ ငါတို့ အရင်သွားကြမယ်။ အမြန်ဆုံးအရှိန်နဲ့ ပေဟွမ်ကို ပြန်မယ်" ပိုင်ကျန့်ဟွမ်၏ စိတ်ထဲတွင်လည်း ပေ့ဟွိုင်ကဲ့သို့ပင်။ စိုးရိမ်ပူပန်မှုများ ရှိနေလေသည်။
သူသည် ယခုအချိန်တွင်တော့ အားချန်ကို ဂရုမစိုက် နိုင်တော့ချေ။ သူ့ပိုင်နက်ထဲကို ချက်ချင်းပြန်ရောက်ချင်နေလေပြီ။
အဆင့်တက်သွားသည့်လူက ပိုင်ရှိုးမင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူသည် ယခုအချိန်တွင် သူ့အတွက်အခြား ထွက်ပေါက်တစ်ခု ရှာထားရပေတော့မည်။
ဆုံးဖြတ်ချက်ချပြီးနောက် ပိုင်ကျန့်ဟွမ်နှင့် ပေ့ဟွိုင်တို့သည် အတွင်းအားကို အသုံးပြုပြီးခရီးဆက်ခဲ့ကြ၏။ သူ၏ကျင့်ကြံမှုသည် ပေ့ဟွိုင်လောက် မကောင်းသဖြင့် ရံဖန်ရံခါတွင် အတွင်းအားဖြည့် ပေးရန် ဆေးလုံးများကိုစားသုံးရလေသည်။
သူတို့နှစ်ဦးသည် လမ်းတွင်နည်းနည်းလေးမှ မနားရဲဘဲ မိုးလင်းမှမိုးချုပ် သန်းခေါင်ကျော်သည်အထိ ခရီးနှင်ခဲ့ပြီးမှ မြစ်ကမ်းပါးတစ်ခုတွင် ခဏတာ အနားယူကြလေသည်။
ယခုအချိန်တွင် သူတို့သည် ကျိကျိုးနယ်ထဲသို့ ရောက်ရှိနေကြပြီဖြစ်၏။ ဒီအရှိန်အတိုင်း ဆိုလျှင်တော့ မိုးလင်းသည်နှင့် နယ်စပ်တံခါးကို ဖြတ်ကျော်နိုင်တော့မည်။
လမ်းတလျှောက်လုံး လိုက်လံဖမ်းဆီးသူများ မတွေ့ရသဖြင့် သူတို့သည် အရင်ကလောက်တော့ အလောတကြီး မဟုတ်တော့ချေ။
ပိုင်ကျန့်ဟွမ်သည် မြစ်ကမ်းပါးတွင် မျက်နှာသစ်လိုက်ပြီး မော့ကြည့်လိုက်ရာ မြစ်ရေပြင်ပေါ်တွင် လရောင်က ထင်ဟပ်နေပြီး လှိုင်းဂယက်များ တောက်ပနေသည်ကို တွေ့လိုက်ရ၏။
သူသည် မြစ်ရေပြင်ကို ငေးကြည့်ရင်း ခဏတာ စိတ်နှင့်ကိုယ်မကပ် ဖြစ်သွားတော့သည်။ ဒီဘဝမှာ သူ့အမြဲတမ်း အဆင်ပြေချောမွေ့ခဲ့တယ်။။ ဖုဟွမ်ကွယ်လွန်ပြီးတဲ့ နောက်မှာ ညီအစ်ကိုတွေနဲ့ ထီးနန်းလုတုန်းကတောင် ဒီလောက် မထိခိုက်ခဲ့ဖူးဘူး။ အခုတော့ အိမ်ယာမဲ့ ခွေးတစ်ကောင်လို ဖြစ်နေပြီ။
ဘယ်လောက်ပဲ ကြံစည်ပါစေ လူစရိုက် ဘက်လိုက်မှုကိုတော့ မယှဉ်နိုင်ခဲ့တာပဲ။
ပိုင်ကျန့်ဟွမ်သည် လက်ပေါ်က ရေစက်များကိုခါထုတ်လိုက်ပြီး ထရပ် ရန်ပြင်လိုက်စဉ်မှာပင် ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားလေတော့သည်။
သွေးညှီနံ့ ဖျော့ဖျော့က မြောက်လေပြည်နှင့်အတူ လွင့်ပါးလာခဲ့သည်။ သူက ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ သစ်ပင်ကိုမှီပြီး အနားယူနေသော ပေ့ဟွိုင်သည် အသံမထွက်ဘဲ ထိုင်နေသည်ကိုတွေ့လိုက်ရ၏။
