ဒီဝမ်ရယ်ကတော့ တကယ်ပဲ မျက်စိပွင့်သွားပြီ ...
Vol. 20 Ch. 198
ပိုင်ရှိုးမင်၏မျက်လုံးထဲတွင် အံ့သြသည့်အရိပ်အရောင် တစ်ချက် ဖြတ်ပြေးသွားပြီး ပြန်မေးလိုက်၏။ "ဖုဟွမ် ဘယ်လိုလုပ်ပြီးသိတာလဲ"
မင်ဝမ်၏ မျက်လုံးထောင့်တွင် သွေးကြောစိမ်းများ ထောင်တက်လာခဲ့၏။ "ဘိုးဘွားဘုရားကျောင်းထဲက ပေဟွမ်ဝမ်ရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပြီလေ။ မင်း ပြောကြည့်စမ်း ငါက ဘယ်လိုလုပ်ပြီး သိတာလဲလို့။ အရှင်မင်းကြီးသာ သတင်းကို ဖိနှိပ်မထားခဲ့ရင် အခုချိန်ဆိုရင် နန်းတော်တခုလုံး ပွက်လောရိုက်နေလောက်ပြီ"
ပိုင်ရှိုးမင်က ကျွတ်ခနဲ စုပ်သပ်လိုက်လေသည်။
ကျွတ် ... ဒီကိစ္စကို မေ့နေတာပဲ။ စောစောကတည်းက သိရင်ဝန်ခံမှာ မဟုတ်ဘူး။
"သူက လမ်းမှာ မတော်တဆ တစ်ခုခုဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ။ ဖုဟွမ်က ဘာဖြစ်လို့ ကျွန်တော့်အပေါ်မှာပဲ သံသယဝင်နေရတာလဲ"
မင်ဝမ်က သူ့ကို စိုက်ကြည့်လိုက်ကာ "ပေါက်ကရတွေ မပြောနဲ့။ အကြောင်းပြချက်က ဘာလဲ"
ပိုင်ရှိုးမင်ကလည်း လိုရင်းကိုသာ ပြန်ဖြေလိုက်တော့သည်။ "သူက သေလမ်း ရှာတာကိုး"
မင်းဝမ်၏နဖူးပေါ်က သွေးကြောများမှာ ထပ်မံထောင်တက်လာပြန်သည်။ သားတစ်ယောက် မွေးစားထားမိတာက လမ်းမှားကို ရွေးချယ်လိုက်မိသလို ခံစားနေရတော့၏။
"သူက ဘာလုပ်လို့ မင်းက ဒီလောက်တောင် အလျင်စလို သတ်ချင်နေရတာလဲ"
ပိုင်ရှိုးမင်ကလည်း ရှင်းပြလိုက်၏။ “သူက ကျွန်တော့်လူကို လုယူသွားပြီး ပေဟွမ်ကို ခေါ်သွားဖို့ကြိုးစားလို့လေ"
"ဒါနဲ့ပဲ မင်းက နေ့မအိပ် ညမအိပ်သွားပြီးတော့ မင်းရဲ့ချစ်သူလုဘက်ကို သတ်လိုက်တာပေါ့လေ။ တကယ်ကို အစွမ်း ရှိနေတာပဲ။ ဒီဝမ်ရယ်တော့ တကယ်ပဲ မျက်စိပွင့်သွားပြီ"
" ဖုဟွမ် ချီးကျူးတာ မှားနေပါပြီ။ နေ့မအိပ်ညမအိပ် သွားတာမဟုတ်ပါဘူး။ နေ့ခင်းဘက်ကို သွားလိုက်တာပါ"
"သွားစမ်းပါ ငါက မင်းကို ချီးကျူးနေတာမလို့လား"
ပိုင်ရှိုးမင်သည် မင်ဝမ်ဆဲဆိုပြီးသည် အထိစောင့်ဆိုင်းလိုက်ပြီးမှ ထပ်ပြောလိုက်၏။ "ဖုဟွမ်စိတ်ချပါ ဒီကိစ္စကို ကျွန်တော် စီစဉ်ပြီးပါပြီ။ အရှင်မင်းကြီးကို အခက်တွေ့ စေမှာ မဟုတ်ပါဘူး"
"ဘယ်လို စီစဉ်လိုက်တာလဲ"
ပိုင်ရှိုးမင်သည် သဘောထားကြီးသည့် လူတစ်ယောက် ဖြစ်လေသည်။ ပိုင်ကျန့်ဟွမ် သေဆုံးသွားပြီဖြစ်သဖြင့် သူတို့ကြားက ရန်ငြိုးများကလည်း ကျေအေးသွားပြီဟု သတ်မှတ်လိုက်၏။ ထိုလူကို နာမည်ကောင်းတစ်ခု ပေးလိုက်သည်ကိုလည်း သူက ဝန်မလေးခဲ့ချေ။
