← Chapters

ကိုင်ရတာ ကောင်းရဲ့လား ...

Vol. 20 Ch. 199

ကိုင်ရတာ ကောင်းရဲ့လား ...

Vol. 20 Ch. 199

တိလင်းချဲ့စာအုပ်ကို မြင်လိုက်ရသည့် တခဏမှာပင် အားချန်သည် အကြည့်လွှဲ၍ မရနိုင်တော့ဘဲ အကြိမ်ကြိမ် သေချာကြည့်ပြီးမှ အမှန်တကယ်ပင် ဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။

"ရှင် ဒါကို ဘယ်လိုရလာတာလဲ" သူမ၏ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေလေသည်။

ပိုင်ရှိုးမင်က ပြန်မဖြေဘဲ သူမကိုသာ မေးလိုက်၏။ "အခု ကိုတို့ ပြန်သင့်မြတ်လို့ ရပြီလား"

အားချန်က မျက်တောင်ခတ်လိုက်ပြီး စမ်းသပ်သည့် လေသံဖြင့် "တကယ်လို့ ကျွန်မက မရဘူးလို့ ပြောရင် ..." ဟု ပြောလိုက်ရာ စကားပင် မဆုံးသေးခင် ပိုင်ရှိုးမင်၏ လက်ထဲမှ တိလင်းချဲ့စာအုပ် ပျောက်ကွယ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေသည်။ သူမ လှမ်းဆွဲလိုက်သော်လည်း အချိန်မမီတော့ချေ။

ပိုင်ရှိုးမင်သည် အခွင့်ကောင်းယူကာ သူမ၏ သေးသွယ်သော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လက်မဖြင့် လက်ကောက်ဝတ် အတွင်းသားနုနုလေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်ကာ မြူဆွယ်သည့် လေသံဖြင့် ပြောလိုက်တော့သည်။ "တကယ်ပဲ ပြန်မသင့်မြတ်ချင်ဘူးလား။ မင်း ခေါင်းငြိမ့်လိုက်တာနဲ့ လိုချင်တာ အကုန်ရစေရမယ်"

အားချန်က မကျေမနပ် ပြောလိုက်၏။ "ပိုင်ရှိုးမင် ရှင့်အသက်သခင် ကျေးဇူးရှင်ကို ဒီလို ဆက်ဆံတာလား"

"ကိုယ့်ကိုယ်ကို ပုံအပ်ပြီး ပေးဆပ်လိုက်ပြီလေ"

"အဲဒါက ကျေးဇူးဆပ်တာလား။ အဲဒါက အခွင့်ကောင်းယူတာလေ" အားချန်က နှာခေါင်းရှုံ့လိုက်ပြီး ခြေထောက်ကိုမြှောက်ကာ သူ့ခြေသလုံးကို ကန်လိုက်၏။ "မြန်မြန် စာအုပ်ကို ပြန်ထုတ်ပေး"

ပိုင်ရှိုးမင်သည် သူမကို ဆက်လက်မစနောက်တော့ဘဲ စာအုပ်ကို ထုတ်ပေးလိုက်လေသည်။

နှစ်ဦးသား ထထိုင်လိုက်ကြမှ အားချန်သည် စာအုပ်ကို လှမ်းယူလိုက်၏။

ဒီပစ္စည်းကို သူမ နှစ်ကြိမ်သာ မြင်ဖူးခဲ့ပြီး အကြိမ်တိုင်းတွင် ပိုင်ကျန့်ဟွမ်၏ အစောင့်အရှောက်များ စိုက်ကြည့်နေခြင်းကို ခံခဲ့ရသည်။ သူမ မကောင်းသည့် အကြံအစည်များ ရှိမည်ကို စိုးရိမ်သောကြောင့် ဖြစ်တန်ရာ၏။

စာအုပ်ကို ဖွင့်လှပ်ကြည့်လိုက်ရာ ရွှေရောင်စာမျက်နှာ ထက်ဝက်ကျော်တွင် နာမည်များ ရေးသားထားပြီး သူမ၏ နာမည်ကိုလည်း တွေ့လိုက်ရသည်။ ထိုနာမည်က တောက်ပသော အနီရောင် ဖြစ်လေသည်။