သူ့မျက်လုံးများက ပြူးကျယ်နေပြီး ပိုင်ကျန့်ဟွမ်ရှိရာဘက်သို့ မြဲမြံစွာကြည့်နေကာ မျက်လုံးထဲက သွေးစီးကြောင်းနှစ်ခု ကျလာပြီး ပါးပြင်ပေါ်သို့ ဖြတ်သန်းသွားလေသည်။
ပေ့ဟွိုင် သေသွားပြီလား။
လောကကြီးထဲက လူအများစု မော့ကြည့်ရသည့် အဆင့်၄ကျင့်ကြံသူ တစ်ယောက်က သူ့ဘေးနားတွင် ဒီလိုတိတ်တဆိတ် သေဆုံးသွားခဲ့သည်ကို သူသည် နည်းနည်းလေးမှ သတိမထားမိလိုက်ချေ။
သတိထားမိလိုက်သည့် အခိုက်အတန့်တွင် ပိုင်ကျန့်ဟွမ်သည် ရေခဲတုံးကြီးကို ထိမှန်လိုက်သလို ခံစားလိုက်ရပြီး မျှော်လင့်ချက် ကင်းမဲ့မှုနှင့် ကြောက်ရွံမှုများက သူ့ရင်ထဲတွင် ထိန်းချုပ်မရဘဲ ပျံ့နှံလာလေတော့သည်။
အဆိုးရွားဆုံး ခန့်မှန်းချက်က အမှန်ဖြစ်လာခဲ့လေပြီ။
ပေ့ဟွိုင်၏ အလောင်းကို အချိန်အတော်ကြာအောင် ကြောင်ပြီး ငေးကြည့်နေပြီးမှ ပိုင်ကျန့်ဟွမ်သည် နောက်ဆုံးတွင်တော့ ဒူးကို အားပြုကာ ထရပ်လိုက်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏စည်းချက် မမှန်သော နှလုံးခုန်သံကိုသာ ကြားနေရ၏။
ပိုင်ကျန့်ဟွမ်က ခြောက်သွေ့နေသော နှုတ်ခမ်းကိုသပ်လိုက်ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းလိုက်ကာ "ထွက်လာခဲ့"
ပိုင်ရှိုးမင်၏အရိပ်သည် ရုတ်တရက် သူ့ရှေ့တွင်ပေါ်လာခဲ့၏။ တစ်ဖက်လူက မည်သို့ပေါ်လာသည်ကိုပင် သူသည်သေသေချာချာ မမြင်လိုက်ရပေ။
"ဘယ်အချိန်ကတည်းက လိုက်မီလာတာလဲ" သူက မေးလိုက်၏။
"ခင်ဗျားတို့ ထုန်ကျိုးမှာရှိတုန်းက"
ပိုင်ကျန့်ဟွမ်သည် မျက်လုံးများကို မှိတ်လိုက်မိတော့သည်။ ပါးစပ်ထဲတွင် ခါးသက်မှုများက ပြည့်နှက်နေတော့၏။ ဒါက အဆင့်၅ပဲလား။
"ဘာဖြစ်လို့ အဲဒီတုန်းက မလှုပ်ရှားခဲ့တာလဲ" ဒီအချိန်မျိုးတွင် ထိုကိစ္စများကို မေးမြန်းနေသည်က အဓိပ္ပာယ်မဲ့သော်ငြားလည်း သူသည် ဘာအကူအညီမှလည်း မျှော်လင့်လို့ မရနိုင်တော့သည့်တိုင် မကျေနပ်နိုင် ဖြစ်နေမိ၏။
ပိုင်ရှိုးမင်သည် လက်ထဲက ဓားရှည်ကို မြေကြီးပေါ်တွင် ထောက်လိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် သူ့မေးခွန်းကို ဖြေကြားလိုက်လေသည်။ "ပေဟွမ်ဝမ် အသက်လု ထွက်ပြေးနေတာကို တွေ့ရခဲလို့ စိတ်ဝင်စားစရာ ကောင်းတာနဲ့ ကြည့်နေလိုက်တာပါ"
စိတ်ဝင်စားစရာ ကောင်းတယ် ...