မည်သို့ဆိုစေ ဒီပုံပြင်က နားထောင်လို့ ကောင်းနေသလို အရှင်မင်းကြီးကိုလည်း ကျေနပ်စေပေလိမ့်မည်။
ပြောပြီးသည်နှင့် ပိုင်ရှိုးမင်က မင်ဝမ်ကို မေးလိုက်၏။ "ဖုဟွမ် ဘယ်လိုသဘောရလဲ"
"ပိုင်ကျန့်ဟွမ်ရဲ့အလောင်းကရော"
“ကွေခူးတောင်က သရဲတံခါးကို ပိတ်ထားတဲ့ တွင်းနတ်ကြီးထဲ ပစ်ချလိုက်ပြီ ပြန်တူးဖော်လို့ ရတော့မှာ မဟုတ်တော့ဘူး"
မင်ဝမ်သည် မျက်မှောင်ကြုတ်လိုက်တော့၏။ ဒီကောင်လေး ကွေခူးတောင်မှာ တစ်ခုခု ကြုံတွေ့ခဲ့ပုံရတယ်ဟု တွေးမိလိုက်ပြီး မေးလိုက်၏။ "အဲဒီက သရဲတွေကိုရော မင်း သတ်လိုက်တာလား"
"မဟုတ်ဘူး။ အားချန်ရဲ့အဖေ သတ်လိုက်တာ"
ပိုင်ရှိုးမင်သည် မိမိအဆင့်တက်စဥ်က အသက်အန္တရာယ်နှင့် နီးကပ်ခဲ့သည်များကိုတော့ မပြောခဲ့ချေ။
ထိုကိစ္စကလည်း အရေးမကြီးချေ။ အရေးကြီးသည်မှာ အားချန်က သူ့ကိုရွေးချယ်ခဲ့ခြင်းပင်။
ဒီအကြောင်းကို တွေးမိလိုက်တိုင်း ပိုင်ရှိုးမင်သည် သူ့နှလုံးခုန်သံများကို မထိန်းနိုင်တော့ပေ။ ကံကောင်းသည်မှာ ယခုအချိန်တွင် သူ၏မျက်နှာအမူအရာကို ထိန်းချုပ်ထားနိုင် သေးခြင်းပင်။
မင်ဝမ်သည် ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ သတိပြန်ဝင်လာတော့၏။ အားချန်ဆိုသည်မှာ ဟိုမိန်းကလေး၏ နာမည်ဖြစ်ပြီး သူမ၏အဖေက ရှီးကျင် မဟုတ်ပါလား။
သို့သော် ရှီးကျင်၏ အံ့မခန်းနည်းလမ်းများကို စဉ်းစားကြည့်လိုက်လျှင် သေဆုံးခါနီးတွင် သမီးဖြစ်သူ အသက်ကာကွယ်ရန် တစ်စုံတစ်ခု ချန်ထားခဲ့သည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ ထိုကြောင့် သူကလည်း ဆက်ပြီးမမေးမြန်းတော့ပေ။
မင်ဝမ်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ဒီလိုဆိုရင်လည်း ပြောရတာ အဆင်ပြေသွားတာပေါ့"
ပေဟွမ်ဝမ်ကို နာမည်ကောင်းတစ်ခု ပေးလိုက်ခြင်းက အရှင်မင်းကြီးကိုလည်း တရားခံဖြစ်စေခြင်းထက် ပိုပြီးကောင်းမွန်ပေသည်။
ထိုနောက်တွင်တော့ သူက သတိပေးလိုက်၏။ "ခဏနေ အရှင်မင်းကြီးကို ရှင်းပြတဲ့အခါ စကားအသွားအလာကို နည်းနည်းပြောင်းပြီး ပြောလိုက်"
"အဲဒါကတော့ ..." ပိုင်ရှိုးမင်က ကိုယ်ကိုလှည့်ကာ ပေ့ဟွိုင်ကို ကြည့်လိုက်၏။ "သူ့ကို ရှင်းပြခိုင်းလိုက်ရင် ပိုကောင်းမယ်"