သူမသည် စာလုံးမရှိသော စာမျက်နှာလွတ် တစ်မျက်နှာသို့ လှန်လိုက်ပြီး ခဏလောက် စိုက်ကြည့်နေမိ၏။ ရုတ်တရက် အလွန် ရှက်စရာကောင်းသော ကိစ္စတစ်ခုကို သတိရလိုက်သည်။ သူမတွင် ယခုအချိန်၌ ကျင့်ကြံစွမ်းအား မရှိသဖြင့် စာအုပ်ကို သခင်အဖြစ် အသိအမှတ်ပြုခိုင်း၍ မရနိုင်သလို အသုံးပြု၍လည်း မရနိုင်ချေ။

"ဘာဖြစ်လို့လဲ"

အားချန်သည် ခေါင်းလှည့်ကာ ပိုင်ရှိုးမင်ကို ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် အပြုံးရိပ်များ ပါဝင်နေပြီး ဒီအဆင့်ကို ကြိုတင်ခန့်မှန်းထားပုံ ပေါ်လေသည်။

သူမသည် စာအုပ်ကို ပိုင်ရှိုးမင် လက်ထဲသို့ ပြန်ပစ်ပေးလိုက်ပြီး ခိုင်းစေလိုက်တော့သည်။ "မြန်မြန်။ သခင်အဖြစ် အသိအမှတ်ပြုခိုင်းလိုက်"

"အမိန့်တော်အတိုင်းပါ"

ပိုင်ရှိုးမင်သည် စာအုပ်ကို သခင်အဖြစ် အသိအမှတ် ပြုခိုင်းပြီးနောက် ရွှေရောင်စာအုပ်သည် သူ့ရှေ့တွင် လွင့်မြောနေပြီး စာမျက်နှာများ ပွင့်ဟကာ စာလုံးမရှိသော စာမျက်နှာသို့ အလိုအလျောက် လှန်သွားလေသည်။

"ဘယ်လိုသုံးရမလဲ သိလား" သူက အားချန်ကို မေးလိုက်၏။

"အတွင်းအားကို စုတ်တံပေါ် ပို့လွှတ်ပြီး နာမည် တိုက်ရိုက် ရေးလိုက်ရင် ရပြီ။ ဒါပေမဲ့ လူရှာတဲ့အခါကျရင်တော့ သွေးလိုတယ်"

"သိပြီ။ နာမည်က ..."

"အားမန် (ပျော့ပျောင်းနူးညံ့သော)။ ချန်မန် (တွယ်တာခြင်း) ရဲ့ မန်"

အားချန်က အားမန်၏ နာမည်ကို ပြောလိုက်သည်နှင့် ပိုင်ရှိုးမင်သည် အတွင်းအားကို လက်ချောင်းထိပ်သို့ ပို့လွှတ်လိုက်ပြီး ရွှေရောင်စာမျက်နှာပေါ်တွင် အားမန်ဟူသော စာလုံးနှစ်လုံးကို ရေးသားလိုက်၏။ သို့သော် သူလက်ပြန်ရုပ်လိုက်သည်နှင့် စာလုံးများ ပျောက်ကွယ်သွားလေသည်။

သူက မျက်ခုံးပင့်ကာ အားချန်ကို ကြည့်လိုက်၏။

အားချန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ ပိုင်ကျန့်ဟွမ် ကျွန်မကို လိမ်မပြောခဲ့ဘူးပဲ"

ပိုင်ကျန့်ဟွမ်သည် ယခင်က သူမကို ပြောခဲ့ဖူးသည်။ စာအုပ်ပေါ်တွင် အားမန်၏ နာမည်ကို ရေးသားသော်လည်း တုံ့ပြန်မှု မရှိခဲ့ကြောင်း ပြောခဲ့ဖူးသည်။

ပိုင်ရှိုးမင်က အဆင့်၅ ရောက်နေပြီပဲ။ သူတောင်မှ အားမန်ရဲ့ နာမည်ကို ရေးလို့မရဘူးလား။

စဉ်းစားနေစဉ်မှာပင် လက်တစ်စုံက သူမ၏ခါးကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး မလိုက်လေသည်။

သူမ ဘာမှမတုံ့ပြန်နိုင်မီမှာပင် ပိုင်ရှိုးမင်၏ ပေါင်ပေါ်သို့ ရောက်ရှိသွားတော့သည်။

"ရှင် ဘာဖြစ်ပြန်ပြီလဲ"