ဒီစကားနှစ်ခွန်းက ပိုင်ကျန့်ဟွမ်အတွက် အလွန် အရှက်ရစရာ ကောင်းလှပေသည်။ သူ့ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်သွားပြီး တခြားသူ ပြောလာသည် ဆိုလျှင်တော့ အနိုင်ရသူက အရှုံးသမားကို ပြောတာပဲလေဟု လက်ခံနိုင်မှာပင်။ သို့ပေသိ ဒီလူက ပိုင်ရှိုးမင် ဖြစ်နေသည်။
"တခြား မေးစရာရှိသေးရင်လည်း တစ်ခါတည်း မေးလိုက်။ မိုးမလင်းခင် ငါ အားချန်ကို သွားပြန်ပြီးတော့ အဖော်ပြု ပေးရအုံးမယ်။ ပေဟွမ်ဝမ်မှာ သေတန်းစာချန်ဖို့ တစ်နာရီအချိန်ရတယ်" ပိုင်ရှိုးမင်၏ အသံထဲတွင် ခံစားချက်က သိပ်မပါဝင်ပေ။
အားချန်၏ နာမည်ကို ပိုင်ရှိုးမင်၏ပါးစပ်မှ ကြားလိုက်ရသောအခါ ပိုင်ကျန့်ဟွမ်၏ စိတ်ထဲတွင် ပြောမပြတတ်အောင် ရှုပ်ထွေးသွားတော့၏။
အားချန်သည် နောက်ဆုံးအချိန်တွင်တော့ သူ့ဘေးနားတွင် ရပ်တည်လိမ့်မည်ဟု ယုံကြည်ချက် ရှိခဲ့ဖူးလေသည်။
သို့သော်ငြား သူမက ညကောင်းကင်ယံတွင် ဖြတ်သန်းသွားသည့် ကြယ်ကျွေတစ်ခုလိုပဲ။ တောက်ပပြီး လှပသော်ငြား သူမျက်စိရှေ့မှ ဖြတ်သန်းသွားရုံ သက်သက်ပင်။ ဘယ်တုန်းကမှ သူသည် မပိုင်ဆိုင်ခဲ့ဖူးချေ။
သူမက နောက်ဆုံးတော့ ပိုင်ရှိုးမင်ကို ရွေးချယ်လိုက်တာပဲ။
ပိုင်ကျန့်ဟွမ်သည် အသက်ပြင်းပြင်း။ရှုထုတ်လိုက်ပြီး နောက်ဆုံးတွင်တော့ ပြောလိုက်၏။ "တကယ်လို့ငါက ပေဟွမ်ဝမ်နေရာနဲ့ ပေဟွမ်ဝမ်အိမ်တော်ရဲ့ အရာအားလုံးကို အရှင်မင်းကြီးသတ်မှတ်တဲ့ ဘယ်သူ့ကိုမဆို လွဲပြောင်းပေးဖို့ သဘောတူရင် ပိုင်လူကြီးမင်းက ဒီဝမ်ရယ်ကို အသက်ချမ်းသာပေးနိုင်မလား"
ဒါသည် ဆွဲဆောင်မှုရှိသည့် ကမ်းချက်တစ်ခုဖြစ်သည်မှာ သံသယဖြစ်ရန်ပင် မလိုချေ။
ပေဟွမ်ဝမ် ပျောက်ဆုံးသွားပြီး အစားထိုးလိုက်သည်နှင့် သူက လိုလိုလားလား နေရာဖယ်ပေးပြီး အေးချမ်းစွာ လက်ခံတာက အရှင်မင်းကြီး၏ ဂုဏ်သိက္ခာအပေါ် အနည်းနှင့်အများတော့ သက်ရောက်မှုရှိပေမည်။
အကယ်၍ ပိုင်းကျန့်ဟွမ်က ယခုအချိန်တွင် အရှင်မင်းကြီး ရှေ့တော်၌ ရပ်နေလျှင် သူက အရှင်မင်းကြီးကို အောင်မြင်စွာ စည်းရုံးနိုင်ကောင်း စည်းရုံးနိုင် ပေအုံးမည်။
ဝမ်းနည်းစရာ ကောင်းသည်က ဒီနေရာတွင် ရပ်နေသူက ပိုင်ရှိုးမင် ဖြစ်နေခြင်းပင်။
ပိုင်ရှိုးမင်က မျက်ခုံးများကို ပင့်ထားလိုက်ကာ "ပေဟွမ်ဝမ်က ဒီအရာရှိက ခင်ဗျားကို လွှတ်ပေးမယ်လို့ ထင်နေတာလား"