မင်ဝမ်သည် ပိုင်ရှိုးမင်၏ နောက်တွင် ရပ်နေသည့် ပေ့ဟွိုင်ကို လှမ်းကြည့်လိုက်လေသည်။
ပေ့ဟွိုင်မှာ ခြေဖျားလက်ဖျားများ အေးစက်နေပြီး မျက်နှာကလည်း တောင့်တင်းနေပြီဖြစ်၏။ ရှေ့ကလူနှစ်ယောက် ပြောနေသည့်စကားများကို အနီးနားရှိ အစောင့်များက လူများမကြားရသော်လည်း သူ့ကိုတော့ မရှောင်ရှားခဲ့ကြချေ။
သာ့ရှပြည်ရဲ့ ထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ယောက်က ပေဟွမ်ဝမ်ရဲ့ သေဆုံးခြင်း အကြောင်းအရင်းကို လုပ်ကြံဖန်တီးဖို့ တိုင်းပင်နေကြတာလေ။ ဒီထက်ပိုပြီး ယုတ္တိမရှိတဲ့ကိစ္စ ရှိဦးမှာတဲ့လား။
အကယ်၍များ ရွေးချယ်ခွင့်ရှိလျှင်တော့ သူသည် ဒီကိစ္စတွင် ပါဝင်ပတ်သက်ချင်သည် မဟုတ်ပေ။ သို့သော်ငြားလည်း အသုံးမဝင်တော့ချေ။ အသက်ရှင်ချင်လျင် တန်ဖိုးရှိအောင်နေရမည်ဖြစ်ပြီး ပိုင်ရှိုးမင် ကျေနပ်အောင် လုပ်ဆောင်ရပေမည်။
မင်ဝမ်၏ အေးစက်သောအကြည့်က ပေ့ဟွိုင်၏ ကိုယ့်ပေါ်သို့ ကျရောက်လာခဲ့၏။ "ခဏနေ ငါမင်းကိုခေါ်ပြီး နန်းတော်ထဲဝင်မယ်။ အရှင်မင်းကြီးနဲ့ သွားတွေ့မယ်။ ဘယ်လိုပြောရမလဲဆိုတာ သိတယ်မဟုတ်လား"
ပေ့ဟွိုင်သည် ဒူးထောက်ချလိုက်ပြီး ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ကာ သူ သိထားသမျှ အကုန်ဖွင့်ပြောရန် အသင့်ဖြစ်နေတော့၏။ "ကျွန်တော်မျိုး သိပါတယ်။ ပေဟွမ်ဝမ်က ရွှီယောင်ကုန်းကျုနဲ့ ပူးပေါင်းပြီး ကျင်းကျိုးမှာ ပိုင်လူကြီးမင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒါကြောင့် အမှုပတ်မှာစိုးလို့ ပေဟွမ်ကို အလျင်အမြန် ပြန်ပြေးခဲ့တာပါ"
ပိုင်ကျန့်ဟွမ်ကို သတ်ဖြတ်ခဲ့စဉ်က ကျင်းကျိုးကိစ္စသည် ပိုင်ကျန့်ဟွမ်နှင့် မကင်းကြောင်း ပိုင်ရှိုးမင် သိရှိထားခဲ့သော်ငြားလည်း ထိုမိစ္ဆာကြီးနှစ်ကောင်ကို ရွှီယောင်ကုန်းကျုက လွှတ်လိုက်ခြင်း ဖြစ်မည်ဟူတော့ ထင်မှတ်မထားခဲ့ချေ။
မင်ဝမ်၏ မျက်နှာအမူအရာသည် အနည်းငယ် အေးစက်သွားတော့၏။ သူသည် ဒီပေဟွမ်ဝမ်ကို လျော့တွက်ခဲ့မိခြင်းပင်။ မိစ္ဆာများနှင့်ပူးပေါင်းပြီး သူ့သားကို လုပ်ကြံခဲ့သည်ဆိုတော့ကာ သေသင့်သလောက် သေသွားပြီဟုပင် ဆိုရတော့မည်။ ကြည့်ရသည်မှာ ပေဟွမ်ဝမ်မျိုးဆက်ကလည်း ဆကိရှိနေဖို့ရန် မလိုတော့ဟု ထင်ရလေ၏။
"နောက်တော့ရော" မင်ဝမ်က မေးလိုက်၏။