အေးစက်စက် အသံတစ်သံက သူမ၏ နားနားကပ်ပြီး ထွက်ပေါ်လာ၏။ "ဒီရက်ပိုင်း သူက မင်းကို ဘာတွေ ပြောခဲ့လဲ"

အားချန် ခေါင်းလှည့်ကာ သူ့မျက်နှာ ညို့မှိုင်းနေသည်ကို ကြည့်ပြီး စဉ်းစားဟန် ပြုလိုက်လေသည်။ "ကျွန်မ သေချာ စဉ်းစားကြည့်ရမယ်။ သူက စကားတွေ အများကြီး ပြောခဲ့တာ"

"ဥပမာ" ပိုင်ရှိုးမင်က အံကြိတ်လိုက်ပြီး တွင်းထဲက ပိုင်ကျန့်ဟွမ်ကို ပြန်တူးထုတ်ကာ နောက်တစ်ကြိမ် ထပ်သတ်ချင်လာတော့သည်။

အားချန်က ပြုံးလိုက်၏။ "ဥပမာ ... သူက ကျွန်မကို မေးတယ်။ သူက ရှင့်ထက် ဘယ်နေရာ ညံ့လို့လဲတဲ့"

ပိုင်ရှိုးမင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်နှာ အနည်းငယ် ကြည်လင်လာသည်။ "မင်းက ဘယ်လို ပြန်ဖြေလိုက်လဲ"

အားချန်၏ လက်ချောင်းလေးသည် သူ့နဖူးပေါ်တွင် ထောက်လိုက်ပြီး ဖြောင့်စင်းသော နှာတံတစ်လျှောက် အောက်သို့ဆင်းကာ နှုတ်ခမ်း၊ လည်စိနှင့် နောက်ဆုံးတွင် ရင်ဘတ်ပေါ်သို့ ကျရောက်သွားလေသည်။ "သေချာတာပေါ့။ ဘယ်နေရာမှ မယှဉ်နိုင်ဘူးလို့ ဖြေလိုက်တာ"

အပေါ်ယံ အသွင်အပြင်တောင် မယှဉ်နိုင်တာ အတွင်းစိတ်ဆို ပိုဆိုးတာပေါ့။

ပိုင်ရှိုးမင်၏ နှုတ်ခမ်းထောင့် ကွေးတက်သွားပြီး အားချန်၏ အဖြေကို ကျေနပ်သွားပုံ ပေါ်လေသည်။

"အခုရော သဝန်တိုနေသေးလား ပိုင်လူကြီးမင်း" အားချန်က တမင်စနောက်လိုက်၏။

ပိုင်ရှိုးမင်သည် ပြန်မဖြေဘဲ သူမ၏ မေးစေ့လေးကို ကိုင်ကာ နှုတ်ခမ်းပေါ်သို့ အနမ်းဖွဖွလေး ပေးလိုက်လေသည်။ "သူ မင်းကို ဘာပြောခဲ့သေးလဲ"

"သူက အားမန်ရဲ့ နာမည်ကို ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ စာအုပ်က တုံ့ပြန်မှု မရှိဘူးတဲ့။ အခုလိုမျိုး ဖြစ်နေတာ နေမှာပေါ့"

"ဒီလို အခြေအနေမျိုးက ရှားပါးတယ် မဟုတ်လား"

"အင်း။ ဒါကြောင့် ကျွန်မ ခန့်မှန်းတာက အားမန်ရဲ့ တည်ရှိမှုကို တစ်စုံတစ်ယောက်က ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်။ အဖေက သူ့ရဲ့အမြုတေကို ကျွန်မကို ပေးခဲ့တာဆိုတော့ အားမန်အတွက် ဘာမှမချန်ထားခဲ့ဘဲ မနေပါဘူး"

ဒီအကြိမ်တွင် သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သော်လည်း အားမန်၏ ခြေရာကို ရှာမတွေ့သဖြင့် စိတ်ထဲတွင်တော့ စိတ်ပျက်မိလေသည်။

"မလောပါနဲ့။ ကိုယ် ထပ်စမ်းကြည့်လိုက်မယ်"