"ဒီကမ်းလှမ်းချက်က မင်းအတွက် အကျိုးပဲ ရှိပြီး အဆိုးမရှိပါဘူး"
"ခင်ဗျားရှိနေတာကတော့ ကျုပ်အတွက် အဆိုးပဲ" ပိုင်ရှိုးမင်၏ မျက်လုံးထဲက သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားတော့ချေ။
ပိုင်ရှိုးမင်အတွက် ပိုင်ကျန့်ဟွမ်က လူရှာပြီးသူ့ကိုလုပ်ကြံသည်မှာ ဒုတိယအကြိမ်ပင်။ သူ မလုပ်သင့်ဆုံးအရာက အားချန်ကို ကြံစည်ခဲ့ခြင်းပင်။
ပိုင်ကျန့်ဟွမ်က သူ့အသက်ကို လိုချင်သလို ပိုင်ရှိုးမင်ကလည်း တစ်ဖက်လူ၏ အသက်ကို လိုချင်နေသည်။
ဓားရှည်ကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်သည်တွင် လရောင်သည် အေးစက်သော ဓားသွားပေါ်တွင် ရောင်ပြန်ဟပ်သွား၏။ ပိုင်ရှိုးမင်က ဓားကို ပြောင်းပြန်ကိုင်ထားပြီး ဓားထိပ်ဖျားသည် မြစ်ကမ်းနားက ကျောက်စရစ်ခဲများပေါ်တွင် ခြစ်မိကာ နားဝင်ဆိုးလှသည့် အသံများ ထွက်ပေါ်လာခဲ့သည်။
ပိုင်ရှိုးမင်သည် တစ်လှမ်းချင်းရှေ့သို့ တိုးလာခဲ့၏။ ပိုင်ကျန့်ဟွမ်၏ အနောက်တွင် တိတ်ဆိတ်စွာ စီးဆင်းနေသောမြစ်ရေ ရှိနေပြီးသူသည် နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။
ရယ်စရာကောင်းသည်က သူ၏ကျင့်ကြံမှုများသည် ပိုင်ရှိုးမင်ရှေ့တွင် ဘာခုခံနိုင်စွမ်းမှ မရှိတော့ခြင်းပင်။
အဆင့်၅နှင့် တကယ်တမ်း ရင်ဆိုင်လိုက်ရသည့်အချိန်မှ သိလိုက်ရသည့်အရာမှာ မိမိကိုယ်တိုင် တိုက်ခိုက်နိုင်သည့် အင်အားပင် ပျောက်ဆုံးသွားခဲ့ခြင်းကိုပင်။ သူ၏အတွင်းအားများ အေးခဲသွားသလို ဖြစ်နေပြီး နည်းနည်းလေးမှ အသုံးချလို့မရတော့ပေ။
တစ်ဖက်လူက တစ်လှမ်းချင်း တိုးကပ်လာသည်ကို ကြည့်ပြီး ပိုင်ကျန့်ဟွမ်သည် ရုတ်တရက် ရယ်မောလိုက်၏။ "အားချန်က ငါ့အိမ်တော်မှာ သုံးနှစ်နေခဲ့တယ်"
ပိုင်ရှိုးမင်၏လက်ထဲက ဓားသည် ရပ်တန့်သွားပြီး ခြေလှမ်းလည်း ရပ်တန့်သွားလေသည်။
"ဒီသုံးနှစ်မှာ ငါနဲ့သူက နေ့တိုင်း အတူရှိခဲ့ကြတယ်။ မင်း သူ့အကြောင်း နားလည်သင့်ပါတယ်။ တကယ်လို့ လူတစ်ယောက်ကို တကယ်မုန်းတီးရင် သူက ဘယ်တော့မှ ကိုယ့်ဟာကိုယ် အနစ်နာခံမှာ မဟုတ်ဘူး"
ပိုင်ကျန့်ဟွမ်၏ မျက်လုံးထဲက ထင်ရှားသော ကျေနပ်အားရမှုများကို ကြည့်ပြီး ပိုင်ရှိုးမင်က ပြောလိုက်၏။ "အားချန်ရဲ့ ဘေးကပ်လျက်ဆိုင်ခန်းက သူဌေးရွှီက သူနဲ့ နေ့တိုင်းတွေ့နေတာ တစ်နှစ်ကျော်ပြီ။ နောက်ပိုင်းလည်း ဆက်ပြီးရှိနေဦးမယ် ထင်တယ်။ သူက မသက်ဆိုင်တဲ့သူတွေအပေါ် ဘယ်တော့မဆို သဘောထားကြီးပါတယ်"