"နောက်တော့ ... နောက်တော့ ကွေ့ခူးတောင်ကို ဖြတ်သန်းသွားတဲ့အချိန်မှာ ပေဟွမ်ဝမ်ရဲ့ လက်အောက်ငယ်သား ဟွမ်ဝူက ထိန်းချုပ်ထားတဲ့ သရဲက ရုတ်တရက်ထိန်းချုပ် မရဖြစ်သွားးပြီး သရဲတံခါးရဲ့ ချိတ်ပိတ်ထားတဲ့ စည်းကို ဖွင့်လိုက်မိပါတယ်။ ဒါကြောင့် အဆင့်မြင့်သရဲဆိုးတွေ ထွက်လာပြီး သူတို့လူစုကို ဝိုင်းဝန်းတိုက်ခိုက် ကြတော့တာပါပဲ။ ပိုင်လူကြီးမင်းက သရဲတံခါးရဲ့ထူးခြားမှုကို အာရုံခံမိလို့ သွားရောက်စစ်ဆေးရင်း ကျွန်တော်မျိုးကို ကယ်တင်ခဲ့တာပါ။ ဖြစ်ချင်တော့ တခြားသူတွေ အကုန်လုံး သရဲတွေ စားသောက်တာကို ခံလိုက်ရပြီးပါပြီ"
ပေ့ဟွိုင်သည် အကောင်းမွန်ဆုံးဟု ယူဆရသည့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးလိုက်လေသည်။ ဖြစ်ပျက်သည့်အချိန်ကို တစ်ရက် နောက်ဆုတ်လိုက်ပြီး ပိုင်ကျန့်ဟွမ်၏ ဝိညာဉ်မိငြိမ်းသွားသည့် အချိန်နှင့် ကိုက်ညီအောင် ညှိလိုက်ကာ ပိုင်ရှိုးမင်ကိုပါ အမှုထဲက ဆွဲထုတ်ပေးလိုက်လေသည်။
ပြောပြီးသည်နှင့် သူသည် မျှော်လင့်ချက်အပြည့်ဖြင့် မင်ဝမ်ကို မော့ကြည့်လိုက်၏။
"မဆိုးဘူး။ အဲဒီအတိုင်းပဲ ပြောလိုက်"
အမှန်တရားကို အရှင်မင်းကြီးအား ပြောပြလိုက်လျှင်လည်း ဘာမှဖြစ်လာမည် မဟုတ်သော်ငြား ကောင်းသောမုသား စကားကတော့ လူတိုင်း၏စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပေလိမ့်မည်။
မျိုးဆက်အလိုက် မင်ဝမ်များသည် အရှင်မင်းကြီးနှင့် ဆက်ဆံရေးကောင်းမွန်သည်မှာလည်း အကြောင်းအရင်း ရှိပေသည်။
ပေ့ဟွိုင်က သက်ပြင်းချကာ စိတ်အေးသွားလေတော့၏။ ထိုအချိန်တွင် မင်ဝမ်ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ကြည့်ရတာ ပေဟွမ်ဝမ်က ကွယ်ရာမှာကိစ္စတွေ အများကြီးလုပ်ထားတဲ့ပုံပဲ"
"ဝမ်ရယ်နဲ့ လူကြီးမင်းတို့ သိလိုရင် ကျွန်တော်မျိုး အကုန်အစင် လျှောက်တင်ပါ့မယ်"
"အင်း အရှင်မင်းကြီးနဲ့ တွေ့ပြီးမှပဲ ပြောကြတာပေါ့"
ပြောပြီးသည်နှင့် မင်ဝမ်က ပိုင်ရှိုးမင်ကို ကြည့်လိုက်၏။ "မင်း ငါနဲ့အတူတူ နန်းတော်ထဲလိုက်ခဲ့"
ပိုင်ရှိုးမင်သည် နန်းတော်ထဲဝင်ရမည်ကို ရှောင်လွှဲလို့မရကြောင်း သိနေသော်လည်း သူ့စိတ်ထဲတွင်တော့ အားချန်ကို စိုးရိမ်နေမိသဖြင့် မသွားခင်တစ်ချက်လောက် သွားကြည့်လိုက်မှ စိတ်ချရပေတော့မည်။ သူက ပြောလိုက်၏။ "ဖုဟွမ် ခဏစောင့်ပါဦး။ ကျွန်တော် အဝတ်အစား သွားလဲလိုက်ဦးမယ်"
မင်ဝမ်က ဖုန်မှုန့်တစ်စက်ကလေးမှ တင်မနေသည့် သူ့အဝတ်အစားများကို ကြည့်ပြီးနှာခေါင်းရှုံ့ လိုက်လေသည်။ "မင်းက အဝတ်လဲချင်တာလား။ လူသွားကြည့်ချင်တာလား"