ပိုင်ရှိုးမင်သည် လက်ချောင်းထိပ်ကို ဓားဖြင့်ရှလိုက်ပြီး လက်ချောင်းကို စုတ်တံအဖြစ် အသုံးပြုကာ သူ့သွေးဖြင့် ရွှေရောင်စာမျက်နှာပေါ်တွင် အားမန်ဟူသော စာလုံးနှစ်လုံးကို ရေးသားလိုက်၏။

နာမည်ရေးပြီးသည်နှင့် ထိုစာလုံးနှစ်လုံးသည် ဖြည်းညှင်းစွာ တွန့်လိမ်လာပြီး ရုန်းကန်နေသကဲ့သို့ ဖြစ်လာကာ ပျောက်ကွယ်မည့် အရိပ်အယောင်များ ပြသလာလေသည်။

ပိုင်ရှိုးမင်သည် လက်ကို ဖယ်ရှားခြင်း မပြုဘဲ ရွှေရောင်စာမျက်နှာပေါ်သို့ သွေးများ ဆက်လက် စီးကျစေလိုက်သည်။

မိစ္ဆာလက်နက်များသည် သွေးကို နှစ်သက်ကြသည်။ အဆင့်၅ ကျင့်ကြံသူ၏ သွေးကို စုပ်ယူပြီးနောက် ရွှေရောင်စာအုပ်သည် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အားမန်၏ နာမည်သည်လည်း တွန့်လိမ်ခြင်း မရှိတော့ဘဲ စာမျက်နှာပေါ်တွင် တည်ငြိမ်စွာ ရှိနေတော့သည်။ အားချန်၏ နာမည်ကဲ့သို့ပင် အနီရောင် ဖြစ်နေလေသည်။

ဒါတင် မကသေးပေ။ သွေးများ ဆက်လက် ကျဆင်းနေသည်နှင့်အမျှ အားမန်၏ နာမည်မှ သွေးရောင်ကြိုးမျှင်တစ်ချောင်း ထွက်ပေါ်လာပြီး စာမျက်နှာအပြင်သို့ ပျံထွက်သွားကာ မြေပြင်နှင့် အပြိုင် တန်းသွားပြီး မြောက်ဘက်သို့ ညွှန်ပြနေလေသည်။

ဆိုလိုသည်မှာ အားမန်သည် အသက်ရှင်နေရုံသာမက ရှန့်ကျင်း၏ မြောက်ဘက်တွင် ရှိနေခြင်းဖြစ်သည်။

ထိုအချိန်တွင် အားမန်၏ နာမည်ရေးထားသော ရွှေရောင်စာမျက်နှာမှ စုတ်ပြဲသံ ထွက်ပေါ်လာပြီး ပိုင်ရှိုးမင်က လက်ကို စာမျက်နှာပေါ်တွင် ဖိထားလိုက်ကာ မမြင်ရသော အင်အားတစ်ခုနှင့် အားပြိုင်နေသကဲ့သို့ ဖြစ်နေလေသည်။

ခဏအကြာတွင် အာဏာစက် ပြည့်ဝပြီး ဒေါသသံ ပါဝင်သော ဟိန်းဟောက်သံ တစ်ခုကို မသဲမကွဲ ကြားလိုက်ရပြီး ပိုင်ရှိုးမင်၏ လက်ချောင်းများ ပွင့်ထွက်သွားကာ လက်အောက်ရှိ ရွှေရောင်စာမျက်နှာသည်လည်း အမှုန့်ဖြစ်သွားလေတော့သည်။

အားချန်သည် မည်သည့်အသံမျှ မကြားရဘဲ စာမျက်နှာ ကွဲကြေသွားသည်ကိုသာ မြင်လိုက်ရသဖြင့် စိုးရိမ်တကြီး မေးလိုက်၏။ "ဘာဖြစ်သွားတာလဲ"

ပိုင်ရှိုးမင်က ပြုံးလိုက်လေသည်။ "ကိစ္စမရှိပါဘူး။ သတင်းကောင်းတစ်ခု ရလိုက်တယ်လို့ပဲ ပြောရမယ်"

"ဘာသတင်းကောင်းလဲ"

"သူ့ရဲ့ခြေရာကို ဖုံးကွယ်ပေးထားတာ နဂါးမျိုးနွယ်ပဲ"