ပိုင်ရှိုးမင်သည် ပိုင်ကျန့်ဟွမ်ကို စကားပြောခွင့်ထပ်မပေးတော့ဘဲ ဓားရှည်ကို ဝှေ့ယမ်းလိုက်ချိန်တွင် အသံထွက်ပေါ်လာခဲ့၏။ "ပေဟွမ်ဝမ် နောက်ဘဝကျရင် ကိုယ့်နေရာကိုယ်သိပြီး ကိုယ်နဲ့မဆိုင်တဲ့လူကို မကြံစည်နဲ့တော့"
ဓားရောင်သည် လက်ခနဲဖြစ်သွားပြီး ဓားထိပ်ဖျား ဖြတ်သန်းသွားသော နေရာတွင် ရွှေရောင်မီးတောက်များ ထွက်ပေါ်လာကာ ပိုင်ကျန့်ဟွမ်၏ ကိုယ်ပေါ်တွင် လောင်ကျွမ်းသွားတော့သည်။
ပိုင်ကျန့်ဟွမ်သည် ပိုင်ရှိုးမင်၏ ဓားချက်အောက်တွင် မသေဆုံးဘဲ နောက်ဆုံးတွင်တော့ ပိုင်ရှိုးမင်၏ မီးတောက်ကဲ့သို့ ပူလောင်သော အတွင်းအားထဲတွင် လောင်ကျွမ်းသေဆုံးသွားခဲ့ရ၏။
လူသူကင်းမဲ့နေသော တောရိုင်းထဲတွင် သူ၏အော်ဟစ်သံကို မည်သူကမှ မကြားသလို နာမည်ကျော်ကြားလှသော ပေဟွမ်ဝမ်သည် နာမည်မရှိသော တောရိုင်းထဲတွင် ဒီလိုနှင့် သေဆုံးသွားခဲ့ရသည်ကို မည်သူမှမသိရှိ လိုက်ကြချေ။
အတွင်းအားဖြင့် မီးညှိထားသော မီးသည် ငြိမ်းသတ်ရန် ခက်ခဲလှလေသည်။ ထိုမီးတောက်သည် ပိုင်ကျန့်ဟွမ်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အားလုံးကို လောင်ကျွမ်းသွားစေသည်။ နောက်ဆုံးတွင်တော့ မီးစများက ပေ့ဟွိုင်ဆီသို့ ကူးစက်သွားရန် အဆင့်ဖြစ်နေပြီး ပေ့ဟွိုင်၏ ကိုယ်ပေါ်သို့ ကျရောက်လုနီးပါး ဖြစ်နေချိန်တွင် သူသည် သူ့ခြေထောက်က ရုတ်တရက် ပြန်ရုပ်သိမ်းသွားခဲ့လေသည်။
"ကိုယ့်သခင် မီးလောင်သေဆုံးတာကို မျက်မြင်တွေ့လိုက်ရတာ သူ့အတွက် လက်စားချေ ပေးချင်စိတ် မရှိဘူးလား" ပိုင်ရှိုးမင်းက ပေ့ဟွိုင်ကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်နေသည့် လေသံဖြင့်မေးလိုက်၏။
ပေ့ဟွိုင်သည် မျက်နှာပေါ်က သွေးစများကိုသုတ်လိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ဦးခိုက်လိုက်တော့သည်။ "လူကြီးမင်းက နောက်နေပါပြီ။ ပေဟွမ်ဝမ်က မတော်တဆ သေဆုံးသွားတာပါ။ လူကြီးမင်းနဲ့ဘာမှ မသက်ဆိုင်ပါဘူး"
ပိုင်ရှိုးမင်က သူ့ကို မသတ်ဘူး ဆိုရင်တော့ သူကလည်း ဒီအသက်ရှင်ခွင့်ကို သေချာပေါက် ဆုပ်ကိုင်ထားရမှာပေါ့။
"မင်း အမြဲတမ်း ဒီလိုဉာဏ်ကောင်းနေဖို့ မျှော်လင့်ပါတယ်"
"ကျွန်တော်မျိုး လူကြီးမင်းကို စိတ်ပျက်ရစေ မှာမဟုတ်ပါဘူး"