" ဖုဟွမ် သိပြီးသားပဲလေ"
"အဲဒီမိန်းကလေးက ဘာဖြစ်လို့လဲ။ ချင်ဟန်ပြောတာတော့ မင်းအခန်းထဲမှာ တနေ့လုံး အိပ်နေတယ်ဆို"
"ဖုဟွမ် သိချင်ရင် ဝင်ကြည့်လိုက်ပါလား" ရှီးကျင်က အားချန်ကို ထိခိုက်အောင်လုပ်လိမ့်မည်မဟုတ်ဘူးဟု ပိုင်ရှိုးမင်းက ယုံကြည်သော်ငြား မင်ဝမ်သည် ဗဟုသုတ များပြားသူဖြစ်သဖြင့် သူ့ကိုတစ်ချက်လောက် ကြည့်ရှုခိုင်းလိုက်လျှင် ပိုင်ရှိုးမင်လည်း စိတ်အေးရပေလိမ့်မည်။
"ကောင်းပြီလေ" မင်းဝမ်သည် ပိုင်ရှိုးမင်နှင့်အတူ အခန်းထဲသို့ လိုက်သွားလိုက်လေသည်။ ထိုအချိန်တွင် အားချန်သည် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်ပြီး မနိုးလာသေးချေ။
မင်ဝမ်သည် အားချန်ကို မြင်လိုက်သောအခါ မျက်နှာပေါ်တွင် အံ့ဩမှုတချို့ ပေါ်ထွက်လာခဲ့၏။ "ဒီလောက် အသက်ဓာတ်တွေ ပြည့်ဝနေတာ ရှီးကျင် ချန်ထားပေးခဲ့တာလား"
ပိုင်ရှိုးမင်က ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်"
ထိုနောက်တွင်တော့ သူကမေးလိုက်၏။ "ဒီအသက်ဓာတ်တွေက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေမှာတော့ မဟုတ်ဘူးမလား"
"သေချာပေါက် ထိခိုက်မှုရှိတာပေါ့" မင်ဝမ်က ခေါင်းခါယမ်းပြလိုက်၏။ "ရှီးကျင်ရဲ့ လက်ချက်ကတော့ တကယ်ပဲ ကြီးကျယ်ခမ်းနားပြီး ဖြုန်းတီးလွန်းတာပဲ။ အသက်ဓာတ်ကို အသုံးပြုပြီး ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို ဆေးကြောပေးလိုက်တာ။ အရင်ဆုံး ရိုးတွင်းခြင်ဆီကို ဆေးကြောပြီး သက်တမ်းကို နှစ်တစ်ထောင်လောက် ဆွဲဆန့်ပေးလိုက်တယ်။ ရိုးတွင်းခြင်ဆီ ဆေးကြောပြီးရင် ဝက်တစ်ကောင်တောင်မှ အဆင့်၅အထိ ရောက်အောင် ကျင့်ကြံလို့ရတယ်လေ။ အရင်တုန်းက ငါ့မှာသာ ဒီလိုမျိုး လူကြီးမိဘတွေရှိခဲ့ရင် နှစ်၃၀ လောက်စောပြီး အဆင့်တက်နိုင်ခဲ့မှာပဲ"
ပိုင်ရှိုးမင်က ချောင်းတစ်ချက် ဟန့်လိုက်ကာ " ဖုဟွမ် လိုရင်းကို ပြောပါ"
"လိုရင်းကတော့ မင်းဆိုတဲ့ကောင်က တကယ်ကံကောင်းတာပဲ။ တကယ်လို့ ရှီးကျင်သာ အသက်ရှင်နေသေးရင် သူ့သမီးရဲ့လက်ကိုတောင် မင်း ထိခွင့်ရမှာ မဟုတ်ဘူး"
ပိုင်ရှိုးမင်သည် စောင်အပြင်ဘက်သို့ ရောက်နေသည့် အားချန်၏လက်ကလေးကို ဆုပ်နယ်လိုက်ပြီး ပွတ်သပ်လိုက်ရာ နွေးထွေးမှုကို ခံစားလိုက်ရ၏။