နဂါးမျိုးနွယ်သည် ထူးခြားသော ပါရမီနှင့် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားသော်လည်း အရေအတွက် နည်းပါးလှသည်။ ယနေ့ထိတိုင် အဆင့်၅ နဂါးဘုရင် ငါးပါးသာ ရှိလေသည်။

ထိုအထဲမှ နှစ်ပါးသည် ခေတ်ကာလ အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး သူတို့သည် နဂါးမျိုးနွယ် နယ်မြေမှ ထွက်ခွာလေ့ မရှိကြချေ။ ကျန်ရှိသော သုံးပါးကိုသာ စုံစမ်းစစ်ဆေး ကြည့်ရမည်။

အကယ်၍ အားချန်၏ ညီမသည် သူမကဲ့သို့ နာမည်ပြောင်းလဲခြင်း မရှိခဲ့လျှင် ရှာဖွေရသည်မှာ မခက်ခဲနိုင်ချေ။

ပိုင်ရှိုးမင်က နဂါးမျိုးနွယ်ဟု ပြောလိုက်သည်နှင့် အားချန်လည်း သူ့နည်းတူ တွေးမိလိုက်သည်။ သို့သော် နဂါးမျိုးနွယ်သည် ပြင်ပလူများကို လက်မခံသဖြင့် သတင်းစုံစမ်းရန် မလွယ်ကူပေ။

သူမ၏ စိုးရိမ်ပူပန်မှုကို ထုတ်မပြောရသေးခင်မှာပင် ပိုင်ရှိုးမင်က ဖြေရှင်းနည်းကို ပြောလာခဲ့၏။ "ဖုဟွမ်က နဂါးမျိုးနွယ်နဲ့ ရင်းနှီးမှုရှိတယ်။ မနက်ဖြန်ကျရင် သူ့ဆီသွားပြီး စုံစမ်းခိုင်းလိုက်မယ်"

အားချန်သည် သူ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး မျက်လုံးများ တောက်ပနေကာ မေးလိုက်၏။ "ပိုင်လူကြီးမင်း ရှင်က ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ"

"ကိုယ်ကောင်းမှန်း သိရင် ဒီည ကိုယ့်အိမ်တော်ကို လိုက်ခဲ့မလား"

အားချန်သည် ချက်ချင်း ထရပ်ရန် ပြင်လိုက်သော်လည်း ပိုင်ရှိုးမင်က ပြန်ဆွဲထားလိုက်လေသည်။ "ဘယ်သွားမလို့လဲ"

"ကျွန်မ ပျောက်နေတာ ကြာပြီဆိုတော့ ဟွေ့ညန် စိတ်ပူနေမှာစိုးလို့"

"စိတ်မပူပါနဲ့။ ကိုယ် လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်ပါပြီ။ အခုဆို သူ မင်း ဘေးကင်းမှန်း သိလောက်ပါပြီ"

"ကျွန်မ စိတ်မချဘူး။ အခုပဲ ပြန်ချင်တယ်"

"တကယ်လို့ ကိုယ့်အိမ်တော်ကို မလိုက်ချင်ဘူးဆိုရင် ..." ပိုင်ရှိုးမင်က ဖြည်းညှင်းစွာ ပြောလိုက်၏။ "ဒီနေရာမှာလည်း ဖြစ်တာပဲ"

အားချန်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်။ "ရှင်က အဆင့်၅တောင် ရောက်နေပြီ။ ဘာလို့ ရမ္မက်ဆန္ဒတွေ လွှမ်းမိုးခံနေရတာလဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို ထုတ်သုံးလိုက်ပါလား"

ပိုင်ရှိုးမင်က ပြုံးကာ ပြန်ချေပလိုက်၏။ "ကိုယ်က အဆင့်၅ ရောက်နေပြီပဲ။ လုပ်ချင်တာ လုပ်လို့ရပြီလေ။ ဘာထိန်းချုပ်နိုင်စွမ်း လိုသေးလို့လဲ"

အကျိုးအကြောင်း ပြောပြ၍ မရတော့သဖြင့် အားချန်သည် ချက်ချင်း ဗျူဟာပြောင်းလိုက်တော့သည်။ "ဒါပေမဲ့ ကျွန်မ ခန္ဓာကိုယ်က ပြန်မကောင်းသေးဘူးလေ"