ပိုင်ရှိုးမင်သည် သူ့ကိုတစ်ချက် ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ ပေ့ဟွိုင်ကို လွှတ်ပေး လိုက်လေသည်။ သူသည် မေးစရာကိစ္စတချို့ ရှိသေးသဖြင့် ဒီလူကိုအရှင်ထား ထားရဦးမည်။
သူသည် ပိုင်ကျန့်ဟွမ်၏ ကျန်ရစ်နေသော အရိုးစုရှေ့သို့ လျှောက်သွားလိုက်ပြီး အရိုးစုထဲက လက်စွပ်နှစ်ကွင်းကို ကောက်ယူလိုက်၏။
တစ်ကွင်းက ပစ္စည်းများ ထည့်သွင်းရသည့် လက်စွပ်ဖြစ်ပြီး နောက်တစ်ကွင်းကတော့ သူ အားချန်ကို ပေးထားသည့် လက်စွပ် ဖြစ်လေသည်။
ပိုင်ရှိုးမင်သည် ချိတ်ပိတ်ခံထားရသော အနက်ရောင်လက်စွပ်ကို ခြေမွလိုက်ရာ နဂါးဝိညာဉ်သည် ဟိန်းဟောက်ကာ ထွက်ပေါ်လာပြီး ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ပြီးမှ လေထဲတွင် နှစ်ပတ်လောက် ဝဲကာပျံလိုက်ပြီးနောက် ပိုင်ရှိုးမင်၏ ဓားအိမ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။
ပိုင်ရှိုးမင်က လှည့်ထွက်လိုက်ပြီး "မင်းသခင်ရဲ့ အရိုးစုကို သန့်ရှင်းရေးလုပ်ပြီး လျန်ကျိုးကို သွားတော့"
"ဟုတ်ကဲ့"
သန်းခေါင်ယံအချိန်တွင် လူနှစ်ယောက်သည် ကွေခူးတောင်သို့ ပြန်ရောက်လာကြပြီး ပေ့ဟွိုင်ကိုယ်တိုင် ပိုင်ကျန့်ဟွမ်၏ အရိုးစုကို နက်ရှိုင်းသော တွင်းထဲသို့ပစ်ချ လိုက်လေသည်။
သူ သိနေပေသည်။ ဒီနောက်ပိုင်းတွင် ပေဟွမ်ဝမ် သေဆုံးရခြင်း အကြောင်းရင်းက ကွေခူးတောင်ကို ဖြတ်သန်းစဉ် သရဲတံခါးပွင့်သွားပြီး သရဲတစ္ဆေများ၏ ကိုက်စားခြင်းကို ကံဆိုးစွာ ခံလိုက်ရခြင်းဖြစ်ပြီး ပိုင်ရှိုးမင်နှင့် လုံးဝမသက်ဆိုင် ကြောင်းကိုပင်။
မနက်ခင်း၅နာရီ အချိန်တွင်တော့ ပိုင်ရှိုးမင်သည် မင်းကျင့်စီးသို့ ပြန်ရောက်လာခဲ့၏။
သူ မထွက်ခွာခင်က ပြောခဲ့သလိုပင်။ တစ်ရက်သာ ကြာမြင့်ခဲ့လေသည်။
သို့သော်ငြား သူသည် မင်းကျင့်စီး တံခါးဝသို့ ဝင်လာခဲ့ပြီး ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ ရင်းနှီးလှသည့် အရိပ်တစ်ခုကို တွေ့လိုက်ရ၏။
ပိုင်ရှိုးမင်၏ ခြေလှမ်းများက ရပ်တန့်သွားကာ "ဖုဟွမ် ဘာလို့ ရောက်လာတာလဲ"
မင်ဝမ်သည် ကိုယ်ကိုလှည့်လိုက်ပြီး သူ့ကိုတစ်ချက်ကြည့်လိုက်ကာ "အဆင့်တက်ပြီး ပထမဆုံးနေ့မှာပဲ ကိုယ့်ဝမ်းကွဲ ညီအစ်ကိုကို သွားသတ်တယ်ပေါ့။ ဒီဝမ်ရယ်ကို ပြောစမ်းပါဦး။ မင်း ဘာတွေများ စဉ်းစားနေတာလဲ"
...