သူက ပြန်ပြော လိုက်တော့သည်။ "ဖုဟွမ်ရဲ့ သားတော်ကလည်း ရုပ်ရည်ချောမောပြီး အရည်အချင်းရှိတာပဲလေ။ ပြောမရဘူး။ အဲဒီမိတ်ဆွေဟောင်းက ကျွန်တော့်ကို သဘောကျချင်ကျနေမှာ"
နိုးလာတုန်းက အဲဒီအမြီး၉ချောင်း မြေခွေးကို တစ်ချက်ပဲ မြင်လိုက်ရပေမယ့် ယောက္ခထီးက သူ့ကို အသိအမှတ်ပြု လိုက်တယ်လို့ တစ်ဖက်သတ် ဆုံးဖြတ်ထားလိုက်ပြီလေ။
မင်ဝမ်က အေးစက်စက် ရယ်မောလိုက်ပြီး အပြင်သို့ထွက်သွား လေတော့သည်။ တကယ်ပဲ ကြည့်မရတော့ချေ။
အားချန်ကို ကြည့်လိုက်ပြီးနောက် ပိုင်ရှိုးမင်သည် ပေ့ဟွိုင်ကို ခေါ်ဆောင်ကာ မင်ဝမ်နှင့်အတူ နန်းတော်ထဲသို့ ဝင်ရောက်သွားလေသည်။ သူ ထွက်ခွာပြီး သုံးနာရီခန့်အကြာတွင် အားချန်၏ မျက်ခွံများက လှုပ်ရှားလာပြီး ခဏအကြာတွင်တော့ သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။
ဒီတရေးအိပ်လိုက်သည်မှာ အလွန်ကြာမြင့်ခဲ့သော်ငြားလည်း အားချန်၏ ခန္ဓာကိုယ်ထဲတွင် ပင်ပန်းနွမ်းနယ်မှု လုံးဝမရှိဘဲ ပေါ့ပါးလန်းဆန်းနေသလို ခံစားလိုက်ရ၏။
ဒီလိုပြောင်းလဲမှုကို သူမအနေဖြင့် မအံ့ဩမိချေ။ အသက်ဓာတ်ကို စုပ်ယူလိုက်ခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုပင်။ စုပ်ယူပြီးသွားပါကလည်း သူမသည် သက်တမ်းရှည်ရှည် ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်ပေမည်။ ခန္ဓာကိုယ် အိုမင်းရင့်ရော်သွားမည်ကိုလည်း ပူပင်စရာ မလိုတော့ချေ။
သူမသည် အစကတည်းက ဒီလမ်းကြောင်းကို စွန့်လွှတ်ခဲ့သော်ငြား မထင်မှတ်ထားဘဲ လွဲချော်သွားပြီး ဒီလမ်းကြောင်းပေါ်သို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
သူမသည် မေ့မျောနေစဉ် အတွင်းစိတ်နယ်ပယ်ထဲသို့ ရောက်ရှိသွားပြီး မိစ္ဆာခန္ဓာကိုယ် ပျောက်ဆုံးသွားသည့် မိမိ၏ဝိညာဉ်ကို မြင်တွေ့ခဲ့ရ၏။ ဝိညာဉ်သည် သူမ၏မူလရုပ်သွင်ကို ထင်ဟပ်နေသော်ငြားလည်း မြေခွေးပုံစံသို့ ပြန်ပြောင်းလဲ၍ မရနိုင်တော့ပေ။
မိစ္ဆာမျိုးနွယ်နဲ့ သံယောဇဉ်ကြိုးက လုံးဝပြတ်တောက်သွားခဲ့ပြီပဲ။
ဆုံးဖြတ်ချက် ချလိုက်စဥ် ကတည်းက အားချန်သည် မိမိကဘာကို ဆုံးရှုံးရမည်ကို သိရှိထားပြီးသားပင်။ ဒီရွေးချယ်မှုအတွက် သူမသည် နောင်တရမည် မဟုတ်သော်ငြားလည်း စိတ်ထဲတွင်တော့ ဝမ်းနည်းနေမိဆဲပင်။
တို့အချိန်တွင် တံခါးဖွင့်သံ ကြားလိုက်ရပြီး တစ်စုံတစ်ယောက် ဝင်ရောက်လာခဲ့၏။