ပြောရင်း သမ်းဝေလိုက်ကာ မျက်လုံးထဲတွင် မျက်ရည်စများ ဝဲနေပြီး "ကျွန်မ အခုထိ အိပ်ချင်နေတုန်းပဲ" ဟု ပြောလိုက်၏။

ဒီစကားကတော့ လိမ်ပြောခြင်း မဟုတ်ပေ။ သူမ အမှန်တကယ် အိပ်ချင်နေခြင်း ဖြစ်လေသည်။

"အိပ်ချင်နေတာလား။ ဒါဆိုရင် အိမ်ပြန်ပြီး အိပ်ကြတာပေါ့" ပြောပြီးသည်နှင့် အားချန် တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် သူမကို ပွေ့ချီကာ အပြင်သို့ ထွက်သွားလေတော့သည်။

အားချန်သည် အားနည်းစွာ ရုန်းကန်လိုက်သေး၏။ "ကျွန်မ မလိုက် ..."

နောက်ဆုံးတွင် ရုန်းကန်မှု မအောင်မြင်ဘဲ ပိုင်ရှိုးမင်၏ ထုပ်ပိုးခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီး သူ့အိမ်တော်သို့ ပါသွားလေတော့သည်။

သို့သော် သူ့အိမ်တော်သို့ သွားသည့်လမ်းတွင် အားချန်သည် ထပ်မံ အိပ်ပျော်သွားပြန်သည်။

ပိုင်ရှိုးမင်ကတော့ မထူးဆန်းပေ။ ရိုးတွင်းခြင်ဆီ ဆေးကြောပြီးနောက် အားချန်၏ ကိုယ်တွင်း အသက်ဓာတ်သည် သူမ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးနေသဖြင့် အိပ်ငိုက်ခြင်းသည် ပုံမှန်သာ ဖြစ်လေသည်။

အားချန်သည် သန်းခေါင်ယံအထိ အိပ်ပျော်သွားခဲ့ပြီး နိုးလာချိန်တွင် အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်နေသည်။ အချိန်အကြာကြီး အိပ်စက်ခဲ့သော်လည်း ဗိုက်ဆာခြင်း မရှိခဲ့ချေ။

သူမသည် ကိုယ်ကိုတစ်ဖက် လှည့်လိုက်ပြီး ဘေးနားသို့ လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ နွေးထွေးသော ခန္ဓာကိုယ်တစ်ခုကို စမ်းမိလိုက်လေသည်။

ပိုင်ရှိုးမင်သည် အတွင်းခံအင်္ကျီကို ဝတ်ဆင်ထားပြီး သူမဘေးတွင် စည်းကမ်းတကျ ပက်လက်လှန် အိပ်နေလေသည်။

ဘေးနားကလူ အိပ်ပျော်နေသော်လည်း အားချန်ကတော့ အိပ်ချင်စိတ် လုံးဝမရှိတော့ချေ။ သူမသည် မျက်လုံးဖွင့်ထားရသည်မှာ ပျင်းလာသဖြင့် လက်က မငြိမ်မသက် ဖြစ်လာတော့သည်။

သူမသည် ပိုင်ရှိုးမင်၏ အင်္ကျီကြိုးကို ဆွဲဖြည်လိုက်ပြီး လက်ကို အတွင်းသို့ လျှိုသွင်းလိုက်၏။

အားချန်၏ လက်ချောင်းထိပ်လေးများသည် သူ၏ ကြွက်သားအမြောင်းလိုက် အဖုအထစ်များ တစ်လျှောက် အောက်သို့ဆင်းသွားပြီး နောက်ဆုံးတွင် ဝမ်းဗိုက်သားပေါ်၌ ရပ်တန့်သွားသည်။ သူမသည် ပိုင်ရှိုးမင်၏ ခန္ဓာကိုယ် အထိအတွေ့ကို သဘောကျပြီး လက်မလွှတ်ချင်အောင်ပင် ဖြစ်နေမိလေသည်။

အားချန်သည် အလှတရားတွင် နစ်မြောနေစဉ် ရုတ်တရက် တစ်စုံတစ်ယောက် မေးလိုက်သည်ကို ကြားလိုက်ရတော့၏။ "ကိုင်ရတာ ကောင်းရဲ့လား"

...

All Chapters