တံခါးသည် အပြင်ဘက်က ပွင့်သွားပြီး အလင်းရောင်နှင့်အတူ ဝင်ရောက်လာသည့် အရပ်မြင့်မြင့် ပုံရိပ်ကို မြင်လိုက်ရသည်တွင် အားချန်သည် အလိုလို ပြုံးမိလေတော့သည်။
အဖေက ပြောတယ်။ ငါကြီးပြင်းလာပြီတဲ့။ တကယ်တော့ ငါက အချစ်တွေ အများကြီး ပိုင်ဆိုင်ထားတယ်ဆိုတာ သိလိုက်ရုံပါပဲ။ အဖေနဲ့အမေ့ဆီက ပြီးတော့ ပိုင်ရှိုးမင်ဆီကပေါ့။ ဘယ်လမ်းကိုပဲ လျှောက်လှမ်းရပါစေ ရှေ့ဆက်သွားဖို့ အင်အားတွေက ငါ့မှာရှိနေပြီ။
ပိုင်ရှိုးမင်သည် ကုတင် ဘေးသို့ လျှောက်လာပြီး အားချန်၏ တောက်ပနေသော မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်လေ၏။ အားချန်ကုတင်ပေါ်မှ ထထိုင်လိုက်သည်ကို မြင်လိုက်သောအခါ သူသည် ခါးကို ကိုင်းညွှတ်လိုက်ပြီး လက်ကိုဖြည်းညင်းစွာ ဆန့်ထုတ်ကာ သူမ၏ပါးပြင်လေးကို ဖွဖွလေး ထိတွေ့လိုက်လေသည်။ ကျိုးပဲ့လွယ်သော ကြွေရုပ်လေးတစ်ရုပ်ကို ကိုင်တွယ်နေသကဲ့သို့ပင်။
"မင်း နိုးပြီလား"
သူတို့ လမ်းခွဲခဲ့ကြသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်ငြားလည်း ပိုင်ရှိုးမင်သည် ဘဝခြားသွားသလို ခံစားနေရ၏။
အားချန်က သူ့လက်ကို ဖမ်းဆုပ်လိုက်ပြီး နူးညံ့သော လက်ချောင်းများဖြင့် လက်ချောင်းကြားထဲသို့ တိုးဝင်လိုက်ကာ ပိုင်ရှိုးမင်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားလေ တော့သည်။
"ပိုင်ရှိုးမင်" အားချန်က မော့ကြည့်ကာ သူ့နာမည်ကို ခေါ်လိုက်၏။
"အင်း"
"ကျွန်မ ရှင့်အသက်ကို နောက်တစ်ကြိမ် ထပ်ကယ်လိုက်ပြန်ပြီ။ ကျေးဇူးဆပ်ဖို့ မှတ်ထားဦးနော်"
လည်ချောင်းတွင် တစ်ချက်လှုပ်ရှားသွားပြီး ပိုင်ရှိုးမင်၏ အသံသည် အနည်းငယ် အက်ရှနေလေတော့၏။ "မင်းက ကိုယ့်ကို ဘယ်လို ကျေးဇူးဆပ်စေချင်လို့လဲ"
သူသည် အားချန်ကို စူးစိုက်စွာ ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကိုလည်း တဖြည်းဖြည်း တိုးကပ်သွားလိုက်ကာ နှစ်ဦးသား၏ ဝင်သက်ထွက်သက်များက ရောယှက်သွားလေတော့သည်။ "ကိုယ့်ဟာကိုယ် ပုံအပ်ပြီး ပေးဆပ်ရမလား"
သူ့နှုတ်ခမ်းများသည် အားချန်နှင့် ထိလုနီးပါး ဖြစ်သွားသော်ငြား လက်ချောင်လေး တစ်ချောင်းက တားစီးခြင်းကို ခံလိုက်ရလေသည်။
အားချန်သည် ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး လက်ချောင်းထိပ်ဖျားလေးဖြင့် ထိုအမျိုးသား၏ ပါးလျသော နှုတ်ခမ်းကို ဖိကပ်ထားလိုက်၏။ ပိုင်ရှိုးမင်က ရပ်တန့်သွားသော်လည်း မျက်လုံးထဲက တပ်မက်မှုနှင့် ပူလောင်မှုများကတော့ သူမကို ဝါးမျိုပစ်တော့မည့် အလားပင်။
"မကောင်းပါဘူး ကျွန်မတို့ ပြန်ပြေလည်အောင် မလုပ်ရသေးဘူးဆိုတာ ရှင် မေ့နေတာလား"
ပိုင်ရှိုးမင်သည် သူမ၏လက်ချောင်လေးကို ဖွဖွလေး ဆုပ်ကိုင်လိုက်ကာ "ကိုယ့်အမှားပါ"
နှစ်ယောက်သားက ပထမဦးဆုံးအကြိမ် ရန်ဖြစ်ခဲ့ကြခြင်းပင်။ အားချန်က ရွေးချယ်မှုလုပ်ခဲ့သော်ငြား အမှားကိုတော့ ပိုင်ရှိုးမင်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ဆိုစေ သူက ဝန်ခံလိုက်ပေမည်။
အားချန်၏ လက်ချောင်းလေးက သူ့လက်ဖဝါးထဲတွင် ကုတ်ခြစ်လိုက်လေသည်။ "ရှင် ဘယ်နေရာမှာ မှားခဲ့တာလဲ"
"မှားတာက ... မင်းကို စိတ်မပျော်ရွှင်အောင် လုပ်မိတာပါပဲ"
အားချန်သည် နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည်ကို ထိန်းချုပ်လိုက်သော်ငြား ဒီအမှားဝန်ခံသည့် ပုံစံကိုတော့ အနည်းငယ် ကျေနပ်မိသွားလေသည်။
ပိုင်ရှိုးမင်က နောက်တစ်ကြိမ် ရှေ့တိုးလာပြီး သူမ၏နှုတ်ခမ်းကို ငုံ့ကာနမ်းလိုက်တော့၏။ ဒီတစ်ကြိမ်တွင်တော့ အားချန်သည် ရှောင်တိမ်းခြင်း မပြုတော့ချေ။
အစပိုင်းတွင် အလွန်နူးညံ့သိမ်မွေ့စွာ ထိတွေ့နေခဲ့သော်လည်း အားချန်က အစပိုင်းတွင် ငြိမ်ခံနေသည်မှ နောက်ပိုင်းတွင် တုံ့ပြန်မှုအနည်းငယ် ပေးလိုက်သည်တွင် ပိုင်ရှိုးမင်မှာ စိတ်ထိန်းချုပ်မှု လွတ်သွားလုနီးပါးပင် ဖြစ်သွားတော့သည်။
ကံကောင်းသည်မှာ သူ့တွင် အသိစိတ် ကျန်ရှိနေသေးသဖြင့် အားချန်ကို ဖိထားပြီးရင်ထဲက ဆာလောင်မှုကို အနည်းငယ် ဖြေဖျောက်လိုက်ကာ သူမက မရုန်းကန်ခင်မှာပင် လူကို လွှတ်ပေးလိုက်တော့သည်။
အားချန်သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မျက်လုံးများထဲတွင်လည်း မျက်ရည်စများ ဝဲနေပြီး အကြည့်များက ဝေဝါးလို့နေတော့သည်။
ပိုင်ရှိုးမင်သည် သူမ၏မျက်လုံးထောင့်နားတွင် အနမ်းများကို ဆက်တိုက်ပေးလိုက်ပြီး သူမက တွန်းထုတ်လိုက်သည့်အချိန်မှ မေးလိုက်၏။ "အားချန် အခုပျော်သွားပြီလား"
အားချန်က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း အကြည့်များကတော့ သိပ်ပြီး အရှိန်အဝါ မပါလှချေ။ "ရှင် ဘယ်လို ထင်လဲ"
"ဒါဆိုရ င်ဒီအရာရှိက မင်းကို ပျော်ရွှင်အောင် လုပ်ပေးရမလား" ပိုင်ရှိုးမင်၏ လက်ထဲတွင် ရွှေရောင်စာအုပ်တစ်အုပ်သည် ရုတ်တရက် ပေါ်ထွက်လာလေတော့သည်။
...